အခန်း ၃၃၈
Vol. 19 Ch. 338
အပိုင်း (၃၃၈) မင်းက စာမေးပွဲစစ်အရာရှိ သွားလုပ်။
"အိမ်ရှေ့စံ အကုန် သိတယ်။" ဖန်ကျန်းရီ၏ မျက်မှောင်များမှာ ကုပ်ဝင်သွားခဲ့၏။
ခင်ဗျားပါ ကွယ်ရာမှာ ငွေရှာနေတာလား။ မဖြစ်နိုင်ပါဘူး။
"အိမ်ရှေ့စံ သိနေရက်နဲ့ ဘာလို့ မတားမြစ်တာလဲ။"
"အင်း ... ကျုပ် အစကတည်းက ဒီကိစ္စတွေကို သိတယ်။"
လီယွမ်ကျောက်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ "ဖန်ကြီး ... ခင်ဗျား ဒီပေါ်မှာရေးထားတဲ့ ပေါက်ပန်းလေးဆယ် စကားတွေကို တကယ် ယုံနေတာတော့ မဟုတ်ပါဘူးနော်။"
"စားသောက်ဆိုင်တွေ ပြန်ပြင်ဆောက်ဖို့ ဆိုတာက ကျုပ် ကိုယ်တိုင် ခွင့်ပြုချက် ပေးထားတာ။ ပြီးတော့ ပြည်သူတွေဆီက ငွေတွေ ခြိမ်းခြောက် တောင်းခံတယ် ဆိုတာကလည်း လုံးဝ မရှိပါဘူး။
အမိန့်ကို မနာခံတဲ့ ပြည်သူတွေကို ဒဏ်ငွေ ရိုက်ခိုင်းတာ ကျုပ်ပါပဲ။ ငွေတစ်ပြားချင်းစီတိုင်းကို အတိအကျ မှတ်တမ်းတင်ထားတာ ရှိတယ်။
ပြည်သူတွေက သေးငယ်တဲ့ ပိုးမွှားလေးတွေဆိုတာ ဘာမှန်း မသိကြဘူးလေ။ ကျုပ်ကလည်း သူတို့ကို တစ်ယောက်ချင်းစီ လိုက်ရှင်းပြနေဖို့ နည်းလမ်း မရှိဘူး။ ရှင်းပြရင်တောင်မှ ယုံချင်မှ ယုံကြမှာ။ ဒါကြောင့် ပိုပြီး တင်းကျပ်တဲ့ နည်းလမ်းကိုပဲ ရွေးချယ်ရတာပေါ့။ ဖန်ကြီး နားမလည်တာတော့ မဟုတ်လောက်ပါဘူးနော်။"
ဒီလိုကိုး...
ဖန်ကျန်းရီက စားပွဲကို လက်ချောင်းများဖြင့် ခေါက်နေရင်း ရင်ထဲတွင် ရုတ်တရက် အနည်းငယ် နောင်တရ လာမိ၏။
အဏုကြည့်မှန်ဘီလူး ဆိုသည့် ပစ္စည်းကို အမြောက်အမြား မထုတ်လုပ်နိုင်မီ အချိန်တွင် ထုတ်မပြသင့်ပေ။
ဤမျှ ပြဿနာတွေ အများကြီး ဖြစ်လာရသည်မှာ အခြေခံအားဖြင့် သူ အပြစ်တွေ ချည်းပင်။
"အိမ်ရှေ့စံ ပြောတာ အဓိပ္ပာယ် ရှိပါတယ်။ ဒါပေမဲ့ အိမ်ရှေ့စံက သန့်ရှင်းရေးအဖွဲ့ ဘယ်လို အလုပ်လုပ်နေလဲ ဆိုတာကို ကိုယ်တိုင် သွားကြည့်ဖူးရဲ့လား။"
လီယွမ်ကျောက်က လုံးဝ တုံ့ဆိုင်းခြင်း မရှိဘဲ ပြောလိုက်၏။ "သေချာပေါက် ကြည့်ဖူးတာပေါ့။ ကျုပ်က အမြဲတမ်း ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်တတ်တဲ့ သူပါ။ သန့်ရှင်းရေးအဖွဲ့ရဲ့ အကြီးအသေး ကိစ္စရပ်တိုင်းကို ကျုပ် မြင်နိုင်သလောက်တော့ အကုန် ကြည့်ရှုပါတယ်။
ဒါပေမဲ့ ... ကိစ္စတွေက အရမ်း များလွန်းတော့ ကျုပ်လည်း တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်ကြည့်နေဖို့က မဖြစ်နိုင်ဘူးလေ။ ဖန်ကြီး ... တကယ်တမ်း ဘာပြဿနာ ရှိနေတာလဲ ဆိုတာကို တည့်သာ ပြောလိုက်ပါတော့။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ "အိမ်ရှေ့စံ ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ မနက်ဖြန် ကျုပ်တို့ အတူတူ သွားကြည့်တာ ပိုကောင်းမယ် ထင်တယ်။ အဲဒီအချိန်ကျမှ ဘာပြဿနာ ရှိလဲဆိုတာ တိုင်ပင်လို့ ရတာပေါ့။"
"ဒါဆိုလည်း ကောင်းပြီလေ။ မနက်ဖြန် ကျုပ်တို့ အတူတူ သွားကြည့်ကြတာပေါ့။ ကျုပ်လည်း ခင်ဗျား ဘာအပြစ်တွေ ရှာတွေ့နိုင်မလဲ ဆိုတာ ကြည့်ချင်သေးတယ်။" လီယွမ်ကျောက်က တဟားဟား ရယ်မောလိုက်ပြီး သူ၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ အတော်လေး ဂုဏ်ယူနေပုံရသည်။
ဖန်ကျန်းရီမှာ အနည်းငယ် ဆွံ့အသွားခဲ့၏။
လူ့အသိုင်းအဝိုင်း၏ ရက်စက်မှုများကို မကြုံဖူးသေးသော လူငယ်လေးများက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းလှသည်။
"အိမ်ရှေ့စံ ... ကျုပ် ပင်ပန်းနေပြီမို့ အိမ်ပြန်အိပ်တော့မယ်နော်။ ခဏနေရင် ကျန်းပြောင်ကို ပြန်သွားကြည့်ရအုံးမယ်။ ညကျရင်လည်း ဘုရင်မင်းမြတ်ဆီကို သွားရဖို့ ရှိသေးတယ်။"
လီယွမ်ကျောက်က ပြောမရ၊ ဆိုမရ ဖြစ်နေသည်မို့ လောလောဆယ် လွှတ်ပေးထားရမည်။ ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ် အရွယ် ဆိုသည်မှာ တခြားလူများ၏ လေးစားမှုကို အလိုအပ်ဆုံး အရွယ်ဖြစ်၏။
တဇွတ်ထိုး ဆုံးမစကား ပြောနေခြင်းက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကိုသာ ဖြစ်ပေါ်စေနိုင်သည်။
ဖန်ကျန်းရီကလည်း အများကြီး အငြင်းပွားမနေချင်တော့ဘဲ မနက်ဖြန် လက်တွေ့ အခြေအနေကို အသုံးပြု၍ သင်ခန်းစာ ပေးလိုက်ခြင်းက ပို၍ကောင်းမွန်မည်ဟု သုံးသပ်ထား၏။
……
လီယွမ်ကျောက်ကို နှုတ်ဆက်ပြီးနောက် အိမ်သို့ ပြန်လာခဲ့သည်။
ကျန်းပြောင်ကလည်း တိုက်ဆိုင်စွာပင် အိမ်သို့ ပြန်ရောက်လာခဲ့သော်ငြား မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင်များက ပိုမို သိသာစွာ ရှိနေ၏။
ကြည့်ရသည်မှာ သတင်းထောက်များ၏ အနှောင့်အယှက် ပေးမှုကြောင့် အလွန် စိတ်ရှုပ်နေပုံရ၏။ ကံကောင်းသည်မှာ ရှောင်ထောင်က ရေနွေး ကြိုတင် ပြင်ဆင်ထားသဖြင့် အိမ်ပြန်ရောက်သည်နှင့် ရေနွေးစိမ် ချိုးနိုင်ပေသည်။
ဖန်ကျန်းရီက ဂရုတစိုက် နှစ်ခွန်းခန့် မေးမြန်းပြီးနောက် သူ၏ စာကြည့်ခန်းဆီသို့ တိုက်ရိုက် သွားလိုက်၏။
စာကြည့်ခန်းထဲတွင် စာတိုက်မှ ပေးပို့လာသော စာအများအပြား ရှိနေပြီး တောက်ယွမ်ခရိုင်မှ အထူး ကိစ္စရပ်များက သူ အတည်ပြုပေးရန် စောင့်ဆိုင်းနေသည်။
ရပ်ကွက်ထဲတွင်လည်း အရေးကြီးသော ကိစ္စရပ်များ စီစဉ်ရန် ရှိနေသေး၏။
ဆောင်းဦး စာမေးပွဲကြီးက နီးကပ်လာပြီဖြစ်ပြီး သတင်းထောက်များဘက်တွင် ရှဲ့ရှန်းက စီစဉ် ညွှန်ကြားပေး နေသဖြင့် သူ စိတ်ပူစရာ မလိုချေ။
လက်ရှိအချိန်တွင် တစ်ခုတည်းသော အရေးကြီးသည့် ကိစ္စမှာ ရက်ကန်းစက်ရုံပင် ဖြစ်သည်။
ဆောင်းဦး စာမေးပွဲကြီး ပြီးသွားပါက နောက်ထပ် သုံးလေးလ ကြာလျှင် ရာသီဥတုက စတင် အေးလာတော့မည်။
ရက်ကန်းစက်ရုံ တည်ဆောက်ပြီးစီးချိန်မှ အမျိုးသမီး အလုပ်သမားများ နေရာချထားခြင်းနှင့် စက်ပစ္စည်းများ တပ်ဆင်ခြင်း ကဲ့သို့သော ပြဿနာများ အထိ ... လုပ်ငန်း စတင် လည်ပတ်နိုင်ရန် အနည်းဆုံး နှစ်လ၊ သုံးလခန့် အချိန်ယူရဦးမည်။
စက်များ အသားကျရန် လိုအပ်သော အချိန်ကို ထည့်မတွက်ရသေးဘဲ ဆောင်းရာသီ မတိုင်မီ ထုတ်လုပ်မှုကို ပြီးစီးအောင် လုပ်ရမည့်အပြင် ဆောင်းတွင်းဝတ် အဝတ်အစား အမြောက်အမြားကိုပါ ကြိုတင် ထုတ်လုပ်ထားရမည်။
ကျင်းဘုရင်က မိမိ မင်လွမ်နန်းဆောင်သို့ သွားနေသည်ကို သိရှိသွားပြီဖြစ်ရာ နောက်ပိုင်း သွားချင်လျှင်ပင် သွားရန် မလွယ်ကူတော့ချေ။ စက်ရုံကို မြန်မြန် တည်ထောင်မှ ရတော့မည်။
ဖွန်ကြောင်ခြင်းက အရေးကြီးသော ကိစ္စကြီး တစ်ခု ဖြစ်၏။
စာရေးစားပွဲတွင် နှစ်နာရီခန့် ခေါင်းငုံ့ အလုပ်လုပ်ပြီးနောက် ဖန်ကျန်းရီက အကြောလျှော့ရန် အပျင်းကြော ဆန့်လိုက်သည်။ ထိုအချိန်မှာပဲ တံခါးအပြင်ဘက်မှ သတင်းပို့သံ ထွက်ပေါ်လာခဲ့သည်။
ကျင်းဘုရင်၏ နှုတ်မိန့်ကို သယ်ဆောင်လာသော အမိန့်တော် ပြန်တမ်းဖတ် မိန်းမစိုး ရောက်ရှိလာခြင်းပင်။
ဖန်ကျန်းရီကလည်း အများကြီး မစဉ်းစားတော့ဘဲ ဘုရင်မင်းမြတ်၏ စာကြည့်ဆောင်သို့ တိုက်ရိုက် ထွက်ခွာသွားခဲ့၏။
……
စာကြည့်ဆောင်အတွင်းတွင် ကျင်းဘုရင်က သူ့အား ပြုံးရွှင်စွာ ကြည့်ရင်း ပြောလိုက်သည်။ "အမတ်ဖန် ... ကျန်းပြောင် အခြေအနေ ဘယ်လို ရှိလဲ။”
"မင်းကြီး စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျန်းပြောင်က အရမ်း နေကောင်းပါတယ်။ အပေါ်ယံ ဒဏ်ရာ နည်းနည်း ရသွားတာလောက်ပဲ ရှိတာမို့ ရက်အနည်းငယ်လောက် နားလိုက်ရင် ဘာမှ မဖြစ်တော့ပါဘူး။"
ကျင်းဘုရင်က သက်ပြင်းချကာ ပြောလိုက်၏။ "တကယ့် သူရဲကောင်း ပါပဲ။ ကိုယ်တော်ကတော့ သူက ခွန်အား နည်းနည်း ပိုကြီးတဲ့ သာမန် ပညာရှင် တစ်ယောက်လို့ပဲ ထင်နေခဲ့တာ။
သိုင်းပညာ ဒီလောက်တောင် အစွမ်းထက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ နန်းတွင်းမှာတောင် မြင်တွေ့ရခဲတယ်။ သူသာ နန်းတွင်းကို ဝင်ချင်တယ်ဆိုရင် ရာထူး တစ်ခုလောက် ပေးရရင်တောင် ပြဿနာ မရှိပါဘူး။"
ဤစကားကို ကြားလိုက်ရချိန်တွင် ဖန်ကျန်းရီ၏ မျက်လုံးများမှာ ဟိုဒီ ရွေ့လျားသွားခဲ့၏။
ဘာအဓိပ္ပာယ်လဲ။ မင်းကြီးက ကျန်းပြောင်ကို နန်းတော်ထဲ ဝင်ပြီး လုံခြုံရေး လုပ်ခိုင်းချင်နေတာလား...
"မင်းကြီး ... သူက နန်းတော်ထဲ မဝင်ချင်ပါဘူး။ ကျန်းပြောင် ဆိုတဲ့ လူက ခေါင်းမာလာပြီဆိုရင် အပ်နဲ့ ချည်ကြိုးကိုကိုင်ပြီး လူတွေကို လိုက်ချုပ်တတ်လို့ ကျွန်တော်မျိုးတောင် တားလို့ မရပါဘူး။"
ဖန်ကျန်းရီက အော်ဟစ်လိုက်သည်။ "သူများ နန်းတော်ထဲမှာ တော်ဝင်မိသားစုရဲ့ ဂုဏ်ကျက်သရေကို ထိခိုက်စေမယ့် ကိစ္စတွေ လုပ်မိမှာကို ကျွန်တော်မျိုး စိုးရိမ်လို့ပါ..."
အပ်နဲ့ ချည်ကြိုး ဆိုသည့် စကားကို ကြားလိုက်ရချိန်တွင် ကျင်းဘုရင်၏ မျက်နှာမှာ ရုတ်တရက် ထူးဆန်းသွားပြီးနောက် ဒေါသတကြီး ပြောလိုက်၏။ "မင်း ဘာသဘောလဲ။ ကိုယ်တော်က မင်းဆီက လူလုနေတယ်လို့ ထင်နေတာလား။ ကျန်းပြောင် တစ်ယောက်တည်းကို ကိုယ်တော်က ဂရုမစိုက်ပါဘူး။ နန်းတွင်းမှာ သူ့ထက် သိုင်းပညာ ကောင်းတဲ့လူတွေ အများကြီး ရှိတယ်။"
ဖန်ကျန်းရီက ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။
ဟုတ်တယ်။ ဟုတ်တယ်။ မင်းကြီး ပြောတာတွေ အကုန် မှန်ပါတယ်။ ဒါပေမဲ့ စောစောက မင်းကြီး အဲဒီလို ပြောခဲ့တာ မဟုတ်ဘူးနော်...
ကျင်းဘုရင်၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီး တည်ငြိမ်စွာ ပြောလိုက်၏။ "သူက နန်းတော်ထဲ မဝင်ချင်ဘူး ဆိုမှတော့ ကိုယ်တော်က ငွေတုံး တစ်ရာ ဆုချလိုက်မယ်။ မင်းပဲ သူ့ကိုယ်စား လက်ခံလိုက်တော့။ ဒီတစ်ခေါက် မင်းကို ခေါ်လိုက်တာက တခြား လုပ်စရာ ကိစ္စ ရှိသေးလို့ပဲ။"
ဖန်ကျန်းရီမှာ ငွေတုံး တစ်ရာနှင့် ဘာလုပ်၍ရသနည်းဟု ခေါင်းငုံ့ကာ စဉ်းစားနေချိန်တွင် ဤစကားကို ကြားလိုက်ရသဖြင့် ခေါင်းမော့ကာ ကျင်းဘုရင်ကို ကြည့်လိုက်သည်။
ကျင်းဘုရင်က ဆက်ပြောလိုက်၏။ "မြောက်ပိုင်း ရုန်တိုင်းပြည် သံတမန်အဖွဲ့ကို မင်း ဆက်ပြီး ဂရုစိုက်နေစရာ မလိုတော့ဘူး။ ကုန်သွယ်ရေး ကိစ္စကို တာဝန်ယူမယ့် လူ ရှိလိမ့်မယ်။
ကိုယ်တော် မင်းကို ခေါ်လိုက်တာက သတင်းစာ ကိစ္စနဲ့ ပတ်သက်လို့ပဲ။
ဝန်ကြီးဌာန ခြောက်ခုက သတင်းစာ ထုတ်ဝေနေတာ ဒီနေ့အထိ လစ်ဟာမှုတွေ အရမ်း များနေတယ်။ လူအင်အား မလုံလောက်တာက အမြဲတမ်း ပြဿနာ တစ်ခု ဖြစ်နေတယ်။ နေ့တိုင်း သတင်းစာ ထုတ်ဝေဖို့ ဆိုတာက ဝန်ကြီးဌာန ခြောက်ခု အတွက်တော့ ဖိအား ကြီးမားလွန်းတယ်။ ဒါပေမဲ့ သင့်တော်တဲ့ သုံးစွဲစရာ လူကလည်း မရှိဘူး။
ဒါကြောင့် အရည်အချင်းရှိသူတွေကို ရွေးချယ်တဲ့ စာမေးပွဲကြီး ကျင်းပတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတော့ ... ကိုယ်တော်က မင်းကို စာမေးပွဲစစ်အရာရှိ အဖြစ် သွားလုပ်ခိုင်းချင်တယ်။ ဝန်ကြီးဌာန ခြောက်ခု အတွက် သတင်းစာ ထုတ်ဝေဖို့ သင့်တော်တဲ့ လူတချို့ ရွေးချယ်ပေးဖို့ပေါ့။
ဒီကိစ္စမှာတော့ မင်းထက် ပိုပြီး ကျွမ်းကျင်တဲ့လူ မရှိတော့ဘူး။"
ဖန်ကျန်းရီက တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလိုက်၏။ "မင်းကြီးရဲ့ ဆိုလိုရင်းက ... စာမေးပွဲ ကျတဲ့ လူတွေကို သုံးမယ်ဆိုတဲ့ သဘောလား။"
ကျင်းဘုရင်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ "ဟုတ်တယ်။ ကိုယ်တော် တကယ်ပဲ အဲဒီလို ရည်ရွယ်ထားတယ်။"
"စာမေးပွဲ အောင်တဲ့ လူတွေ အတွက်ကတော့ သီးသန့် အစီအစဉ်တွေ ရှိပြီးသားပါ ... သူတို့ကို သတင်းစာ ထုတ်ဝေဖို့ အတွက် အင်အား ခွဲထုတ်ပေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကိုယ်တော်က စာမေးပွဲ ကျတဲ့ လူတွေကို ခေါ်ယူချင်တာ။ မင်း ဘယ်လိုထင်လဲ။"
ဖန်ကျန်းရီက ခဏ စဉ်းစားလိုက်ပြီးနောက် အလျင်အမြန် သဘောပေါက်သွားခဲ့၏။
ကျင်းဘုရင် နှုတ်မှ ဝန်ကြီးဌာန ခြောက်ခုအတွက် သတင်းစာ ထုတ်ဝေရန်ဟု ပြောနေသော်ငြား တကယ်တမ်းမှာတော့ စာပေ ဖတ်ရှုတတ်ပြီး အရေးအသား စွမ်းရည် ကောင်းမွန်သော အောက်ခြေ သတင်းထောက် အချို့ကို ခေါ်ယူရန်အတွက်သာ ဖြစ်သည်။
တခြားစကားနှင့် ပြောရလျှင် ယာယီ ဝန်ထမ်းဟု ခေါ်ဆိုခြင်းက ပို၍ သင့်လျော်ပေလိမ့်မည် ... အဘယ်ကြောင့်ဆိုသော် ဤလူများက နာမည်ခံအားဖြင့်သာ နန်းတွင်းအတွက် အလုပ်လုပ်ပေးရခြင်း ဖြစ်သော်ငြား တကယ်တမ်းတွင် ဖွဲ့စည်းပုံ လုံးဝ မရှိသောကြောင့်ပင်။
ဤကိစ္စကို ကျင်းဘုရင် ဦးဆောင်ခြင်း မဟုတ်ဘဲ ဝန်ကြီးဌာန ခြောက်ခုက သူ အလုပ်များရန် သွေးထိုးပေးခြင်း ဖြစ်နိုင်ခြေ များသည်။
သူတို့အနေဖြင့် လူအင်အား မလုံလောက်မှုကြောင့် အမြဲတမ်း ဒုက္ခရောက်နေကြမည်ဟု ထင်ရ၏။ မည်သို့ပင်ဖြစ်စေ အားလုံးက ရုံးခန်းထဲတွင် ထိုင်နေကြသူများ ဖြစ်ရာ မည်သူက နေ့တိုင်း ဟိုဒီ လျှောက်ပြေးနေချင်မည်နည်း။
သို့ပေမည့် စာမေးပွဲကျသော ပညာတတ် အများအပြား အတွက်တော့ တကယ်ကို ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။ ခရိုင်အဆင့် စာမေးပွဲ၏ အခက်အခဲမှာ သေချာပေါက် လူသောင်းနှင့်ချီ၍ သစ်သားတံတား တစ်ခုတည်းကို ဖြတ်သန်းရသကဲ့သို့ပင်။
ထိုမျှလောက် အရည်အချင်း မရှိသည့် လူအများအပြားမှာ သူတို့၏ အချိန်များကို စာမေးပွဲအတွက် အချည်းနှီး ဖြုန်းတီးနေကြခြင်းပင်။
သတင်းထောက် အလုပ်ဆိုသည်မှာ အနာဂတ်အတွက် အလားအလာ အလွန်ကောင်းမွန်သည်။ စာမေးပွဲ ကျရှုံးသွားခဲ့လျှင်ပင် အလုပ်ရသွားမည်သာ ဖြစ်သည်။ နောင်အနာဂတ်၌ စားဝတ်နေရေး ပူပန်စရာမလိုတော့ပေ
သို့သော်ငြား … မိမိကိုယ်တိုင်က စာမေးပွဲစစ်အရာရှိအဖြစ် သွားရောက် လုပ်ကိုင်ရမည် ဆိုသည်က သောက်ကျိုးနည်း လူငယ်များကို လမ်းမှားသို့ ရောက်ရှိသွားအောင် တွန်းပို့နေသည်နှင့် အတူတူပင် မဟုတ်ပါလား။ မိမိက ဘာတစ်ခုမျှ တတ်ကျွမ်းသည် မဟုတ်ချေ။
ကိုယ်တိုင်က တောက်ယွမ်ခရိုင်တွင် သာမန် အရပ်သုံးစကားများကိုသာ အသုံးပြုနေခဲ့သည် မဟုတ်ပါလား။ ရှို့ချိုက် စာမေးပွဲကိုပင် အောင်မြင်နိုင်ပါ့မလား မသိနိုင်ပေ။ ယခင် ခန္ဓာကိုယ်ပိုင်ရှင်ထံမှ ထိုအသိပညာများကို မိမိအနေဖြင့် အနည်းငယ်မျှပင် ဆက်ခံရရှိထားခြင်း မရှိခဲ့ချေ။
ဤကိစ္စကို မည်သို့ ဖြေရှင်းရမည်နည်း။