အခန်း ၃၃၉
Vol. 19 Ch. 339
အပိုင်း (၃၃၉) မင်း အိမ်ထောင်ကျပြီလား။
သို့သော်ငြား မိမိကိုယ်တိုင်က စာမေးပွဲစစ်အရာရှိအဖြစ် သွားရောက် လုပ်ကိုင်ရမည် ဆိုသည်ကို တွေးမိလိုက်ချိန်တွင် ရင်ထဲ၌ အကြောင်းပြချက်မရှိဘဲ အနည်းငယ်မျှ ကျေနပ်သွားမိ၏။
ယခင်ဘဝက သူကိုယ်တိုင်သည်လည်း စာမေးပွဲ ကျရှုံးခဲ့သူ တစ်ယောက် ဖြစ်ခဲ့သည်။ အဖြေလွှာစာရွက်များ ခိုးပေးခြင်းနှင့် ခိုးချခြင်းများ ပြုလုပ်ခဲ့သဖြင့် အကြိမ်ကြိမ် အဖမ်းခံခဲ့ရဖူးသည်။
ယခုတစ်ခေါက်တွင်မူ တကယ်ပင် အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
သို့ရာတွင် သေချာစွာ ပြန်လည် စဉ်းစားကြည့်လိုက်ချိန်၌ လက်လျှော့လိုက်သည်ကသာ ပို၍ ကောင်းမွန်ပေလိမ့်မည်။ ဆယ်နှစ်တိုင်တိုင် ကြိုးစားပမ်းစား လေ့လာသင်ယူခဲ့ရသော သူများအပေါ် မိမိက စာမေးပွဲ အမှတ်များကို တရားမျှတမှုကင်းမဲ့စွာ ပေးအပ်လိုက်မိပါက အပြစ်ကြီးလွန်းလှသည်။ နောင်တစ်ချိန်တွင် သူ၏ သင်္ချိုင်းဂူပင် အတူးခံရနိုင်ချေသည်။
ဖန်ကျန်းရီ၏ ခေါင်းထဲတွင် အတွေးပေါင်းစုံက အဆက်မပြတ် ထွက်ပေါ်နေပြီး မျက်နှာပေါ်တွင်လည်း ရှုပ်ထွေးနေသော အရိပ်အယောင်များ ပေါ်လာခဲ့၏။
ကျင်းဘုရင်က သူ၏ မျက်နှာအမူအရာကို မြင်လိုက်ချိန်တွင် ပြုံးရင်း မေးလိုက်သည်။ "ဘာလဲ။ ဒီစာမေးပွဲစစ် အရာရှိ တာဝန်ကို မင်း လုပ်ချင်တာလား ဒါမှမဟုတ် မလုပ်ချင်တာလား။"
ဖန်ကျန်းရီက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်၏။ "မင်းကြီး ... ကျွန်တော်မျိုးက စာမေးပွဲစစ်အရာရှိ လုပ်ဖို့ ဆိုတာက ... မလုပ်ပါရစေနဲ့။ လူငယ်လေးတွေကို လမ်းမှား ရောက်အောင် လုပ်မိရင် မကောင်းပါဘူး ... ဝန်ကြီးဌာန ခြောက်ခုက သတင်းစာ ထုတ်ဝေဖို့ လူလိုတယ် ဆိုရင်တော့ ကျွန်တော်မျိုး ကူညီရှာပေးလို့ ရပါတယ်။ ပြဿနာ မရှိပါဘူး။"
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျင်းဘုရင်မှာ အံ့အားသင့်သွားပြီးနောက် တဟားဟား ရယ်မောကာ ပြောလိုက်သည်။ "မင်းက စာမေးပွဲစစ်အရာရှိချုပ် လုပ်ချင်တာလား။ တွေးတာ ကောင်းသားပဲ။
ကိုယ်တော်က မင်းကို စာမေးပွဲ ကြီးကြပ်ဖို့ပဲ သွားခိုင်းတာ။ မင်း စာရွက်တွေကို စစ်ဆေးဖို့ မလိုဘူး။"
ဒါပေမဲ့ ... မင်းက အသက်ဆယ့်ငါးနှစ်နဲ့ ကျင်းရှီ အောင်ခဲ့တာဆိုတော့ တကယ့် ပါရမီရှင် လူငယ်လေးပဲ။ ကိုယ်တော်တောင်မှ မင်း အရင်တုန်းက ဖြေခဲ့တဲ့ စာမေးပွဲ အဖြေလွှာတွေကို ဖတ်ဖူးတယ်။ အခုအချိန်ထိ ပြန်ကြည့်ရင်တောင် တကယ်ကို အဆင့်အတန်း မနိမ့်ပါဘူး။ မင်းက အခု ခရိုင်အဆင့် စာမေးပွဲ ကြီးကြပ်ရမှာကိုတောင် ကြောက်နေတာလား။"
စာမေးပွဲ အဖြေလွှာ။ ဘာတွေ ရေးထားလဲဆိုတာ ကျွန်တော်မျိုးတောင် မသိဘူးလေ။
ဖန်ကျန်းရီက အနေရခက်စွာဖြင့် ပြုံးလိုက်၏။
ပါရမီရှင် လူငယ်လေး ... ဒီစကားလုံး လေးလုံးက ယခင်ဘဝတုန်း ငါနဲ့ ဘယ်လိုမှ မပတ်သက်ခဲ့ဖူးဘူး။
စာမေးပွဲ ကျရှုံးသူ တစ်ယောက်က ပါရမီရှင် ဂုဏ်ပုဒ်နဲ့ ဟိုဒီ လျှောက်သွားနေရတာ တကယ်ကို စိတ်ပျက်စရာ ကောင်းလိုက်တာ။
"ကျွန်တော်မျိုး ... နယ်ဘက်မှာ တာဝန်ထမ်းဆောင်တည်းက စာဖတ်ဖို့ အချိန်မရတော့ဘူး ... အဟွတ် အဟွတ် ... အများကြီး မေ့ကုန်ပြီ ..."
ကျင်းဘုရင်က ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ "ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်လွယ် မေ့သွားနိုင်မှာလဲ။ နှိမ့်ချ ..."
သူက နှိမ့်ချမနေနှင့်ဟု ပြောရန် ပြင်လိုက်စဉ်မှာပင် ဖန်ကျန်းရီ၏ လက်ရေး အဆင့်အတန်းက ခွေးယက်ထားသည့် အဆင့်အထိ ကျဆင်းသွားပြီဖြစ်ပြီး ရေးထားသော စာလုံးများကလည်း ကြီးမားကာ အရုပ်ဆိုးလွန်းလှကြောင်း ရုတ်တရက် သတိရသွားသည်။
မူလက ပါးစပ်ဖျားသို့ ရောက်နေသော စကားကို ချက်ချင်း ရပ်တန့်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။ "မေ့သွားရင်လည်း မေ့သွားပါစေတော့။ မင်းက ကြီးကြပ်ဖို့ပဲ သွားရမှာ။ အဖြေလွှာ စစ်ဆေးတာကို တခြား စာမေးပွဲစစ် အရာရှိတွေ တာဝန်ယူလိမ့်မယ်။
ဒီတစ်ခေါက် စာမေးပွဲစစ်အရာရှိချုပ်က ကျန်းတုန်ရှန်းပဲ။ မင်းက စာမေးပွဲ ကွင်းထဲမှာ သေချာ ဂရုစိုက်ပြီး ကိုယ်တော့်အတွက် နာမည်စာရင်း တစ်ခုလောက် ပြင်ဆင်ပေး။ တကယ်လို့ အဲဒီအထဲက တစ်ယောက်ယောက်များ စာမေးပွဲ အောင်စာရင်းမှာ ပါလာခဲ့ရင် အဲဒီအချိန်ကျမှ ပြန်ဖယ်ထုတ်လိုက်ပေါ့။"
"ဒါဆိုရင်တော့ ကျွန်တော်မျိုး ပြဿနာ မရှိတော့ပါဘူး။"
ကျင်းဘုရင်က ဤကဲ့သို့ပြောလိုက်မှသာ ဖန်ကျန်းရီ၏ ရင်ထဲတွင် ပေါ့ပါးသွားပြီး ချက်ချင်း သဘောတူလိုက်၏။
မည်သို့ပင်ဖြစ်စေ စာမေးပွဲကွင်းထဲတွင် မိမိ သတင်းစာတိုက်မှ သတင်းထောက်များလည်း ရှိနေမည် ဖြစ်ရာ ... အခွင့်ကောင်းယူပြီး ဂရုစိုက်ပေးလိုက်လို့ ရသည်။
ကျင်းဘုရင်က ခဏလောက် စဉ်းစားပြီး ဆက်ပြောလိုက်၏။ "ဒီကိစ္စကို ဒီလိုပဲ သတ်မှတ်လိုက်တာပေါ့။ ကိုယ်တော်က အောက်ကို ကြိုပြီး ညွှန်ကြားထားလိုက်မယ်။
ဒီမတိုင်ခင် အိမ်ရှေ့စံရဲ့ ပြဿနာကို အရင် ဖြေရှင်းပေးလိုက်အုံး။
မကြာသေးခင်က ဒီမိုက်ရိုင်းတဲ့ကောင်ရဲ့ ရမ်းကားမှုတွေက ပိုဆိုးလာတယ်။ လူအတော်များများက မင်းကို အပြစ်တင်နေကြတာ ... ကိုယ်တော် အကုန်လုံးကို ဖုံးကွယ်ပေးထားရတယ်။"
ဖန်ကျန်းရီက ပြန်ပြောလိုက်၏။ "ဒီကိစ္စကို ... ကျွန်တော်မျိုး လုပ်နေပါပြီ။"
ကျင်းဘုရင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ "ကိုယ်တော့်မှာ ဒီသား တစ်ယောက်တည်း ရှိတာ။ သူ့ကို ခွင့်လွှတ်လို့ မရတဲ့ ကိစ္စတွေ ထပ်လုပ်ခွင့် မပေးနိုင်ဘူး။
ကိုယ်တော်က သူ့ကို အရမ်း အလိုလိုက်ထားမိပြီ။ ဒီအတိုင်း ဆက်ပြီး ရမ်းကားနေအုံးမယ် ဆိုရင်တော့ တိုက်ရိုက်ပဲ အရှေ့နန်းဆောင်ကို ပြန်ခေါ်ထားလိုက်တာ ပိုကောင်းမယ်။
"ဟူး ... သူက ကိုယ်တော့်အတွက် စိတ်ပူစရာတွေ အရမ်း များလွန်းတယ်။ အသက်ဆယ့်ခုနစ်နှစ် ရှိနေပြီ။ သားသမီး တစ်ယောက်မှတောင် မရှိသေးဘူး။ ကိုယ်တော် သူ့အရွယ်တုန်းကဆိုရင်..."
လီယွမ်ကျောက်၏ အသက်အရွယ်တွင် မိန်းကလေး တစ်ယောက်သာ မွေးဖွားနိုင်ခဲ့သေးကြောင်း တွေးမိလိုက်ချိန်တွင် ကျင်းဘုရင် က ရုတ်တရက် ဆက်မပြောနိုင်တော့ချေ။
ဘာလို့ ရုတ်တရက် ဒီကိစ္စကို ဂရုစိုက်လာရတာလဲ။ ဖန်ကျန်းရီမှာ သူ၏ အရှေ့တွင် ကြောင်အမ်းအမ်းဖြင့် ထိုင်နေပြီး မည်သို့ ပြန်ဖြေရမှန်း မသိဖြစ်နေပေသည်။
ရှေးခေတ်လူများ၏ သက်တမ်းက တိုတောင်းပြီး ပျမ်းမျှအားဖြင့် အသက်သုံးဆယ်၊ လေးဆယ်ခန့် နေရခြင်းက ပုံမှန်ပင် ဖြစ်၏။ အသက်ခြောက်ဆယ်၊ ခုနစ်ဆယ် ရောက်ပါက အလွန် အသက်ရှည်သူ ဖြစ်နေပြီ ဖြစ်သည်။ အသက်ခုနစ်ဆယ် နေရသူဆိုသည်မှာ ရှေးယခင်ကတည်းက ရှားပါးလှသည် မဟုတ်ပါလား။ ထို့ကြောင့် ကလေးမွေးဖွားခြင်းကလည်း ယေဘုယျအားဖြင့် အလွန် စောလေ့ရှိ၏။
သူက ဗဟုသုတ များပြားသူဖြစ်ပြီး လက်ရှိ ဘဝနေထိုင်မှု ပုံစံကိုလည်း အသားကျနေပြီ ဖြစ်၏။ သို့သော် သူ၏ ကိုယ်ပိုင် ခံစားချက်အရတော့ အသက်ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ် အရွယ်တွင် ကလေးမရှိခြင်းက သိပ်ပြီး ထူးဆန်းသော ကိစ္စမဟုတ်ချေ။
ကိုယ်တိုင်က အသက်နှစ်ဆယ်ကျော် နေပြီဖြစ်သော်ငြား လုံးဝ အလျင်လိုခြင်း မရှိချေ။
"ဒီနှစ်နှစ်အတွင်းမှာ မင်းက အိမ်ရှေ့စံနဲ့ အချိန်အကြာဆုံး အတူတူ ရှိနေခဲ့တာပဲ။ သူ့ရဲ့ ကျန်းမာရေး အခြေအနေက ... ဘယ်လို ရှိလဲ။"
ဤနေရာသို့ ရောက်ချိန်တွင် ကျင်းဘုရင်က အနည်းငယ် ပြောရခက်နေသလို ခံစားလိုက်ရပြီး မူလက သွယ်ဝိုက်၍ မေးရန် ရည်ရွယ်ထားသော်ငြား ပါးစပ်ဖွင့်လိုက်ချိန်တွင်တော့ တိုက်ရိုက်ပင် မေးလိုက်တော့၏။
မည်သို့ပင်ဖြစ်စေ ဤကိစ္စသည် တိုင်းပြည်၏ အနာဂတ်နှင့် ပတ်သက်ဆက်နွှယ်နေသည်။
အကယ်၍ အသက်နှစ်ဆယ် အရွယ်ရောက်လာသည့်တိုင် အိမ်ရှေ့စံထံတွင် သားသမီး တစ်ယောက်မှ မရှိသေးဘူးဆိုပါက … ပြင်ပမှ ဝေဖန်ပြောဆိုခံရမည်ကို အသာထား … ထိုအချိန်သို့ရောက်ပါက မည်သည့် ပြဿနာများ ထပ်မံ ပေါ်ပေါက်လာဦးမည်ကို ခန့်မှန်း၍ မရနိုင်တော့ချေ။
ထို့အပြင် ယခုအခါတွင်လည်း နန်းတွင်းအမတ် အများအပြားက ဤကိစ္စနှင့် ပတ်သက်၍ အိမ်ရှေ့စံ၏ ကျန်းမာရေး အခြေအနေကို စုံစမ်းမေးမြန်းကာ ယခုအချိန်အထိ အဘယ်ကြောင့် မြေးတော် မရှိသေးသနည်းဟု အစီရင်ခံစာများ တင်သွင်းနေကြပြီ ဖြစ်သည်။
နန်းတွင်းအမတ်များက သူ့ထက်ပင် အိမ်ရှေ့စံ၏ မျိုးဆက် ပြဿနာကို ပို၍ စိုးရိမ်နေကြ၏။
တိုင်းပြည်၏ အရေးကြီးသော ကိစ္စရပ်များတွင် အန္တရာယ် မဖြစ်မီ ကြိုတင် ကာကွယ်ရမည်။
"ဒါက ... အိမ်ရှေ့စံရဲ့ ကျန်းမာရေးက လုံးဝ အကောင်းကြီးပါ။ ကျွန်တော်မျိုး သေချာပေါက် ပြောရဲပါတယ်။" ဖန်ကျန်းရီလည်း အနည်းငယ် ပြောရခက်နေသလို ခံစားလိုက်ရသည်။
ဤကဲ့သို့သော လျှို့ဝှက်ချက်များကို ဆွေးနွေးရန် အကြောင်းပြချက် မရှိချေ။ ပြောထွက်လိုက်ရသည်မှာ မိမိကိုယ်ကိုယ် ပါးစပ်ဖွာသည့် အမျိုးသမီး တစ်ယောက်နှင့်ပင် တူသည်ဟု ခံစားရ၏။
ဒါပေမဲ့ လီယွမ်ကျောက်က ဒီကိစ္စမှာတော့ ပြဿနာ မရှိလောက်ပါဘူး။
သူ့ရဲ့ ဖားလောင်းတွေကိုတောင် ငါ မြင်ဖူးတယ်လေ။ အရမ်းကို သန်မာပြီး လှုပ်ရှားနေတာပဲ... ပြီးတော့ ဒီကောင်က နှင်းလမင်းစံအိမ်ကိုတောင် သွားဖူးတယ်။
အဓိက ပြဿနာက Aniami ရူးသွပ်တဲ့ ကောင်လေးက သာမန်လူတွေအပေါ်မှာ လုံးဝ စိတ်ဝင်စားမှု မရှိတာပဲ ဖြစ်မယ်။
ပြီးတော့ အိမ်ရှေ့စံကတော်ကိုလည်း အခုအချိန်ထိ သူ မမြင်ဖူးသေးပေ။ သို့ပေမည့် လီယွမ်ကျောက် ပြောပြဖူးတာ နှစ်ခွန်းလောက်တော့ ကြားဖူးသည်။
အိမ်ရှေ့စံကတော်က အလွန် ရှေးဆန်ပြီး စည်းကမ်းကြီးသည့် ပုံစံမျိုးပင်။
သူတို့နှစ်ဦးကြား၌လည်း စိတ်ခံစားချက်ချင်း ဖလှယ်မှုများ သိပ်၍ရှိလှသည် မဟုတ်ပေ။ လီယွမ်ကျောက်ကဲ့သို့ သွက်လက်ဖျတ်လတ်သော လူငယ်တစ်ဦးအနေဖြင့် ဤမျှ ရှေးရိုးဆန်လွန်းသည့် အမျိုးသမီးမျိုးကို သဘောကျ နှစ်သက်ရန်ဆိုသည်မှာ အတော်လေး ခက်ခဲပေလိမ့်မည်။
ယခုအချိန်အထိ သားသမီး မရှိသေးသည်မှာလည်း အဆန်းတကြယ် မဟုတ်ချေ။ သူတို့ကြားတွင် ဘာမျှ ဖြစ်ပျက်ခဲ့ခြင်း မရှိသည်မှာလည်း မဆန်းလှပေ။
"ထားပါတော့ ... ကျန်းမာရေး ကောင်းတယ် ဆိုရင်လည်း အကုန်လုံးက ကံကြမ္မာ အတိုင်းပဲပေါ့။"
ကျင်းဘုရင်က အနည်းငယ် မတတ်သာစွာ ပြောလိုက်ပြီး ရုတ်တရက် ခေါင်းလှည့်ကာ မေးလိုက်၏။ "ဒါနဲ့ စကားမစပ် ... အမတ်ဖန် ... မင်း အခုအချိန်အထိ အိမ်ထောင် မကျသေးဘူး မလား။"
ဖန်ကျန်းရီမှာ အံ့အားသင့်သွားခဲ့သည်။ ဘာလို့ ရုတ်တရက် ငါ့ဆီ ရောက်လာရတာလဲ။
ကျွန်တော်မျိုးကတော့ ယူချင်ပါတယ်။ မင်းကြီး သမီးကို ယူရင်ကော မင်းကြီး သဘောတူမှာလား။
"ဟင်း ... ဟုတ်ပါတယ်။ ကျွန်တော်မျိုးက ငယ်ပါသေးတယ်။" ဖန်ကျန်းရီက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်၏။
"အသက်နှစ်ဆယ်ကျော် ဆိုတာ သာမန် ပြည်သူတွေ ကြားမှာဆိုရင် ကလေးအဖေတောင် ဖြစ်နေလောက်ပြီ။ မင်းကလည်း ကြီးမားတဲ့ အကျိုးဆောင်မှုတွေ အကြိမ်ကြိမ် လုပ်ခဲ့တာပဲ။ တကယ်လို့ သဘောကျတဲ့ မိန်းကလေး ရှိရင် ကိုယ်တော် ကိုယ်တိုင် လက်ထပ်ပေးမယ်။" ကျင်းဘုရင်က လေးလေးနက်နက် ပြောလိုက်သည်။
ရုတ်တရက် ပေါ်လာသော ဤဂရုစိုက်မှုကြောင့် ဖန်ကျန်းရီမှာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့၏။
ယခင်ဘဝတုန်းက လူပျိုကြီး ဘဝနဲ့ အိမ်ထောင်ပြုဖို့ အတင်း တိုက်တွန်းခံရတာ ကိစ္စမရှိပါဘူး။ ဒီဘဝမှာ မိဘမရှိဘဲနဲ့ ဘုရင်မင်းမြတ်ဆီကနေ အိမ်ထောင်ပြုဖို့ အတင်း တိုက်တွန်းခံရတယ်ပေါ့။
မင်းကြီး ဒီလိုပြောတာ ဘာအဓိပ္ပာယ်လဲ။
ကျွန်တော်မျိုးနဲ့ မင်းသမီးရဲ့ ကိစ္စကို မင်းကြီး တကယ်တမ်း သိနေတာလား၊ မသိဘူးလား။
တကယ်လို့ မသိဘူး ဆိုရင် ... ကျွန်တော်မျိုးက မင်းသမီးကို လက်ထပ်ချင်တယ်လို့ ရုတ်တရက်ကြီး တောင်းဆိုလိုက်ရင် မင်းသမီးနဲ့ ခိုးတွေ့တယ်ဆိုပြီး ဘုရင်ကို လိမ်ညာတဲ့ အပြစ် ရသွားမှာ မဟုတ်ဘူးလား။
တကယ်လို့များ မင်းကြီးက ဒေါသထွက်ပြီး ကျွန်တော်မျိုးကို ရိုက်နှက်ခိုင်းရင် ဘယ်လိုလုပ်မလဲ။
ဖန်ကျန်းရီမှာ အချိန်အတော်ကြာ တွန့်ဆုတ်နေသော်ငြား ရင်ထဲရှိ စကားများကို ထုတ်မပြောရဲခဲ့ချေ။ အချိန်မကျသေးသလို လုံလုံခြုံခြုံ မရှိသေးဘူးဟု အမြဲတမ်း ခံစားနေရသည်။
"ကျေးဇူးတင်ပါတယ် မင်းကြီး။ လက်ထပ်ဖို့ မထပ်ဖို့ ... သားသမီး ရှိဖို့ မရှိဖို့ ကိစ္စတွေကို ... ကျွန်တော်မျိုး မလောသေးပါဘူး။ ကျွန်တော်မျိုး ငယ်ပါသေးတယ်။"
"မိဘကို မရိုသေတာ သုံးမျိုး ရှိတဲ့အထဲမှာ မျိုးဆက် မကျန်ခဲ့တာက အဆိုးဆုံးပဲ။ ဘယ်လိုလုပ်ပြီး မလောဘဲ နေလို့ ရမှာလဲ။" ကျင်းဘုရင်က ခေါင်းခါကာ သက်ပြင်းချလိုက်၏။
ထို့နောက် အမှိုက်ကို ကြည့်သကဲ့သို့ ဖန်ကျန်းရီကို တစ်ချက် ကြည့်လိုက်သည်။
ဒီလောက် ရည်မှန်းချက် မရှိတဲ့ ယောကျ်ား ... တကယ်ကို ရှားပါးတယ်။
ရာထူးလည်း မတက်ချင်ဘူး၊ မကြိုးစားချင်ဘူး၊ အိမ်ထောင်လည်း မပြုချင်ဘူး၊ ကလေးလည်း မလိုချင်ဘူး။
ဒါဆို မင်းက အစတုန်းက စာမေးပွဲ ဘာလို့ ဝင်ဖြေခဲ့တာလဲ။ အသက်ရှင်နေတာ ဘာလုပ်ဖို့လဲ။ အညစ်အကြေးတွေ ထုတ်ဖို့လား။
"အင်း ... ကျွန်တော် ... ကျွန်တော်မျိုးသာ သဘောကျတဲ့ မိန်းကလေး ရှိလာရင် မင်းကြီးဆီမှာ သေချာပေါက် လက်ထပ်ခွင့် တောင်းပါ့မယ်။"
"ရပြီ။ ဘာကိစ္စမှ မရှိရင် မင်း အရင် ပြန်တော့။"
သူ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ကျင်းဘုရင်က လက်ဝှေ့ယမ်းကာ တိုက်ရိုက် နှင်လွှတ်လိုက်တော့၏။
ဖန်ကျန်းရီက အရိုအသေပေးပြီးနောက် လှည့်ထွက်သွားခဲ့သည်။
မြန်မြန် သွားမှပဲ။ ဒီအကြောင်းအရာကို ဆက်ပြီး ပြောလို့ မရတော့ဘူး။
ဖန်ကျန်းရီ၏ အလောတကြီး ထွက်ပြေးသွားသော ကျောပြင်ကို ကြည့်ရင်း ကျင်းဘုရင်၏ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင်ပြုသော အရိပ်အယောင်များ ပေါ်လာခဲ့၏။
"ဟင်း ... သတ္တိမရှိတဲ့ ကြွက်ကလေး။"