အခန်း ၃၄၁
Vol. 19 Ch. 341
အပိုင်း (၃၄၁) စိတ်ဓာတ်ကျသွားခြင်း။
ဆိုင်ရှင်က အသက်ပြင်းပြင်း နှစ်ခါရှူလိုက်ပြီး ပြောရမည့် စကားများကို စဉ်းစားနေသည်။
အိမ်ရှေ့စံ၏ အမူအရာကို ကြည့်ရသည်မှာ သန့်ရှင်းရေးအဖွဲ့၏ အလုပ်အပေါ် အလွန် ကျေနပ်နေပုံရသဖြင့် သူက အပြစ်ပြောရန် မဝံ့မရဲ ဖြစ်နေ၏။
သို့ပေမည့် အိမ်ရှေ့စံက သဘောထား အလွန် ကောင်းမွန်နေပြီး အမတ်ဖန် ကလည်း ရှိနေသည်ဖြစ်ရာ ယနေ့တွင် ရင်ထဲရှိ မကျေနပ်ချက်များအားလုံးကို ထုတ်ဖော်ပြောဆိုလိုက်ခြင်းက အကောင်းဆုံး ဖြစ်မည်။
သန့်ရှင်းရေးအဖွဲ့ဆိုသည့် ခွေးကောင်တွေ … အိမ်ရှေ့စံရဲ့ နာမည်ကို အသုံးချပြီး နေရာတကာမှာ လိမ်လည်လှည့်စားနေတာ။ ဒီကိစ္စကို လုံးဝ သည်းမခံချင်တော့ဘူး။
ဆိုင်ရှင်က အရင်ဆုံး အရိုအသေပေးလိုက်ပြီးနောက် ညည်းတွားကာ ပြောလိုက်သည်။ “အိမ်ရှေ့စံ … ကြည့်ပါ။ ဒီမီးဖိုချောင်ကို ပြန်ပြင်ဆောက်ထားတာ တကယ် ကောင်းတယ် မဟုတ်လား။ ဒါပေမဲ့ ကျုပ်တို့က ဒါတွေအတွက် အများကြီး ပေးဆပ်ခဲ့ရတယ်။
ပါဝင်ပစ္စည်းတွေကို မပြောနဲ့အုံး။ လတ်ဆတ်နေပုံ ပေါက်အောင်နဲ့ သန့်ရှင်းရေးအဖွဲ့ရဲ့စံနှုန်းနဲ့ ကိုက်ညီအောင်လို့ သူတို့ယူသွားတဲ့ ပါဝင်ပစ္စည်းတွေကို မပါဘဲ နေ့တိုင်း စွန့်ပစ်နေရတဲ့ အပိုင်းကတင် နှစ်ဆယ်ရာခိုင်နှုန်း နီးပါး ရှိတယ်။ စွန့်ပစ်လိုက်တဲ့ အရာတွေက ရုပ်ဆိုးတယ် ဆိုပေမဲ့ အကုန်လုံးက စားလို့ရတဲ့ ပစ္စည်းကောင်း တွေချည်းပါပဲ။
အဲဒီ စွန့်ပစ်လိုက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ညကျရင် သန့်ရှင်းရေးအဖွဲ့က လူတွေက လာပြီး တစုတစည်းတည်း သိမ်းသွားကြတယ်။ သူတို့ တကယ်ပဲ လွှင့်ပစ်လိုက်သလား၊ ဒါမှမဟုတ် အိမ်ပြန်ယူသွား သလား ဆိုတာတော့ ကျုပ် မသိဘူး”
ဒီဆိုင်ရှင်က တကယ်ကို ဉာဏ်များတာပဲ။ ဖန်ကျန်းရီက တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။
လီယွမ်ကျောက်၏ မျက်နှာပေါ်တွင် စဉ်းစားနေသော အရိပ်အယောင်များ ပေါ်လာခဲ့၏။
ဆိုင်ရှင်က ဆက်ပြောလိုက်သည်။ “ပြီးတော့ အရင်တုန်းက ဒီမီးဖိုချောင်က တစ်ခန်းတည်းပါ။ ဘာအလုပ်လုပ်လုပ် အရမ်း အဆင်ပြေတယ်။ အခုတော့ အခန်းတွေ အများကြီး ခွဲထားလိုက်တော့ ဟင်းတစ်ပွဲ ချက်ဖို့ကို တံခါးတွေ အကြိမ်ကြိမ် ဖွင့်လိုက် ပိတ်လိုက် လုပ်နေရတော့ အချိန်တွေ အလကား ကုန်တာပေါ့”
ဖန်ကျန်းရီက မေးလိုက်၏။ “ဒါဆို မင်း တံခါးတွေ အကုန် ဖွင့်ထားလိုက်ရင် မရဘူးလား”
ဆိုင်ရှင်က ချက်ချင်း ငိုယိုကာ ပြောလိုက်သည်။ “မရပါဘူး သခင်လေး … ဖွင့်ထားလို့ မရဘူး။ သန့်ရှင်းရေးအဖွဲ့ က လူတွေက ပြောတယ်။ ဒီတံခါးတွေကို ဖွင့်ထားရင် အချင်းချင်း ညစ်ညမ်းမှုတွေ ကူးစက်နိုင်တယ်။ လုံးဝ ဖွင့်ခိုင်းလို့ မရဘူးတဲ့။ အဝင်အထွက် လုပ်တိုင်း တံခါးကို ပြန်ပိတ်ရမယ်။ မဟုတ်ရင် တွေ့တာနဲ့ အဲဒီနေရာမှာတင် ဒဏ်ငွေ ရိုက်မယ်တဲ့။ သူတို့က ဒါဟာ အိမ်ရှေ့စံရဲ့ အမိန့်လို့ ပြောတယ်။ ကျုပ်တို့လည်း မလိုက်နာဘဲ မနေရဲဘူးလေ”
လီယွမ်ကျောက်၏ မျက်နှာမှာ တဖြည်းဖြည်း နီရဲလာ၏။
ဖန်ကျန်းရီက အခြေအနေကို ကြည့်ပြီး ဆက်မေးလိုက်သည်။ “ခင်ဗျား ဆက်ပြောလေ။ တခြားကိစ္စတွေ ရှိသေးလား၊ တစ်ပြိုင်နက်တည်း အကုန်ပြောလိုက်”
ဆိုင်ရှင်က သူတို့နှစ်ဦး၏ မျက်နှာအမူအရာကို အကဲခတ်နေပြီး စဉ်းစားနေကာ အချိန်အတော်ကြာမှ ပြန်ဖြေလိုက်၏။ “ရှိပါတယ်။ သခင်လေး … ကျုပ်တို့ ဘယ်လောက်ပဲ ကောင်းအောင် လုပ်လုပ် သူတို့က အမြဲတမ်း ပြဿနာ ရှာနိုင်တယ် ဆိုတာ သခင်လေး နားလည်လောက်မှာပါ။
ဘယ်လိုပဲ လုပ်လုပ် သန့်ရှင်းရေးအဖွဲ့ ကျေနပ်တဲ့ စံနှုန်းကို မရောက်နိုင်ဘူး။ ဒါမှမဟုတ် ကျုပ်တို့ ဘယ်အဆင့် အထိ လုပ်ရမယ်ဆိုတဲ့ စံနှုန်းဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဒါကြောင့် အစပိုင်းတုန်းက မကြာခဏ ဒဏ်ငွေ အတပ်ခံခဲ့ရတယ်။
နောက်ပိုင်းကျတော့ သန့်ရှင်းရေးအဖွဲ့က လူတွေ ကိုယ်တိုင် ကမ်းလှမ်းလာတယ်။ ကျုပ်တို့ကို ကူညီပြီး ရှင်းလင်းပေးမယ်။ ဒဏ်ငွေ မတပ်ခံရအောင် ပြဿနာတွေကို ထောက်ပြပေးမယ်။ ဒါပေမဲ့ သူတို့က အလကား မလုပ်ပေးဘူး။ ငွေကြေးတစ်ချို့ ပေးရမယ်။ ကျုပ်တို့ ဆိုင်လေးအတွက်ဆို တစ်လကို ငွေတုံး ငါးတုံး ပေးရတယ်။
တကယ်လို့ သူတို့ရဲ့ အကူအညီ မလိုဘူးဆိုရင် သန့်ရှင်းရေးအဖွဲ့က မကြာခဏ လာစစ်ဆေးလိမ့်မယ်။
အိမ်ရှေ့စံ … သူတို့က ဘယ်လိုသန့်ရှင်းရေးအဖွဲ့ ဖြစ်တော့မှာလဲ။ အခုဆိုရင် သူတို့က လူမိုက်အုပ်စုတစ်စု သတ်သတ်ပဲ။ ဖုန်းဟော့ဂိုဏ်းတောင် ကျုပ်အတွက် အမှိုက်တွေ လာသွန်ပေးသေးတယ်။ သူတို့ကျတော့ ကျုပ်ဆီကနေ ငွေညှစ်တာကလွဲပြီး ဘာမှ မလုပ်တတ်ဘူး။ အခုဆိုရင် အရောင်းအဝယ် လုံးဝ လုပ်လို့ မရတော့တဲ့အထိ ဖြစ်နေပြီ။ အိမ်ရှေ့စံ သူတို့ကို သေချာပေါက် ဆုံးမပေးရမယ်နော်”
ပြောရင်း ပြောရင်းဖြင့် ဆိုင်ရှင်၏ စိတ်ခံစားချက်များမှာ ရုတ်တရက် ပြင်းထန်လာပြီး စိတ်လှုပ်ရှာ လာတော့သည်။
ယခုအခိုက်အတန့်တွင် လီယွမ်ကျောက်မှာ မျက်နှာတစ်ခုလုံး နီမြန်းနေပြီ ဖြစ်၏။
ဆိုင်ရှင်က မြေကြီးပေါ်တွင် ငိုယိုနေသည်ကို မြင်လိုက်ရချိန်တွင် ဘာပြောရမှန်း မသိဖြစ်နေသည်။ အချိန်အတော်ကြာ အောင့်အည်းထားပြီးမှ စကားတစ်ခွန်း ညှစ်ထုတ်လိုက်သည်။ “ဒီကိစ္စကို ကျုပ် သိပြီ။ ဖန်ကြီး … ကျုပ်တို့ သွားကြစို့”
ဖန်ကျန်းရီက ခေါင်းညိတ်ပြလိုက်ပြီး ထမင်းဖိုးကို ဆိုင်ရှင်အား ရှင်းပေးကာ လီယွမ်ကျောက်နှင့်အတူ စားသောက်ဆိုင် ထဲမှ ထွက်လာခဲ့၏။
ဆိုင်ရှင်က သူတို့နှစ်ဦး ထွက်သွားတော့မည်ဟု ကြားလိုက်ရချိန်တွင် ထပ်မံ၍ စကားမပြောရဲတော့ဘဲ မတတ်သာစွာဖြင့် လိုက်ပို့ရုံသာ တတ်နိုင်တော့သည်။ တံခါးဝသို့ ရောက်ချိန်တွင် သူတို့နှစ်ဦး၏ ကျောပြင်ကို မျက်ရည်ဝဲလျက် ကြည့်နေဆဲ ဖြစ်သည်။
လမ်းပေါ်သို့ ရောက်ချိန်တွင် လီယွမ်ကျောက်က သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ “မဖြစ်နိုင်ဘူး … ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ”
“အိမ်ရှေ့စံက အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်တယ်ဆိုတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး မသိရတာလဲ” ဖန်ကျန်းရီက မေးလိုက်သည်။
လီယွမ်ကျောက်က တိုးညင်းစွာ ပြောလိုက်၏။ “ဟုတ်တယ် … အစပိုင်းတုန်းက ကျုပ် သူတို့ကို ဒီလောက် အများကြီး လုပ်ခိုင်းတာ မဟုတ်ဘူး။ ရပ်ကွက်ထဲက စားသောက်ဆိုင်တွေရဲ့ မီးဖိုချောင်မှာ ပုပ်သိုးနေတဲ့ ပါဝင်ပစ္စည်းတွေ သုံးနေသလား ဆိုတာကိုပဲ သွားစစ်ဆေးခိုင်းတာ။ နောက်ပိုင်း အောက်ကလူတွေက အကြံပြုချက်တွေ တစ်ခုပြီးတစ်ခု တင်ပြလာတယ်။ ကျုပ်က ပြဿနာ မရှိဘူးလို့ ထင်တော့ လုပ်ခိုင်းလိုက်တာပဲ။
ဒါပေမဲ့ သန့်ရှင်းရေးအဖွဲ့က ကျုပ်ကို ဒီလို ပြောခဲ့တာ မဟုတ်ဘူး။”
“သူတို့က ဘယ်လို ပြောခဲ့လို့လဲ” ဖန်ကျန်းရီက ထပ်မေးပြန်သည်။
“အောက်ကလူတွေက ပြောတယ်။ ပြန်ပြင်ဆောက်တဲ့ ရလဒ်က အရမ်းကောင်းတယ်။ ပြည်သူတွေ အပေါ်မှာလည်း သိပ်ပြီး ထိခိုက်မှု မရှိဘူး။ ပြီးတော့ စားသောက်ဆိုင်တွေနဲ့ လမ်းဘေးဈေးသည် တော်တော်များများက ပုပ်သိုးနေတဲ့ အသားတွေ၊ ဟင်းသီးဟင်းရွက်တွေကို သုံးပြီး ဟင်းချက်ရောင်းနေတာကို တွေ့ရတယ်။ အဲဒါတွေကို တားဆီးနိုင်ခဲ့တယ်တဲ့။ ဒါဆို ကျုပ် အမှား လုပ်မိတာလား။
ဒါမှမဟုတ် … မသေချာဘူး … စောစောက ဆိုင်ရှင်က သန့်ရှင်းရေးအဖွဲ့နဲ့ ရန်ငြိုး ရှိနေတာများလား။ ကျုပ်က သူ့တစ်ယောက်တည်း စကားကို နားထောင်လို့ မဖြစ်ဘူး။ စောစောက မီးဖိုချောင်က အရမ်း သပ်ရပ်နေတာပဲ မဟုတ်လား။ အရာအားလုံးက သန့်ရှင်းသပ်ရပ်နေတာပဲ”
“ဖြစ်နိုင်တာပေါ့”
ဖန်ကျန်းရီက ပြုံးလိုက်သည်။ “အိမ်ရှေ့စံက သန့်ရှင်းရေးအဖွဲ့မှာ ပြဿနာရှိတယ်လို့ ဘာလို့ မသင်္ကာ မဖြစ်ရတာလဲ”
“သန့်ရှင်းရေးအဖွဲ့က လူတွေကို ကျုပ် သိတာပေါ့။ ကျုပ် သူတို့နဲ့ အတူတူ အရက်သောက်၊ အသားစားဖူးတယ်။ သူတို့က ကျေးဇူးကန်းပြီး ကျုပ်ကို လိမ်ညာရက်ပါ့မလား။ ဒါ မဖြစ်နိုင်ဘူး”
လီယွမ်ကျောက်၏ ယုံကြည်မှု အပြည့်ရှိနေသော ပုံစံကို ကြည့်ရင်း ဖန်ကျန်းရီက တိတ်ဆိတ်သွားခဲ့၏။
“အိမ်ရှေ့စံ … အိမ်ရှေ့စံက ဒီလို ထင်နေမှတော့ ကျုပ်တို့ တခြားဆိုင်အနည်းငယ်လောက် ထပ်သွားပြီး အခြေအနေ ဘယ်လို ရှိလဲဆိုတာ မေးကြည့်တာပေါ့။ နှစ်ဖက်စလုံးရဲ့ စကားကို နားထောင်ရင် အမှန်ကို သိနိုင်တယ်။ တကယ်လို့ အားလုံးက အသံတစ်သံတည်း ဖြစ်နေရင် သန့်ရှင်းရေးအဖွဲ့မှာ ပြဿနာ ရှိတယ်ဆိုတာ သေချာသွားပြီပေါ့”
လီယွမ်ကျောက်က မတတ်သာစွာဖြင့် ပြောလိုက်သည်။ “ဟုတ်တယ် … ခင်ဗျား ပြောတာ မှန်တယ်။ ထပ်ပြီး သွားကြည့်ကြတာပေါ့။ ကျုပ်ရဲ့ သန့်ရှင်းရေးအဖွဲ့က ပြည်သူတွေကို သွားပြီး ခြိမ်းခြောက် ငွေညှစ်မယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူတို့နှစ်ဦးမှာ နောက်ထပ် စားသောက်ဆိုင်အနည်းငယ်ကို လိုက်လံ မေးမြန်းခဲ့ကြရာ ရလဒ်များမှာ အခြေခံအားဖြင့် ဆင်တူနေ၏။
တစ်ဆိုင် မေးပြီးတိုင်း လီယွမ်ကျောက်၏ မျက်နှာအရောင်က တစ်ဆင့်ပြီးတစ်ဆင့် ပိုမို ညှိုးနွမ်းသွားခဲ့သည်။
လောင်လျူ စားသောက်ဆိုင်ရှေ့သို့ ရောက်ချိန်တွင် ကျန်းလောင်လျူက ဖန်ကျန်းရီ ရောက်လာသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်း အပြင်ထွက်၍ လှိုက်လှဲစွာ ကြိုဆိုလိုက်၏။
ဖန်ကျန်းရီက တိုက်ရိုက်ပင် ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို ရှာခိုင်းထားတဲ့ ပစ္စည်းတွေရော၊ အကုန် ရှာပြီးပြီလား”
ကျန်းလောင်လျူက ချက်ချင်း သဘောပေါက်သွားပြီး စားသောက်ဆိုင်အတွင်းသို့ ပြေးဝင်ကာ စက္ကူနှစ်ရွက်ကို ယူလာသည်။ ပြီးနောက် ဖန်ကျန်းရီအား ကမ်းပေးရင်း ပြောလိုက်၏။ “သခင်လေး … သခင်လေး လိုချင်တဲ့ ပစ္စည်းတွေ အကုန် ဒီမှာ ပါပါတယ်။
ဒါက ကျုပ် ရှာဖွေထားတဲ့ သတင်းတွေပါ။ အနီးအနားက စားသောက်ဆိုင်တွေက ကျုပ်ကို ပြောပြထားတာတွေရယ်၊ ပြဿနာ ရှာနေတဲ့ သန့်ရှင်းရေးအဖွဲ့ဝင်တွေရဲ့ နာမည်စာရင်းတွေရယ် ပါပါတယ်”
ဖန်ကျန်းရီက စက္ကူကို လီယွမ်ကျောက်ထံ ကမ်းပေးလိုက်ပြီးနောက် မေးလိုက်သည်။ “ခင်ဗျား ဘာလို့ တခြား စားသောက်ဆိုင်တွေကို လိုက်မေးနေတာလဲ။ ခင်ဗျားဆီမှာရော ဘာပြဿနာမှ မရှိဘူးလား”
လီယွမ်ကျောက်က ခေါင်းငုံ့ကာ အချက်အလက်များကို ဖတ်ရှုနေပြီး ကျန်းလောင်လျူက သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် တိုးညင်းစွာ ပြောလိုက်၏။
“သခင်လေး … ကျုပ်ဆီမှာ ပြဿနာ လာရှာရဲတဲ့သူ မရှိပါဘူး။ ပြီးခဲ့တဲ့ တစ်ခေါက် သခင်လေး လာသွားကတည်းက ကျုပ်က သခင်လေးရဲ့ နာမည်ကို သုံးထားတာလေ။ အဲဒီ ခွေးကောင်တွေ ဘယ်လိုလုပ်ပြီး ပြဿနာ လာရှာရဲတော့မှာလဲ။
မကြာသေးခင်က ရပ်ကွက်ထဲမှာ စားသောက်ဆိုင်တချို့ ပိတ်သွားတယ်လို့ သတင်းကြားလို့ အခွင့်ကောင်းယူပြီး ဈေးပေါပေါနဲ့ ဝယ်ထားလိုက်တယ်။ အကုန်လုံးက သခင်လေးရဲ့ ကျေးဇူးကြောင့်ပါပဲ … ဟီးဟီး”
ခရိုင်ထဲက ထွက်လာသည့် လူတွေ အကုန်လုံးက လူလည်တွေချည်းပင်။
ဖန်ကျန်းရီက အံ့အားသင့်စွာဖြင့် ရယ်မောလိုက်သည်။ “ခင်ဗျားက တကယ် လည်တဲ့လူပဲ။ ကဲကဲ အလုပ် သွားလုပ်တော့”
ကျန်းလောင်လျူက အရိုအသေပေးပြီး လှည့်ထွက်သွားခဲ့၏။
ယခုအခါ လီယွမ်ကျောက်က စာရွက်ပေါ်ရှိ အကြောင်းအရာများကို ဖတ်ရှုရင်း မျက်နှာမှာ ဖြူရော်နေသည်။ နှုတ်မှလည်း တတွတ်တွတ် ရေရွတ်နေသည်။ “ဒါ … ဒါတွေ အကုန်လုံးက တကယ်ကြီးပဲလား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သူတို့က ဘာလို့ ကျုပ်ကို လိမ်ရတာလဲ”
“အိမ်ရှေ့စံ … ဒီကိစ္စမှာ ဘာပြဿနာ ရှိနေလဲဆိုတာ သတင်းစာတိုက်ကို ပြန်ပြီးမှ ဖြည်းဖြည်းချင်း ပြောကြတာပေါ့” ဖန်ကျန်းရီက ပြောလိုက်၏။
လီယွမ်ကျောက်၏ ရင်ထဲတွင် ခံစားချက်မျိုးစုံ ရောနှောနေသည်။ မနက်ပိုင်း ထွက်လာစဉ်က စိတ်ခံစားချက် အလွန် ကောင်းမွန်ခဲ့သော်ငြား မွန်းတည့်ချိန်တွင်တော့ စိတ်ဓာတ်များ အောက်ဆုံးသို့ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။
မအောင်မြင်သော ဆုံးဖြတ်ချက်များ၊ ပြည်သူများ၏ မကျေနပ်ချက်များ၊ ထို့အပြင် သန့်ရှင်းရေးအဖွဲ့၏ လိမ်လည်မှုများ စသည့် အပျက်သဘောဆောင်သော ခံစားချက် အမျိုးမျိုးက ရင်ထဲသို့ ဝင်ရောက်လာ၏။
“သွားမယ် … သတင်းစာတိုက်ကို ပြန်မယ်”