အခန်း ၃၄၂
Vol. 19 Ch. 342
အပိုင်း (၃၄၂) ပြင်းထန်သော ရိုက်ခတ်မှုကို ခံရသော အိမ်ရှေ့စံ။
သတင်းစာတိုက်သို့ ပြန်ရောက်ပြီးနောက် သူတို့နှစ်ဦးမှာ အခန်းလွတ်တစ်ခန်းကို ရွေးချယ်ကာ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး အချင်းချင်း စကားမပြောဖြစ်ကြချေ။
လီယွမ်ကျောက်မှာ ကုလားထိုင်ပေါ်တွင် ထိုင်ကာ တွေဝေငေးမောနေသည်။
ဖန်ကျန်းရီက သူ၏ ဤပုံစံကို မြင်လိုက်ရသဖြင့် အများကြီး အနှောင့်အယှက် မပေးချင်တော့ဘဲ လက်ဖက်ရည် နှစ်ခွက်ငှဲ့ကာ တစ်ယောက်တည်း သောက်နေလိုက်၏။
တံခါးအပြင်ဘက်တွင်တော့ သတင်းထောက်များ၏ အဆက်မပြတ် ကျယ်လောင်စွာ ဆွေးနွေးနေသံများကို ကြားနေရပြီး သတင်းတစ်ခုခုအကြောင်း ပြောနေပုံရသည်။
ဤသို့ဖြင့် လက်ဖက်ရည် အေးသွားပြီး သုံးခွက်ဆက်တိုက် ကုန်သွားချိန်မှသာ လီယွမ်ကျောက်က အသံဩဩဖြင့် စတင် စကားပြောလာသည်။ လေသံတွင် နာကျင်မှုများ ပါဝင်နေပြီး ဖုံးကွယ်၍ မရနိုင်သော စိတ်ပျက်မှုများဖြင့် ပြောခြင်းပင်။
“ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ။ ကျုပ် သူတို့ကို ပြည်သူတွေဆီကနေ ငွေသွားညှစ်ဖို့ မခိုင်းခဲ့ပါဘူး။ သူတို့လည်း ပြည်သူတွေပါပဲ။ ရပ်ကွက်ထဲမှာ မိုးသည်းထန်စွာရွာပြီး ရေကြီးတုန်းကဆိုရင် သူတို့လည်း စိတ်အားထက်သန်စွာ နဲ့ ကယ်ဆယ်ရေးတွေ လုပ်ခဲ့တာပဲ။
သူတို့က ကျုပ်နဲ့ အတူတူ အရက်သောက်၊ အသားစားခဲ့ကြတာ … အရင်တုန်းကလည်း ဘာပြဿနာမှ မဖြစ်ခဲ့ဖူးပါဘူး … အခု ဘယ်လိုလုပ်ပြီး…”
စကားလုံးများကြားတွင် ပြောမပြနိုင်လောက်အောင် စိတ်ပျက်မှုများ ပါဝင်နေသည်။
ဖန်ကျန်းရီကလည်း တိတ်ဆိတ်စွာ နားထောင်နေရုံသာ တတ်နိုင်၏။ သူလည်း သစ္စာဖောက်ခံရဖူးသလို လိမ်ညာခံရသည့် ခံစားချက်ကိုလည်း နားလည်ပေးနိုင်၏။
အလုပ်ခွင်ထဲမှ ရိုးအသော ဝန်ထမ်းလေးတစ်ယောက်က ရုတ်တရက် ညတွင်းချင်း မြို့ဝန်ဖြစ်သွားပြီး ကိုယ်နဲ့ မသက်ဆိုင်တဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ရတာလေ။ သူ တော်တော် ဒုက္ခရောက်ခဲ့သည်။
တာဝန်ဝတ္တရားများကို ထမ်းပိုး၍ ရုန်းကန်လှုပ်ရှားခဲ့ရကာ နောက်ဆုံးတွင် အကျိုးအမြတ်များကို ခံစား၍ ငွေကြေးခွဲဝေနိုင်သည့် အချိန်သို့ ရောက်ရှိလာခဲ့သော်ငြားလည်း... အတူတကွ ဒုက္ခဆင်းရဲ ခံစားခဲ့ကြသူများအနက် အချို့မှာမူ သစ္စာဖောက်လိုသည့် စိတ်များ ပေါ်ပေါက်လာတတ်ကြပေသည်။
မိမိ၌ မြို့ဝန်ဟူသော အရှိန်အဝါ ရှိနေရုံမျှဖြင့် လူတိုင်းအား ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
ပြင်ပလူတို့၏ အမြင်တွင် မြင့်မြတ်၍ လက်လှမ်းမမီနိုင်သော ကြီးကျယ်ခမ်းနားသူများ ဆိုသည်မှာလည်း... ၎င်းတို့၏ ဘဝထဲသို့ ဝင်ရောက်လာပြီး လူချင်း ရင်းနှီး နီးကပ်သွားသည့် အခါ၌... အရှိန်အဝါများ တဖြည်းဖြည်း မှေးမှိန်သွားပြီး... လေးစားကြောက်ရွံ့မှုများနှင့် နယ်နိမိတ် ကန့်သတ်ချက်များပါ ပျောက်ကွယ်သွားတတ်ခြင်းမှာ လူ့သဘာဝပင် ဖြစ်၏။
ဤသည်မှာလည်း သန့်ရှင်းရေးအဖွဲ့မှ အထက်ကို လိမ်လည်ကာ အောက်ခြေကို နှိပ်ကွပ်၍ အခွင့်အရေး ယူရသည့် အကြောင်းရင်း တစ်စိတ်တစ်ဒေသပင် ဖြစ်သည်။
အိမ်ရှေ့မင်းသားသည် အောက်ခြေလူတန်းစားများနှင့် ရင်းနှီးကျွမ်းဝင်စွာ နေထိုင်တတ်ခြင်းမှာ မြင်ရသည်တွင် သဟဇာတဖြစ်၍ လှပသည့်သဏ္ဌာန် ရှိနေသော်ငြားလည်း ထိုအရာ၏ အတွင်း၌ ဖုံးကွယ်နေသော အန္တရာယ်များ ကိန်းအောင်းနေသည်။
ဖန်ကျန်းရီသည် ဘာမှမပြောဘဲ တိတ်ဆိတ်စွာဖြင့်သာ စောင့်ကြည့်နေခဲ့သည်။ အချို့သော ကိစ္စရပ်များကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ဖူးမှသာလျှင် ရင့်ကျက်ကြီးပြင်းလာနိုင်မည် ဖြစ်သောကြောင့် သူတစ်ပါးနှုတ်မှတစ်ဆင့် ပြောပြခြင်းသည် အမြဲတမ်း အားနည်းနေတတ်၏။
လီယွမ်ကျောက်မှာ မူလနေရာတွင် ထိုင်နေပြီး အနည်းငယ် ဘာလုပ်ရမှန်း မသိဖြစ်နေသည်။
ဖန်ကျန်းရီက ညင်သာစွာ ပြောလိုက်သည်။ “အိမ်ရှေ့စံ စဉ်းစားကြည့်ဖူးလား။ တကယ်တော့ ဒါက အိမ်ရှေ့စံရဲ့ ပြဿနာပဲ”
“ကျုပ်ရဲ့ ပြဿနာ၊ ကျုပ်မှာ ဘာပြဿနာ ရှိနိုင်လို့လဲ။ ကျုပ်က ပြည်သူတွေရဲ့ ဘဝကို ပိုကောင်းစေချင်ရုံ သတ်သတ်ပါ။ အောက်ကလူတွေက ကျုပ်ကို လိမ်နေတာ” လီယွမ်ကျောက်က ရင်ထဲတွင် မွန်းကျပ်နေသလို ခံစားလိုက်ရ၏။
“အိမ်ရှေ့စံ … သူတို့က ဘယ်လို လူတွေလဲ။ အရင်တုန်းက သူတို့က မစင်ခပ်တဲ့ လူတွေ၊ စာတစ်လုံးမှ မဖတ်တတ်တဲ့ လူတွေပဲ။ နေ့တိုင်း အစောကြီးထပြီး ညမိုးချုပ်မှ အနားရပြီး ငွေတစ်ပြားလေး ရဖို့ ကြိုးစားရတယ်။ မိသားစုကို မနည်း ကျွေးမွေးနေရတာ။
အခု ပိုက်ဆံရှာဖို့ အခွင့်အရေး ရလာတော့ သူတို့က ဘယ်လိုလုပ်ပြီး မလုပ်ဘဲ နေမှာလဲ။ တခြားလူတွေကို ဖိနှိပ်ပြီးမှ ရမယ်ဆိုရင်တောင်မှ လုပ်မှာပဲ။ သူတို့ရဲ့ ဘဝက အရင်ကထက် ပိုကောင်းလာတယ်ဆိုရင်တောင်မှ … သူတို့ရဲ့ အမြင်ကျယ်လာတာနဲ့အမျှ လောဘတွေကလည်း ကြီးလာတာပဲ။
အခု အိမ်ရှေ့စံက သူတို့လက်ထဲကို အာဏာအပ်လိုက်ပြီဆိုတော့ သူတို့က ဒီအခွင့်အရေးကို လက်လွှတ်ခံပါ့မလား။
အိမ်ရှေ့စံဆိုတဲ့ စကားလုံးနှစ်လုံးက ဘယ်လောက် အရေးကြီးလဲဆိုတာ အိမ်ရှေ့စံ သတိထားမိရဲ့လား။ အိမ်ရှေ့စံက နန်းတော်ကို ကိုယ်စားပြုတယ်။ တိုင်းပြည်ကို ကိုယ်စားပြုတယ်။
အခု အိမ်ရှေ့စံက သန့်ရှင်းရေးအဖွဲ့ရဲ့ နောက်ကွယ်မှာ ရပ်တည်နေတယ်ဆိုတာ နန်းတော်က သူတို့ နောက်ကွယ်မှာ ရပ်တည်နေတယ်ဆိုတဲ့ သဘောပဲ။ သူတို့က သူတို့ရဲ့ အားသာချက်ကို ဘယ်လိုလုပ်ပြီး အသုံးမချဘဲ နေမှာလဲ။
သူတို့က အိမ်ရှေ့စံကို ဘယ်တုန်းကမှ မလိမ်ညာခဲ့ဘူး …. ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အကြံပြုချက်တွေကို အဆင့်ဆင့် တင်ပြလာပြီး အိမ်ရှေ့စံက အကုန် သဘောတူလိုက်တယ်။ ပြီးတော့မှ သန့်ရှင်းရေးအဖွဲ့က စားသောက်ဆိုင်တွေကို အဆင့်ဆင့် ဖိအားပေးတာပဲ။
သူတို့က စံနှုန်းတွေကို လုံးဝ မဖြစ်နိုင်တဲ့ အဆင့်အထိ မြှင့်တင်လိုက်တယ်။ တစ်ဖက်က သူတို့က အိမ်ရှေ့စံကို အသုံးချပြီး သူတို့လက်ထဲက အာဏာကို ချဲ့ထွင်နေတယ်။
တခြားတစ်ဖက်ကတော့ တစ်နေ့နေ့ကျရင် အိမ်ရှေ့စံက အောက်ခြေ အခြေအနေကို လာမေးတဲ့အခါကျရင် တာဝန်တွေကို စားသောက်ဆိုင်တွေ အပေါ်ကို လွှဲချနိုင်အောင်လို့ပဲ။
ဘယ်လိုပဲဖြစ်ဖြစ် သန့်ရှင်းရေးအဖွဲ့ရဲ့ စိတ်ထဲမှာတော့ စံနှုန်းတွေ သတ်မှတ်ထားပြီးသားပဲ။ စားသောက်ဆိုင် တွေက စည်းကမ်း မလိုက်နာဘူး၊ အမြဲတမ်း မပြည့်မီဘူးလို့ ပြောလို့ ရတယ်လေ။
သူတို့က အဲဒီကနေ အကျိုးအမြတ်တွေ ရနေမှာပဲ။ စားသောက်ဆိုင်တွေကတော့ အမြဲတမ်း အမှား လုပ်နေသလို ဖြစ်နေမှာပေါ” ဖန်ကျန်းရီက ဖြည်းညင်းစွာ ရှင်းပြနေပြီး အသံမှာ အလျင်စလို မရှိဘဲ တည်ငြိမ်နေသည်။
လီယွမ်ကျောက်ကတော့ ပို၍ စိတ်ဓာတ်ကျသွားသည့်ပုံ ပေါ်နေပြီး ဖန်ကျန်းရီ စကားပြောပြီးသည်အထိ စောင့်ကာ တံတွေးတစ်ချက် မြိုချလိုက်ပြီး ငြင်းခုံလိုက်၏။ “ဖန်ကြီး … ခင်ဗျား ပြောတာ အရမ်း လွန်လွန်းတယ်။
သူတို့က စာတစ်လုံးမှ မဖတ်တတ်ဘူးဆိုရင်တောင်၊ အရင်တုန်းက မစင်ခပ်တဲ့ လူတွေ ဖြစ်ခဲ့တယ်ဆိုရင်တောင်မှ ကျုပ်လက်အောက်မှာ လူကောင်းတွေ အများကြီး ရှိပါသေးတယ်။
မိုးသည်းထန်စွာရွာပြီး ရေကြီးတုန်းက ခေါင်းဆောင်ဝမ်ကို ခင်ဗျား မှတ်မိသေးလား။ သူက အသက်အန္တရာယ်ကိုတောင် ဂရုမစိုက်ဘဲ ပြိုကျနေတဲ့ အိမ်တွေထဲကနေ ဒဏ်ရာရနေတဲ့ ပြည်သူတွေကို ကယ်ဆယ်ခဲ့တာလေ။
အခု သူက ပန်းရှန်းရပ်ကွက်ရဲ့ အကြီးဆုံး ဧရိယာကို တာဝန်ယူနေတာ။ သူ ဒီလို ကိစ္စမျိုး လုပ်မယ်ဆိုတာ ကျုပ် လုံးဝ မယုံဘူး”
“ရှန်ရီ”
လီယွမ်ကျောက် စကားပြောပြီးသည်နှင့် ဖန်ကျန်းရီက တိုက်ရိုက် အော်ခေါ်လိုက်သည်။
ရှန်ရီက တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့၏။ “ကျုပ် ခင်ဗျားကို ပြင်ဆင်ခိုင်းထားတဲ့ အချက်အလက်တွေကို ယူခဲ့”
ရှန်ရီက ထိုစကားကို ကြားချိန်တွင် အလုပ်စားပွဲသို့ ပြန်သွားပြီး မကြာမီမှာပဲ အချက်အလက် စာရွက် အနည်းငယ်ကို ယူလာကာ ဖန်ကျန်းရီ၏ စားပွဲရှေ့တွင် ချပေးလိုက်သည်။
“ကျေးဇူးပဲ။ တံခါးကို ဖွင့်ထားခဲ့လိုက်။ ခင်ဗျား အလုပ် သွားလုပ်တော့” ဖန်ကျန်းရီက အချက်အလက်များကို ကောက်ကိုင်လိုက်၏။
“အိမ်ရှေ့စံ … ဒါက သန့်ရှင်းရေးအဖွဲ့က စားသောက်ဆိုင်တွေ ဆီကနေ ငွေညှစ်ထားတဲ့ သက်သေတွေပဲ။ ပြီးတော့ ဒါက အစိတ်အပိုင်း တစ်ခုပဲ ရှိသေးတယ်။ အပြင်ပန်းမှာတော့ သူတို့က သန့်ရှင်းရေးအဖွဲ့ပဲ။ ဒါပေမဲ့ ကွယ်ရာမှာတော့ ဓားပြအဖွဲ့တစ်ဖွဲ့ ဖြစ်နေပြီ။
ပြီးတော့ အိမ်ရှေ့စံ ပြောတဲ့ ခေါင်းဆောင်ဝမ် … သူက ဘယ်သူ့ထက်မဆို ပိုပြီး လာဘ်စားတယ်။ စားသောက်ဆိုင်ကြီးတွေက သူ့ကို တစ်လ ငွေတုံး နှစ်ဆယ် ပေးလိုက်ရုံနဲ့ စစ်ဆေးမှုတွေ အကုန်လုံးကို ကင်းလွတ်ခွင့် ရတယ်။
အကုန်လုံး ပေါင်းလိုက်ရင် တစ်လကို အနည်းဆုံး ငွေတုံး ရာချီပြီး ရနိုင်တယ်။ လအနည်းငယ်လောက် ကြိုးစားလိုက်ရင် ဒီတစ်သက် စားဝတ်နေရေး မပူရတော့ဘူး။ အိမ်ရှေ့စံ မယုံရင် သူ့ကို ခေါ်ပြီး မျက်နှာချင်းဆိုင် မေးကြည့်လို့ ရတယ်”
လီယွမ်ကျောက်မှာ အချက်အလက်များကို လုယူကာ အပေါ်ရှိ စာလုံးများကို လက်ညှိုးဖြင့် ထောက်၍ သေချာစွာ ဖတ်ရှုနေသည်။ နှုတ်မှလည်း တတွတ်တွတ် ရေရွတ်နေ၏။ “မဖြစ်နိုင်ဘူး။ ကျုပ် သူနဲ့ သုံးကြိမ်လောက် အရက် အတူတူ သောက်ဖူးတယ်။ သူက ပွင့်လင်းတဲ့ သူပါ။ အောက်ကလူတွေကလည်း သူ့ကို လေးစားကြတယ်။ ဒီလို ကိစ္စမျိုး လုပ်စရာ အကြောင်းမရှိဘူး။ တကယ်လို့ ခင်ဗျား ပြောသလိုသာ ဆိုရင် … သူက ဘယ်လိုလုပ်ပြီး ကိုယ့်အသက်ကို ပေးပြီး တခြားလူတွေကို ကယ်တင်တဲ့လူ ဖြစ်နိုင်မှာလဲ”
စကားပြောရင်း ပြောရင်းဖြင့် ဆက်မပြောနိုင်တော့ချေ။ သူ၏ လက်ညှိုးအတိုင်း အပေါ်တွင် ခေါင်းဆောင်ဝမ် လုပ်ဆောင်ခဲ့သော ကိစ္စရပ် တစ်ခုချင်းစီကို အသေးစိတ် မှတ်တမ်းတင်ထားသည်။
တဖြည်းဖြည်းနှင့် လီယွမ်ကျောက်သည် မျက်ရည်များပင် ဝဲလာခဲ့၏။
လမ်းကြိုလမ်းကြားများကို နေ့စဉ် လှည့်လည်သွားလာနေပြီး နေရာအနှံ့ စုံစမ်းနေသော သတင်းထောက်များက အလွန် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့၏ ကျွမ်းကျင်မှုအဆင့်က စုံထောက်များနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ထို့ကြောင့် အပေါ်ရှိ အကြောင်းအရာများကို အလွန် အသေးစိတ် ရေးသားထားပြီး တိကျသော နေရာများ၊ ငွေကြေးပမာဏများနှင့် အချိန်များကိုပါ ရှင်းလင်းစွာ ရေးသားထားသည်။
ယနေ့ လက်တွေ့ ကွင်းဆင်း စစ်ဆေးမှုများနှင့် ပေါင်းစပ်လိုက်ပါက လုံးဝ သေချာလို့နေ၏။
လီယွမ်ကျောက်က လက်လျှော့လိုက်ပြီး ကုလားထိုင် နောက်မှီကို စိတ်ပျက်လက်ပျက်ဖြင့် မှီချလိုက်သည်။ လက်နှစ်ဖက်ကို ဖြန့်ချလိုက်ရာ စက္ကူများက မြေပြင်ပေါ်သို့ ပြန့်ကျသွားတော့သည်။
ဖန်ကျန်းရီက မတ်တပ်ထရပ်ကာ အချက်အလက်များကို ပြန်ကောက်ယူလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“အိမ်ရှေ့စံ … ခေါင်းဆောင်ဝမ်ကို မျက်နှာချင်းဆိုင် မေးဖို့ ခေါ်လိုက်ရမလား”
“မ … မလိုတော့ပါဘူး…”
လီယွမ်ကျောက်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ “ကျုပ် … ကျုပ် ဘယ်နေရာမှာ မှားသွားတာလဲ … ကျုပ်က သူတို့အပေါ် မကောင်းလို့လား။ ဘာလို့ ကျုပ်ကို ဒီလို လုပ်ရတာလဲ”
“သူတို့က အိမ်ရှေ့စံကို ရည်ရွယ်ပြီး လုပ်တာတော့ သေချာပေါက် မဟုတ်ပါဘူး”
ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်၏။ “ဒါပေမဲ့ ဒီပြဿနာတွေက အိမ်ရှေ့စံကြောင့် ဖြစ်လာရတာပါ။ အာဏာဆိုတာက အရက်ကောင်း တစ်ခွက်လိုပဲ။ လူတွေကို စွဲလမ်းစေသလို လူတစ်ယောက်ကိုလည်း ဖျက်ဆီးပစ်နိုင်တယ်။ သူတို့ကိုယ်တိုင်က ဒီအာဏာကို ခံနိုင်ရည် မရှိကြဘူးလေ … သဘာဝကျကျပဲ အဲဒါကို မထိန်းချုပ်နိုင်ကြဘူး။
ဒါကြောင့် သူတို့က လက်ထဲက အာဏာကို အသုံးချပြီး စားသောက်ဆိုင်တွေကို အခက်တွေ့အောင် လုပ်တာပေါ့ … အောက်ခြေ လူတန်းစား အချင်းချင်း ပြန်ပြီး ဖိနှိပ်နေကြတာပဲ”