အခန်း ၃၄၃
Vol. 19 Ch. 343
အပိုင်း (၃၄၃) မင်းတို့အတွက် အများပြည်သူ သင်ခန်းစာ တစ်ခု ပို့ချမယ်။
“ဟုတ်တယ် … ခင်ဗျား ပြောတာတွေ အကုန် မှန်တယ်။ ဒါပေမဲ့ ခေါင်းဆောင်ဝမ် ဒီလိုလူမျိုး ဖြစ်နေတယ်ဆိုတာကို ကျုပ် ဘယ်လို ယုံရမှာလဲ။ သူက သူရဲကောင်း တစ်ယောက်လေ” လီယွမ်ကျောက်က ဆံပင်များကို နာကျင်စွာ ဆွဲဆုပ်ထားသည်။
အမှန်တရားက မျက်စိရှေ့တွင် ရှိနေသော်ငြား တကယ်ကို လက်ခံရန် အလွန် ခက်ခဲလှ၏။
ဤခံစားချက်ကို ဖန်ကျန်းရီလည်း နားလည်နိုင်ပြီး သူ့ထက်ပင် ပို၍ နာကျင်စွာ ခံစားခဲ့ရဖူးသည်။ အခြေအနေ သဘာဝ အနည်းငယ် ကွာခြားလျှင်တောင် နာကျင်မှုက အတူတူပင်။
ဝိညာဉ်ကူးပြောင်းလာပပထီး မနှစ်တွင် နေ့တိုင်း နေ့တိုင်း မျက်လုံးဖွင့်လိုက်သည်နှင့် အိမ်ပြန်ရောက် သွားမည်ကိုသာ စိတ်ကူးယဉ်နေခဲ့မိသည်။ ရလဒ်အနေဖြင့် နောက်ဆုံးတွင် ဘာမှ မရခဲ့ချေ။
လီယွမ်ကျောက်က ယခုအခါ သူ၏ အရှေ့တွင် ယခင်က တစ်ခါမှ မရှိခဲ့ဖူးသော စိတ်ပျက်မှုများကို ဖော်ပြနေပေရာ တာဝန်ယူမှု အသိစိတ်က အလွန် ကြီးမားကြောင်း သိသာထင်ရှားလှသည်။
ဖန်ကျန်းရီလည်း အနည်းငယ် စိတ်မကောင်း ဖြစ်သွားပြီး နှစ်သိမ့်ပေးလိုက်၏။ “အိမ်ရှေ့စံ … လူကောင်းတွေက မကောင်းတဲ့ အလုပ်ကို မလုပ်ဘူးလို့ ပြောလို့ မရသလို လူဆိုးတွေကလည်း ကောင်းတဲ့ အလုပ်ကို မလုပ်ဘူးလို့ ပြောလို့ မရပါဘူး။ ဒီလောကကြီးက အဖြူနဲ့ အမည်း သီးသန့် ကွဲပြားနေတာ မဟုတ်ပါဘူး။ မျက်စိနဲ့ ကြည့်ရုံနဲ့ ရှင်းရှင်းလင်းလင်း သိဖို့ ဆိုတာ အရမ်း ခက်ခဲတယ်။
အိမ်ရှေ့စံကိုပဲ ကြည့်လေ။ နန်းတွင်းက အမတ်ဟောင်း အတော်များများက အိမ်ရှေ့စံကို အပျော်အပါး မက်ပြီး အလုပ်မလုပ်ဘူးလို့ ထင်နေကြတာ မဟုတ်ဘူးလား။ ဒါပေမဲ့ ကျွန်တော်မျိုး အမြင်မှာတော့ အိမ်ရှေ့စံက ဖြူစင်ရိုးသားပြီး တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့ တိုးတက်လိုတဲ့ လူငယ်လေး တစ်ယောက်ပဲ။ အိမ်ရှေ့စံမှာ ဒီလို စိတ်ဓာတ်မျိုး ရှိနေတာကတင် လူအတော်များများထက် သာလွန်နေပါပြီ”
သက်တံရောင် မြှောက်ပင့်စကားများ တစ်သီကြီး ပေးလိုက်ပြီးနောက် လီယွမ်ကျောက်က ခေါင်းမော့လာပြီး အံကြိတ်ကာ ပြောလိုက်သည်။
“သေနာကျ ခေါင်းဆောင်ဝမ်က အကုန်လုံး ဟန်ဆောင်နေတာပဲ။ ကယ်ဆယ်ရေး လုပ်တာလည်း သေချာပေါက် အတုပဲ ဖြစ်ရမယ်။ ကျုပ်ကိုတောင် လိမ်ရဲတယ်ပေါ့ … ကျုပ် အခုပဲ လူသွားရှာပြီး သူ့ကို သတ်ပစ်မယ်”
အလကား ပြောလိုက်ရတာပဲ။ တစ်ခွန်းမှ နားမဝင်ဘူး။
လီယွမ်ကျောက်က စကားပြောပြီးသည်နှင့် မတ်တပ်ထရပ်ကာ အပြင်သို့ ပြေးထွက်ရန် ပြင်လိုက်သည်။ တံခါးဝသို့ ရောက်လုနီးပါး အချိန်တွင် ဖန်ကျန်းရီက ခြေလှမ်းကျယ်ကြီးဖြင့် ပြေးသွားပြီး သူ့အား ပြန်ဆွဲထားလိုက်၏။
တံခါးအပြင်ဘက်မှ သတင်းထောက်တစ်စုက ခေါင်းပြူကာ သူတို့နှစ်ဦးကို စူးစမ်းနေကြသည်။
ဖန်ကျန်းရီက မြင်လိုက်ချိန်တွင် အသံကျယ်ကျယ်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။ “ဘာကြည့်နေတာလဲ။ အလုပ်လုပ်ကြလေ။ လက်ထဲမှာ အလုပ်တွေ အရမ်း နည်းနေလို့လား”
သတင်းထောက်များက ရွှစ်ခနဲ ခေါင်းငုံ့သွားကြပြီး အလုပ်များကို ဆက်လုပ်နေကြသော်ငြား နားရွက်များကတော့ ထောင်ထားကြသည်။
လီယွမ်ကျောက်မှာ ယခုအခါ ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ဆံပင်များပင် အနည်းငယ် ရှုပ်ပွနေ၏။ “ဖန်ကြီး … ကျုပ်ကို ဘာလို့ ဆွဲထားတာလဲ။ ကျုပ် သွားပြီး အဲဒီ တိရစ္ဆာန်ကို ဆုံးမမလို့”
ဖန်ကျန်းရီက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး မတတ်သာစွာဖြင့် ပြောလိုက်သည်။ “အိမ်ရှေ့စံ … ခေါင်းဆောင်ဝမ်က တကယ်ပဲ ကယ်ဆယ်ရေး လုပ်ခဲ့ပါတယ်။ ဒီအချက်ကို လူတိုင်းက မျက်မြင်ကိုယ်တွေ့ပါပဲ။ သူ အမှားတစ်ခု လုပ်မိတာနဲ့ သူ လုပ်ခဲ့တဲ့ ကောင်းမှုတွေကိုတော့ ငြင်းပယ်လို့ မရဘူးလေ။ ပြီးတော့ အပြစ်ပေးမယ် ဆိုရင်တောင်မှ တခြားလူတွေကိုပါ တစ်ပြိုင်နက်တည်း အပြစ်ပေးသင့်တယ်။ သူ့တစ်ယောက်တည်းကိုပဲ အပြစ်ပေးတာက ဘာသဘောလဲ”
လီယွမ်ကျောက်က ခနဲ့တဲ့တဲ့ ပြုံးလိုက်၏။
“မဖြစ်နိုင်ဘူး။ သူ အခု ဘာပဲလုပ်လုပ် ကျုပ် မယုံတော့ဘူး။ ဒီလို လူယုတ်မာမျိုးက ဘယ်လိုလုပ်ပြီး တခြားလူတွေကို ကယ်တင်နိုင်မှာလဲ။ ဒီစာရွက်ပေါ်မှာ ရေးထားတဲ့ ကိစ္စရပ် တစ်ခုချင်းစီတိုင်းက အတုတွေ ဖြစ်နေလို့လား”
ခေါင်းဆောင်ဝမ်အပေါ် ထိုမျှအထိ အသေသတ်ချင်နေသည့် ပုံစံကို ကြည့်ရင်း အိမ်ရှေ့စံအား အနည်းငယ် လွန်လွန်ကဲကဲ ဆွပေးမိသွားလေပြီဟု သူ ခံစားလိုက်ရ၏။ ထို့ကြောင့် လီယွမ်ကျောက်ကို လှမ်းဆွဲကာ ထိုင်ခုံပေါ်တွင် ပြန်လည်ထိုင်စေပြီးနောက် လေးနက်တည်ကြည်သော လေသံဖြင့် ဆိုလိုက်သည်။
"အိမ်ရှေ့စံ..." လူ့သဘာဝ ဆိုတာ ဆန့်ကျင်ဘက် အရာတွေ ပြည့်နှက်နေတာပါ။ ရိုးသားမှုထဲမှာ ဟန်ဆောင်မှုတွေ ဘယ်လောက် ပါနေလဲ၊ မြင့်မြတ်မှုထဲမှာ ယုတ်မာမှုတွေ ဘယ်လောက် ပါနေလဲ ဆိုတာ အိမ်ရှေ့စံ မသိနိုင်ပါဘူး။ ဒါမှမဟုတ် ဆိုးရွားမှုတွေထဲမှာလည်း ကောင်းမြတ်မှုတွေကို ရှာတွေ့နိုင်ပါတယ်။ ကပ်စေးနှဲတာနဲ့ ရက်ရောတာ၊ အမုန်းတရားနဲ့ အချစ်တရား၊ အကောင်းနဲ့ အဆိုး ဆိုတာတွေက နှလုံးသား တစ်ခုတည်းမှာ အတူတကွ တည်ရှိနေနိုင်ပါတယ်။
ဒီလောကကြီးက တကယ်တော့ မီးခိုးရောင်ပါ။ အိမ်ရှေ့စံရဲ့ ရင်ထဲမှာရော ဆိုးယုတ်တဲ့ အတွေးတွေ မရှိဘူးလို့ အာမခံနိုင်သလား။ ကျွန်တော်မျိုး မှတ်မိသေးတယ်။ အိမ်ရှေ့စံက ပြည်သူတွေကို စကားပြောခွင့် ပေးလိုက်လို့ ကောင်းကင်ကြီး ပြိုမကျသွားပါဘူးလို့ ကျွန်တော်မျိုးကို ပြောခဲ့ဖူးတယ်နော်။ အခုတော့ ပြည်သူတွေက အိမ်ရှေ့စံရဲ့ စေတနာကို နားမလည်ဘူးလို့ ထင်ပြီး သန့်ရှင်းရေးအဖွဲ့ရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေကို သတင်းစာမှာ ဖော်ပြခွင့် မပေးဘူး။ ပြည်သူတွေရဲ့ ပါးစပ်ကို ကိုယ်တိုင် ပိတ်ပစ်လိုက်တယ်။ ဒါကိုကော ဘယ်လို ရှင်းပြမလဲ။
ကိစ္စတွေက အိမ်ရှေ့စံကြောင့် ဖြစ်လာရတာလား … ဒါမှမဟုတ် တခြားလူတွေကိုပဲ အကုန် လွှဲချချင်နေတာလား”
သွေးရောင်များက လီယွမ်ကျောက်၏ မျက်နှာပေါ်သို့ တဖြည်းဖြည်း တက်လာခဲ့ပြီး နှုတ်ခမ်းများ နှစ်ကြိမ်ခန့် လှုပ်ရှားသွားသော်ငြား အသံထွက်မလာခဲ့ချေ။
ဖန်ကျန်းရီက ဆက်လက်၍ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ဒီကိစ္စက သေချာပေါက် ခေါင်းဆောင်ဝမ် တစ်ယောက်တည်းက လွှမ်းမိုးထားတာ မဟုတ်ပါဘူး။ အခု ဒီကိစ္စက နန်းတွင်းကိုတောင် ရောက်နေပြီ။ အိမ်ရှေ့စံရဲ့ နာမည်ဂုဏ်သတင်း ထိခိုက်တာကို မပြောနဲ့အုံး။ အရေးကြီးတာက နစ်နာသွားတဲ့ ပြည်သူတွေကို ဘယ်လို လျော်ကြေးပေးမလဲ၊ ပြီးတော့ သန့်ရှင်းရေးအဖွဲ့ကို နောက်ပိုင်း ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာပဲ။
အိမ်ရှေ့စံ သေချာ စဉ်းစားကြည့်ပါ။ ဒီမှာ စဉ်းစားလို့ ရသလို အရှေ့နန်းဆောင်ကို ပြန်ပြီး စဉ်းစားလို့လည်း ရတယ်။ စဉ်းစားလို့ ပြီးသွားရင် ကျွန်တော်မျိုး အိမ်ရှေ့စံနဲ့ အတူတူ ကူညီ ဖြေရှင်းပေးပါ့မယ်”
လီယွမ်ကျောက်၏ မျက်လုံးများထဲတွင် ခါးသီးသော အရိပ်အယောင်များ ပေါ်လာခဲ့ပြီး ဖန်ကျန်းရီကို တစ်ချက် မော့ကြည့်လိုက်ရာ သူက မိမိကို စူးစိုက်ကြည့်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသဖြင့် အကြည့်များကို ချက်ချင်း ရှောင်လွှဲလိုက်၏။
ဤအခိုက်အတန့်တွင် သူက ဖန်ကျန်းရီထံမှ ကျင်းဘုရင်ဆီမှသာ ရရှိနိုင်သော ဩဇာအာဏာမျိုးကို ခံစားလိုက်ရသည်။ သို့နှင့် ခေါင်းငုံ့ပြီး တိုးညင်းစွာ ပြောလိုက်သည်။ “ကျုပ် … အရှေ့နန်းဆောင်ကို ပြန်မယ်”
စကားအဆုံးတွင် ခေါင်းငုံ့ကာ သတင်းစာတိုက်ထဲမှ ထွက်ပြေးသွား၏။
သူ ထွက်သွားသည်ကို မြင်လိုက်ချိန်တွင် ဖန်ကျန်းရီလည်း သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ကုလားထိုင် ပေါ်သို့ ထိုင်ချလိုက်သည်။
အိမ်ရှေ့စံကို ပညာပေးရတာ မလွယ်ကူဘူး။ သူ လမ်းမှား ရောက်သွားမှာ အရမ်း စိုးရိမ်ရတယ်။
အယူအဆတွေ ပုံဖော်နေတဲ့ အရွယ်ကို ရောက်နေပြီဆိုတော့ သူ့ရဲ့ ဂုဏ်သိက္ခာကိုလည်း ငဲ့ညှာပေးရသလို သူ့ရဲ့ အယူအဆတွေကိုလည်း ရှင်းလင်းပေးရတယ်။ တကယ်ကို စိတ်ပင်ပန်းတာပဲ။
အနားယူနေစဉ်မှာပင် ရှန်ရီက ဝင်လာခဲ့ပြီး နောက်တွင် သတင်းထောက် အနည်းငယ် လိုက်ပါလာကာ ခေါင်းပြူ၍ ဘာလုပ်ရမည်မသိ ဖြစ်နေကြ၏။
ဖန်ကျန်းရီက ချက်ချင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “အလုပ်မလုပ်ဘဲ အထဲကို ဘာလာလုပ်တာလဲ။ တကယ် အလုပ်မရှိကြတော့ဘူးလား”
ကိုယ်က ပိုက်ဆံချမ်းသာတယ် ဆိုပေမဲ့ … ဝန်ထမ်းတွေကလည်း အပျင်းထူလို့ မရဘူးလေ။ ဒါက ငါ့အသားကို စားနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။
ရှန်ရီက ရှေ့တိုးလာပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ “အမတ်ဖန် … စောစောက အမတ်ဖန် ပြောသွားတာတွေက အရမ်းကောင်းလို့ ကျုပ်တို့ အကုန် မှတ်ထားလိုက်တယ်။ အဲဒါလေးတွေကို ကောက်နုတ်ပြီး သတင်းစာမှာ ဖော်ပြလို့ ရမလား”
ဟင်။
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ချက်ချင်း ဝမ်းသာသွားသော အရိပ်အယောင်များ ပေါ်လာခဲ့သော်ငြား အလျင်အမြန် ဖုံးကွယ်လိုက်၏။
ပြီးနောက် ဟန်ဆောင်ပန်ဆောင်ဖြင့် တည်ကြည်စွာ ပြောလိုက်သည်။ “အဲဒီ စကားလေး နည်းနည်းကို ဘာသွားဖော်ပြနေမှာလဲ။ ခင်ဗျားတို့ ဖော်ပြချင်ရင် ကျုပ် နောက်ထပ် နည်းနည်းလောက် ထပ်ပြောပေးမယ်”
သတင်းထောက် တစ်သိုက်က ချက်ချင်းပင် အပြုံးမျက်နှာများဖြင့် စက္ကူနှင့် စုတ်တံများကို ကောက်ကိုင်လိုက်ကြ၏။
ဖန်ကျန်းရီက နှစ်ချက်ခန့် ချောင်းဟန့်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “အားလုံး သေချာ မှတ်ထားနော်။ ပါရမီရှင် ဆိုတာ တစ်ရာခိုင်နှုန်းသော စိတ်ကူးဉာဏ်နဲ့ ကိုးဆယ့်ကိုး ရာခိုင်နှုန်းသော ချွေးစက်တွေ ပေါင်းစပ်ထားတာပဲ”
“အို … ကောင်းတယ် … ကောင်းတယ် … အရမ်း ကောင်းတာပဲ” သတင်းထောက် တစ်သိုက်က အလျင်အမြန် မြှောက်ပင့်စကားများ ဆိုလိုက်ကြ၏။
ဖန်ကျန်းရီက ရယ်မောလိုက်ပြီး ဆက်လက်၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “တကယ်လို့ ကျုပ်က တခြားလူတွေထက် ပိုပြီး ဝေးဝေးကို မြင်နိုင်တယ် ဆိုရင် အဲဒါက ပညာရှိတွေရဲ့ ပခုံးပေါ်မှာ ရပ်နေလို့ပဲ။
ရှင်သန်မလား၊ သေဆုံးမလား ဆိုတာက စဉ်းစားသင့်တဲ့ ပြဿနာ တစ်ခုပဲ။ လူတစ်ယောက် အတွက် အဖိုးတန်ဆုံးက အသက်ပါပဲ။ လူတစ်ယောက်ရဲ့ အသက်ဆိုတာ တစ်ခါပဲ ရပါတယ်။ လူတစ်ယောက်ရဲ့ ဘဝကို ဒီလို ဖြတ်သန်းသင့်တယ်။ အတိတ်ကို ပြန်ကြည့်တဲ့ အချိန်ကျရင် ဘာမှ မလုပ်ခဲ့ရတဲ့ အတွက်၊ အချိန်တွေကို အလကား ဖြုန်းတီးခဲ့ရတဲ့ အတွက် နောင်တမရသင့်သလို ယုတ်မာတဲ့ လုပ်ရပ်တွေ လုပ်ခဲ့မိလို့၊ အောက်တန်းကျတဲ့ ဘဝမျိုး ဖြတ်သန်းခဲ့ရလို့လည်း ရှက်ရွံ့မနေသင့်ဘူး။ စာအုပ်စာပေ တွေဟာ စိတ်ဝိညာဉ်ဆီကို သွားတဲ့ လမ်းစပဲ”
သတင်းထောက်များ၏ စုတ်တံများက လျင်မြန်စွာ ရေးမှတ်နေကြပြီး တစ်ချိန်တည်းမှာပဲ သူတစ်ပါး၏ အကြံဉာဏ်များကို ခိုးယူတတ်သော ပညာရှင်ကြီး၏ နာမည်ကြီးစကားများကို အဆက်မပြတ် ခံစားနေကြသည်။
ဆက်တိုက် အချက်နှစ်ဆယ်ကျော်လောက် ပြောလိုက်ပြီးနောက် ဖန်ကျန်းရီလည်း ကျေနပ်သွားခဲ့ပြီ ဖြစ်သည်။ ဤအရာများကို အားကိုး၍ သူ၏နာမည်ကောင်းက နောင်လာနောက်သားများထံ ကျန်ရစ်ခဲ့မည်မှာ သေချာပေ၏။
ကဗျာကူးချဖို့ကတော့ သူ မလုပ်တတ်ဘူး။ တစ်ချက်က မမှတ်မိတာ။ ဒုတိယ အချက်က ကဗျာရွတ်တာမှာ ကာရန်တွေ ရှိတယ်။ ခြောက်ကပ်ကပ်ကြီး ရွတ်နေရင် တခြားလူတွေက ချက်ချင်း သိသာသွားမှာပဲ။
တတိယ အချက်ကတော့ အနေရ အခက်ဆုံးပဲ။ အချိန်အခါမဟုတ် တစ်ယောက်ယောက်က ရှင်းပြပေးဖို့၊ သုံးသပ်ပြဖို့ တောင်းဆိုလာရင် … ဘာကို သွားရှင်းပြရမှာလဲ … ငါက တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မြန်မာစာ ကွက်လပ်ဖြည့်တာတောင် အမှတ်လျှော့ခံရတာလေ။ သုံးသပ်ဖို့ ဆိုတာ ဝေလာဝေးပေါ့။
နာမည်ကြီး စကားတွေ တစ်သီကြီး ပြောပြီးနောက် သတင်းထောက် အားလုံးကလည်း အလွန် ကျေနပ်သွားကြပြီ ဖြစ်သည်။
အမတ်ဖန် ရဲ့ ဗိုက်ထဲမှာ အသိပညာတွေ အများကြီး ရှိတာပဲ။ အားလုံးက သာမန် စကားတွေ ဖြစ်ပေမဲ့ အဓိပ္ပာယ် နက်နဲပြီး ဗဟုသုတ အများကြီး ရလိုက်တယ်။
အားလုံးက ကျေးဇူးတင်စကား ဆိုပြီး လှည့်ထွက်ရန် ပြင်လိုက်ချိန်တွင် ဖန်ကျန်းရီ၏ အသံက အားလုံး၏ အနောက်မှ ထွက်ပေါ်လာခဲ့သည်။ “နေအုံး … ခင်ဗျားတို့ သွားလို့ မရသေးဘူး”
ရှန်ရီနှင့် အခြားသူများက နောက်လှည့်ကာ ဖန်ကျန်းရီကို သံသယဝင်စွာဖြင့် ကြည့်လိုက်ကြ၏။
ဖန်ကျန်းရီ၏ မျက်နှာအမူအရာ တည်ကြည်နေသည်ကို မြင်တွေ့လိုက်ရသည်။ “ဒီနေ့ ကျုပ် လာတာက အိမ်ရှေ့စံနဲ့ သန့်ရှင်းရေးအဖွဲ့ အကြောင်း ပြောဖို့လို့ ခင်ဗျားတို့ ထင်နေတာလား။ ဒီနေ့ ကျုပ် လာတာက တကယ်တော့ ခင်ဗျားတို့ အကြောင်း ပြောမလို့ပဲ”
သတင်းထောက်များ၏ မျက်လုံးထဲတွင် ချက်ချင်း စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လာခဲ့၏။
ငါတို့ ဘာဖြစ်လို့လဲ။ ငါတို့ အမြဲတမ်း သေချာ အလုပ်လုပ်နေတာပဲ မဟုတ်ဘူးလား။ လစာ ဖြတ်တော့မလို့လား။
“သန့်ရှင်းရေးအဖွဲ့က ဒီလောက် အချိန်အကြာကြီး ရမ်းကားနေတာကို ဘာလို့ သတင်းစာမှာ မဖော်ပြရတာလဲ။ အိမ်ရှေ့စံက ခင်ဗျားတို့ကို စကားမပြောခိုင်းလို့ သတ်သတ်ပဲလား။
သတင်းစာတိုက်ရဲ့ နံရံပေါ်မှာ ဘာတွေ ရေးထားလဲ ဆိုတာ ကြည့်လိုက်စမ်း။ ပြည်သူတွေအတွက် အသက်ရှင် ရပ်တည်ခွင့် ပေးမယ်ဆိုတာ ကျုပ်တို့ ပန်းရှန်း သတင်းစာတိုက်ရဲ့ ရည်ရွယ်ချက်ပဲ။ သတင်းစာတိုက်ရဲ့ အခြေခံ အုတ်မြစ်လည်း ဖြစ်တယ်။ ခင်ဗျားတို့ ဘာတွေ တွေးနေတာလဲ။ မေ့သွားကြပြီလား။
ခင်ဗျားတို့က ပြည်သူတွေရဲ့ အသံပဲ။ အာဏာရှင်တွေရဲ့ အသံ မဟုတ်ဘူး။ နန်းတွင်းမှာလည်း သူတို့ရဲ့ ကိုယ်ပိုင် သတင်းစာ ရှိတယ်။
အိမ်ရှေ့စံက ခင်ဗျားတို့ကို မသင့်တော်တဲ့ တောင်းဆိုမှုတွေ လုပ်လာတဲ့ အခါ ခင်ဗျားတို့ ဘာလို့ ပြတ်ပြတ်သားသား မငြင်းဆန်ခဲ့တာလဲ။ သူ နားမထောင်ဘူး ဆိုရင်တောင် ခင်ဗျားတို့က အသေခံပြီး … အလုပ်ထွက်လိုက်လို့ ရတာပဲ။ အကုန်လုံးက ပညာတတ်တွေပဲ။ ထမင်းမစားရမှာ ကြောက်နေလို့လား။ ပြီးတော့ အိမ်ရှေ့စံက သဘောကောင်းပါတယ်။ အကြောင်းပြချက် မရှိဘဲ လုပ်မယ့်သူ မဟုတ်ပါဘူး”
ထိုစကားကို ကြားလိုက်ရချိန်တွင် သတင်းထောက်များမှာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားကြသည်။
ဖန်ကျန်းရီက ရင်ကွဲမတတ် နာကျင်စွာဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့ အကုန်လုံးက သတ္တိရှိတဲ့လူတွေလို့ ကျုပ် အစက ထင်ထားခဲ့တာ။ ခင်ဗျားတို့က ပြည်သူတွေ အသံထွက်နိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်နေပြီ။ အာဏာရှင်တွေကို မကြောက်ဘဲ ရဲရဲဝင့်ဝင့် လုပ်ရဲတာက ခင်ဗျားတို့ လုပ်သင့်တဲ့ အလုပ်ပဲ။ အခုကျတော့ ကျုပ်ကို ဒီလောက်တောင် စိတ်ပျက်အောင် လုပ်ရက်တယ်။
ခင်ဗျားတို့ ဘာကို ကြောက်နေတာလဲ။ တစ်ယောက်ယောက်က ခင်ဗျားတို့ကို နှိပ်စက်မှာ ကြောက်နေတာလား။ ကောင်းကင်ကြီး ပြိုကျလာရင်တောင် ကျုပ်ကိုယ်တိုင် ထောက်ထားပေးမယ်။
ခင်ဗျားတို့လို လူမျိုးတွေကများ စာမေးပွဲ ဝင်ဖြေချင်နေသေးတယ်။ ခင်ဗျားတို့ စာမေးပွဲ မဖြေတာပဲ ကောင်းမယ်လို့ ထင်တယ်။ နောက်ပိုင်းကျရင် အာဏာရှင်တွေနဲ့ ပူးပေါင်းပြီး မကောင်းမှုတွေ လုပ်နေမှာ စိုးလို့”
ဤနေရာသို့ ရောက်ချိန်တွင် ဖန်ကျန်းရီမှာ တကယ်ပင် အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သည်။
သူ့အနေဖြင့် သတင်းစာတိုက် အပေါ်တွင် တကယ်ကို စိတ်ကူးယဉ်ဆန်သော မျှော်လင့်ချက်များ ရှိနေခဲ့သည်။ နောက်ပိုင်းဖြစ်လာနိုင်မည့် အခြေအနေများကို ကြိုမြင်သည်ဆိုလျှင်တောင် ထိုသို့မျှော်လင့်မိ၏။
စံပြ တရားမျှတမှုများကို ဆုပ်ကိုင်ထားပြီး လက်တွေ့ ကွင်းဆင်း စုံစမ်းကြသော သတင်းထောက်များမှာ နှိပ်စက်မှု အမျိုးမျိုးကို ခံရပြီး ကောင်းမွန်သော အဆုံးသတ် မရခဲ့ကြချေ။ နောက်ဆုံးတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားကြပြီး သို့မဟုတ် အာဏာရှင်များ၏ အသံချဲ့စက်များ အဖြစ်သို့ ပြောင်းလဲသွားကြသည်။
ဤသို့ ပြင်းပြင်းထန်ထန် ဆူပူခံလိုက်ရသဖြင့် လူအတော်များများမှာ ချက်ချင်းပင် ချွေးပြန်လာကြပြီး အံကို တင်းကျပ်စွာ ကြိတ်ထားမိကြ၏။
အမှန်တရားက ထိုအတိုင်းပင် ဖြစ်သည်။ ပန်းရှန်း သတင်းစာတိုက်က အဓိကအားဖြင့် ပြည်သူများအတွက် အသံထွက်ပေးရန်နှင့် ပြဿနာ အမျိုးမျိုးကို ဖော်ပြရန် ဖြစ်သည်။
မူလက သန့်ရှင်းရေးအဖွဲ့၏ ပြဿနာကို ဖော်ပြရန် ရည်ရွယ်ထားသော်ငြား အိမ်ရှေ့စံက စကားတစ်ခွန်း ပြောလိုက်သည်နှင့် အားလုံးက ဘာမှ မစဉ်းစားတော့ဘဲ မဖော်ပြတော့ချေ။
မည်သူကမှ မပြောလျှင် ကိစ္စမရှိသော်ငြား ဖန်ကျန်းရီက ဤမျှလောက် ပြင်းပြင်းထန်ထန် ပြောလိုက်ချိန်တွင်တော့ လူတိုင်းကို ရှက်ရွံ့သွားစေခဲ့၏။
ရှန်ရီက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။ “အမတ်ဖန် … ကျုပ်တို့ မှားသွားပါတယ်။ ကျုပ်တို့ ဆင်ခြင် သုံးသပ်ပြီး မနက်ဖြန် သတင်းစာမှာ ဖော်ပြပါ့မယ်”
“ဆင်ခြင် သုံးသပ်မယ်”
ဖန်ကျန်းရီက အသံကို မြှင့်လိုက်၏။ “ဆင်ခြင် သုံးသပ်တာက ဘာအသုံးကျမှာလဲ။ ခင်ဗျားတို့က မှုခင်းရဲ့ မီးပွားလေးကို ငြှိမ်းသတ်နိုင်ခဲ့ရမှာ။ အခုတော့ မီးက တောက်လောင်နေပြီ။ ပြည်သူတွေကလည်း နစ်နာနေပြီ။ ဆင်ခြင် သုံးသပ်မယ်လို့ ပြောနေသေးတာလား။
အခု သတင်းစာမှာ ဖော်ပြပြီး ကုစားချင်တယ် ဆိုတာက နောက်ကျသွားပြီ။ နောက်ကျမှ ရောက်လာတဲ့ တရားမျှတမှု ဆိုတာ အီးပေါက်တာနဲ့ အတူတူပဲ။
ဒီနေ့က စပြီး နောက်လ ကုန်တဲ့အထိ တစ်ယောက်ကို တစ်နေ့ နှစ်နာရီ အချိန်ပို လုပ်ရမယ်။ လာမယ့် နှစ်လအတွက် ဆုကြေးငွေ မရှိတော့ဘူး။ ဪ … စာမေးပွဲ ဖြေမယ့် လူတွေကတော့ အချိန်ပို လုပ်စရာ မလိုဘူး”
သတင်းထောက် အားလုံးက သက်ပြင်းချလိုက်ကြပြီး တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြသည်။ “ကျေးဇူးတင်ပါတယ် အမတ်ဖန် ”
နောက်ထပ် ငွေနည်းနည်း ထပ်စုမိသွားပြန်ပြီ … ဖန်ကျန်းရီက တိတ်တဆိတ် ပြုံးလိုက်၏။
လူများ လူစုကွဲသွားချိန်တွင် ရှန်ရီက မထွက်သွားသေးဘဲ စက္ကူနှင့် စုတ်တံကို ကိုင်ကာ ဖန်ကျန်းရီ အနားသို့ ခြေလှမ်း အနည်းငယ် တိုးလာပြီး တိုးညင်းစွာ မေးလိုက်သည်။ “အမတ်ဖန် … အဲဒီ အမတ်ဖန် ရေးထားတဲ့ 'ဘုရင်မင်းမြတ်ထံ ဆက်သခြင်း - ကျွန်တော်မျိုး ဖြစ်ရခြင်း' ဆိုတဲ့ ဆောင်းပါးကို မနက်ဖြန် ထုတ်မလား၊ မထုတ်ဘူးလား … ဒါက အာဏာရှင်တွေကို မြှောက်ပင့်ပေးရာ ရောက်မလား…”
ဟင်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ဖန်ကျန်းရီမှာ ချက်ချင်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
ရှန်ရီကို ထူးဆန်းသော မျက်နှာဖြင့် ကြည့်နေပြီး မျက်နှာအရောင်က တစ်ချက် စိမ်းသွားလိုက်၊ တစ်ချက် ဖြူသွားလိုက် ဖြစ်နေတော့၏။
ခင်ဗျားက သောက်ကျိုးနည်း ပြဿနာ လာရှာတာ မဟုတ်လား။ ဒီနေရာမှာ ကျုပ်ကို လာပြီး အထွန့်တက်နေတာလား။
သို့သော်ငြား ရှန်ရီ၏ ရိုးသားသော မျက်လုံးများကို ကြည့်ရသည်မှာ မိမိအား သရော်နေသည့်ပုံ မပေါ်သဖြင့် ခြေတစ်ချက် ဆောင့်ကာ အံကြိတ်၍ ပြောလိုက်သည်။ “ထုတ်မယ်။ ဘာလို့ မထုတ်ရမှာလဲ။ အဲဒါက ကျုပ်ရဲ့ ကိုယ်ပိုင် ကဏ္ဍလေ။ ရင်ထဲက စစ်မှန်တဲ့ ခံစားချက်တွေကို ထုတ်ဖော်တာက အာဏာရှင်တွေကို မြှောက်ပင့်ပေးရာ ရောက်လို့လား။ ပြီးတော့ အဲဒါက ဘုရင်မင်းမြတ်လေ။ မြန်မြန် အလုပ် သွားလုပ်တော့။ ခင်ဗျားက စကား အများဆုံးပဲ။ ရှဲ့ရှန်းကို ကျုပ်ဆီ ခေါ်ခဲ့စမ်း”
ရှန်ရီက ပါးစပ်ကို အုပ်ကာ ထွက်ပြေးသွားပြီး မကြာမီမှာပင် ရှဲ့ရှန်းက အခန်းထဲသို့ ရောက်လာခဲ့၏။
“လောင်ရှဲ့ … နောက်နှစ်ရက်နေရင် ကျုပ် ဒီတစ်ခေါက် ကျင်းပမယ့် ခရိုင်အဆင့် စာမေးပွဲကို ကြီးကြပ်ရတော့မယ်။ ကျုပ်တို့ရဲ့ သတင်းထောက်တွေ ပြင်ဆင်ထားတာ ဘယ်လိုအခြေအနေ ရှိပြီလဲ”
ရှဲ့ရှန်းက အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးမှ ပြန်ဖြေလိုက်သည်။ “ပြင်ဆင်ထားတာ အတော်လေး ကောင်းပါတယ်…”
“ဟင်း”
ရှဲ့ရှန်းက အနေရခက်စွာ ပြုံးလိုက်၏။ “ဒါက … ကျုပ်တို့ ပြင်ဆင်ထားတဲ့ စာအုပ်ငယ်လေးတွေ အကုန်လုံးကို … အိမ်ရှေ့စံက အရှေ့နန်းဆောင်ကို သယ်သွားပြီ။ နောက်ထပ် တစ်သုတ်လောက် ထပ်ပြင်ဆင်ရအုံးမလား”
ချီးပဲ။
ဖန်ကျန်းရီ၏ မျက်နှာမှာ စူပုတ်သွားခဲ့သည်။
“ထားပါတော့။ ဒါတွေ အကုန်လုံးက ကံကြမ္မာပဲ။ သူတို့ကို စိတ်အေးအေးထားပြီး စာမေးပွဲ ဖြေဖို့ပဲ ပြောလိုက်ပါ။ စားသောက်ဆိုင်က အစားအသောက်တွေကို ပိုကောင်းအောင် လုပ်ပေးလိုက်။ စာမေးပွဲ မဖြေခင် တစ်ရက်အလို မှာ လိုအပ်တဲ့ ပစ္စည်းတွေကို ကြိုတင် ပြင်ဆင်ပေးထားလိုက်။ သူတို့ ကိုယ်တိုင် ပြင်ဆင်စရာ မလိုတော့ဘူးလို့”
ရှဲ့ရှန်းမှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ ပညာတတ်တွေကို စာမေးပွဲ ဝင်ဖြေဖို့ အခက်တွေ့အောင် လုပ်ရတာကို သူ လုံးဝ မနှစ်သက်ပါချေ။ ဘာပဲဖြစ်ဖြစ် ဒါက ဘဝ တစ်သက်တာလုံးနဲ့ ဆိုင်တဲ့ ကိစ္စကြီးလေ။
“သခင်လေး … သခင်လေးက သူတို့ကို အတင်း မဆွဲထားတော့ဘူးလား”
“ဆွဲထားရမှာပေါ့။ သတင်းစာတိုက်မှာ လူလိုနေတာ ဘာလို့ မဆွဲထားရမှာလဲ။ ဒါပေမဲ့ … အခုကစပြီး စေတနာကို စေတနာနဲ့ လဲလှယ်ရတော့မှာပဲ”