← Chapters

အခန်း ၃၄၄

Vol. 19 Ch. 344

အခန်း ၃၄၄

Vol. 19 Ch. 344

အပိုင်း (၃၄၄) အိမ်ရှေ့စံ အစာငတ်ခံ ဆန္ဒပြခြင်း။

ဖန်ကျန်းရီသည် ပန်းရှန်းရပ်ကွက်ထဲတွင် လီယွမ်ကျောက်၏ အရိပ်အယောင်ကို နှစ်ရက်ဆက်တိုက် မတွေ့ရချေ။ ထိုးနှက်ချက် ပြင်းထန်သွားပုံရကာ ပုန်းအောင်းနေပုံရသည်။

ဖန်ကျန်းရီကတော့ သိပ်ဂရုမစိုက်ပေ။ နှစ်ရက်လောက် အနားယူရသည်မှာ အတော်လေး အဆင်ပြေနေသည်။ ကိုယ့်ဘာသာ သွားပြီး ဆရာကြီးလုပ် ဆုံးမနေရမည်ဆိုလျှင် အဖေတစ်ယောက်လို ဖြစ်နေလိမ့်မည်မို့ ထိုကိစ္စမျိုးကို သူ မလုပ်ချင်ပေ။

ထို့အပြင် လူငယ်တွေဆိုသည်မှာ မေ့လွယ်တတ်ကြသည်။ နောက်ထပ် နှစ်ရက်လောက်နေလျှင် သက်သာသွားမည်ဖြစ်ရာ လောစရာ ဘာမှမရှိပေ။

ဤနှစ်ရက်အတွင်း သူ လုံးဝ အားလပ်နေသည်တော့ မဟုတ်ချေ။ ဤအချိန်လေးကို အခွင့်ကောင်းယူပြီး နိုင်ငံတော်စာမေးပွဲနှင့် ပတ်သက်သည့် ဗဟုသုတများကို အမြန်ဖြည့်ဆည်းလေ့လာကာ ရှောင်ထောင်ကိုလည်း အလုပ်အတွက် ကြိုတင်ပြင်ဆင်မှုတချို့ ကူညီလုပ်ဆောင်ပေးရန် စီစဉ်ခိုင်းထားခဲ့သည်။

အချိန်ကျမှ ကိုယ့်အရှက်ကိုယ်ခွဲသလို မဖြစ်ရအောင်ပင်။ ပညာတတ်ကြီးဟူသော ပုံရိပ်ကို အပျက်ခံ၍ မရပေ။ သို့မဟုတ်ပါက အခြားသူများ၏ အပြစ်ရှာခြင်းကို ခံရလျှင် မျက်နှာပျက်ရုံလောက်နှင့် ပြီးသွားမည် မဟုတ်ချေ။

ဗြောင်ကျကျတော့ မမေးရဲသောကြောင့် ညီလာခံပြီးချိန်တွင် တခြားသူများကို သွယ်ဝိုက်သောနည်းဖြင့်သာ မေးမြန်းရ၏။

ကံကောင်းထောက်မစွာဖြင့် အကျိုးအမြတ်အချို့ ရရှိခဲ့ပြီး လုပ်ငန်းစဉ်ကို အကြမ်းဖျင်း နားလည်သွားသောကြောင့် အချိန်ကျလာလျှင် ကြောက်လန့်စရာမလိုတော့ပေ။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုဖူးသော်လည်း နိုင်ငံတော်စာမေးပွဲနှင့် ယှဉ်လိုက်ချိန်မှာတော့ ဖုန်မှုန့်လေး လောက်သာ ရှိတော့သည်။

သူကိုယ်တိုင်က နိုင်ငံတော်စာမေးပွဲနှင့် ပတ်သက်ပြီး ဘာမှတ်ဉာဏ်မှ မရှိသလို ဤသို့‌သော စာမေးပွဲမျိုးကိုလည်း ဂရုမစိုက်ခဲ့ပေ။ ခရိုင်ဂိတ်တံခါးကို ပိတ်ထားပြီး အမြဲတမ်း ကိုယ့်ဘာသာကိုယ်သာ နေထိုင်ခဲ့၏။

တောက်ယွမ်ခရိုင်တွင် စာပေပညာရှင်များ ရှိသော်လည်း သူက အသေအချာ ပိတ်လှောင်ထားသောကြောင့် မည်သူမှ စာမေးပွဲဝင်ဖြေဖို့ မတွေးရဲကြပေ။

ယခု မျိုးဆက်သစ် အရွယ်ရောက်လာသော ကျောင်းသားများထဲတွင် ရှို့ချိုက်အဆင့် အောင်မြင်သူ တစ်ယောက်မှ မရှိတော့ချေ။ အပြောအဆို ကြမ်းတမ်းသူများသာ ရှိပြီး တကယ့်ကို အသုံးမကျပေ။

မြို့ဝန်ကိုယ်တိုင်က စာမတတ်သလို သူ့လက်အောက်က ပြည်သူတွေကလည်း စာမတတ်ကြသည်မှာ အလွန် ယုတ္တိတန်လှသည်။

မွန်းတည့်ချိန်မှာတော့ ကောင်းကင်ထက်တွင် တိမ်ဖြူများ အုပ်စုလိုက် ရှိနေပြီး လေပြည်လေညင်းများ တိုက်ခတ်နေ၏။

ဖန်အိမ်တော်ရှိ မိသားစုတစ်ခုလုံးသည် ခြံဝင်းထဲတွင် စုဝေးကာ နေ့လယ်စာ စားသုံးနေကြပြီး အစေခံများနှင့် အစောင့်များကလည်း စားပွဲကြီး အများအပြားကို ခင်းကျင်းထားကြသည်။

ဖန်ကျန်းရီ၏ စားပွဲဝိုင်းတွင် ရင်းနှီးသူများသာ ပါဝင်ပြီး သစ်ပင်ရိပ်အောက်တွင် ထိုင်နေကြ၏။

စားပွဲတိုင်းတွင် ဟင်းလျာများစွာကို ပြင်ဆင်ထားပြီး အသားဟင်းများကို အဓိကထား ပြင်ဆင်ထားသည်။

တောက်ယွမ်ခရိုင်က နို့နံ့သင်းနေသော ဝက်အချို့ကို ပို့ပေးလာသောကြောင့် မူလက ညဘက်မှ စားရန် ရည်ရွယ်ထားသော်လည်း လူတိုင်းက သွားရည်ကျနေကြသောကြောင့် နေ့လယ်ဘက်မှာပဲ အကုန် ချက်ပြုတ်လိုက်ရ၏။

မွှေးပျံ့သော အနံ့သည် လေပြည်နှင့်အတူ အဝေးသို့ လွင့်ပျံသွားကာ လမ်းပေါ်ရှိ လူအများအပြားကို နှာခေါင်းရှုံ့ စွဲမက်သွားစေသည်။

ဖန်ကျန်းရီက တူကို ပထမဆုံး စတင်ကိုင်လိုက်ပြီးနောက် လူတိုင်းက တပျော်တပါး စတင် စားသောက်ကြတော့၏။

ပျော်ရွှင်စွာ စားသောက်နေချိန်မှာတော့ ဖိတ်ခေါ်မထားသော ဧည့်သည်တစ်ယောက် ဝင်ရောက်လာခဲ့သည်။

ထိတ်လန့်တကြားဖြစ်နေသော ပုံရိပ်တစ်ခု ခြံဝင်းထဲတွင် ပေါ်လာပြီး အလျင်စလို ရောက်လာပုံရကာ ဆံပင်များပင် ဖရိုဖရဲ ဖြစ်နေ၏။

ဖန်ကျန်းရီက လာသူကိုမြင်တော့ ပြုံးလိုက်သည်။ “လျိုကျင်း … မင်း အရှေ့နန်းဆောင်မှာ မနေဘဲ ငါ့အိမ်ကို ဘာလာလုပ်တာလဲ။ အလကား လာစားတာလား”

လျိုကျင်းသည် စားပွဲပေါ်ရှိ အရသာရှိသော အစားအစာများကို ကြည့်ကာ တံတွေးမြိုချလိုက်ပြီး ခေါင်းလှည့်ကာ ကျယ်လောင်စွာဖြင့် ညည်းညူလိုက်၏။ “မြို့ဝန်ဖန် … ခင်ဗျား နောက်မနေပါနဲ့။ မြန်မြန်သွားပြီး အရှေ့နန်းဆောင်ကို သွားကြည့်ပါအုံး။ အိမ်ရှေ့စံက နှစ်ရက်တောင် ရေရော ထမင်းပါ မစားဘဲ အခန်းထဲကလည်း ထွက်မလာဘူး။ ဒါကို ဘယ်လိုလုပ်ရမလဲ။ သမားတော်ကို ခေါ်ပြတော့လည်း ရောဂါမရှိဘူးလို့ ပြောကြတယ်”

ဖန်ကျန်းရီက ထိုစကားကို ကြားလိုက်ရချိန်မှာတော့ မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

နှစ်ရက်တောင် ထမင်းမစားဘဲ နေသည်ဆိုသည်မှာ အိမ်ရှေ့စံ၏ စရိုက်အရ ထိုအခြေအနေအထိ မဖြစ်နိုင်ပေ။ စိတ်မကောင်းဖြစ်ရုံဖြင့် မိမိကိုယ်ကို အငတ်ထားမည် မဟုတ်ပေ။ တိတ်တဆိတ် စားပြီးလောက်ပြီ ဖြစ်မည်။

ထားလိုက်ပါတော့။ သူ့ကို ဂရုမစိုက်တော့ပေ။

ဖန်ကျန်းရီက မေးလိုက်၏။ “လျိုကျင်း … မင်း စားပြီးပြီလား၊ အတူတူ စားကြမလား”

လျိုကျင်းသည် ရယ်ရခက် ငိုရခက်ဖြစ်ကာ ပြောလိုက်သည်။ “မဝံ့ရဲပါဘူး။ မဝံ့ရဲပါဘူး။ မြို့ဝန်ဖန် … ခင်ဗျား အိမ်ရှေ့စံကို သွားကြည့်ပေးပါအုံး။ ကျုပ်က သူ အငတ်ခံရင်း ပြဿနာတစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်လို့ပါ”

ဖန်ကျန်းရီသည် ခဏမျှ သေချာစဉ်းစားပြီးမှ စကားဆိုလိုက်၏။

“အိမ်ရှေ့စံက ခံတွင်းမတွေ့ရုံပါ။ နန်းတော်ထဲက အစားအစာတွေကလည်း စားမကောင်းလို့ သူ မစားနိုင်တာ နေမှာပါ။ လာ … ခင်ဗျား ဒီဝက်လက်ကို အိမ်ရှေ့စံဆီ ယူသွားပြီး ကျုပ် ပေးလိုက်တာလို့ ပြောလိုက်။ ဒီဝက်လက်က အရမ်းကို အရသာရှိလို့ မစားဘဲ မနေနိုင်ဘူးလို့လည်း ပြောလိုက်အုံး”

လျိုကျင်းသည် စားပွဲပေါ်ရှိ ဆွဲဆောင်မှုရှိသော အရောင်အဆင်းရှိသည့် ဝက်လက်ကို ကြည့်ကာ နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။ “ဒါ … ဒါ အဆင်ပြေပါ့မလား။ မြို့ဝန်ဖန် … အိမ်ရှေ့စံက တကယ်ပဲ ဘာဖြစ်သွားတာလဲ။ ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင် သွားကြည့်တာ ပိုကောင်းမယ် ထင်တယ်”

ဖန်ကျန်းရီက ပြောလိုက်၏။ “ဟေး … အိမ်ရှေ့စံ ဘာမှမဖြစ်ပါဘူး။ အမြန်သွားပို့လိုက်စမ်းပါ။ အချိန်မဖြုန်းပါနဲ့။ လမ်းမှာ အေးသွားလို့ မဖြစ်ဘူးနော်”

ဖန်ကျန်းရီသည် ဝက်လက်ကို တူဖြင့် ထိုးပြလိုက်ရာ ရှောင်ထောင်သည် ချက်ချင်းထကာ ထမင်းချိုင့်ကို ယူ၍ ထည့်ပေးလိုက်ပြီး အခြားဟင်းလျာများကိုပါ တစ်ပါတည်း ထည့်ပေးလိုက်သည်။

လျိုကျင်း တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပဲ ထမင်းချိုင့်သည် သူ၏လက်ထဲသို့ ရောက်လာခဲ့၏။

ဖန်ကျန်းရီသည် ထရပ်ကာ စားပွဲပေါ်မှ ဖရဲစေ့နှင့် သစ်ကြားသီး တစ်ဆုပ်ကို ယူပြီး လျိုကျင်း၏ လက်မောင်းအင်္ကျီထဲသို့ ထည့်ပေးလိုက်ကာ လက်ကို ဝှေ့ယမ်းပြလိုက်သည်။ “သွားတော့”

လျိုကျင်း၏ မျက်နှာပေါ်ရှိ ကြွက်သားများ တဆတ်ဆတ် တုန်ခါသွား၏။

ခင်ဗျားက ဒါနဲ့ မိန်းမစိုးတစ်ယောက်ကို စမ်းသပ်နေတာလား။ ဘယ်မိန်းမစိုးက ဒီလိုစမ်းသပ်မှုကို ခံနိုင်ရည်ရှိမှာလဲ။ ကျုပ်ကို သုံးနှစ်သားအရွယ် ကလေးလို သဘောထားနေတာလား။

မူလက အိမ်ရှေ့စံ နှစ်ရက်တိုင်တိုင် ရေရော ထမင်းပါ မစားသဖြင့် ဖန်ကျန်းရီကို ဖိတ်ခေါ်ရန် စဉ်းစားထားခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်က ပုံမှန်အားဖြင့် အလွန်ရင်းနှီးသောကြောင့် တစ်ခွန်းပြောလိုက်ရုံဖြင့် သွားပေးလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဖန်ကျန်းရီက ဤမျှ ဂရုမစိုက်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

လျိုကျင်းသည် ချက်ချင်းပဲ အလောတကြီး ပြောလိုက်သည် “မြို့ဝန် … ဟင်းတွေ အရသာရှိနေလည်း အသုံးမဝင်ဘူး။ အိမ်ရှေ့စံ ဒီအတိုင်း ဆက်ဖြစ်နေရင် ပြဿနာကြီး တက်လာမှာကို စိုးရိမ်လို့ပါ။ သူ ဒီနှစ်ရက်လုံး စာတောင် မဖတ်တော့ဘူး”

စာဖတ်တယ် … အိမ်ရှေ့စံက စာဖတ်သေးတယ်လား။

ဖန်ကျန်းရီက သဘောကျစွာ ရယ်မောလိုက်၏။ “အိမ်ရှေ့စံက ပုံမှန်ဆို ဘာစာအုပ်တွေ ဖတ်လို့လဲ”

လျိုကျင်း၏ မျက်နှာသည် နီရဲသွားပြီး ဖန်ကျန်းရီ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

စားပွဲပေါ်ရှိ လူတိုင်းသည် ဖော်ပြ၍မရသော စာအုပ်အမည်အချို့ကို သဲ့သဲ့လေး ကြားလိုက်ရ၏။

ထိုစကားကို ကြားပြီးနောက် ဖန်ကျန်းရီသည် ချက်ချင်းပဲ လေးစားသွားတော့သည်။

ဒီလိုပျင်းစရာကောင်းတဲ့ အရာတွေကို နေ့တိုင်းဖတ်နိုင်တယ်ဆိုတာ တကယ့်ကို တော်တာပဲ။ အခု အဲလိုစာတောင် မဖတ်တော့ဘူးဆိုတော့ တကယ့်ကို ပြဿနာကြီး ပေါ်နေပြီဆိုတာ သိသာ၏။

ထို့ကြောင့် အလျင်အမြန် ပြောလိုက်သည်။ “ခဏစောင့် … ငါ အခုချက်ချင်း မင်းနဲ့ လိုက်ခဲ့မယ်”

ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီသည် အိမ်ထဲသို့ ပြေးဝင်သွားပြီး မကြာမီမှာပဲ အရာရှိဝတ်စုံကို လဲလှယ် ဝတ်ဆင်ကာ ခြံဝင်းထဲရှိ လူများကို မှာကြားလိုက်၏။ “မင်းတို့ စားကြတော့ … ငါ့ကို စောင့်မနေနဲ့တော့”

လျိုကျင်းသည် အလွန်ဝမ်းသာသွားပြီး လက်တစ်ဖက်က ထမင်းချိုင့်ကို ကိုင်ကာ အခြားလက်တစ်ဖက်က ဖန်ကျန်းရီ၏ လက်မောင်းအင်္ကျီကို ဆွဲလိုက်သည်။

အပြင်ရောက်မှ လျိုကျင်းက မြင်းကိုပါ အသင့်ပြင်ထားကြောင်း သိလိုက်ရ၏။

ဖန်ကျန်းရီက ပြောလိုက်သည်။ “သွားမယ် … အိမ်ရှေ့စံ ဒီနှစ်ရက်အတွင်း ဘာတွေလုပ်နေလဲဆိုတာ လမ်းကျမှ ငါ့ကို ပြောပြတော့”

All Chapters