← Chapters

အခန်း ၃၄၅

Vol. 19 Ch. 345

အခန်း ၃၄၅

Vol. 19 Ch. 345

အပိုင်း (၃၄၅) အိမ်ရှေ့စံက လက်မှုပညာရှင်လား။

လမ်းတွင် လျိုကျင်းသည် အိမ်ရှေ့စံ၏ နှစ်ရက်တာ လုပ်ဆောင်ချက်များကို အသေးစိတ် ပြောပြနေသည်။

ဖန်ကျန်းရီသည် နားထောင်နေရင်းနှင့် မသိမသာပဲ ချွေးစေးများ ထွက်လာတော့သည်။ လျိုကျင်း၏ ဖော်ပြချက်အရ လီယွမ်ကျောက်သည် ဤနှစ်ရက်အတွင်း ပြင်းထန်သော လှုပ်ရှားမှုများ မလုပ်ခဲ့သော်လည်း အလွန် ထူးဆန်းနေပုံရ၏။

တစ်ခါတစ်ရံတွင် တည်ငြိမ်နေတတ်ပြီး တစ်ခါတစ်ရံတွင် အံကြိတ်နေတတ်သည်။ အရေးအကြီးဆုံးမှာ သူ၏လက်ထဲတွင် နာမည်စာရင်းတစ်ခုကို ကိုင်ထားကာ အနီရောင်စုတ်တံဖြင့် ခြစ်ထုတ်နေလေ့ရှိခြင်းပင်။

ဤသည်မှာ သန့်ရှင်းရေးအဖွဲ့မှ လူများကို သတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိနေကြောင်း သိသာထင်ရှားသည်။

သူ၏ တိုက်တွန်းချက်များက အိမ်ရှေ့စံ၏ ဒေါသကို မပြေပျောက်စေနိုင်သေးကြောင်း ထင်ရှားပြီး လက်အောက်ငယ်သားများ၏ သစ္စာဖောက်မှုက အိမ်ရှေ့စံအပေါ် အမှန်တကယ်ပဲ သက်ရောက်မှု ကြီးမားခဲ့၏။

တစ်နေ့နေ့ အိမ်ရှေ့စံသာ အမှောင်ဘက်ကို ကူးပြောင်းသွားလျှင် ဒုက္ခရောက်တော့မည် မဟုတ်လား။

အချို့ကိစ္စများသည် လုပ်ရလွယ်ကူပြီး စွဲလမ်းသွားရန် အလွန်လွယ်ကူသည်။ ဥပမာအားဖြင့် လူသတ်ခြင်းမျိုးပင် …

ပြဿနာရှိလျှင် ပြဿနာဖန်တီးသူကို ဖြေရှင်းလိုက်ရုံဖြင့် အဆင်ပြေသွားမည်။

အမှန်တကယ် ရိုးရှင်းသော်လည်း ဤသည်မှာ ပြဿနာကို ဖြေရှင်းရန် နည်းလမ်း မဟုတ်ကြောင်း သိသာ ထင်ရှားသည်။

သူတို့နှစ်ယောက်သည် မြင်းကို အပြင်းနှင်ကာ အရှေ့နန်းဆောင်သို့ အလျင်အမြန် ရောက်ရှိလာခဲ့ပြီး ထိုအချိန်တွင် လီယွမ်ကျောက်မှာ အိပ်ဆောင်ထဲ၌ ရှိနေဆဲဖြစ်၏။

လျိုကျင်းက အသံကျယ်ကျယ်ဖြင့် အသိပေးရန် ပြင်လိုက်သော်လည်း ဖန်ကျန်းရီက သူ၏ပါးစပ်ကို ပိတ်လိုက်သည်။

တံခါးကို သော့ခတ်မထားပေ။ ဖန်ကျန်းရီသည် တံခါးကို တိတ်တဆိတ် တွန်းဖွင့်လိုက်ရာ တံခါးဟသွား၏။

ဘယ်ညာကို တစ်ချက်ကြည့်လိုက်သော်လည်း လီယွမ်ကျောက်၏ အရိပ်အယောင်ကို မတွေ့ရသောကြောင့် ထပ်၍ ဖြည်းညင်းစွာ တွန်းဖွင့်လိုက်သည်။

ယခုတစ်ကြိမ်တွင် အမြင်အာရုံမှာ ပိုမိုကျယ်ပြန့်သွားပြီး ထပ်မံကြည့်ရှုလိုက်ချိန်မှာတော့ ကုတင်ပေါ်တွင် ဖောင်းကြွနေသော အရာတစ်ခုကို တွေ့လိုက်ရပြီး လှုပ်ရှားနေ၏။

ဖန်ကျန်းရီသည် မျက်လုံးပြူးသွားပြီး ချက်ချင်းပဲ ဒေါသထွက်သွားသည်။

ငါကတော့ မင်းကို စိုးရိမ်နေတာ … မင်းက နေ့ခင်းကြောင်တောင်ကြီး တံခါးတောင် မပိတ်ဘဲ အခန်းထဲမှာ တစ်ယောက်တည်း ဖျော်ဖြေနေတယ်ပေါ့လေ။ မိန်းမရထားတာတောင် လက်မှုပညာကို မစွန့်လွှတ် နိုင်သေးဘူးလား။ ဒီကောင်တော့ ကယ်လို့မရတော့ဘူးပဲ။

ဟင့်အင်း … မဟုတ်သေးဘူး။ မိန်းမရထားရင်တောင် လက်မှုပညာကို မစွန့်လွှတ်နိုင်တာက … ဒါက ပုံမှန်အခြေအနေပဲ။

ဖန်ကျန်းရီသည် တံခါးကို တွန်းဖွင့်ပြီး ဝင်သွားရန် စဉ်းစားလိုက်သော်လည်း အသံကျယ်သွားလျှင် တစ်ဖက်လူ လန့်သွားမည်ကို စိုးရိမ်သွားသည်။ အပြစ်က ကြီးမားလှသည် မဟုတ်ပါလား။

ထို့နောက် သူ၏ဘေးရှိ လျိုကျင်းကို လက်ဖြင့် ထိုးလိုက်ရာ လျိုကျင်းက သဘောပေါက်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “အိမ်ရှေ့စံ … မြို့ဝန်ဖန် ရောက်နေပါတယ်”

ထို့နောက် အတွင်းမှ အသံများ ထွက်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် လီယွမ်ကျောက်သည် အဖြူရောင် အတွင်းခံအင်္ကျီကို ဝတ်ဆင်ကာ တံခါးကို ဖွင့်လိုက်၏။

သူ၏တစ်ကိုယ်လုံးသည် အားအင်ကုန်ခမ်းနေပုံရသည်။ “အိုး … ဖန်ကြီး ရောက်လာတာလား။ ဝင်လာခဲ့လေ”

ဖန်ကျန်းရီသည် မသိသာသော အနံ့များကို ရှူရှိုက်မိမည်ကို စိုးရိမ်၍ အသက်အောင့်ထားလိုက်၏။

ထို့နောက် ကုလားထိုင်ပေါ်တွင် ဖြည်းညင်းစွာ ထိုင်ပြီး မေးလိုက်သည်။ “ခင်ဗျား ဘာဖြစ်လို့လဲ၊ ကြည့်ရတာ စိတ်မကြည်လင်သလိုပဲ”

လီယွမ်ကျောက်က နှစ်ကြိမ်မျှ ချောင်းဆိုးလိုက်၏။

“အဟွတ် … အဟွတ် … ဒီနှစ်ရက် ကောင်းကောင်း မအိပ်ရဘူး။ ကျုပ် အအေးမိသွားတာ ဖြစ်ရမယ် … ခင်ဗျား ကူးသွားမှာစိုးလို့ ခပ်ဝေးဝေးမှာ နေပါ။ ဒီမနက်ထတော့ ခေါင်းတော်တော် ကိုက်နေတယ်။ ခုနက ကျုပ် ကုတင်ပေါ်မှာ စာနည်းနည်း ရေးနေတာပါ”

ဖန်ကျန်းရီသည် ကုတင်ပေါ်သို့ လှမ်းကြည့်လိုက်ရာ ခေါင်းအုံးဘေးတွင် သတင်းစာအချို့ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပဲ သက်ပြင်းချလိုက်မိသည်။ အသက်ရှူရတာ ပိုကောင်းသွားသည်။

စာရေးနေတာပဲ … ဒါမျိုး လုပ်နေတာ မဟုတ်ဘူးကိုး။

သူက မေးလိုက်သည်။ “ခင်ဗျား ဘာတွေရေးနေတာလဲ။ ကျုပ် ကြည့်လို့ ရမလား”

လီယွမ်ကျောက်က ခေါင်းညိတ်ပြပြီး ကုတင်ဘေးသို့ သွားကာ သတင်းစာအချို့ကို ယူလာခဲ့ရာ ထိုအထဲတွင် နာမည်စာရင်းတစ်ခုလည်း ပါဝင်နေသည်။

ဖန်ကျန်းရီက ယူ၍ ခေါင်းငုံ့ကြည့်လိုက်ရာ သန့်ရှင်းရေးအဖွဲ့နှင့် ပတ်သက်သည့် သတင်းများစွာကို ခြစ်ထုတ်ကာ ဝိုင်းထားသည်ကို တွေ့လိုက်ရ၏။

နာမည်စာရင်းပေါ်တွင် အနီရောင်ကြက်ခြေခတ် ခတ်ထားသော ရင်းနှီးသည့် နာမည်အချို့ကိုလည်း တွေ့လိုက်ရသည်။ ၎င်းတို့ထဲတွင် တပ်မှူးဝမ်လည်း ပါဝင်သည်။

ဖန်ကျန်းရီ၏ မျက်မှောင်များ တဖြည်းဖြည်း တွန့်ကွေးသွားပြီး မေးလိုက်၏။ “ဘာသဘောလဲ။ ဒီနာမည်စာရင်းထဲက ကြက်ခြေခတ်ထားတဲ့ လူတွေကို သတ်ချင်လို့လား”

လီယွမ်ကျောက်က မဖြေဘဲ သက်ပြင်းရှိုက်ကာ သတင်းစာကို လက်ညိုးထိုးပြလိုက်သည်။ “ခင်ဗျား ကြည့်လေ … ဒါက သန့်ရှင်းရေးအဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းတွေပဲ။ အကုန်လုံးက လူကောင်းတွေနဲ့ ကောင်းတဲ့ကိစ္စတွေချည်းပဲ။ ဒီကောင်တွေက အပေါ်ယံမှာ ကောင်းတဲ့ကိစ္စတွေ လုပ်နေပေမဲ့ တကယ့် တကယ်ကျတော့ ကုန်သည်တွေဆီကနေ ငွေညှစ်နေကြတာပဲ။

ကျုပ်ရှေ့မှာ လူလိုလုပ်ပြီး ကွယ်ရာမှာ သရဲလိုလုပ်နေတဲ့သူက ဘယ်သူလဲဆိုတာ ကျုပ် ကြည့်ချင်သေးတယ်။ ရှာတွေ့ထားတဲ့ ဒီလူတွေကိုတော့ … ကျုပ် သတ်ပစ်ချင်တယ်။ ဒါပေမဲ့ ခင်ဗျားပြောသလို ဒီကိစ္စက ကျုပ်ကြောင့် ဖြစ်လာတာဆိုတော့ ကျုပ် ကိုယ့်ကိုယ်ကိုယ် သတ်သေလို့မှ မရတာ” စကားပြောနေစဉ် လီယွမ်ကျောက်၏ မျက်နှာတွင် အကူအညီမဲ့နေသည့် အမူအရာအချို့ ပေါ်လာ၏။

ထိုအခြေအနေကို မြင်မှ ဖန်ကျန်းရီသည် လုံးဝ စိတ်အေးသွားသည်။

ကြည့်ရသည်မှာ သူ အထင်လွဲသွားပုံရပြီး အိမ်ရှေ့စံသည် ဆင်ခြင်တုံတရား လုံးဝ ပျောက်ဆုံးသွားခြင်း မရှိသေးပေ။

သူက မေးလိုက်၏။ “ဒါဆို … အောက်ကလူတွေကို ဘယ်လိုအပြစ်ပေးရမလဲဆိုတာ ဒီနှစ်ရက်အတွင်း ခင်ဗျား သေချာစဉ်းစားပြီးပြီလား။ နောက်ပြီး နစ်နာသွားတဲ့ ပြည်သူတွေကိုကော ဘယ်လိုလုပ်မှာလဲ”

လီယွမ်ကျောက်က သက်ပြင်းချလိုက်သည်။ “ကျုပ် အဲဒီကောင်တွေကို တကယ် သတ်ပစ်ချင်တာ။ ကျုပ်နဲ့ အတူတူ သောက်စားပြီးတော့ ကွယ်ရာမှာ ကျုပ်ကို ဒီလိုလုပ်ရက်တယ်ဆိုတာ တကယ့်ကို ရွံစရာကောင်းတယ်။ နောက်ပြီး သူတို့ကလည်း ပြည်သူတွေပဲလေ။ ဘာလို့ သူများတွေကို ဒီလို အခက်တွေ့အောင် လုပ်ရတာလဲ”

ဖန်ကျန်းရီက ပြောလိုက်၏။ “ဒီလိုကိစ္စတွေက အသားကျသွားရင် အဆင်ပြေသွားမှာပါ။ ကျေးကျွန်တစ်ယောက်က သခင်ဖြစ်လာရင် မူလသခင်ထက် ပိုပြီး ရက်စက်တတ်ကြတယ်။ ခင်ဗျား လက်အောက်က သန့်ရှင်းရေးအဖွဲ့က ခင်ဗျားဆိုတဲ့ တောင်ကြီးကို အားကိုးထားတော့ အောက်ခြေကို ဘယ်လိုလုပ်ပြီး အနိုင်မကျင့်ဘဲ နေမှာလဲ။ ဒါက လူ့သဘာဝပဲလေ။

လူသတ်တာက နည်းလမ်းကောင်းတစ်ခုလို့ ကျုပ် မထင်ဘူး။ အဲဒီလူတွေက ခင်ဗျားကို လှည့်စားပြီး ၊ ခင်ဗျားရဲ့ နာမည်ကို အသုံးချပြီးတော့ ကုန်သည်တွေဆီကနေ ငွေညှစ်ခဲ့တာဆိုတော့ ခင်ဗျားက သူတို့ကို တရားဝင် သတ်ပစ်လို့ ရတာမှန်ပါတယ်။

ဒါပေမဲ့ နောက်တစ်ဖက်ကနေ စဉ်းစားကြည့်ရင် အမိန့်တော်တော်များများက ခင်ဗျားကိုယ်တိုင် တစ်ချက်ချင်းစီ ခွင့်ပြုပေးခဲ့တာလေ။ သူတို့က ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင် လုပ်နေရုံပါပဲ။ ခင်ဗျား ဘယ်လိုထင်လဲ”

လီယွမ်ကျောက်က မကျေမနပ် ဖြစ်သွားပြီး အေးစက်စွာ ရယ်မောလိုက်သည်။ “သူတို့က တာဝန်ကျေပွန်အောင် လုပ်နေတာလား။ သူတို့က ကျုပ်ကို အသုံးချခဲ့တာ။ ကျုပ် သူတို့ကို သတ်ပစ်တော့ရော ဘာဖြစ်လဲ။ သူတို့က ပုန်ကန်ချင်လို့လား။

ဖန်ကြီး … ခင်ဗျား အရမ်း ကြောက်ရွံ့နေတာ မဟုတ်ဘူးလား။ အရင်တုန်းက ခင်ဗျား လူငါးဆယ်ကျော်ကို အဆိပ်ခတ်သတ်တုန်းက ဒီလောက် တွေဝေနေတာ မတွေ့ပါဘူး”

ထိုစကားကို ကြားလိုက်ရချိန်မှာတော့ ဖန်ကျန်းရီသည် အံကိုကြိတ်လိုက်ရာ ဂလောက် ဟူသော အသံပင် မြည်သွားသည်။

မေ့လို့မရတော့ဘူးပေါ့။ ဒီကိစ္စကို မေ့လို့မရတော့ဘူးပေါ့လေ။

All Chapters