အခန်း ၃၄၆
Vol. 19 Ch. 346
အပိုင်း (၃၄၆) စိတ်ခွန်အားပေး ဆရာကြီး လက်စွမ်းပြခြင်း။
ဖန်ကျန်းရီက အမှားပြင်ပေးလိုက်သည်။ “အဟွတ် … ကျုပ်လုပ်ခဲ့တာက ကြီးမြတ်တဲ့ သိပ္ပံစမ်းသပ်မှုတစ်ခုပါ။ လူသားတွေရဲ့ ကောင်းကျိုးအတွက် လုပ်ခဲ့တာဆိုတာကို သမိုင်းရေးဆရာတွေကို ပြောပြဖို့ မှတ်ထားပါ”
လီယွမ်ကျောက်က သူ့ကို စွေကြည့်ကာ မထီမဲ့မြင်ဖြင့် နှုတ်ခမ်းမဲ့လိုက်၏။
“ခင်ဗျား သူတို့ကို တကယ်သတ်မိရင် ဘာဖြစ်လာမလဲဆိုတာ စဉ်းစားဖူးလား” ဖန်ကျန်းရီ မေးလိုက်သည်။
လီယွမ်ကျောက်က မျက်နှာသေဖြင့် ပြောလိုက်၏။ “သေချာပေါက် ပြည်သူတွေက လက်ခုပ်တီးပြီး အားပေးကြမှာပေါ့”
ဖန်ကျန်းရီက ငြင်းဆိုလိုက်သည်။ “မှားတယ်။ အရမ်းနည်းပါးတဲ့ ပြည်သူတွေလောက်ပဲ လက်ခုပ်တီး အားပေးကြလိမ့်မယ်။ သူတို့ရဲ့ ငွေညှစ်မှုကို ခံရတာက ကုန်သည်နဲ့ ဈေးသည် အနည်းစုလေးပါ။ ပြည်သူ အများစုက သန့်ရှင်းရေးအဖွဲ့အပေါ် အမြင်ကောင်းရှိနေတုန်းပဲ။ သူတို့ကို ရုတ်တရက်ကြီး သတ်ပစ်လိုက်ရင် ပြည်သူတွေ မကျေမနပ်ဖြစ်ပြီး ခင်ဗျား နာမည်ပျက်သွားလိမ့်မယ်။ ဒါက ဘယ်သူမှ မမြင်ချင်တဲ့ အရာပဲ။
နောက်ပြီးတော့ အဲဒီလူတွေက သတ်ပစ်ရလောက်တဲ့အထိ အပြစ်မကြီးဘူး။ အများဆုံး အပြစ်ပေးပြီး သန့်ရှင်းရေးအဖွဲ့ကနေ ထုတ်ပစ်လိုက်ရုံပါပဲ။ လူသတ်တယ်ဆိုတာက နောက်ဆုံးမှ မလွှဲသာမရှောင်သာ သုံးရတဲ့ နည်းလမ်းပါ။ ရုတ်တရက် လူသတ်လိုက်ရင် လူတွေ လက်ခံနိုင်မှာ မဟုတ်ဘူး”
လီယွမ်ကျောက်က ထပ်မံ၍ သက်ပြင်းချလိုက်ပြန်၏။ “သိပါပြီ ဖန်ကြီးရယ် … ကျုပ်က ဒေါသထွက်လို့ ပြောလိုက်ရုံပါ။ ခင်ဗျား အခုပုံစံက အရင် ချန်ရှီရုံးတော်က ဆရာတွေနဲ့ အရမ်းတူနေတယ်”
ဖန်ကျန်းရီသည် နှုတ်ခမ်းသပ်လိုက်ပြီး မနေနိုင်ဘဲ မေးစေ့ကို ပွတ်သပ်လိုက်မိသည်။
ဟုတ်လို့လား။ ဖခင်တစ်ယောက်လို ဖြစ်နေပြီလား။
ဖန်ကျန်းရီက ချောင်းဟန့်လိုက်၏။ “အဟွတ် … ခင်ဗျား သန့်ရှင်းရေးအဖွဲ့ကို သေချာ ကိုင်တွယ်ဖြေရှင်းလိုက်ရင် ရပါပြီ။ ကျုပ် အများကြီး ဝင်မပါတော့ပါဘူး။ ကျန်တာတွေကိုကော ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ”
လီယွမ်ကျောက်သည် ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ “ကျုပ် အရင်က စီမံခန့်ခွဲမှု နည်းလမ်းတွေကို ဖျက်သိမ်းပြီး အရာအားလုံးကို နဂိုအတိုင်း ပြန်ထားဖို့ စီစဉ်ထားတယ်။ နစ်နာသွားတဲ့ ကုန်သည်တွေကို ကျုပ်ကိုယ်တိုင် ငွေလျော်ပေးပြီး သတင်းစာထဲမှာ တောင်းပန်စာ ထည့်မယ် … ခင်ဗျား ဘယ်လိုမြင်လဲ”
ဖန်ကျန်းရီက ချက်ချင်း ခေါင်းခါပြလိုက်၏။ “နဂိုအတိုင်း ပြန်ထားလို့ ရပေမဲ့ လုံးဝ တောင်းပန်တာတို့၊ လျော်ကြေးပေးတာတို့ မလုပ်ရဘူး။ ခင်ဗျားက နန်းတော်ကို ကိုယ်စားပြုနေတာလေ။ နန်းတော်က ဘယ်လိုလုပ်ပြီး အမှားလုပ်မှာလဲ။ နန်းတော်က အမြဲတမ်း ပညာရှိတယ်။ အမှားလုပ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ တောင်းပန်တယ်ဆိုတာ ပိုပြီးတော့တောင် မဖြစ်နိုင်သေးတယ်”
လီယွမ်ကျောက်က ချက်ချင်း ပြန်လည်ချေပလိုက်သည်။ “ဖန်ကြီး … ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ။ နန်းတော် အမှားလုပ်တာ နည်းလို့လား။ သမိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ အမိန့်စာ ထုတ်ပြန်ခဲ့တဲ့ ဘုရင်တွေ နည်းလို့လား”
ဖန်ကျန်းရီက ရှင်းပြလိုက်၏။ “သေချာပေါက် မနည်းပါဘူး။ ဒါပေမဲ့ နန်းတော်က အမှားဝန်ခံတာကို ခင်ဗျား မြင်ဖူးလို့လား။ သမိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ အမိန့်စာထုတ်တဲ့ ဘုရင်တွေ ရှိတာ မှန်ပေမဲ့ အဲဒါက နည်းဗျူဟာတစ်ခု သတ်သတ်ပါပဲ။
ပြည်သူတွေက အမေ့လွယ်ဆုံးပဲ။ ကိစ္စတွေကို သေချာဖြေရှင်းပြီးလို့ ပြည်သူတွေ မေ့သွားတဲ့အချိန်ရောက်မှ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ အမိန့်စာကို ထုတ်ရတာ။ အဲဒီအချိန်ကျရင် ပြည်သူတွေက ဘုရင်ကို ကျေးဇူးတင်ကြလိမ့်မယ်။ အဲဒါကမှ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ အမိန့်စာရဲ့ ရည်ရွယ်ချက်ပဲ။
အခု ခင်ဗျားက ကိစ္စတွေ မဖြေရှင်းရသေးဘဲ ကြိုပြီး အမှားဝန်ခံမယ်ဆိုရင် တခြားသူတွေက ခင်ဗျားကို ဘယ်လိုမြင်မလဲ။ အားလုံးက ခင်ဗျားကို အရူးအိမ်ရှေ့စံ၊ ပြည်သူတွေကို ဒုက္ခပေးနေတယ်လို့ ပြောကြလိမ့်မယ်။ အရှင်မင်းကြီး ရှေ့ကို ရောက်သွားရင်လည်း မင်းကြီး မျက်နှာပျက်ရလိမ့်မယ်”
လီယွမ်ကျောက်သည် မျက်လုံးပြူးသွားကာ ဒေါသတကြီး ပြောလိုက်သည်။ “ဆဲရင်လည်း ခံလိုက်မှာပေါ့။ ကျုပ် အမှားလုပ်ရင် ကျုပ် ဝန်ခံရမှာပဲ။ ခမည်းတော်နဲ့ ဘာဆိုင်လို့လဲ။ ဖန်ကြီး … ခင်ဗျားက ဉာဏ်နီဉာဏ်နက် အရမ်းများတာပဲ။ ကျုပ်က ခင်ဗျားလောက် အရှက်မမဲ့ဘူး”
ဖန်ကျန်းရီသည် ဒေါသထွက်လွန်း၍ နှာခေါင်းမှ မီးခိုးထွက်မတတ် ဖြစ်သွား၏။
ငါက အရှက်မမဲ့ဘူး … ငါ ဘယ်သူ့အတွက် လုပ်ပေးနေတာလဲ။ ကျေးဇူးကန်းတဲ့ကောင် …
လီယွမ်ကျောက်က ဆက်လက်၍ ပြောနေဆဲပင်။ “အိုး … ခုနကတော့ ခင်ဗျားက ကျုပ် လူသတ်ရင် ပြည်သူတွေ မကျေမနပ်ဖြစ်မှာကို ကြောက်နေတယ်ဆို။ အခု အမှားလုပ်ပြီး ဝန်မခံရင်ကျ ပြည်သူတွေ မကျေမနပ် မဖြစ်တော့ဘူးလား”
ဖန်ကျန်းရီက ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။ “သေချာပေါက် မဖြစ်ဘူး။ ကျုပ် ခုနကလည်း ခင်ဗျားကို ပြောခဲ့တယ်လေ။ ပြည်သူတွေက အမေ့လွယ်ဆုံးပဲ။ သူတို့ ပိုင်ဆိုင်ထားတဲ့ အရာတွေကို ယူသွားပြီး အချိန်အတိုင်းအတာ တစ်ခုရောက်မှ ပြန်ပေးလိုက်။ အဲဒီအချိန်ကျရင် သူတို့က ခင်ဗျားကို စေသနာရှင်လို့ ထင်သွားလိမ့်မယ်။ ဒါတွေ အားလုံးက ခင်ဗျား ပေးသနားတာလို့ ထင်ပြီး သူတို့က မုန်းတီးဖို့နေနေသာသာ ခင်ဗျားကိုတောင် ကျေးဇူးတင်နေကြအုံးမှာ။”
ထိုစကားကို ကြားသောအခါ လီယွမ်ကျောက်၏ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားကာ ရှုပ်ထွေးနေသောအမူအရာဖြင့် ပြောလိုက်၏။ “ဖန်ကြီး … ခင်ဗျား တကယ် အရှက်မရှိတာပဲ။ ကျုပ်ကတော့ ဒီလိုကိစ္စမျိုး မလုပ်နိုင်ဘူး”
ဖန်ကျန်းရီက မကျေမနပ် မျက်နှာထားဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ နန်းတော်က အမြဲတမ်း ဒီလိုပဲ လုပ်နေတာလေ။ နန်းတော်က ရတဲ့ငွေကို ခင်ဗျား တစ်ပြားလေးတောင် လျှော့သုံးဖူးလို့လား။
ဒါက နည်းလမ်းပဲ။ အရှက်ရှိခြင်း၊ မရှိခြင်းဆိုတာ မရှိဘူး။ ကောင်းတဲ့နေရာမှာ သုံးရင် ကောင်းပြီး ဆိုးတဲ့နေရာမှာ သုံးရင် ဆိုးတာပဲ။
ကျုပ်တို့ လိုချင်တာက အကောင်းဆုံး ရလဒ်လေ။ ဖြောင့်ဖြောင့်တန်းတန်း လုပ်တာက စိတ်သက်သာရာ ရစေပေမဲ့ ခင်ဗျား တောင်းပန်လိုက်ရင် ပြည်သူတွေနဲ့ နန်းတွင်းအမတ်တွေက ခင်ဗျားအပေါ် ယုံကြည်မှု ပျောက်ဆုံး သွားလိမ့်မယ်။ နောက်ပိုင်းကိစ္စတွေ လုပ်တဲ့အခါ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အတားအဆီးတွေက ပိုများလာလိမ့်မယ်။ ဒီကိစ္စမှာ ခင်ဗျားက သန့်ရှင်းရေးအဖွဲ့ဝင်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ၊ တရားမျှတမှုရှိရှိ အပြစ်ပေးလိုက်ရင် ရပါပြီ။ ကျန်တာတွေကို အများကြီး လုပ်နေစရာ မလိုဘူး”
လီယွမ်ကျောက်သည် ခေါင်းငုံ့ကာ တွေးတောနေပြီး ဖန်ကျန်းရီကလည်း ဝင်ရောက် မနှောင့်ယှက်တော့ပေ။
ခဏအကြာမှသာ သူက ခေါင်းမော့လာကာ ပြောလိုက်သည်။ “ခင်ဗျား … ပြောတာ ယုတ္တိရှိပါတယ်။ ဒါပေမဲ့ နစ်နာသွားတဲ့ ပြည်သူတွေကို ကျုပ် ငွေမလျော်ပေးလို့ တကယ်မရဘူးလား”
“သေချာပေါက် မရဘူး။ ခင်ဗျားသာ ဒီလမ်းကြောင်းကို ဖွင့်ပေးလိုက်ရင် နောက်ဆို အဆုံးသတ်နိုင်တော့မှာ မဟုတ်ဘူး။ ပြည်သူတွေက ကျရှုံးမှုတိုင်းရဲ့ အကြောင်းရင်းကို နန်းတော်အပေါ် ပုံချချင်ကြမှာပဲ။
အဲဒီအချိန်ကျရင် ခင်ဗျားက တစ်ယောက်ချင်းစီကို လိုက်လျော်ပေးနေမှာလား။ လျော်ပေးဖို့ ငွေဘယ်လောက်တောင် လိုအပ်မှာလဲ။ မလျော်ပေးရင်လည်း ခင်ဗျားရဲ့ နာမည်ဂုဏ်သတင်းက ထိခိုက်အုံးမှာပဲ။ ဒါကြောင့် လုံးဝကို လျော်ပေးလို့ မရဘူး”
လီယွမ်ကျောက်သည် သိသာစွာပဲ စိတ်ဓာတ်ကျစွာ ပြောလိုက်၏။ “ဒါဆို … အရာအားလုံးက ကျုပ်ကြောင့် ဖြစ်လာတာ။ လူတိုင်းရဲ့ဆုံးရှုံးမှုက ကျုပ်ကြောင့် ဖြစ်လာတာဆိုတော့ ကျုပ် နည်းနည်းလေးတောင် ပြန်လည်ပေးဆပ်ခွင့် မရှိဘူးပေါ့။ ဟုတ်လား”
ဖန်ကျန်းရီသည် တဖြည်းဖြည်း လေးနက်လာသည်။ “ဟုတ်တယ်။ အမှားလုပ်ရင် အမှားပဲ။ တချို့အမှားတွေက ပြန်လည်ပြင်ဆင်လို့ မရဘူး။ ခင်ဗျားက မွန်မြတ်တဲ့ အိမ်ရှေ့စံပဲ။ ခင်ဗျားရဲ့ အမှားတစ်ခုက လူများစွာကို သေစေနိုင်တယ်။ ခင်ဗျား ခွင့်ပြုပေးလိုက်တဲ့ အမိန့်တစ်ခုစီတိုင်းက မရေမတွက်နိုင်တဲ့ လူတွေရဲ့ ကံကြမ္မာကို ပြောင်းလဲစေနိုင်တယ်။ ပြီးတော့ နောင်တရစရာ ဆေးဆိုတာ မရှိဘူး”
လီယွမ်ကျောက်သည် ခေါင်းငုံ့ကာ တံတွေးကို အဆက်မပြတ် မြိုချနေပြီး ကြည့်ရသည်မှာ အလွန် ခံစားနေရပုံရ၏ ။
ဖန်ကျန်းရီ၏ လေသံသည်လည်း အလိုအလျောက် နူးညံ့သွားခဲ့သည်။ “ဒါပေမဲ့ လူတိုင်းက အမှားတွေထဲကနေ ကြီးပြင်းလာကြတာပဲ။ ကျုပ်လည်း ဒီလိုပဲ။ လောကက လူတိုင်းလည်း ဒီလိုချည်းပါပဲ … ခင်ဗျား စိတ်ဓာတ်ကျစရာ မလိုပါဘူး။ သင်ခန်းစာ ရသွားတာက ကောင်းတဲ့ကိစ္စပါပဲ။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့မှာ ရွှေလက်ချောင်းတွေမှ မရှိတာ။ အမှားဆိုတာ အမြဲတမ်း လုပ်မိတတ်ကြတာပါပဲ”
လီယွမ်ကျောက်သည် ခေါင်းမော့လာရာ မျက်လုံးထဲတွင် မျက်ရည်များ ဝဲနေပြီး တိုးတိတ်စွာ မေးလိုက်၏။ “ရွှေလက်ချောင်းဆိုတာ ဘာကြီးလဲ”
“အာ … အဲဒါကို လူတွေကို အလွန်ပျော်ရွှင်စေနိုင်တဲ့ အရာတစ်ခုလို့ သဘောထားလိုက်ပါ။ ဒါက တင်စားချက် သတ်သတ်ပါ”
သူ ဝမ်းနည်းနေပုံကို မြင်သောအခါ ဖန်ကျန်းရီသည် မျက်လှည့်ပြသလို လက်မောင်းအင်္ကျီထဲမှ နာမည်စာရင်း တစ်ခုကို ထုတ်ကာ ကမ်းပေးလိုက်သည်။
“အခက်အခဲနဲ့ ကြုံလာရရင် လုံးဝ စိတ်ဓာတ်မကျနဲ့။ တစ်ခါတလေကျရင် ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ ဒါက နစ်နာသွားတဲ့ ကုန်သည်တွေရဲ့ နာမည်စာရင်းပဲ။ သူတို့က သန့်ရှင်းရေးအဖွဲ့ရဲ့ ငွေညှစ်တာကို ခံနိုင်ရည်ရှိတယ်ဆိုတည်းက ပိုင်ဆိုင်မှု အနည်းအကျဉ်း ရှိနေတယ်ဆိုတာ သက်သေပြနေတာပဲ။ အချိန်အနည်းငယ် ကြာရင် သူတို့ ပြန်လည် နာလန်ထူလာနိုင်မှာပါ။
ကျုပ်တို့က သူတို့ကို တိုက်ရိုက် လျော်ပေးလို့ မရပေမဲ့ အကြောင်းပြချက် တစ်ခုခုရှာပြီး အခွန်ကင်းလွတ်ခွင့် ပေးလို့ရတယ်။ ဒါမှမဟုတ် သူတို့ရဲ့ စီးပွားရေးတွေ ပိုကောင်းလာအောင် ကူညီပေးလို့ရတယ်။ ဒါကလည်း လျော်ကြေး ပေးတာ တစ်မျိုးပဲ။ ခင်ဗျား ဘယ်လိုထင်လဲ”
လီယွမ်ကျောက်က နာမည်စာရင်းကို လှမ်းယူကာ မျက်ရည်များကို သုတ်လိုက်ပြီး ပြုံးလိုက်၏။ “ဒီလိုဆိုတော့လည်း … ကောင်းပါတယ်”
ဖန်ကျန်းရီက လေးနက်စွာ သတိပေးလိုက်သည်။ “အင်း … အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့။ ဒါပေမဲ့ … အကြိမ်တိုင်း ပြန်လည်ပြင်ဆင်ခွင့် ရမှာတော့ မဟုတ်ဘူးနော်”
“ကျုပ် နားလည်ပါပြီ”
ဖန်ကျန်းရီသည် ထမင်းချိုင့်ကို ဖွင့်ကာ ဟင်းလျာများကို စားပွဲပေါ်သို့ တင်လိုက်၏။ “ခင်ဗျား ဆာနေပြီလား။ ကျုပ် ဝက်လက် ယူလာတယ်။ နို့နံ့သင်းဝက်ရဲ့ ဝက်လက်ပဲ”
ထိုအချိန်တွင် လီယွမ်ကျောက်၏ ခံစားချက်များသည် အများစု ပြေပျောက်သွားပြီဖြစ်ရာ စားပွဲအပြည့်ရှိနေသော ဟင်းလျာများကို ကြည့်ကာ ဝမ်းဗိုက်ထဲမှ ဂွီဂွီ ဟူသော အသံများ ထွက်ပေါ်လာသည်။
ဖန်ကျန်းရီကို ရှက်ရွံ့စွာဖြင့် တစ်ချက် ကြည့်လိုက်၏။ “ကျုပ် ဆာပြီ … ထမင်းစားမယ်”