အခန်း ၃၄၇
Vol. 19 Ch. 347
အပိုင်း (၃၄၇) သတင်းထောက်များကို ခေါ်ဆောင်၍ စာမေးပွဲသွားဖြေခြင်း။
ဤသို့ တိုက်တွန်းပြောဆိုမှုများအပြင် ဝက်လက်ဟင်းလျာများကြောင့် လီယွမ်ကျောက်၏ ခံစားချက်များသည် အများစု ပြန်လည်ကောင်းမွန်လာခဲ့သည်။
နောက်နေ့တွင် အလုပ်လုပ်ရာ၌ ပြန်လည်၍ စိတ်အားထက်သန်ကာ တက်ကြွလာတော့သည်။ သန့်ရှင်းရေးအဖွဲ့၏ လုပ်ဆောင်ချက် အားလုံးကို သတင်းစာထဲတွင် ဖော်ပြလိုက်၏။
သတင်းထောက်များသည် သတင်းဆောင်းပါးများကို စောစောစီးစီးတည်းက ရေးသားထားခဲ့သော်လည်း လီယွမ်ကျောက်၏ အာဏာကို ကြောက်ရွံ့သောကြောင့် ဗီရိုထဲတွင်သာ သိမ်းဆည်းထားပြီး မည်သူမှ မထုတ်ပြန်ရဲကြပေ။
အနည်းငယ် ပြုပြင်မွမ်းမံပြီးသည်နှင့် ချက်ချင်း ထုတ်ပြန်နိုင်မည် ဖြစ်သည်။
သတင်းစာတွင် ဖော်ပြပြီးနောက် သဘာဝကျစွာပဲ ဆူညံပွက်လောရိုက်သွားတော့၏။
အလုပ်ထုတ်သင့်သူကို ထုတ်ပစ်ပြီး ရုံးတော်သို့ ပို့သင့်သူကို ပို့လိုက်ရာ ထိုကဲ့သို့ လျင်မြန်သော လုပ်ဆောင်နိုင်စွမ်းကြောင့် ပြည်သူအများအပြား အံ့သြမှင်တက်သွားကြပြီး အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု အမြန်နှုန်းမှာ တကယ့်ကို အံ့မခန်းဖြစ်ကြောင်း ချီးကျူးကြသည်။
ယခင်က စားသောက်ဆိုင်များအပေါ် ချမှတ်ထားသော ကန့်သတ်ချက်များစွာကိုလည်း ဖျက်သိမ်း လိုက်သော်လည်း ဖန်ကျန်းရီ၏ အကြံပြုချက်ကြောင့် အချို့ကိုတော့ ဆက်လက် ထိန်းသိမ်းထားသေး၏။
အချို့သော လုပ်ထုံးလုပ်နည်းများကို ဆက်လက်ထားရှိသော်လည်း သန့်ရှင်းရေးအဖွဲ့အနေဖြင့် မည်သည့် စစ်ဆေးမှုများတွင်မှ ထပ်မံပါဝင်ခြင်း မပြုရန် တိတ်တဆိတ် အမိန့်ပေးထားပြီး ဖြစ်သည်။
ထိုသို့ အကုန်အစင် မထုတ်ပြဘဲ ထိန်းချန်ထားရခြင်း၏ အဓိကအကြောင်းရင်းမှာ ဖန်ကျန်းရီက မိမိအတွက် အရန်အကွက် တစ်ကွက် ကြိုတင်ချန်ထားလိုသောကြောင့် ဖြစ်သည်။
မိမိ၏ လှုပ်ရှားမှုများကို သူတစ်ပါး အလွယ်တကူ မခန့်မှန်းနိုင်မှသာလျှင် အာဏာစက်က ပိုမို ကြီးမားကျယ်ပြန့်လာမည် မဟုတ်ပါလား။ ဤသို့ ကြိုတင်စီစဉ်ထားခြင်းဖြင့် နောင်တစ်ချိန်တွင် မရိုးသားသည့် ကုန်သည်များ ပေါ်ပေါက်လာပါကလည်း အချိန်မရွေး တိုက်ရိုက် သွားရောက်စစ်ဆေးနိုင်မည်။
ထို့အပြင် အရေးကြုံလာ၍ စည်းမျဉ်းဖောက်ဖျက်သူများကို သတိပေး ဆုံးမလိုသည့်အခါမျိုးတွင်လည်း ခိုင်လုံသော အကြောင်းပြချက် ရှာမရဘဲ အခက်တွေ့ရမည့် အခြေအနေမျိုးမှ ကြိုတင်ကာကွယ်ထားခြင်းပင် ဖြစ်၏။
ဤကိစ္စဖြစ်ပြီးနောက် လီယွမ်ကျောက်၏ သန့်ရှင်းရေးအဖွဲ့အပေါ် ယုံကြည်မှုမှာလည်း လုံးဝ ပြိုလဲသွားခဲ့ပြီး ထို့အတွက်ကြောင့် ဖုန်းဟော့ဂိုဏ်းကို အထူးတလည် ခေါ်ယူကာ ကြီးကြပ်စေခဲ့သည်။
ဤသို့ဖြင့် ကိစ္စရပ်အများစုမှာ ပြီးစီးသွားပြီဖြစ်ရာ အသေးအဖွဲ အလုပ်အချို့သာ ကျန်ရှိတော့ပြီး ပြည်နယ်စာမေးပွဲကလည်း နီးကပ်လာပြီဖြစ်သောကြောင့် ဖန်ကျန်းရီကလည်း လီယွမ်ကျောက်ကို သူ၏သဘောအတိုင်းသာ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ပြုကာ ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ချေ။
……
ယနေ့မှာတော့ ပြည်နယ်စာမေးပွဲ စတင်မည့် အချိန်သို့ ရောက်ရှိလာပြီဖြစ်ရာ ဖန်ကျန်းရီသည် သတင်းထောက် တစ်စုကို ဦးဆောင်ကာ မြင်းစီး၍ စာမေးပွဲစစ်ဆေးမည့် အဆောက်အအုံဆီသို့ ခမ်းနားကြီးကျယ်စွာ ထွက်ခွာလာခဲ့ကြပြီး လမ်းတစ်လျှောက် စကားစမြည် ပြောဆိုလာခဲ့ကြ၏။
နန်းတော်မှ အကြိုအပို့ ရထားလုံးများ စီစဉ်ပေးထားသော်လည်း ဖန်ကျန်းရီက ငြင်းပယ်လိုက်သည်။ စာမေးပွဲဖြေဆိုမည့်သူများ ရထားလုံးထဲတွင် စုဝေးနေပါက အလွန်စိုးရိမ်ပူပန်နေမည်ကို ရှောင်ရှားနိုင်ရန် လူတစ်အုပ်ကြီးကို သူကိုယ်တိုင် ခေါ်ဆောင်ခဲ့သည်။ လမ်းတွင် စကားစမြည်ပြောရင်း စိတ်အပန်းဖြေစေရန် ဖြစ်သည်။
ပြည်နယ်စာမေးပွဲ၏ အဓိပ္ပာယ်မှာ အလွန်ကြီးမားလှပြီး စာမေးပွဲကို အောင်မြင်သွားသည်နှင့်တစ်ပြိုင်နက် ငါးကြင်းက နဂါးတံခါးကို ကျော်ဖြတ်နိုင်သကဲ့သို့ လူသားအားလုံး၏ အထက်သို့ ချက်ချင်း ရောက်ရှိသွားပေမည်။
သေချာပေါက် အခက်အခဲမှာလည်း အလွန်မြင့်မားလှသည်။ ခရိုင်နှင့် တိုင်းအဆင့် စာမေးပွဲများ၏ အောင်ချက်မှာ ဆယ်ရာခိုင်နှုန်းခန့်သာ ရှိပြီး ပြည်နယ်စာမေးပွဲသို့ ရောက်ရှိလာပါက သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းအကြားသို့ တိုက်ရိုက် ကျဆင်းသွားခဲ့၏။
ကျီရင် ဖြစ်လာပြီးနောက် အရာရှိလောင်းစာရင်းသို့ ဝင်ရောက်ခွင့်သာ ရရှိမည်ဖြစ်သော်လည်း ကံကောင်းပါက အရာရှိ ဖြစ်လာနိုင်ခွင့် ရှိသေးသည်။ အခြေအနေကောင်းပါက ဖန်ကျန်းရီ၏ ယခင်အဆင့်အတိုင်း အဆင့်ခုနစ် မြို့ဝန်အဖြစ်ပင် ခန့်အပ်ခံရနိုင်သည်။
ထိုအောက် တစ်ဆင့်နိမ့်လျှင်လည်း ခရိုင်အုပ်ချုပ်ရေးမှူး၏ လက်ထောက် သို့မဟုတ် စာရေးကြီးကဲ့သို့သော အရန်အရာရှိများ ဖြစ်လာနိုင်ရာ ထိုသို့ဖြစ်လာပါက အုပ်ချုပ်ခံလူတန်းစားမှ အုပ်ချုပ်သူလူတန်းစားအဖြစ်သို့ ပြောင်းလဲသွားမည်။
အရာရှိလောကတွင် နှမ်းစေ့လောက်သာ သေးငယ်သော ရာထူးဖြစ်သော်လည်း အဓိပ္ပာယ်မှာတော့ လုံးဝ ကွာခြားသွားပြီ ဖြစ်၏။
သို့ပေမည့် ပို၍အရေးကြီးသည်မှာ ထိုရာထူး၏ ခံစားခွင့်နှင့် အကျိုးခံစားခွင့်များ အလွန်မြင့်မားခြင်းကြောင့် စာပေပညာရှင်များ၏ အဆင့်အတန်းကို တိုက်ရိုက် ခုန်တက်သွားစေခြင်း ဖြစ်သည်။
ရှို့ချိုက်အဆင့်၏ ခံစားခွင့်အားလုံးကို ဆက်ခံနိုင်သည့်အပြင် စီးပွားရေးအရ အခွန်ကင်းလွတ်ခွင့်ကိုပါ ရရှိမည်ဖြစ်ရာ ထိုအချက်က အလွန်အရေးကြီးပြီး အလွန် လက်တွေ့ကျသည်။ အခွန်ကင်းလွတ်ခွင့်ကို ရရှိပြီးနောက် နန်းတော်သို့ အခွန်ပေးဆောင်ရမည့် ဖိအားများမှ တိုက်ရိုက် ကင်းလွတ်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် မရေမတွက်နိုင်သော ပြည်သူများ၊ မြေပိုင်ရှင်များနှင့် သူဌေးများသည် ကျီရင်၏ အခွန်ကင်းလွတ်ခွင့်အတွက် သူတို့၏ နာမည်အောက်သို့ အလိုအလျောက် လာရောက်ခိုလှုံကြမည်။
ထို့ကြောင့် စာမေးပွဲအောင်မြင်သော ကျောင်းသားများသည်လည်း ထိုအချက်ကို အသုံးချကာ ချက်ချင်းပဲ ဒေသခံ မြေပိုင်ရှင်တစ်ဦး ဖြစ်လာနိုင်သည်။
ဖန်ကျင့် စာမေးပွဲအောင်မြင်ခြင်း ဇာတ်လမ်းထဲမှ ဖန်ကျင့်ဆိုလျှင်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ သူသည် ရူးသွားခဲ့သော်လည်း နောက်ပိုင်းတွင် သတိပြန်လည်လာပြီးနောက် သူ၏ဘဝမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။ ကြီးမားလှပသော အိမ်တော်ကြီးများ၊ အရသာရှိသော အစားအစာများ၊ ချောမောလှပသော ဇနီးမယားများ ဝိုင်းရံကာ ဘဝကို သာယာစွာ ဖြတ်သန်းနိုင်ခဲ့၏။
ဤသည်မှာ စာပေပညာရှင်တိုင်း၏ အိပ်မက်ဖြစ်ပြီး လူတိုင်း အလုအယက် ကြိုးစားကြရသည့် အဓိက အကြောင်းရင်းလည်း ဖြစ်သည်။
လူတိုင်းက စံပြရည်မှန်းချက်များအကြောင်း ပြောဆိုကြပြီး တိုင်းပြည်နှင့် လူမျိုးအတွက်ဟု ပြောကြသော်လည်း အလွန်နည်းပါးသော လူအနည်းငယ်သာလျှင် မူလစိတ်ထားကို ထိန်းသိမ်းထားနိုင်ကြသည်။ အများစုသော စာပေပညာရှင်များအတွက်မူ လက်တွေ့ကျသော အကျိုးအမြတ်ကသာ အစစ်အမှန် ဖြစ်၏။
ကျီရင်အောင်မြင်ပြီးသည်နှင့် အောင်မြင်ကျော်ကြားမှုများကို ရရှိနေပြီဖြစ်ရာ နောက်တစ်ဆင့်ဖြစ်သော နိုင်ငံတော် အဆင့် စာမေးပွဲမှာမူ ပို၍ ပြင်းထန် ရက်စက်လွန်းလှသည်။
ဖန်ကျန်းရီ စိုးရိမ်နေသည့် အချက်ကလည်း ထိုအချက်ပင် ဖြစ်၏။
အကျိုးအမြတ်များ၏ သွေးဆောင်ဖြားယောင်းမှုက အလွန်ကြီးမားလှသည်။ စာမေးပွဲ အောင်မြင်နိုင်ခြေ မမြင့်မားသော်လည်း သတင်းစာတိုက်တွင် ဝင်ရောက်ဖြေဆိုနိုင်သူများမှာ အထက်တန်းလွှာ ဝန်ထမ်းများသာ ဖြစ်ကြသည်။
အကယ်၍ တစ်ယောက် သို့မဟုတ် နှစ်ယောက်ခန့် အောင်မြင်သွားပါက အဓိက အရည်အချင်းရှိသူများ ဆုံးရှုံးသွားမည် မဟုတ်ပါလား။ သို့ပေမည့် ဤအဆင့်ထိ ရောက်လာပြီဖြစ်ရာ သူကလည်း နောက်ထပ် ဘာမှ ထပ်လုပ်ရန် မရည်ရွယ်တော့ပေ။
စာမေးပွဲဖြေဆိုမည့်သူများကို စိတ်အေးချမ်းသာစွာ ပြင်ဆင်နိုင်ရန် ကူညီပေးရုံသာ တတ်နိုင်တော့၏။
မထွက်ခွာမီ စာမေးပွဲဖြေဆိုမည့်သူ အားလုံးကို ကံကောင်းစေသော အထူးဟင်းလျာများ ကျွေးမွေးခဲ့ရာ သတင်းထောက်တစ်စုမှာ နားမလည်နိုင်စွာဖြင့် အီကြာကွေးတစ်ချောင်းနှင့် ကြက်ဥနှစ်လုံးကို စားသောက်ခဲ့ကြရသည်။
ထို့အပြင် ၎င်းတို့အတွက် အကောင်းစား စုတ်တံ၊ မင်နှင့် မှင်အိုးများကိုပါ ပြင်ဆင်ပေးခဲ့သေး၏။
နောက်ဆုံးတွင် ခြင်းတောင်းထဲ၌ ပြုတ်ထားသော ကြက်ဥ အလုံးနှစ်ဆယ်၊ အမဲသားခြောက်၊ သစ်သီးခြောက် … စသည့် သရေစာအချို့အပြင် နွားနို့ ဝါးကျည်တောက် တစ်ခုနှင့် ရေသန့် ဝါးကျည်တောက်တစ်ခုတို့ကိုပါ ထည့်ပေးလိုက်သည်။
စာမေးပွဲစစ်ဆေးမည့် အဆောက်အအုံထဲတွင် ရေရှိသော်လည်း ရေစည်ထဲရှိရေမှာ အဆောက်အအုံဝင်းအတွင်းရှိ ရေတွင်းမှ ခပ်ယူထားခြင်း ဖြစ်သည်။ သုံးနှစ်မှ တစ်ကြိမ်သာ အသုံးပြုသော ရေတွင်းရေ၏ အရည်အသွေးကို စဉ်းစားကြည့်နိုင်သည်။ ရေစည်ထဲသို့ ရေကြည်ဆေးတစ်ချို့ ထည့်ကာ ဘေးကင်းစေရန် ပြုလုပ်ပေးသူများ ရှိသော်လည်း အရသာနှင့် ဘေးကင်းမှု အပိုင်းတွင် အဆောက်အအုံမှ ရေမှာ သိပ်မကောင်းလှပေ။
အတန်းတိုင်းရှိ စာမေးပွဲခန်းများ၏ အရှေ့တွင် ရေစည်များကို ထားရှိပေးထားရာ အဆောက်အအုံမှ ရေကို သောက်လိုက်ပါက ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်ခြေ အလွန်များပြားသည်။ ထို့ကြောင့် အများစုမှာ မိမိတို့ ယူဆောင်လာသော ရေသန့်ကိုသာ သောက်သုံးလိုကြပြီး ဤသည်မှာ မျိုးဆက်အဆက်ဆက် စာမေးပွဲ ဖြေဆိုသူများထံမှ လက်ဆင့်ကမ်းလာခဲ့သော အတွေ့အကြုံလည်း ဖြစ်၏။
စာမေးပွဲစစ်ဆေးမည့် အဆောက်အအုံ ဂိတ်ပေါက်သို့ ရောက်သောအခါ စာမေးပွဲဖြေဆိုမည့်သူများ တဖြည်းဖြည်း စတင် ဝင်ရောက်နေကြပြီ ဖြစ်သည်။
ဖန်ကျန်းရီသည် မြင်းဇက်ကြိုးကို ဆွဲကာ အနီးနားတွင် ရပ်လိုက်၏။
သူ၏အနောက်ရှိ သတင်းထောက်တစ်စုကလည်း အနီးကပ် လိုက်ပါလာကာ ရပ်တန့်လိုက်ကြသည်။
ဖန်ကျန်းရီသည် အဆောက်အအုံအပြင်ဘက်တွင် စာမေးပွဲဖြေဆိုမည့်သူများကို အဝတ်အစားများ ချွတ်ကာ စစ်ဆေးနေသည်ကို ကြည့်ရင်း ရုတ်တရက် ရင်ထဲတွင် စိုးရိမ်စိတ်အချို့ ပေါ်လာကာ ယခင်က တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုပဲ သတိရသွားမိ၏။
အကယ်၍ အဲ့ဒီတုန်းကသာ ခိုးမချခဲ့ရင် … တက္ကသိုလ်တောင် တက်ခွင့်ရမှာ မဟုတ်ဘူး။ တောက်… အဲ့ဒီလောက် တင်းတင်းကျပ်ကျပ် မစစ်ဆေးခဲ့လို့ တော်သေးတာပေါ့။
ထို့နောက် သူက တံတွေးမြိုချလိုက်ပြီး သတင်းထောက်တစ်စုဘက်သို့ လှည့်ကာ လက်အုပ်ချီ၍ ကျယ်လောင်စွာ ပြောလိုက်သည်။ “မိတ်ဆွေတို့ … ကျုပ် ဒီအထိပဲ လိုက်ပို့တော့မယ်။ ခင်ဗျားတို့ ယူလာတဲ့ နွားနို့ကို စောစော သောက်ဖို့ မှတ်ထားပါ။ ညအိပ်သွားရင် မသောက်ဘဲ လွှင့်ပစ်လိုက်တော့။ မဟုတ်ရင် ပုပ်သိုးပြီး ဝမ်းပျက်လိမ့်မယ်။
ခဏနေရင် ကျုပ်လည်း ဝင်ပြီး ကြီးကြပ်ရမှာမို့ ကျုပ် အတူရှိနေမှာပါ။ ခင်ဗျားတို့ လုံးဝ မစိုးရိမ်ကြနဲ့။ ပုံမှန်အတိုင်းပဲ ဖြေဆိုကြ။ စာမေးပွဲက ဘာမှ မခက်ပါဘူး။ စိုးရိမ်ပူပန်မှုတွေ မဖန်တီးကြနဲ့။ ကျုပ်ဆို အသက် တစ်ဆယ့်ငါးနှစ်မှာ နိုင်ငံတော်စာမေးပွဲကို အောင်မြင်ပြီး ကျင်းရှီအဆင့် ရခဲ့တာ။ ဒီလို ပြည်နယ် စာမေးပွဲလောက်ကတော့ ဘာမှ မဟုတ်ဘူး။ အရမ်းကို လွယ်ကူပါတယ်”
သတင်းထောက်များ၏ မျက်နှာများသည် အနည်းငယ် ပျက်ယွင်းသွားကြပြီး ရင်ထဲတွင် အတွင်းဒဏ်ရာ ရသွားသကဲ့သို့ ခံစားလိုက်ကြရသည်။
ခင်ဗျားက အသက် ဆယ့်ငါးနှစ်နဲ့ ကျင်းရှီအဆင့် ရခဲ့တယ်ဆိုတာ … သောက်ကျိုးနည်း စာမေးပွဲလောကရဲ့ ဒဏ္ဍာရီတောင် ဖြစ်နေပြီလေ။
ပြည်နယ်စာမေးပွဲက ခင်ဗျားအမြင်မှာတော့ ဘာမှမဟုတ်ပေမဲ့ ကျုပ်တို့က ဉာဏ်ကြီးရှင် ကလေးတွေမှ မဟုတ်တာ။
ဖန်ကျန်းရီက သူတို့၏ မျက်နှာထားကို လုံးဝ ဂရုမစိုက်ဘဲ ဆက်ပြောနေသေးသည်။ “ကျုပ် အမြင်တော့ ခင်ဗျားတို့က ကျုပ်ထက် အများကြီး ပိုပြီး ဉာဏ်ကောင်းကြပါတယ်။ စိတ်ချလက်ချနဲ့ ရဲရဲဝံ့ဝံ့သာ သွားဖြေကြ။ စာမေးပွဲ ကျသွားရင်တောင် သတင်းစာတိုက်က ခင်ဗျားတို့ကို အထောက်အပံ့ ပေးထားသေးတာပဲ။ သတင်းထောက် လုပ်တာက နောင်တစ်ချိန်မှာ ကျီရင် ဖြစ်တာထက် ညံ့ချင်မှ ညံ့မှာပါ။ ခင်ဗျားတို့ ဖြေဆိုပြီးသွားရင် ကျုပ်က အိမ်ရှင်လုပ်ပြီး သတင်းစာတိုက်မှာ သုံးရက်ဆက်တိုက် ပွဲခံပေးမယ်။ ကဲ … တခြားအရာတွေ အများကြီး မပြောတော့ဘူး။ သွားကြတော့”
သတင်းထောက်များအားလုံး တစ်ပြိုင်နက် လက်သီးဆုပ်လိုက်ကြပြီး ကျယ်လောင်စွာ ပြောလိုက်ကြသည်။ “မြို့ဝန်ဖန်ကို ကျေးဇူးတင်ပါတယ်”
လက်ထဲတွင် လေးလံသော အထုပ်များကို ကိုင်ဆောင်ထားရသော်လည်း ရင်ထဲတွင်တော့ နွေးထွေးနေကြသည်။
သတင်းစာတိုက်ရဲ့ ခံစားခွင့်က တကယ်ကောင်းတာပဲ … မြို့ဝန်ဖန်က တကယ် ကောင်းတဲ့သူပဲ။