အခန်း ၅၃
Vol. 6 Ch. 53
အပိုင်း (၅၃)
ဝိန်းယွီသည် မော့ကြည့်လိုက်ပြီး ပစ္စည်းကို တွေဝေစွာ လက်ခံယူလိုက်ရင်း မေးလိုက်၏။ "ဒါက ဘာလဲ"
ရှောင်းလိသည် သူမ၏ မျက်နှာချင်းဆိုင်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ပြောလိုက်သည်။ "ကျောက်ယိုချိုက်ဆီက လက်ဆောင်လေ"
ဝိန်းယွီသည် ပိုးပဝါကို ဖြေကြည့်လိုက်ချိန်တွင် တစ်စုံတစ်ခုဆီမှ ခွာယူထားသည့်နှယ် ပုံပန်းသဏ္ဌာန် မကျသော ရွှေနှင့် ငွေစများကို တွေ့လိုက်ရသည်။ သူမသည် အခိုက်တန့် တွန့်ခနဲဖြစ်သွားပြီး သူမ၏ မျက်လုံးများထဲတွင် ဇဝေဇဝါဖြစ်မှုများက လင်းလက်သွားခဲ့သည်။
ရှောင်းလိက ရှင်းပြလိုက်၏။ "သူတို့က ဓားပြစခန်းမှာ နေခဲ့တုန်းက အကျင့်ဟောင်းတွေ ပါလာတာ နေမှာပါ။ ငါက အစတုန်းက ငြင်းလိုက်ပေမယ့် သူက ဒူးထောက်ပြီး ငိုတော့မလို ဖြစ်နေတာလေ။ သူ အဲ့ဒီလောက်တောင် ကြောက်နေတာကို မြင်တော့ ငါက ထပ်ငြင်းလိုက်ရင် တခြားသူတွေ သံသယဝင်သွားမှာကို စိုးရိမ်လို့။ ရှေ့ဆက်ရမယ့် ခရီးအတွက်လည်း ငါတို့ ငွေလိုမှာမို့လို့ လက်ခံလိုက်တာ"
သူတို့သည် သမားတော်ထောင်၏ အိမ်တော်မှ ထွက်ခွာလာချိန်တွင် ဝမ်အနည်းငယ်သာ ကျန်ရှိတော့၏။
တောတောင်များတစ်လျှောက် ခရီးသွားလာစဉ်အတွင်း သူတို့သည် သားကောင်များကို အမဲလိုက်ခြင်းဖြင့် အသက်ရှင်ရပ်တည်ခဲ့ကြသည်။ နောက်ပိုင်းတွင် မြို့များသို့ ရောက်ရှိလာသောအခါ သူသည် ယုန်နှင့် မြွေပါသားရေများကို ငွေဖြင့် လဲလှယ်ကာ လိုအပ်သော ပစ္စည်းများကို ဝယ်ယူခဲ့သည်။
သို့သော်လည်း ကျောက်ယိုချိုက်နှင့် သူ့အဖွဲ့ကို ခြိမ်းခြောက်နိုင်ရန်အတွက် သူတို့သည် မကြာသေးမီက အဝတ်အစားသစ်များနှင့် စာရေးကိရိယာများကို ဝယ်ယူခဲ့ရာ ကျန်ရှိနေသော ငွေများကိုပါ သုံးစွဲပစ်ခဲ့ကြသည်။
သူက ရှင်းပြလာသည်ကို ကြားသောအခါ ဝိန်းယွီသည် ဘာမှမတတ်နိုင်တော့သည့်နှယ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ပြောလိုက်၏။ "အဲ့ဒီလူက တော်တော်လေး ဉာဏ်များတာပဲ"
အရုဏ်တက်ချိန်သို့ ရောက်ရှိလာပြီဖြစ်ပြီး တံခါးဝကို ဖုံးကွယ်ထားသော စုတ်ပြဲနေသည့် ကောက်ရိုးဖျာမှတစ်ဆင့် အပြင်ဘက်ရှိ မီးခိုးရောင် အလင်းတန်းကို မြင်တွေ့နေရသည်။
အပြင်ဘက်မှ ဆူညံသံများက ပိုကျယ်လောင်လာပြီး အခြားနေရာများမှ စုရုံးလာကြသော ဒုက္ခသည်များ၏ ခြေသံများနှင့်အတူ စားနပ်ရိက္ခာ ဝေငှနေသည့် သတင်းက ဒုက္ခသည်များကြားတွင် အပြည့်အဝ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်လိမ့်မည်။
"ရှင်းကျိုး အုပ်ချုပ်ရေးမှူးက သူ့ကိုယ်သူ ဘုရင်အဖြစ် ကြေညာလိုက်တာ အံ့ဩစရာ မရှိပါဘူးလေ... ဖေစုန့် သေသွားပြီကိုး"
"ထုန်ချန်ကတောင် ဒီကိုရောက်လာပြီး စားနပ်ရိက္ခာတွေ ဝေငှရင်း စစ်သားတွေ စုဆောင်းနေပြီ။ ကမ္ဘာကြီးက ဒီလောက် ဖရိုဖရဲ ဖြစ်နေတာ တည်ငြိမ်မှုက အလွယ်တကူ ပြန်မရနိုင်သေးဘူး။ ထုန်ချန်က ငါတို့ကို စားနပ်ရိက္ခာ ပေးနိုင်တယ်ဆိုတော့ သူတို့ဆီမှာ ရိက္ခာတွေ အများကြီး ရှိရမယ်။ အသက်ရှင်ဖို့အတွက် ငါတို့ သူတို့နဲ့ ပူးပေါင်းသင့်တယ်"
ရှောင်းလိသည် ဖြတ်သန်းသွားသော ဒုက္ခသည်များ၏ ပြောဆိုဆွေးနွေးသံများကို နားထောင်နေသည်။ ခြေသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် သူသည် ကောက်ရိုးဖျာကို မလိုက်ပြီး အပေါက်မှတစ်ဆင့် မှိန်ဖျော့သော အလင်းရောင်အောက်က ကမန်းကတန်း သွားလာနေသော လူရိပ်များကို ကြည့်ရှုနေလိုက်၏။ သူက ဝိန်းယွီကို မေးလိုက်သည်။
"တကယ်လို့ ငါတို့ ဒီမှာ စစ်သား ရာဂဏန်း ဒါမှမဟုတ် ထောင်ဂဏန်းလောက် စုဆောင်းနိုင်ခဲ့ရင် မင်း သူတို့ကို ဘာလုပ်ဖို့ စီစဉ်ထားတာလဲ"
ဝိန်းယွီ၏ မျက်လုံးများထဲတွင် တဲအတွင်းရှိ သေလုဆဲဆဲ မီးရောင်နှင့် အပြင်ဘက်ရှိ လရောင်တို့က ရောင်ပြန်ဟပ်နေသည်။ သူမက ပြောလိုက်၏။
"ရှင်က ကျွန်မကို သတိပေးလိုက်တာပဲ။ ကျွန်မတို့တွေ ကျောက်ယိုချိုက်အတွက် အလံတစ်ခု ပြင်ဆင်ပေးသင့်တယ်"
ရှောင်းလိက သူမကို လှည့်ကြည့်လိုက်၏။
____
ရက်အနည်းငယ် ကြာပြီးနောက် တင်းကျိုးတွင်။
ဖေစုန့်သည် အိပ်ရာဘေးတွင် အတွင်းခံအင်္ကျီကိုသာ ဝတ်ဆင်လျက် ထိုင်နေပြီး သူ၏ လျော့ရဲရဲ ချည်နှောင်ထားသော အင်္ကျီကော်လာအောက်မှ ပခုံးပေါ်ရှိ ပတ်တီးကို ခပ်ရေးရေး မြင်တွေ့နေရသည်။ ဖျားနာမှုကြောင့် ဖြူဆုတ်နေသော အသားအရည်နှင့် စူးရှသော မျက်လုံးနက်များ ပေါင်းစပ်သွားသောအခါ သူ၏ ရက်စက်ကြမ်းကြုတ်မှုကို ပိုပေါ်လွင်လာစေ၏။
တောင်ပိုင်းမှ စစ်ရေးအစီရင်ခံစာကို ဖတ်ရှုပြီးနောက် သူ၏ သွယ်လျသော လက်ချောင်းများက ပြင်းထန်စွာ ဆုပ်ကိုင်လိုက်ရာ စာလွှာသည် စက္ကူစုတ်အဖြစ်သို့ တွန့်ကြေသွားတော့သည်။
သူသည် အင်မတန် ဒေါသထွက်ကာ ရယ်မောလိုက်သည်။ "ကောင်းလိုက်တာ... တကယ်ကို ကောင်းလိုက်တာ။ လော့ယန်နဲ့ ဖုန်းယန်ကတောင် ငါ့ရဲ့ စစ်သည်တစ်သိန်းရဲ့ သံခွာတွေအောက်မှာ ကျဆုံးသွားခဲ့ရပြီ။ ဝေ့မြစ်တစ်ဖက်က ဒီတောင်ပိုင်း သူပုန်တွေက သေတယ်ဆိုတဲ့ စာလုံးကို ဘယ်လိုရေးရမလဲ မသိကြတာ နေမှာပါ။ ထုန်ချန်က ဒီပုန်ကန်မှုမှာ ပါဝင်ရဲတယ်ပေါ့လေ။ မုန့်ကျိုးကို သတင်းပို့လိုက်။ ဖေယွမ်ကို ထုန်ချန်မြို့ဝန်ရဲ့ ခေါင်းကို ငါ့ဆီ ယူလာခဲ့ဖို့ အမိန့်ပေးလိုက်"
တဲအတွင်းတွင် ရပ်နေသော ကိုယ်ရံတော်က သတင်းပို့ရန် ချက်ချင်းပင် ထွက်သွားသည်။
အောက်ဘက်ရှိ စစ်သူကြီးတစ်ဦးက သတိကြီးစွာဖြင့် ပြောလိုက်၏။
"ကျူကျွင်း... တင်းကျိုးက စစ်ရေးအခြေအနေက တန့်နေပါတယ်။ ပြင်းထန်တဲ့ အအေးဒဏ်ကြောင့် စစ်တပ်ထဲက စစ်သားတော်တော်များများ ဖျားနာနေကြပြီး စိတ်ဓာတ်တွေကလည်း ကျဆင်းနေပါတယ်။ ဝေ့မြစ်တောင်ဘက်မှာ သူပုန်အဖွဲ့တွေ အများကြီး ရှိနေတော့ ဆေးဝါးတွေ ရရှိဖို့ မျှော်လင့်ချက် မရှိတော့ဘူး။ကျွန်တော်တို့ ဘာလုပ်သင့်လဲ"
ဖေစုန့်သည် တွန့်ကြေနေသော စစ်ရေးအစီရင်ခံစာကို စစ်သူကြီးထံသို့ ပစ်ပေါက်လိုက်ပြီး အေးစက်စက်ဖြင့် မာဆတ်ဆတ် ပြောလိုက်လေသည်။ "ဘာကို ထိတ်လန့်နေစရာ ရှိလို့လဲ။ အရင်တုန်းက မင်းက အယ်ကျိုးကနေ ငါ့နောက်ကို မြောက်ဘက်အထိ လိုက်လာပြီး လော့ယန်ကို ဖောက်ထွက်ပြီးတော့ ဖုန်းယန်ကို သိမ်းပိုက်ခဲ့တယ်။ အခုတော့ ကြွက် နည်းနည်းလောက်က ပြဿနာရှာနေရုံလေးပဲကို... သူတို့က ဘာအန္တရာယ် ပေးနိုင်မှာမို့လို့လဲ"
စက္ကူလုံးသည် စစ်သူကြီး၏ခေါင်းဆောင်းကို မှန်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
စစ်သူကြီးသည် ချွေးအေးများ စိမ့်ထွက်လာပြီး အလျင်စလို ဒူးထောက်လိုက်သည်။ "ကျူကျွင်း... ကျေးဇူးပြုပြီး ဒေါသကို ထိန်းပါဦး။ ကျွန်တော်မျိုးက ရန်သူ့စိတ်ဓာတ်ကို မြှင့်တင်ပေးနေတာ မဟုတ်ပါဘူး။ စစ်သားတွေ စိတ်ဓာတ်ကျဆင်းနေတာနဲ့ တပ်ထဲမှာ ဆေးဝါး ပြတ်လပ်နေတာကို မျက်မြင်ကိုယ်တွေ့ ကြုံရလို့ ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ပြောရတာပါ"
ဖေစုန့်၏ မျက်နှာသည် မြိုသိပ်ထားသော ဒေါသများကြောင့် မှောင်မိုက်သွားပြီး စစ်သူကြီးကို စကားတစ်ခွန်းမှ မဆိုဘဲ စိုက်ကြည့်နေသည်။
အကြံပေးအမတ် ကုန်းစွန်းချိုက အချိန်ကိုက် ဝင်ပြောလိုက်၏။
"လီစစ်သူကြီး... ကျူကျွင်းရဲ့ မြားဒဏ်ရာနဲ့ အဆိပ်တွေက အခုထိ မပျောက်သေးဘူး။ စစ်ဖက်သမားတော်က အလွန်အကျွံ မပင်ပန်းစေဖို့ အထူး သတိပေးထားတယ်။ ဒီကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့။ အခုတော့ မင်း ထွက်သွားလို့ ရပါပြီ"
လုပ်ကြံခံရသည့်နေ့တွင် ဖေစုန့်သည် ကျန်းယီချူးကို ကာကွယ်ရန်အတွက် မြားတစ်စင်း အပစ်ခံခဲ့ရသည်။ မမျှော်လင့်ဘဲ ထိုမြားတွင် အဆိပ်သုတ်ထားပြီး အဆိပ်များကို ဖယ်ရှားပြီးနောက်မှသာ ဖေစုန့်သည် အိပ်ရာထဲတွင် ရက်ပေါင်းများစွာ လဲနေခဲ့ရသည်။
ထိုသို့သော အရေးကြီးသည့် အချိန်တွင် သူ၏စကားများက မသင့်လျော်ကြောင်းကို လီစစ်သူကြီးက နောက်ဆုံးတော့ သဘောပေါက်သွားတော့သည်။ ကုန်းစွန်းချို၏ ဝင်ရောက်စွက်ဖက်မှုက သူ့ကို နောက်ထပ် ပြဿနာများမှ ကယ်တင်ရန် ရည်ရွယ်ထားကြောင်း သိသာလှ၏။ သူသည် ဖေစုန့်နှင့် ကုန်းစွန်းချိုတို့ကို အလျင်အမြန် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်မျိုး သွားခွင့်ပြုပါဦး"
လီစစ်သူကြီးက ပင်မတဲအတွင်းမှ ထွက်ခွာသွားပြီးနောက် ကုန်းစွန်းချိုက ထပ်ပြောလိုက်၏။
"လီစစ်သူကြီးက သဘာဝအရ ပွင့်လင်းရိုးသားပြီး သူ့လက်အောက်က စစ်သားတွေကို အရမ်း ဂရုစိုက်တယ်။ အဲ့ဒါကြောင့် သူက ဒီလို သတိလက်လွတ် စကားမျိုး ပြောမိတာပါ။ ကျူကျွင်း... သူ့ကို အပြစ်မယူဖို့ ကျွန်တော်မျိုး တောင်းပန်ပါတယ်"
ဖေစုန့်သည် သူ၏ ကြီးမားသော လက်များကို ဒူးပေါ်တွင် တင်ထားလိုက်ပြီး မျက်နှာအမူအရာက တင်းမာနေလေသည်။
"ကျုပ်ကို ဒေါသထွက်စေတာက သူ့စကားတွေ မဟုတ်ပါဘူး။ အခု လက်ရှိ အခြေအနေက ယုံချန်မှာ ကျုပ်တို့ ပိတ်မိနေတုန်းက အချိန်နဲ့ ဆင်တူနေပြီး ရွှံ့နွံထဲကို ကျွံဝင်သွားသလိုပဲ။ ကန့်လန့်ကာနောက်က ကြိုးကိုင်သူတွေက တော်တော်လေး အကွက်ချတတ်တာပဲ"
ကုန်းစွန်းချိုက ပြန်ဖြေလိုက်၏။ "ဒီကိစ္စက တကယ်ကို သံသယဖြစ်စရာပဲ။ ကျူကျွင်းက လုပ်ကြံမှုတစ်ခုမှာ ဒဏ်ရာရရုံပဲ ရှိသေးပေမယ့် ဖေမျိုးနွယ်စုမှာ ခေါင်းဆောင် မရှိတော့ဘူးလို့ ကောလာဟလတွေက ပျံ့နှံ့နေတယ်။ မြောက်ပိုင်း စစ်ဆင်ရေး မတိုင်ခင်ကမှ ကျူကျွင်း တည်ငြိမ်အောင် လုပ်ထားခဲ့တဲ့ တောင်ပိုင်းပြည်နယ်တွေက အခုဆို ပြန်ပြီး ဖရိုဖရဲ ဖြစ်နေပြီ။ တစ်ယောက်ယောက်က ဒီလိုဖြစ်အောင် တမင်တကာ လုပ်နေတာ ထင်ရှားပါတယ်"
ဖေစုန့်က နှာခေါင်းရှုံ့လိုက်သည်။ "ဝေ့ချီရှန်း မဟုတ်ရင် ဟန့်ယန်ပဲ... အဲ့ဒီနှစ်ယောက်ထဲက တစ်ယောက် ဖြစ်ရမယ်။ ဝေ့မြစ်တောင်ဘက်က စပါးနဲ့ ဆေးဝါးစျေးနှုန်းတွေ ကမောက်ကမဖြစ်ရတဲ့ နောက်ကွယ်က ကြိုးကိုင်သူဟာ ဟန့်ယန် ဖြစ်မယ်လို့ ကျုပ် အရင်ကတည်းက သံသယရှိခဲ့တာ။ သူ့ဘေးက ကိုယ်ရံတော် နာမည်ကလည်း ရှောင်းလိ ဖြစ်နေပြီး ခွေးရူးတွေ မှတ်မိသလောက် ဆွဲထားတဲ့ ပုံကလည်း ယုံချန်က အဲ့ဒီ ရှောင်းလိနဲ့ တော်တော်လေး တူနေတယ်။ ယုံချန်က ကျိုးမိသားစုနဲ့ ဟန့်ယန်က သေချာပေါက် ပတ်သက်နေတယ်"
သူ့မျက်လုံးများထဲတွင် စူးရှသော အရောင်တစ်ခုက လင်းလက်သွားသည်။
"ဆရာသာ ကျုပ်ကို အတင်း မတားခဲ့ဘူးဆိုရင် အဲ့ဒီ ကျိုးမိသားစုက ကောင်လေးကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်လိုက်ပြီ"
ကုန်းစွန်းချိုက သက်ပြင်းချလိုက်၏။ "ကျူကျွင်း... ကြီးမြတ်တဲ့ အရာတွေကို အောင်မြင်မယ့်သူတွေက သေးငယ်တဲ့ နာကြည်းမှုတွေကြောင့် အဓိက အစီအစဉ်တွေကို မပျက်စီးစေသင့်ဘူး။ ကျိုးစွေက အကြိမ်တစ်ထောင် သေသင့်တယ် ဆိုရင်တောင် အခုက သူ့ကို သတ်ရမယ့်အချိန် မဟုတ်သေးဘူး။ ယုံချန်က လက်နက်ချပြီး ကျူကျွင်းက ခိုင်မာတဲ့ မုန့်ကျိုးခံတပ်ကို အောင်အောင်မြင်မြင် သိမ်းပိုက်ပြီးမှသာ တောင်ပိုင်းအခြေအနေက တည်ငြိမ်သွားခဲ့တာကို သတိရပါ။ အခု အခြေအနေက ပြန်ပြီး ဖရိုဖရဲ ဖြစ်သွားပြီဆိုတော့ ကျူကျွင်းက မင်းဆက်ဟောင်းက အကြွင်းအကျန်တွေကို ခိုလှုံခွင့်ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျိုးမိသားစုကို အပြစ်ပေးမယ် ဆိုရင်တောင် အဲ့ဒါက တခြား လက်နက်ချထားတဲ့ ပြည်နယ်တွေကြားမှာ အကြောက်တရားတွေကို လှုံ့ဆော်ပေးသလိုပဲ ဖြစ်သွားလိမ့်မယ်"
သူသည် ဆက်ပြောရမည်လား မသေချာသည့်နှယ် ခေါင်းကို အနည်းငယ် စောင်းလိုက်သော်လည်း နောက်ဆုံးတွင်တော့ ထပ်ပြောလိုက်လေသည်။ "ကျူကျွင်း... မိန်းမတစ်ယောက်အတွက်နဲ့ ကိုယ့်ရဲ့ ရာထူးကို စွန့်စားရတာက လုံးဝ ပညာမရှိတဲ့ လုပ်ရပ်ပဲ။ လျန်နန်းတွင်းဟောင်းက နက်ရှိုင်းတဲ့ ပြဿနာတွေနဲ့ ပြည့်နှက်နေပေမယ့် သူတို့ရဲ့ အသက်တွေကို ချမ်းသာပေးဖို့ ကျွန်တော်မျိုး တောင်းဆိုခဲ့တဲ့ လူတွေက ခွန်အားရဲ့ မဏ္ဍိုင်အဖြစ် အသုံးတော်ခံနိုင်တယ်။ သူတို့က ခေါင်းမာပေမယ့် ကျူကျွင်းက သူတို့ကို ဆက်ပြီး လေးလေးစားစား ဆက်ဆံနေသရွေ့ သူတို့တွေ သစ္စာမခံလာရင်တောင် ကျူကျွင်းက မွန်မြတ်တယ်ဆိုတဲ့ ဂုဏ်သတင်းကို ရရှိမှာဖြစ်ပြီး တခြားလျန်အမတ်ဟောင်းတွေကိုလည်း ကျူကျွင်းဆီ လာရောက် အမှုထမ်းဖို့ ဆွဲဆောင်နိုင်လိမ့်မယ်။ ဒါပေမယ့် ကျူကျွင်းက သူတို့အားလုံးကို ကွပ်မျက်လိုက်တယ်လေ... ဒါက အရည်အချင်းရှိတဲ့ လူတွေလာမယ့် လမ်းကြောင်းကို ဖြတ်တောက်ပစ်လိုက်တာပဲ"
ကုန်းစွန်းချို၏ မျက်လုံးများတွင် မျက်ရည်များ ဝဲနေလေပြီ။
"ကျန်းမျိုးနွယ်စုကနေ ဆင်းသက်လာတဲ့ အဲ့ဒီဝိန်းအနွယ်မိန်းမက ကျူကျွင်းအပေါ်ကို ဘေးအန္တရာယ်တွေ ယူဆောင်လာနေတာပဲ။ ကျူကျွင်းက အခုလို အကြပ်အတည်းထဲကို ရောက်သွားရတာက အဲ့ဒီစုန်းမကြောင့်ပဲ။ တကယ်လို့ ကျူကျွင်းက ကျွန်တော်မျိုးရဲ့ အကြံပေးချက်ကို နားထောင်ဦးမယ်ဆိုရင် အဲ့ဒီစုန်းမကို မသတ်ရက်ဘူး ဆိုရင်တောင် အနည်းဆုံး သူ့ကို လျန်ရှင်းနန်းဆောင်ကို ပြန်ပို့လိုက်ပါ"
သူသည် ခေါင်းကို ငုံ့ထားကာ မထဘဲ ဆက်ဒူးထောက်နေလေသည်။
ဖေစုန့်သည် ဒူးထောက်နေသော ကုန်းစွန်းချိုကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
"ကျုပ်က အဲ့ဒီ အရူးအိုကြီးတွေကို ကွပ်မျက်ခဲ့တာ ဘာလို့လဲဆိုတော့ သူတို့လက်နက်ချတာကို လက်ခံဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့လို့ပဲ။ အဲ့ဒီအမွေဟောင်းတွေကို မျက်နှာလုပ်နေတာက အခွင့်အရေးသမား သက်သက်ဖြစ်တဲ့ လျန်အမတ်ဟောင်းတွေကိုပဲ ဆွဲဆောင်နိုင်လိမ့်မယ်။ ဆရာက သူတို့အတွက် တောင်းပန်လို့သာ ကျုပ် အရင်က သူတို့အသက်ကို ချမ်းသာပေးခဲ့တာ။ ဒါပေမယ့် အဲ့ဒီခေါင်းမာတဲ့ အရူးအိုကြီးတွေက အလျော့မပေးတဲ့အပြင် ကျုပ်ကိုတောင် လုပ်ကြံဖို့ ကြိုးစားခဲ့ကြတယ်။ ကျုပ်က သူတို့ကို ဘယ်လိုလုပ်ပြီး မသတ်ဘဲ နေနိုင်မှာလဲ။ ဖူချိုင်ဘုရင်က ဖန်းလီကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့ပေမယ့် သူ့ရဲ့ နောက်ဆုံး ကံကြမ္မာက ဘာဖြစ်သွားလဲ"
ဤစကားကို ကြားသောအခါ ကုန်းစွန်းချို၏ မျက်လုံးများက ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားသည်။ သူသည် ဆုံးမစကား ဆက်ပြောရန် ပြင်ဆင်ရင်း သူ၏ နှုတ်ခမ်းများ လှုပ်ရှားသွား၏။
သို့သော် ဖေစုန့်က သူ့ကို အော်ဟစ်လိုက်သည်။ "ပြီးတော့ ကျန်းမျိုးနွယ်က အဲ့ဒီဝိန်းမျိုးနွယ်မိန်းမ မဟုတ်ဘူး... သူက ဖေမိသားစုရဲ့ အမျိုးသမီးပဲ။ ကျုပ် ဖေရွှမ်အန်းက ယခင်မင်းဆက်ရဲ့ အမတ်တွေကို ကွပ်မျက်ခဲ့တဲ့ အပြစ်ကို မိန်းမတစ်ယောက် အပေါ် လွှဲချရလောက်အောင် အရည်အချင်း မရှိတဲ့သူ မဟုတ်ဘူး"
ရွှမ်အန်း ဆိုသည်မှာ ကုန်းစွန်းချိုက သူ့ကို ပေးထားသော ဂုဏ်ပြုအမည် ဖြစ်သည်။
ကုန်းစွန်းချိုသည် မြေပြင်ပေါ်တွင် ဝပ်တွားလျက် ဆက်နေကာ နောက်ဆုံးတွင် ဘာမှ ထပ်မပြောတော့ချေ။
ဖခင်တစ်ယောက်ကဲ့သို့ ဖြစ်သော သူ၏ဆရာကို ထိုသို့သော အခြေအနေမျိုးတွင် မြင်တွေ့ရသောအခါ ဖေစုန့်သည်လည်း အလားတူပင် စိတ်ရှုပ်ထွေးသွားရသည်။ သူသည် အပေါ်ဝတ်ရုံကို လွှမ်းခြုံကာ ခြုံထည်ကို ယူလိုက်ပြီး ပင်မတဲအတွင်းမှ ထွက်သွားတော့သည်။
အပြင်တွင် တာဝန်ကျနေသော ကိုယ်ရံတော်များက သူထွက်လာသည်ကို မြင်သည်နှင့် ချက်ချင်း ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြ၏။ "ကျူကျွင်း"
ဖေစုန့်သည် မျက်လုံးများကို မှိတ်ကာ တဲအပြင်ဘက်ရှိ ပြင်းထန်လှသော လေအေးကို အသက်ဝဝ ရှူသွင်းလိုက်ပြီးနောက် အစေခံများကို အမိန့်ပေးလိုက်သည်။
"ငါ့မြင်းကို ယူခဲ့"
ကိုယ်ရံတော်များသည် သူ့ဒဏ်ရာများကို စိုးရိမ်သဖြင့် အစပိုင်းတွင် သူ့ကို တားဆီးရန် တွေးခဲ့ကြသည်။ သို့သော် သူ၏ အလွန် တင်းမာနေသော မျက်နှာအမူအရာကို မြင်သောအခါ နောက်ဆုံးတွင် အမိန့်ကို လိုက်နာလိုက်ကြတော့သည်။
ဖေစုန့်သည် စစ်စခန်းတစ်ဝိုက်တွင် နှစ်ပတ်လောက် မြင်းစီးလိုက်သည်။ အအေးဒဏ်က အဆုတ်များကို ထိုးဖောက်သွားပြီး ခြေလက်များတစ်လျှောက် စီးဆင်းနေသော ရှင်းပြမရသည့် ဒေါသများက နောက်ဆုံးတွင် အတိုင်းအတာတစ်ခုအထိ လျော့ကျသွားသယောင်။
ဒဏ်ရာများ နာကျင်လာသည်အထိ မြင်းစီးပြီးနောက် သူသည် ကုန်းနှီးပေါ်မှ လွှတ်ချလိုက်ရာ လက်နှစ်သစ်ခန့် နက်သော နှင်းများထဲသို့ ပက်လက်လန်ကာ ကျသွားတော့သည်။ နှင်းခဲများ ဖုံးလွှမ်းနေသော မီးခိုးရောင် ကောင်းကင်ကြီးကို ငေးကြည့်ရင်း ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေရသည့် အကြပ်အတည်းကို စိတ်ထဲတွင် ဖြည်းညင်းစွာ ပြန်လည် တွေးတောနေလိုက်သည်။
သူသည် သည်းခံနိုင်စွမ်းတွင် အလွန် ကျွမ်းကျင်သူဖြစ်ပြီး ထိုသို့သော ဂနာမငြိမ် စိတ်ဓာတ်ကျမှုမျိုးကို ကြုံတွေ့ရခဲသည်။
အမတ်ချုပ်ကြီးအောဝ်၏ လက်အောက်တွင် စတင် အမှုထမ်းကတည်းက သူသည် အမြဲတမ်း ထောင်ချောက်များကို ဆင်သူသာ ဖြစ်ခဲ့သည်။
ထိုနှစ်များအတွင်း ချန်လျန်ဝမ်အဖွဲ့နှင့် အောဝ်အဖွဲ့တို့ အသေအလဲ တိုက်ခိုက်နေကြစဉ် ကန့်လန့်ကာ နောက်ကနေ ကြိုးကိုင်နေသည့် အမှန်တကယ် ရုပ်သေးဆရာမှာ သူဖြစ်ကြောင်းကို သူတို့ သိပ်မသိခဲ့ကြချေ။
သို့သော် ဝေ့မြစ်တောင်ဘက်တွင် စပါးနှင့် ဆေးဝါးစျေးနှုန်းများ စတင် မြင့်တက်လာကတည်းက လျန်စစ်တုရင်ခုံပေါ်တွင် နယ်ရုပ်များကို ရွှေ့နေသည့် အခြား လက်တစ်ဖက် ပေါ်လာခဲ့သည်။
ထိုသူသည် အမြဲတမ်း အရေးအကြီးဆုံး အချိန်တွင် သူတို့၏ လှုပ်ရှားမှုကို ပြုလုပ်လေ့ရှိပြီး စစ်တုရင်ခုံ တစ်ခုလုံးတွင် မုန်တိုင်းများကို ဖန်တီးခဲ့သည်။
အရင်က အကြံအစည်တွေက ဟန့်ယန်ရဲ့ လက်ချက်ဆိုတာ ငါ ရှစ်ဆယ်ရာခိုင်နှုန်းလောက် သေချာတယ်။
ဒီလက်ရှိ ဖရိုဖရဲ အခြေအနေမှာ သူ ပါဝင်နေသလား ဆိုတာကိုတော့ ငါ မသိဘူး... ဘာပဲဖြစ်ဖြစ် တောင်ပိုင်းက ကမောက်ကမ ဖြစ်မှုက သူနဲ့ ဝေ့ချီရှန်း နှစ်ယောက်စလုံးအတွက် အကျိုးကျေးဇူး အများကြီး ရှိပြီး ဘာဆိုးကျိုးမှ မရှိဘူးလေ။
တကယ်လို့ သူသာ ပါဝင်နေခဲ့မယ်ဆိုရင်... ငါ့ရဲ့ ခွေးရူးတွေ ဝိုင်းဝန်း တိုက်ခိုက်တာကို ခံရပြီးမှ သေဘေးကနေ သီသီလေး လွတ်လာတဲ့သူ တစ်ယောက်က ကိုယ်ရံတော် တစ်ယောက်တည်းနဲ့ ဒီလို ကမောက်ကမ ဖြစ်အောင် လုပ်နိုင်သေးတယ် ဆိုရင်တော့... သူက တကယ်ကို ကပ်ဆိုးတစ်ခုပဲ။
ဖေစုန့်သည် နှင်းတစ်ဆုပ်ကို ဆုပ်ကိုင်လိုက်ပြီး ရေခဲလုံး တစ်လုံးအဖြစ် အားပြင်းပြင်းဖြင့် ကျစ်ကျစ်လစ်လစ် ဆုပ်နယ်လိုက်သည်။
သူ့ဘေးမှာ ခေါ်ထားတဲ့ ရှောင်းမျိုးရိုးနဲ့ ကိုယ်ရံတော်ကိုလည်း အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်ဘူး။
ကိုယ်ရံတော်များသည် သူ အတော်ကြာသည်အထိ ပြန်မလာသည်ကို မြင်သောအခါ မြင်းစီးကာ လိုက်ရှာကြသည်။ သူ နှင်းထဲတွင် လဲလျောင်းနေသည်ကို တွေ့သောအခါ သူတို့သည် မြင်းပေါ်မှ ဆင်းကာ သတင်းပို့လိုက်ကြ၏။
"ကျူကျွင်း... ဝေ့သစ္စာဖောက်တွေက မြို့ရိုးအပြင်ဘက်မှာ ကျွန်တော်တို့ကို ထပ်ပြီး စိန်ခေါ်နေကြပြန်ပြီ"
ဖေစုန့် လုပ်ကြံခံရသည့်သတင်း ပျံ့နှံ့သွားကတည်းက တင်းကျိုးသည် တိုက်ပွဲများကို တောက်လျှောက် ရှောင်ရှားခဲ့သည်။
ယန်ယွင် ပြည်နယ်ဆယ့်ခြောက်ခုတွင် တပ်စွဲထားပြီး တိုင်းတပါး မျိုးနွယ်စုများနှင့်အတူ ဆယ်စုနှစ်တစ်ခုကျော် တိုက်ပွဲဝင်ခဲ့သော ဝေ့စစ်တပ်သည် ရက်စက်ကြမ်းကြုတ်ပြီး တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်နေခဲ့ပြီ ဖြစ်သည်။ ထိုသို့သော ပြင်းထန်သည့် အအေးဒဏ်က သူတို့အတွက် သာမန်မျှသာပင်။
ထို့အပြင် ဝေ့ချီရှန်းသည် အတွေ့အကြုံရှိပြီး ကောက်ကျစ်သော စစ်သူကြီးတစ်ဦး ဖြစ်သည်။ ဖေစုန့်က မမျှော်လင့်ထားသော နည်းဗျူဟာများကို အကြိမ်ကြိမ် အသုံးပြုခဲ့သော်လည်း သူသည် အကျိုးအမြတ် အနည်းငယ်မျှသာ ရရှိခဲ့ပြီး တည်ငြိမ်သော ကာကွယ်ရေးကို ထိန်းသိမ်းရန်သာ အာရုံစိုက်နိုင်ခဲ့သည်။
သို့သော် တောင်ပိုင်းရှိ ဖရိုဖရဲ အခြေအနေများကြောင့် စစ်မြေပြင်ရှိ မရေရာသော အခြေအနေက ကျိုးပျက်သွားခဲ့ပြီ။
ဖေစုန့်သည် ဒူးကိုအားပြုကာ ကိုယ်ကို မတ်လိုက်ပြီး ပြောလိုက်သည်။
"တိုက်ပွဲအတွက် ပြင်ဆင်ကြ"
နောက်ထပ် နွေဦးနှင်းများ မရောက်လာမီ တင်းကျိုး၏ နောက်ဆုံး ပိုင်ရှင်ကို ဆုံးဖြတ်ရန် လိုအပ်လေသည်။
___
ရှင်းကျိုး။
ထိုမိုးရွာသောညက လုပ်ကြံခံရမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်... ထိုအချိန်မှစ၍ ဝိန်းယွီသည် မိုးရွာသောနေ့များကို ဘယ်သောအခါမှ သိပ်မနှစ်သက်တော့ချေ။
သို့သော် နွေဦးမိုးက ရက်အတော်ကြာ တဖွဲဖွဲ ရွာသွန်းနေခဲ့ပြီး စစ်သားစုဆောင်းမှုကြောင့် မြို့ကို ပိတ်ဆို့ထားသဖြင့် သူတို့၏ ခရီးစဉ်က ရှောင်လွှဲမရဘဲ နှောင့်နှေးသွားခဲ့ရသည်။
ကံကောင်းသည့်အချက်မှာ ကိုယ်ပိုင် စစ်တပ်များရှိသော ပြည်နယ်များသည် မိုးရွာပြီးနောက် ထွက်လာသော မျှစ်များကဲ့သို့ ပေါ်ပေါက်လာခဲ့ခြင်းပင်။ အခြေအနေ ဆိုးရွားလာသည်ကို မြင်သောအခါ ရှင်းကျိုး အုပ်ချုပ်ရေးမှူးက အနီးနားရှိ ခရိုင်တချို့ကို လျင်မြန်စွာ သိမ်းပိုက်လိုက်သည်။
သို့သော် သူ၏ ကြီးထွားလာသော အာဏာကို ကြောက်ရွံ့သဖြင့် အိမ်နီးချင်း ပြည်နယ်များသည် ရှင်းကျိုး၏ ဩဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိရန် မကြာခင်မှာပင် ပူးပေါင်းလိုက်ကြတော့သည်။
လောလောဆယ်တွင် ရှင်းကျိုး အုပ်ချုပ်ရေးမှူးအနေဖြင့် ဖိန်ကျိုးကို ပစ်မှတ်ထားရန် အင်အားအပို မရှိနိုင်တော့ချေ။
ဝိန်းယွီသည် တည်းခိုခန်း၏ သစ်သားပန်းပု ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ရှိ ငှက်ပျောရွက်များကို ရိုက်ခတ်နေသော မိုးပေါက်များကို ငေးကြည့်နေလိုက်၏။
ရှောင်းလိက မိုးရေများ စိုရွှဲလျက် ဝင်လာချိန်တွင် တံခါးဆီမှ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ သူ၏ ဝတ်ရုံအောက်ခြေမှ ရေများ စီးကျနေပြီး သူ စုဆောင်းရရှိလာသော သတင်းများကို တင်ပြလိုက်၏။
"ရှင်းကျိုး အာဏာပိုင်တွေက ဒီနေရာမှာ မြို့ဖြတ်ကျော် စစ်သားစုဆောင်းမှုမှာ ပါဝင်ပတ်သက်သူတွေကို လိုက်ရှာနေကြတယ်။ ဒါပေမယ့် ကျောက်ယိုချိုက်က လည်တယ်။ ပြီးတော့ စုဆောင်းခံရတဲ့ သူတွေအများစုက ဒုက္ခသည်တွေလေ။ သူတို့က ဒုက္ခသည် လူအုပ်ထဲမှာ ပုန်းနေကြတော့ အာဏာပိုင်တွေက သူတို့ကို မဖမ်းနိုင်ဘူး"
"ဒါပေမယ့် သူ့လူတချို့က တခြား တောင်ပေါ်ခံတပ်တွေက ဓားပြတွေကို ပူးပေါင်းဖို့ စည်းရုံးဖို့ ကြိုးစားခဲ့ကြပြီး အဲ့ဒီဓားပြတွေက အာဏာပိုင်တွေဆီကို သတင်းပေါက်ကြားသွားစေခဲ့တယ်။ အခုတော့ ရှင်းကျိုး အစိုးရက ဒီစစ်သားစုဆောင်းမှုဟာ တိမ်ပြာခံတပ် သူပုန်တွေရဲ့ လက်စားချေမှုလို့ ယုံကြည်နေလောက်ပြီ"
ဝိန်းယွီက ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ ရှင်းကျိုး အုပ်ချုပ်ရေးမှူးက စစ်သားစုဆောင်းတာကို လှည့်ကွက်တစ်ခုအဖြစ် မြင်သွားရင်တောင် သူ့ကို ထိန်းချုပ်ထားပြီးသား ဖြစ်သွားပြီ။ ကျွန်မတို့ရဲ့ ရည်မှန်းချက်က အောင်မြင်သွားပြီပဲ"
သူမက စကားပြောနေရင်း မတ်တတ်ရပ်ကာ သန့်ရှင်းသော ချည်ထည်တစ်စကို ယူပြီး ရှောင်းလိကို ကမ်းပေးလိုက်သည်။ သူတို့ ထွက်ပြေးခဲ့ရသည့် မိုးရွာသောညက သူမကို ချီပိုးထားခဲ့ချိန်ကလိုပင် သူ ခေါင်းအစခြေအဆုံး ရေရွှဲနေသည်ကို မြင်သောအခါ သူမက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
"ရှင် တစ်ကိုယ်လုံး စိုရွှဲနေတာပဲ။ အရင်ဆုံး အဝတ်အစား လဲလိုက်ဦး။ တည်းခိုခန်းအကူကို ဂျင်းပြုတ်ရည် တစ်ပန်းကန် ယူလာပေးဖို့ ကျွန်မ ပြောလိုက်မယ်"
အာဏာပိုင်များသည် "မြို့ဖြတ်ကျော်" စစ်သားစုဆောင်းရေး ခေါင်းဆောင်များကို လိုက်လံရှာဖွေနေကြသည်။ ဖေစုန့် သေဆုံးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့နေပြီး သူ၏ ခွေးရူးများက သည်နေရာအထိ လိုက်လံရှာဖွေခြင်း မရှိတော့သဖြင့် ရှင်းကျိုး အစိုးရက ဝိန်းယွီ ရှိနေခြင်းကို စိုးရိမ်ပုံမပေါ်တော့ချေ။
ကျောက်ယိုချိုက် ခေါ်ဆောင်လာသော တိမ်ပြာခံတပ်၏ အကြွင်းအကျန်များက သူတို့၏ ရုပ်ဖျက်ထားသော ပုံစံများကို မြင်တွေ့ခဲ့ကြသည်။ ရှင်းကျိုး အာဏာပိုင်များက ပေးသော ကြီးမားလှသည့် ဆုငွေအတွက် သူတို့ထဲမှ တစ်ယောက်ယောက်က သစ္စာဖောက်ပြီး သူတို့ကို ဖော်ထုတ်မည်ကို တားဆီးရန် ရှင်းကျိုးမှ အဓိက ထွက်ပေါက်များကို ပိတ်ဆို့ထားသည့် ရက်များအတွင်း ဝိန်းယွီနှင့် ရှောင်းလိတို့က သူတို့၏ နဂိုအဝတ်အစားများကို ပြန်လည် ဝတ်ဆင်ခဲ့ကြသည်။ ဇနီးမောင်နှံအဖြစ် ဟန်ဆောင်ကာ သူတို့သည် ဤတည်းခိုခန်းတွင် တည်းခိုနေပြီး မြို့ထဲမှ ထွက်ခွာရန် အခွင့်အရေးကို စောင့်ဆိုင်းနေကြသည်။
ညဘက်တွင် ဝိန်းယွီက ကုတင်ပေါ်တွင် အိပ်ပြီး ရှောင်းလိက ကြမ်းပြင်ပေါ်ရှိ အိပ်ရာလိပ်ပေါ်တွင်သာ ဖြစ်သလို အိပ်ခဲ့ရ၏။
ဝိန်းယွီ ကမ်းပေးသော အဝတ်ကို သူက အခိုက်တန့် ကြောင်စီစီဖြင့် ကြည့်နေပြီးနောက် ခပ်ဖွဖွ ရယ်မောရင်း လက်ခံယူလိုက်သည်။ "ငါက အဲ့ဒီလောက် နုနယ်တဲ့သူ မဟုတ်ပါဘူး"
ဝိန်းယွီက သူ့ကို ကြည့်ရုံသာ ကြည့်ပြီး ပြောလိုက်သည်။
"ရှင်းကျိုး ပြန်ဖွင့်တာနဲ့ ကျွန်မ ဖိန်ကျိုးကို ထွက်ရမယ်။ ရှင်သာ ဖျားသွားရင် ကျွန်မတို့ခရီး နှောင့်နှေးသွားလိမ့်မယ်"
ထိုသို့ပြောပြီးနောက် သူမက လှည့်ထွက်လိုက်သည်။
ရှောင်းလိသည် လက်ထဲရှိ အဝတ်ကို ပွတ်သပ်လိုက်၏။ ရေတစ်ပေါက်က သူ၏ မေးရိုးမှတစ်ဆင့် လည်ပင်းသို့ စီးကျသွားပြီး ခပ်ရေးရေး မြင်နေရသော ကြံ့ခိုင်သည့် ညှပ်ရိုးလိုင်းများတစ်လျှောက် သူ၏ ဝတ်ရုံထဲသို့ နက်ရှိုင်းစွာ ပျောက်ကွယ်သွားတော့သည်။ ရုတ်တရက် သူက မေးလိုက်သည်။
"စစ်သားစုဆောင်းဖို့ ကျောက်ယိုချိုက်ကို မင်း ပေးလိုက်တဲ့ အလံလေ... အဲ့ဒီပေါ်က အမှတ်တံဆိပ်မှာ တခြား သီးသန့်အဓိပ္ပါယ် တစ်ခုခု ရှိနေလို့လား"
ဝိန်းယွီသည် ရုတ်တရက် ရပ်တန့်သွားပြီး သူ့ဘက်သို့ ပြန်လှည့်လာသည်။
"အဲ့ဒီအလံပေါ်က အမှတ်တံဆိပ် အကြောင်းကို တစ်ယောက်ယောက်က လာမေးနေလို့လား"
ရှောင်းလိက ခေါင်းညိတ်လိုက်၏။
"ငါ ဒီနေ့ ကျောက်ယိုချိုက်နဲ့ တွေ့ခဲ့တယ်။ ဒီရက်ပိုင်း ဒုက္ခသည်တွေထဲမှာ သိုင်းပညာ ကျွမ်းကျင်တဲ့သူတချို့က အဲ့ဒီအလံအကြောင်းကို လျှို့ဝှက် လိုက်မေးနေကြတယ်လို့ သူက ပြောတယ်"
အမှတ်တံဆိပ်နှင့် ပတ်သက်သည့်ပြဿနာကို သူ ချက်ချင်း ထောက်ပြနိုင်ခဲ့ခြင်းမှာ အဓိကအားဖြင့် ထိုအရာက ဝိန်းယွီ၏ လက်ကိုင်ပဝါများပေါ်တွင် သူမ၏ လက်မှတ်အဖြစ် ပန်းထိုးလေ့ရှိသော အမှတ်တံဆိပ်နှင့် အလွန် ဆင်တူနေသောကြောင့်ပင်။
ယခင်က ဝိန်းယွီ၏ သရုပ်မှန်ကို သတိမပြုမိခဲ့သဖြင့် ပန်းထိုးထားသော လက်ကိုင်ပဝါပေါ်ရှိ အမှတ်တံဆိပ်ကို သူ သိပ်ပြီး အရေးတယူ မတွေးခဲ့မိချေ။
သို့သော် ကျောက်ယိုချိုက်နှင့် အခြားသူများက ဒုက္ခသည်များကြားတွင် တရားဝင် စစ်သားစုဆောင်းခြင်း စတင်ပြီးနောက် ဝိန်းယွီက သူတို့၏ အလံပေါ်တွင် ထိုအမှတ်တံဆိပ်ကို ပန်းထိုးခိုင်းခဲ့သည်။ ယခု တစ်စုံတစ်ယောက်က လျှို့ဝှက်စွာ စုံစမ်းမေးမြန်းနေသည်ဆိုသောအခါ အရာအားလုံးက တိုက်ဆိုင်လွန်းနေသယောင်ပင်။
...