အခန်း ၅၄
Vol. 6 Ch. 54
အပိုင်း (၅၄)
လေပြင်းသည် ကြမ်းတမ်းစွာ တိုက်ခတ်နေပြီး တံစက်မြိတ်များကြားမှတစ်ဆင့် မိုးဖွဲများကို သယ်ဆောင်လာကာ တံခါးခုံများနှင့် သစ်သားပြတင်းပေါက်များကို စိုစွတ်သွားစေ၏။
ဝိန်းယွီသည် တိုက်ခတ်နေသောလေနှင့် မိုးဖွဲများကြားတွင် ကိုယ်ကို တစ်ဝက်လှည့်ကာ ရပ်နေပြီး သူမ၏ဝတ်ရုံက ကျက်သရေ အပြည့်ရှိလှသော ခန္ဓာကိုယ်လေးနှင့် တင်းကျပ်စွာ ကပ်နေလေသည်။ သူမ၏ ခါးစည်းကြိုးနှင့် ဆံနွယ်ရှည်များသည် လေထဲတွင် လွင့်ဝဲနေပြီး သူမ၏ ဘေးတိုက်မျက်နှာလေးသည် လမင်းကြီးနှယ် လင်းလက်တောက်ပနေ၏။ သို့သော် ရှောင်းလိကို လှမ်းကြည့်လိုက်သော သူမ၏ မျက်ဝန်းများကမူ မည်းနက်ပြီး နက်ရှိုင်းလှကာ မည်သည့် ခံစားချက်အရိပ်အယောင်ကိုမျှ မဖော်ပြဘဲ ဖုံးကွယ်ထားသည်။
သူမသည် စကားမပြောမီ ခဏတာ ရပ်တန့်သွားသယောင်။ "အလံပေါ်က အမှတ်တံဆိပ်က ချန်လျန်ဝမ်စံအိမ်တော်ရဲ့ လျှို့ဝှက်အမှတ်တံဆိပ်ကို နည်းနည်းလေး ပြုပြင်ထားတဲ့ ပုံစံပဲ။ အသေခံစစ်သည်တွေနဲ့ အဖေ့ရဲ့ နောက်လိုက်ဟောင်း တချို့လောက်ပဲ အဲ့ဒါကို မှတ်မိကြလိမ့်မယ်။ အခုရောက်လာတဲ့ လူတွေက ဖုန်းယန် ပုန်ကန်မှုအပြီးမှာ ကျွန်မ တောင်ပိုင်းကို ထွက်သွားတာကိုသိလို့ ဖိန်ကျိုးကို ကြိုပြီး ထွက်လာကြတဲ့ လက်အောက်ငယ်သားဟောင်းတွေ ဖြစ်နိုင်တယ်"
"ဒါပေမယ့် ကျွန်မတို့ လုံးဝတော့ သေချာမပြောနိုင်သေးဘူး။ ကျောက်ယိုချိုက်ကို အရင်ဆုံး တိတ်တိတ်လေး စောင့်ကြည့်ခိုင်းထားပြီး သူတို့ ဘယ်နှစ်ယောက် ရောက်နေလဲဆိုတာကို သိနိုင်မလား ကြည့်ရအောင်"
ရှောင်းလိသည် သူ့မျက်နှာပေါ်မှ မိုးရေများကို အဝတ်တစ်ခုဖြင့် သုတ်လိုက်ပြီး မေးလိုက်သည်။ "သူတို့ရဲ့ အထောက်အထားကို ငါတို့ ဘယ်လို စမ်းသပ်ကြမလဲ"
ဝိန်းယွီသည် ရေများ တတောက်တောက်ကျ နေဆဲဖြစ်သော သူ့ဆံပင်များကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။ "ဒီကိစ္စတွေက သေသေချာချာ စီစဉ်ဖို့ လိုတယ်။ ရှင် အဝတ်အစား အရင်လဲလိုက်ပါ"
သူမသည် တံခါးကို ပိတ်ကာ အောက်ထပ်သို့ ဆင်းသွားချိန်တွင် သူမ၏ စကတ်သည် တံခါးခုံကို ခပ်ဖွဖွလေး ပွတ်တိုက်သွားခဲ့သည်။
ရှောင်းလိသည် အဝတ်ဖြင့် လည်ဂုတ်ပေါ်မှ မိုးရေများကို ကြမ်းတမ်းစွာ သုတ်ပစ်လိုက်ပြီး သူမ၏ စကားများကို တွေးတောနေလိုက်၏။
ရှင်းကျိုးတွင် ဝိန်းယွီ၏ ဗျူဟာကျကျ လှုပ်ရှားမှုများကို မျက်မြင်တွေ့ရှိခဲ့ပြီးကတည်းက သူသည် သူမကို မြူထူများ ဖုံးလွှမ်းနေသော အဝေးက တောင်တန်းတစ်ခုနှယ် မြင်လာခဲ့သည်။ မည်မျှပင် အားထုတ်ပြီး ကြည့်ပါစေ သူသည် သူမကို ဘယ်တော့မှ ရှင်းလင်းစွာ မမြင်နိုင်ခဲ့ချေ။ သူမ၏ ဗဟုသုတကြွယ်ဝမှုနှင့် ဉာဏ်ပညာသည် သူ၏နားလည်နိုင်စွမ်းထက် များစွာ သာလွန်နေသည်။ အရာများစွာသည် သူမ ရှင်းပြပြီးမှသာ သူ့နားထဲတွင် သဘောပေါက်သွားလေ့ ရှိ၏။ သို့သော် သူမ မပြောဘဲ ချန်ထားခဲ့သော အရာများကိုပင် သူက နားလည်ချင်နေမိသည်။
သူမ၏ နောက်လိုက်ဟောင်းများနှင့် ပြန်လည် ဆုံတွေ့သွားသည်နှင့်တစ်ပြိုင်နက် သူမအနားတွင် သူတစ်ယောက်တည်း ရှိတော့မည် မဟုတ်ချေ။
ဤအတွေးက သူ့ကို အကြောင်းပြချက်မရှိဘဲ ဂနာမငြိမ် ဖြစ်ရစေသည်။ သူသည် စိုရွှဲနေသော အဝတ်အစားများကို ချွတ်လိုက်ချိန်တွင် အားအနည်းငယ် လွန်သွားသဖြင့် သူ့လက်မောင်းဆီမှ စူးရှသော နာကျင်မှုတစ်ခု ဖြတ်ပြေးသွား၏။ သူသည် ညာဘက်လက်မောင်းပေါ်ရှိ သွေးများပေကျံနေပြီး မိုးရေစိုနေသော ပတ်တီးကို တစ်ချက်ကြည့်လိုက်ကာ ဆွဲဖြဲလိုက်သည်။ ရေစိမ်ခံထားရသော ဒဏ်ရာသည် ဖြူရော်ပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဟနေကာ ဘေးပတ်လည်တွင် မှိန်ဖျော့နေသော အနာဖေးရာများကို တွေ့ရသည်။ ဤသည်မှာ အကြိမ်ကြိမ် ပြန်ကွဲထားကြောင်း သိသာလှ၏။ သို့သော် သူသည် နာကျင်မှုကို ဂရုစိုက်ဟန်မတူဘဲ ဒဏ်ရာပေါ်သို့ ဆေးမှုန့်များ မဖြူးခင်နှင့် ပတ်တီးအသစ်ဖြင့် မစည်းနှောင်ခင် ခန္ဓာကိုယ်ပေါ်မှ ရေစက်များကို ပေါ့ပေါ့ပါးပါးပင် သုတ်ပစ်လိုက်လေသည်။
___
ဝိန်းယွီသည် လွင့်စင်လာသော မိုးဖွဲများကြားတွင် သစ်သားစင်္ကြံလမ်းတစ်လျှောက် လျှောက်လှမ်းသွားပြီး မြူမိုးများကြားတွင် ဖုံးကွယ်နေသော အဝေးမှ မီးခိုးရောင်အုတ်ကြွပ်နှင့် နံရံဖြူ အိမ်လေးများကို အာရုံလွင့်ပါးစွာ ငေးကြည့်နေမိသည်။
သူမအနေဖြင့် တချို့ကိစ္စများကို ရှောင်းလိကို ဘယ်တော့မှ အသိပေးမည် မဟုတ်ဟု တွေးလိုက်၏။
ဥပမာအားဖြင့်__ သူသည် သူမကို လာရောက်ရှာဖွေသော နောက်လိုက်ဟောင်းများထက် သူမ၏ ယုံကြည်မှုကို ပိုပြီး ထိုက်တန်သူ ဖြစ်နေခြင်းပင်။
ပျက်စီးသွားသော ဝိန်းမျိုးနွယ်စုသည် သစ္စာစောင့်သိမှု (သို့မဟုတ်) တူညီသော အကျိုးစီးပွားကြောင့်သာ နောက်လိုက်များကို ဆွဲဆောင်နိုင်လိမ့်မည်။ သို့သော် သစ္စာစောင့်သိမှုဆိုသည်မှာ အားကိုးရန် အလွန် မရေရာသော အရာတစ်ခု ဖြစ်သည်။
ဝိန်းမိသားစု ပျက်စီးသွားခြင်းနှင့် အတိတ်က လျန်တော်ဝင်မိသားစုနှင့် ဆက်နွှယ်နေသော သူမ၏ သွေးကြောများကြောင့် သူမသည် ယခုအခါတွင် အမဲလိုက်ခံနေရသော သမင်တစ်ကောင် ဖြစ်နေပြီ။ ရှေ့သို့ လှမ်းရမည့် ခြေလှမ်းတိုင်းသည် ပါးလွှာသည့်ရေခဲပေါ်တွင် လမ်းလျှောက်နေရသလို ဖြစ်လိမ့်မည်။ သူမ အဖေ၏လက်အောက်ငယ်သားဟောင်းများ အားလုံးက လုံးဝ သစ္စာရှိသည်ဆိုလျှင်တောင် သူတို့၏ အထောက်အထား မသေချာမချင်း သူမသည် သူတို့ကို အဆင်အခြင်မဲ့ သွားရောက် မတွေ့ဆုံနိုင်ချေ။
သူမသည် တိုင်းပြည်ကို ပြန်လည်တည်ထောင်ရန်အတွက် သူတို့၏ မျှော်လင့်ချက် ဖြစ်သည်။ နောင်တစ်ချိန်တွင် သူမသည် သူတို့ကို ဦးဆောင်ကာ တာ့လျန်သို့ ပြန်သွားပြီး ထီးနန်းကို ဆက်ခံရလိမ့်မည်။ ထိုအာဏာရှိသော နေရာမှနေ၍ သူမသည် အားနည်းမှုနှင့် တည်ငြိမ်မှု အရိပ်အယောင် အားလုံးကို စွန့်ပယ်ပြီး သူတို့ အညံ့ခံနိုင်သော အုပ်ချုပ်သူတစ်ယောက် ဖြစ်လာရမည်။
ဒါပေမဲ့ ရှောင်းလိကရော... အဲ့ဒီအချိန်ကျရင် ငါ့နောက်ကို ဆက်လိုက်နေဦးမလား သိချင်မိသား။
သူ့အကြောင်း တွေးမိခြင်းက သူမ၏ ရင်ထဲတွင် ရှုပ်ထွေးလှသော ခံစားချက်မုန်တိုင်းများကို လှုပ်ခတ်သွားစေသည်။
လက်တွေ့ကျကျ စဉ်းစားကြည့်မည်ဆိုလျှင် သူ၏ သိုင်းပညာစွမ်းရည်များကြောင့် သူမသည် သူ့ကို တပ်သားအဖြစ် စုဆောင်းသင့်သည်။ သို့သော် သူမ၏ အနားတွင် သူ ရှိနေခြင်းက ကျော်ကြားမှုနှင့် စည်းစိမ်ဥစ္စာအတွက် မဟုတ်ကြောင်း သူမ သိထားသည်။ ပုဂ္ဂိုလ်ရေးအရ ကြည့်မည်ဆိုလျှင်လည်း အသက်အန္တရာယ်ရှိသော အခြေအနေများစွာကို အတူတကွ ဖြတ်သန်းခဲ့ရသဖြင့် သူသည် သူမ၏ အသက်သခင်ကျေးဇူးရှင် ဖြစ်သလို သူငယ်ချင်းတစ်ယောက်လည်း ဖြစ်သည်။ သူမသည် သူ့လိုလူမျိုးကို အနားတွင် ထားချင်သော်လည်း သူ့ကို ဤရွှံ့နွံထဲသို့ ဆွဲသွင်းခြင်းက သူ့ကို စစ်မြေပြင်သို့ လွှတ်လိုက်ခြင်းထက် ပိုလို့ပင် အန္တရာယ် များလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ အမှောင်ထဲက မြှားတစ်စင်းကို ရှောင်တိမ်းရတာထက် အလင်းထဲက လှံတစ်ချောင်းကို ရှောင်တိမ်းရတာက ပိုလွယ်ကူသည် မဟုတ်ပါလား။
မိုးရေစက်များသည် တံစက်မြိတ်မှ သစ်သားလက်ရန်းပေါ်သို့ တောက်ခနဲ အသံဖျော့ဖျော့လေး ထွက်ပေါ်ကာ ကျဆင်းနေ၏။
ဝိန်းယွီသည် အကြည့်ကို နှိမ့်ချလိုက်ပြီး တံစက်မြိတ်မှ ကျဆင်းလာသော နောက်ထပ် ရေစက်လေးကို ဖမ်းရန် သူမ၏ လက်ကို မြှောက်လိုက်သည်။ သူမက ဖြည်းညင်းစွာ ပြောလိုက်၏။
"ကျွန်မ ရှင့်ကို လက်လွှတ်လိုက်မှာပါ"
__
ဝိန်းယွီသည် တည်းခိုခန်း၏ မီးဖိုချောင်မှ ချင်းပြုတ်ရည်နှင့်အတူ ပြန်လာချိန်တွင် ရှောင်းလိသည် ဆံပင်များ စိုနေသေးသော်လည်း အဝတ်အစားများ လဲလှယ်ပြီးနေပြီ ဖြစ်သည်။ သူက တံခါးလာဖွင့်ပေးသောအခါ နောက်သို့ သပ်တင်ထားသော စိုနေသည့် ဆံပင်များက သူ၏ ကော်လာတစ်စိတ်တစ်ပိုင်းကို စိုစွတ်သွားစေခဲ့သည်။
အကြောင်းရင်းတစ်ခုခုကြောင့် သူ့မျက်နှာအမူအရာကလည်း မှိုင်းညှို့နေသော်လည်း သူမကို မြင်လိုက်ရချိန်တွင် အနည်းငယ် နူးညံ့သွားခဲ့သည်။
အခန်းထဲမှ သွေးနံ့သဲ့သဲ့ကို ရလိုက်ပြီး ထောင့်တွင် သူ ပစ်ချထားသော ပတ်တီးကို မြင်လိုက်ရသဖြင့် ဝိန်းယွီသည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ရှင် ဒဏ်ရာရထားတာလား"
ရှောင်းလိသည် သူမ၏ လက်ထဲမှ ချင်းပြုတ်ရည်ကို ယူလိုက်ပြီး ပြန်ဖြေလိုက်၏။
"ငါ့လက်မောင်းက အနာဟောင်း ပြန်ကွဲသွားတာပါ။ သိပ်အရေးကြီးတာ မဟုတ်ပါဘူး"
သို့သော် ဝိန်းယွီ၏ တွန့်ချိုးနေသော မျက်ခုံးများက ပြေလျော့မသွားခဲ့ချေ။
သူမသည် အစောပိုင်းက သူ ကျောက်တုံးကြီးကို မ လိုက်သည်ကိုရော၊ ဒီရက်ပိုင်း သူမကိုယ်စား သူ ခဏခဏ အပြင်ထွက်နေရသည်ကိုပါ ချက်ချင်း သတိရသွားသည်။
ဒဏ်ရာက သူ့ညာဘက်လက်မောင်းတွင် ဖြစ်ပြီး အခုထိ မကျက်သေးချေ။ သူ ဓားသုံးလိုက်တိုင်း၊ အားစိုက်လိုက်တိုင်း ဒဏ်ရာက ပြန်ကွဲသွားလောက်သည်။ ဒီအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် နာတာရှည် ပြဿနာများ ဖြစ်လာနိုင်ပေသည်။
သူမက မေးလိုက်၏။ "ရှင် ဆေးထည့်ပြီးပြီလား"
ရှောင်းလိသည် ချင်းပြုတ်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ပြောလိုက်သည်။ "လုပ်ပြီးပါပြီ"
သူ၏ စိုနေသော ဆံပင်များက တကယ်ပဲ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းနေပုံရပြီး နောက်ထပ် ရေစက်လေးတစ်ခုက သူ့မျက်ခွံပေါ်သို့ ကျဆင်းလာ၏။ သူသည် ဘယ်ဘက်လက်ဖြင့် ဆံပင်များကို စုကိုင်ကာ နောက်သို့ ထပ်သပ်တင်လိုက်ပြန်၏။
သူ အရင်တုန်းက သတိလစ်သွားသည်အထိ အဖျားတက်ခဲ့ဖူးသည်ကို သတိရသွားပြီး ဝိန်းယွီသည် သူ ထပ်ပြီး အအေးမိသွားမှာကို စိုးရိမ်သွားတော့သည်။ သူမက ပြောလိုက်သည်။
"ရှင့်ရဲ့ ဒဏ်ရာရနေတဲ့ လက်နဲ့ဆို ဆံပင်သုတ်ဖို့ အဆင်မပြေဘူးလေ။ ထိုင်လိုက်၊ ကျွန်မ သုတ်ပေးမယ်"
သူမက သူ့ကို စားပွဲတွင် ထိုင်ရန် တောင့်တင်းသော သူ့ပခုံးများကို ဖိချလိုက်ချိန်တွင် ရှောင်းလိ၏ မျက်နှာပေါ်ရှိ မှိုင်းညှို့နေမှုများမှာ သိသိသာသာပင် အေးခဲသွားတော့သည်။
အခန်းထဲတွင် သန့်ရှင်းသော မျက်နှာသုတ်ပုဝါများ မကျန်တော့ဘဲ သူတို့တွင် လဲစရာ အဝတ်အစား နှစ်စုံသာ ရှိသည်။ ရှောင်းလိက ရေစိုရွှဲစွာ ပြန်ရောက်လာပြီး သူ့အဝတ်အစားများကို သူ လဲလှယ်လိုက်သဖြင့် အထုပ်ထဲတွင် ဝိန်းယွီ ဝတ်ဆင်ထားခဲ့သော ယောကျ်ားလေး ဝတ်စုံတစ်စုံသာ ကျန်တော့သည်။
သူမသည် အတွင်းခံအင်္ကျီကို ယူကာ ရှောင်းလိ၏ ခေါင်းပေါ်တွင် လွှမ်းခြုံလိုက်ပြီး သူစိုနေသေးသော သူ့ဆံပင်များကို သုတ်ပေးလိုက်၏။
ရှောင်းလိက အရပ်ရှည်သည်။ ထိုင်နေလျှင်တောင် သူက သူမထက် သိပ်ပြီး မပုချေ။ ဝိန်းယွီသည် သူ့အရပ်အမောင်းကို ခန့်ညားသည်ဟု အမြဲ ခံစားခဲ့ရသော်လည်း ယခုတော့ သူ၏ မည်းနက်သော မျက်တောင်များကို တိတ်ဆိတ်စွာ အောက်ချထားပြီး တံတောင်ဆစ်များကို ဒူးပေါ်တွင် တင်ထားချိန်၌ သူသည် ခွေးကြီးတစ်ကောင်နှင့် အလွန်တူကာ ဖော်ပြရခက်သော နူးညံ့သိမ်မွေ့မှုကို ထုတ်လွှတ်နေလေသည်။
ချည်သားစဖြင့် ခြားထားသော သူမ၏ လက်ချောင်းလေးများသည် သူ၏ တစ်ဝက်တစ်ပျက် ခြောက်နေသော ဆံပင်များကို စုကိုင်ကာ ခပ်ဖွဖွလေး ပွတ်သပ်ပေးနေပြီး သူမ အိမ်မှာ တစ်ချိန်က မွေးထားဖူးသော ခွေးကြီး၏ အမွှေးများကို တကယ်ပဲ ပွတ်သပ်ပေးနေရသလိုလိုပင်။
ထိုအပြုအမူကြောင့် ရှောင်းလိသည် သူမကို မော့ကြည့်လာသည်။ စိုနေသော ဆံပင်တချို့က သူ့နဖူးပေါ်တွင် ဖရိုဖရဲ ကျနေပြီး သူ၏ ထင်ရှားကာ ချောမောလှသော မျက်နှာသွင်ပြင်က တိုင်းတပါးသား ယောကျ်ားများ၏ နက်ရှိုင်းပြီး လူမိုက်ဆန်ဆန် ဆွဲဆောင်မှုမျိုးကို အမှတ်ရစေသည်။
သို့သော် သူသည် သူ၏ အရိုင်းဆန်မှုနှင့် ရက်စက်မှု အားလုံးကို ထိန်းချုပ်ထားပြီး သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေရုံသာ ကြည့်နေ၏။
လမ်းဘေးက ကြမ်းတမ်းသော ခွေးလေခွေးလွင့် တစ်ကောင်ကို ကောက်ယူပြီး အရင်က တစ်ခါမှ မရဖူးသော ဂရုစိုက်မှုမျိုး ပေးလိုက်သကဲ့သို့ ဖြစ်နေပြီး ထိုအခိုက်အတန့်တွင် ထပ်ပြီး စွန့်ပစ်ခံရမည်ကို ကြောက်ရွံ့ကာ အစွယ်ကိုပင် မပြရဲသယောင် ရှိနေတော့သည်။
ဝိန်းယွီသည် သူမ၏ ရင်ထဲက နေရာတစ်ခုကို နူးညံ့သော အရာတစ်ခုက လာထိသွားသလို ခံစားလိုက်ရသည်။ စိုနေသော အဝတ်စပေါ်မှနေ၍ သူ့ခေါင်းကို ကိုင်ထားဆဲဖြစ်သော သူမ၏ လက်ချောင်းလေးများက ရပ်တန့်သွားပြီး သူမသည် သူ့ကို အသက်နှစ်ရှိုက်စာလောက် ပြန်လည်စိုက်ကြည့်နေမိသည်။
တံခါးခေါက်သံ ထွက်ပေါ်လာချိန်တွင် လေထုမှာ အနည်းငယ် ထူးဆန်းသွားတော့သည်။
ဝိန်းယွီသည် ကြောင်အမ်းနေရာမှ သတိပြန်ဝင်လာပြီး ရှောင်းလိ၏ ခေါင်းပေါ်တွင် အတွင်းခံအင်္ကျီကို လွှမ်းခြုံထားရက်သား ချန်ထားခဲ့ကာ တံခါးဖွင့်ရန် လျှောက်သွားလိုက်၏။
၎င်းမှာ တည်းခိုခန်းက အဝတ်လျှော်သည့် အမျိုးသမီး ဖြစ်ပြီး သူမက မျက်နှာလိုမျက်နှာရ ပြုံးကာ ပြောလိုက်သည်။ "သခင်မကြီး၊ စောစောက အဝတ်လျှော်စရာ ရှိတယ်လို့ ပြောခဲ့တယ်နော်။ ကျွန်မ အဲ့ဒါတွေ လာယူတာပါ"
ဝိန်းယွီသည် မီးဖိုချောင်သို့ ချင်းပြုတ်ရည် သွားယူစဉ်က ဤသို့ မှာကြားခဲ့သည်ကို သတိရသွားပြီး ပြောလိုက်သည်။ "ခဏလေး စောင့်ပါ"
သူမသည် အခန်းထဲသို့ ပြန်ဝင်လာပြီး ရှောင်းလိ ချွတ်ထားခဲ့သော စိုနေသည့် အဝတ်အစားများကို သွားယူလိုက်သည်။ အစပိုင်းတွင် သူ ဆံပင်သုတ်ရန် သုံးခဲ့သော အတွင်းခံအင်္ကျီကိုပါ ယူသွားရန် ရည်ရွယ်ခဲ့သော်လည်း ရှောင်းလိက ဆံပင်သုတ်ရန် ဆက်အသုံးပြုနေသည်ကို တွေ့လိုက်ရ၏။
အစေခံကို အကြာကြီး မစောင့်စေချင်သဖြင့် ဝိန်းယွီသည် သူ၏ စိုနေသော အဝတ်အစားများကိုသာ သူမထံသို့ ကမ်းပေးလိုက်သည်။
အစေခံ ထွက်သွားပြီးနောက် ရှောင်းလိက ပြောလိုက်၏။ "ဒီအင်္ကျီကို နောက်မှ ငါ မင်းအတွက် လျှော်ပေးမယ်"
ဝိန်းယွီက ပြန်ပြောလိုက်သည်။ "ရေစက်နည်းနည်းလောက်ပဲ ပေသွားတာပါ၊ ရပါတယ်"
ပြတင်းပေါက်အပြင်ဘက်မှ မရပ်မနား ရွာသွန်းနေသော မိုးသံများက လေထုထဲတွင် ပြည့်နှက်နေပြီး သူမသည် သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသောသူကို ငေးကြည့်ရင်း သူမ၏ ရင်ထဲက မုန်တိုင်းကို ခပ်ရေးရေး သတိပြုမိနေသည်။
ရှောင်းလိသည် သူမ စိုက်ကြည့်နေသည်ကို သတိထားမိသွားပြီး မေးလိုက်၏။ "ဘာဖြစ်လို့လဲ"
ဝိန်းယွီသည် မပြန်လာခင်က သူနှင့် ဆွေးနွေးရန် ရည်ရွယ်ထားခဲ့သော ကိစ္စကို ပြောလိုက်သည်။ "အခုကစပြီး ရှင် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"
ရှောင်းလိသည် ဆံပင်သုတ်နေသည်ကို ရပ်တန့်လိုက်ပြီး မျက်မှောင်ကို အနည်းငယ် ကြုတ်ကာ တိတ်ဆိတ်နေလိုက်၏။
ဝိန်းယွီက ပြောလိုက်သည်။ "ကျွန်မတို့တွေ ဖိန်ကျိုးနဲ့ နီးလာပြီ။ ရှေ့ဆက် စီစဉ်ဖို့အတွက် ရှင့်ရဲ့ အတွေးတွေကို ကျွန်မ နားလည်ဖို့ လိုတယ်။ အရင်က ရှင့်ကို ပြောခဲ့သလိုပဲ၊ နန်ချန်နဲ့ ကျွန်မရဲ့ နိုင်ငံရေး လက်ထပ်ပွဲက အကျိုးအမြတ်အတွက် မိတ်ဖက်လုပ်တာ သက်သက်ပါပဲ။ ရှင်က ကျွန်မနောက်ကို ဆက်လိုက်လာမယ်ဆိုရင် အရမ်း အန္တရာယ်များလိမ့်မယ်၊ ပြီးတော့ ရှင့်ရဲ့ လုံခြုံရေးကိုလည်း ကျွန်မ အာမမခံနိုင်ဘူး။ ဒါပေမယ့် ဖိန်ကျိုး အုပ်ချုပ်ရေးမှူးက ကျွန်မ အဖေ့အပေါ် သစ္စာရှိတယ်။ ရှင်သာ ဖိန်ကျိုးမှာ နေခဲ့မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ရှင့်ကို စောင့်ရှောက်ပေးဖို့နဲ့ ရှင့်လုံခြုံရေးကို သေချာစေဖို့ သူ့ကို ကျွန်မ အကူအညီတောင်းပေးလို့ ရတယ်"
ရှောင်းလိသည် တစ်ဝက်တစ်ပျက် စိုနေသော အတွင်းခံအင်္ကျီကို ဆုပ်ကိုင်ထားပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် လူမိုက်ဆန်ဆန် အပြုံးတစ်ခုကို ပြုံးကာ ပြောလိုက်သည်။ "ရွေးချယ်စရာကောင်းတစ်ခုလို့ ထင်ရတယ်။ ဖိန်ကျိုးကို မြင်ပြီးမှပဲ ငါ ဆုံးဖြတ်လိုက်မယ်"
ဝိန်းယွီသည် သူမ၏ မျက်တောင်ရှည်များကို ပင့်လိုက်ပြီး သူ့အဖြေကြောင့် အံ့အားသင့်သွားသယောင် ရှိသော်လည်း သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်၏။
ထိုညတွင် သူတို့နှစ်ယောက်လုံး ထူးထူးခြားခြား အိပ်ပျော်ရန် ခက်ခဲနေခဲ့ကြသည်။
ဝိန်းယွီသည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး နံရံဘက်သို့ လှည့်ထားသည်။ တည်းခိုခန်း၏ ခြင်ထောင်မှာ ပိတ်ပါးစဖြင့် ပြုလုပ်ထားသဖြင့် ကုလားကာများကို ချထားလျှင်တောင်မှ သူမသည် အတွင်းရှိ အရိပ်များကို ဝိုးတဝါး မြင်နိုင်လေသည်။
အခန်းထဲက စားပွဲကို ထောင့်သို့ ရွှေ့ထားပြီး ရှောင်းလိက နဂိုက စားပွဲကိုချထားသည့် ကြမ်းပြင်ပေါ်တွင် အိပ်ရာခင်းထားသည်။ ဘယ်ဘက်လက်မောင်းကို ခေါင်းအုံးလျက် သူသည် မှောင်မိုက်နေသော အခန်းထဲတွင် မျက်နှာကျက်ကို မည်းမှောင်စွာ စိုက်ကြည့်နေ၏။
အပြင်ဘက်တွင် တံစက်မြိတ်မှ ရံဖန်ရံခါ တောက်ခနဲ ကျဆင်းနေသော ရေစက်သံများနှင့်အတူ မိုးက မရပ်မနား ရွာသွန်းနေသည်။
သို့သော် သူ့ရင်ထဲတွင် မိုးရာသီည၏ ငြိမ်းချမ်းမှုမျိုး လုံးဝ မရှိခဲ့ချေ။ ပြီးခဲ့သည့် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အိပ်မက်ဆိုးနောက်ပိုင်း သူ ဖိနှိပ်ထားခဲ့သော အမှောင်ထုနှင့် ရက်စက်ကြမ်းကြုတ်မှုများသည် ထိန်းချုပ်မရအောင် တစ်ဖန် ပြန်လည် ပေါက်ဖွားလာခဲ့သည်။
သူမက သူ့ကို ထပ်ပြီး နှင်ထုတ်ရန် ကြိုးစားနေသည်ကို သူ သိနိုင်လေသည်။
သူမက သူ့အစီအစဉ်များကို သိချင်သည်ဟု ဆိုသော်လည်း သူမ၏ စကားများက သူ့အတွက် ရွေးချယ်မှုကို ပြုလုပ်ပေးပြီးသား ဖြစ်နေသည်။
ငါက သူ့အတွက် အသုံးဝင်တဲ့သူတစ်ယောက် ဖြစ်လာအောင် အရမ်း ကြိုးစားနေခဲ့တာလေ... ဘာလို့ သူက ငါ့ကို အခုထိ မလိုချင်သေးတာလဲ။
ငေးမောနေစဉ်အတွင်း သူသည် ကလေးဘဝသို့ ပြန်ရောက်သွားပြီး တန်ဖိုးမရှိသော အမှိုက်တစ်ခုလို ထပ်ခါတလဲလဲ စွန့်ပစ်ခံရသလို ခံစားလိုက်ရ၏။
ညမိုးသံများ ဆူညံနေသည့်ကြားတွင် နာကြည်းမှုနှင့် ဒေါသတို့က သူ၏ ရင်ထဲတွင် ပွတ်တိုက်မိပြီး ခါးသီးလှသော အမုန်းတရားကို နှိုးဆွလိုက်သည်။ မိမိကိုယ်ကို ထိန်းချုပ်ရန် သူ အစွမ်းကုန် ကြိုးစားသော်လည်း ပြင်းထန်သော အသက်ရှူသံ အနည်းငယ်က သူ့ထံမှ လွတ်ထွက်သွားခဲ့သည်။
ကုတင်ပေါ်တွင် နိုးနေဆဲဖြစ်သော ဝိန်းယွီသည် သူ၏ ပြင်းထန်သော အသက်ရှူသံများကို ကြားလိုက်ရပြီး သူ ထပ်ပြီး အဖျားတက်လာမည်ကို စိုးရိမ်သွားသည်။ သူမသည် တုံ့ဆိုင်းစွာဖြင့် လှမ်းခေါ်လိုက်၏။ "ရှောင်းလိ"
သို့သော် ကြမ်းပြင်ပေါ်တွင် အိပ်နေသူက ပြန်မထူးချေ။
သူ အဖျားတက်ပြီး သတိလစ်သွားမှာ စိုးရိမ်သဖြင့် ဝိန်းယွီသည် ပိတ်ပါးခြင်ထောင်ကို ဖယ်ကာ ဖိနပ်စီးပြီး လျှောက်သွားလိုက်သည်။
အခန်းက မှိန်နေသော်လည်း ပရိဘောဂများ၏ ပုံကြမ်းများကို သူမ မြင်နိုင်ဆဲ ဖြစ်သည်။ သူမသည် ရှောင်းလိ အိပ်နေသော စောင်ဘေးတွင် ဒူးထောက်ထိုင်လိုက်ပြီး သူ့နဖူးကို စမ်းရန် လက်လှမ်းလိုက်၏။
သူမသည် အဝတ်အစားများဖြင့်ပင် အိပ်ခဲ့သော်လည်း အလောတကြီး ထလာသဖြင့် သူမ၏ အပေါ်ဝတ်ရုံမှာ လျော့ရဲနေပြီး သူမကလည်း သေချာ ပြန်မပြင်ရသေးချေ။ သူမ လက်လှမ်းလိုက်ချိန်တွင် သူမ၏ ပိတ်ပါးအင်္ကျီ၏ ကျယ်ဝန်းသော အင်္ကျီလက်က ရှောင်းလိ၏ ပါးပြင်ကို ခပ်ဖွဖွလေး ပွတ်တိုက်သွားခဲ့သည်။
ဝိန်းယွီ ထလာပြီး အနားသို့ ရောက်လာချိန်တွင် ရှောင်းလိသည် ဆက်ပြီး အိပ်ချင်ယောင်ဆောင်နေလို့ မရတော့ကြောင်း သိလိုက်သည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ့ပါးပြင်ကို တစ်ခုခုက လာထိသွားသည်ကို ခံစားလိုက်ရသည် — ခပ်ဖျော့ဖျော့ အေးမြမှုနှင့်အတူ သူ၏ နှာခေါင်းထိပ်တွင် ရစ်ဝဲနေသော သိမ်မွေ့သည့် ရနံ့လေးတစ်ခုပင်။
ရှုပ်ထွေးလှသော ခံစားချက်မုန်တိုင်းများကြားတွင် ဤရနံ့လေးက သူ၏ အသိစိတ်ကို ရိုက်ချိုးပစ်လိုက်သော နောက်ဆုံး ကောက်ရိုးတစ်မျှင် ဖြစ်ပုံရသည်။
ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲတွင် ဘာတွေ ဖြတ်ပြေးသွားမှန်း သေချာ မသိခဲ့ချေ။ အလိုအလျောက် တုံ့ပြန်မှု၏ တွန်းအားပေးခံရသကဲ့သို့ သူသည် ထိုလက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သော်လည်း နောက်ထပ် ဘာမှ ဆက်မလုပ်ခဲ့ပေ။
လက်တစ်ဖက်ကို သူ့ခေါင်းအုံးဘေးတွင် ထောက်ထားဆဲဖြစ်သော ဝိန်းယွီသည် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော လက်ဖဝါးက ပြင်းထန်စွာ ပူလောင်နေသည်ကို ခံစားလိုက်ရ၏။ မျက်မှောင်ကြုတ်ကာ သူမက သူ့ကို လှမ်းခေါ်လိုက်သည်။
"ရှောင်းလိ။ ရှင် ဘာဖြစ်နေတာလဲ"
သူ၏ အနည်းငယ် ပြင်းထန်သော အသက်ရှူသံက မိုးရေကျသံများနှင့် ရောယှက်နေ၏။
အသက်အကြိမ်အနည်းငယ်မျှ ရှူသွင်းပြီးနောက်တွင် ရှောင်းလိသည် နောက်ဆုံးတွင် သူမ၏လက်ကို လွှတ်ပေးလိုက်ပြီး ထရပ်ကာ အပြင်သို့ ထွက်သွားရင်း ပြောလိုက်လေတော့သည်။
"ငါ အိပ်မက်ဆိုး မက်လို့ပါ။ မျက်နှာသွားသစ်လိုက်ဦးမယ်"
...