အခန်း ၅၇
Vol. 6 Ch. 57
အပိုင်း (၅၇)
လီရွှင်သည် ဖန့်ယွမ်နှင့် စစ်သည်တစ်စုကို တရားထိုင်ရာ ခြံဝင်းငယ်လေးတစ်ခုအတွင်း ခေတ္တအနားယူရန် စီစဉ်ပေးလိုက်၏။
ရှောင်းလိ ရောက်ရှိလာချိန်တွင် လီရွှင်က ပြောလိုက်သည်။
"မင်းသမီးက ရှောင်းသူရဲကောင်းနဲ့ ဆွေးနွေးစရာ ကိစ္စရှိနေပုံရတယ်။ ဘေးဘက် ခန်းမဆောင်က တရားထိုင်တဲ့ အခန်းကို သွားလိုက်ပါဦး”
ဝိန်းယွီက သူ့ကို တွေ့ချင်ရသည့် အကြောင်းအရင်းကို မသေချာသဖြင့် ရှောင်းလိ၏ စိတ်အစဉ်သည် ဗြောင်းဆန်နေခဲ့သည်။
စစ်သည်များ၏ အစောပိုင်းက စကားများသည် သူ့ရင်ဘတ်ထဲက သားရဲ၏ အစွယ်များက ဖောက်ထွက်လာတော့မည့်နှယ် ခံစားရစေခဲ့၏။ မနာလိုမှုနှင့် မှောင်မိုက်သော အတွေးများသည် သူ၏ စိတ်အစဉ်ကို လွှမ်းမိုးသွားခဲ့သည်။ တင်းကျပ်နေသော ဆင်ခြင်တုံတရား ကြိုးတစ်ချောင်းကသာ သူ၏ ပုံမှန်မဟုတ်သော အခြေအနေကို အခြားသူများ သတိမထားမိစေရန် ကာကွယ်ပေးထားလေသည်။
ဤစကားကို ကြားသောအခါ သူသည် အေးစက်စက် ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်၏။
ဝိန်းယွီသည် ဘုရားကျောင်းတွင် တည်းခိုစဉ်က ပစ္စည်းများကို သိမ်းဆည်းနေစဉ် အခန်းတံခါး ခေါက်သံများ ထွက်လာခဲ့သည်။ သူမက တည်ငြိမ်စွာ ပြောလိုက်သည်။
"ဝင်ခဲ့ပါ”
ရှောင်းလိသည် တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် စာအုပ်စင်ပေါ်တွင် ကျမ်းစာများကို နေရာချနေသည့် သူမကို တွေ့လိုက်ရ၏။ စာအုပ်များကို ယူရန် လှမ်းလိုက်စဉ် သူမ၏ ကျယ်ဝန်းသော ရွှေလိမ္မော်ရောင် နွေဦးအင်္ကျီလက်များသည် တံတောင်ဆစ်အထိ လျှောကျသွားပြီး ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်မောင်းများကို ပေါ်လွင်နေစေသည်။
သူမသည် မျက်လွှာချလျက် လက်ထဲရှိ ကျမ်းစာကို သေချာစွာ စစ်ဆေးနေလေသည်။ အနီးရှိ လွတ်နေသော စာအုပ်စင်တစ်ခုတွင်တော့ တွဲလောင်းကျနေသော နွယ်ပင်များမှ အဖြူရောင် ပန်းပွင့်များ ဖူးပွင့်နေသည့် ဆုတြာကြာပန်းအိုးတစ်အိုး ရှိနေ၏။ မှိန်ဖျော့နေသော အခန်းငယ်လေးအတွင်း သူမသည် အသက်ဝင်နေသော ပန်းချီကားတစ်ချပ်နှယ် ပေါ်လွင်နေသည်။
ရှောင်းလိသည် ခဏတာ ကြည့်လိုက်ပြီးနောက် ခုန်ပေါက်နေသော နှလုံးခုန်သံများကြားတွင် သူမကို မည်သို့ ခေါ်ရမည်ကို မသေချာသဖြင့် အကြည့်ကို လွှဲဖယ်လိုက်ကာ သူက ဟန်ဆောင်တည်ငြိမ်နေသော အသံဖြင့် မေးလိုက်သည်။ "ခိုင်းစရာရှိလို့လား”
ဝိန်းယွီသည် သူ့ကို မော့ကြည့်လိုက်သောအခါ အေးစက်စွာ မျက်လုံးချင်းဆုံရန် ရှောင်ဖယ်နေသည်ကို တွေ့လိုက်ရ၏။ သူမသည် အနည်းငယ် မျက်မှောင် ကြုတ်လိုက်ပြီး မေးလိုက်သည်။
"ရှင့်အတွက် ကျွန်မ ဆုံးဖြတ်ချက်ချပေးခဲ့တာကို ရှင် မကျေနပ်သေးဘူးလား”
ရှောင်းလိက ပြန်ဖြေလိုက်သည်။ "မဟုတ်ပါဘူး”
ဝိန်းယွီသည် ကျမ်းစာကို စာအုပ်စင်ပေါ် တင်ရန် မြှောက်လိုက်စဉ် သူမ၏ အင်္ကျီလက်သည် ပိုပြီး လျှောကျသွားခဲ့သည်။ တောင်ပေါ်တွင် တည်ဆောက်ထားသော ဘုရားကျောင်းသည် ဤဘေးဘက် အခန်းငယ်လေးကို တရားထိုင်ရန် အငွေ့အသက်အတွက် ကျောက်နံရံများဖြင့် ဒီဇိုင်းဆွဲထား၏။ စာအုပ်စင်သည် အပေါ်ထပ်က စာများကို မဖတ်နိုင်လောက်အောင် မှောင်မိုက်သော ထောင့်တစ်ခုတွင် တည်ရှိနေသည်။
ငှားရမ်းထားသော စာအုပ်များစွာကို နေရာပြန်ထားရန် ကျန်ရှိနေသေးသဖြင့် သူမက ရှောင်းလိကို ပြောလိုက်သည်။
"ကျွန်မကို မီးခွက်တစ်ခု ယူပေးပါ”
ရှောင်းလိသည် စားပွဲပေါ်မှ ကြေးမီးခွက်တစ်ခုကို ယူကာ မီးခြစ်ကျောက်ဖြင့် မီးညှိလိုက်ပြီး စာအုပ်စင်ဆီသို့ ယူဆောင်လာခဲ့သည်။
ဝိန်းယွီ၏ အနောက်ဘက် ခြေတစ်လှမ်းအကွာတွင် ရပ်နေစဉ် သူသည် ဘုရားကျောင်းခန်းမများဆီမှ ခပ်ဖျော့ဖျော့လေးရနေသော စန္ဒကူးပြာရနံ့နှင့် လရောင်အောက်ရှိ ကြာကန်များနှယ် ဖော်ပြ၍မရနိုင်သော အေးမြသည့် ရနံ့တစ်ခုကို ရလိုက်၏။ ၎င်းရနံ့မှာ သူမဆီကလား။ သို့တည်းမဟုတ် အနီးနားရှိ ပန်းများဆီကလား ဆိုသည်ကိုတော့ သူ မခွဲခြားနိုင်ခဲ့ချေ။
မီးခွက်၏ အဝါရောင် အလင်းရောင်အောက်တွင် ဝိန်းယွီသည် စာအုပ်များကို နေရာအလိုက် စနစ်တကျ ပြန်ထားလိုက်လေသည်။ သူမ၏ အနောက်ဘက်မှ မီးခွက်ကိုင်ထားသူကို သူမက တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
"အစိုးရငွေတွေကို ကြားဖြတ်တိုက်ခိုက်ဖို့အတွက် ဖန့်စစ်သူကြီးနဲ့အတူ ရှင့်ကို လိုက်သွားခိုင်းတာက ဖိန်ကျိုးကို မရောက်ခင်မှာ ရှင့်ရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုခံရစေဖို့ပါ။ ဒါက အဲ့ဒီမှာ ရှင် မြန်မြန် နေရာရဖို့ ကူညီပေးလိမ့်မယ်။ နောက်ပိုင်း ရှင် ဖိန်ကျိုးရဲ့ စစ်တပ်စခန်းကို ဝင်တဲ့အခါ ဖန့်စစ်သူကြီးနဲ့ ရှင့်ရဲ့ ဆက်ဆံရေးက အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်”
သူမသည် အနည်းငယ် ရပ်တန့်လိုက်ပြီး နောက်လှည့်ကြည့်လိုက်၏။ မျက်ဝန်းထောင့်များရှိ ပါးနီများကြောင့် ပိုပေါ်လွင်နေသော သူမ၏ ပုံမှန် နူးညံ့သည့် မျက်ဝန်းများသည် ယခုအခါတွင် သတိမထားမိဘဲ ဆွဲဆောင်မှုရှိသော မြင့်မြတ်မှုတစ်ခုကို ဆောင်ထားလေသည်။ သူမက မေးလိုက်သည်။
"ရှင် နားလည်ရဲ့လား”
ရှောင်းလိသည် သူ့လက်ထဲက ဆီမီးခွက်ဆီမှ တိုးပွားလာသော အပူရှိန်ကို ခံစားလိုက်ရသည်။ သို့တည်းမဟုတ် နေရာကျဉ်းနေသောကြောင့်လည်း ဖြစ်နိုင်ပေ၏။ ထိုဖော်ပြလို့မရနိုင်သည့် ခပ်ဖျော့ဖျော့ရနံ့သည် သူ့နှာခေါင်းထဲသို့ အဆက်မပြတ် လွင့်မျောလာခဲ့သည်။ ချွေးပါးပါးတစ်လွှာသည် လက်ဖဝါးများကို တဖြည်းဖြည်း စိုစွတ်လာစေခဲ့သည်။
ဝိန်းယွီ၏ အကြည့်နှင့် ဆုံတွေ့လိုက်ရချိန်တွင် ချိတ်တစ်ခုက သူ၏ ယားယံနေသော နှလုံးသားကြိုးများကို တိကျစွာ ချိတ်ဆွဲလိုက်သည့်နှယ် ခံစားလိုက်ရသည်။
လက်ဖဝါးထဲက ချွေးများက ပိုများလာခဲ့၏။ ကြေးမီးခွက် လက်ကိုင်ကို ဆုပ်ကိုင်ထားသော သူ့လက်ချောင်းများသည် အနည်းငယ် လျော့ရဲသွားပြီးနောက် ပြန်လည် တင်းကျပ်သွားခဲ့သည်။ ဝိန်းယွီ၏ စောင့်ကြည့်နေသော မျက်ဝန်းများအောက်တွင် သူသည် အေးစက်ပြီး တင်းမာသော မျက်နှာအမူအရာကို ထိန်းသိမ်းရန် အတင်းအကျပ် ကြိုးစားကာ ခေါင်းညိတ်ပြလိုက်သည်။
ဝိန်းယွီသည် စာအုပ်များကို နေရာဆက်ချရန် နောက်ပြန်လှည့်လိုက်ပြီး ပြောလိုက်သည်။
"အာဏာပါဝင်လာတဲ့အခါ အရာတော်တော်များများက ရှုပ်ထွေးသွားတတ်တယ်။ သစ္စာရှိမှုက တန်ဖိုးရှိပေမယ့် သစ္စာရှိမှု တစ်ခုတည်းနဲ့တော့ ခိုင်မာတဲ့ အင်အားတစ်ခုကို မစုစည်းနိုင်ဘူး။ ဒါကြောင့်ပဲ ဟန်ချက်ညီအောင် ထိန်းကျောင်းတဲ့အနုပညာ ဆိုတာ ရှိလာတာ။ အစတုန်းက ရှင့်ကို ဒီရှုပ်ထွေးတဲ့ ပြဿနာတွေထဲ မပါဝင်စေချင်ခဲ့ဘူး။ ကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်ဟောင်းတွေကို ရှာတွေ့ပြီးရင် ရှင့်ကို ခြံဝင်းတစ်ခုမှာ အေးအေးချမ်းချမ်း နေထိုင်သွားစေဖို့ပဲ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် လောကကြီးက အရမ်း ကြမ်းတမ်းလာခဲ့ပြီ— သာမန်ပြည်သူတွေ မပြောနဲ့၊ အရင်တုန်းက မှူးမတ်တွေနဲ့ တော်ဝင်မျိုးနွယ်တွေတောင်မှ စစ်ပွဲတွေရဲ့ ရှုပ်ထွေးမှုကြားမှာ အသက်တွေက မြက်ပင်တွေလို တန်ဖိုးမရှိ ဖြစ်နေကြပြီ။ လောကကြီးက မငြိမ်မသက် ဖြစ်နေသေးသရွေ့ ဘယ်နေရာကမှ ပဋိပက္ခ မီးတောက်တွေရန်ကနေ ထာဝရ ဘေးကင်းနိုင်မှာ မဟုတ်ဘူး”
ခရီးတစ်လျှောက်တွင် သူမ မြင်တွေ့ခဲ့ရသော ပျက်စီးနေသည့် မြေပြင်မြင်ကွင်းများကို ပြန်လည်စဉ်းစားမိသောအခါ သူမ၏ မျက်ဝန်းများသည် အနည်းငယ် မှေးမှိန်သွားခဲ့၏။
"ရှင် လျှောက်မယ့် လမ်းက ရှင့်ရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပဲ ဖြစ်သင့်တယ်..."
သူမ၏ လက်ထဲက ကျမ်းစာကို အပေါ်ဆုံး စာအုပ်စင်တွင် ထားရန် လိုအပ်နေသည်။ ဝိန်းယွီသည် အပေါ်သို့ လှမ်းလိုက်စဉ် စာအုပ်၏ ထောင့်တစ်နေရာကိုသာ စင်ပေါ်သို့ လှမ်းတင်နိုင်ခဲ့သည်။ သူမ၏ ကျယ်ဝန်းသော အင်္ကျီလက်အောက်မှ နှင်းကဲ့သို့ ဖြူဖွေးသော လက်မောင်း အများစုကို ပေါ်လွင်နေစေ၏။
မသင့်တော်သည်ကို သတိပြုမိသွားသဖြင့် သူမသည် လက်ကို ပြန်ရုပ်ရန် ပြင်လိုက်စဉ် သူမ၏ အနောက်ကလူသည် ရှေ့သို့ တိုးလာခဲ့သည်။ သူ၏ ရှည်လျားသော လက်မောင်းသည် အပေါ်သို့ လှမ်းတက်လာပြီး သူ၏ မြားအင်္ကျီလက်မှ ကြမ်းတမ်းသော အထည်သားသည် သူမ၏ လက်မောင်းအသားအရေကို ရှပ်ထိသွားခဲ့သည်။ သူ၏ သွယ်လျသေသပ်သော လက်ချောင်းများသည် စာအုပ်ကျောရိုးပေါ်တွင် နေရာယူလိုက်ပြီး စာအုပ်စင်ထဲသို့ အပြည့်အဝ တွန်းထည့်ပေးလိုက်လေသည်။
အထည်သားနှင့် ထိတွေ့မှုကြောင့် ဝိန်းယွီ၏ လက်မောင်းတစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားခဲ့၏။ ရုတ်တရက် လှုပ်ရှားမှုကြောင့် လန့်သွားသဖြင့် သူမသည် အလိုအလျောက် နောက်သို့ လှည့်ကြည့်လိုက်သည်။ သို့သော် သူမ၏ အနောက်ကလူသည် နောက်မဆုတ်သေးသည်ကို တွေ့လိုက်ရ၏။ သူ၏ အရပ်ရှည်သော ခန္ဓာကိုယ်ကြီးသည် သံတံတိုင်းကြီးတစ်ခုနှယ် ရပ်တည်နေပြီး ကျောက်နံရံကို ကပ်ထားသော စာအုပ်စင်နှင့် သူ့ရင်ဘတ်ကြားတွင် သူမကို ပိတ်လှောင်ထားလေသည်။
ပြတင်းပေါက်မှ လေပြေတစ်ချက်က သူ့လက်ထဲက ကြေးမီးခွက်ကို ငြိမ်းသွားစေခဲ့ပြီး တရားထိုင်ခန်းကို အမှောင်ထုထဲသို့ ကျရောက်သွားစေသည်။
သူမ၏ နှလုံးခုန်သံသည် တစ်ချက် ရပ်တန့်သွားခဲ့ပြီး တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း နောက်ဆုံးတော့ အာရုံခံမိသွားတော့၏။
အမှောင်ထုထဲတွင် နှစ်ယောက်လုံး စကားမပြောဖြစ်ကြဘဲ အသံတိတ် မတိုးသာမဆုတ်သာ အခြေအနေထဲတွင် ပိတ်မိနေသည့်နှယ်။ သူတို့၏ ရောယှက်နေသော အသက်ရှူသံများမှ မွေးဖွားလာသည့် မရေရာမှုသည် တိတ်ဆိတ်မှုထဲတွင် ပြန့်နှံ့ကာ ပိုသိပ်သည်းလာခဲ့လေသည်။
သူ့အသက်ရှူသံသည် ပြင်းထန်နေ၏။ ထိုကျဉ်းမြောင်းသော နေရာတွင် လေထုတစ်ခုတည်းကို အတူတူ ရှူရှိုက်နေရရုံဖြင့် ဝိန်းယွီကို အပူရှိန်ကို ဖြည်းညှင်းစွာ ခံစားလာရစေသည်။
သူမ၏ လက်တစ်ဖက်သည် အနောက်ဘက်ရှိ စာအုပ်စင်ကို ထောက်ထားဆဲ ဖြစ်သည်။ ချောင်ပိတ်ခံရကာ သားရဲတစ်ကောင်၏ စောင့်ကြည့်ခြင်းကို ခံနေရသည့် ခံစားချက်က မွေးရာပါ အန္တရာယ်ခံစားသိစိတ်ကို နှိုးဆွပေးလိုက်ပြီး သူမကို သတိမထားမိဘဲ နောက်သို့ မှီကျသွားစေခဲ့၏။ ဖရိုဖရဲ ဆံနွယ်များဖြင့် တန်ဆာဆင်ထားသော သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော လည်တိုင်လေးသည် အဖြူရောင် ပဒုမ္မာကြာပန်းတစ်ပွင့်နှင့် မတော်တဆ ပွတ်တိုက်မိသွားသည်။ ပန်းပွင့်ချပ်များ၏ အေးမြမှုက သူမကို ခေါင်းအနည်းငယ် စောင်းသွားစေပြီး သူမသည် ထိန်းချုပ်မရဘဲ တုန်ရီသွားခဲ့သည်။
အမှောင်ထုထဲတွင် ဝိန်းယွီသည် ရှောင်းလိ၏ မျက်နှာပေါ်ရှိ အမူအရာကို သဲကွဲစွာ မမြင်နိုင်ခဲ့ချေ။ သူသည် မျက်လွှာကို ချလိုက်ပြီး သူမ၏ နူးညံ့သော မျက်နှာအသွင်အပြင်များပေါ်ရှိ သိမ်မွေ့သော စိတ်ခံစားမှု ပြောင်းလဲမှုတိုင်းကို ခံစားနေမိ၏။
သူ့မျက်လုံးများသည် အနည်းငယ် ဟနေသော သူမ၏ အနီရောင် နှုတ်ခမ်းများပေါ်သို့ ဖြတ်သန်းသွားပြီး အံ့ဩမှင်တက်သွားခဲ့သည်။ ထို့နောက် အသက်ရှူလိုက်တိုင်း တုန်ခါနေကာ ဖြူဖျော့ပြီး အလင်းပေါက်လုနီးပါး ဖြစ်နေသော သူမ၏ လည်တိုင်ဆီသို့ လွင့်မျောသွား၏။ အရည်ပျော်နေသော ချော်ရည်များကဲ့သို့ လောင်ကျွမ်းနေသော အပူရှိန်တစ်ခုသည် သူ၏ မည်းနက်သော မျက်လုံးများထဲတွင် ဆူပွက်လို့နေသည်။ ချွေးသီးချွေးပေါက်များသည် သူ့နှာခေါင်းဖျားတွင် စို့တက်လာခဲ့၏။ သူသည် မာကျောသော ကြေးမီးခွက် လက်ကိုင်ကို ပုံပျက်သွားသည်အထိ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ဆင်ခြင်တုံတရား တစ်စွန်းတစ်စကို ပြန်လည်ရယူရန် ကိုယ့်ဟာကို အတင်းအကျပ် ကြိုးစားလိုက်၏။ သူက ပြောလိုက်သည်။ "ငါ လျှောက်ရမယ့် လမ်းက ဘာလဲဆိုတာ ငါ ကောင်းကောင်း သိပါတယ်”
ထို့နောက် သူသည် နောက်ပြန် ဆုတ်လိုက်သည်။
မမြင်ရသော ဖိအားနှင့် မွန်းကြပ်ဖွယ် အပူရှိန်သည် တစ်ခဏအတွင်း ဆုတ်ခွာသွားခဲ့၏။ ဝိန်းယွီသည် လွတ်လပ်စွာ ပြန်လည်အသက်ရှူနိုင်ပြီဟု ခံစားလိုက်ရလေသည်။ သူမသည် စာအုပ်စင်ကို မှီထားဆဲဖြစ်ပြီး သူမ၏မျက်တောင်ရှည်လေးများကို ချထားကာ သူ့ကို ကြည့်ရန် ရှောင်ဖယ်နေလိုက်ပြီး သူတို့သည် သည်လိုအနေခက်သော အခြေအနေထဲသို့ ရုတ်တရက် ကျရောက်သွားသည်ကို သတိမထားမိသယောင်။ သူမ၏ အသက်ရှူသံကို အနည်းငယ် တည်ငြိမ်အောင် လုပ်လိုက်ပြီးမှ သူမက ပြောလိုက်သည်။ "ဒါဆိုလည်း ကောင်းပါတယ်။ ကျွန်မ ဒီမှာ လုပ်စရာ ဘာမှ မရှိတော့ဘူး။ ရှင် ပြန်လို့ ရပါပြီ”
ရှောင်းလိ မလှုပ်ရှားရသေးခင်မှာပင် ခြံဝင်းအပြင်ဘက်မှ ကိုရင်လေးတစ်ပါး၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ဒါယိကာမ ရှိပါသလား။ ဒါယိကာမ တောင်ပေါ်က ထွက်ခွာတော့မယ်လို့ ကြားတဲ့အတွက် ဆရာတော်က အမှတ်တရ လက်ဆောင်လေးတစ်ခု ပြင်ဆင်ပေးထားပါတယ်”
ဝိန်းယွီသည် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး အရင်ဆုံး အပြင်ထွက်မည့် အခွင့်အရေးကို အသုံးချကာ ပြန်ဖြေလိုက်သည်။ "ကျွန်မ ရှိပါတယ်”
အပြင်ဘက်မှ စကားပြောသံများကို နားထောင်ရင်း ရှောင်းလိသည် အစောပိုင်းက ဝိန်းယွီ၏ လည်ပင်းကို ပွတ်တိုက်မိခဲ့သော အဖြူရောင် ပဒုမ္မာကြာပန်းဆီသို့ လှမ်းပင့်ကြည့်လိုက်သည်။ သူသည် လက်လှမ်းကာ ခူးယူလိုက်ပြီး လက်ထဲတွင် ကြေမွသွားအောင် ခြေမွကာ မျိုချလိုက်သည်။ ထို့နောက် အနောက်ဘက် ပြတင်းပေါက်ကို အားပြုကာ အပြင်သို့ တွယ်တက်ပြီး ထွက်ခွာသွားတော့သည်။
ဝိန်းယွီသည် ဗောဓိဘုရားကျောင်း ဆရာတော်ထံမှ လက်ဆောင်နှင့်အတူ အခန်းသို့ ပြန်ရောက်လာသောအခါ အခန်းထဲတွင် အနောက်ဘက် ပြတင်းပေါက်က ပွင့်နေသည့်ကလွဲလျှင် အခန်းက ရှင်းလင်းနေသည်ကို တွေ့လိုက်ရသည်။
သူမသည် သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်ပြီး ဆရာတော်၏ လက်ဆောင်ကို ချထားလိုက်သည်။ ထို့နောက် စာအုပ်စင်ဆီသို့ ထပ်မံကြည့်ရှုရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သာမန်ကြည့်ရှုခြင်းမှ စတင်ခဲ့သော်လည်း ပဒုမ္မာကြာပန်းတစ်ပွင့် ချိုးဖဲ့ခံထားရပြီး ၎င်း၏ ပြောင်ရှင်းနေသောပင်စည်မှာ သိသိသာသာ တွဲလောင်းကျနေသည်ကို တွေ့လိုက်ရသည်။
ဝိန်းယွီသည် အေးခဲသွားတော့၏။ ဘာဖြစ်သွားသည်ကို နားလည်လိုက်သောအခါ ဖုံးကွယ်ထားသော ဒေါသကြောင့်လား။ သို့တည်းမဟုတ် အခြားသော စိတ်ခံစားမှုတစ်ခုခုကြောင့်လား မသိရဘဲ သူမ၏ ပါးပြင်များသည် ရုတ်တရက် ပူနွေးလာခဲ့၏။
ထို့နောက် သူမ၏ မျက်မှောင်များသည် ပိုလို့ပင် တင်းကျပ်စွာ ကြုတ်သွားပြီး ပိုနက်ရှိုင်းသော ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။
သူမအပေါ်ထားရှိသော ရှောင်းလိ၏ ခံစားချက်များသည် ယခုအခါ ချိုးဖဲ့ခံလိုက်ရသည့် ပဒုမ္မာကြာပန်းပင်စည်ကဲ့သို့ အထင်အရှား ပေါ်လွင်နေလေသည်။
သူက... ငါ့ကို သဘောမကျသင့်ဘူးလေ။
တကယ်လို့ သူ သဘောကျခဲ့ရင်တောင် အဲ့ဒါကို သူ့ရဲ့ နှလုံးသားထဲမှာ အနက်ရှိုင်းဆုံး မြှုပ်နှံထားမှ ရမှာပေါ့။
ငါတို့ တောင်ကိုင်းကိုလာတဲ့ ခရီးတစ်လျှောက်လုံး ဂူထဲက အဲ့ဒီတစ်ညကလွဲရင် သူက သူ့ခံစားချက်တွေကို သေသေချာချာ ထိန်းချုပ်ထားနိုင်ခဲ့တာပဲ။ အခု ဘာဖြစ်သွားတာလဲ။
ဝိန်းယွီသည် လက်တစ်ဖက်ကို မြှောက်ကာ သူမ၏ နားထင်ကို ကိုင်လိုက်သည်။
ငါတို့က ဖိန်ကျိုးကို ဝင်တော့မှာ။ တစ်ယောက်ယောက်ကများ သူ့ရဲ့ အပြုအမူကို သတိထားမိသွားရင် သူ့အတွက် အန္တရာယ် ဖြစ်တာပဲ ရှိလိမ့်မယ်။
တာ့လျန်ရဲ့ အမတ်ဟောင်းတွေက သူ ငါ့အပေါ် မသင့်တော်တဲ့ အတွေးတွေ တွေးနေတာကို နည်းနည်းလေးတောင် သည်းခံခွင့်လွှတ်မှာ မဟုတ်ဘူး။
နန်ချန်နဲ့ ငါ့ရဲ့ လက်ထပ်ပွဲက နိုင်ငံရေး မဟာမိတ် ဖွဲ့တာပဲ ဖြစ်ပေမယ့် ချန်ဝမ်သာ သိသွားရင် သူက ရှောင်းလိရဲ့ အသက်ကို သေချာပေါက် ချမ်းသာပေးမှာ မဟုတ်ဘူး။
ဒါက ရှောင်းလိကို ဖိန်ကျိုးမှာပဲ ကျန်ခဲ့စေချင်တဲ့ အစပိုင်းက ငါ့မျှော်လင့်ချက်တွေထဲက အကြောင်းရင်း တစ်ခုပဲ။
တကယ်လို့ သူ ဖိန်ကျိုးမှာ နေခဲ့မယ်ဆိုရင် အချိန်တွေ ကြာလာတာနဲ့အမျှ သူက ငါ့ကို မေ့သွားပြီး သူ့ရဲ့ ကိုယ်ပိုင်ဘဝကို စတင်နိုင်လိမ့်မယ်။
ဒါပေမယ့် သူက ငါ့နောက်ကနေ နန်ချန်ကို လိုက်လာခဲ့မယ်ဆိုရင် အန္တရာယ် များရုံအပြင် ငါကလည်း သူ့ခံစားချက်တွေကို နည်းနည်းလေးတောင် တုံ့ပြန်ပေးနိုင်မှာ မဟုတ်ဘူး— ဒါကပဲ သူ့ကို နောက်ဆုတ်သွားအောင် လုပ်နိုင်လိမ့်မယ်။
ခဏတာ တွေးတောပြီးနောက် ဝိန်းယွီသည် သူမ၏ခါးတွင် မသင့်လျော်စွာ ချိတ်ဆွဲထားဆဲဖြစ်သော သစ်သား ငါးကြင်းရုပ်လေးဆီသို့ ငုံ့ကြည့်လိုက်ပြီး ၎င်းကို ဖြုတ်လိုက်၏။
ထွက်ပြေးနေတဲ့ အချိန်အတွင်းမှာ ငါတို့တွေ အသက်ရှင်ဖို့ တစ်ယောက်ကို တစ်ယောက် အားကိုးခဲ့ရတာ အချိန်အရမ်းကြာသွားလို့ နယ်နိမိတ်တွေ ဝေဝါးသွားပြီး အခုလို အခြေအနေမျိုး ဖြစ်လာတာလည်း ဖြစ်နိုင်ပါတယ်လေ။
ဒါပေမယ့် အရာအားလုံးက ဖြစ်သင့်တဲ့ ပုံစံအတိုင်း ပြန်ဖြစ်ရမယ်လေ။
တချို့အချိန်တွေမှာ ငါ့ရဲ့ စိတ်ပျော့နေရင် သူ့ကို ဒုက္ခပေးရုံပဲ ရှိတယ်။
—
ဖိန်ကျိုး၏ မြို့တော်သို့ ခရီးသွားရသော နှစ်ရက်တာ ကာလအတွင်း ဝိန်းယွီသည် ရှောင်းလိကို အလုပ်များအတွက် ထပ်မံ မခေါ်ယူတော့ချေ။ ထို့အစား သူမသည် ကိစ္စရပ်များအတွက် လီရွှင်နှင့် တိုင်ပင်ဆွေးနွေးခဲ့ပြီး သူက အခြားသူများထံသို့ ညွှန်ကြားချက်များကို ဆက်လက်ပေးပို့ခဲ့သည်။
သူမ၏ သိမ်မွေ့သော အလှမ်းဝေးသွားမှုကို အခြားသူများ သတိမထားမိကြသေးသော်လည်း ရှောင်းလိကတော့ ၎င်းကို ရှင်းလင်းစွာ ခံစားသိရှိနေခဲ့၏။
ဘုရားကျောင်းတွင် သူ၏ရဲတင်းမှုအပေါ် သူမက စိတ်ဆိုးနေသည်ဟု သူက မှတ်ယူခဲ့သည်။ ထိုစဉ်က သူသည် စိတ်လိုက်မာပါ ပြုမူခဲ့ကြောင်းကို သိရှိထားသဖြင့် သူမ၏ စီစဉ်မှုများကို တိတ်ဆိတ်စွာပင် လက်ခံလိုက်လေသည်။
သူတို့သည် ဒုက္ခသည်များထဲမှ စစ်သား ၅၀၀ နီးပါးကို စုဆောင်းခဲ့ကြသည်။ ထုန်ချန်ခရိုင် အုပ်ချုပ်ရေးမှူးကို ဝင်ရောက်စီးနင်းရန် ဤအဖွဲ့ကို သူတို့ ဦးဆောင်ခဲ့ချိန်တွင် ရှောင်းလိသည် သခင်အသစ်တစ်ဦးထံသို့ သစ္စာခံပြောင်းလဲသွားပြီဟု ကျောက်ယိုချိုက်နှင့် သူ၏လူများက အစပိုင်းတွင် ထင်မှတ်ခဲ့ကြ၏။ ထုန်ချန်ထက် များစွာ ပိုချမ်းသာကြွယ်ဝပြီး အင်အားကြီးမားသော ဒေသဖြစ်သည့် ဖိန်ကျိုးနှင့် ယခုအခါ သူတို့ ပူးပေါင်းနေပြီဖြစ်ကြောင်း သိရှိသွားသောအခါ အဓိကအားဖြင့် စားဝတ်နေရေးအတွက် စစ်တပ်ထဲ ဝင်ခဲ့ကြသော သူတို့သည် မေးခွန်းထုတ်စရာမလိုဘဲ သူ့နောက်သို့ လိုက်ခဲ့ကြသည်။
လမ်းခရီးတွင် လိုက်လံဖမ်းဆီးသော တပ်များနှင့် တိုက်ပွဲငယ်များ အကြိမ်ကြိမ် ဖြစ်ပွားပြီးနောက် အချို့မှာ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ကြသည်။ သို့သော် ကျန်ရစ်သူများ အားလုံးသည် ရှောင်းလိ၏ သိုင်းပညာစွမ်းရည်ကို မြင်တွေ့ခဲ့ရပြီး ယခုအခါတွင် သူ့ဦးဆောင်မှုကို မေးခွန်းမထုတ်ဘဲ လိုက်နာနေကြပြီ ဖြစ်သည်။ ဝိန်းယွီသည် စစ်သားများ အားလုံးကို ဖန့်ယွမ်အား တာဝန်ယူစေခဲ့သော်လည်း ဖန့်ယွမ်က သူ့နေရာကို ကောင်းစွာ နားလည်ထား၏။ သူသည် သူတို့ကို စစ်ဘက်ဆိုင်ရာ စည်းမျဉ်းများကိုသာ သင်ကြားပေးခဲ့ပြီး ဝိန်းယွီ၏အာဏာကို ဝင်ရောက်စွက်ဖက်ခြင်းဖြင့် ဘယ်တော့မှ စည်းမကျော်ခဲ့ချေ။
သူတို့၏ ခရီးစဉ်တစ်လျှောက်လုံးတွင် ရှောင်းလိသည် ဤဒုက္ခသည် တပ်သားသစ်အဖွဲ့ကို အပြည့်အဝ ယဉ်ပါးသွားအောင် လုပ်နိုင်ခဲ့သည်။
လျှာစောင်းထက်ပြီး ဖြတ်ထိုးဉာဏ်ကောင်းသည့် ကျောက်ယိုချိုက်သည် ဖိန်ကျိုးမှ ပုံမှန်စစ်သားများကို "ညီအစ်ကိုများ" ဟု ခေါ်ဝေါ်နေခဲ့သည်။ သူသည် ဖိန်ကျိုး စစ်တပ်စခန်းနှင့် ဖိန်ကျိုးမြို့အကြောင်း ယေဘုယျ အချက်အလက်များကို လိမ္မာပါးနပ်စွာ နှိုက်ယူနေခဲ့၏။ ထို့နောက် ဤအသေးစိတ်အချက်အလက်များကို ရှောင်းလိ၏ နားထဲတွင် လာရောက် တိုးတိုးလေး ပြောပြပြီး မျက်နှာလိုမျက်နှာရလည်း လုပ်တတ်သေးသည်။
ဤထောက်လှမ်းရေး သတင်းများကို ဆက်စပ်ကြည့်ပြီးနောက် ဖိန်ကျိုးမြို့ထဲတွင်ပင် မငြိမ်မသက်မှု လှိုင်းတံပိုးများ လှုပ်ခတ်နေကြောင်းကို ရှောင်းလိ နားလည်သွားခဲ့သည်။ ဝိန်းယွီက ဒေါသထွက်နေပြီး သူနှင့် အဆက်အသွယ် မလုပ်ချင်သော်လည်း သူတို့၏ ဆက်ဆံရေးကို ပြုပြင်ရန် အခွင့်အရေးတစ်ခုအနေဖြင့် အသုံးပြုကာ ဤကြီးလေးသော ကိစ္စရပ်များကို ဆွေးနွေးရန် သူမထံ ချဉ်းကပ်နိုင်မည်ဟု သူက တွေးတောလိုက်၏။
လီရွှင်နှင့် ဖန့်ယွမ်တို့ကဲ့သို့ အတူလိုက်ပါလာသော အရာရှိများသည် သူ့ကို ဝိန်းယွီ၏ ယုံကြည်ရသော လက်ထောက်အဖြစ် လက်ခံထားပြီး ဖြစ်သည်။ ထို့ကြောင့် သူမ၏ မြင်းလှည်းဆီသို့ သူ ချဉ်းကပ်သွားချိန်တွင် လီရွှင်က ဘေးတွင် ရပ်လျက် ခေါင်းငုံ့ကာ ဝိန်းယွီနှင့် စကားပြောနေသည့်တိုင်အောင် ဘယ်သူမှ သူ့ကို မတားဆီးခဲ့ကြချေ။
သို့ဖြစ်၍ လီရွှင်၏ စကားများသည် ရှောင်းလိ၏ နားထဲသို့ ရှင်းလင်းစွာ ကျရောက်သွားခဲ့လေသည်။
"မင်္ဂလာဆောင်ဖို့ လာခေါ်တဲ့ နန်ချန်က သံတမန်က လမ်းမှာ ရောက်နေပြီမို့လို့ ရက်အနည်းငယ်အတွင်းမှာ ဖိန်ကျိုးကို ရောက်လာသင့်ပါပြီ”
...