← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အပိုင်း (၅၈)

ဝိန်းယွီ၏သွယ်လျဖြူလျော်နေသော လက်က မြင်းလှည်း ခန်းဆီးကို တစ်ဝက်ခန့် ဖွင့်ထားသည်။ ရွှေချည်ထိုး ပိုးဖဲသား ခန်းဆီးစ အောက်ရှိ သူမ၏အေးစက်တည်ငြိမ်သော ‌ဘေးတစောင်း မျက်နှာလေးသည် နှင်းဖုံးနေသော တောင်ထွတ်များပေါ်မှ အေးစက်သော လမင်းတစ်စင်းနှင့် ဆင်တူနေတော့သည်။

သူမသည်လည်း အနီးတွင်ရောက်နေသည့် ရှောင်းလိကို လှမ်းမြင်လိုက်၏။ သူမ၏အကြည့်ကို အနည်းငယ် နှိမ့်ချလိုက်ပြီး လီရွှင်ကို ခပ်ဖွဖွ ခေါင်းညိတ်ပြကာ ပြောလိုက်၏။ "ကျွန်မ နားလည်ပါပြီ။ ဖိန်ကျိုးမြို့ထဲ ဝင်ပြီးမှ အားလုံးကို ဆွေးနွေးကြတာပေါ့"

လီရွှင်သည် လက်နှစ်ဖက်ကို ယှက်ကာ နောက်ဆုတ်သွားသည်။ ရှောင်းလိအနားမှ ဖြတ်သွားချိန်တွင် သူက ခေတ္တရပ်ကာ အရိုအသေပေး နှုတ်ဆက်လိုက်၏။

စိတ်လွင့်ကာ ဂနာမငြိမ်ဖြစ်နေသော ရှောင်းလိသည် ပြန်လည်နှုတ်ဆက်ရန်ပင် မေ့လျော့နေခဲ့လေသည်။ လီရွှင် ထွက်ခွာသွားပြီးနောက် သူသည် မြင်းလှည်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သော်လည်း သူ ရောက်လာရသည့် ရည်ရွယ်ချက်ကို တဒင်္ဂ မေ့သွားခဲ့၏။

ဝိန်းယွီကို မေးစရာ မေးခွန်းများစွာ ရှိနေသော်လည်း ဘုရားကျောင်းကိစ္စပြီးကတည်းက သူမက ခပ်ခွာခွာ နေခဲ့သဖြင့် သူက ရဲတင်းစွာ မလုပ်ဆောင်ဝံ့ခဲ့ချေ။ သူ့ရင်ထဲတွင် မရေမတွက်နိုင်သော ခံစားချက်များက ရောထွေးရှုပ်ထွေးနေသည်။ သို့တိုင်အောင် သူ ပြောထွက်ခဲ့သည့် စကားက တစ်ခွန်းသာ။

"နန်ချန်က သံတမန်တွေ ရောက်လာပြီလား"

ဝိန်းယွီသည် သူ့၏ထက်မြက်ပြီး ချောမောသော မျက်နှာသွင်ပြင်ကို ငေးကြည့်နေမိသည်။ အင်္ကျီလက်စအောက်ရှိ သူမ၏လက်ချောင်းများက မသိမသာ တင်းကြပ်သွားသော်လည်း သူမ၏မျက်နှာအမူအရာကတော့ လုံးဝ ပြောင်းလဲခြင်း မရှိခဲ့ချေ။ သူမက တိုးညှင်းစွာ ပြန်ဖြေလိုက်၏။ "အင်း"

ရှောင်းလိသည် မျက်လွှာချလိုက်ပြီး ခဏတာ တိတ်ဆိတ်သွားသည်။ နေရောင်ခြည်က သူ၏ဖြောင့်စင်းသော နှာတံတစ်လျှောက် အရိပ်များ ကျရောက်စေပြီး တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးများတွင် အေးစက်သော ဆုံးဖြတ်ချက်နှင့် အရိုင်းဆန်သော ပြင်းပြမှုတို့ ရှိနေသယောင်။ သူ၏လည်စလုတ်က လှုပ်ရှားသွားပြီး အက်ကွဲသောအသံဖြင့် မေးလိုက်၏။ "မင်း အရင်က ချန်ဝမ်ကို တွေ့ဖူးလား"

"သူက... ဘယ်လိုလူမျိုးလဲ"

ဝိန်းယွီသည် လွန်ခဲ့သော ၂နှစ်၊ သူမ အရွယ်ရောက်စအချိန်နှင့် ထိုစဉ်က နန်ချန် ရှီဇီသည် တန်ဖိုးကြီးမားသော လက်ဆောင်များနှင့်အတူ လက်ထပ်ခွင့်တောင်းရန် ရောက်လာခဲ့ချိန်ကို ပြန်လည်တွေးတောမိလိုက်သည်။ သူမ၏မျက်ဝန်းများသည် ရှေးဟောင်းရေတွင်းတစ်တွင်းနှင့် တူနေ၏။ နွေဦးနေရောင်ခြည် အလင်းတန်းများ ကျရောက်နေသည့်တိုင်အောင် ထိုမျက်ဝန်းများအတွင်းသို့ နွေးထွေးမှုကို မပေးစွမ်းနိုင်ခဲ့ချေ။ သူမက ပြောလိုက်သည်။

"ကျွန်မ သူ့ကို တွေ့ဖူးပါတယ်။ အဖေက သူ့ကို သဘောထားနူးညံ့တယ်၊ ရိုးသားဖြောင့်မတ်ပြီး ယဉ်ကျေးတယ်လို့ ချီးကျူးဖူးတယ်"

ရှောင်းလိသည် ခေါင်းညိတ်လိုက်သည်။ သူသည် ထိုနေရာတွင် မည်သို့ ဆက်နေရမည်ကို ရုတ်တရက် လမ်းပျောက်သွားသယောင်။ "အဲ့ဒါဆိုရင်လည်း ကောင်းတာပေါ့..."

သူသည် နောက်သို့ ခြေတစ်ဝက်ခန့် ဆုတ်လိုက်ပြီး တော်တော်လေး အောင့်သက်သက်ဖြင့် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သို့သော် ဝိန်းယွီက မေးလိုက်၏။ "ရှင်က ကျွန်မကို ပြောစရာရှိလို့ ရောက်လာတာလား"

ရှုပ်ထွေးပြီး ခါးသီးလှသော ခံစားချက်များကို ရုန်းကန်ဖြတ်သန်းရင်း ရှောင်းလိသည် ကျောက်ယိုချိုက် ပြောပြခဲ့သော သတင်းအချက်အလက်များကို ပြန်စဉ်းစားလိုက်ပြီး ပြောပြလိုက်တော့သည်။ "ကျောက်ယိုချိုက်တို့ စုံစမ်းသိရသလောက် ဖိန်ကျိုးကလည်း လုံးဝ ငြိမ်းချမ်းနေတာတော့ မဟုတ်ဘူး။ အထက်တန်းလွှာ မိသားစုတွေက စည်းစိမ်ဥစ္စာတွေကို ထိန်းချုပ်ထားပြီး သူတို့ရဲ့ နောက်ကွယ်မှာ ရှုပ်ထွေးတဲ့ ဩဇာလွှမ်းမိုးမှု ကွန်ရက်တွေ ရှိနေတယ်။ ဖိန်ကျိုး အာဏာပိုင်တွေက သူတို့ကို အပေါ်ယံလောက်ပဲ ဖိနှိပ်ထားနိုင်တယ်။ နောက်ကွယ်က ပွတ်တိုက်မှုတွေကတော့ ရှောင်လွှဲလို့ မရနိုင်ဘူး"

ဝိန်းယွီက ပြောလိုက်သည်။ "လီအုပ်ချုပ်ရေးမှူးက မြို့ရဲ့ အခြေအနေကို ကျွန်မကို ပြောပြပြီးပါပြီ။ ချန်အုပ်ချုပ်ရေးမှူးနဲ့ ဖန့်စစ်သူကြီးတို့ နှစ်ယောက်လုံးက တခြားကနေ ဒီကို စေလွှတ်ထားတဲ့ အရာရှိတွေပဲလေ။ တာ့လျန်နန်းတွင်းရဲ့ အထောက်အပံ့ မရှိတော့တဲ့အတွက် အဲ့ဒီ ဒေသခံအာဏာရှင်တွေက အဖွဲ့အစည်း အမျိုးမျိုးရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ပြန်ပြီး ဂနာမငြိမ် ဖြစ်နေကြတယ်။ အဲ့ဒီလို လူတွေက လေတိုက်ရာ ယိမ်းတတ်ကြတာပါ။ ဖိန်ကျိုးနဲ့ နန်ချန်ကြားက မဟာမိတ်ဖွဲ့တာ အတည်ပြုပြီးသွားရင် သူတို့တွေ ငြိမ်ကျသွားပါလိမ့်မယ်"

သူမသည် ရှောင်းလိကို ကြည့်လိုက်၏။ "ထုန်ချန်ကို သွားတဲ့ ဒီခရီးစဉ်မှာ ဖန့်စစ်သူကြီးနောက် လိုက်သွားရင်း ရှင် အများကြီး သင်ယူခဲ့ရပုံပဲ"

ရှောင်းလိ၏နှုတ်ခမ်းများက ပြုံးရန် ကြိုးစားသည့်နှယ် တွန့်ကွေးသွားသော်လည်း အပြုံးတစ်ခုမှ ထွက်ပေါ်မလာခဲ့ချေ။ နောက်ဆုံးတွင် သူသည် ခေါင်းညိတ်ရုံသာ ညိတ်ပြပြီး ပြောလိုက်သည်။ "မင်း သိနေရင် ရပါပြီ"

သူသည် လှည့်ထွက်လာခဲ့လိုက်၏။ ကျယ်ပြန့်သော ပခုံးနှင့် ရှည်လျားသော ခြေတံများရှိသည့် ထိုရုပ်သွင်က ယခင်အတိုင်းပင်။ သို့တိုင်အောင် ဖော်ပြ၍မရနိုင်သော ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ပျက်အားငယ်မှု အငွေ့အသက်များကို သယ်ဆောင်ထားလေသည်။

အရာအားလုံးက အမြဲတမ်း ဒီလိုပါပဲ။

ငါက အင်တိုက်အားတိုက် သင်ယူရတဲ့ အရာတွေကို သူ့အနားက လူတွေကတော့ အားစိုက်ထုတ်စရာမလိုဘဲ လွယ်လွယ်ကူကူနဲ့ ငါ လုပ်နိုင်တာထက် အများကြီး ပိုပြီး ကောင်းကောင်း လုပ်နိုင်ကြတယ်။

သူမှာ ဘယ်သူမှ မရှိတော့တဲ့အချိန် သူကို ကာကွယ်ဖို့ ငါ့အသက်ကို ပေးဆပ်တာကလွဲရင် သူ့ကို ဆက်နေဖို့ ဆွဲဆောင်နိုင်တဲ့ တခြား ဘာအရာများ ငါ့မှာ ရှိနေလို့လဲ။

ထိုဖော်ပြ၍မရနိုင်သော ခါးသီးမှုက ရှောင်းလိ၏လည်ချောင်းကို နောက်တစ်ကြိမ် တင်းကြပ်သွားစေပြီး သူ့နှလုံးသားကို နာကျင်စေကာ အသံကို အက်ကွဲသွားစေ၏။

သူသည် ရွှံ့နွံများထဲတွင် မွေးဖွားလာခဲ့သူ ဖြစ်သည်။ သူ၏ရှိသမျှ အရာအားလုံးကို ပေးဆပ်ခဲ့သော်လည်း သူ ပေးစွမ်းနိုင်သော အရာများက သူမ ပိုင်ဆိုင်ထားပြီးသား အရာများ၏အသေးအဖွဲလေး တစ်ခုနှင့် ယှဉ်လျှင်ပင် အလွန်တရာ ဖျော့တော့လွန်းလှသည်။

ငါလည်း ဩဇာအာဏာနဲ့ လွှမ်းမိုးမှုတွေကို လိုချင်ခဲ့တာပဲ။ ဖေစုန့်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ချန်ဝမ် ဒါမှမဟုတ် ဝေ့ချီရှန်းလို အထက်တန်းလွှာ တစ်ယောက် ဖြစ်လာဖို့ကိုလည်း တောင့်တခဲ့တယ်။ ဒါပေမယ့် ငါ့အတွက် ကြီးထွားလာဖို့ ပေးထားတဲ့ အချိန်က အရမ်းကို တိုတောင်းလွန်းနေတယ်။

အပြန်လမ်းတစ်လျှောက်တွင် ရှောင်းလိ၏မျက်နှာအမူအရာက အုံ့မှိုင်းနေဆဲပင်။ လမ်းတစ်လျှောက်က စစ်သည်များသည် အလိုအလျောက် ခပ်ခွာခွာ နေကြပြီး သူ့ကို မနှုတ်ဆက်ရဲကြချေ။

ရှောင်းလိသည် စကားတစ်ခွန်းမှ မဆိုဘဲ တောအုပ်ထဲသို့ တရွေ့ရွေ့ ဝင်သွားခဲ့လေသည်။ လက်မောင်းတစ်ဝက်ခန့် တုတ်သော သစ်ပင်တစ်ပင်ရှေ့တွင် သူ ရပ်တန့်လိုက်၏။ လက်သီးဖြင့် သစ်ပင်စည်ကို အားပါပါ ထိုးချလိုက်သည်။ ထို့နောက် သူ့မျက်လုံးများကို မှိတ်ထားလိုက်ရာ ထိုမျက်လုံးများအတွင်း၌ နီရဲသော ပြင်းထန်မှုများ တောက်လောင်နေလေသည်။ အချိန်အတော်ကြာမှသာ သူသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး နာကျင်မှုနှင့် ခါးသီးမှု အားလုံးကို အတင်းအကျပ် ဖိနှိပ်ထားလိုက်တော့သည်။

ဝိန်းယွီသည် ထွက်ခွာသွားသော ရှောင်းလိ၏ကျောပြင်ကို ငေးကြည့်နေခဲ့ပြီး မြင်းလှည်း ခန်းဆီးကို ကိုင်ထားသော သူမ၏လက်က မြှောက်ထားဆဲပင်။ ရှုပ်ထွေးသော ခံစားချက်ပေါင်းစုံက သူမ၏မျက်ဝန်းများအတွင်း ရစ်ဝဲနေ၏။

ထိုအခိုက်တန့်လေးတွင် သူမသည် သူ့ကို အလိုလို လှမ်းခေါ်ချင်သွားခဲ့သည်။

ဒါပေမယ့် ငါ သူ့ကို ခေါ်လိုက်ရင်ရော ဘာတွေများ ပြောနိုင်မှာလဲ။

နန်ချန်နဲ့ နိုင်ငံရေးအရ လက်ထပ်တာက ငါ့ကို ကာကွယ်ဖို့အတွက် အဖေ စီစဉ်ခဲ့တဲ့ ယာယီအစီအစဉ်တစ်ခုပါပဲလို့ ပြောရမှာလား။

ဒါပေမယ့် သူ့ကို ဖိန်ကျိုးမှာ ထားခဲ့ဖို့ ဆုံးဖြတ်ထားပြီးသားဆိုတော့ ဒီလိုစကားတွေ ပြောလိုက်တာက သူ့ကို မျှော်လင့်ချက်အမှားတွေ ပေးပြီး ဒီရှုပ်ထွေးတဲ့ ကစားပွဲကြီးထဲကို ဆွဲသွင်းသလိုပဲ ဖြစ်သွားမှာပေါ့။

ဝိန်းယွီသည် သူ့ကျောပြင် တောအုပ်ထဲသို့ ပျောက်ကွယ်သွားသည်အထိ တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့သည်။ နောက်ဆုံးတွင် သူမသည် ခန်းဆီးကို ချလိုက်လေသည်။ ပြတင်းပေါက်ဘောင်ပေါ်တွင် တံတောင်ဆစ်ကို တင်ထားပြီး သွယ်လျသော လက်ချောင်းများဖြင့် သူမ၏နဖူးကို ထောက်ထားလိုက်၏။ ဤလက်ထပ်ပွဲ၏မူလအစကို ပြန်လည်တွေးတောမိချိန်တွင် သူမ၏အကြည့်များက မှေးမှိန်သွားတော့သည်။

အဲဒီ အရင်းအမြစ်တွေက အောဝ်မိသားစုနဲ့ သက်ဆိုင်နေခဲ့တယ်။

ထိုအချိန်က သူမ၏အဖေနှင့် စစ်သေနာပတိချုပ်အောဝ်၏အဖွဲ့အစည်းကြားတွင် အာဏာလုပွဲများက ပိုမိုပြင်းထန်လာခဲ့သည်။ အောဝ်မိသားစုတွင် သားသမီးများစွာ ရှိသည်။ သူမအဖေ၏ဩဇာလွှမ်းမိုးမှု ကြီးထွားလာသည်နှင့်အမျှ စစ်သေနာပတိချုပ်အောဝ်သည် အပြန်အလှန် ပျက်စီးမည့်အရေးကို စွန့်စားမည့်အစား နန်းတွင်းဆွေမျိုးများအဖြစ် သူတို့၏အဆင့်အတန်းကို ခိုင်မာစေရန်အတွက် ချန်လျန်ဝမ်၏အိမ်တော်သို့ သမီးတစ်ယောက်ကို လက်ထပ်ပေးမည့် အကြံအစည်ကို ပြန်လည်အသက်သွင်းလာခဲ့သည်။

သို့သော် သူမ၏အစ်ကိုကြီးက လက်ထပ်ပြီးဖြစ်နေသည်။ သူမအဖေ ထီးနန်းမတက်မီ အောဝ်မိသားစုမှ သမီးတစ်ယောက်ကို သူမအစ်ကို၏မောင်းမအဖြစ် ထားရှိခြင်းက အရှုပ်တော်ပုံတစ်ခု ဖြစ်လာနိုင်ပေသည်။

အောဝ်မိသားစုက အပေးအယူတစ်ခုကို အဆိုပြုလာခဲ့သည်။ စစ်သေနာပတိချုပ်အောဝ်၏သားဖြစ်သူက သူမကို လက်ထပ်ခွင့်တောင်းပြီး အဖွဲ့အစည်း နှစ်ခုကြားက တင်းမာမှုများကို ယာယီဖြေလျှော့ရန်အတွက် သူမကို အောဝ်အိမ်တော်သို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။

သူမ၏အဖေက သဘာဝကျစွာပင် ငြင်းဆန်ခဲ့သည်။ စစ်သေနာပတိချုပ်အောဝ်၏သားသည် နန်းတွင်းနှင့် နန်းပြင်တွင်ပါ ရက်စက်မှုနှင့် ကာမဂုဏ် လိုက်စားမှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။ သူ့ကို လက်ထပ်ခြင်းက မီးတွင်းထဲသို့ ခုန်ချသလို ဖြစ်နေလိမ့်မည်။ သို့တိုင်အောင် အောဝ်အဖွဲ့သည် မယ်တော်ကြီး၊ ယခင်ဧကရာဇ်တို့နှင့် ပူးပေါင်းကာ သူမ၏အဖေကို ဖိအားပေးလာခဲ့ကြသည်။ မိဘများက ထိုအဆိုပြုချက်ကို ငြင်းဆန်လိုလျှင်ပင် ထိုအချိန်က ငြင်းဆန်ရန် ခက်ခဲနေခဲ့သည်။

ထိုအချိန်မှာပင် နန်ချန်က ချဉ်းကပ်လာခဲ့သည်။

ချန်ဝမ်ဘုရင်သည် နာမကျန်းဖြစ်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ နန်ချန်သည် အိမ်နီးချင်း မျိုးနွယ်စုများ၏ကျူးကျော်မှုများကို ခံစားနေရ၏။ ထို့အပြင် ဘုရင်အိုကြီးတွင် သားတော်များစွာရှိပြီး အားလုံးက ထီးနန်းအတွက် ပြင်းထန်စွာ ယှဉ်ပြိုင်နေကြသည်။ နန်ချန်ရှီဇီသည် ထီးနန်းဆက်ခံရေး ကြိုးပမ်းမှုတွင် ထင်ရှားသော အားသာချက် မရှိခဲ့ချေ။

သားဖြစ်သူအတွက် ထီးနန်းကို ခိုင်မာစေရန် ကြံရာမရ လောင်းကြေးထပ်သည့် အနေဖြင့် နန်ချန် မိဖုရားကြီးသည် သူ့ကို ဝိန်းယွီနှင့် လက်ထပ်ခွင့်တောင်းရန် ဆုံးဖြတ်ခဲ့လေသည်။

တာ့လျန်ပြည်ကြီး တည်ငြိမ်နေသရွေ့ ၎င်း၏နောက်ထပ် ဧကရာဇ်နှစ်ပါးမှာ ဝိန်းယွီ၏အဖေနှင့် အစ်ကိုတို့ ဖြစ်ပေလိမ့်မည်။ ချန်လျန်ဝမ်၏ တစ်ဦးတည်းသော သမီးအနေဖြင့် သူမ၏ နိုင်ငံရေးအဆင့်အတန်းသည် ထိုအချိန်က နန်းတော်တွင်းရှိ မည်သည့်ဘွဲ့ခံမင်းသမီးထက်မဆို များစွာ သာလွန်နေခဲ့သည်။

သူတို့၏ရိုးသားမှုကို ပြသရန် နန်ချန်သည် တန်ဖိုးကြီးမားလှသော စေ့စပ်လက်ဆောင်များကို ယူဆောင်လာခဲ့ရာ ယနေ့တိုင် သာမန်ပြည်သူများကြားတွင် ပြောစမှတ်ပြုနေကြဆဲပင်။ ထိုအထဲတွင် နတ်သမီးကဗျာကို ထွင်းထုထားသော လူတစ်ရပ်စာ အရွယ်အစားရှိ ကျောက်စိမ်းကန့်လန့်ကာမှာ အထင်ရှားဆုံး ဖြစ်လေသည်။

သမီးဖြစ်သူကို အဝေးသို့ ပို့ဆောင်ရခြင်းက ချန်လျန်ဝမ်နှင့် ကြင်ရာတော်တို့အတွက်လည်း ဆန္ဒမရှိသော ကိစ္စတစ်ခုပင်။ သို့တိုင်အောင် အခြားရွေးချယ်စရာက အောဝ်မိသားစု၏မီးတွင်းကြီးသာ ဖြစ်နေ၏။

သေသေချာချာ စဉ်းစားဆင်ခြင်ပြီးနောက် သူတို့သည် ဆိုးကျိုးပိုနည်းမည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။ နိုင်ငံရေးအရ လက်ထပ်ထိမ်းမြားရန် နန်ချန်နှင့် သဘောတူညီခဲ့ကြသည်။ နိုင်ငံနှစ်ခုစလုံး၏ အကျိုးစီးပွားကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ အောဝ်အဖွဲ့နှင့် မယ်တော်ကြီး၏ ကန့်ကွက်မှုများကို အောင်မြင်စွာ ဟန့်တားနိုင်ခဲ့ကြသည်။

ထိုနှစ်က နန်ချန်ရှီဇီ၏ အလည်အပတ်ခရီးတွင် နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိနေခဲ့သည်။ စစ်တပ် ငှားရမ်းရန်ပင်။

ပြည်တွင်းရေး အရှုပ်အထွေးများနှင့် ပြင်ပရန်သူများ၏ ခြိမ်းခြောက်မှုများကြားတွင် ထီးနန်းကို ခိုင်မာစေရန် တာ့လျန်ပြည်ကြီး၏ စစ်ရေးအကူအညီကို သူ လိုအပ်ခဲ့သည်။

ထိုအချိန်ကတည်းက ချန်လျန်ဝမ်သည် နန်ချန်ကို ပြန်လည်သိမ်းပိုက်ရန် စတင်စဉ်းစားနေခဲ့ပြီ ဖြစ်သည်။ အပေါ်ယံတွင်တော့ သူက နန်ချန်ကို ကူညီရန် စစ်သည် ၂သောင်း စေလွှတ်ခဲ့သော်လည်း အမှန်တကယ်တွင် ချန်လျန်ဝမ် အိမ်တော်မှ ကိုယ်ပိုင်စစ်သည် ၁သောင်း အပါအဝင် စစ်သည် ၃သောင်း ဖြစ်လေသည်။

သို့သော် ထိုကိုယ်ပိုင်စစ်သည် ၁သောင်းသည် နောက်ဆုံးတွင် တာ့လျန်သို့ ပြန်လည်ရုပ်သိမ်းလာမည် မဟုတ်ချေ။ ၎င်းအစား ဝိန်းယွီ၏တင်တောင်းရွှေငွေအဖြစ် အကြောင်းပြကာ နန်ချန်တွင် ဆက်လက်ကျန်ရစ်နေလိမ့်မည်။

မယ်တော်ကြီးနှင့် ရှီဇီတို့က သည်အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း နားလည်ထားကြသည်။ နောင်တစ်ချိန်တွင် ချန်လျန်ဝမ်က တိုင်းပြည်ထီးနန်းကို ရယူပြီး နန်ချန်ကို သိမ်းပိုက်ရန် ကြိုးစားလာပါက နန်ချန် အတွင်းတွင် အခိုင်အမာ တပ်စွဲထားသော ကိုယ်ပိုင်စစ်သည် ၁သောင်းသည် ယုံမှားသံသယ ဖြစ်ဖွယ်မရှိ ၎င်း၏အမာခံနေရာမှ ထိုးစိုက်လာမည့် ဓားမြှောင်တစ်လက် ဖြစ်လာပေလိမ့်မည်။

သို့တိုင်အောင် ထိုအချိန်က သူတို့တွင် ရွေးချယ်စရာ မရှိခဲ့ချေ။ တာ့လျန်၏အကူအညီသာ မရှိခဲ့လျှင် ထီးနန်းဆက်ခံရေး ယှဉ်ပြိုင်မှုတွင် ရှုံးနိမ့်ခြင်းက သားအမိနှစ်ယောက်အတွက် ချက်ချင်း သေဒဏ်ပေးခံရလိမ့်မည်။

နောက်ဆုံးတွင် သဘောတူညီချက် ရရှိသွားခဲ့သည်။ နန်ချန်ရှီဇီသည် ထီးနန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး ချန်ဘုရင်အသစ် ဖြစ်လာခဲ့သည်။

ယခင်မင်းဆက်များနှင့် မတူဘဲ တာ့လျန်ရှိ အမျိုးသမီးများကြားတွင် စောစီးစွာ လက်ထပ်ခြင်းသည် ခေတ်စားလေ့ မရှိချေ။ မိသားစုများက သမီးများကို အသက် ၂၀မတိုင်မီအထိ လက်မထပ်ဘဲ ထားရှိခြင်းသည် ထူးဆန်းသော ကိစ္စမဟုတ်ပေ။ ဝိန်းယွီ၏ ငယ်ရွယ်သော အသက်အရွယ်နှင့် နန်ချန်သို့ သွားရမည့် အကွာအဝေးကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ ချန်လျန်ဝမ်နှင့် ကြင်ရာတော်တို့က သမီးကို သူတို့အနားတွင် နောက်ထပ် နှစ်အနည်းငယ်လောက် ထားချင်သေးသည်ဟု ဆိုပြီး နန်ချန်နှင့် လက်ထပ်မည့်ကိစ္စကို အချိန်ဆွဲခဲ့ကြသည်။

ဤ ၂နှစ်တာ ကာလအတွင်း နန်ချန်နှင့် တာ့လျန်တို့သည် အပေါ်ယံတွင် သဟဇာတဖြစ်ဟန် ရှိသော်လည်း တည်ငြိမ်မှုအောက်တွင် ရေစီးကြောင်းများက လှုပ်ခတ်နေခဲ့သည်။

ဖေစုန့်သည် တာ့လျန်ပြည်ကြီးဆီသို့ ပထမဆုံး ထိုးစိုက်လာမည့် ဓားမြှောင်တစ်လက် ဖြစ်လာမည်ဟု ဘယ်သူမှ မျှော်လင့်မထားခဲ့ကြချေ။ ထိုအချိန်တွင် နန်ချန်ကတော့ မင်းသားအိမ်တော်မှ အကူအညီ တောင်းခံနိုင်သော အင်အားစုတစ်ခု ဖြစ်လာခဲ့သည်။

ဖုန်းယန် မကျဆုံးမီအချိန်ထိ ဖေစုန့် သို့မဟုတ် သူမ၏အဖေတို့ကြား မည်သူက အနိုင်ရမည်ကို ရှင်းလင်းစွာ မသိရသေးချေ။ မည်သို့ပင်ဖြစ်စေ တာ့လျန်ပြည်ကြီးသည် ခြေချောင်းတစ်ရာရှိသော ကင်းခြေများတစ်ကောင် ဖြစ်ပြီး သေဆုံးသွားသည့်တိုင်အောင် လှုပ်ရှားနေဆဲ ဖြစ်သည်။ ထို့ကြောင့် နန်ချန်သည်လည်း အလွယ်တကူ ဘက်မ‌ရွေးရဲခဲ့ချေ။

ထိုအချိန်က လက်ထပ်ရန် နန်ချန်သို့ သွားသော သူမ၏ခရီးစဉ်သည် ကိုယ့်သဘောဆန္ဒအရ အားနည်းချက်ကို ပြသလိုက်သည့် လုပ်ရပ်တစ်ခုပင်။ မည်သို့ပင်ဖြစ်စေ တာ့လျန် ရှုံးနိမ့်မည်ဟု ဘယ်သူမှ ပြတ်ပြတ်သားသား လောင်းကြေးမထပ်ရဲကြချေ။ အကယ်၍ တာ့လျန်သာ ပြန်လည်နာလန်ထူလာပါက အသည်းအသန် လက်စားချေမည်ကိုလည်း နန်ချန်က သတိထားနေပေလိမ့်မည်။ အလုံခြုံဆုံး ချဉ်းကပ်မှုကတော့ သူတို့အတွက် အကျိုးရှိမည့် အခြေအနေများကို အဆိုပြုပြီး ချန်လျန်ဝမ် အိမ်တော်ကို ဤအကျပ်အတည်းမှ ကျော်လွှားနိုင်ရန် စစ်တပ်များ စေလွှတ်ကူညီပေးခြင်းပင်။

ယခု တာ့လျန်ပြည်ကြီး ကျဆုံးသွားပြီ ဖြစ်ရာ ဖိန်ကျိုး၊ သစ္စာရှိ နောက်လိုက်ဟောင်းများနှင့် ပြည်မကြီးအပေါ် ဝိန်းမျိုးနွယ်စု၏ ရာစုနှစ်တစ်ခုကြာ အုပ်ချုပ်ခဲ့သော ဂုဏ်သိက္ခာ အကြွင်းအကျန်များသာ သူမ၏တစ်ခုတည်းသော စျေးဆစ်စရာ အခွင့်အရေးများ ဖြစ်တော့သည်။

အကယ်၍ နန်ချန်ကလည်း ပြည်မကြီးကို ကျူးကျော်ရန် ရည်မှန်းချက်များ ရှိနေမည်ဆိုပါက သူမနှင့် လက်ထပ်မဟာမိတ်ကို ဖြည့်ဆည်းခြင်း၊ သူမ၏ထိန်းချုပ်မှုအောက်ရှိ အင်အားစုများကို စုစည်းခြင်းနှင့် ဖေစုန့်ကို တိုက်ခိုက်မည်ဟူသော တရားမျှတသည့် ခေါင်းစဉ်အောက်တွင် စစ်ဆင်ရေးတစ်ခု စတင်ခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာမည်က ယုံမှားသံသယဖြစ်စရာမရှိချေ။

ဝိန်းယွီသည် နန်ချန်၏စစ်ရေးအင်အားကို အသုံးချနိုင်ရန်အတွက် အရာအားလုံးကို လောင်းကြေးထပ်နေရသည်။

အစကတည်းက ဒီလက်ထပ်ပွဲက အပြန်အလှန် အကျိုးစီးပွား တွက်ချက်မှုတစ်ခု သက်သက်သာ။

မြင်းလှည်းသည် နောက်တစ်ကြိမ် ပြန်လည် ထွက်ခွာသွားခဲ့သည်။ လေးလံသော အတွေးများဖြင့် ဝန်ပိနေသော ဝိန်းယွီသည် ခရီးစဉ်တစ်လျှောက် နေ့ဝက်ခန့် ထပ်မံစဉ်းစားနေခဲ့ပြီးနောက် နောက်ဆုံးတွင် ဖိန်ကျိုး၏ အဓိကမြို့တော်သို့ ရောက်ရှိသွားသည်။

သူတို့ ရောက်ရှိလာမည့် အကြောင်းကို မြို့ကို အကြောင်းကြားရန်အတွက် ဖန့်ယွမ်သည် တစ်နာရီစောပြီး သတင်းပို့သူ တစ်ယောက်ကို စေလွှတ်ထားခဲ့သည်။

မြင်းလှည်းနှင့် မြင်းရာချီ ပါဝင်သော ဝိန်းယွီ၏အခြံအရံများ ရောက်ရှိလာချိန်တွင် ဖိန်ကျိုး အုပ်ချုပ်ရေးမှူး ချန်ဝေ့သည် ဖိန်ကျိုး အရာရှိများ၊ ခိုလှုံရန် ရောက်ရှိလာကြသော အမတ်ဟောင်းများနှင့်အတူ မြို့တံခါးပြင်ပတွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။

ဝင်လုဆဲဆဲ နေဝန်းက အရိပ်များကို စွေစောင်းစွာ ကျရောက်စေသည်။ တရားဝင်လမ်းမကြီး၏အဆုံးရှိ တောင်တန်းများမှ လေများ တိုက်ခတ်လာပြီး မြို့တံခါးမျှော်စင်ပေါ်ရှိ အလံများကို ပြင်းထန်စွာ တဖျတ်ဖျတ် လွင့်နေစေသည်။

ဝိန်းယွီသည် တောက်ပနေသော နေဝင်ဆည်းဆာ အလင်းရောင်ကို နင်းဖြတ်ကာ မြင်းလှည်းပေါ်မှ ဆင်းလာခဲ့၏။ သူမ၏ပိုးဖဲဝတ်စုံပေါ်ရှိ ရွှေလိမ္မော်ရောင် ပိတ်ပါးလွှာက မိုးကုတ်စက်ဝိုင်းမှ ကျန်ရစ်နေသော နေရောင်ခြည်များ အားလုံးကို ဖမ်းယူထားသယောင်။ ၎င်း၏တောက်ပသော အလင်းရောင်က သူမကို ကောင်းကင်နှင့် မြေကြီးကြားရှိ ဒုတိယမြောက် နေမင်းနီကြီးတစ်စင်းနှယ် ပေါ်လွင်စေသည်။

ချန်ဝေ့သည် အလျင်အမြန်ပင် လူအုပ်ကြီးကို ဦးဆောင်ကာ ဦးညွှတ်လိုက်သည်။ "ကျွန်တော်မျိုးတို့က မင်းသမီးရဲ့ ဂုဏ်သရေရှိတဲ့ ကြွရောက်လာမှုကို ရိုသေလေးစားစွာ ကြိုဆိုပါတယ်"

မြင်းလှည်းရှေ့တွင် ရပ်နေသော ဝိန်းယွီ၏တွဲကျနေသည့် စကတ်အရှည်က သူမ၏မွေးရာပါ ကျက်သရေကို ပိုမိုပေါ်လွင်စေသည်။ လေပြေညင်းကတစ်ဆင့် လူတိုင်း၏နားထဲသို့ ရောက်ရှိလာသော သူမ၏အသံသည် နူးညံ့သော်လည်း အာဏာသံပါနေ၏။

"အရာရှိမင်းတို့ ဒီနေရာမှာ စောင့်နေရတာ ကြာရောပေါ့။ ကျေးဇူးပြုပြီး အမြန်ထကြပါ"

ထိုအခါမှသာ ချန်ဝေ့သည် လူအုပ်ကြီးကို မတ်တတ်ရပ်ရန် ဦးဆောင်လိုက်သည်။

ဝိန်းယွီက သူ့ကို "ဦးလေးချန်" ဟု ခေါ်လိုက်သဖြင့် ချန်ဝေ့၏မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။ သူက အလျင်အမြန် ပြောလိုက်၏။ "မင်းသမီး ခရီးရှည်ကြီးကနေ အရမ်း ပင်ပန်းနေလောက်ပြီ။ ကျေးဇူးပြုပြီး နေရာချထားဖို့နဲ့ အနားယူဖို့ မြို့ထဲကို အရင် ကြွပါ"

ဝိန်းယွီသည် ခေါင်းညိတ်လိုက်ပြီး မြင်းလှည်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

ယခင်က မင်းသား၏အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူပီပီ လီရွှင်သည် အခြားသူများထက် ပိုမိုရှုပ်ထွေးသော အတွေးများကို သဘာဝကျစွာ ပိုင်ဆိုင်ထားပြီး ကိစ္စရပ်များကို တည်ငြိမ်သော သတိရှိမှုဖြင့် အမြဲ ကိုင်တွယ်တတ်သည်။

ခရီးစဉ်အတွင်း ရှောင်းလိကို သူမအနီးတွင် ကပ်၍ မလိုက်ပါစေရန် ဝိန်းယွီ၏ဆုံးဖြတ်ချက်သည် မျက်နှာလိုက်မှုမရှိကြောင်း ပြသရန်ဖြစ်သည်ဟု သူ ယူဆထားသည်။ သူမက သူတို့ကို တန်းတူယုံကြည်ပြီး ဘဝနှင့် သေခြင်းတရား ရုန်းကန်မှုများကို ဖြတ်သန်းကာ သူမနောက်သို့ လိုက်ပါလာခဲ့ကြသော ယုံကြည်ရသူများကိုသာ မှီခိုမည်မဟုတ်ကြောင်း အရိပ်အမြွက်ပြခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် သခင်ဖြစ်သူက သူတို့၏စိုးရိမ်ပူပန်မှုများကို ဖြေလျှော့ပေးလိုသည်မှာ တစ်ပိုင်းဖြစ်သော်လည်း သူတို့သည် မင်းသမီး၏အတွင်းစည်းအဝိုင်းရှိ နေရာများကို အမှန်တကယ် ကျူးကျော်၍ မရနိုင်ချေ။ သို့မဟုတ်ပါက နောက်ပိုင်းတွင် သူမ၏ယုံကြည်ရသော လက်ထောက်များနှင့် ပဋိပက္ခများ ဖြစ်ပေါ်လာပါက အနီးကပ် တွဲဖက်လုပ်ကိုင်ရခြင်းသည် ရှောင်လွှဲမရနိုင်သော ပွတ်တိုက်မှုများကို ဖြစ်ပေါ်စေလိမ့်မည်။

ထို့ကြောင့် မြို့ထဲသို့ ဝင်ရောက်မည့် အစီအစဉ်ကို စီစဉ်ရာတွင် လီရွှင်သည် ရှောင်းလိကို ဝိန်းယွီ၏မြင်းလှည်းနောက်မှ အနီးကပ် မြင်းစီး၍ လိုက်ပါစေခဲ့သည်။ ဤနည်းဖြင့် မြို့ထဲရှိ အခြားအရာရှိဟောင်းများသည် ရှောင်းလိ၏အဆင့်အတန်းကို အသိအမှတ်ပြုကြပေလိမ့်မည်။

ဖေတပ်ဖွဲ့ထံမှ ထုန်ချန်အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခြင်းနှင့် သူ ယူဆောင်သွားသော ရတနာများနှင့် တရားဝင် ငွေများအားလုံးကို သိမ်းဆည်းခြင်းသည် ဖေစုန့်၏မျက်နှာကို ရိုက်ချလိုက်ခြင်းဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ ထို့ပြင် ၎င်းသည် ခမ်းနားကြီးကျယ်သော လူသိရှင်ကြားဖြစ်တည်မှုကို သဘာဝကျစွာ လိုအပ်လေသည်။

ပထမအချက်အနေဖြင့် ၎င်းသည် တာ့လျန် အရာရှိဟောင်းများကို ဝိန်းယွီ၏အရည်အချင်းများကို မြင်တွေ့ခွင့်ရစေပြီး သူတို့၏ယုံကြည်မှုကို မြှင့်တင်ပေးသည်။ ဒုတိယအချက်အနေဖြင့် ဖေစုန့် သို့မဟုတ် ဝေ့ချီရှန်းတို့နှင့် အဆက်အသွယ် ရယူထားပြီးဖြစ်သော မြို့ထဲရှိ မသမာသည့် အင်အားစုများကို ခြိမ်းခြောက်ရန် ဖြစ်သည်။

ဤကိစ္စများသည် ဝိန်းယွီထံမှ တိကျသော ညွှန်ကြားချက်များ မလိုအပ်ခဲ့ချေ။ လီရွှင်သည် ထိုကိစ္စများကို ဖန့်ယွမ်နှင့် ဆွေးနွေးပြီးဖြစ်သည်။ သူတို့သည် မြင်းလှည်းပေါ်ရှိ ငွေသေတ္တာများ၏အဖုံးများကို ဖွင့်ကာ မြို့ထဲသို့ သိသာထင်ရှားစွာ ဝင်ရောက်လာခဲ့ကြသဖြင့် ကြည့်ရှုသူ လူအုပ်ကြီးကို ဆွဲဆောင်နိုင်ခဲ့သည်။

သစ္စာခံရန် ရောက်ရှိလာကြသော အရာရှိဟောင်းများသည် အလွန်ဝမ်းမြောက်နေကြပြီး များစွာသော လူတို့သည် ဝိန်းယွီ၏ရဲရင့်မှုအတွက် ပျော်ရွှင်စွာ ငိုကြွေးနေခဲ့ကြသည်။ ထင်ရှားသော အထက်တန်းလွှာ မိသားစုများ၏မျိုးဆက်များ အများအပြား ပါဝင်သော ဖိန်ကျိုး ဒေသခံအရာရှိများကတော့ ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။ သွေးထိုးလှုံ့ဆော်မှုများကြောင့် အလျင်စလို ဘက်ရွေးခြင်းများ မပြုလုပ်သင့်တော့ကြောင်း ပိုမိုခံစားလာရသည်။

ရှောင်းလိသည် လမ်းတစ်လျှောက်ရှိ ပြည်သူများ၏ဩဘာပေးသံများကို နားထောင်ရင်း ဝိန်းယွီ၏မြင်းလှည်းဘေးမှ မြင်းစီးပြီး လိုက်ပါလာခဲ့၏။ မျက်လုံးထောင့်မှ တစ်ချက် အကဲခတ်လိုက်ရုံဖြင့် အတူလိုက်ပါလာသော အရာရှိများ အားလုံး၏မျက်နှာအမူအရာများကို သူ မြင်တွေ့နိုင်စွမ်း ရှိသည်။ သေသပ်လှပသော သူ၏လက်ချောင်းများက မြင်းဇက်ကြိုးကို ရုတ်တရက် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။

ထိုအခိုက်အတန့်တွင် ဝိန်းယွီ၏အစောပိုင်း ဗျူဟာသည် ပြင်းထန်သော လေဆင်နှာမောင်းနှင့်အတူ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။ ၎င်း၏ပစ်မှတ်က မရောက်နိုင်တော့မည့် အကွာအဝေးတွင် ရှိနေပြီဟု သူ ထင်မှတ်လိုက်ချိန်မှာပင် ၎င်းသည် ဟိန်းဟောက်နေသော လေပြင်းနှင့်အတူ နောက်သို့ တပတ်ပြန်လည်လာခဲ့သည်။

ရှင်းကျိုးတွင် စစ်သည်များ စုဆောင်းခြင်းနှင့် ထုန်ချန်၏တရားဝင် ငွေများကို သိမ်းယူခြင်းသည် သူမအစီအစဉ်၏နောက်ဆုံးအဆင့် ဖြစ်ကြောင်းကို ယခုအချိန်မှသာ သူ နားလည်သွားလေတော့သည်။

...

All Chapters