အခန်း ၆၀
Vol. 6 Ch. 60
အပိုင်း (၆၀)
ဝိန်းယွီသည် သူတို့၏ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုကို မသိရှိခဲ့ပေ။ ဖိန်ကျိုး၏ တည်ငြိမ်နေသော ရေပြင်က အနှောင့်အယှက်များဖြင့် မလှုပ်ခတ်ခင် သူမတွင် ဖြေရှင်းရမည့် ကိစ္စရပ်များစွာ ရှိနေသေး၏။
ထိုညက သူမ အိပ်မောကျသွားချိန်တွင် သူမ၏စိတ်ထဲ၌ လက်ရှိ အင်အားစု ၃ စုဖြစ်သော နန်ချန်၊ ဖေစုန့်နှင့် ဝေ့ချီရှန်းတို့၏ ဖြန့်ကျက်ထားမှုများနှင့် သူတို့၏ နောက်ထပ် ဖြစ်နိုင်ခြေရှိသော လှုပ်ရှားမှုများကို အကြိမ်ကြိမ် ပြန်လည် တွေးတောနေခဲ့သည်။ အခြေအနေများ မည်သို့ ပြောင်းလဲသွားနိုင်ကြောင်းနှင့် ထိုအင်အားစုများ၏ ဖြစ်နိုင်ခြေရှိသော ဆုံးဖြတ်ချက်တစ်ခုစီကို မည်သို့ တန်ပြန်တုံ့ပြန်ရမည်ကို သူမ စဉ်းစားနေခဲ့သည်။
နောက်တစ်နေ့နံနက်တွင် အစေခံမလေးက တံခါးကို တိတ်ဆိတ်စွာ တွန်းဖွင့်လိုက်ချိန်၌ ဝိန်းယွီက မျက်လုံးများကို ဖွင့်ထားပြီး ဖြစ်သည်။
အတွေးလွန်သွားသောကြောင့် ဖြစ်မည်။ သူမ၏ခေါင်းက အနည်းငယ် ကိုက်ခဲနေသေး၏။
ထိုညက သူမ တကယ် အိပ်ပျော်ခဲ့သလားဆိုတာကိုပင် သူမ ပြန်လည် မမှတ်မိနိုင်တော့ချေ။ မျက်နှာသစ်၊ အဝတ်အစားလဲပြီး နံနက်စာ စားပြီးနောက် ယမန်နေ့က သူမ တွေ့ဆုံရန် အချိန်မရခဲ့သော လျန်အမတ်များကို တွေ့ဆုံရန် အစိုးရရုံးတော်သို့ သွားရမည့် အချိန်ရောက်လာခဲ့သည်။
မထွက်ခွာခင် ဝိန်းယွီသည် ရှောင်းလိကို လူလွှတ်၍ ခေါ်လိုက်၏။
ဝိန်းယွီက ပြောလိုက်လေသည်။ "ဒီနေ့ ကျွန်မ ရှင့်ကို ချန်လူကြီးမင်းဆီ ထောက်ခံပေးမယ်။ ခရီးစဉ်မှာကတည်းက ရှင်က ဖန့်စစ်သူကြီးနဲ့ ရင်းနှီးပြီးသားဆိုတော့ စစ်တပ်ထဲ ဝင်လိုက်တာနဲ့ မြန်မြန် အသားကျသွားမှာပါ"
ဝိန်းယွီက စားပွဲငယ်လေးဘေးတွင် ထိုင်ကာ လက်တစ်ဖက်ဖြင့် သူမ၏နဖူးကို ထောက်ထားသည်။ သူမ၏အရှေ့တွင် တစ်ဝက်သာ စားရသေးသော နှင်းပန်းနှင့် မုယောစပါး ဆန်ပြုတ်ပန်းကန် တစ်လုံး ရှိနေ၏။ သူမ ကိစ္စရပ်များကို တွေးတောနေစဉ် သူမ၏ ရှည်လျားသော မျက်တောင်များက အနည်းငယ် နှိမ့်ကျနေပြီး ကျောက်စိမ်းကဲ့သို့ ချောမွေ့သော ဘေးတိုက်မျက်နှာသွင်ပြင်က ပုလဲနှင့် ပိုးသားများ၏ တောက်ပမှုအောက်တွင် ပိုမို နူးညံ့သွားသည့်နှယ်။ သို့သော် သူမ၏ ကျက်သရေရှိသော ဝတ်စားဆင်ယင်မှုများ ရှိနေလင့်ကစား သူမ၏ မျက်နှာအမူအရာတွင် ဖျော့တော့မှုနှင့် ပင်ပန်းနွမ်းနယ်မှု အနည်းငယ်က ကျန်ရစ်နေဆဲ ဖြစ်သည်။
ရှောင်းလိသည် နည်းနည်းမှ ချုပ်တည်းထားခြင်း မရှိဘဲ သူမကို တည့်တည့် စိုက်ကြည့်နေလိုက်သည်။ ထို့နောက် မေးလိုက်၏။ "မနေ့ညက မင်း ကောင်းကောင်း မအိပ်ရဘူးလား"
သူ့အမေးစကားက ရုတ်တရက် ဆန်လွန်းနေ၏။
ဝိန်းယွီသည် သူမ၏လက်ကို နားထင်တွင် ထောက်ထားဆဲဖြစ်ပြီး အနည်းငယ် နှိမ့်ချထားသော သူမ၏ မျက်လုံးများကိုသာ ပင့်ကြည့်လိုက်သည်။
ရှောင်းလိက ပြောလိုက်လေသည်။ "မင်း ပင်ပန်းနေပုံရတယ်"
ဝိန်းယွီက ပြန်ဖြေလိုက်၏။ "ခရီးရှည်ကြီးက ပင်ပန်းလွန်းလို့ပါ။ ကျွန်မ သိပ်ပြီး အသားမကျသေးလို့"
ရှောင်းလိသည် စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ သူမကိုသာ စောင့်ကြည့်နေလိုက်သည်။
အစေခံမလေးဆီမှ သတင်းကိုကို ရရှိပြီးနောက် ကျောင်းပိုင်သည် တံခါးဝတွင် ပေါ်လာခဲ့သည်။ အခန်းထဲရှိ အနည်းငယ် တင်းမာနေသော လေထုကို သတိထားမိလိုက်သဖြင့် သူမ၏ မျက်ခွံများက စိုးရိမ်တကြီး တုန်ခါသွားကာ လှမ်းနှုတ်ဆက်လိုက်၏။ "မင်းသမီး"
ဝိန်းယွီ၏ အကြည့်က သူမထံသို့ ရောက်ရှိသွားသည်။ ထို့နောက် ပြောလိုက်၏။ " ရောက်ပြီလား။ အစိုးရရုံးတော်ကို သွားကြမယ်"
ဝိန်းယွီသည် ကျက်သရေရှိစွာ ထရပ်လိုက်ပြီး ရှောင်းလိက သူမ၏အနောက် တစ်လှမ်းအကွာမှ လိုက်ပါလာခဲ့သည်။
မည်သည့်အရာမှ မှားယွင်းနေခြင်း မရှိသယောင်ပင်။
ဝိန်းယွီ အပြင်သို့ ထွက်သွားပြီးနောက် ကျောင်းပိုင်သည် ခြေတစ်ဝက်ခန့် နောက်ဆုတ်ကာ ရှောင်းလိနှင့် ယှဉ်လျှောက်လာခဲ့သည်။
ထက်မြက်သော အစွယ်များကို ပြန်လည်ရုပ်သိမ်းထားသယောင် ရှိသော်လည်း ငြင်းဆို၍မရနိုင်သော ဖိအားများကို ထုတ်လွှတ်နေဆဲဖြစ်သည့် ထိုအမျိုးသားကို သူမက တိတ်တဆိတ် အကဲခတ်ကြည့်လိုက်သည်။ စောစောက မင်းသမီးကို သူ ကြည့်နေခဲ့သည့်ပုံစံက လက်အောက်ငယ်သားတစ်ယောက်က မိမိ၏အထက်လူကြီးကို ကြည့်သင့်သည့်ပုံစံမျိုး မဟုတ်ဘူးဆိုသည့် ခံစားချက်ကို သူမ ဖယ်ရှားလို့ မရနိုင်ခဲ့ချေ။
ဒါပေမဲ့... သူမ တွေးနေသလိုတော့ သေချာပေါက် မဟုတ်နိုင်ပါဘူးလေ။
မင်းသမီးက ကိစ္စရပ်တွေကို ဒီလောက် တည်တည်ငြိမ်ငြိမ်နဲ့ ကိုင်တွယ်နိုင်တာပဲ။ တကယ်လို့ ဒီလူကသာ သစ္စာဖောက်ဖို့ ရည်ရွယ်ချက်တွေ ရှိနေမယ်ဆိုရင်တောင် အခု ဖိန်ကျိုးကို ရောက်နေပြီဆိုတော့ မင်းသမီးက သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေတော့ဘူးလေ။
—
အစိုးရရုံးတော်၏ ပင်မခန်းမဆောင်ကြီးထဲသို့ ဝိန်းယွီ ဝင်ရောက်လာချိန်တွင် ချန်ဝေ့က ဖိန်ကျိုး ဒေသခံ အရာရှိများနှင့် လျန်အမတ်ဟောင်းများနှင့်အတူ ထိုနေရာ၌ ရောက်ရှိနေပြီ ဖြစ်သည်။
ဝိန်းယွီသည် ဂုဏ်ထူးဆောင် နေရာတွင် ထိုင်ရန် ဖိတ်ကြားခံရပြီး ကျောင်းပိုင်နှင့် ရှောင်းလိတို့က သူမ၏ တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြ၏။
သူမက အရာရှိတစ်ဦးစီကို အလှည့်ကျ အသိအမှတ်ပြု နှုတ်ဆက်လိုက်ပြီး သူတို့၏ အတိတ်က အုပ်ချုပ်ရေးစွမ်းဆောင်ရည်များနှင့် ပတ်သက်ပြီး အကြမ်းဖျင်း နားလည်သဘောပေါက်သွားခဲ့သည်။
ရှင်းကျိုးတွင် သူမ အသုံးပြုခဲ့သော နည်းဗျူဟာဖြစ်သည့် ထုန်ချန်မှ စစ်သားစုဆောင်းရေး အရာရှိအဖြစ် ဟန်ဆောင်ခဲ့မှုသည့်ကိစ္စက ယမန်နေ့ သူမ မြို့တွင်းသို့ ရောက်ရှိလာပြီးနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့လေပြီ။ ယခုအခါ အမတ်များက သူမကို ပိုမြင့်မားသော လေးစားမှုများဖြင့် ရှုမြင်နေကြလေသည်။
သို့သော် စည်းမျဉ်းတိုင်းအတွက် ချွင်းချက်တစ်ခုတော့ အမြဲတမ်း ရှိနေတတ်၏။
ပိန်ချုံးနေပြီး မီးခိုးရောင် မုတ်ဆိတ်မွေးများနှင့် သက်ကြီးရွယ်အို တစ်ဦး စကားပြောလိုက်သည့် အခိုက်အတန့်တွင် ဝိန်းယွီက သူမ တိတ်တဆိတ် ကြောက်ရွံ့နေခဲ့သော ကိစ္စက နောက်ဆုံးတွင်တော့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိလိုက်လေသည်။
လီယောင်သည် ခန်းမကြမ်းပြင်ပေါ်သို့ သူ၏ တုတ်ကောက်ကို ဟိန်းထွက်သွားအောင် ဆောင့်လိုက်ပြီး ပြောလိုက်လေသည်။ "တည်ထောင်သူ ဧကရာဇ်က ဒီနိုင်ငံကို သိမ်းပိုက်တုန်းက ဒီအမတ်အိုကြီးက သူ့ဘေးမှာ ရှိနေခဲ့ပြီး အမြဲတမ်း ပွင့်ပွင့်လင်းလင်း သတိပေး အကြံပြုချက်တွေ ပေးခဲ့တယ်။ တာ့လျန်ပြည်ထောင်ကြီးကို တည်ထောင်ပြီးနောက်ပိုင်း တည်ထောင်သူ ဧကရာဇ်နဲ့ သဘောထား ကွဲလွဲခဲ့လို့ ဒေသခံ ရာထူးတွေကို ၁၅ နှစ်လောက် ပြောင်းရွှေ့ခံခဲ့ရဖူးတယ်။ ရှောင်ကျင်းဧကရာဇ် နန်းတက်လာတော့ ကျွန်တော့်ကို လော့ယန်ကို ပြန်ခေါ်ပြီး ကျုံးရှူးလင် ရာထူးတိုးပေးခဲ့တယ်။ ဒါပေမယ့် ဧကရာဇ်ရဲ့ အားနည်းမှုနဲ့ အင်အားကြီးမားတဲ့ မိခင်ဘက်က ဆွေမျိုးတွေကို မြင်ရတော့ ပြတ်သားမှုမရှိတဲ့ သူ့ပုံကို စိတ်ပျက်ပြီး နောက်ဆုံးမှာ ကျွန်တော် နုတ်ထွက်ခဲ့တယ်။ နန်းတွင်းကနေ ထွက်လာခဲ့တာ ၆ နှစ်ရှိသွားပြီး သာမန် လယ်သမားတစ်ယောက်လို နေထိုင်ဖို့ ရည်ရွယ်ခဲ့တာ။ ရှီဇီနဲ့အတူ ကျွန်တော့်ရဲ့ နှိမ့်ချတဲ့ အိမ်လေးဆီကို အကြိမ်ကြိမ် လာရောက်ပြီး နန်းတွင်းကို ပြန်လာဖို့ တောင်းဆိုခဲ့တာကတော့ ဝမ်ရယ်ပါပဲ။ သူတို့ရဲ့ ရိုးသားမှုကြောင့် စိတ်လှုပ်ရှားခဲ့ရပေမယ့် အစိုးရအလုပ်ထဲ ပြန်ဝင်ဖို့ ဆန္ဒမရှိခဲ့လို့ ဝမ်ရယ်ရဲ့ အိမ်တော်မှာ အကြံပေးအဖြစ် ဝင်ရောက်ခဲ့တယ်။ အခု ဝမ်ရယ်ရဲ့ သွေးသားက ဒီလောကမှာ အသက်ရှင်ကျန်ရစ်သေးတာကို မြင်ရတော့ ဒီနှလုံးသားအိုကြီးက တော်တော်လေးကို နှစ်သိမ့်မှု ရသွားပါတယ်"
လျန်ချန်ကျူးနှင့် ချန်လျန်ဝမ် နှစ်ဦးစလုံးကို ရည်ညွှန်းပြောဆိုခြင်းဖြင့် တက်ရောက်လာသော အမတ်တိုင်းက လီယောင်၏ ရပ်တည်ချက်ကို ခွဲခြားသိမြင်နိုင်ကြသည်။
သူ၏ သစ္စာစောင့်သိမှုက ဝိန်းယွီကိုယ်တိုင်အပေါ်မှာ မဟုတ်ဘဲ သူမ၏ သွေးသားအပေါ်တွင်သာ ဖြစ်ကြောင်း ရှင်းလင်းလှ၏။ ထို့အပြင် ကလဲ့စားချေမည့် အစီအစဉ်ကြီးနှင့် ပတ်သက်ပြီးလည်း သူသည် ဝိန်းယွီကို သူ၏ ခေါင်းဆောင်အဖြစ် သတ်မှတ်မည့် ရည်ရွယ်ချက် လုံးဝ မပြသဘဲ ဝိန်းယွီကသာ သူ၏ အကြံပေးချက်ကို လိုက်နာသင့်ကြောင်း အရိပ်အမြွက် ပြဆိုနေလေသည်။
အောက်ဘက်ရှိ အချို့သော အရာရှိများက ဝိန်းယွီထံသို့ သတိဖြင့် လှမ်းကြည့်လိုက်ကြသည်။
ရှောင်းလိသည် ဝိန်းယွီ၏ ဘယ်ဘက်တွင် ရပ်နေ၏။ အဘိုးအို၏ စကားများထဲတွင် သိမ်မွေ့သော ဝေဖန်မှုများကို သူ သိပ်မတွေ့ရသော်လည်း သက်ကြီးရွယ်အို၏ သဘောထားက သူပြောဆိုနေသည့်အတိုင်း လေးစားမှု အပြည့်မရှိကြောင်းကို သူ ခံစားသိရှိနိုင်လေသည်။
ထိုနေ့နံနက် နံနက်စာစားချိန်တွင် ဝိန်းယွီ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာအမူအရာကို ပြန်လည်သတိရမိသဖြင့် သူ၏ မျက်ခုံးများက သိသိသာသာပင် တွန့်ချိုးသွားတော့သည်။
ဒီလို ပြဿနာတွေကို မျှော်လင့်ပြီး မနေ့ညက သူမ အိပ်ရေးပျက်ခဲ့တာလား။
ကျောင်းပိုင်သည် လီယောင်ကို အနည်းငယ် ဇဝေဇဝါဖြင့် ကြည့်လိုက်၏။ ဤအမျိုးသားသည် အမှန်တကယ်ပင် မင်းဆက် ၃ဆက်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သော ဝါရင့်အမတ် တစ်ဦးဟု သတ်မှတ်နိုင်ပြီး ဝမ်ရယ်၏ အိမ်တော်အပေါ် အမြဲ သစ္စာရှိခဲ့သူ ဖြစ်သည်။ ဝမ်ရယ်နှင့် ရှီဇီတို့ ကွယ်လွန်ချိန်တွင် သူက မိမိကိုယ်ကို အဆုံးစီရင်ရန် ဓားကို ပထမဆုံး ကောက်ကိုင်ခဲ့သူ ဖြစ်ပြီး အခြားသူများက သူ့ကို မြေပြင်ပေါ်သို့ ဆွဲချကာ တားဆီးလိုက်မှသာ ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။
တောင်ပိုင်းသို့ သွားသော ခရီးစဉ်အတွင်း လိုက်လံဖမ်းဆီးသူများက အနောက်မှ ကပ်လိုက်လာချိန်တွင် အတူလိုက်ပါလာသော အကြံပေးများထဲမှ တစ်ဦးဦးက သူရဲဘောကြောင်မှု သို့မဟုတ် ယိမ်းယိုင်နေသော စိတ်ဓာတ်ကို ပြသခဲ့လျှင် သူတို့အား ခေါင်းငုံ့ကာ ရှက်ရွံ့သွားသည်အထိ ပြင်းပြင်းထန်ထန် ပြစ်တင်မောင်းမဲခဲ့သူမှာ သူပင် ဖြစ်သည်။ အသည်းအသန် အခြေအနေများတွင် ပိတ်မိနေချိန်၌ သူသည် သေရန် အသင့်ဖြစ်နေကာ ငါးစာအဖြစ် ဆန္ဒအလျောက် အသုံးချခံခဲ့လေသည်။
ဒါဆိုရင် ဘာဖြစ်လို့ သူက မင်းသမီးရှေ့မှာ အထက်စီးဆန်နေရတာလဲ။
ဤကွဲပြားခြားနားသော အကြည့်များအားလုံးက ဝိန်းယွီအပေါ်သို့ ကျရောက်နေသော်လည်း သူမ၏ မျက်နှာအမူအရာကတော့ တစ်လျှောက်လုံး တည်ငြိမ်နူးညံ့နေဆဲ။ သူမ စကားပြောလိုက်ချိန်တွင် သူမ၏ လေသံက တည်ငြိမ်ပြီး အလျင်စလို မရှိခဲ့ချေ။ "လော့ယန်ကနေ ခွဲခွာလာပြီးနောက်ပိုင်း လေးစားရတဲ့ အမတ်မင်းတို့ အားလုံးကို ပြန်တွေ့ရတဲ့အတွက် ကျွန်မလည်း တော်တော်လေးကို နှစ်သိမ့်မှု ရသွားပါတယ်"
သူမက လီယောင်၏ ရှည်လျားလှသော အောင်မြင်မှု မှတ်တမ်းများကို တုံ့ပြန်ပြောဆိုခြင်းမှ ကျွမ်းကျင်စွာ ရှောင်ရှားခဲ့ပြီး လျန်အမတ်ဟောင်းများ အားလုံး ပါဝင်လာစေရန် စကားဝိုင်းကို မြှင့်တင်လိုက်ကာ လီယောင်၏ ရန်စမှုကို ညင်သာစွာ ဖယ်ရှားလိုက်လေသည်။
လီယောင်၏ အိုမင်းနေသော မျက်ခွံများက အနည်းငယ် ပင့်တက်သွားပြီး မေးလိုက်လေသည်။ "နန်ချန် မင်္ဂလာအဖွဲ့ သံတမန်က လမ်းမှာ ရောက်နေပါပြီ။ နန်ချန်နဲ့ မဟာမိတ်ဖွဲ့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး မင်းသမီးမှာ အသေးစိတ် အစီအစဉ်တွေ ရှိထားပြီလား"
ဝိန်းယွီက ပြန်ဖြေလိုက်၏။ "တကယ်လို့ နန်ချန် စစ်တပ်က မြောက်ပိုင်းကို ချီတက်လာရင် ဖိန်ကျိုးက လမ်းဖွင့်ပေးလိမ့်မယ်။ ဒါပေမယ့် နန်ချန် တပ်ဖွဲ့တွေကို ကျွန်မတို့ နယ်နိမိတ်အတွင်းမှာ အကြာကြီး နေခွင့်ပြုလို့ မရဘူး။ ဖိန်ကျိုးအနီးက သိမ်းပိုက်ထားတဲ့ ခရိုင်တွေက နန်ချန်ရဲ့ မြောက်ပိုင်း စစ်ဆင်ရေးအတွက် ရန်ပုံငွေနဲ့ ရိက္ခာတွေ ထောက်ပံ့ပေးနိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့ နယ်မြေတွေက ဖိန်ကျိုးရဲ့ လက်အောက်ကို ရောက်ရမယ်။ ဖိန်ကျိုးရဲ့ မြောက်ပိုင်းက ပုန်ကန်နေတဲ့ ဘုရင်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်ခရိုင်ကို အရင်သိမ်းရမလဲ ဆိုတာကိုတော့ ကျွန်မကို အဖြေမပေးခင် အမတ်မင်းတို့ရဲ့ ဆွေးနွေးတိုင်ပင်မှုတွေ လိုအပ်ပါတယ်"
ဤစကားများက တစ်ခန်းမလုံးကို တိတ်ဆိတ်သွားစေသည်။
ဝိန်းယွီ အဆိုပြုခဲ့သည်များက နန်ချန်နှင့် မဟာမိတ်ဖွဲ့ရာတွင် သူတို့ မဖြစ်မနေ ရရှိရမည့် အခြေခံ အခြေအနေများပင် ဖြစ်ပေသည်။
နန်ချန်၏ မြောက်ပိုင်း စစ်ဆင်ရေးအတွက် ဖိန်ကျိုးအလွန်ရှိ ပိုင်ယန်တောင်ကြားသည် ပထမဆုံး အဓိက သဘာဝ အတားအဆီးကြီး ဖြစ်လာခဲ့သည်။ ထို့နောက် သူတို့၏ စစ်တပ်ကို ရိက္ခာများ ထောက်ပံ့ခြင်းက နောက်ထပ် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဖိန်ကျိုးအနေဖြင့် ဖေစုန့်နှင့် ဝေ့ချီရှန်းတို့၏ ကျူးကျော်ဝင်ရောက်လာသော ယှဉ်ပြိုင်မှုများကြားတွင် ၎င်း၏ ဩဇာလွှမ်းမိုးမှုကို လျင်မြန်စွာ ချဲ့ထွင်ရန်အတွက် တပ်သားသစ်များ စုဆောင်းခြင်းက အလွန် နှေးကွေးလွန်းနေသည်။ သူတို့အနေဖြင့် နန်ချန်၏ စစ်ရေးအင်အားကို မှီခိုအားထားရလိမ့်မည်။
နန်ချန်က သိမ်းပိုက်ထားသော တောင်ပိုင်းခရိုင်များ အားလုံးသည် ဖိန်ကျိုး၏ ပိုင်ဆိုင်မှု ဖြစ်လာလိမ့်မည်။ ဆိုလိုသည်မှာ ၎င်းတို့အားလုံးက ဝိန်းယွီ၏ ပိုင်ဆိုင်မှုများ ဖြစ်လာမည့် အဓိပ္ပါယ်ပင်။
ဝိန်းယွီသည် စားနပ်ရိက္ခာ ထောက်ပံ့မှုများနှင့် စစ်ရေးစရိတ်များအပေါ် သူမ၏ ကွပ်ကဲမှုမှတစ်ဆင့် ပြည်မကြီးအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာခဲ့သော နန်ချန် စစ်တပ်ကို ထိန်းချုပ်နေခြင်း ဖြစ်သည်။ အနီးနားရှိ ခရိုင်များကို သူမ၏ ဩဇာလွှမ်းမိုးမှု အောက်သို့ သွတ်သွင်းခြင်းဖြင့် ဖိန်ကျိုးသည် ကြီးမားသော မင်းတုပ်ကြီးတစ်ခုအဖြစ် ထိရောက်စွာ ပြောင်းလဲသွားခဲ့လေသည်။
အကယ်၍ အနာဂတ်တွင် ပြည်မကြီး တည်ငြိမ်သွားပြီး နန်ချန်က ပုန်ကန်မည့် အရိပ်အယောင်များ ပြသလာပါက ဤမင်းတုပ်ကြီးကို ဖြုတ်ပစ်လိုက်သည်နှင့်တစ်ပြိုင်နက် နန်ချန်နှင့် ပြည်မကြီးရှိ ၎င်း၏ စစ်တပ်ကြားက အဆက်အသွယ်ကို လုံးဝ ဖြတ်တောက်လိုက်လိမ့်မည် ဖြစ်ကာ "ခွေးကို ရိုက်ရန် တံခါးပိတ်ခြင်း" ဟူသော ဂန္ထဝင်မြောက် အခြေအနေတစ်ခုပင် ဖြစ်သည်။
သို့သော် နန်ချန်အတွက်ကတော့ ဤအရာက လုံးဝ အကျိုးရှိသော အစီအစဉ်တစ်ခု ဖြစ်ပုံရ၏။ မည်သို့ပင်ဖြစ်စေ ဝိန်းယွီက ချန်မျိုးနွယ်၏ ကြင်ယာတော်မင်းသမီး ဖြစ်လာခဲ့ပြီ ဖြစ်ရာ ဖိန်ကျိုး၏ မြောက်ပိုင်းတွင် သိမ်းပိုက်ထားသော ခရိုင်များသည်လည်း နန်ချန်၏ ပိုင်ဆိုင်မှုများ ဖြစ်လာပေလိမ့်မည်။
တစ်ခုတည်းသော မြှုပ်ကွက်မှာ ပိုင်ဆိုင်ခွင့်က ဝိန်းယွီ၏ လက်ထဲတွင်သာ ရှိနေခြင်းပင်။
တစ်စုံတစ်ယောက်က စတင်လိုက်သည်။ အောက်ဘက်ရှိ အမတ်များသည် ရုတ်တရက် တညီတညွတ်တည်း လက်များ မြှောက်ကာ ကြွေးကြော်လိုက်ကြလေသည်။ "မင်းသမီးက ပညာရှိလှပါတယ်"
တစ်ဦးတည်းသော နှုတ်ဆိတ်နေသူမှာ သက်ကြီးရွယ်အို အမတ် လီယောင် ဖြစ်ပြီး သူက အောက်ဘက်တွင် ရပ်ကာ တုတ်ကောက်ကို မှီလျက် ဝိန်းယွီကို ငေးကြည့်နေလေသည်။
ဝိန်းယွီက သူ၏အကြည့်ကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်၏။
နောက်ဆုံးတွင် အသက် ၇၀အရွယ် အဘိုးအိုသည်လည်း သူ၏ ဆံပင်ဖြူနေသော ခေါင်းကို ငုံ့ကာ ပြောလိုက်လေသည်။ "မင်းသမီးက ပညာရှိလှပါတယ်"
ဝိန်းယွီက ပြန်ဖြေလိုက်၏။ "ကျွန်မက ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိသေးပါဘူး။ တာ့လျန်ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရယူဖို့ အမတ်မင်းတို့ အားလုံးရဲ့ အပြည့်အဝ ထောက်ခံပံ့ပိုးမှုတွေ လိုအပ်ပါတယ်"
အရာရှိများက တညီတညွတ်တည်း ကြွေးကြော်လိုက်ကြလေသည်။ "ကျွန်တော်တို့တွေ သေတဲ့အထိ အစွမ်းကုန် ပေးဆပ်သွားပါ့မယ်"
ဝိန်းယွီ၏ ဘေးတွင် ရပ်နေသော ရှောင်းလိသည် ထိုမြင်ကွင်းကို ကြည့်ရှုနေရင်း သူ့ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။
ဝိန်းယွီအပေါ် သူတို့၏ ရုတ်တရက် ကြောက်ရွံ့မှုနှင့် ရိုသေလေးစားမှုတို့သည် ဝိန်းတော်ဝင်မိသားစုဝင် တစ်ဦးဆိုသော သူမ၏ အဆင့်အတန်းကြောင့် မဟုတ်သလို သူမထံမှ သူတို့ ခံစားရသော ခြိမ်းခြောက်မှု တစ်စုံတစ်ရာကြောင့်လည်း မဟုတ်ကြောင်းကို သူ သိလေသည်။
ထိုအခိုက်အတန့်တွင် သူတို့က သူမ၏ စွမ်းအားကို အသိအမှတ်ပြုသွားခဲ့ခြင်းသာ ဖြစ်သည်။
ဤစွမ်းအားမျိုးက သွေးထွက်သံယိုမှုများနှင့် သတ်ဖြတ်မှုများက ဆောင်ကြဉ်းလာသော ကြောက်ရွံ့မှုမျိုးနှင့် ကွာခြားလေသည်။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် သူမ၏ လက်ချောင်းထိပ်များမှ ဖုန်မှုန့်တစ်မှုန်မျှသာ ဖြစ်နေသယောင်ပင်။
ထိုသွယ်လျပြီး ဖြူဖျော့နေသော လက်များက စစ်တုရင်ခုံပေါ်တွင် နယ်ရုပ်တစ်ရုပ်ကို ပေါ့ပေါ့ပါးပါး ချထားနိုင်ပြီး ပိတ်မိနေသော အခြေအနေတစ်ခုမှ လွတ်မြောက်ရာလမ်းကို ဆွဲဖြဲ ဖန်တီးနိုင်စွမ်း ရှိပေသည်။
ကျောက်ယိုချိုက်နှင့် အခြားသူများက သူမ၏ လက်ထဲတွင် နယ်ရုပ်လေးများ ဖြစ်လာခဲ့သကဲ့သို့ပင်။
သူမက သူမ၏ နယ်ရုပ်များကို သူမ၏ ရည်ရွယ်ချက်များ နားလည်စေရန်ပင် မလိုအပ်ခဲ့ချေ။ သူတို့က သူမ၏ အမိန့်များကို လိုက်နာပြီး ကစားခုံပေါ်ရှိ သတ်မှတ်ထားသော နေရာများသို့ ရွှေ့ပြောင်းပေးနေသရွေ့ သူမ၏ မဟာဗျူဟာက နေရာတကျ ဖြစ်သွားလိမ့်မည်။
သစ္စာရှိသူများနှင့် သစ္စာဖောက်သူများ— အားလုံးကို သူမ အသုံးပြုနိုင်လေသည်။
မငြိမ်မသက် ဖြစ်နေသော စစ်တုရင်ခုံကို သူမ ငေးကြည့်နေစဉ် သူမ၏ မျက်လုံးများက ပိုမို အေးစက်လာခဲ့၏။
သူတို့ ဗောဓိဘုရားကျောင်းမှ ထွက်ခွာလာချိန်တွင် ရှောင်းလိသည် ဝိန်းယွီက သူ့အပေါ် အေးစက်ပြီး အလှမ်းကွာဝေးနေသည်ဟု ခံစားခဲ့ရသည်။ သို့သော် ဤအခိုက်အတန့်တွင် သူမ၏အထီးကျန်မှုကို သူ ရုတ်တရက် ခံစားသိရှိလိုက်လေသည်။
ပင်မထိုင်ခုံတွင် ထိုင်ကာ ခမ်းနားထည်ဝါသော ဝတ်စားဆင်ယင်မှုများဖြင့် အလှဆင်ထားပြီး ထင်ရှားပေါ်လွင်လောက်အောင် လှပသော မျက်နှာသွင်ပြင် ရှိသော်လည်း တသီးတခြားဖြစ်နေသော မျက်နှာအမူအရာရှိသည့် ဝိန်းယွီကို သူ ကြည့်နေစဉ် သူ၏အကြည့်များက မည်းမှောင်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ ဘာတွေးနေသည်ကို ဘယ်သူမှ မသိနိုင်ခဲ့ချေ။
ဝိန်းယွီတစ်ယောက် ရှောင်းလိ၏ အကြည့်ကို သတိထားမိသွား၏။ စုရုံးနေသော အမတ်များရှေ့တွင် သူမက သူ့ကို လှည့်မကြည့်ခဲ့ဘဲ ပြောလိုက်လေသည်။ "နန်ချန်သံတမန် ဖိန်ကျိုးကို မရောက်လာခင် ချန်လူကြီးမင်းနဲ့ ဖန့်စစ်သူကြီးတို့ ဆွေးနွေးပြီး အစီအစဉ်ဆွဲရမယ့် ကိစ္စတစ်ခု ရှိပါတယ်။ လက်ရှိမှာ တောင်ပိုင်းခရိုင်တွေ အားလုံးက စစ်သားတွေ စုဆောင်းနေကြတယ်။ ဖိန်ကျိုးကလည်း ကာကွယ်ရေးကို အားဖြည့်ပြီး တပ်သားသစ်တွေ စုဆောင်းရမယ်"
ချန်ဝေ့က ရှေ့သို့ထွက်လာကာ လက်နှစ်ဖက်ကို ယှက်ပြီး ပြောလိုက်လေသည်။ "ဖန့်စစ်သူကြီးနဲ့ ကျွန်တော် အစီအစဉ်ဆွဲပြီးသွားရင် မင်းသမီးကို ပြန်လည်သုံးသပ်ဖို့ တင်ပြပေးပါ့မယ်"
ဝိန်းယွီက ခေါင်းညိတ်ပြလိုက်ပြီး ထပ်ပြောလိုက်၏။ "ကျွန်မဘေးမှာ သိုင်းပညာ အရမ်းထူးချွန်ပြီး ကျွန်မရဲ့ အသက်ကို အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးတဲ့ သူရဲကောင်းတစ်ယောက် ရှိပါတယ်။ သူ့ကို ဖိန်ကျိုး စစ်တပ်မှာ ရာထူးတစ်ခုရဖို့ ကျွန်မ ထောက်ခံပေးချင်ပါတယ်"
ထိုအခါမှသာ ဝိန်းယွီသည် ရှောင်းလိကို လှည့်ကြည့်လိုက်လေသည်။ ရှောင်းလိက ရှေ့သို့ ထွက်လာပြီး အောက်ဘက်ရှိ အမတ်များကို အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
ချန်ဝေ့က ပြောလိုက်လေသည်။ "ဖန့်စစ်သူကြီးက ရှောင်းရဲမက်ရဲ့ သတ္တိတွေအကြောင်း ကျွန်တော့်ကို ပြောပြထားပြီးပါပြီ။ သူ ဝင်လာတာက ဖိန်ကျိုး စစ်တပ်အတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်မှာပါ"
အမြဲတမ်း ပေါ့ပေါ့ပါးပါး နေတတ်သော ဖန့်ယွမ်က အားရပါးရ ရယ်မောလိုက်ပြီး ပြောလိုက်၏။ "ကျွန်တော်က ညီလေးရှောင်းကို ကျွန်တော့်လက်အောက်မှာ ခေါ်ထားဖို့ မျှော်လင့်နေခဲ့တာ—အခုတော့ ကျွန်တော့်ဆန္ဒတွေ ပြည့်ဝသွားပြီပဲ"
ဝိန်းယွီ၏ ထောက်ခံမှုနှင့် သူတို့နှစ်ဦးစလုံး၏ ပြောဆိုချက်များကြောင့် ဖိန်ကျိုးမှ ဒေသခံ အရာရှိများဖြစ်စေ၊ လျန်မင်းဆက်ဟောင်းမှ ကျန်ရစ်သော အမတ်များဖြစ်စေ၊ အားလုံးက ရှောင်းလိကို အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှင်းလင်းစွာ သတ်မှတ်လိုက်ကြလေသည်။
ယနေ့ အမတ်များနှင့် ပထမဆုံး အစည်းအဝေးက သည်နေရာတွင် ပြီးဆုံးသွားခဲ့ပြီး ဝိန်းယွီက ကြင်နာမှုနှင့် အာဏာကိုပါ အသုံးပြုခဲ့သဖြင့် တစ်ဖွဲ့လုံးကို လေးစားသော သဘောထားမျိုး ကျင့်သုံးလာစေခဲ့သည်။
သူမက အတွင်းခန်းမဆောင်သို့ ဝင်သွားပြီးနောက် အမတ်များက တစ်ယောက်ပြီးတစ်ယောက် တဖြည်းဖြည်း လူစုကွဲသွားကြလေသည်။
ဖန့်ယွမ်သည် ရှောင်းလိ၏ ပခုံးကို ဖက်ကာ စစ်တပ်အတွင်းရှိ စစ်သူကြီးများနှင့် မိတ်ဆက်ပေးရန် ဦးဆောင်သွားတော့သည်။
ချန်ဝေ့က ဝိန်းယွီနှင့် ကိစ္စရပ်များကို ထပ်မံဆွေးနွေးရန် အတွင်းခန်းမဆောင်သို့ ဝင်လာချိန်တွင် သူမက သူ့ကို ပြောလိုက်လေသည်။ "အဲ့ဒီလူက ကျွန်မရဲ့ ကျေးဇူးရှင်မို့လို့ သူ့ကို လူကြီးမင်းဆီ အပ်နှံပါတယ်"
ချန်ဝေ့က လက်နှစ်ဖက်ကို ရိုသေစွာ ယှက်လိုက်ပြီး ပြန်ဖြေလိုက်၏။ "မင်းသမီးက အရမ်း သဘောထား ပြည့်ဝပါတယ်။ ကျွန်တော် စောစောက ပြောခဲ့သလိုပါပဲ၊ ရှောင်းရဲမက်ကို ဒီမှာ ချန်ထားပေးဖို့ ဆန္ဒရှိတာက ဖိန်ကျိုးအတွက် တကယ့်ကို ကောင်းချီးတစ်ခုပါပဲ"
ဝိန်းယွီသည် ချန်ဝေ့ကို ကြည့်လိုက်သော်လည်း တိတ်ဆိတ်နေခဲ့သည်။
သူမ၏ တိတ်ဆိတ်မှုကြောင့် ချန်ဝေ့မှာ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ဝိန်းယွီက ပြောလိုက်သည်ကို ရုတ်တရက် ကြားလိုက်ရလေသည်။ "သူက လွတ်လွတ်လပ်လပ် နေရတဲ့ ဘဝကိုပဲ အမြဲ အသားကျနေတာ။ နောင်ကျရင် သူ ပြဿနာတစ်ခုခု လုပ်မိခဲ့ရင် ခွင့်လွှတ်ပေးပြီး သူ့အသက်ကို ချမ်းသာပေးဖို့ ကျွန်မ တောင်းဆိုပါတယ်"
ချန်ဝေ့က ထူးဆန်းသည်ဟု ထင်သော်လည်း သူမကို အကြိမ်ကြိမ် အာမခံပြောဆိုလိုက်၏။ "သေချာတာပေါ့၊ သေချာတာပေါ့"
ဝိန်းယွီ၏ ခွင့်ပြုချက် လိုအပ်သော ကိစ္စရပ်များကို ပြီးစီးအောင် လုပ်ဆောင်ပြီး သူ ထွက်ခွာသွားပြီးနောက် ကျောင်းပိုင်က ဝင်လာကာ သူမ၏ ဝတ်ရုံကို မ,တင်ပြီး ဒူးထောက်လိုက်လေသည်။
ဝိန်းယွီက သူမကို ငုံ့ကြည့်ကာ မေးလိုက်၏။ "ဒါက ဘာလုပ်တာလဲ"
ကျောင်းပိုင်က ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "တိကျတဲ့ သတင်းအချက်အလက်တွေ မစုဆောင်းနိုင်ဘဲ မင်းသမီးဆီ လီယောင်ကို အမှားအယွင်းနဲ့ ထောက်ခံပေးမိတာ ကျွန်မအပြစ်ပါ"
အပြင်ဘက်တွင် ဖန့်ယွမ်က ရှောင်းလိကို လူများနှင့် မိတ်ဆက်ပေးနေ၏။ စစ်သူကြီးများ၏ အသံများက မိုးကြိုးသံကဲ့သို့ ဟိန်းထွက်နေပြီး တစ်ခုခုကို ဆွေးနွေးနေစဉ် ရယ်မောသံများ ထွက်ပေါ်လာလေသည်။
ဝိန်းယွီသည် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "အပြစ်က ရှင့်ဆီမှာ မဟုတ်ပါဘူး။ သူက တကယ်ပဲ သစ္စာရှိပါတယ်—ဒါပေမယ့် ကျွန်မအပေါ်မှာ မဟုတ်ဘူးလေ၊ အဲ့ဒါကြောင့် သူ ဒီလောက် မောက်မာနေတာပေါ့"
သူမက လီယောင်ကို ဆရာတစ်ဦးအဖြစ် လေးစားနိုင်ခဲ့သော်လည်း လီယောင် ရှင်းလင်းစွာ လိုချင်ခဲ့သည်မှာ ဆရာတစ်ဦးဆိုသော ဂုဏ်ပုဒ်မဟုတ်ဘဲ ဆရာတစ်ယောက်ကဲ့သို့ သူမကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အာဏာပင် ဖြစ်လေသည်။
ရှေးရိုးစွဲ စစ်ဗျူဟာမှူးများ၏ အမြင်တွင် သူမ၏ တည်ရှိမှုက မင်္ဂလာဆောင် မဟာမိတ်ဖွဲ့ခြင်းများအတွက်သာ ဖြစ်ပုံရသည်။ ထိုကဲ့သို့သော မဟာမိတ်ဖွဲ့ခြင်းများအတွက် အစီအစဉ် အမျိုးမျိုးနှင့် ပတ်သက်ပြီး သူတို့က ဆုံးဖြတ်ချက်များ ချပြီးသည်နှင့် သူမက အပြည့်အဝ လက်ခံလိမ့်မည်ဟု မျှော်လင့်ထားကြ၏။
သူတို့က သူမ၏ အဖေအတွက် ကလဲ့စားချေပေးလိမ့်မည်။ သို့သော် သူမကို သူတို့၏ ခေါင်းဆောင်သစ်အဖြစ် သေချာပေါက် အသိအမှတ်ပြုချင်မှ ပြုကြလိမ့်မည်။
အစည်းအဝေး ပြီးဆုံးပြီးနောက် လီယောင်က ပထမဆုံး ထွက်ခွာသွားခဲ့သည်။
သူမက ယနေ့ သူ့ကို အရှက်ခွဲလိုက်ကြောင်း ဝိန်းယွီ သိထားပြီး သူ မကျေမနပ် ဖြစ်နေမည်မှာ သေချာသည်။ သို့သော် ဖိန်ကျိုးကို သူမ၏ ကိုယ်ပိုင် အာဏာစက်အဖြစ် အပြည့်အဝ တည်ဆောက်ရန် ဤအာဏာပြသမှုက မရှိမဖြစ် လိုအပ်လေသည်။
ရှောင်းလိကို စစ်တပ်သို့ စေလွှတ်ရန် သူမ၏ ဆုံးဖြတ်ချက် အပါအဝင်—အများစုက ဖိန်ကျိုး၏ စစ်ရေးအာဏာကို သူမ၏ ကိုယ်ပိုင်လူများက ထိန်းချုပ်ရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်နိုင်ပေသည်။
ရှောင်းလိ ဘယ်လောက်ဝေးဝေး သွားနိုင်မလဲဆိုသည်ကို ဝိန်းယွီ မသိခဲ့သော်လည်း ဤပရမ်းပတာ အချိန်များတွင် စစ်စခန်းက အလုံခြုံဆုံး နေရာ ဖြစ်နိုင်ပေသည်။
ဝိန်းယွီ ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်ကို ကျောင်းပိုင်လည်း သတိထားမိသွား၏။ အနည်းငယ် မျက်မှောင်ကြုတ်ကာ သူမက ပထမဆုံးအကြိမ် စည်းကျော်ပြီး မေးလိုက်လေသည်။ "မင်းသမီး၊ အဲ့ဒီ အစောင့်ရှောင်း ကိုယ်စား ချန်လူကြီးမင်းဆီမှာ အဲ့ဒီလို မျက်နှာသာပေးဖို့ ဘာလို့ တောင်းဆိုခဲ့တာလဲ"
နွေဦး၏ နေရောင်ခြည်သည် ပြတင်းပေါက်ပေါ်ရှိ ထွင်းထုထားသော ပုံစံများကြောင့် အလင်းတန်းများအဖြစ် ပိုင်းခြားခံလိုက်ရပြီး အလင်းတန်းတစ်ခုစီတွင် လွင့်မျောနေသော ဖုန်မှုန့်လေးများဖြင့် ပြည့်နှက်နေလေသည်။
သေးငယ်သော အမွေးအမျှင်လေးများကိုပင် မြင်နိုင်လောက်အောင် နူးညံ့လှသော ဝိန်းယွီ၏ ဘေးတိုက်မျက်နှာသွင်ပြင်သည် မှိုင်းပျပျ အလင်းရောင်အောက်တွင် လွှမ်းခြုံခံထားရပြီး သူမက ပြောလိုက်လေသည်။ "ဘယ်လိုပဲဖြစ်ဖြစ် သူက ကျွန်မရဲ့ ကျေးဇူးရှင်လေ။ မဟုတ်ဘူးလား"
ခြံဝင်းအပြင်ဘက်တွင် စစ်သူကြီးများနှင့် ရောနှောနေသော ရှောင်းလိသည် တစ်ခုခုကို ခံစားသိရှိလိုက်သည့်နှယ် အနောက်သို့ လှည့်ကြည့်လိုက်၏။
သို့သော် အစည်းအဝေး ခန်းမဆောင်မှာ လုံးဝကို ရှင်းလင်းနေသလောက်ပင်။ ဘေးဘက် ခန်းမပြတင်းပေါက် တစ်ခုက တစ်ဝက်ခန့် ပွင့်နေသော်လည်း အထဲတွင် ဘယ်သူမှ မရှိချေ။
ဖန့်ယွမ်က ရှောင်းလိ၏ ပခုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်ပြီး ပြောလိုက်လေသည်။ "ညီလေးရှောင်း ဘာကြည့်နေတာလဲ။ ဒီနေ့ နေ့လယ်ကျရင် ငါနဲ့အတူ စစ်စခန်းကို လိုက်ခဲ့ပြီး အဲ့ဒီက နေရာတွေ အားလုံးနဲ့ ရင်းနှီးအောင် လုပ်ရမယ်။ ယန်တောင်ခြေမှာ တောင်ပိုင်းနယ်စပ် တစ်ခုလုံးမှာ အကြီးဆုံး မြင်းပြိုင်ကွင်း ရှိတယ်—မင်း စိတ်တိုင်းကျ စီးနိုင်ဖို့ အာမခံတယ်"
ရှောင်းလိက ပြုံးလိုက်ပြီး ပြန်ဖြေလိုက်၏။ "ဒါဆိုရင် အစ်ကိုဖန့်ကို ဒုက္ခပေးရတော့မှာပဲ"
ခေါ်ဝေါ်မှုတွင် ဤသိမ်မွေ့သော အပြောင်းအလဲက သူတို့၏ ဆက်ဆံရေး ပိုမိုနီးကပ်လာမှုကို အရိပ်အမြွက် ပြနေသယောင်ပင်။
ဖန့်ယွမ်က သူ့ရင်ဘတ်ကို တံတောင်ဖြင့် တွတ်လိုက်ပြီး အားရပါးရ ရယ်မောလိုက်၏။ "ဒီလို ယဉ်ကျေးပြနေတာတွေ တော်လိုက်တော့။ အခုကစပြီး ငါတို့အားလုံးက ညီအစ်ကိုတွေချည်းပဲ"
ရှောင်းလိကလည်း လိုက်ပါရယ်မောလိုက်ပြီး သူ၏ မျက်လုံးထောင့်က အကြည့်များက သူတို့နောက်က အစည်းအဝေး ခန်းမဆောင်ဆီသို့ တစ်ဖန် လွင့်မျောသွားပြန်သည်။ အနည်းငယ် ပြုံးနေသော မျက်လုံးများအောက်တွင် ဖုံးကွယ်ထားသော နက်နဲမှုတစ်ခု ရှိနေလေသည်။
သူ သတိထားမိတာပေါ့။ ___သူမ ပင်ပန်းနေတာ။
သူ သူမကို ကူညီပေးချင်ခဲ့ပါတယ်။
...