အခန်း ၆၃
Vol. 7 Ch. 63
အပိုင်း (၆၃.၁)
ဝိန်းယွီသည် ရှောင်းလိကို မျက်စောင်းထိုးဖြင့် အသက်နှစ်ရှိုက်စာမျှ ကြည့်လိုက်ပြီးနောက် ကျောင်းပိုင်ကို ယန်ချွဲ့အား အရင်ခေါ်သွားရန် လက်ဟန်ပြလိုက်၏။
ကျောင်းပိုင်သည် ဓားအိမ်ကို ဖိထားသော လက်မကို လျှော့ချလိုက်ပြီး ယန်ချွဲ့ကို ပြောလိုက်လေသည်။
"ကျွန်မနဲ့ လိုက်ခဲ့"
ယန်ချွဲ့သည် ကျောင်းပိုင်နောက်သို့ လိုက်မသွားခင် ရှောင်းလိကို မသိမသာ နောက်တစ်ချက် လှမ်းကြည့်လိုက်သေး၏။
တံခါး ပိတ်သွားပြီး အခန်းတွင်း၌ တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။
"ထပါ"
ဝိန်းယွီသည် ဘုရားကျောင်းအခမ်းအနားမှ ဝတ်ဆင်လာသော ရွှေချည်ထိုး နန်းတွင်းဝတ်ရုံကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။ အနက်နှင့် အနီရောင် နောက်ခံပေါ်တွင် ရွှေရောင်ချည်မျှင်များဖြင့် ရှုပ်ထွေးနက်နဲသော ပုံစံများကို သေသပ်လှပစွာ ပန်းထိုးထား၏။ ထင်ရှားသော မိတ်ကပ်အပြင်အဆင်သည် သူမ၏ အပြစ်ကင်းစင်သော အလှတရားကို ပိုလို့ပင် ထက်မြက်ရဲတင်းသွားစေသည်။
အာဏာစက် ချောက်ကမ်းပါးပေါ်တွင် ပွင့်လန်းနေသော ကြာပန်းတစ်ပွင့်နှယ် ရှိနေပြီး မည်သူမဆို ခူးဆွတ်ရှုစားနိုင်သည့် အရာမျိုး မဟုတ်တော့ပေ။
သူမသည် သူ မည်သည့်အတွက်ကြောင့် သည်လောက်အလောတကြီး ရောက်လာသည်ကို မသိယောင်ဆောင်နေခဲ့သည်။ စားပွဲပေါ်မှ တင်ပြစာတစ်စောင်ကို ကောက်ယူဖတ်ရှုရင်း သူမက တည်ငြိမ်စွာ မေးလိုက်သည်။ "စစ်စခန်းမှာ ဘာတွေဖြစ်လို့လဲ"
သူမ ဘေးကင်းလုံခြုံနေသည်ကို ကိုယ်တိုင် မျက်မြင်တွေ့ရှိလိုက်ရသဖြင့် ရှောင်းလိ၏ အသက်ရှူသံများ တဖြည်းဖြည်း တည်ငြိမ်သွားသည်။
သူမ၏ တည်ငြိမ်အေးဆေးမှုသည် သူ၏ ရင်ထဲတွင် လောင်ကျွမ်းနေသော ခံစားချက်များကို ဖုံးကွယ်သွားစေပြီး သူက ပြောလိုက်သည်။
"ဖိန်ကျိုးနဲ့ နီးစပ်တဲ့ ပြည်နယ်တွေကို စုစည်းပြီး နန်ချန်ရဲ့ စစ်တပ်တွေကို ဟန့်တားမယ့် ခံတပ်တစ်ခု လုပ်ချင်တယ်လို့ မင်း အရင်က ပြောခဲ့တယ်လေ။ ဘယ်ပြည်နယ်ကို အရင်သိမ်းရမလဲ ဆိုတာကို ဖန့်စစ်သူကြီးတို့နဲ့ ရက်အတော်ကြာ ဆွေးနွေးပြီးတဲ့နောက်မှာ အခုတော့ တိုးတက်မှုတချို့ ရှိလာပြီ"
ဝိန်းယွီသည် သူ့ကို ခဏ စိုက်ကြည့်နေပြီးနောက် ပြောလိုက်သည်။ "ဒါက အရေးပေါ် စစ်ရေးကိစ္စလို့ သတ်မှတ်လို့ မရဘူး။ ရှင် သတင်းပို့စစ်သည် တစ်ယောက်ကို လွှတ်လိုက်လို့ ရတယ်၊ ဒါမှမဟုတ် ဖန့်စစ်သူကြီးက နောက်တစ်ကြိမ် အစည်းအဝေးမှာ တင်ပြလာတဲ့အထိ စောင့်လို့ ရတာပဲ"
ထိုစကားများကြောင့် အခန်းတွင်း၌ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြန်၏။
သူ လာရခြင်း၏ အဓိက ရည်ရွယ်ချက်ကို ဝိန်းယွီ သိထားသည်။ သူမသည် ၎င်းကို ဖော်ထုတ်ရန် ရွေးချယ်ခြင်းဖြင့် ဤကဲ့သို့သော ကိစ္စမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်နိုင်ကြောင်း ရှင်းလင်းစွာ အသိပေးချင်ခဲ့သည်။
သူသည် မိမိ၏ ခံစားချက်များကို ဖုံးကွယ်ထားရလိမ့်မည်။
ယခုတစ်ကြိမ် အလောတကြီး ပြန်လာရန်အတွက် စစ်ရေးကိစ္စကို အကြောင်းပြချက်အဖြစ် အသုံးပြုရန် သူ သတိရခဲ့သော်လည်း အကဲခတ်ကောင်းသူများကတော့ သဲလွန်စများကို ရိပ်မိသွားကြဦးမည်သာ။
ဤအာဏာစက် ဝဲဂယက်ထဲတွင် ရှိနေခြင်းသည် နက်နဲမှုနှင့် ချုပ်တည်းနိုင်စွမ်းကို မွေးမြူရန် လိုအပ်သည်။ မိမိကိုယ်ကို အကုန်လုံး ဖွင့်ဟပြသခြင်းသည် မိုက်မဲပြီး အန္တရာယ်များသော အပြုအမူတစ်ရပ်ပင်။
ဝိန်းယွီသည် ပွင့်ပွင့်လင်းလင်း မပြောခဲ့သော်လည်း ရှောင်းလိသည် သူမ စကား၏ နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်နိုင်ပြီး သူမ လုပ်ကြံခံရသည်ကို ကြားကြားချင်း သူ အလောတကြီး ပြန်လာခြင်းက အလွန် သိသာထင်ရှားလွန်းကြောင်းကို သိရှိထား၏။
သို့သော် သူ သတင်းရရှိသည့် အခိုက်အတန့်မှစ၍ သူ၏ စိတ်အစဉ်သည် လုံးဝ ဗလာကျင်းသွားခဲ့ပြီး ထိုကိစ္စများကို စဉ်းစားဖို့ အချိန်ပင် မရှိတော့ချေ။
အပြန်ခရီးစဉ် တစ်လျှောက်လုံးတွင် သူ့စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ လွှမ်းမိုးနေခဲ့သည်။
ဖိန်ကျိုးကို အလာ လီရာချီတဲ့ ခရီးတစ်လျှောက်လုံးမှာ ငါ သူ့ကို ကာကွယ်ပေးခဲ့တယ်။ ဖေစုန့်ရဲ့ စစ်ခွေးတွေ ဝိုင်းရံတိုက်ခိုက်ခံရလို့ ငါ့ကို ကယ်ဖို့ သူကိုယ်သူ လည်ပင်းလှီးခဲ့တဲ့ အချိန်ကလွဲရင် သူ့ရဲ့ ဆံပင်တစ်မျှင်လေးတောင် ထိခိုက်ခံရအောင် ငါ မလုပ်ခဲ့ဘူး။
ဖိန်ကျိုးမှာ သူ့ကို စောင့်ရှောက်မယ့်သူတွေ အများကြီး ရှိနေတာတောင် သူက ဘာလို့များ လုပ်ကြံခံရမယ့် ပစ်မှတ် ဖြစ်နေရတာလဲ။
သူ့အနားက လူတွေထဲမှာ သစ္စာဖောက်များ ပေါ်လာလို့လား။
ဒါမှမဟုတ် အဲ့ဒီလူတွေက သူ့ကို သေသေချာချာ မကာကွယ်ပေးနိုင်ကြလို့လား။
သူမကို တွေ့ရန် သင့်တော်သော အကြောင်းပြချက် တစ်ခု ဖန်တီးရန် သူ စိတ်ပိုင်းဆိုင်ရာ အားမထုတ်နိုင်ခဲ့ချေ။ သူမ ဒဏ်ရာရခဲ့လျှင် သူမအနားတွင် သူ ရှိနေရန် လိုအပ်ကြောင်းနှင့် သူမ ထပ်မံ ထိခိုက်ခံရနိုင်မည့် ဖြစ်နိုင်ခြေအားလုံးကို ဖယ်ရှားပစ်ရန် လိုအပ်ကြောင်းကိုသာ သူ သိထားသည်။
တိရစ္ဆာန်များ၏ ပင်ကိုယ်အသိစိတ်ကို လိုက်နာသည့်နှယ် ဖြစ်နေ၏။
သူမ ကြောက်ရွံ့ပြီး ရှောင်လွှဲနေသောအရာများသည် သူ့အတွက်တော့ ဘာအဓိပ္ပာယ်မှ မရှိပေ။
အထပ်ထပ်သော ချည်နှောင်မှုများကြားတွင် မွေးဖွားလာခဲ့သော်လည်း သူသည် ရွှံ့နွံထဲမှနေ၍ အထက်သို့ တွယ်တက်လာခဲ့သည်။ အတားအဆီးပေါင်း များစွာကို ဖြတ်ကျော်ဖောက်ထွက်လာခဲ့ပြီး ထိုစည်းမျဉ်းများကို ဘယ်သောအခါမှ အသိအမှတ်မပြုသလို ဘယ်သောအခါမှလည်း ဂရုမစိုက်ခဲ့ချေ။
ဘာမှမရှိခြင်းကို အသားကျနေခဲ့ရာ သူ့ဘဝတွင် အရေးအကြီးဆုံးသော အရာများဆိုသည်မှာ အမြဲတမ်း ထိုလူနည်းစုသာ ဖြစ်ခဲ့သည်။
ထိုချည်နှောင်မှုများကို ဂရုစိုက်သူမှာ ဝိန်းယွီ ဖြစ်သည်။ သာမန်လူများတွင် မရှိသော ထိုချည်နှောင်မှုများနှင့် စည်းမျဉ်းများက မင်းစိုးရာဇာများနှင့် စစ်သူကြီးများအပေါ် ပေးအပ်ထားသည့် အရာများဖြစ်ကြောင်း မြင်တွေ့ခဲ့ရသောကြောင့်သာ သူ လိုက်နာခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း သူ့စိတ်ထဲတွင်တော့ ဆက်တိုက် လှိုင်းထနေသည့် မလိုလားမှုတစ်ခု ကျန်ရစ်နေပြီး အခိုင်မာဆုံးသော ချုပ်နှောင်မှုအားလုံးကို ချိုးဖျက်ချင်ခဲ့သည်။ တော်ဝင်မျိုးနွယ်များနှင့် စစ်သူကြီးများကို တနည်းနည်းနှင့် ကွဲပြားစေသည့် ထိုစည်းမျဉ်းများကို စိန်ခေါ်ချင်သည်။
ချန်ဝမ်က သူမကို ပေးနိုင်သောအရာများကို သူသည် မဝေးတော့သော အနာဂတ်တွင် သူမအား အဆတစ်ရာ၊ အဆတစ်ထောင် ပြန်လည် ပေးဆပ်သွားလိမ့်မည်။
သို့သော် သူသည် ထိုပြောစရာမလိုသော စည်းမျဉ်းများကို မဖောက်ထွက်နိုင်သေးချေ။ ဝိန်းယွီ မစောင့်နိုင်တော့မှာကို ကြောက်ရွံ့သဖြင့် အနှစ်သာရမရှိသော ကတိကဝတ်များကို သူ မပေးဝံ့ခဲ့ပေ။
အသားကို ဖြည်းညှင်းစွာ ဖြတ်တောက်နေသော ဓားတုံးကြီးတစ်ချောင်းလို ခံစားရသည့် သူမ၏ စူးစမ်းသော မေးခွန်းများကို ရင်ဆိုင်ရချိန်တွင် သူသည် လူမိုက်ဆန်ဆန် အပြုံးတစ်ခုကိုသာ အတင်းအကျပ် ဖန်တီးလိုက်နိုင်ပြီး ပြောလိုက်သည်။
"ငါက အစီအစဉ်တစ်ခု စဉ်းစားမိရင် မင်းကို ကိုယ်တိုင်ကိုယ်ကျ မပြောပြချင်ဘဲ နေမလား။ တခြားတစ်ယောက်ယောက်က ငါ့နာမည်ကို ခိုးယူသွားရင် ဘယ်လိုလုပ်မလဲ"
သူ၏ လေသံကြောင့် ဝိန်းယွီသည် မျက်မှောင်ကြုတ်သွားပြီး သူမက သူ့ကို အသစ်တစ်ဖန် အကဲခတ်လိုက်၏။
စစ်တပ်ထဲရှိ ဤနေ့ရက်များသည် သူ၏ ကြမ်းတမ်းမှုများကို ပြေလျော့သွားစေသည်ဟူ၍ မရှိဘဲ အစားထိုးအနေဖြင့် သူ၏ အာခံလိုမှုနှင့် မဆင်မခြင် ပြုမူတတ်မှုများကိုသာ ပိုလို့ပင် ထက်ရှလာစေဟန်တူသည်။
စစ်ဝတ်တန်ဆာသည် သူ၏ ထက်မြက်လှသော မျက်နှာသွင်ပြင်ကို ပေါ်လွင်စေပြီး သူသည် တစ်ချိန်က လမ်းဘေးမှ သာမန်လူတစ်ယောက် ဖြစ်ခဲ့ကြောင်းကို သိနိုင်ရန် မဖြစ်နိုင်တော့ပေ။ သူသည် ငယ်စဉ်ကတည်းက သတ္တိကို သွေးရန်အတွက် စစ်တပ်ထဲသို့ စေလွှတ်ခံရသော ဩဇာတိက္ကမရှိသည့် မိသားစုမှ သခင်လေး တစ်ယောက်နှင့် ပိုတူနေလေသည်။
သူ၏ လူမိုက်ဆန်သော အသွင်အပြင် ထွက်ပေါ်လာချိန်တွင် သူသည် စကားဖြင့်ဖော်ပြ၍ မရနိုင်သော အန္တရာယ်နှင့် ရိုင်းစိုင်းမှု အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
ဝိန်းယွီသည် သူ့ကို အလေးအနက်ထား၍ ကြည့်လိုက်ပြီး သူမ၏ အသံမှာ အနည်းငယ် တိုးညှင်းသွားခဲ့သည်။ "ရှောင်းလိ... ရှင့်ကို စစ်တပ်ထဲ ဝင်ဖို့ ကျွန်မ ထောက်ခံပေးခဲ့တယ်။ ဒီရာထူးကို ရှင် ဂရုမစိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သွားဖို့ သဘောတူပြီးမှတော့ ရှင် စစ်တပ်စည်းကမ်းတွေကို လိုက်နာရမယ်လေ။ စိတ်ကူးပေါက်တိုင်း လုပ်လို့ မရဘူး"
သူသည် သူမ၏ လက်အောက်ခံ မဟုတ်ချေ။ သူတို့သည် သေမင်းနှင့် အသက်လုခဲ့ရသော သံယောဇဉ်ကို မျှဝေခံစားခဲ့ကြသူများ ဖြစ်သည်။
ဝိန်းယွီသည် သူ့အပေါ် ရာထူးအာဏာသုံးပြီး မဆက်ဆံရက်ခဲ့သလို သူ၏ အကြောင်းပြချက်သည် ဖန်တီးထားခြင်းဖြစ်ကြောင်းကိုလည်း သိနေသည်။ သို့သော် ဤကိစ္စကို နောက်ပြောင်ပြီး လျစ်လျူရှုထားလို့ မရနိုင်ချေ။
သူမက ပြောလိုက်သည်။ "ဖိန်ကျိုးက အခုထိ မငြိမ်သက်သေးဘူးဆိုတာ ရှင် သိသင့်တယ်။ လူအများကြီးက ကျွန်မရဲ့ အုပ်ချုပ်မှုမှာ အမှားတွေကို လိုက်ရှာနေကြတာ။ တခြားသူတွေရဲ့ မျက်လုံးထဲမှာတော့ ရှင်က ကျွန်မရဲ့ ယုံကြည်ရတဲ့သူပဲလေ။ သဘာဝအရတော့ သူတို့ ဖယ်ရှားပစ်ချင်တဲ့ ဆူးငြောင့်ခလုတ်ပေါ့။ ဒီနေ့ ရှင် မဆင်မခြင် ရုတ်တရက် ပြန်လာတာက သူတို့ကို လက်နက်တစ်ခု ပေးလိုက်သလို ဖြစ်သွားပြီး ရှင့်ကိုယ်ရှင် အန္တရာယ်ထဲ တွန်းပို့လိုက်သလို ဖြစ်သွားပြီ။ ရှင် နားလည်လား"
ရှောင်းလိ၏ နှုတ်ခမ်းများပေါ်မှ လူမိုက်ဆန်သော အပြုံးများ ပျောက်ကွယ်သွား၏။ သူ့ရင်ထဲတွင် ပိတ်လှောင်နေသော ခံစားချက်များသည် ထိုအခိုက်အတန့်တွင် ထွက်ပေါက်တစ်ခု ရှာတွေ့သွားသယောင်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူသည် ခက်ခဲစွာဖြင့် ပြောလိုက်လေသည်။ "ငါ မင်းအတွက် စိတ်ပူနေခဲ့တာ"
ဝိန်းယွီသည် မှင်သက်သွားပြီး သူက သည်လို တိုက်ရိုက်ပြောဆိုလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
သူမသည် အခြားသူများ၏ ရည်ရွယ်ချက်များကို အဆက်မပြတ် ပုံဖော်ရင်း ရေခဲလွှာပါးပါးပေါ်တွင် လျှောက်လှမ်းလာခဲ့သည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သည်။ သူမ၏ရှေ့တွင် စိတ်ရင်းမှန်ဖြင့် ရင်ဖွင့်လာသော သူတစ်ယောက်နှင့် ရုတ်တရက် ရင်ဆိုင်လိုက်ရချိန်တွင် သူမသည် ခဏတာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့ရသည်။
ခဏတာ အံ့ဩသွားပြီးနောက် ဝိန်းယွီသည် သူမ၏ အကြည့်ကို လွှဲဖယ်လိုက်ပြီး ပြောလိုက်သည်။ "ဖုံးကွယ်ထားလိုက်ပါ"
"အာဏာစက်ဝန်းထဲမှာ ရှင် ဘာတွေ တွေးနေလဲဆိုတာကို တခြားသူတွေ သိအောင် ဘယ်တော့မှ မလုပ်ပါနဲ့"
သို့သော် ရှောင်းလိသည် သူမ၏ စကားများထဲမှ အခြားသော အဓိပ္ပာယ်တစ်လွှာကို ရိပ်မိသွားပြီး မေးလိုက်သည်။ "ဒါဆို မင်းရဲ့ ရင်ထဲမှာ ဖုံးကွယ်ထားတာက ဘာတွေလဲ"
ဝိန်းယွီသည် နောက်သို့ လှည့်ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းများသည် သူ၏ မျက်ဝန်းများနှင့် ထပ်မံ ဆုံတွေ့သွားပြန်သည်။ သူတို့၏ အကြည့်များ ခဏတာ ဆုံသွားပြီးနောက် သူမက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "အများကြီးပါပဲ"
ရှောင်းလိက ထပ်မံ ဖိအားပေးကာ မေးလိုက်သည်။ "ဘာတွေလဲ"
ဒါမှမဟုတ် သူ တကယ် မေးချင်ခဲ့တာက____ အဲ့ဒီအများကြီးထဲမှာ ငါရော ပါရဲ့လား။
ဝိန်းယွီသည် စားပွဲနောက်သို့ ပြန်ထိုင်လိုက်ပြီး သူမ၏ မျက်ဝန်းထောင့်များကို အနည်းငယ် ပင့်တင်ကာ ပြောလိုက်သည်။
"ကျွန်မ အခုလေးတင် ပြောလိုက်တယ် မဟုတ်လား။ တခြားသူတွေကို သိအောင် ဘယ်တော့မှ မလုပ်ရဘူးလို့"
သူမသည် စကားလမ်းကြောင်းကို အဆုံးသတ်လိုက်ပြီး ပြောလိုက်သည်။
"ပြောပါဦး။ ရှင်တို့တွေ ဘယ်ပြည်နယ်ကို အရင်သိမ်းဖို့ ဆုံးဖြတ်ထားကြလဲ"
ရှောင်းလိသည် စိတ်ပျက်အားငယ်မှု အနည်းငယ်ကို ခံစားလိုက်ရသည်။ ဝိန်းယွီက သူ့ကို ကွဲပြားခြားနားစွာ ဆက်ဆံကြောင်း သူ ခံစားသိရှိနိုင်သော်လည်း ၎င်းမှာ ဖမ်းဆုပ်ရခက်ခဲနေပြီး သူ လက်လှမ်းမမီသော နေရာတွင် အမြဲ ရှိနေ၏။ သူက ပိုပြီး စူးစမ်းရန် ကြိုးစားသည့် အချိန်တိုင်း သူမသည် သူ့ကို လမ်းကြောင်းလွှဲလေ့ရှိသည်။
ထိုအဖြေကို ဖော်ထုတ်ရန်အတွက် သူသည် လုံလောက်အောင် သန်မာလာရမည် ဖြစ်ပြီး သူမက သူ့အား လိုလိုလားလား ပြောပြလာစေရန်အတွက် လုံလောက်အောင် သန်မာရလိမ့်မည်။
သားရဲတစ်ကောင်သည် ဂနာမငြိမ် ဖြစ်နိုင်သော်လည်း တစ်ခါတစ်ရံတွင်တော့ ကြီးမားလှသော သည်းခံနိုင်စွမ်းကိုလည်း ပြသနိုင်စွမ်း ရှိပေသည်။
ရှောင်းလိသည် ရင်ထဲက ရှုပ်ထွေးနေသော အတွေးများကို ဖိနှိပ်ထားလိုက်ပြီး လက်ရှိကိစ္စအပေါ်တွင်သာ အာရုံစိုက်လိုက်ကာ ပြောလိုက်သည်။ "မင်းဆီမှာ မြေပုံ ရှိလား"
ဝိန်းယွီသည် မတ်တတ်ရပ်ကာ စာအုပ်စင်ပေါ်မှ မြေပုံတစ်ခုကို ယူဆောင်လာပြီး စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်သည်။ ရှောင်းလိက အနားသို့ ချဉ်းကပ်လာပြီး ဖိန်ကျိုးကို လက်ညိုးထိုးပြကာ ပြောလိုက်၏။
"ဖိန်ကျိုးရဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေက ကောင်းကောင်း ဆက်သွယ်ထားတယ်။ ပြီးတော့ တောင်ဘက်မှာရှိတဲ့ ပိုင်ယန်တောင်ကြားကြောင့် တစ်ခုလုံး တောင်ပိုင်းလျန် ဒေသရဲ့ အရေးပါတဲ့ အတားအဆီး ဖြစ်လာတယ်။ ဒါပေမယ့် မြောက်ပိုင်းမှာ သဘာဝ အတားအဆီး မရှိတဲ့အတွက် အဲ့ဒီဘက်က လာတဲ့ ရန်သူတွေကို ရင်ဆိုင်ရတဲ့အခါ အထူးသဖြင့် ရုန်းကန်ရတယ်။ ဒီခံတပ်ကို လုံခြုံစေဖို့ ဖိန်ကျိုးက မြောက်ပိုင်းမှာလည်း ခံစစ်မျဉ်းတစ်ခု တည်ဆောက်ရမယ်"
ဤအကြောင်းကို ပြောဆိုနေစဉ် သူ့အမူအရာသည် ပြင်းပြစွာ အာရုံစိုက်လာပြီး သူ၏ မည်းမှောင်သော မျက်လုံးများသည် ဖိန်ကျိုး၏ မြောက်ဘက်တွင် သံမဏိတံတိုင်းကြီး တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်ကို ပုံဖော်နေသယောင်။
ဝိန်းယွီသည် သူမကိုယ်သူမပင် သတိမထားမိဘဲ သူ့စကားများထဲတွင် လုံးဝ နစ်မြုပ်သွားခဲ့တော့သည်။
အမာရွတ်ငယ်လေးများ ထင်ဟပ်နေသော သူ၏ သွယ်လျသော လက်ချောင်းများဖြင့် မြေပုံပေါ်ရှိ အခြားပြည်နယ် တစ်ခုကို ညွှန်ပြကာ ရှောင်းလိက ပြောလိုက်သည်။
"ရှင်းကျိုးက ဖိန်ကျိုးရဲ့ မြောက်ဘက် တည့်တည့်မှာ ရှိပြီး ကြမ်းတမ်းတဲ့ မြေမျက်နှာသွင်ပြင် ရှိတာကြောင့် သဘာဝအရ ပထမဆုံး ရွေးချယ်စရာ ဖြစ်လာတယ်။ ဒါပေမယ့် တောင်ထူထပ်ပြီး အန္တရာယ်များတာကြောင့်ပဲ ရှင်းကျိုးကို တစ်ချက်တည်းနဲ့ အလျင်အမြန် သိမ်းပိုက်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်။ ဒါ့အပြင် မင်း စောစောက ပြောခဲ့သလိုပဲ ရှင်းကျိုးရဲ့ နောက်ခံက ဝေ့ချီရှန်း ဖြစ်ဖို့များတယ်။ နန်ချန်စစ်တပ်က ဖိန်ကျိုးမှာ အချိန်မဆွဲဘဲ အမြန်ဝင်ရောက်ပြီး နယ်မြေကို သိမ်းပိုက်နိုင်ဖို့ဆိုရင် အခက်ခဲဆုံး ပစ်မှတ်ဖြစ်တဲ့ ရှင်းကျိုးကို ရွေးချယ်လို့ မရဘူး..."
ဝိန်းယွီက ကြားဖြတ် ပြောလိုက်သည်။ "ဒါဆိုရင် ရှင်းကျိုးရဲ့ ဘေးနှစ်ဖက်မှာရှိတဲ့ ထောင်ခရိုင်နဲ့ ယီကျိုးတို့ပဲ ရွေးချယ်စရာအဖြစ် ကျန်တော့တာပေါ့"
ရှောင်းလိသည် ခေါင်းညိတ်ပြလိုက်ပြီး ယီကျိုးအကြောင်း အသေးစိတ် ရှင်းပြရန် ရှေ့သို့ အနည်းငယ် ကိုင်းလိုက်သည်။ မမျှော်လင့်ဘဲ ဝိန်းယွီက စကားပြောနေစဉ် ရုတ်တရက် မတ်မတ် ထရပ်လိုက်ရာ သူမ၏ နဖူးသည် ရှောင်းလိ၏ မေးရိုးနှင့် ပြင်းထန်စွာ တိုက်မိသွားတော့သည်။
ရှောင်းလိသည် နာကျင်မှုကြောင့် ညည်းတွားလိုက်ပြီး ဝိန်းယွီမှာမူ ကျောက်တုံးတစ်တုံးကို ဝင်တိုက်မိသည့်နှယ် ခံစားလိုက်ရသဖြင့် နောက်သို့ တစ်လှမ်း ဆုတ်သွားကာ နဖူးကို ကိုင်ရင်း တိုးညှင်းစွာ ညည်းတွားလိုက်လေသည်။
ယန်ချွဲ့ကို နေရာချပေးပြီးနောက် ယခုလေးတင် ပြန်ရောက်လာသော ကျောင်းပိုင်သည် တံခါးကို ခေါက်ရန် လက်မြှောက်လိုက်သော်လည်း အတွင်းမှ ထူးဆန်းသော အသံများကို ကြားလိုက်ရသဖြင့် မှင်သက်သွားတော့သည်။ သူမ၏ မျက်နှာသည် အခိုက်အတန့်အတွင်း အမူအရာမျိုးစုံ ပြောင်းလဲသွားခဲ့၏။
ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူမသည် ခြံဝင်းတံခါးဆီသို့ ဆုတ်ခွာသွားပြီး အဓိကအခန်းဆီသို့ မည်သူမျှ မချဉ်းကပ်နိုင်စေရန် တင်းကြပ်သော အစောင့်အကြပ်တစ်ယောက်လို ရပ်နေလိုက်သည်။
အခန်းတွင်း၌ ဝိန်းယွီသည် တော်တော်လေး နာသွားသည့် သူမ၏ နဖူးကို ပွတ်သပ်လိုက်ပြီး သူမ၏ မျက်လုံးအိမ်များပင် ထုံကျဉ်ကိုက်ခဲနေသည်ကို ခံစားလိုက်ရသည်။ သူမသည် ရုတ်တရက်ကြီး ထရပ်မိသွားခဲ့ပြီး တိုက်မိသော အရှိန်မှာလည်း သိသိသာသာ ပြင်းထန်လွန်းခဲ့သည်။
သူမသည် လှမ်းပြီး မော့ကြည့်လိုက်သောအခါ ရှောင်းလိက နှုတ်ခမ်းများမှ သွေးများကို သုတ်ရင်း တိုးတိုးလေး စုပ်သပ်နေသည်ကို မြင်လိုက်ရသည်။ သူ၏ နှုတ်ခမ်း ပေါက်သွားဟန်တူသည်။ သူမ အမှားမှန်းလည်း သိသဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ရှင် သွေးထွက်နေတယ်မလား။ ဆိုးဆိုးရွားရွား ဖြစ်သွားလား"
ရှောင်းလိသည် သူ၏ လက်ချောင်းများမှ သွေးများကို သုတ်လိုက်ပြီး သူ၏သွားများ ထိမိသွားသော အောက်နှုတ်ခမ်းရှိ ဒဏ်ရာကို လျှာဖြင့် စမ်းကြည့်လိုက်သည်။ အပ်နှင့် ထိုးသည့်နှယ် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသော်လည်း သူက ပြန်ပြောလိုက်လေသည်။
"ဒဏ်ရာ နည်းနည်းပါပဲ။ ဘာမှမဖြစ်ပါဘူး"
...
အပိုင်း (၆၃.၂)
ဝိန်းယွီသည် မိမိကိုယ်မိမိ ပေါ့ဆမိသွားသည့်အတွက် စိတ်ထဲမှ မကျေမနပ် ဖြစ်သွားမိသည်။ သူမသည် အနားတွင်ရှိသည့် ရေကရားကို လှမ်းယူကာ လက်ဖက်ရည်နွေးနွေး တစ်ခွက်ကို ငှဲ့လိုက်ပြီးနောက် ရှောင်းလိထံသို့ ကမ်းပေးရင်း ပြောလိုက်၏။
"ကျွန်မ တောင်းပန်ပါတယ်။ ခံတွင်းရှင်းသွားအောင် လက်ဖက်ရည် တစ်ခွက်လောက် သောက်လိုက်နော်"
ရှောင်းလိသည် ကျေးဇူးတင်စကား ဆိုရင်း လက်ခံလိုက်သည်။ သူသည် ထိုခွက်ကို နှုတ်ခမ်းနားသို့ ယူဆောင်လာချိန်၌ ခွက်အနားသတ်တွင် မှိန်ဖျော့ဖျော့ နှုတ်ခမ်းနီရာတစ်ခု ရှိနေသည်ကို သတိထားမိလိုက်၏။
သူသည် ဝိန်းယွီ၏ ဘေးရှိ လက်ဖက်ရည်အစုံ တင်ထားသော သစ်သားလင်ဗန်းကို တစ်ချက် လှမ်းကြည့်လိုက်လေရာ သူမသည် သူမနှင့် အနီးဆုံးခွက်ကို ကမ်းပေးလိုက်ခြင်း ဖြစ်ကြောင်း သိလိုက်ရတော့သည်။ ဤသည်မှာ လက်ဖက်ရည် ငှဲ့ပေးနေကျ အလေ့အထကြောင့် ဖြစ်ပေလိမ့်မည်။
ဝိန်းယွီကတော့ အခြေအနေကို ဘာမှ သတိမထားမိဘဲ နီမြန်းနေသော သူမ၏ နဖူးကို အသာအယာ ပွတ်သပ်နေဆဲပင်။ သူမသည် ရှောင်းလိက သူမ၏ စားပွဲပေါ်သို့ စူးစမ်းကြည့်နေသည်ကို မြင်သောအခါ မေးလိုက်၏။
"ဘာဖြစ်လို့လဲ"
ရှောင်းလိက ပြန်ပြောလိုက်သည်။ "ဘာမှ မဟုတ်ပါဘူး" သူသည် ခေါင်းကို အနောက်သို့ အနည်းငယ် မော့လိုက်ကာ ခွက်ထဲရှိ လက်ဖက်ရည်များကို အကုန် သောက်လိုက်လေသည်။
သူသည် ခွက်ကို ပြန်ချလိုက်ချိန်၌ ခွက်အနားသတ်တွင် ကျန်ရှိနေသော နှုတ်ခမ်းနီရာကို သူ့လက်မဖြင့် မသိမသာ သုတ်ဖယ်လိုက်ပြီး စကားဝိုင်းကို မြေပုံဆီသို့ ပြန်လည် ဦးတည်လိုက်၏။
"ထောင်ခရိုင်ရော၊ ယီကျိုးရောက နောက်ခံအင်အား မရှိကြတဲ့အတွက် တစ်ဦးတည်း ရပ်တည်နိုင်မှာ မဟုတ်ဘူး။ နန်ချန် စစ်တပ်က ဘယ်ဘက်ကိုပဲ သိမ်းပိုက်လိုက်ပါစေ ကျန်တဲ့ တစ်ဖက်ကတော့ ရှင်းကျိုးနဲ့ မဟာမိတ် ဖွဲ့လိမ့်မယ်။ ဒါပေမဲ့ အဆိုးရွားဆုံး အခြေအနေကတော့ ရှင်းကျိုးက အဲ့ဒီ ပြည်နယ် နှစ်ခုလုံးကို အရင်ဦးဆုံး သိမ်းပိုက်လိုက်ပြီး ဖိန်ကျိုးကို ဖိနှိပ်ဖို့ ပူးပေါင်းလာတာပဲ ဖြစ်လိမ့်မယ်"
ဝိန်းယွီ၏ အာရုံများမှာ ချက်ချင်းပင် စကားဝိုင်းထဲသို့ ပြန်လည် ရောက်ရှိသွားတော့သည်။ သူမသည် လက်ချောင်းများဖြင့် နားထင်ကို ဖိနှိပ်ရင်း ပြောလိုက်၏။ "ဒါက ကျွန်မ အမြဲတမ်း စိုးရိမ်နေရတဲ့ ကိစ္စပါပဲ။ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ နန်ချန် စစ်တပ်က လျှပ်စီးလို အလျင်အမြန် လှုပ်ရှားဖို့ပဲ။ ရှင်းကျိုးက သူတို့ကို မသိမ်းသွင်းနိုင်သေးခင်မှာ ပြည်နယ် တစ်ခုကို လုံးဝ ချေမှုန်းပစ်ရမယ်။ ပြီးတော့ ကြင်နာမှုနဲ့ ခက်ထန်မှုကို အချိုးကျ သုံးပြီး ကျန်တဲ့ တစ်ခုကို လက်နက်ချခိုင်းရမယ်။ အဲ့ဒီလိုဆိုရင်တော့ ရှင်းကျိုးကို သီးခြား ခွဲထားနိုင်လိမ့်မယ်”
သူမသည် ရှောင်းလိဘက်သို့ လှည့်ကာ မေးလိုက်ပြန်၏။ "ရှင်က အစီအစဉ်တစ်ခု ရှိတယ်လို့ ပြောခဲ့တယ်နော်။ အဲ့ဒါက ဘာလဲ"
ရှောင်းလိသည် သူမ၏ အကြည့်ကို တည့်တည့် ဆုံလိုက်သည်။ "မင်း အရင်တုန်းက ထုန်ချန်က စစ်မှုထမ်းတွေအသွင် ဟန်ဆောင်ပြီး ပြဿနာတွေကို တခြားဆီ လွှဲပစ်ခဲ့တဲ့ နည်းလမ်းကို ငါ သတိရသွားတယ်။ မင်း ဖိန်ကျိုးကို မရောက်ခင်ကတည်းက ရှင်းကျိုးနဲ့ အနီးနားက တခြား ပြည်နယ်တွေဟာ နယ်မြေလုပွဲတွေကြောင့် ပဋိပက္ခ ဖြစ်နေကြတာ။ ငါတို့တွေ ရှင်းကျိုးနဲ့ ထောင်ခရိုင်၊ ဒါမှမဟုတ် ယီကျိုးကြားမှာ တိုက်ပွဲ ဖြစ်အောင် လုပ်လို့ ရတာပဲ"
ဝိန်းယွီ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ လက်ခနဲ ပေါ်ထွက်လာပြီး သူမက ပြောလိုက်သည်။ "ဆက်ပြောပါဦး"
ရှောင်းလိသည် မြေပုံပေါ်က မြစ်ကို လက်ညိုးညွှန်ပြကာ ပြောလိုက်သည်။
"ငါတို့ရဲ့ ကင်းထောက်တွေ သတင်းပို့တာအရဆိုရင် ဖေစုန့်အတွက် ရိက္ခာနဲ့ ဆေးဝါးတွေ ဝယ်ယူလာတဲ့ သင်္ဘောအုပ်စုဟာ ယီကျိုးနားမှာ မကြာခင်ကပဲ ပေါ်လာတယ်တဲ့။ တကယ်လို့ ငါတို့ လူတွေကို ယီကျိုး စစ်တပ်အသွင် ဟန်ဆောင်ခိုင်းပြီး ဖေစုန့်ရဲ့ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက် လုယူလိုက်မယ်ဆိုရင်ရော။ ပြီးတော့ အဲ့ဒီကိစ္စကို ရှင်းကျိုးက လုပ်တာလို့ အကွက်ဆင်လိုက်ရင် ဘယ်လိုနေမလဲ"
ရှောင်းလိ၏ တိုးတက်လာမှုမှာ သူမကို အံ့အားသင့်စေခဲ့ကြောင်း ဝိန်းယွီ ဝန်ခံရပေလိမ့်မည်။ သူမသည် သူ့ကို အချိန်အတော်ကြာအောင် တိတ်ဆိတ်စွာ စိုက်ကြည့်နေမိ၏။ ရှောင်းလိသည် ခေါင်းမော့ကြည့်ကာ မေးလိုက်သည်။
"ဒါက အလုပ်မဖြစ်ဘူးလား"
ဝိန်းယွီသည် ထိုအစီအစဉ်ကို သဘောတူခြင်းလည်း မရှိ၊ ငြင်းပယ်ခြင်းလည်း မရှိဘဲ ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"ဒါကို ရှင်ကိုယ်တိုင် စဉ်းစားခဲ့တာလား"
သူမ၏ ဆိုလိုရင်းကို ရှောင်းလိ သေသေချာချာ မသိသော်လည်း အမှန်အတိုင်းပင် ပြန်ဖြေလိုက်၏။
"ပြင်ပ အင်အားစုတွေကို အသုံးချတဲ့ မင်းရဲ့ နည်းလမ်းအတိုင်း ငါက ထပ်ပြီး စဉ်းစားကြည့်တာပါ။ ဒါပေမဲ့ ဒါက ရိုးရှင်းလွန်းနေမလားတော့ မသိဘူး"
ဝိန်းယွီက ထပ်မေးလိုက်ပြန်၏။ "ဒါကို ရှင် ဖန့်ယွမ်နဲ့ ဆွေးနွေးပြီးပြီလား"
ရှောင်းလိက ခေါင်းညိတ်ပြလိုက်သည်။ "ဖန့်စစ်သူကြီးကတော့ ငါတို့ စစ်တပ်က ရေတပ်ပညာမှာ အားနည်းတဲ့အတွက် သင်္ဘောတွေကို တိုက်ခိုက် လုယူဖို့ဆိုတာ အန္တရာယ် များတယ်လို့ သတိပေးတယ်။ ပြီးတော့ ရှင်းကျိုးက လုပ်တာလို့ အကွက်ဆင်ဖို့ကလည်း ခက်လိမ့်မယ်တဲ့။ တကယ်လို့ ကုန်စည်တွေကို မသယ်ဆောင်နိုင်ရင်တော့ ဒီအစီအစဉ်က အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့တွေ ကုန်စည်တွေကို ယူခဲ့မယ်ဆိုရင်တောင် ယီကျိုး နယ်နိမိတ်ကနေ မထွက်ခွာခင်မှာတင် နောက်က လိုက်ဖမ်းတာ ခံရလိမ့်မယ်လို့ သူက ပြောတယ်"
ဝိန်းယွီသည် စားပွဲကို ခပ်သာသာ ခေါက်ရင်း မေးလိုက်၏။ "ဖန့်စစ်သူကြီးက ဒီလောက်ထိ အခက်အခဲတွေကို ရှင်းပြထားပြီးသားကို ရှင်က ဘာဖြစ်လို့ ဒါကို အလုပ်ဖြစ်မယ့် အစီအစဉ်တစ်ခုအနေနဲ့ တင်ပြနေရတာလဲ"
စကားပြောပြီးသည်နှင့် ဝိန်းယွီသည် သူမ၏ စကားအတွက် ချက်ချင်းပင် နောင်တရသွားသည်။ သူ ဘာကြောင့် သည်နေရာသို့ ရောက်လာရသနည်း ဆိုသည်ကို သူမ ကောင်းကောင်းကြီး သိထားသည် မဟုတ်ပါလား။ သူမသည် စကားလမ်းကြောင်း ပြောင်းရန်အတွက် အကြည့်လွှဲလိုက်စဉ် ရှောင်းလိက ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ဒါက အလုပ်ဖြစ်နိုင်တယ်လို့ ငါ ယုံကြည်လို့ပဲ"
ဝိန်းယွီသည် လှည့်ကြည့်လိုက်ရာ သူ၏ နက်မှောင်ပြီး နက်ရှိုင်းလှသော မျက်ဝန်းအစုံနှင့် ဆုံတွေ့သွားတော့သည်။ ရှောင်းလိက ဆက်ပြောလိုက်သည်။
"ဒီတာဝန်ကို ငါကိုယ်တိုင် ဦးဆောင်မယ်။ တကယ်လို့ ကုန်စည်တွေကို မသယ်နိုင်ရင်တောင် ယီကျိုး စစ်တပ်တွေ ရောက်မလာခင်မှာ အကုန် မီးရှို့ပစ်လိုက်မယ်"
ထိုအခိုက်အတန့်၌ သူ၏ မျက်လုံးများထဲတွင် ရည်မှန်းချက်ကို မြင်နေရသလား သို့မဟုတ် ရက်စက်မှုကို မြင်နေရသလား ဆိုသည်ကို ဝိန်းယွီတစ်ယောက် မခွဲခြားနိုင်တော့ချေ။
သို့သော် စစ်တပ်ကို တစ်ခါမှ မကွပ်ကဲဖူးသေးသည့် သူတစ်ယောက်ထံတွင် ထိုအရည်အချင်းများကို မြင်တွေ့ရခြင်းကပင် သူမကို စိုးရိမ်ပူပန်သွားစေရန် လုံလောက်လှပေသည်။ ဖော်ပြရခက်သော စိုးရိမ်စိတ်ကို ဖိနှိပ်ရင်း သူမက ပြောလိုက်၏။
"ဒါဆိုရင်တော့ အကွက်ဆင်ထားတာက အရမ်း သိသာလွန်းနေမှာ မဟုတ်ဘူးလား"
ရှောင်းလိသည် သူမ၏ စကားကို အလေးအနက် စဉ်းစားနေဟန်တူပြီး ဝန်ခံလိုက်သည်။
"မင်း ပြောတာ မှန်ပါတယ်။ ငါ့ရဲ့ အတွေးက တိမ်လွန်းသွားတယ်"
ဝိန်းယွီက ပြန်ပြောလိုက်သည်။ "တိမ်နေတယ်ဆိုရင် ပိုပြီး နက်နက်နဲနဲ စဉ်းစားကြည့်လေ။ ကျွန်မတို့ အကွက်ဆင်ထားတယ်ဆိုတဲ့ သံသယကို ဘယ်လို ဖျောက်ဖျက်မလဲ"
ရှောင်းလိသည် ခဏတာ စဉ်းစားပြီးနောက် ခေါင်းခါပြလိုက်သည်။ ဝိန်းယွီသည် သူ့ကို လမ်းညွှန်ပေးနေစဉ်၌ သူမ၏ မျက်ဝန်းများမှာ ကြယ်တာရာများ ပြည့်နှက်နေသည့် ကောင်းကင်ယံနှလို တောက်ပနေတော့သည်။ "ပရိယာယ်တစ်ခုကို ဆင်တော့မယ်ဆိုရင် အပိုင်းအစ တစ်ခုတည်းကိုပဲ ကြည့်လို့ မရဘူး။ အကွက်တစ်ခုလုံးကို ထည့်သွင်း စဉ်းစားရမယ်"
"ကျွန်မ ထုန်ချန် စစ်မှုထမ်းတွေအသွင် ဟန်ဆောင်ခဲ့တာက အဲ့ဒီက အုပ်ချုပ်ရေးမှူးဟာ အမြတ်ကိုပဲ မက်ပြီး သူရဲဘောကြောင်တဲ့သူမှန်း သိလို့ပဲ။ ကျွန်မက သူ့ကို မယုံသလို ဖေစုန့်ကလည်း သူ့ကို ယုံမှာ မဟုတ်ဘူး။ ဒီလို လူမျိုးတွေက အာဏာရှိတဲ့သူဘက်ကိုပဲ အမြဲ ပါသွားတတ်ကြတာ"
"ဖေစုန့်ရဲ့ သင်္ဘောတွေကို တိုက်ခိုက်ပြီး ယီကျိုးနဲ့ ရှင်းကျိုးကြားမှာ ပဋိပက္ခဖြစ်အောင် လုပ်မယ့် ရှင့်ရဲ့ အစီအစဉ်မှာ အဓိက သော့ချက်က ယီကျိုးက ဒါကို ယုံသလား ဆိုတာ မဟုတ်ဘူး။ ဖေစုန့်က ဒါကို ယုံသလား ဆိုတာပဲ ဖြစ်ရမယ်"
ရှောင်းလိသည် ဝိန်းယွီ၏ အတွေးအမြင်များကို လိုက်မီရန် ကြိုးစားနေရင်း ပြောလိုက်သည်။ "ငါ နားမလည်ဘူး"
ထိုအခါမှ ဝိန်းယွီက ရှင်းပြလိုက်သည်။ "ရှင်းကျိုးက သူတို့အသွင် ဟန်ဆောင်ပြီး ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် ယီကျိုးက ဒေါသထွက်လိမ့်မယ်လို့ ရှင်က ထင်နေတာပေါ့။ ဒါပေမဲ့ တကယ့် အရင်းခံ အကြောင်းရင်းက ယီကျိုးဟာ ဖေစုန့်က သူတို့ကို အရေးယူမှာကို ကြောက်နေကြတာပဲ။ တကယ်လို့ ဖေစုန့်က ကျွန်မတို့ရဲ့ အစီအစဉ်ကို ရိပ်မိသွားပြီး ဘာမှ မလုပ်ရင်ရော"
ရှောင်းလိက ပြန်ဖြေလိုက်သည်။ "ဒါဆိုရင်တော့ ယီကျိုးက ရှင်းကျိုးအပေါ် မကျေမနပ် ဖြစ်သွားနိုင်ပေမဲ့ စစ်ဖြစ်တဲ့အထိတော့ ရောက်သွားမှာ မဟုတ်ဘူး"
"အဲ့ဒါပဲပေါ့" ဝိန်းယွီက ပြောလိုက်သည်။ "ရှင့်ရဲ့ အစီအစဉ်က ယီကျိုးနဲ့ ရှင်းကျိုး နှစ်ဖက်လုံးကို ရွှံ့နဲ့ ပက်လိုက်သလိုပဲ။ အသုံးဝင်ပေမဲ့ ထိရောက်မှုတော့ သိပ်မရှိဘူး။ တကယ်လို့ သူတို့တွေ သဲလွန်စ ရသွားပြီး ကျွန်မတို့ အကွက်ဆင်ထားမှန်း သိသွားရင် သူတို့တွေ မဟာမိတ်တောင် ဖွဲ့သွားနိုင်တယ်"
ရှောင်းလိသည် စားပွဲပေါ်က သူ့လက်ကို လက်သီးဆုပ်လိုက်သည်။
"ငါ တောင်းပန်ပါတယ်။ အရာအားလုံးကို ရိုးရှင်းလွန်းတယ်လို့ ထင်မိပြီး ငါ့ရဲ့ မကျွမ်းကျင်တဲ့ ကြိုးစားမှုတွေကြောင့် အကုန်လုံးကို ဖျက်ဆီးမိတော့မလို့ပဲ"
ဝိန်းယွီက ပြောလိုက်သည်။ "ဒီဗျူဟာက အလုပ်ဖြစ်နိုင်ပါသေးတယ်။ ကျွန်မတို့က တစ်လှမ်း ပိုပြီး ကြည့်ဖို့ပဲ လိုတာ။ ဖေစုန့်ကိုယ်တိုင်တောင် ဘယ်သူက သူ့ကုန်စည်တွေကို ခိုးသွားမှန်း မသိနိုင်တဲ့ အခြေအနေမျိုးကို ဖန်တီးရမယ်"
ဝိန်းယွီနှင့် ဆွေးနွေးရခြင်းက ရှောင်းလိအတွက် စာအုပ်ဖတ်ရခြင်း သို့မဟုတ် ဖိန်ကျိုး၏ တိုက်ပွဲများကို လေ့လာရခြင်းထက် ပိုလို့ပင် တန်ဖိုးရှိလှသည်ဟု ခံစားရစေသည်။ သူက မသိစိတ်က အလိုလို မေးလိုက်သည်။
"ဖေစုန့် ယုံကြည်သွားအောင် ဘယ်လို လုပ်မလဲ"
ဝိန်းယွီသည် စားပွဲကို သူမ၏ လက်ချောင်းထိပ်လေးဖြင့် နှစ်ချက်ခန့် ခပ်သာသာ ခေါက်လိုက်၏။ "အရင်တုန်းက ရှင်းကျိုးရဲ့ နောက်ကွယ်မှာ ဘယ်သူ ရှိနေတယ်လို့ ကျွန်မတို့ သံသယ ရှိခဲ့ကြလဲ"
ရှောင်းလိက ပြန်ဖြေလိုက်သည်။ "ဝေ့ချီရှန်း"
ဝိန်းယွီက ပြောလိုက်၏။ "ဒါပဲပေါ့။ ရှင်းကျိုးရဲ့ နောက်ကွယ်မှာ ဝေ့ချီရှန်း ရှိနေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ချပြလိုက်ရမယ်။ ဒါဆိုရင်တော့ ရှင့်ရဲ့ အစီအစဉ်က ဝေ့ချီရှန်းက ဖေစုန့်ရဲ့ ကုန်စည်တွေကို ခိုးယူသွားတယ် ဆိုတာမျိုး ဖြစ်သွားလိမ့်မယ်"
ရှောင်းလိကို အချိန်အတော်ကြာ ဒုက္ခပေးနေသည့် ရှုပ်ထွေးသော အတွေးများမှာ ဝိန်းယွီ၏ စကားအနည်းငယ်ကြောင့် ချက်ချင်းပင် တစ်ခုချင်းစီ ဆက်စပ်သွားတော့သည်။ ဝိန်းယွီ၏ စိတ်ရှည်လက်ရှည် လမ်းညွှန်မှုအောက်တွင် သူသည် တစ်လောကလုံး၏ အခြေအနေကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရပြန်၏။ သူ၏ လက်ဖဝါးများတွင် ချွေးအနည်းငယ် စိမ့်ထွက်လာရင်း မေးလိုက်သည်။ "ဒါကို ဘယ်လို ဖော်ထုတ်မလဲ"
ဝိန်းယွီသည် သူ့ကို ကြည့်ကာ ပြောလိုက်၏။ "သူတို့ကိုယ်တိုင် သူတို့ရဲ့ နောက်ခံလူကို ထုတ်ပြောလာအောင် လုပ်တာက အထိရောက်ဆုံး နည်းလမ်း ဖြစ်လိမ့်မယ်"
ရှောင်းလိသည် ဝိန်းယွီ၏ အခန်းထဲမှ ထွက်ခွာလာချိန်တွင် အတွေးများထဲ၌ နစ်မြုပ်နေဆဲ။
သူ တိုက်ခိုက် လုယူရန် တင်ပြခဲ့သည့် သင်္ဘောအုပ်စုမှာ အမှန်စင်စစ် ဝိန်းယွီ ပိုင်ဆိုင်သည့်အရာများ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။
သူမနှင့် ပတ်သက်ပြီး သူ မသိသေးသည့် အရာများစွာ ရှိနေသေး၏။
ရှောင်းလိသည် စိတ်ပျက်အားငယ်သွားခြင်း မရှိဘဲ ပိုခိုင်မာသော ဆုံးဖြတ်ချက်ကို ချလိုက်လေသည်။ ထိုအရာမှာ ပိုပြီး အင်အားကြီးမားလာစေရန်ပင်။
ဖိန်ကျိုး၏ မြောက်ဘက် ကာကွယ်ရေး အတားအဆီးကို သိမ်းပိုက်နိုင်မည့် အခွင့်အလမ်းများ ရှိနေသည့်အတွက် နောက်တစ်ဆင့်မှာ သေသေချာချာ ချမှတ်ရန်သာ ရှိတော့သည်။ ထို့အပြင် ဝိန်းယွီသည် သူ့ကို အလေးအနက် စဉ်းစားရမည့် မေးခွန်းတစ်ခု ထုတ်ခဲ့သည်။ တကယ်လို့ နန်ချန်ရဲ့ စစ်သည် ၅၀၀၀၀ပါတဲ့ စစ်တပ်ကြီးက ပိုင်ယန်လမ်းကြောင်းကို တိုက်ခိုက်လာရင် ဖိန်ကျိုးက စစ်သည် ၁၀၀၀၀တည်းနဲ့ ဘယ်လို ခုခံမလဲ။
ဖိန်ကျိုး၏ လက်ရှိ စစ်အင်အားမှာ အားလုံး ပေါင်းလိုက်လျှင်ပင် ၁၅၀၀၀ ခန့်သာ ရှိသည်။ နန်ချန်နှင့် စစ်ဖြစ်မည့်အကြောင်း သူမ၏ ထင်ကြေးပေးမှုမှာ နောက်ဆုံးတွင် သူမအနေဖြင့် နန်ချန်သို့ သွားရောက် လက်ထပ်ရန် အစီအစဉ် မရှိတော့ကြောင်း ပြသနေခြင်းများလား။
ထိုအတွေးကြောင့် ရှောင်းလိ၏ မျက်လုံးများမှာ ထိန်းချုပ်မရတော့ဘဲ မည်းမှောင်သွားတော့၏
သူသည် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး စစ်စခန်းသို့ ချက်ချင်း ပြန်ရောက်သွားကာ ဖိန်ကျိုး၏ စစ်ရေး အခင်းအကျင်းများနှင့် မဟာဗျူဟာကျသည့် လမ်းကြောင်းများ အားလုံးကို အလွတ်ရသည်အထိ မှတ်သားထားလိုသည့် ဆန္ဒများ ပြင်းပြနေမိ၏။
သူသည် ခြံတံခါးဝကို ဖြတ်ကျော်သွားချိန်၌ ဝိန်းယွီ၏ ကိုယ်ရံတော်မလေးက သူ့ကို ထူးဆန်းစွာ ရန်လိုသည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို သတိထားမိလိုက်သော်လည်း အလေးအနက် မထားနိုင်တော့ချေ။ သူ့အကြည့်မှာ သူမအပေါ်၌ ခဏတာ ဝေ့ဝဲသွားပြီးနောက် လျင်မြန်စွာပင် ထွက်ခွာလာခဲ့လိုက်တော့သည်။
ကျောင်းပိုင်သည် ထိုလူရှုပ်က သူမ၏ သခင်မလေ အခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါ ထိတ်လန့် ဒေါသထွက်သွားရပြီး သူ့နှုတ်ခမ်းပေါ်တွင် ယခင်က မရှိခဲ့သော ဒဏ်ရာအသစ်တစ်ခုကို မြင်လိုက်ရ၏။ သူမ၏ အကြည့်မှာ အရေခွံကို ခွာနိုင်လောက်အောင်ပင် ပြင်းထန်နေတော့သည်။
သို့သော် ထိုအမျိုးသားမှာတော့ မောက်မာလှသည့် အသွင်ဖြင့် သူမအနားမှ ဖြတ်ကျော်သွားစဉ် သူမကို တစ်ချက်သာ လှမ်းကြည့်လိုက်သည်။
ကျောင်းပိုင်သည် ခဏတာ မှင်သက်နေပြီးမှ ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်ရာ သူမ၏ ခြေထောက်အောက်ရှိ အပြာရောင် ကျောက်ပြားမှာ အက်ကွဲသွားတော့သည်။
သူမသည် ပြန်လှည့်လာပြီး အခန်းထဲဝင်ကာ ဝိန်းယွီကို လာရှာတော့သည်။
ဝိန်းယွီသည် လက်ရှိ စစ်ရေး အခင်းအကျင်းများကို အလေးအနက် စဉ်းစားနေဆဲ ဖြစ်၏။ လွန်ခဲ့သော နှစ်ရက်အတွင်း သူမ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စများမှာ အလွန်ပင် များပြားလှပေသည်။ မြောက်ပိုင်း စစ်ဆင်ရေးကို ချန်ဝေ့၊ လီရွှင်နှင့် အကြံပေးအမတ်များထံသို့သာ လွှဲအပ်ထားခဲ့သဖြင့် သူမကိုယ်တိုင် သိပ်ပြီး အာရုံမစိုက်နိုင်ခဲ့ချေ။ ယနေ့တွင် ရှောင်းလိ တင်ပြလိုက်သော နည်းလမ်းမှာ သူမ၏ စိတ်ထဲ၌ လမ်းစသစ်များကို ပွင့်သွားစေခဲ့သည်။
သို့သော်လည်း... ရှောင်းလိက သင်္ဘောများကို တိုက်ခိုက်မည့် အကြံမှာ သူမ၏ ထုန်ချန် စစ်မှုထမ်း အစီအစဉ်မှ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ပြောခဲ့သော်လည်း ပဋိပက္ခများ ပိုမို ပြင်းထန်လာစေရန်အတွက် ကုန်စည်များကို မီးရှို့ပစ်ရန် တင်ပြခဲ့သည့် သူ၏ အလိုလို သိမြင်မှုက သူမကို တွေဝေသွားစေခဲ့သည်။
ဤကဲ့သို့သော သိမ်မွေ့လှသည့် ရက်စက်သော နည်းပရိယာယ်များက သူမကို အမှန်တကယ်ပင် စိုးရိမ်မိစေသည်။
စစ်သည်များအတွက်တော့ အကြမ်းဖက်လိုစိတ်မှာ အချိန်ကြာလာသည်နှင့်အမျှ ပိုလို့ပင် ကြီးထွားလာတတ်သည် မဟုတ်ပါလား။ သူမသည် ရှောင်းလိကို ထိုကဲ့သို့ အစွန်းရောက်သွားသည်ကို မမြင်လိုချေ။
ဝိန်းယွီသည် စစ်ရေးမြေပုံကို ခဏတာ ငေးကြည့်နေမိ၏။ သူမသည် လက်ဖက်ရည် သောက်ရန်အတွက် သူမ၏ ခွက်ကို လှမ်းယူလိုက်စဉ် ဟင်းလင်းပြင်ကိုသာ ထိမိလိုက်တော့သည်။ သူမက ဘေးသို့ လှမ်းကြည့်လိုက်သောအခါ သူမ သောက်နေကျ ခွက်မှာ ပုံမှန်နေရာတွင် မရှိတော့ကြောင်း သိလိုက်ရ၏။ တစ်စုံတစ်ခုကို သတိရသွားသည့်နှယ် သူမသည် ရှောင်းလိ ရပ်နေခဲ့သည့် နေရာဆီသို့ လှမ်းကြည့်လိုက်ရာ စားပွဲထောင့်တွင် သူ ထားခဲ့သော လက်ဖက်ရည်ခွက်ကို တွေ့လိုက်ရတော့သည်။
ဝိန်းယွီသည် မှင်သက်သွားပြီးနောက် စိတ်ထဲတွင် တိတ်တိတ်လေး မကျေမနပ် ဖြစ်သွားမိ၏။ ဖြစ်နိုင်သည်မှာ သူမသည် ယခုရက်ပိုင်းအတွင်း ကိစ္စများကို အလွန်အမင်း စဉ်းစားနေမိသောကြောင့် ဤကဲ့သို့သော အမှားမျိုးကို ပြုလုပ်မိခြင်း ဖြစ်ပေလိမ့်မည်။
သူလည်း ဒါကို သတိထားမိမှာ မဟုတ်ပါဘူးနော်။
သူမ၏ အတွေးများမှာ မသိစိတ်က အလိုလို နယ်ကျွံသွားတော့သည်။
အမှန်အတိုင်း ပြောရလျှင် သူမအနေဖြင့် ရှောင်းလိအပေါ် ထားရှိသော ခံစားချက်များကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ခြင်း မရှိတော့ချေ။
သူသည် သူမ၏ ကျေးဇူးရှင် ဖြစ်ခဲ့ဖူးသလို ထွက်ပြေးခဲ့ရသည့် ခရီးစဉ်တစ်လျှောက်တွင်လည်း သူမကို အစစအရာရာ ကာကွယ်ပေးခဲ့သည့်အတွက် သူတို့ကြားတွင် ရှင်းလင်းသည့် စည်းမျဉ်းများ မရှိခဲ့ကြချေ။ ရှောင်းလိအပေါ် ထားရှိသည့် သူမ၏ ခံစားချက်မှာ ကျေးဇူးတင်ခြင်းနှင့် အသိအမှတ်ပြုခြင်းလား။ သို့မဟုတ် အတူတကွ ဖြတ်ကျော်ခဲ့ရသည့် အသက်ဘေး အန္တရာယ်များကြောင့် ဖြစ်ပေါ်လာသည့် အားကိုးလိုစိတ်လား ဆိုသည်ကို သူမ မသိခဲ့ချေ။
သို့တည်းမဟုတ် ထိုထက် ပိုစောခဲ့သလား။ သူသည် သူမ၏ လျှို့ဝှက်ချက်များကို သိရှိသွားခဲ့သော်လည်း မသိသယောင် ဆောင်ပေးခဲ့သည့် အချိန်ကတည်းကပင် သူမအတွက်တော့ သူသည် ထူးခြားသော သူတစ်ယောက် ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။
သို့သော် ထိုအရာများက မည်သို့ပင် ရှိစေကာမူ အဖြေမှာ အရေးမကြီးတော့ချေ။
လက်ရှိ လျှောက်လှမ်းနေသော လမ်းပေါ်မှာသာ ဆက်ရှိနေခြင်းက အမှန်ကန်ဆုံး ဖြစ်ပေလိမ့်မည်။
အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာ၏။
ဝိန်းယွီက "ဝင်ခဲ့ပါ" ဟု ပြောလိုက်သည်။
ဝင်လာသူမှာ ကျောင်းပိုင် ပင်။
သူမသည် ဒေါသများ မပြေသေးဘဲ ချက်ချင်းပြောလိုက်၏။
"မင်းသမီး... ဟို ရှောင်းဆိုတဲ့—"
ဝိန်းယွီက သူမ၏ စကားကို ဖြတ်ပြောလိုက်၏။ "စစ်ရေး ကိစ္စတွေ ဆွေးနွေးနေရလို့ သူက ရိုင်းစိုင်းမိသွားတာပါ။ ကျွန်မ သူ့ကို ဆူလိုက်ပြီးပြီ။ ယန်ချွဲ့က ဘာပြောလိုက်လဲ"
ကျောင်းပိုင်သည် ပြောရန် ပြင်ထားသော စကားများကို ပြန်လည် မြိုသိပ်လိုက်ရတော့သည်။ သို့သော် ထိုလူကို အထူးတလည် အရေးပေးခြင်းမဟုတ်သည့်နှယ် ဝိန်းယွီ၏ တည်ငြိမ်လှသော မျက်နှာကို မြင်လိုက်ရချိန်၌ သူမ၏ စိတ်မှာ အနည်းငယ် အေးချမ်းသွားရ၏။
နန်းတောင်၏ တော်ဝင်အမျိုးသမီးများကြားတွင် သူတို့၏ခင်ပွန်းဖြစ်သူနှင့် အဆင်မပြေကြသူများက အမျိုးသားအဖော်များ ထားကြခြင်းကလည်း ထူးထူးခြားခြား ကိစ္စမဟုတ်ချေ။
တကယ်လို့ သူမ၏ သခင်မက ထိုသူကြောင့် အစီအစဉ်များကို မမေ့လျော့ဘူးဆိုလျှင်တော့ ကိုယ်ရံတော် သို့မဟုတ် စစ်သူကြီးတစ်ဦးကို အပျော်အပါးအနေဖြင့် ထားရှိခြင်းက ပြဿနာ မဟုတ်ဟု ကျောင်းပိုင် တွေးတောလိုက်မိသည်။
ထိုရှောင်းဆိုသည့် လူကို အရှက်ရအောင် လုပ်ရန်အတွက် သူမတွင် အခွင့်အရေးများစွာ ရှိနေသေး၏။ ယခုတော့ သူမသည် မျက်နှာကို ပြန်လည် ပြင်ဆင်လိုက်ပြီး လေးနက်စွာ တင်ပြလိုက်သည်။
"ယန်ချွဲ့က ပြောတယ်။ မြန့်ယွဲ့ဟာ သစ္စာဖောက်တစ်ယောက်တဲ့"
...