← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အပိုင်း (၆၅)

၄လပိုင်းအကုန်သို့ ရောက်ရှိလာချိန်တွင် ရှောက်မြစ်၏ ကမ်းပါးနှစ်ဖက်လုံးရှိ ကျူပင်များသည် စိမ်းလန်းစိုပြည်စွာ ကြီးထွားနေပြီး ဗျိုင်းများကလည်း ထိုအထဲတွင် အသိုက်ဖွဲ့နေကြသည်။

မိုးခြိမ်းသံများနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းနေသည့် ညတစ်ညတွင် ဖိန်ကျိုးစစ်တပ်သည် အမှောင်ထုကို အကာအကွယ်ယူကာ ရှောက်မြစ်ကို ဖြတ်ကျော်ပြီး ထောင်ခရိုင်ကို အငိုက်ဖမ်း တိုက်ခိုက်ခဲ့လေသည်။

မိုးစက်များသည် လောက်စာလုံးငယ်များလို ပြင်းထန်စွာ ကျဆင်းနေပြီး ရွှံ့နွံထူထပ်သော မြေပြင်ပေါ်ရှိ ရေအိုင်ငယ်များထဲသို့ တဖျောက်ဖျောက် စင်ထွက်နေ၏။ စစ်မြင်းများသည်လည်း မိုးထဲရေထဲတွင် မငြိမ်မသက်စွာဖြင့် နင်းဖြတ်လာကြသည်။

ရှောင်းလိက မတည်မငြိမ် ဖြစ်နေသော သူ့မြင်းကို ငြိမ်သက်သွားစေရန် လည်ဆံမွေးများကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ မိုးရေများက ခမောက်ပေါ်မှတစ်ဆင့် သူ့မျက်ခွံများပေါ်သို့ စီးကျနေသော်လည်း သူသည် မျက်တောင်တစ်ချက်ပင် မခတ်ချေ။ သူ၏ ဝံပုလွေတစ်ကောင်လို စူးရှသော အကြည့်များသည် အမှောင်ထုနှင့် မိုးခန်းဆီးအောက်တွင် အိပ်ပျော်နေသော သားရဲကြီးတစ်ကောင်နှယ် တည်ရှိနေသည့် ထောင်ခရိုင်၏ မြို့တံခါးများဆီသို့သာ စိုက်ကြည့်နေခဲ့သည်။

ကင်းထောက်တစ်ယောက်က မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ သတင်းယူဆောင်လာသော်လည်း အရှေ့ဘက် တံခါးဆီမှ မည်သည့်သတင်းမှ ပါမလာခဲ့ချေ။ ဖန့်ယွမ်သည် ကင်းထောက်ကို ပြန်လွှတ်လိုက်ပြီး မျက်နှာပေါ်မှ မိုးရေများကို သုတ်ကာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

"တောက်... ဒီမိုးက ဒီညတော့ တော်တော်နဲ့ စဲမယ့်ပုံမပေါ်ဘူး။ အစီအစဉ်အရဆိုရင် ချန်လူကြီးမင်းက တိုက်ခိုက်မှုကို စတင်နေလောက်ပြီ။ ဘာဖြစ်လို့ တောင်ဘက်တံခါးဆီက ဘာလှုပ်ရှားမှုမှ မရှိရတာလဲ"

လျှပ်စီးလက်သွားချိန်တွင် ပတ်ဝန်းကျင်မှာ ဖြူဆွတ်သွားပြီး သူတို့၏အနောက်ဘက်ရှိ တောအုပ်ထဲတွင် တန်းစီနေသော စစ်တပ်ကြီးနှင့် အဝေးမှ ထောင်ခရိုင် မြို့ရိုးပေါ်တွင် စောင့်ကြပ်နေသည့် စစ်သည်များကို ခဏတာ မြင်လိုက်ရသည်။

ရှောင်းလိက မုန်တိုင်းကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

"ဒီည မိုးကလည်း သည်း၊ မိုးလည်း ခြိမ်းနေတော့ မီးအချက်ပြတာတွေက ယုံကြည်လို့ မရနိုင်ဘူး။ သတင်းပို့တာတွေလည်း နှောင့်နှေးနေတာ ဖြစ်လိမ့်မယ်"

ဖန့်ယွမ်က သူ့ကိုကြည့်ကာ ရယ်မောလိုက်သည်။

"ရှောင်ရှောင်း... မင်း စစ်တပ်ထဲ ရောက်တာ မကြာသေးပေမဲ့ အခြေအနေတွေကို အတော်လေး ကျွမ်းကျွမ်းကျင်ကျင် သုံးသပ်တတ်နေပြီပဲ"

ရှောင်းလိ စီးနင်းထားသော စစ်မြင်းမှာလည်း တစ်ကိုယ်လုံး စိုရွှဲနေလေပြီ။ သူသည် ဇက်ကြိုးပေါ်မှ ရေစက်များကို ခါထုတ်လိုက်ပြီး ပြန်ပြောလိုက်၏။

"ကျွန်တော်က လီရွှင်လူကြီးမင်းဆီကနေ အနည်းအကျဉ်း သင်ယူထားတာပါ။ စစ်သူကြီးဖန့်ယွမ်လို ဆရာသမားရှေ့မှာတော့ ကျွန်တော့်ရဲ့ အပျော်တမ်း အရည်အချင်းတွေကို ထုတ်ပြနေမိတာပါ"

ဖန့်ယွမ်က လက်ကာပြလိုက်၏။ "သွားစမ်းပါ... ကောင်စုတ်လေးရာ။ မင်းမှာ ဆရာကောင်းရှိတယ်ဆိုတာကို ငါ့ရှေ့မှာ လာကြွားနေတာ မဟုတ်လား"

ရှောင်းလိသည် အစောပိုင်းက သူ့ကို အကြံပေးမည့် စစ်ဗျူဟာမှူးတစ်ယောက် ရှာဖွေလိုခဲ့သည်။ ဖန့်ယွမ်က လူအချို့ကို အကြံပြုခဲ့သော်လည်း ရှောင်းလိ၏ စိတ်ကြိုက်နှင့် မတွေ့ခဲ့ချေ။ ထိုဗျူဟာမှူးများသည် စာအုပ်ထဲက အသိပညာများကိုသာ ပုံသေ အသုံးချတတ်ကြပြီး စစ်ရေးစနစ်များအပေါ်တွင်လည်း အပေါ်ယံသာ နားလည်ကြသူများ ဖြစ်သည်။ ရှောင်းလိ၏ မေးခွန်းများစွာမှာ သူတို့ကို စိတ်ရှုပ်ထွေးသွားစေပြီး ပြန်မဖြေနိုင်အောင် ဖြစ်စေခဲ့သည်။

လီရွှင်သည် ဖန့်ယွမ်နှင့်အတူ စစ်ရေးကိစ္စများကို ကိုင်တွယ်နေရသူ ဖြစ်သည်။ ထောင်ခရိုင်ကို ညဘက် ဝင်တိုက်မည့် အစီအစဉ်အပါအဝင် တဆက်တည်းတွင် ရှင်းကျိုးစစ်တပ်ဟန်ဆောင်ပြီး ယီကျိုးကို တိုက်ခိုက်မည့်စစ်တပ်များကိုလည်း နေရာချနေရသည်။ သူသည် ရှောင်းလိ၏ မေးခွန်းများအကြောင်း သိရှိသွားသောအခါ ရှောင်းလိအတွက် ကိစ္စရပ်အချို့ကို ကိုယ်တိုင် ရှင်းပြပေးခဲ့သည်။ ရှောင်းလိ၏ ကြီးမားသော အလားအလာကို မြင်တွေ့သွားသောကြောင့် ဖြစ်နိုင်သည်။ လီရွှင်က နောင်တွင် မသိသည်များရှိပါက အချိန်မရွေး လာမေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ရှောင်းလိသည် ရက်အနည်းငယ်ခြားတစ်ခါ လီရွှင်ထံသို့ သွားရောက် ဆွေးနွေးလေ့ရှိသည်။ ငယ်စဉ်က အရူးကြီးထံမှ သင်ယူခဲ့ရသော အခြေခံဗဟုသုတများနှင့် သူကိုယ်တိုင် လေ့လာခဲ့သည်များ ပေါင်းစပ်လိုက်သောအခါ သူ၏ တိုးတက်မှုမှာ အံ့ဩစရာကောင်းလောက်အောင် လျင်မြန်ခဲ့သည်။ ဖန့်ယွမ်နှင့် အခြားသူများက သူ့ကို "ဖိန်ကျိုး၏ လွီမုန့်" ဟုပင် နောက်ပြောင် ခေါ်ဝေါ်လာကြတော့သည်။

ဖန့်ယွမ်က အရှေ့ဘက်သို့ လှမ်းကြည့်ကာ ပြောလိုက်၏။ "ချန်လူကြီးမင်းအတွက် အရာအားလုံး အဆင်ပြေချောမွေ့ဖို့ပဲ မျှော်လင့်ရမှာပဲ"

ဒုစစ်သူကြီးတစ်ဦးကလည်း ဝင်ပြောလိုက်သည်။ "အုပ်ချုပ်ရေးမှူးက စစ်တိုက်တတ်တယ်ဆိုတာ ကျွန်တော် ဒီနေ့မှပဲ သိတော့တယ်"

ဖန့်ယွမ်က သူ့ကို ကြည့်လိုက်၏။ "မင်း ဘာတွေ ပြောနေတာလဲ။ ချန်လူကြီးမင်းသာ စာပေရော စစ်ရေးမှာပါ မထူးချွန်ဘူးဆိုရင် ဝမ်ရယ်က သူ့ကို ဖိန်ကျိုးလို နေရာမျိုးဆီ စေလွှတ်ပါ့မလား"

ဒုစစ်သူကြီးက ခေါင်းကို ကုတ်ကာ ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ "အဲဒါလည်း ဟုတ်တာပါပဲ"

မှောင်အတိကျနေသည့်ကြားမှ မိုးထဲရေထဲတွင် မြင်းခွာသံများ ပြန်လည် နီးကပ်လာပြန်သည်။ လူတိုင်းက လှည့်ကြည့်လိုက်ကြ၏။ ကင်းထောက်သည် အစွမ်းကုန် ဒုန်းစိုင်းစီးလာပြီး မြင်းပေါ်မှ ဆင်းကာ ဒူးတစ်ဖက် ထောက်လျက် သတင်းပို့လိုက်သည်။

"စစ်သူကြီးဖန့်ယွမ်... ချန်လူကြီးမင်းက အရှေ့ဘက် မြို့တံခါးအတွင်းမှာ စစ်ကူတွေ လာမယ့် အရိပ်အယောင် မရှိဘူးလို့ ပြောပါတယ်။ ထောင်ခရိုင် အုပ်ချုပ်ရေးမှူးက စစ်သူကြီး မရှိတာကို သတိထားမိပြီး ဒါက အယောင်ပြတိုက်ကွက်ဆိုတာ ရိပ်မိသွားပုံရပါတယ်။ ချန်လူကြီးမင်းက သူတို့ရဲ့ စစ်အင်အားတွေကို အာရုံလွှဲဖို့အတွက် အနောက်ဘက်တံခါးကို နောက်ထပ် စစ်သည် ၁၀၀၀ နဲ့ သွားတိုက်ဖို့ အမိန့်ပေးလိုက်ပါတယ်။ တောင်ဘက်တံခါး တိုက်ခိုက်မှုကိုတော့ ဒုစစ်သူကြီးထန်နဲ့ တပ်မှူးရှောင်းတို့ဆီမှာပဲ လွှဲထားခဲ့ပါလို့ ပြောပါတယ်"

ဖန့်ယွမ်သည် ထိုစကားကို ကြားသောအခါ ကျိန်ဆဲလိုက်တော့သည်။ "အဲဒီ မြေခွေးအိုကြီး၊ ထောင်ခရိုင် အုပ်ချုပ်ရေးမှူးကတော့ ပျားအိမ်က အပေါက်တွေထက်တောင် ပိုပြီး လှည့်ကွက်တွေ များနေပါလား!"

သူသည် စိတ်မရှည်စွာဖြင့် ဇက်ကြိုးကို ဆွဲလိုက်ပြီး သူ၏ ကိုယ်ရံတော်များကို အမိန့်ပေးလိုက်၏။ "မြန်မြန်... လူ ၁၀၀၀ စုပြီး ငါ့နောက်ကို လိုက်ခဲ့ကြ!"

ကိုယ်ရံတော်သည် အမိန့်ကို နာခံရန် ချက်ချင်း ဒုန်းစိုင်းထွက်သွားတော့သည်။ ထို့နောက် ဖန့်ယွမ်က ရှောင်းလိနှင့် ဒုစစ်သူကြီးထန်ယီဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"တောင်ဘက်တံခါးကို မင်းတို့ နှစ်ယောက်ဆီမှာ ငါ လွှဲထားခဲ့မယ်။ 'ပထမတစ်ကြိမ်မှာ စိတ်ဓာတ်တွေ တက်ကြွနေပြီး၊ ဒုတိယတစ်ကြိမ်မှာ ဆုတ်ယုတ်သွားကာ၊ တတိယတစ်ကြိမ်မှာတော့ အားအင်တွေ ကုန်ခမ်းသွားလိမ့်မယ်' ဆိုတဲ့ စကားကို မှတ်ထား... ငါတို့ ဒီည ထောင်ခရိုင်ကို သေချာပေါက် သိမ်းပိုက်ရမယ်။ တကယ်လို့ နှောင့်နှေးသွားမယ်ဆိုရင် နောက်မှ သိမ်းပိုက်ဖို့က အများကြီး ပိုပြီး အားစိုက်ရလိမ့်မယ်"

ဒုစစ်သူကြီးထန်က လက်သီးကို ဆုပ်ကာ ချက်ချင်းပင် ရိုသေစွာ ပြန်ပြောလိုက်၏။

"ကျွန်တော်မျိုးက စစ်သူကြီးနဲ့ ချန်လူကြီးမင်းတို့ရဲ့ ယုံကြည်မှုကို သေချာပေါက် အလဟဿ မဖြစ်စေရပါဘူး!"

ရှောင်းလိကလည်း လက်သီးဆုပ်ကာ အရိုအသေ ပေးလိုက်သည်။ တိုက်ပွဲက အရေးကြီးနေသဖြင့် ဖန့်ယွမ်သည် စကားရှည်ရှည် မပြောနိုင်တော့ဘဲ ဒုစစ်သူကြီးထန်၏ ပခုံးကို ပုတ်ကာ ရှောင်းလိကို ခေါင်းညိတ်ပြလိုက်ပြီးနောက် မိုးသည်းထဲတွင် စစ်သည် ၁၀၀၀ကို ဦးဆောင်ကာ အနောက်ဘက်တံခါးဆီသို့ တိတ်ဆိတ်စွာ ထွက်ခွာသွားတော့သည်။

သည်းထန်စွာ ရွာသွန်းနေသောမိုးက စစ်တပ်၏ လှုပ်ရှားမှုများကို ဖုံးကွယ်ပေးထားသည်။ ထောင်ခရိုင် တောင်ဘက်တံခါး မြို့ရိုးပေါ်ရှိ ကင်းစောင့်များသည် တောင်ကြီးများနှယ် မလှုပ်မယှက် ရပ်နေကြ၏။

နောက်ထပ် နာရီဝက်ခန့် ကြာသွားသော်လည်း မြို့ရိုးပေါ်တွင် မည်သည့်လှုပ်ရှားမှုမှ မရှိချေ။ ဒုစစ်သူကြီးထန်က ရှောင်းလိဘက်သို့ လှည့်ကာ အကြံပြုလိုက်သည်။

"ထောင်ခရိုင်ရဲ့ မြို့တံခါး ၄ခုလုံးက ကာကွယ်ရေးတွေကို ပုံသေပဲ ထားထားပြီး တစ်နေရာကို ကူဖို့အတွက် ရွှေ့မှာ မဟုတ်ဘူး ထင်တယ်။ အခုပဲ တိုက်ခိုက်မှုကို စတင်လိုက်ရမလား"

သူ၏ စစ်ရေးလုပ်သက်က ရှောင်းလိထက် အများကြီး သာသဖြင့် ပုံမှန်ဆိုလျှင် ရှောင်းလိကို အကြံတောင်းနေစရာ မလိုချေ။ သို့သော် ဝိန်းယွီက ရှောင်းလိကို အလွန် ယုံကြည်ကြောင်း စစ်တပ်တစ်ခုလုံး သိထားကြသည်။ ချန်ဝေ ကိုယ်တိုင်ပင် အမိန့်များ ထုတ်ပြန်ချိန်တွင် ရှောင်းလိ၏ နာမည်ကို အထူးတလည် ထည့်ပြောလေ့ရှိရာ ဒုစစ်သူကြီးထန်သည်လည်း မိမိသဘောနှင့်မိမိ မလုပ်ရဲခြင်း ဖြစ်ပေသည်။

သူတို့ ပုန်းအောင်းနေသည့် နေရာမှာ ချုံပုတ်များ ဖုံးလွှမ်းနေသော ကုန်းစောင်းငယ်တစ်ခု ဖြစ်ပြီး ထောင်ခရိုင် တောင်ဘက်တံခါး၏ လှုပ်ရှားမှုများကို ရှင်းလင်းစွာ မြင်တွေ့နိုင်သလို ရန်သူ့ကင်းထောက်များ၏ အမြင်မှလည်း လွတ်ကင်းသော နေရာဖြစ်သည်။

ရှောင်းလိသည် အမြင့်တစ်နေရာ ချုံပုတ်များကြားမှ ကျောက်ဆောင်တစ်ခုပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် သေလူကဲ့သို့ ငြိမ်သက်နေသော တောင်ဘက် မြို့တံခါးကို စိုက်ကြည့်နေပြီးမှ ပြောလိုက်၏။

"ခဏလောက် ထပ်စောင့်ရအောင်"

သည်းထန်သော မိုးကြောင့် သူတို့၏ စိတ်များမှာလည်း တလှပ်လှပ် ဖြစ်နေကြသည်။ ဒုစစ်သူကြီးထန်က ဆက်ပြီး ပြောလိုက်သည်။

"ချန်လူကြီးမင်းနဲ့ စစ်သူကြီးဖန့်ယွမ်တို့က လူ ၁၀၀၀ စီပဲ ယူသွားကြတာ။ ငါတို့က မိုးထဲရေထဲမှာ အငိုက်ဖမ်း တိုက်ခိုက်တာဆိုတော့ မြို့ရိုးတက်လှေကားတွေရော၊ မြို့တံခါးဖျက်စက်တွေရော မပါဘူး။ တကယ်လို့ သူတို့တွေ အကြာကြီး တိုက်နေရပြီး ထောင်ခရိုင်က ဒါက အသံပဲရှိပြီး အနှစ်မပါတဲ့ အယောင်ပြတိုက်ကွက်ဆိုတာ သိသွားရင် ငါတို့ တိုက်ခိုက်တဲ့အခါ အားသာချက် ဆုံးရှုံးသွားလိမ့်မယ်။ ဒီတိုက်ပွဲ အခွင့်အရေးကို လက်လွတ်မခံနိုင်ဘူးလေ!"

ရှောင်းလိက ပြန်ဖြေလိုက်၏။ "ကျွန်တော် သိပါတယ်။ ဒါပေမဲ့ တကယ်လို့ ရန်သူ့ရဲ့ သတင်းပို့သမားက မရောက်သေးဘူးဆိုရင်၊ ဒါမှမဟုတ် အနောက်ဘက်တံခါးကို သွားတဲ့ စစ်ကူတွေက သိပ်မဝေးသေးဘူးဆိုရင် အခုတိုက်လိုက်တာက အနောက်ဘက်တံခါးကလည်း အယောင်ပြပဲဆိုတာကို ဖော်ပြလိုက်သလို ဖြစ်သွားလိမ့်မယ်"

ဒုစစ်သူကြီးထန်သည် ဇက်ကြိုးကို တင်းတင်းဆုပ်ကာ စိတ်မရှည်မှုကို ဖိနှိပ်လျက် မိုးထဲရေထဲတွင် သူ၏မြင်းကို လှည့်လိုက်ပြီး မေးလိုက်သည်။ "ဒါဆိုရင် ဘယ်အချိန်မှာ တိုက်သင့်တယ်လို့ မင်း ထင်လဲ"

သူသည် ရှောင်းလိကို အပြစ်မလုပ်ရဲသော်လည်း ရှောင်းလိ၏ အကြောင်းပြချက်က ခိုင်လုံနေပြန်သည်။ သူသည်လည်း ဇွတ်အတင်း တိုက်ခိုက်ရန် မစွန့်စားဝံ့ချေ။ တကယ်လို့ ဒီတိုက်ပွဲကို နိုင်ခဲ့ရင်တော့ အရာအားလုံး အဆင်ပြေသွားလိမ့်မည်။ သို့သော် ရှုံးသွားခဲ့လျှင်တော့ မင်းသမီး၏ ယုံကြည်ရသူကို စိတ်အနှောင့်အယှက် ပေးခဲ့ရုံသာမက အကြံပြုချက်ကို လျစ်လျူရှုပြီး ဇွတ်လုပ်ခဲ့သည့်အတွက် ရှုံးနိမ့်မှု၏ တာဝန်အားလုံးကို သူတစ်ယောက်တည်း ခံရလိမ့်မည်။ ထို့ကြောင့်ပင် သူက မတိုက်ခိုက်ခင် ရှောင်းလိကို အကြံတောင်းခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ ဆုံးဖြတ်ချက်ကို သူတို့နှစ်ဦး အတူတူ ချမှတ်ခဲ့ပြီး ဒီတိုက်ပွဲမှာ အောင်မြင်ခဲ့လျှင် မင်းသမီး၏ ယုံကြည်ရသူအနေနှင့် အောင်မြင်မှု တစ်ဝက်ကို ရရှိသွားလိမ့်မည်။ သူသည် ထိုအချက်ကို လုံးဝ သဘောမကျသော်လည်း ဟန့်ယန်မင်းသမီးက ထိုကဲ့သို့သောလူကို စစ်တပ်ထဲ ထည့်ထားခြင်းမှာ အာဏာအချို့ကို ရယူရန်ဖြစ်ကြောင်း သူ နားလည်သည်။ ရာထူးပိုမြင့်သည့် စစ်သူကြီးများသည် သူ့ထက်ပင် ပိုပြီး အနေရခက်နေကြလိမ့်မည်။

ပိုပြီး စိတ်အေးရသည့် အချက်မှာ သူတို့ တောင်ဘက်တံခါးကို မဖောက်နိုင်ခဲ့လျှင်ပင် ဟန့်ယန်မင်းသမီး၏ ဂုဏ်သိက္ခာကို ထောက်ထားပြီး ချန်လူကြီးမင်းက သူ့ကိုရော ရှောင်းလိကိုပါ ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မည် မဟုတ်ချေ။

ယခုတွင် ရှောင်းလိက သူ၏အကြံကို ငြင်းပယ်လိုက်သဖြင့် ရှုံးနိမ့်သွားခဲ့လျှင်ပင် တာဝန်အားလုံးကို ရှောင်းလိအပေါ် ပုံချလိုက်နိုင်ကြောင်း ဒုစစ်သူကြီးထန် သိနေသည်။ သို့သော် အခွင့်အရေးကောင်းကို လက်လွတ်သွားပြီး အစီအစဉ်တစ်ခုလုံး ပျက်စီးသွားမှာကိုတော့ သူ အလွန် စိုးရိမ်နေမိသည်။ ထို့ကြောင့် ရှောင်းလိကို မေးလိုက်သည့် သူ၏လေသံမှာ အနည်းငယ် ကြမ်းတမ်းနေတော့သည်။

ရှောင်းလိကတော့ စိတ်ထဲထည့်ဟန်မတူချေ။ မိုးရေကြောင့် စိုရွှဲနေသော သူ၏ ချောမောသည့်မျက်နှာမှာ အလွန်အမင်း အာရုံစိုက်နေပုံပေါ်သည်။

"ဒီနေရာကနေ အနောက်ဘက်တံခါးကို သွားမယ်ဆိုရင် စစ်သူကြီးဖန့်ယွမ်တို့ လူတွေအနေနဲ့ နာရီဝက်တောင် ကြာမှာမဟုတ်ဘူး။ အနောက်ဘက်တံခါးမှာ တိုက်ပွဲဖြစ်ပြီဆိုရင် သတင်းပို့ဖို့နဲ့ စစ်ကူတွေ စုစည်းဖို့အတွက် အနည်းဆုံး နောက်ထပ် ၁၅ မိနစ်လောက် ထပ်ကြာဦးမှာပဲ။ ထောင်ခရိုင် အုပ်ချုပ်ရေးမှူးက အလုပ်လုပ်တဲ့နေရာမှာ အရမ်း သတိကြီးတယ်လို့ ကြားဖူးတယ်။ သူက မြို့ရိုးပေါ်မှာ ထူးခြားတဲ့ လှုပ်ရှားမှု မပြဘဲ စစ်ကူတွေ လွှတ်လိုက်တယ်ဆိုရင် ဒါက မြို့ပြင်က ခြုံခိုတိုက်ခိုက်တာကို ကြိုတင်ကာကွယ်နေတာပဲ။ မြို့ထဲက စစ်ကူတွေ အနောက်ဘက်တံခါးကို ရောက်ဖို့ကလည်း အချိန်ယူရဦးမယ်။ အဲဒီ စစ်ကူတွေ အဝေးကို ရောက်သွားတဲ့အထိ နောက်ထပ် ၁၅ မိနစ်လောက် ထပ်စောင့်ပြီးမှ တိုက်ကြတာပေါ့"

ဤသုံးသပ်ချက်က ဒုစစ်သူကြီးထန်ကို ခဏတာ မှင်သက်သွားစေသည်။

အစကတော့ သူက ချန်ဝေနှင့် ဖန့်ယွမ်တို့သည် ဝိန်းယွီ၏ ထောက်ခံချက်ကြောင့်သာ ရှောင်းလိကို လေးလေးစားစား ဆက်ဆံကြခြင်း ဖြစ်သည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုမှ ရှောင်းလိ၏ ထူးခြားသော အရည်အချင်းကို ရုတ်တရက် သတိပြုမိသွားတော့သည်။

မိမိကိုယ်မိမိ စစ်တပ်ထဲတွင် ကျင်လည်ခဲ့သော ဝါရင့်တစ်ယောက်ဟု ယူဆထားသော်လည်း ယခုလို အရေးကြီးသည့်အချိန်တွင် တည်ငြိမ်အောင် မထားနိုင်ခဲ့ချေ။ သို့သော် စစ်မြေပြင်သို့ အသစ်ရောက်လာသော ရှောင်းလိကမူ အခြေအနေကို အေးအေးဆေးဆေး သုံးသပ်နိုင်နေဆဲပင်—— ဤကဲ့သို့သော တည်ငြိမ်မှုမျိုးမှာ တကယ့်ကို အံ့ဩစရာ ကောင်းလှပေသည်။

သူက စကားပြန်ပြောသောအခါ လေသံမှာလည်း မသိမသာ ပြောင်းလဲသွားခဲ့သည်။ "ဒါဆိုရင်လည်း ညီအစ်ကိုရှောင်း ပြောသလိုပဲ လုပ်ကြတာပေါ့"

ညမိုးက ဆက်လက်ရွာသွန်းနေပြီး အချိန်များကလည်း မိုးသံများနှင့်အတူ တရွေ့ရွေ့ ကုန်ဆုံးလို့နေသည်။

___

ထောင်ခရိုင်။

အုပ်ချုပ်ရေးမှူးအိမ်တော်၏ တံခါးများမှာ ဟင်းလင်းပွင့်နေသည်။ အိမ်တော်အမိုးစွန်းများအောက်ရှိ မီးအိမ်များသည် မှိန်ဖျော့သော အလင်းရောင်ကို ပေးစွမ်းနေပြီး အဝင်အထွက် လုပ်နေသော စစ်သည်များ၏ ဖိနပ်များကြောင့် ရေအိုင်ငယ်များမှာ ဗွက်ထနေ၏။ စစ်သည်များ၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်မှုများ ပြည့်နှက်နေကြသည်။

စာကြည့်ခန်းထဲတွင် အလင်းရောင်များ တောက်ပနေ၏။ ထောင်ခရိုင်၏ ပိန်လှီလှသော အုပ်ချုပ်ရေးမှူး ယောင်ကျန့်ချင်းသည် သူ့စားပွဲတွင် ထိုင်နေသည်။ သူ၏ ဖြူစပြုနေသော မုတ်ဆိတ်နှင့် ဆံပင်များသည် ဖယောင်းတိုင်အလင်းအောက်တွင် ပေါ်လွင်နေသော်လည်း သူ၏ မျက်လုံးများကတော့ ထက်မြက်ပြီး လေးနက်နေဆဲပင်။ သူက မေးလိုက်၏။ "မြို့တံခါး ၄ ခုလုံးရဲ့ အခြေအနေက ဘယ်လိုရှိလဲ"

အောက်မှ အရာရှိတစ်ဦးက ပြန်ဖြေလိုက်သည်။ "ချန်ဝေက အရှေ့ဘက်တံခါးကို ကိုယ်တိုင် ဦးဆောင်ပြီး တိုက်နေပါတယ်။ ညမိုးက သည်းနေတော့ သူတို့မှာ စစ်သည် ဘယ်လောက်ပါလဲဆိုတာ ရှင်းရှင်းလင်းလင်း မမြင်ရဘူး၊ ဒါပေမဲ့ သူတို့က အချိန်အတော်ကြာတဲ့အထိ မနားတမ်း တိုက်နေကြပါတယ်။ လူကြီးမင်း မှာကြားထားတဲ့အတိုင်း ကျန်တဲ့ တံခါး ၃ ခုကနေ စစ်အင်အားတချို့ကို အရှေ့ဘက်တံခါးကို စစ်ကူပို့ထားပါတယ်။ အဲဒီနောက်မှာပဲ အနောက်ဘက်တံခါးကို ဖန့်ယွမ်က ဦးဆောင်ပြီး တိုက်လာပြန်ပါတယ်။ မြောက်ဘက်နဲ့ တောင်ဘက်တံခါးတွေကတော့ လုံခြုံနေဆဲပါပဲ။ ကျန်တဲ့ စစ်အင်အားတွေအားလုံးကို အရှေ့နဲ့ အနောက်ဘက်တံခါးတွေကို ထပ်ပို့လိုက်ရမလား"

ခဏတာ စဉ်းစားပြီးနောက် ယောင်ကျန့်ချင်းက ခေါင်းခါကာ ပြောလိုက်သည်။ "မြောက်ဘက်နဲ့ တောင်ဘက်က မြို့စောင့်တပ်တွေရဲ့ တစ်ဝက်ကိုပဲ ပို့လိုက်ပါ။ ထောင်ခရိုင်၊ ရှင်းကျိုးနဲ့ ရွှမ်အန်းတို့ရဲ့ မြို့ရိုးတွေကို အစက နန်ချန်ကို ကာကွယ်ဖို့အတွက် အရင်မင်းဆက်ကတည်းက တည်ဆောက်ခဲ့တာ။ နန်ချန်ကို ပိုင်ယန်တောင်ကြားကနေ မောင်းထုတ်လိုက်ပြီးမှ ဒီနေရာ ၃ခုရဲ့ စစ်ရေးကာကွယ်မှုတွေ အားနည်းသွားပေမဲ့ မြို့ရိုးတွေကတော့ အခိုင်အမာ ရှိနေဆဲပဲ။ ဖိန်ကျိုးစစ်တပ်က ဒါကို အလွယ်တကူ မဖောက်နိုင်ပါဘူး။ သူတို့က ညမိုးထဲမှာ အငိုက်ဖမ်း တိုက်တာဆိုတော့ အငိုက်ဖမ်းနိုင်တာကလွဲရင် ကျန်တဲ့ အသာစီးရမှုတွေက ငါတို့ဆီမှာပဲ ရှိတယ်။ အဲဒါကြောင့်လည်း ချန်ဝေက အရှေ့ဘက်မှာ အယောင်ပြတိုက်ပြီး အနောက်ဘက်မှာ ဖန့်ယွမ်ကို တကယ် တိုက်ခိုင်းတဲ့ အစီအစဉ်ကို သုံးခဲ့တာပေါ့"

သူသည် ညမိုးကို ငေးကြည့်ရင်း တွေးတောစွာဖြင့် ရေရွတ်လိုက်၏။ "အခြေအနေတွေက အမြဲ ပြောင်းလဲနေတတ်တယ်။ သတိကြီးကြီးထားတာကပဲ အကောင်းဆုံးပါ"

သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ကင်းထောက်တစ်ဦးသည် အပြင်မှ ပြေးဝင်လာပြီး အော်ဟစ်လိုက်သည်။

"သတင်းပို့ပါတယ်—!"

မိုးခြိမ်းသံများကြားမှ ကင်းထောက်က အရေးတကြီး အစီရင်ခံလိုက်၏။

"တောင်ဘက်တံခါးလည်း ရန်သူ့ရဲ့ တိုက်ခိုက်တာ ခံနေရပါပြီ!"

အခန်းထဲရှိ အရာရှိများမှာ ချက်ချင်းပင် ထိတ်လန့်သွားကြပြီး တိုးတိုးတိတ်တိတ် ဆွေးနွေးလာကြတော့သည်။

"ချန်ဝေက အရှေ့ဘက်မှာ ရှိနေပြီ၊ ဖန့်ယွမ်ကလည်း အနောက်ဘက်မှာ။ ဖိန်ကျိုးမှာ တခြား ဘယ်လို နာမည်ကြီး စစ်သူကြီးတွေ ကျန်သေးလို့လဲ"

"ဟန့်ယန်မင်းသမီးဆီကို လာပူးပေါင်းတဲ့ တခြား စစ်သူကြီးတွေများလား"

"ဘယ်လိုလုပ်ကြမလဲ။ တောင်ဘက်တံခါးက စစ်သည်တွေကို အနောက်ဘက်ကို ပို့လိုက်ပြီလေ။ နောက်ကျရင် မြောက်ဘက်တံခါးလည်း အငိုက်ဖမ်း တိုက်ခံရဦးမှာလား"

ယောင်ကျန့်ချင်းသည် ထိုဆွေးနွေးမှုများကို နားထောင်နေပြီး သူ၏ အိုမင်းသော မျက်နှာမှာ တည်ငြိမ်နေဆဲပင်။ သူက ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။

"တောင်ဘက်ကနေ အနောက်ဘက်ကို ပို့လိုက်တဲ့ စစ်ကူတွေကို ချက်ချင်း ပြန်လှည့်ခိုင်းလိုက်! မြောက်ဘက်တံခါးကတော့ အခုအတိုင်းပဲ အခိုင်အမာ စောင့်နေပါစေ"

အောက်မှ အရာရှိတစ်ဦးက အကြံပြုလိုက်၏။

"လူကြီးမင်း... ဖိန်ကျိုးက ကျုပ်တို့ရဲ့ ယုံကြည်မှုကို သစ္စာဖောက်ခဲ့ပြီ။ ကျုပ်တို့ ရှင်းကျိုးနဲ့ မဟာမိတ်ဖွဲ့ပြီး စစ်ကူတောင်းရအောင်။ ဝိန်းရှီလို မိန်းကလေး တစ်ယောက်က ဝေ့ချီရှန်းထက် ပိုပြီး ကြောက်စရာကောင်းမှာတဲ့လား"

အချိန်အတော်ကြာ တွေးတောပြီးနောက် ယောင်ကျန့်ချင်းက ပြောလိုက်သည်။

"ကောင်းပြီ... ငါ စာတစ်စောင် ရေးမယ်။ အဲဒါကို ရှင်းကျိုးဆီကို အမြန်ဆုံး ပို့လိုက်ပါ"

...

All Chapters