← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

အပိုင်း (၆၆)

နွေဦးမိုးကြိုးသံများက ဟိန်းဟောက်နေပြီး မိုးရေများက ပုံးလိုက်သွန်ချလိုက်သည့်နှယ် သည်းထန်စွာ ရွာသွန်းနေ၏။

ဤလျှက်တပြက် တိုက်ခိုက်မှုအတွက် ဖိန်ကျိုးစစ်တပ်သည် မြို့ရိုးတက်လှေကားများ၊ မြို့တံခါးဖြိုသစ်တုံးများကို ယူဆောင်မလာနိုင်ခဲ့ချေ။ သူတို့၏ တစ်ခုတည်းသော မြို့ရိုးတက်ကိရိယာမှာ ချိတ်ကြိုးသာ ဖြစ်လေသည်။

ရွာကျနေသော မိုးများက မြင်ကွင်းကို မှုန်ဝါးနေစေသည်။ ထောင်ခရိုင် မြို့ရိုးမျှော်စင်၏ ထောင့်က မြို့စောင့်တပ်သားများသည် မျက်တောင်တစ်ချက် ခတ်လိုက်သည့် အချိန်အတွင်းမှာပင် သူတို့၏ လည်ပင်းများသည် ထက်မြက်သော မြားများ၏ ထိုးဖောက်ခံလိုက်ရသည်။

သူတို့ လဲကျသွားချိန်တွင် ထွက်ပေါ်လာသည့် သံချပ်ကာအင်္ကျီချင်း ထိခိုက်သံကြောင့် အနီးနားရှိ မြို့ရိုးသူရဲခိုပေါ်မှ ကင်းစောင့်များ၏အာရုံကို ဆွဲဆောင်မိသွားခဲ့သည်။ သူတို့၏ ရဲဘော်များ မြားထိမှန်ကာ လဲကျနေသည်ကို မြင်လိုက်ရသောအခါ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြလေသည်။ "ရန်သူ တိုက်ခိုက်နေပြီ!"

နောက်တစ်ခဏတွင် အော်ဟစ်နေသည့် ကင်းစောင့်များလည်း မြားထိမှန်ကာ လဲကျသွားခဲ့ပြီး သွေးညှီနံ့များက မိုးရေထဲတွင် ပျံ့နှံ့သွားတော့သည်။

တောက်ပနေသော ချိတ်ကြိုးများသည် မြို့ရိုးသူရဲခိုများတွင် မြဲမြံစွာ ချိတ်မိသွားခဲ့၏။ အေးစက်သော မိုးရေထဲတွင် သားရေကြိုးများက တင်းကြပ်သွားပြီး အောက်မှ လူများသည် နံရံကို ခြေဖြင့်ကန်ကာ ကြိုးများကို အသုံးပြုပြီး တွယ်တက်လာကြလေသည်။

မျှော်စင်ထောင့်တွင် ချိတ်ဆွဲထားသော သတိပေးကြေးခေါင်းလောင်းကို ထုလိုက်ကြသဖြင့် တောင်ဘက်တံခါး တစ်ခုလုံးမှာ ဆူပွက်နေသော ဆီထဲသို့ ရေလောင်းထည့်လိုက်သည့်နှယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

မျှော်စင်ပေါ်ရှိ မြို့စောင့်တပ်သားများမှာ ရှေ့သို့ ပြေးဝင်လာပြီး ကြိုးများကို ဖြတ်ရန် ဓားများကို ဆွဲထုတ်လိုက်ကြသော်လည်း သူတို့၏ ဓားများ မကျလာခင်မှာပင် မိုးရေထဲမှ ပျံသန်းလာသည့် မြားများက သူတို့၏ လည်ချောင်းများကို ဖောက်ထွက်သွားခဲ့လေသည်။

ရှောင်းလိသည် အထူးတပ်ဖွဲ့ကို ဦးဆောင်ကာ ရှေ့တန်းမှ ပါဝင်ခဲ့သည်။ သူသည် မြို့ရိုးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ခုန်တက်ရန် ပြင်လိုက်စဉ်မှာပင် တောက်ပသော ဓားရှည်တစ်လက်က သူ၏ ဦးခေါင်းဆီသို့ ဝှေ့ယမ်းကာ ရောက်ရှိလာ၏။

သူသည် ကြိုးကို လက်တစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ နံရံကို ခြေဖြင့်ကန်ပြီး နောက်သို့ လှဲချလိုက်သဖြင့် ဓားချက်ကို ရှောင်တိမ်းနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ မြောင်ဓားသည် သတ္တုသံနှင့်အတူ ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး တစ်ဖက်လူ၏ ဓားကို ပြန်မရုပ်သိမ်းနိုင်အောင် တားဆီးထားလိုက်လေသည်။ သူက အားဖြင့် တစ်ချက် လိမ်လိုက်ကာ ရန်သူ့ဓားကို လက်မှ လွတ်ကျသွားစေပြီးနောက် ဓားဖြင့် ခုတ်ချလိုက်ရာ သွေးများ လွင့်စင်သွားတော့သည်။

ရှောင်းလိသည် မြို့ရိုးသူရဲခိုပေါ်မှ ခုန်ဆင်းလိုက်ပြီး သူ့ဓားပေါ်မှ သွေးများကို ခါထုတ်လိုက်၏။ သူ့နောက်မှနေ၍ မရေမတွက်နိုင်သော အထူးတပ်သားများသည် ဖောက်ထွက်ထားသည့် နေရာမှတစ်ဆင့် ကြိုးများကို အသုံးပြုကာ တစ်ယောက်ပြီးတစ်ယောက် တက်လာကြလေသည်။ သူက ဟိန်းနေအောင် အော်ပြောလိုက်၏။ "သတ်ကြ!"

သူသည် မြောင်ဓားကို မြှောက်ကာ ကျိုင်းကောင်များ၊ ပုရွက်ဆိတ်များနှယ် မျှော်စင်ထဲသို့ တိုးဝင်လာသော မြို့စောင့်တပ်သားများကို ထပ်မံ ရင်ဆိုင်လိုက်ပြန်သည်။

ထန်ယီသည် ပင်မတပ်မကြီးနှင့်အတူ အောက်မှ စောင့်ဆိုင်းနေပြီး ရှောင်းလိနှင့် တခြားသူများအတွက် မြားများဖြင့် ကာကွယ်ပေးနေ၏။

ညမှောင်နေခြင်းက သူတို့အတွက် အကောင်းဆုံး ကာကွယ်ရေး တံတိုင်းတစ်ခု ဖြစ်လေသည်။ မျှော်စင်ပေါ်ရှိ မြို့စောင့်တပ်သားများက သူတို့ကို မမြင်နိုင်သော်လည်း သူတို့ကတော့ မျှော်စင်ပေါ်က မီးရောင်များကို အသုံးပြုပြီး ချိတ်ကြိုးများကို ဖြတ်ရန် ကြိုးစားနေသော စစ်သားများကို တစ်သုတ်ပြီးတစ်သုတ် နှိမ်နင်းနေခဲ့သည်။

ရှောင်းလိ မျှော်စင်ပေါ်သို့ အောင်မြင်စွာ တက်နိုင်ခဲ့သည်ကို မြင်လိုက်ရသောအခါ ထန်ယီ၏ စိုးရိမ်တကြီး ဖြစ်နေသော နှလုံးသားမှာ အနည်းငယ် ပေါ့ပါးသွားတော့သည်။

သူ၏ ကိုယ်ရံတော်က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်လေသည်။ "စစ်သူကြီးရှောင်းက မျှော်စင်ထောင့်မှာ အပေါက်တစ်ခု ဖောက်နိုင်ခဲ့ပါပြီ!"

ထန်ယီသည် ဒုတိယအဖွဲ့ကို ရှေ့တိုးရန် ချက်ချင်း အချက်ပြလိုက်လေသည်။ "မြန်မြန်! ကြိုးလှေကားတွေကို တင်လိုက်ကြ!"

ရှောင်းလိနှင့် ပထမအသုတ်မှ အထူးတပ်သားများသည် မျှော်စင်၏ နေရာတော်တော်များများကို ရှင်းလင်းလိုက်ကြသည်။ နောက်မှ လိုက်လာသော အထူးတပ်သားများသည် ကြိုးလှေကားများကို ယူဆောင်လာပြီး မြို့ရိုးသူရဲခိုတွင် မြဲမြံစွာ ချိတ်ဆွဲလိုက်ကြပြီး အောက်မှ သာမန်စစ်သားများ တက်လာနိုင်ကြတော့သည်။

တပ်ဖွဲ့ နှစ်ဖွဲ့သည် မျှော်စင်တစ်ခွင်တွင် ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။

ရှောင်းလိသည် အထူးတပ်သား ၂၀ ကျော်ကို ဦးဆောင်ကာ မျှော်စင်ပေါ်မှ အောက်သို့ တိုက်ခိုက်ရင်း ဆင်းလာခဲ့သည်။ ဖိန်ကျိုးစစ်တပ် အားလုံး မြို့ထဲသို့ ဝင်နိုင်ရန်အတွက် ကြိုးလှေကားများတည်းနှင့် မလုံလောက်ချေ။ သူတို့သည် အဓိကတံခါးကြီးကို ဖွင့်ရမည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးရေများသည် အတွင်းဘက် မျှော်စင်၏ လှေကားထစ်များကို သွေးချောင်းစီးနေသော စမ်းချောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

ရှောင်းလိသည် လမ်းကို ပိတ်ထားသော နောက်ဆုံး ကင်းစောင့်၏ အလောင်းကို ကန်ထုတ်လိုက်၏။ မိုးရေများက သူ၏ ခက်ထန်သော မျက်ခုံးနှင့် မျက်လုံးများပေါ်သို့ စီးကျနေသော်လည်း သူသည် အတွင်းဘက်တံခါးတွင် မြင်းပေါ်တွင် မားမားမတ်မတ် ထိုင်နေသော စစ်သူကြီးငယ်ကို အေးစက်စွာ စိုက်ကြည့်နေလေသည်။

ထောင်ခရိုင်၏ တံခါး ၄ပေါက်စလုံးတွင် မြို့ရံတံတိုင်းများဖြင့် ကာကွယ်ထားလေသည်။ တကယ်လို့ သူတို့က တံခါးဝမှနေ၍ တိုက်ရိုက် တိုက်ခိုက်ခဲ့မည်ဆိုပါက မျှော်စင် ၄ခုပေါ်ရှိ လေးသမားများက သူတို့ကို ပျားအိမ်တစ်ခုနှယ် မြားများဖြင့် ပစ်ခတ်နိုင်ကြလိမ့်မည်။ သို့သော် ရှောင်းလိ၏အဖွဲ့မှာ မျှော်စင်ပေါ်မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သဖြင့် မျှော်စင်ပေါ်ရှိ လေးသမားများကို ရှင်းလင်းထားခဲ့ပြီး ဖြစ်သည်။ မြို့ရိုးကို ကူညီရန် လာရောက်ကြသော စစ်ကူများသည်လည်း ကြိုးလှေကားမှ တက်လာသော ဖိန်ကျိုးစစ်တပ်နှင့် တိုက်ခိုက်နေကြသဖြင့် မြို့ရံတံတိုင်းထဲက ကိစ္စကို ဘယ်သူမှ ဂရုမစိုက်နိုင်ကြတော့ချေ။

မြို့ရံတံတိုင်းအတွင်း၌ ပြင်ပမှ စစ်ကူမရနိုင်တော့သော ဤတိုက်ပွဲမှာ စတင်နေပြီ ဖြစ်၏။

သူတို့တွင် အချိန် လေးပုံတစ်ပုံသာ ကျန်တော့သည်။

တောင်ဘက်တံခါးမှ စစ်သားတော်တော်များများကို အခြားတစ်ဖက်သို့ လွှဲပြောင်းထားသဖြင့် သူတို့ မြို့ရိုးကို အလွယ်တကူ တက်နိုင်ခဲ့ခြင်း ဖြစ်သည်။ တစ်နာရီ၏ လေးပုံတစ်ပုံအကြာတွင် တောင်ဘက်တံခါးသို့ စစ်ကူများ ရောက်ရှိလာပါက တံခါးကို ဖောက်ထွက်ရန် ပိုလို့ပင် ခက်ခဲသွားလိမ့်မည်။

သို့သော်လည်း လူအင်အား အဆမတန် ကွာခြားမှုကြောင့် ရှောင်းလိနှင့် သူ၏ လူများမှာ အလွန် အခြေအနေမကောင်း ဖြစ်နေကြသည်။

တစ်စုံတစ်ယောက်က အရင်ဆုံး ဟိန်းဟောက်လိုက်ပြီး ဘယ်သူမှ သတိမထားမိခင်မှာပင် အေးစက်သော မိုးရေထဲတွင် ဓားချင်း ထိခိုက်သံများ ထွက်ပေါ်လာတော့သည်။

အနက်ရောင် ဖိနပ်များအောက်တွင် ရွှံ့နွံများ လွင့်စင်သွားပြီး သွေးများက မိုးရေနှင့်အတူ စီးကျလာကာ ရွှံ့ရေများထဲတွင် ပန်းပွင့်များနှယ် ပွင့်အာလို့နေသည်။

ရှောင်းလိသည် မြင်း၏ ခြေထောက်များကို ခုတ်ချလိုက်သဖြင့် စစ်သူကြီးငယ်မှာ မြင်းကျောပေါ်မှ လိမ့်ကျသွားခဲ့သည်။ သူ မတ်တတ်မရပ်နိုင်ခင်မှာပင် ဓားချက်များက သူ၏ ဦးခေါင်းဆီသို့ ကျရောက်လာတော့သည်။

စစ်သူကြီးငယ်မှာ ရွှံ့နွံထဲတွင် အသည်းအသန် လိမ့်ကာ ရှောင်ကွင်းရင်း ရှောင်းလိ၏ မျက်နှာပေါ်သို့ ရွှံ့ရေများကို ပက်လိုက်၏။ ထို့နောက် သူ၏ လှံကို အားပြုကာ ခုန်တက်ပြီး ရှောင်းလိ၏ ရင်ဘတ်ကို ကန်လိုက်လေသည်။

မျက်စိထဲသို့ ရွှံ့ရေများ ဝင်သွားသဖြင့် ရှောင်းလိက ခေါင်းကို စောင်းကာ ရှောင်လိုက်ပြီး လက်မောင်းဖြင့် ကာကွယ်လိုက်၏။ သူသည် ပြင်းထန်သော ကန်ချက် ၂ချက်ကို ခံယူပြီးနောက်တွင် စစ်သူကြီးငယ်၏ ခြေထောက်ကို ဖမ်းဆုပ်ကာ ဘေးသို့ လွှဲပစ်လိုက်လေသည်။

စစ်သူကြီးငယ်၏ ဦးခေါင်းမှာ မြို့ရိုးနှင့် ဗုန်းခနဲ မြည်အောင် ရိုက်မိသွားသဖြင့် သူသည် မူးဝေသွားပြီး ထရပ်ရန် အသည်းအသန် ကြိုးစားနေရသည်။

ရှောင်းလိသည် ဓားကို မြှောက်ကာ မြို့တံခါးဆီသို့ ရှေ့ဆက် တိုးသွားခဲ့သည်။

ကြီးမားလှသော မြို့တံခါးကြီးကို ပန်းကန်လုံးခန့် ကြီးမားသော တံခါးမင်းတုပ် နှစ်ချောင်းဖြင့် ပိတ်ထားလေသည်။ ထိုတံခါးမင်းတုပ်များကို ခဏချင်းနှင့် ဖောက်ထွက်ရန်မှာ မြို့တံခါးဖြိုသစ်တုံးဖြင့်ပင် ခက်ခဲလိမ့်မည်။

ပုံမှန်နေ့ရက်များတွင် ထိုတံခါးမင်းတုပ်များကို မ,ကာ တံခါးအပေါက်များတွင် ထည့်ရန် စစ်သား အတော်များများ လိုအပ်လေသည်။

တံခါးစောင့်များကို ခုတ်သတ်ပြီးနောက် ရှောင်းလိသည် တံခါးမင်းတုပ် တစ်ချောင်းကို ဖယ်ရှားရန် ကြိုးစားသော်လည်း အလွန်လေးလံနေခဲ့သည်။ သူက အားစိုက်ရန် ပြင်လိုက်စဉ်မှာပင် နောက်ဘက်မှ ပြင်းထန်သော ဓားချက်တစ်ခုက မြို့တံခါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသဖြင့် သူက အမြန် ရှောင်တိမ်းလိုက်ရသည်။

သူသည် နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ထွက်နေသော စစ်သူကြီးငယ်ကို ကန်ထုတ်လိုက်ပြီးနောက် သူ့ရင်ဘတ်ကို ဓားဖြင့် ထောင့်ဖြတ် ခုတ်ချလိုက်လေသည်။

စိုရွှဲနေသော သံချပ်ကာအင်္ကျီမှာ ရှောင်းလိ၏ သန်မာသော ခန္ဓာကိုယ်တွင် ကပ်နေခဲ့၏။ ဝံပုလွေတစ်ကောင်နှယ် အသက်ရှူရင်း သူသည် သွေးချင်းနီနေသော စစ်သူကြီးငယ်ကို မြှောက်လိုက်ကာ တံခါးဆီသို့ ပြေးဝင်လာသော မြို့စောင့်တပ်သားများကို ဟိန်းဟောက်လိုက်လေသည်။

"မင်းတို့ရဲ့ စစ်သူကြီး သေပြီ! အသက်ရှင်ချင်ရင် ထွက်ပြေးကြစမ်း!"

တံခါးလမ်းကြောင်း၏ ဘေးတစ်ဖက်တစ်ချက်ရှိ ထင်းရှူးဆီမီးတုတ်များက ရှည်လျားသော လိုဏ်ခေါင်းအတွင်း လင်းထိန်နေသော အလင်းရောင်ကို ပေးစွမ်းနေသည်။

စစ်သူကြီးငယ် သေဆုံးသွားခြင်းက တောင်ဘက်တံခါးမှ ကင်းစောင့်များ၏ စိတ်ဓာတ်ကို ပြိုကွဲသွားစေခဲ့သည်။ အများစုမှာ သူတို့၏ လက်နက်များကို ချကာ ထွက်ပြေးသွားကြတော့သည်။

ရှောင်းလိနှင့်အတူ တိုက်ခိုက်ခဲ့သော အထူးတပ်သား အများစုမှာလည်း လဲကျသေဆုံးနေကြပြီ ဖြစ်၏။ သူသည် အသက်ရှင်ကျန်ရစ်သူများကို စုစည်းလိုက်လေသည်။

"သုံးယောက်တစ်ဖွဲ့ ဖွဲ့ကြ! တံခါးဝကို ရှင်းလင်းကြ! တံခါးမင်းတုပ်တွေကို ဖယ်ရှားကြ!"

သူတို့ ပူးပေါင်းလုပ်ဆောင်လိုက်ကြသဖြင့် ပထမတံခါးမင်းတုပ်ကို မကြာမီမှာပင် ဖယ်ရှားနိုင်ခဲ့သည်။

သို့သော်လည်း သည်းထန်နေသော မိုးရေများကြားမှ မြို့ထဲက အဓိကလမ်းမကြီးပေါ်မှ မြင်းခွာသံများမှာ ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။

ထွက်ပြေးသွားသော ထောင်ခရိုင် မြို့စောင့်တပ်သားများသည် မျှော်လင့်ချက် ပြန်လည်ရရှိသွားသည့်နှယ် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြလေသည်။

"စစ်ကူတွေ! ငါတို့ရဲ့ စစ်ကူတွေ ရောက်လာပြီ!"

ဖိန်ကျိုးစစ်သားများသည် အလျင်အမြန် ရောက်ရှိလာသော မြင်းခွာသံများကြောင့် ထိတ်လန့်သွားကြသည်။ စောစောကမှ မ,လိုက်သော လေးလံလှသည့် တံခါးမင်းတုပ်မှာ သူတို့လက်ထဲမှ လွတ်ကျသွားပြီး မူလနေရာသို့ ပြန်ကျသွားခဲ့လေသည်။

ရှောင်းလိက အေးစက်စွာ အော်ပြောလိုက်လေသည်။

"တံခါးမင်းတုပ်တွေကို ဆက်ဖယ်ကြ! ငါတို့ရဲ့ ပင်မတပ်မကြီးက မြို့အပြင်မှာ ရှိနေတယ်။ ဒါက ငါတို့ အသက်ရှင်ဖို့အတွက် တစ်ခုတည်းသော လမ်းပဲ!"

ဖိန်ကျိုးစစ်တပ်သည် အံကြိတ်ကာ သူတို့၏ ကြောက်ရွံ့မှုများကို ဖိနှိပ်လိုက်ပြီး အားတင်းကာ တံခါးမင်းတုပ်ကို နောက်တစ်ကြိမ် မ,လိုက်ကြသလို အံကြိတ်ကာ ပြိုင်တူပင် အော်ဟစ်လိုက်ကြလေသည်။

ရှောင်းလိသည် ကျန်ရှိနေသော ဖိန်ကျိုးစစ်သားများကို ဦးဆောင်ကာ မြို့တံခါး လိုဏ်ခေါင်းကို ပိတ်ထားလိုက်ပြီး တံခါးဖွင့်နေသော စစ်သားများအတွက် အချိန်ရရန် လိုဏ်ခေါင်းအပြင်ဘက်က ထောင်ခရိုင် မြို့စောင့်တပ်သားများ၏ တိုက်ခိုက်မှုကို အသေခံ ခုခံနေခဲ့သည်။

သို့သော် လူအင်အားမှာ အလွန်ပင် ကွာခြားလွန်းလှသည်။ စစ်ကူများ ရောက်ရှိလာခြင်းကြောင့် ယုံကြည်မှုများ တိုးပွားလာသော ထောင်ခရိုင် မြို့စောင့်တပ်သားများသည် ဆုတ်ခွာမည့် အရိပ်အယောင်မရှိဘဲ ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။

ရှောင်းလိနှင့်အတူ တိုက်ခိုက်နေသော ဖိန်ကျိုးစစ်သားများသည် တစ်ယောက်ပြီးတစ်ယောက် လဲကျနေသော်လည်း မြို့တံခါးကတော့ ပွင့်မလာသေးချေ။ စစ်ကူများသည်လည်း မြို့ရံတံတိုင်းကို ဖောက်ထွက်တော့မည့် အခြေအနေကို မြင်လိုက်ရသောအခါ သူက စစ်သားအချို့ကို ခုတ်သတ်လိုက်ပြီးနောက် နောက်သို့လှည့်ကာ ဟိန်းဟောက်လိုက်လေသည်။

"ဘာလို့ တံခါးက ပွင့်မလာသေးတာလဲ"

တံခါးမင်းတုပ်ကို ဖယ်ရှားနေသော စစ်သားများသည် ချွေးအေးများ ထွက်နေပြီး သူတို့၏ အသံများမှာလည်း မျှော်လင့်ချက် ကင်းမဲ့နေသယောင် ရှိနေသည်။

"စောစောက တံခါးမင်းတုပ် ပြုတ်ကျသွားတုန်းက တံခါးအပေါက်ထဲမှာ ညပ်သွားလို့ပါ!"

ရှောင်းလိသည် သေဆုံးနေသော စစ်သား၏ ရင်ဘတ်ထဲမှ သူ၏ မြောင်ဓားကို ဆွဲထုတ်လိုက်ပြီး ပြင်းထန်စွာ ကျိန်ဆဲကာ တံခါးဆီသို့ ခြေလှမ်းကျဲဖြင့် လျှောက်သွားခဲ့သည်။

စစ်ကူတပ်မှူးသည် သူ၏ စစ်မြင်းကို စီးကာ မြို့ရံတံတိုင်းထဲသို့ ရောက်ရှိလာပြီ ဖြစ်ပြီး သူ၏ ကျယ်လောင်လှသော အသံမှာ ပတ်ဝန်းကျင် နံရံများဆီသို့ ပဲ့တင်ထပ်သွားတော့သည်။

"မင်းတို့ သူပုန်တွေ... ရမ်းကားတာ တော်လောက်ပြီ!"

တံခါးမင်းတုပ်ကို မ,နေသော စစ်သားများသည် ___ကြောက်ရွံ့ခြင်းကြောင့်လား။ သို့တည်းမဟုတ် ပင်ပန်းလွန်းသောကြောင့်လား မသိ____ မျက်နှာများမှာ ဖြူဆုတ်နေပြီး လက်ခြေများမှာလည်း ထိန်းမနိုင်အောင် တုန်ယင်နေကြလေသည်။

ရှောင်းလိသည် သူတို့ကို ဘေးသို့ တွန်းထုတ်လိုက်ပြီး ညပ်နေသော တံခါးမင်းတုပ်ကို ပြင်းထန်စွာ ၂ ချက် ကန်လိုက်၏။ လေးလံလှသော မြို့တံခါးကြီးမှာ မြည်ဟည်းသွားပြီး ညပ်နေသော သစ်သားတုံးမှာ နောက်ဆုံးတွင် လျော့ရဲသွားတော့သည်။

သူသည် အစွန်းတစ်ဖက်ကို တစ်ကိုယ်တည်း မ,လိုက်ပြီး အော်ပြောလိုက်လေသည်။

"မ,ချလိုက်ကြ!"

အခြားတစ်ဖက်တွင် ရှိနေသော ဖိန်ကျိုးစစ်သားများသည် မျှော်လင့်ချက် ပြန်လည်ရရှိသွားပြီး ကျန်တစ်ဖက်ကို ပြိုင်တူ မ,လိုက်ကြလေသည်။

မြင်းစီးလာသော စစ်ကူ တပ်မှူးမှာ လိုဏ်ခေါင်း အဝင်ဝသို့ ရောက်ရှိလာပြီ ဖြစ်ကာ သူ၏ လခြမ်းပုံစံ ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး "သူပုန်... သေပေတော့!"

ရှောင်းလိသည် ဖယ်ရှားလိုက်သော တံခါးမင်းတုပ်ကိုသာ လက်နက်တစ်ခုအဖြစ် အသုံးပြုပြီး တပ်မှူးဆီသို့ အလျင်အမြန် ဝှေ့ယမ်းလိုက်လေသည်။

တပ်မှူး၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့သည်။ ___သည်လောက် ကြီးမားသည့်ခွန်အားမျိုးကို သူ တစ်ခါမှ မတွေ့ဖူးသေးချေ။

သူ၏ စစ်မြင်းမှာ ရှေ့သို့ ဒုန်းစိုင်းစီးလာသဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ဘဲ ထိုဒဏ်ကို မခံရစေရန် မြင်းကျောပေါ်မှ လိမ့်ဆင်းလိုက်ရတော့သည်။

တံခါးမင်းတုပ်မှာ စစ်မြင်းကို ထိမှန်သွားသဖြင့် မြင်းမှာ မြည်ဟည်းရင်း လဲကျသွားခဲ့သည်။ ရှောင်းလိသည် သူ၏ မြောင်ဓားကို ကောက်ယူကာ တပ်မှူးဆီသို့ ပြေးဝင်သွားလိုက်၏။ သူတို့၏ ဓားများ ထိခိုက်မိချိန်တွင် သူသည် အခြားလက်တစ်ဖက်ဖြင့် ဓား၏ နောက်ကျောကို ဖိထားလိုက်ပြီး တပ်မှူးကို နောက်သို့ ဆုတ်သွားစေကာ နောက်သို့လှည့်မကြည့်ဘဲ သူ၏ စစ်သားများကို အော်ဟစ်လိုက်လေသည်။

"တံခါးကို ဖွင့်ကြ!"

ရှောင်းလိ၏ ရဲရင့်မှုကို အံ့ဩသွားကြသဖြင့် စစ်သားများသည် ကြောက်ရွံ့နေသည့် ကြားမှပင် စိတ်ဓာတ်များ ပြန်လည်တက်ကြွလာပြီး တံခါးများကို အသည်းအသန် ဆွဲဖွင့်ကာ အပြင်သို့ အော်ဟစ်လိုက်ကြလေသည်။

"မြို့ထဲကို ဝင်တိုက်ကြ—"

အပြင်ဘက်တွင် ရှိနေသော ထန်ယီသည် စစ်ကူများ၏ မြင်းခွာသံများကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် စိတ်ဓာတ်ကျသွားခဲ့သည်။

မြို့ရိုးသူရဲခိုမှ ကြိုးလှေကားဖြင့် တက်ရသည်မှာ အလွန် နှေးကွေးလွန်းလှပြီး မြို့စောင့်တပ်သားများ၏ စစ်ကူများနှင့် မယှဉ်နိုင်ချေ။ လှေကား တော်တော်များများမှာလည်း အဖြတ်ခံရသည်က ဖြတ်ခံရ၊ မီးရှို့ခံရသည်များလည်း ဖြစ်နေသဖြင့် ရှောင်းလိတို့အဖွဲ့ကို ကူညီရန်မှာ မဖြစ်နိုင်သလောက် ဖြစ်နေသည်။

အခု တောင်ဘက်တံခါးသို့ စစ်ကူများ ရောက်ရှိလာပြီ ဖြစ်သဖြင့် ဤတိုက်ပွဲမှာ ထောင်ခရိုင်ဘက်သို့ လုံးဝ ရောက်ရှိသွားပြီ ဖြစ်သည်။

ရှောင်းလိ သေဆုံးသွားခြင်းကို ချန်ဝေနှင့် မင်းသမီးကို မည်သို့ ရှင်းပြရမည်နည်းဟု တွေးမိလိုက်ချိန်တွင် သူ၏ မျက်နှာမှာ ဖြူဆုတ်သွားတော့သည်။

သို့သော်လည်း မုန်တိုင်းကြားတွင် နံရံတစ်ခုနှယ် ခိုင်မာစွာ ရှိနေသော တံခါးကြီးမှာ ရုတ်တရက် ပွင့်ထွက်သွားပြီး သူတို့၏ စစ်သားများက တိုက်ခိုက်ရန် အော်ဟစ်နေကြသည်ကို မြင်လိုက်ရ၏။

ထန်ယီသည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ဤသည်မှာ သေဘေးမှ ပြန်လည်ရှင်သန်ခြင်း ဖြစ်လိမ့်မည်။

သူသည် မြင်းကို ရှေ့သို့ ဒုန်းစိုင်းနှင်လိုက်ပြီးမှ အော်ဟစ်ရန် သတိရသွားတော့သည်။

"မြို့ထဲကို ဝင်တိုက်ကြ!"

တံခါးမင်းတုပ် နှစ်ချောင်း မရှိတော့လျှင် သူတို့ အပြင်မှနေ၍ မြို့တံခါးကို ချိုးဖျက်နိုင်သော်လည်း အခုတော့ အတွင်းဘက်က စစ်သားများက အသက်စွန့်ပြီး တံခါးကို ဟပေးထားခဲ့ကြပြီ ဖြစ်သည်။

ဖိန်ကျိုးစစ်တပ်သည် ဒီရေနှယ် မြို့တံခါးမှတစ်ဆင့် တိုးဝင်လာခဲ့ကြပြီး မြို့ရံတံတိုင်းအတွင်း၌ တောင်ဘက်တံခါးမှ စစ်ကူများနှင့် တိုက်ခိုက်ကြတော့သည်။

ထိုစစ်ကူများသည် အနောက်ဘက်တံခါး တိုက်ခိုက်ခံနေရသည်ဟု သတင်းရသဖြင့် အလျင်အမြန် သွားခဲ့ကြသော်လည်း ရောက်ခါနီးမှ တောင်ဘက်တံခါး တိုက်ခိုက်ခံရသည်ဟု သတင်းရပြန်သဖြင့် ပြန်လှည့်လာခဲ့ကြခြင်း ဖြစ်သည်။

ဟိုသွားဒီလာဖြင့် ပင်ပန်းနေကြသော ထိုစစ်သားများသည် တောင်ဘက်တံခါး အပြင်ဘက်တွင် အသင့်စောင့်နေသော ဖိန်ကျိုးစစ်တပ်ကို မယှဉ်နိုင်ကြတော့ချေ။ လူအင်အားရော ခွန်အားပါ မယှဉ်နိုင်သဖြင့် တောင်ဘက်တံခါးမှာ ဖိန်ကျိုးစစ်တပ်၏ လက်အောက်သို့ လျင်မြန်စွာ ကျရောက်သွားတော့သည်။

ထန်ယီ ရှောင်းလိကို ရှာတွေ့ချိန်တွင် သူသည် သွေးအိုင်ထဲ၌ သူ၏ ဓားကို အားပြုကာ အသက်ရှူနေခဲ့သည်။ သူ၏ ခြေရင်းတွင်တော့ ထရပ်ရန် ခွန်အားမရှိတော့သော စစ်သူကြီးအိုကြီး တစ်ဦး ရှိနေပြီး သူက သွေးများ အန်ကာ အသက်ကို ပြင်းပြင်းရှူရင်း ပြောလိုက်လေသည်။

"ငါ့ကို သတ်လိုက်စမ်း! ငါ့ကို မြန်မြန်ပဲ အဆုံးသတ်ပေးလိုက်ကြစမ်း!"

ထန်ယီက သေသေချာချာ ကြည့်လိုက်သောအခါ ထိုသူကို မှတ်မိသွားသဖြင့် ရှောင်းလိ၏ ပခုံးကို ပုတ်ကာ ရယ်မောလိုက်၏။

"ညီအစ်ကိုရှောင်း... ဒီညတော့ မင်း အကြီးမားဆုံးသော အကျိုးဆောင်ကို လုပ်နိုင်ခဲ့ပြီပဲ။ တောင်ဘက်တံခါးကို ဖောက်ထွက်နိုင်ခဲ့တာတင် မဟုတ်ဘဲ ထောင်ခရိုင်ရဲ့ အဓိက စစ်သူကြီးကိုပါ အရှင်ဖမ်းနိုင်ခဲ့တယ်!"

သူသည် သူ၏ လက်အောက်ငယ်သားများကို ထိုသူအား ချည်နှောင်ရန် လက်ဟန်ပြလိုက်သည်။ စစ်သူကြီးအိုကြီးမှာ ခါးသီးစွာဖြင့် အော်ဟစ်လိုက်လေသည်။

"မင်းတို့တွေက ငါ့သားကို သတ်ခဲ့ပြီးပြီ! ငါ ဒီလို အရှက်ခွဲတာကို မခံနိုင်ဘူး!"

သူသည် သူ့ဘေးရှိ လဲကျနေသော ဓားကို ကောက်ယူကာ ကိုယ့်ကိုယ်ကိုယ် သတ်ရန် ပြင်လိုက်သော်လည်း ရှောင်းလိက ကန်ထုတ်လိုက်လေသည်။

ရှောင်းလိသည် စစ်သူကြီးအိုကြီးကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ ပျင်းရိသော လေသံတွင် အေးစက်သော ပင်ပန်းမှု အနည်းငယ် ပါဝင်နေသည်။

"ခင်များရဲ့သားက ဒီတောင်ဘက်တံခါးကို စောင့်နေတာဆိုရင်တော့ သူ အသက်ရှင်နေဦးမှာပါ။ ခင်များက သခင်ဟောင်းအပေါ် သစ္စာဖောက်ခဲ့ပေမယ့် မင်းသမီးကတော့ သနားကြင်နာတတ်ပြီး သဘောထားကြီးတဲ့သူပါ။ သူက ထောင်ခရိုင်ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ပြည်သူတစ်ယောက်ကိုမှ မထိခိုက်စေရဘူးလို့ အမိန့်ထုတ်ထားသလို မင်းတို့လို သစ္စာဖောက်တွေရဲ့ အသက်ကိုလည်း တတ်နိုင်သမျှ ချမ်းသာပေးဖို့ မှာထားခဲ့တယ်"

စစ်သူကြီးအိုကြီးမှာ ထိုစကားကြောင့် မှင်သက်သွားပြီး သူ့ကိုယ်သူ အချည်နှောင်ခံကာ အခေါ်ခံသွားလိုက်တော့သည်။

ထန်ယီသည် အခွင့်ကောင်းယူပြီး ချီးကျူးလိုက်လေသည်။ "မင်းသမီးက တကယ့်ကို ကြင်နာသနားတတ်ပြီး ဉာဏ်ပညာ ကြီးမားတဲ့သူပါပဲ။ လောကကြီးက ပြည်သူအားလုံးအတွက် စိတ်စေတနာ ရှိသူပါ"

ရှောင်းလိကတော့ ခပ်ဖျော့ဖျော့လေးသာ ပြုံးလိုက်၏။

လီရွှင်နှင့် တခြားသူများနှင့်အတူတူ နေခဲ့သည့် အချိန်မှာပင် သူသည် စစ်ရေးဗျူဟာများတွင် တိုးတက်လာရုံသာမက ကိစ္စတစ်ခုကို နောက်ထပ် တစ်ဆင့်တိုးပြီး စဉ်းစားတတ်လာခဲ့သလို သူတို့၏ စကားများထဲက လျှို့ဝှက်ချက်များကိုလည်း နားလည်တတ်လာခဲ့သည်။

ဝိန်းယွီက အခုအချိန်တွင် ထောင်ခရိုင်ကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းမှာ အကြောင်းရင်း ၂ချက် ရှိလေသည်။ ပထမအချက်မှာ ရှင်းကျိုးသည် ယိုးကျိုးနှင့် ထောင်ခရိုင်ကို သိမ်းသွင်းရန် ကြိုးစားရင်း ဝေ့ချီရှန်း၏ နောက်ခံအင်အားကို ထုတ်ပြခဲ့သည်။

သူ အရင်က သူမကို အကြံပြုခဲ့သော အစီအစဉ်ကို အခု လုပ်ဆောင်နိုင်ပြီ ဖြစ်၏။ ယိုးကျိုးသည် ဖေစုန့်၏ ကုန်သင်္ဘောများကို "ရှင်းကျိုး"က လုယက်ပြီး သူတို့ကို အပြစ်ပုံချခဲ့သည်ကို သိသွားလိမ့်မည် ဖြစ်ကာ ရွှီမိသားစု၏ ကုန်သည်အဖွဲ့ကလည်း ကိုယ်တိုင် သက်သေခံပေးလိမ့်မည်။ တစ်ချိန်တည်းမှာပင် ဖိန်ကျိုးမှာ ထောင်ခရိုင်ကို တိုက်ခိုက်နေသဖြင့် ဤကိစ္စတွင် ပါဝင်ပတ်သက်ရန် မဖြစ်နိုင်သည်မှာ ရှင်းလင်းလှသည်။ ထို့ကြောင့် အပြစ်အားလုံးမှာ ရှင်းကျိုးအပေါ်သို့သာ ကျရောက်သွားလိမ့်မည်။

သူတို့ ထောင်ခရိုင်ကို တိုက်ခိုက်နေချိန်တွင် ရှင်းကျိုးမှာ ယိုးကျိုး၏ စွပ်စွဲချက်များကို ရင်ဆိုင်နေရလိမ့်မည်။ ထောင်ခရိုင်က စစ်ကူတောင်းသောအခါ ရှင်းကျိုးမှာ ကူညီနိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။ စစ်သား စေလွှတ်ရန် ကြိုးစားခဲ့မည်ဆိုလျှင်လည်း ယိုးကျိုးက တရားမျှတမှုအတွက်ဖြစ်စေ၊ ကိုယ်ကျိုးအတွက်ဖြစ်စေ သူတို့ကို နောက်ကျောမှ တိုက်ခိုက်ရန် အကောင်းဆုံး အခွင့်အရေး ရရှိသွားလိမ့်မည်။

ဒုတိယအချက်မှာ ဤမိုးအမှောင်ထဲတွင် ဝင်ရောက်တိုက်ခိုက်ခြင်းက သူတို့အတွက် အချိန်အခါကောင်းကို ရရှိစေခဲ့သည်။ ဒီည သူတို့ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ထောင်ခရိုင်ကို သိမ်းပိုက်ရန်အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်လေသည်။

သစ္စာဖောက် စစ်သူကြီးများကို ချမ်းသာပေးရန် ဝိန်းယွီ ဆုံးဖြတ်ခဲ့ခြင်းမှာ စိတ်ပျော့ခြင်းကြောင့် မဟုတ်ချေ။ ထောင်ခရိုင်မှာ ဖိန်ကျိုး၏ မြောက်ဘက် ကာကွယ်ရေး တံတိုင်းတစ်ခု ဖြစ်လာလိမ့်မည်။ လက်အောက်ခံလာပြီးနောက် သူတို့၏ သစ္စာရှိမှုကို ရရှိရန်အတွက် အကြမ်းဖက်ခြင်းထက် ကြင်နာမှုနှင့် အာဏာကို မျှတစွာ သုံးခြင်းက ပိုလို့ပင် ထိရောက်လေသည်။

သွေးကြွေးဆိုသည်မှာ ဖြေရှင်းရန် အခက်ခဲဆုံးသော ရန်ငြိုးတစ်ခု ဖြစ်၏။ ထောင်ခရိုင်မှ အရာရှိများနှင့် စစ်သူကြီးများကို အများကြီး သတ်ဖြတ်ခြင်းက ဖိန်ကျိုး၏ အကျိုးစီးပွားကိုသာ ထိခိုက်စေလိမ့်မည်။

တာ့လျန်ကို ပြန်လည်တည်ထောင်ရာတွင် ဝိန်းယွီသည် ဖေစုန့်ထက် ပိုလို့ပင် ကြင်နာသနားတတ်ပြီး သဘောထားကြီးသော ဂုဏ်သတင်းကို တည်ဆောက်ရန် လိုအပ်လေသည်။

ရှောင်းလိသည် မြင်းပေါ်သို့ တက်လိုက်ချိန်တွင် ဒီညက ပြင်းထန်သော တိုက်ပွဲပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ သူသည် ဝိန်းယွီ ဘာတွေးနေသည်ကို စတင် နားလည်လာခဲ့ပြီ။

မိုးခြိမ်းသံများမှာ တစ်ညလုံး မစဲသေးချေ။ ဝိန်းယွီ၏ အခန်းထဲတွင် တောက်ပနေသော ဖယောင်းတိုင်မီးသည် မိုးလင်းသည့်တိုင်အောင် လင်းနေခဲ့သည်။ သူမသည် စားပွဲပုလေးရှေ့တွင် လက်ကို အားပြုကာ ထိုင်နေပြီး အပြင်ဘက်မှ သည်းထန်စွာ ရွာသွန်းနေသော မိုးသံများကို နားထောင်နေခဲ့သည်။ သူမသည် ပါးလွှာသော အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ အပြင်အဆင်မရှိသော အနက်ရောင် ဆံနွယ်များမှာ ကျောပြင်ပေါ်သို့ နာခံစွာ ဝဲကျနေခဲ့သည်။ သူမက လက်ကို မြှောက်ကာ ကုန်လုနီးပါး ဖြစ်နေသော ဖယောင်းတိုင်မီးစာကို ညှိလိုက်လေသည်။

မိုးမှာ စဲမည့် အရိပ်အယောင် မရှိသေးသော်လည်း မိုးသောက်ချိန်မှာတော့ ရောက်ရှိလာပြီ။

ကျောင်းပိုင်သည် အပြင်ခန်းမှ အလျင်အမြန် ဝင်လာခဲ့ပြီး သူမ၏ လက်ထဲတွင် စစ်မြေပြင်မှ သတင်းစာတစ်စောင်ကို ကိုင်ဆောင်ထားကာ သူမ၏ ပုံမှန်အတိုင်း တည်ငြိမ်နေသော မျက်နှာတွင် ဖုံးကွယ်မထားနိုင်သည့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။ "မင်းသမီး! ကျွန်မတို့ ထောင်ခရိုင်မှာ အောင်ပွဲကြီး ရခဲ့ပါပြီ!"

ညှိလိုက်သော မီးစာသည် စားပွဲပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ဝိန်းယွီသည် မီးလောင်ထားသော အပိုင်းအစကို တည်ငြိမ်စွာ စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

"နန်ချန်က စေလွှတ်လိုက်တဲ့ သူကလည်း မကြာခင်မှာ ဖိန်ကျိုးကို ရောက်လာတော့မှာပဲ"

...

All Chapters