← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အပိုင်း (၆၇.၁)

ကျောင်းပိုင်သည် အနည်းငယ် အံ့ဩသွားပြီး အပြင်ဘက်တွင် သည်းထန်စွာ ရွာသွန်းနေသောမိုးကို တစ်ချက်ကြည့်ကာ ပြန်ပြောလိုက်သည်။

"ကျွန်မ တွက်ကြည့်တာတော့ သူတို့ အခုအချိန်မှာ ဖိန်ကျိုးကို ရောက်နေလောက်ပြီ။ ဒါပေမဲ့ ဒီလို မိုးမပြတ် ရွာနေတာက လမ်းမတွေကို ရွှံ့ဗွက်ထစေတော့ သူတို့ ၁ရက်၊ ၂ ရက်လောက် နောက်ကျလိမ့်မယ်”

ဝိန်းယွီသည် သူမ၏ ကတ်ကြေးကို ချလိုက်ပြီး ပြောလိုက်သည်။ "အခု ထောင်ခရိုင်ကို ငါတို့ ထိန်းချုပ်နိုင်လိုက်ပြီဆိုတော့ နန်ချန်နဲ့ ဆွေးနွေးတဲ့အခါမှာ ငါတို့အတွက် အသာစီးရလာပြီ။ ဒါပေမဲ့ ဒီတိုက်ပွဲပြီးရင် ဝေ့ချီရှန်းရော ဖေစုန့်ပါ ငြိမ်နေကြမှာ မဟုတ်ဘူး”

သူမသည် စားပွဲထောင့်ရှိ အေးစက်နေသော လက်ဖက်ရည်ခွက်ကို ကောက်ယူကာ လက်ကောက်ဝတ်ကို အနည်းငယ် စောင်းလျက် ဘေးက အိုးလေးထဲသို့ လောင်းထည့်လိုက်ပြီး ပြောလိုက်သည်။

"ချန်လူကြီးမင်းတို့ ပြန်ရောက်တဲ့အခါ လီရွှင်၊ ဟယ်ခွန်းနဲ့ တခြား အရာရှိတွေကို ခေါ်လိုက်ပါ”

မိုးရွာသော နေ့ရက်များတွင် အရုဏ်ဦး၏ မှိန်ဖျော့သော အလင်းရောင်မှာပင် မွဲခြောက်ကာ မှိုင်းညှို့နေတတ်သည်။

ချန်ဝေနှင့် ဖန့်ယွမ်တို့သည် မြင်းပေါ်မှ ဆင်းလိုက်ကြရာ ရှောင်းလိနှင့် ထန်ယီတို့သည် ရှေ့သို့ တိုးလာပြီး လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်ကြသည်။

"ချန်လူကြီးမင်း၊ ဖန့်စစ်သူကြီး”

ချန်ဝေသည် သွေးစွန်းနေသော သံချပ်ကာကို ဝတ်ဆင်ထားသည့် ရှောင်းလိကို ကြည့်ကာ ပြုံးလျက် ပြောလိုက်၏။ "ငါတို့ အောင်ပွဲရတဲ့ သတင်းကို ဖိန်ကျိုးမှာရှိတဲ့ မင်းသမီးဆီ အကြောင်းကြားပြီးပြီ။ သခင်လေးရှောင်းက တောင်ဘက်တံခါးကို ဖောက်ထွက်နိုင်ခဲ့တာက ဒီတိုက်ပွဲရဲ့ အကြီးမားဆုံး သူရဲကောင်း ဖြစ်စေတာ အမှန်ပဲ!"

ရှောင်းလိက ပြန်ပြောလိုက်သည်။ "ဒါက ချန်လူကြီးမင်းနဲ့ ဖန့်စစ်သူကြီးတို့က အရှေ့ဘက်နဲ့ အနောက်ဘက် တံခါးတွေကို ဟန်ပြ တိုက်ခိုက်ခဲ့လို့ပါ။ တောင်ဘက်တံခါးက စစ်အင်အားတွေကို ဆွဲထုတ်ပေးနိုင်ခဲ့လို့ ကျွန်တော် ဒီအခွင့်အရေးကို ရခဲ့တာ။ တောင်ဘက်တံခါးကို အောင်မြင်စွာ ဖောက်နိုင်ခဲ့တာကလည်း ဒုစစ်သူကြီးထန်ယီရဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှုကြောင့်ပါ”

ထန်ယီသည် ရှောင်းလိက သူ့ကိုပါ သူရဲကောင်းစာရင်းထဲ ထည့်ပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူသည် အံ့ဩဝမ်းသာသွားသော်လည်း အရင်က သူ ကြံစည်ခဲ့သည်များကို သတိရကာ စိတ်ထဲတွင် အားနာသွားပြီး အလျင်အမြန် ပြောလိုက်သည်။

"ဒါက ရှောင်းတပ်မှူးရဲ့ ထူးကဲတဲ့ ရဲစွမ်းသတ္တိကြောင့် ဖြစ်လာတာပါ။ ကျွန်တော်က ကျွန်တော့်တာဝန်ကိုပဲ ထမ်းဆောင်ခဲ့တာပါ”

ထန်ယီ၏ စရိုက်ကို ချန်ဝေက ကောင်းစွာ သိရှိထားသည်။ သူသည် လက်တွေ့ကိစ္စများတွင် ကျွမ်းကျင်သော်လည်း ပရိယာယ် သုံးတတ်သူ တစ်ဦး ဖြစ်သည်။ ချန်ဝေသည် ထန်ယီကို ဖန့်ယွမ်၏ လက်အောက်တွင် ထားခဲ့ခြင်းမှာလည်း ဖန့်ယွမ်၏ ပွင့်လင်းသော စိတ်ထားကြောင့်သာ ထန်ယီ၏ အသေးအဖွဲ လှည့်ကွက်များကို စိတ်မရှိဘဲ အချင်းချင်း ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု တွေးတောခဲ့သောကြောင့် ဖြစ်သည်။

ယခုတွင် ထန်ယီက ရှောင်းလိအပေါ် စိတ်ရင်းဖြင့် ချီးကျူးနေသည်ကို ကြားလိုက်ရသဖြင့် ချန်ဝေသည် အနည်းငယ် အံ့ဩသွားပြီး ရှောင်းလိကို ကြည့်ကာ ပြောလိုက်သည်။

"ကြည့်ရတာ သခင်လေးရှောင်းက စစ်တပ်ထဲမှာ ရှိနေတဲ့ အချိန်အတွင်း အရာရှိတွေနဲ့ အတော်လေး အဆင်ပြေပုံရတယ်နော်”

ရှောင်းလိက ပြန်ဖြေလိုက်၏။ "စစ်သူကြီးတွေ အားလုံးက ကျွန်တော့်အပေါ် တော်တော်လေး ကောင်းကြပါတယ်”

ချန်ဝေက ပြုံးလျက် ပြောလိုက်သည်။ "ဒါက ကောင်းတဲ့ ကိစ္စပဲ။ ငါတို့ အားလုံးက မင်းသမီးရဲ့ အကျိုးအတွက် အလုပ်လုပ်နေကြတာပဲ၊ စစ်တပ်ထဲမှာ အတူတူ ရှိနေကြတော့ ငါတို့အားလုံးက ညီအစ်ကိုတွေလို ရင်းနှီးသင့်တာပေါ့”

ဖန့်ယွမ်သည် ရှောင်းလိ၏ အနားမှ ဖြတ်သွားစဉ် သူ့ပခုံးကို ပုတ်ကာ ရယ်မောလျက် ပြောလိုက်လေသည်။ "တော်လိုက်တဲ့လူငယ်လေး!"

ထန်ယီသည် ချန်ဝေနှင့် ဖန့်ယွမ်တို့ကို ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်လိုက်ကာ "ထောင်ခရိုင် အုပ်ချုပ်ရေးရုံးက အရာရှိ အားလုံးကို အုပ်ချုပ်ရေးမှူး အိမ်တော်မှာ ထိန်းသိမ်းထားပါတယ်၊ လူကြီးမင်းတို့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေကြပါတယ်”

ဖန့်ယွမ်က သူ၏ ကြမ်းတမ်းသော အသံကြီးဖြင့် ပြောလိုက်သည်။ "အဲ့ဒီ မြေခွေးအိုကြီး ယောင်ကျန့်ချင်းကို သွားကြည့်ကြတာပေါ့! သူက ဒီထောင်ခရိုင်ဆိုတဲ့ ကျောက်တုံးခံတပ်ကြီးထဲမှာ လိပ်တစ်ကောင်လို သူ့အခွံထဲမှာ ပုန်းနေခဲ့တာ၊ အခုတော့ သူ့ကို ငါတို့တွေ ဆွဲထုတ်လိုက်နိုင်ပြီ!"

ချန်ဝေသည် ခြံဝင်းထဲသို့ ဝင်လာရင်း ပြောလိုက်သည်။ "မင်းသမီးက ဒီလူကို သိမ်းသွင်းဖို့ ရည်ရွယ်ထားတာ။ သူက အသက်ကြီးပြီဆိုတော့ အပင်ပန်း သိပ်မခံနိုင်ဘူး၊ သူ့ကို အခက်တွေ့အောင် အရမ်းမလုပ်နဲ့ဦး”

ဖန့်ယွမ်က လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်၏။ "လူကြီးမင်းကလည်း ဘာတွေ ပြောနေတာလဲ။ ကျွန်တော့်ကို အဲ့ဒီလို လူမျိုးလို့ ထင်နေတာလား”

သူတို့၏ ပျော်ရွှင်စရာ စကားသံများ ဝေးကွာသွားသည်ကို နားထောင်ပြီးနောက် ထန်ယီသည် ရှောင်းလိကို အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

"စောစောက ကိစ္စအတွက်...... ကျေးဇူးတင်ပါတယ် အစ်ကိုရှောင်း”

ရှောင်းလိက ပြန်ပြောလိုက်သည်။ "စစ်သူကြီးထန်၊ ဘာအတွက် ကျေးဇူးတင်နေတာလဲ။ ကျွန်တော်က အမှန်အတိုင်း ပြောလိုက်တာပဲလေ”

ထန်ယီသည် စိတ်ထဲတွင် ပိုလို့ပင် သက်တောင့်သက်သာ ရှိသွားသော်လည်း အားနာစရာ ထပ်မပြောတော့ဘဲ ဆိုလိုက်သည်။ "အစ်ကိုရှောင်းလို မိတ်ဆွေမျိုး ရတာက ကျွန်တော့်အတွက် ကံကောင်းခြင်း တစ်ခုပါပဲ။ နောင်ကျရင် ဘာအခက်အခဲပဲ ရှိရှိ ကျွန်တော့်ကို ပြောလိုက်ပါ”

ရှောင်းလိက ပြုံးလိုက်သည်။ "ဒါဆိုရင်တော့ စစ်သူကြီးထန်ကို ကြိုတင် ကျေးဇူးတင်ထားရမှာပေါ့”

သူသည် ဖိန်ကျိုးမှ စစ်သူကြီးများနှင့် သူ့ကြားတွင် ဖော်ပြ၍ မရသော အတားအဆီး တစ်ခု ရှိနေသည်ဟု အမြဲ ခံစားခဲ့ရသော်လည်း ယခုမူ ထိုမမြင်ရသော အတားအဆီးမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည့်နှယ် ခံစားလိုက်ရသည်။ ရှောင်းလိနှင့် ထန်ယီတို့သည် စကားဖြတ်လိုက်ကြပြီး ချန်ဝေနှင့် ဖန့်ယွမ်တို့နောက်သို့ အမီ လိုက်လာခဲ့ကြလေသည်။

__

ယောင်ကျန့်ချင်း ဦးဆောင်သော ထောင်ခရိုင် အရာရှိများသည် ခြံဝင်းအတွင်း၌ တင်းကြပ်စွာ ချည်နှောင်ခံထားရပြီး ဒူးထောက်ခိုင်းထားခြင်း ခံရသည်။ သည်းထန်သော မိုးဒဏ်ကြောင့် သူတို့၏ အဝတ်အစားများနှင့် ဆံပင်များမှာ စိုရွှဲနေပြီး တစ်ဖွဲ့လုံးမှာ အလွန်ပင် သနားစဖွယ် အခြေအနေသို့ ရောက်ရှိနေကြသည်။

ဖန့်ယွမ်သည် သူတို့ကို ချည်နှောင်ထားသော စစ်သားများကို ဟန်ပြ ဒေါသထွက်ကာ အော်ဟစ်လိုက်လေသည်။

"ဒါ ဘာသဘောလဲ။ ဘာလို့ သူတို့ကို ခြံဝင်းထဲမှာ မိုးစိုအောင် ထားထားရတာလဲ။ သူတို့တွေက ရေစိုနေတဲ့ တောကြက်တွေလို ဖြစ်နေပြီပဲ— ဘယ်သူက မြို့စားကြီးယောင်လဲ"

ဤလှောင်ပြောင်သော စကားကို ကြားလိုက်ရချိန်တွင် ယောင်ကျန့်ချင်းသည် ချက်ချင်းပင် ကျိန်ဆဲလိုက်သည်။ "မင်းတို့လို အောက်တန်းစားတွေက ဘယ်လိုတောင် မောက်မာရဲတာလဲ! ငါ ရှင်းကျိုးဆီကို သတင်းပို့ပြီးပြီ။ ရှင်းကျိုးက အန်းရှန်းဝမ်က ဖိန်ကျိုးကို ဝိုင်းဖို့ စစ်တပ်တွေ လွှတ်လိုက်ပြီ ထင်တယ်။ ငါ့ရဲ့ အိုမင်းနေတဲ့ အရိုးတွေက ဒီလောက်အထိ အသက်ရှင်လာတာ တော်တော် ကြာနေပြီ။ ထောင်ခရိုင်ကို မင်းတို့ရဲ့ ဖိန်ကျိုးနဲ့ လဲလိုက်ရတာ၊ ဒီအိုမင်းတဲ့ ခန္ဓာကိုယ်ကို အဲ့ဒီဝိန်းမျိုးနွယ်ဝင် မိန်းကလေးရဲ့ အသက်နဲ့ လဲလိုက်ရတာက တန်တဲ့ အပေးအယူပဲ!"

ရှောင်းလိသည် နောက်ဆုံး စကားလုံးကို ကြားလိုက်ရသောအခါ သူ၏ အကြည့်ကို ယောင်ကျန့်ချင်းထံသို့ လွှဲလိုက်သည်။ သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်ခနဲ ပေါ်လာခဲ့သည်။

ယောင်ကျန့်ချင်းသည် ထိုအကြည့်ကို မြင်လိုက်ရသောအခါ လည်ချောင်းထဲတွင် တစ်ဆို့သွားသလို ခံစားလိုက်ရ၏။

သူသည် ဤလူငယ်က ဘယ်သူမှန်း မသိသော်လည်း ချန်ဝေနှင့် ဖန့်ယွမ်တို့ နောက်တွင် ရပ်နေသည်ကို မြင်ရသဖြင့် စစ်တပ်ထဲက အရာရှိငယ် တစ်ဦးသာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။

သူသည် အုပ်ချုပ်ရေး လောကတွင် ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့ပြီးမှ အမည်မသိ အရာရှိငယ် တစ်ဦး၏ အကြည့်ကြောင့် ထိတ်လန့်သွားရသည်ဟု တွေးမိကာ သိက္ခာကျသည်ဟု ခံစားရသဖြင့် ပြန်ပြီး စိုက်ကြည့်နေလိုက်သည်။

ချန်ဝေနှင့် ဖန့်ယွမ်တို့သည် တံစက်မြိတ်အောက်တွင် ရပ်နေကြသော်လည်း သူတို့၏ သံချပ်ကာများမှာလည်း မိုးရေကြောင့် စိုရွှဲနေခဲ့သည်။ သို့သော် ဆံပင်များ ဖရိုဖရဲဖြစ်ကာ စိုရွှဲနေသော ယောင်ကျန့်ချင်းနှင့် လူများလိုတော့ သနားစဖွယ် အသွင်အပြင် မရှိလှချေ။

ချန်ဝေက သူ့ကို အထက်မှ ငုံ့ကြည့်ကာ ပြောလိုက်၏။ "မြို့စားကြီးယောင်၊ ခင်ဗျားက အန်းရှန်းဝမ်အပေါ် သစ္စာရှိမှုကို ပြဖို့အတွက် ထောင်ခရိုင် တစ်ခုလုံးကို စတေးဖို့ ဒီလောက်တောင် ဆုံးဖြတ်ထားတာလား”

ယောင်ကျန့်ချင်းသည် အသက်ကြီးပြီ ဖြစ်သည့်အပြင် မိုးရေလည်း စိုထားသဖြင့် ဒေါသထွက်ထွက်နှင့် စကားပြောရာတွင် အဆက်မပြတ် ချောင်းဆိုးနေသည်။

"မင်းတို့ရဲ့ ဖိန်ကျိုးက အရင်ဆုံး သစ္စာဖောက်ခဲ့တာလေ! ချန်ဝေရယ်... ချန်ဝေ၊ ငါတို့ နှစ်ယောက်စလုံးက တစ်ချိန်က လျန်ပြည်ထောင်ရဲ့ အရာရှိတွေ ဖြစ်ခဲ့ကြတာပဲ။ ဒီအဘိုးကြီးက ဒီနေ့ မင်းကို သတိပေးပါရစေ— ချန်လျန်ဝမ်က မင်းအပေါ် ထားခဲ့တဲ့ ကျေးဇူးလေး နည်းနည်းကြောင့် မင်းရဲ့ ဆုံးဖြတ်ချက်ကို အမှောင်မဖုံးစေပါနဲ့။ အခုလို သူရဲကောင်းတွေ အာဏာလုနေတဲ့ ခေတ်ကြီးမှာ အဲ့ဒီဝိန်းမျိုးနွယ်ဝင် မိန်းကလေးက ဘာတွေ လုပ်နိုင်မှာလဲ"

သူက ပြတ်သားစွာ ပြောလိုက်၏။ "ဒါက ဝိန်းမျိုးနွယ်စုကို ဖျက်ဆီးဖို့ ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ၊ တာ့လျန်ကို ဖျက်ဆီးဖို့ ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ! မဟုတ်ရင် ဝိန်းမျိုးနွယ်စုက ယောက်ျားတွေ အားလုံးကို ဖေစုန့်က ဘယ်လိုလုပ် သတ်ဖြတ်နိုင်မှာလဲ!"

ဤစကားများက အလွန်ပင် ရိုင်းစိုင်းလှသဖြင့် ဖန့်ယွမ်က ဓားကို ဆွဲထုတ်ကာ ယောင်ကျန့်ချင်း၏ လည်ပင်းသို့ ချိန်ရွယ်လိုက်သည်။

"အဘိုးကြီး! ဒီလို ရူးကြောင်ကြောင် စကားတွေ ထပ်ပြောရင် မင်းကို ငါ အခုချက်ချင်း သတ်ပစ်မယ်!"

သို့သော် ယောင်ကျန့်ချင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ချန်လျန်ဝမ်ရဲ့ မျက်နှာသာပေးမှုကို ရခဲ့တဲ့ မင်းတို့တွေက အရာရှိ ဘဝရဲ့ အခက်အခဲတွေကို ဘယ်သိမှာလဲ။ တာ့လျန်ရဲ့ နန်းတွင်းကြီး တစ်ခုလုံး ဆွေးမြည့် ပျက်စီးနေပြီဆိုတာကို မင်းတို့တွေက နားမကြားချင်ယောင် ဆောင်နေမှာလား။ တိုင်းပြည်အနှံ့က ပညာရှိတွေက မြင့်မြတ်တဲ့ ရာထူးတွေ ရဖို့အတွက် တော်ဝင်စာမေးပွဲကို ၁၀ နှစ်တိုင်တိုင် ကြိုးစားခဲ့ကြတာ။ ဒါပေမဲ့ တတိယအဆင့် အောင်မြင်တဲ့ သူတွေကရော ဘာဖြစ်သွားလဲ။ လော့ယန်မြို့ထဲမှာဆိုရင် သူတို့တွေက အာဏာရှိတဲ့ မိန်းမစိုးတွေရဲ့ ဖိနပ်ကို ကိုင်ပေးဖို့တောင် အဆင့်မမီဘူး! နန်းတွင်း အရာရှိတွေက သူတို့ တာဝန်တွေကို မထမ်းဆောင်ဘဲ ရာထူးကိုပဲ ဖက်တွယ်နေကြတယ်၊ ဧကရာဇ်က နာမကျန်းဖြစ်နေတာ ကြာပြီဖြစ်သလို အမိန့်တွေကိုလည်း မကြာခဏ ပြောင်းလဲနေတယ်၊ မယ်တော်ကြီးဘက်က ဆွေမျိုးတွေကပဲ အရာအားလုံးကို ခြယ်လှယ်နေကြတာ။ သစ္စာရှိတဲ့ အမတ်တွေနဲ့ အရည်အချင်းရှိတဲ့ စစ်သူကြီးတွေ ဘယ်လောက်တောင် မတရား သေဆုံးခဲ့ရပြီလဲ။ ဒီလို အုပ်ချုပ်သူ၊ ဒီလို တိုင်းပြည်မျိုးအပေါ်မှာ ဘယ်လို သစ္စာတရားမျိုး ကျန်ရှိနေဦးမှာလဲ"

ချန်ဝေက ကြေညာလိုက်သည်။ "ကောင်းကင်၊ မြေကြီး၊ အရှင်သခင်၊ မိဘနှင့် ဆရာ— ကောင်းကင်နဲ့ မြေကြီးက ဘဝရဲ့အခြေခံအုတ်မြစ်ပဲ။ ဘိုးဘေးဘီဘင်တွေက ဆွေမျိုးတော်စပ်မှုရဲ့ဇာစ်မြစ်။ အရှင်သခင်နဲ့ ဆရာတို့က အုပ်ချုပ်မှုရဲ့အခြေခံအုတ်မြစ်။ ကောင်းကင်နဲ့ မြေကြီး မရှိရင် ဘဝ မရှိနိုင်ဘူး၊ ဘိုးဘေး မရှိရင် အရင်းအမြစ် မရှိနိုင်၊ အရှင်သခင်နဲ့ ဆရာ မရှိရင် စနစ်တကျရှိမှာ မဟုတ်ဘူး။ ဒီ၃ပါးထဲက တစ်ပါးပါး ချို့ယွင်းနေရင် လူသားတို့အတွက် ငြိမ်းချမ်းမှု ရှိနိုင်မှာမဟုတ်ဘူး။ လက်အောက်ခံတွေ အနေနဲ့ အရပ်ဘက် အရာရှိတွေက ကန့်ကွက်ရင်း သေဆုံးသင့်ပြီး စစ်ဘက် အရာရှိတွေက တိုက်ပွဲမှာ သေဆုံးသင့်တာ။ သစ္စာဖောက် လူယုတ်မာတွေက အရှင်သခင်ကို ဝန်းရံထားတဲ့အချိန်မှာ နန်းတွင်းကို သန့်ရှင်းအောင် လုပ်ဖို့နဲ့ တိုင်းပြည်ကို ထိန်းသိမ်းဖို့က ငါတို့တာဝန်ပဲ။ ချန်လျန်ဝမ်နဲ့ ရှီဇီတို့က လူယုတ်မာတွေကို ဖယ်ရှားပြီး ပြည်သူတွေရဲ့ ဒုက္ခကို လျှော့ချဖို့ ကြိုးစားခဲ့ကြတာ ကြာပြီ။ တာ့လျန် ပြည်ထောင်က ပြန်လည် နိုးထလာနေပြီဆိုတာ သိသာနေပေမဲ့ သစ္စာဖောက် ဖေစုန့်ကြောင့်သာ ပြည်သူတွေ ဒုက္ခပြန်ရောက်ခဲ့ရတာ။ အခု မင်းက ကိုယ့်ရဲ့ မရိုးသားတဲ့ ရည်မှန်းချက်တွေကြောင့် သခင်ဟောင်းကို ပုတ်ခတ်ပြောဆိုနေတာ... မင်း မရှက်ဘူးလား အဘိုးကြီး"

ယောင်ကျန့်ချင်း၏ ဆံပင်နှင့် မုတ်ဆိတ်များမှာ မိုးရေကြောင့် စိုရွှဲနေပြီး မျက်နှာတွင် ကပ်နေလေသည်။ သူသည် ရင်ထဲမှ ခံစားချက်များကြောင့် အသံများ တုန်ယင်လျက် ပြန်ပြောလိုက်သည်။ "ဝိန်းမျိုးနွယ်စုရဲ့ ကံကြမ္မာက ကုန်ဆုံးသွားပြီ။ ငါက ချန်လျန်ဝမ်ရဲ့ မျက်နှာသာပေးမှုကို တစ်ခါမှ မရခဲ့ဘူး၊ ဒါကြောင့် ကျိုးကျင့်အန်းလို လူအ မဖြစ်နိုင်သလို အရှုံးအတွက်လည်း အသက်မသေနိုင်ဘူး။ ဖေစုန့်ဆိုတဲ့ သစ္စာဖောက် လူယုတ်မာကတော့ ငါ့ရဲ့ သစ္စာရှိမှုနဲ့ မထိုက်တန်ပါဘူး။ ရှော့ပျန်းနယ်စား ဝေ့ချီရှန်း တစ်ယောက်တည်းသာ ဒီခေတ်ရဲ့ သူရဲကောင်း အစစ်အမှန် ဖြစ်တယ်။ ဒီအဘိုးကြီးက သူ့လက်အောက်မှာ အမှုထမ်းဖို့ ဆန္ဒရှိတယ်”

သူသည် ချန်ဝေဘက်သို့ လှည့်ကာ ဆက်ပြောလိုက်သည်။ "တကယ်လို့ မင်း ငါ့ကို ဒီနေ့ လွှတ်ပေးမယ်ဆိုရင် မင်းတို့ ငါ့ရဲ့ ထောင်ခရိုင်ကို ညတွင်းချင်း လာတိုက်ခဲ့တာကို ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ပေးမယ်။ မင်းက ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး ဝေ့ချီရှန်းဆီမှာ လက်နက်ချတာက မင်းရဲ့ နာမည်ကို ပျက်ဆီးစေမှာ ကြောက်နေတာ မဟုတ်လား။ ငါ မင်းကို ထောက်ခံပေးမယ်၊ ဝေ့ချီရှန်း ကိုယ်တိုင် မင်းကို လာပြီး သိမ်းသွင်းခိုင်းမယ်။ မဟုတ်ရင်တော့ အန်းရှန်းဝမ်က ဖိန်ကျိုးကို သိမ်းပိုက်ပြီး ဝိန်းမျိုးနွယ်ဝင် မိန်းကလေးကို ဖမ်းလိုက်တာနဲ့ ထောင်ခရိုင်ကို စစ်ပြန်လှည့်လာလိမ့်မယ်၊ အဲ့ဒီကျရင် မင်း အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်”

ချန်ဝေက ယောင်ကျန့်ချင်းကို ကြည့်ကာ ရိုးရှင်းစွာပင် ပြောလိုက်သည်။ "မင်းသမီးက မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးဖို့ ငါ့ကို မမှာကြားခဲ့သင့်ဘူး”

သူသည် လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။ "သူ့ကို အကျဉ်းလှည်းထဲ ထည့်လိုက်ကြ၊ ဖိန်ကျိုးကို ပြန်ခေါ်သွားပြီး မင်းသမီး စီရင်ဖို့အတွက် အပ်နှံလိုက်မယ်”

ဖန့်ယွမ်သည် ဒေါသထွက်နေဆဲ ဖြစ်သဖြင့် ချက်ချင်းပင် ပြန်ထူးလိုက်သည်။ "သိပါပြီ! ဒီအဘိုးကြီးကို ကျွန်တော်ကိုယ်တိုင် အကျဉ်းလှည်းဆီ ခေါ်သွားပေးမယ်!"

သူသည် ယောင်ကျန့်ချင်းကို ခြံဝင်းအပြင်ဘက်ရှိ လှည်းဆီသို့ ဆွဲခေါ်သွားတော့သည်။ ယောင်ကျန့်ချင်းသည် ရုန်းကန်ရင်း ဖိနပ်တစ်ဖက် ကျန်ရစ်ခဲ့ပြီး အလွန်ပင် ဖရိုဖရဲ ဖြစ်နေလျက် အသံကုန် အော်ဟစ်လိုက်သည်။

"ချန်ဝေ... သေသေချာချာ စဉ်းစားစမ်း! တကယ်လို့ ချန်လျန်ဝမ်နဲ့ သူ့သားသာ အသက်ရှင်နေဦးမယ်ဆိုရင် မင်းရဲ့ လုပ်ရပ်တွေက အနာဂတ်အတွက် အာမခံချက် ရှိကောင်း ရှိနိုင်လိမ့်မယ်။ ဒါပေမဲ့ အခု အဲ့ဒီဝိန်းမျိုးနွယ်ဝင် မိန်းကလေးက အန်းရှန်းဝမ်ရဲ့ လက်ထဲကို ရောက်သွားနိုင်တဲ့ အခြေအနေမှာ မင်းက ကိုယ့်အတွက် လမ်းစမရှာဘဲ ကျောက်တုံးကို ကြက်ဥနဲ့ ထုပြီး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမလို့လား"

ချန်ဝေသည် ခြံဝင်းတံခါးဝသို့ ဆွဲခေါ်ခြင်း ခံနေရသော ယောင်ကျန့်ချင်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။ "မြို့စားကြီးယောင်၊ ခင်ဗျားကို စိတ်ပျက်အောင် လုပ်မိတဲ့အတွက် စိတ်မကောင်းပါဘူး”

ဖန့်ယွမ်က အဘိုးကြီးကို အကျဉ်းလှည်းထဲသို့ တွန်းထည့်လိုက်ပြီး တံတွေးထွေးကာ ပြောလိုက်၏။ "လူတွေက မင်းကို မြေခွေးအိုကြီးလို့ ပြောကြပေမဲ့ ငါ့အမြင်မှာတော့ မင်းမှာ ခေါင်း ၃ လုံး ထပ်ရှိနေရင်တောင် ငါတို့ မင်းသမီးရဲ့ လက်ညိုးတစ်ချောင်းကိုတောင် မမီဘူး! မင်းက မင်းသမီးက အန်းရှန်းဝမ်ဆိုတဲ့ လူကြောက်ရဲ့ လက်ထဲ ရောက်သွားပြီလို့ ပြောနေတာလား။ အဲ့ဒီလူကြောက်က အခု ယီကျိုးနဲ့ တိုက်ပွဲဖြစ်နေတာလေ— မင်းအတွက် ဘယ်အချိန်မှာ အားနေမှာလဲ"

ယောင်ကျန့်ချင်းသည် လှည်းထဲတွင် ခွေကျသွားပြီး ပထမဆုံးအကြိမ်အဖြစ် ဇဝေဇဝါ ဖြစ်သွားသလို ခံစားလိုက်ရသည်။ သူသည် မယုံကြည်နိုင်စွာဖြင့် တုန်ယင်လျက် အော်ဟစ်လိုက်သည်။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အန်းရှန်းဝမ်က ဘာလို့ ဒီလို အချိန်မျိုးမှာ ယီကျိုးကို တိုက်မှာလဲ"

ဖန့်ယွမ်က နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။ "မင်းက ဝေ့ချီရှန်းကို သူတော်စင်လို့ ထင်နေတာလား။ ငါတို့တွေ ထောင်ခရိုင်ကို ညတွင်းချင်း ဝင်တိုက်နိုင်ရင် ရှင်းကျိုးက ယီကျိုးကို မျက်စိကျနေတာကို ဘယ်သူက တားနိုင်မှာလဲ"

ယောင်ကျန့်ချင်းသည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားတော့သည်။ သူ့စိတ်က အလျင်အမြန် အလုပ်လုပ်လာပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ဒါ မင်းတို့ လက်ချက်ပဲ! မင်းတို့က ရှင်းကျိုးနဲ့ ယီကျိုးကြားမှာ စစ်ဖြစ်အောင် တမင် ကြံစည်ခဲ့တာပဲ!"

ဘယ်သူမှ သူ့ကို အာရုံမစိုက်ကြတော့ချေ။

ဖန့်ယွမ်က ယောင်ကျန့်ချင်းကို မထီမဲ့မြင် ပြုသော အမူအယာဖြင့် တစ်ချက်ကြည့်လိုက်သည်။

"ငါသာ မင်းနေရာမှာဆိုရင် ရှက်လွန်းလို့ ဒီလှည်းထဲမှာတင် ငါ့ခါးပတ်နဲ့ ငါ့ကိုယ်ငါ ကြိုးဆွဲချသတ်လိုက်ပြီ။ မင်းက ဝိန်းမျိုးနွယ်စုမှာ လူမကျန်တော့ဘူး၊ မိန်းမတစ်ယောက်က ဘာမှ မလုပ်နိုင်ဘူးလို့ ခဏခဏ ပြောနေတာ— အခု ငါတို့ မင်းသမီးက မင်းရဲ့ ထောင်ခရိုင်ကို သိမ်းလိုက်တာကို ဘယ်လို ခံစားရလဲ"

ယောင်ကျန့်ချင်းသည် အစပိုင်းတွင် ဒေါသထွက်ခဲ့သော်လည်း ယခုမူ ထိုလှောင်ပြောင်မှုကို ခံလိုက်ရသောအခါ စကားတစ်ခွန်းမှ ပြန်မပြောနိုင်တော့ချေ။

သူသည် အကျဉ်းလှည်း၏ ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူ၏ ပိန်လှီသော ခေါင်းကို သစ်သားတိုင်တွင် မှီထားလျက် ဖိန်ကျိုးစစ်တပ်က မြို့ထဲသို့ စနစ်တကျ ဝင်လာသည်ကို ကြည့်နေရတော့သည်။ သူတို့နှင့်အတူ ပါလာသော အရာရှိငယ်လေးက စစ်သားများကို အမိန့်ပေးနေဆဲ။

"မင်းသမီးရဲ့ အမိန့်အရ မြို့ထဲက ပြည်သူတွေကို နှိပ်စက်တဲ့သူ ဘယ်သူမဆို နေရာတင် ကွပ်မျက်မယ်!"

...

အပိုင်း၆၇.၂)

ယောင်ကျန့်ချင်း၏ မွဲပြာနေသော မျက်လုံးများသည် ပိုလို့ပင် မှိုင်းညှို့သွားတော့သည်။

ထောင်ခရိုင်ရှိ ထင်ရှားသော အရာရှိအားလုံးကို အကျဉ်းလှည်းများပေါ်သို့ တင်ဆောင်ပြီး ဖြစ်သည်။

ချန်ဝေသည် ဖန့်ယွမ်ကို ညွှန်ကြားလိုက်၏။ "ကျွန်တော်ကတော့ ကိစ္စရပ်အဝဝကို စီမံဖို့ ဒီမှာ ကျန်နေခဲ့ဦးမယ်။ သူတို့ကို ဖိန်ကျိုးဆီ ပြန်ပို့ဖို့ တာဝန်ကိုတော့ လောင်ဖန့်နဲ့ သခင်လေးရှောင်းတို့ပဲ တာဝန်ယူလိုက်ပါ”

ဖန့်ယွမ်က ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်လေသည်။ "နားလည်ပြီ”

ရှောင်းလိက ပြန်ဖြေလိုက်၏။ "ကျွန်တော် ဒီအမိန့်ကို နာခံပါ့မယ်”

ချန်ဝေသည် ဖန့်ယွမ်ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

"ယောင်က အသက်ကြီးနေပြီလေ။ လမ်းမှာ သေသွားတဲ့အထိတော့ သူ့ကို အတင်းကြီး မနှိပ်စက်ပါနဲ့”

ထို့နောက် သူက ရှောင်းလိကို ပြောလိုက်၏။ "သခင်လေးရှောင်း၊ ခရီးတစ်လျှောက်မှာ ကျွန်တော့်ကိုယ်စား သူ့ကို တစ်ချက်လောက် စောင့်ကြည့်ပေးပါဦး”

ဖန့်ယွမ်က မကျေမနပ်ဖြင့် မြည်တွန်တောက်တီးလိုက်လေသည်။ "ငါ့အတိုင်းအတာကို ငါသိပါတယ်။ အဲ့ဒီအဘိုးကြီးရဲ့ ပါးစပ်က တကယ့်ကို စိတ်ပျက်ဖို့ကောင်းနေလို့ပါ။ ပို့ဆောင်ပေးနေတုန်း သူ့အနား သိပ်မကပ်ဘဲ နေလိုက်ပါ့မယ်”

ချန်ဝေက ပြောလိုက်၏။ "သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ထောင်ခရိုင်လို နေရာလေးကတောင် သံမဏိခံတပ်ကြီးလို ခိုင်ခံ့နေခဲ့တာပဲ။ ဒီလူက တကယ်ပဲ အရည်အချင်းရှိပေမဲ့ ကောင်းကောင်း အသုံးချမခံရဘဲ တာ့လျန်အပေါ်မှာ နာကျည်းချက်တွေ ရှိနေခဲ့တာ။ သူသာ လက်နက်ချဖို့ ဆန္ဒရှိမယ်ဆိုရင် ဖိန်ကျိုးရော ထောင်ခရိုင်အတွက်ပါ အကျိုးကျေးဇူးတွေ ပိုရလာလိမ့်မယ်”

ဖန့်ယွမ်က တိုးတိုးလေး ပြောလိုက်၏။

"မင်းသမီးရှေ့ ရောက်တဲ့အခါကျရင်တော့ သူ့ပါးစပ်ကို ပိတ်ထားဖို့ပဲ မျှော်လင့်ရမှာပဲ”

ချန်ဝေသည် ရယ်မောကာ မေးလိုက်လေသည်။ "ရိုင်းစိုင်းတဲ့ စကားနည်းနည်းပါးပါးကြောင့် မင်းသမီးက သူ့ကို အပြစ်ပေးလိမ့်မယ်လို့ မင်း ထင်လို့လား”

ရှောင်းလိသည် ဝိန်းယွီ၏ ကိစ္စရပ်များ ကိုင်တွယ်ပုံကို ပြန်စဉ်းစားကြည့်လိုက်ရာ သူမက ထိုသို့လုပ်လိမ့်မည် မဟုတ်ဟု ခံစားလိုက်ရသည်။ ခဏတာ စဉ်းစားပြီးနောက် ဖန့်ယွမ်က ပြောလိုက်လေသည်။

"သူက လျန်ဝမ်နဲ့ ရှီဇီတို့ကို လှောင်ပြောင်တာမျိုး မလုပ်သရွေ့ မင်းသမီးရဲ့ သဘောထားကြီးမှုအရ သူ စိတ်ဆိုးမှာ မဟုတ်ဘူး”

ချန်ဝေက ပြောလိုက်၏။ "အမှန်ပဲ”

ထိုအဘိုးကြီး ယောင်ကျန့်ချင်းသည် အရေးကြီးသောအရာကို သိနားလည်သူဖြစ်ရာ ဝိန်းယွီထံတွင် ခိုလှုံရန် အလားအလာရှိနေသည်။ ချန်ဝေသည် သူ့ကို သတိပေးနေခြင်းဖြစ်ကြောင်း ဖန့်ယွမ် နားလည်လိုက်သည်။ ထို့ကြောင့် သူက ထိုလူကို အရမ်းကြီး မစော်ကားသင့်ချေ။

သူက အတော်လေး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။

"သိပါတယ်။ ကျွန်တော်က အဲ့ဒီအဘိုးကြီးကို တစ်ခုခု လုပ်နိုင်မှာ မဟုတ်ပါဘူး၊ ဟုတ်ပြီလား”

ထို့နောက် သူက လက်ဝှေ့ယမ်းကာ ပြောလိုက်၏။ "သွားကြစို့”

ထိုအဖွဲ့သည် မိုးထဲလေထဲတွင် ဖိန်ကျိုးသို့ စတင်ထွက်ခွာလာကြသည်။ ရှောင်းလိသည် ဖန့်ယွမ်နှင့် ဘေးချင်းယှဉ်ကာ မြင်းစီးလာခဲ့၏။ သူသည် တစ်လမ်းလုံး တိတ်ဆိတ်နေပြီး တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေသယောင် ရှိနေသည်။

ဖန့်ယွမ်က မေးလိုက်၏။ "ဘာတွေ တွေးနေတာလဲ ညီလေးရှောင်း”

ရှောင်းလိက ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။ ထောင်ခရိုင် မြို့စားပြောတာက ရှင်းကျိုးက သူတို့ဆီက စာကို လက်ခံရရှိပြီးရင် ဖိန်ကျိုးကို ဝိုင်းရံတိုက်ခိုက်လိမ့်မယ်တဲ့။ လောလောဆယ် ရှင်းကျိုးက ယီကျိုးကြောင့် အလုပ်ရှုပ်နေပေမဲ့ ကျွန်တော်တို့ ထောင်ခရိုင်ကို သိမ်းလိုက်တာကို သူတို့ သိသွားရင် ဒါက လှည့်ကွက်တစ်ခုဆိုတာကို ရိပ်မိသွားပြီး ကျွန်တော်တို့ကို ပူးပေါင်းတိုက်ခိုက်လာနိုင်မလားလို့ပါ”

ဖန့်ယွမ်က ရယ်မောကာ ပြောလိုက်လေသည်။

"ယီကျိုးရော ရှင်းကျိုးပါ သင်္ဘောပြန်ပေးဆွဲတဲ့နောက်ကွယ်မှာ ငါတို့ရှိနေတယ်ဆိုတဲ့ အထောက်အထား မရှိတာကို ထားပါဦး။ ငါတို့ ထောင်ခရိုင်ကို သိမ်းပိုက်လိုက်တာက သူတို့တွေ မဟာမိတ် မဖွဲ့နိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ”

ရှောင်းလိသည် ဖန့်ယွမ်၏ စကားကို စဉ်းစားနေသော်လည်း ချက်ချင်း ပြန်မပြောခဲ့ချေ။ ရှောင်းလိက အဓိကအချက်ကို သဘောမပေါက်သေးကြောင်း မြင်လိုက်ရသဖြင့် ဖန့်ယွမ်က ရှင်းပြလိုက်လေသည်။

"ဒါက မင်းသမီးရဲ့ တိုက်ပွဲဗျူဟာ ထက်မြက်ပုံပဲ။ ယီကျိုးက ဖေစုန့် သေပြီဆိုတဲ့ ကောလာဟလတွေကို ကြားပြီး ပတ်ဝန်းကျင်က ပြည်နယ်တွေ ပုန်ကန်နေတာကို မြင်တော့မှ သူတို့လည်း ပုန်ကန်ခဲ့တာ။ ဒီလို အခြေအနေမျိုးမှာ နောက်ပိုင်း ဖေစုန့်ရဲ့ စစ်တပ် တောင်ဘက်ကို ဆင်းလာရင် သူတို့အပေါ် အရေးယူမှာကို ကြောက်နေပေမဲ့ ဖေစုန့်က သူတို့ကို သည်းခံမှာ မဟုတ်ဘူးဆိုတာကိုလည်း သူတို့ ကြောက်နေကြတယ်။ သူတို့မှာ ဒီလမ်းကို အဆုံးထိ လျှောက်ဖို့ကလွဲလို့ အခြား ရွေးချယ်စရာ မရှိတော့ဘူး။ ငါတို့ ဒါမှမဟုတ် ဝေ့ချီရှန်းနဲ့ မဟာမိတ်ဖွဲ့ဖို့ ဖိအားပေးခံနေရတာ။ ဒါပေမဲ့ ကုန်တင်သင်္ဘော ကိစ္စဖြစ်ပြီးနောက်မှာ ယီကျိုးက ရှင်းကျိုးကို တိုက်ခိုက်နေသရွေ့ သူတို့က ဖေစုန့်ဆီမှာ လက်နက်ချကြောင်း စာလွှာကို တင်ပြနိုင်လိမ့်မယ်”

"ယီကျိုးနဲ့ ရှင်းကျိုးကြားက ပဋိပက္ခက ငါတို့ ဖန်တီးခဲ့တာလား ဆိုတာက အရေးမကြီးတော့ဘူး။ ဖိန်ကျိုးက ထောင်ခရိုင်ကို သိမ်းလိုက်ပြီဆိုတော့ ရှင်းကျိုးက အသာစီး မရတော့ဘူး။ တကယ်လို့ ယီကျိုးက ဖေစုန့်ဆီမှာ လက်နက်ချဖို့ ရွေးချယ်လိုက်ရင် ရှင်းကျိုးရဲ့ အခြေအနေက ပိုဆိုးရွားသွားလိမ့်မယ်။ ဒါကြောင့် သူတို့မှာ ယီကျိုးက ဖေစုန့်နဲ့ တရားဝင် မပူးပေါင်းခင်မှာ ယီကျိုးကို အရင်ဖြိုခွဲဖို့ကလွဲလို့ အခြား ရွေးချယ်စရာ မရှိတော့ဘူး။ ငါတို့ကလည်း ထောင်ခရိုင်ကို သိမ်းလိုက်ရုံပဲ ရှိသေးပြီး စစ်အင်အားကို အပြည့်အဝ မစုစည်းနိုင်သေးတဲ့ အချိန်မှာ သူတို့က ငါတို့နဲ့ ဆက်ပြီး ယှဉ်ပြိုင်နိုင်ဖို့အတွက် အရင် လက်ဦးမှု ယူရလိမ့်မယ်”

ထိုစကားကို ကြားသောအခါ ရှောင်းလိက မြင်းဇက်ကြိုးကို ဆွဲလိုက်ပြီး ပြောလိုက်လေသည်။ "ဒါဆိုရင်တော့ ဖိန်ကျိုးရဲ့ မြောက်ဘက် ကာကွယ်ရေးက ထောင်ခရိုင် တစ်ခုတည်းအပေါ်မှာပဲ မူတည်နေတော့မှာပေါ့။ ဒါက မင်းသမီး အစောပိုင်းက မျှော်မှန်းထားခဲ့တာနဲ့ အလှမ်းဝေးနေသလိုပဲ”

ဖန့်ယွမ်က ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်၏။ "ဖိန်ကျိုးရဲ့ ကန့်သတ်ထားတဲ့ စစ်အင်အားနဲ့ ထောင်ခရိုင်၊ ယီကျိုးနဲ့ ရှင်းကျိုး ဒီ၃နေရာစလုံးကို သိမ်းပိုက်ဖို့ မျှော်လင့်တာကတော့ စိတ်ကူးယဉ် အိမ်မက်သက်သက်ပဲ”

ရှောင်းလိ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မေးလိုက်လေသည်။ "ဘာကို ဆိုလိုတာလဲ”

ဖန့်ယွမ်က ရှင်းပြလိုက်သည်။ "ငါတို့ ထောင်ခရိုင်ကို အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့တာကိုက ကောင်းကင်ဘုံက ကူညီလိုက်တာပဲ။ မင်းသမီးရဲ့ အစီအစဉ်က အစကတည်းက လောင်းကြေးထပ်ခဲ့တာ။ တကယ်လို့ ငါတို့ ထောင်ခရိုင်ကို မသိမ်းနိုင်ခဲ့ရင် ဖိန်ကျိုးကို ပြန်ဆုတ်ခွာပြီး နန်ချန်နဲ့ မဟာမိတ်ဖွဲ့ပြီးမှ သူတို့ဆီက စစ်သည်တွေကို ငှားပြီး ဒီ၃ပြည်နယ်ကို အင်အားသုံး တိုက်ခိုက်လို့ ရတာပဲ။ ဒါပေမဲ့ အခု ထောင်ခရိုင်ကို သိမ်းလိုက်နိုင်တာက နန်ချန်နဲ့ နောင်ကျရင် ဆွေးနွေးတဲ့အခါ ငါတို့အတွက် အသာစီးရလာစေတဲ့ တန်ဖိုးတစ်ခု ဖြစ်သွားတာပေါ့”

ရှောင်းလိသည် မြင်းဇက်ကြိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရာ လက်ဆစ်များပင် ဖြူဆုတ်သွားတော့သည်။ "ဒါဆိုရင်... ဘာဖြစ်လို့ မင်းသမီးက စစ်သည် ၁သောင်းတည်းနဲ့ ပိုင်ယန်ကို ကာကွယ်ဖို့ ဗျူဟာခင်းခိုင်းခဲ့တာလဲ”

ဝိန်းယွီက ရှောင်းလိကို စဉ်းစားရန် ပေးခဲ့သော ထိုမေးခွန်းကို မကြာမီမှာပင် ဖန့်ယွမ်က စစ်အရာရှိ အားလုံး စုဝေးရာတွင် တင်ပြခဲ့ပြီး အားလုံး၏ သဘောထားကို တောင်းခံခဲ့သည်။ ဝိန်းယွီသည် ဤအဖြေကို ရှာဖွေရန် သူ့တစ်ယောက်တည်းကိုသာ တာဝန်ပေးခဲ့ခြင်း မဟုတ်ကြောင်း ရှောင်းလိ ထိုအခါမှ သိလိုက်ရသည်။

အနည်းငယ် စိတ်ပျက်သွားသော်လည်း နန်ချန်နှင့် ကိစ္စများကို ကိုင်တွယ်ရန် စစ်တပ်တစ်ခုလုံး၏ အင်အား လိုအပ်သည်ကို သူ နားလည်လိုက်သည်။ သို့သော် ဖန့်ယွမ်၏ စကားများက ဝိန်းယွီသည် နန်ချန်နှင့် လက်ထပ်ထိမ်းမြားမှု မဟာမိတ်ကို ဖြတ်တောက်ရန် မည်သည့်အခါကမျှ မရည်ရွယ်ခဲ့ကြောင်း ရှောင်းလိကို ရုတ်တရက် သဘောပေါက်သွားစေသည်။

သူမ၏ ရည်မှန်းချက်က တစ်လျှောက်လုံး ပြောင်းလဲခြင်း မရှိခဲ့ချေ။ သူကိုယ်တိုင်ကသာ သူမ၏ ရည်ရွယ်ချက်ကို လွဲမှားစွာ တွေးတောခဲ့ခြင်း ဖြစ်သည်။

မိုးသည်းထန်လွန်းသဖြင့် ဖန့်ယွမ်သည် ရှောင်းလိ၏ မျက်နှာအမူအရာကို ရှင်းလင်းစွာ မမြင်နိုင်ခဲ့ချေ။ သူက ရိုးရှင်းစွာပင် ပြန်ဖြေလိုက်၏။

"ပြည်မကြီးက ပရမ်းပတာ ဖြစ်နေတာ လအတော်ကြာနေပြီ၊ ဒါပေမဲ့ နန်ချန်က အခုထိ မတိုက်ခိုက်ဘဲ ငြိမ်နေခဲ့တယ်။ ပထမအချက်ကတော့ မင်းသမီးနဲ့ လက်ထပ်ထားတဲ့ မဟာမိတ်ကြောင့်ပဲ။ သူတို့က ဝေ့ချီရှန်းလိုပဲ ဝိန်းမိသားစုအတွက် ကလဲ့စားချေပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေစုန့်ကို စစ်ကြေညာနိုင်တယ်။ မင်းသမီးက သူတို့ဘက်မှာ ရှိနေရင် သူတို့ရဲ့ လုပ်ရပ်က ဝေ့ချီရှန်းထက် ပိုပြီး တရားဝင်မှု ရှိလိမ့်မယ်။ ဒုတိယအချက်ကတော့ ပိုင်ယန်ကို တိုက်ရိုက် တိုက်ခိုက်ရင် သူတို့အတွက် အကျိုးအမြတ် သိပ်မရဘဲ အထိနာမှာမို့လို့ပဲ။ မင်းသမီးက နန်ချန်ဆီကနေ သူ လိုချင်တဲ့ အချက်တွေကို ရဖို့အတွက် သူတို့ကို နည်းနည်းလောက် ခြိမ်းခြောက်ဖို့ လိုတယ်။ စစ်သည် တစ်ယောက်မှ အဆုံးရှုံးမခံဘဲ တိုက်ခိုက်မှုနဲ့ ကာကွယ်မှုကို ပုံဖော်ထားတဲ့ ဒီစစ်ကစားပွဲက နန်ချန်ကို အင်အားသုံး တိုက်ခိုက်ရင် ဘယ်လောက် ပေးဆပ်ရမယ်ဆိုတာကို ပြသဖို့ အကောင်းဆုံး နည်းလမ်းပဲ။ အောင်နိုင်မယ့် ဗျူဟာတစ်ခု မထွက်မချင်း မင်းသမီးက ဒါကို ထုတ်မပြောချင်ခဲ့တာ”

သူက ရှောင်းလိကို ကြည့်ကာ ပြောလိုက်လေသည်။ "ဒါကို ငါက ညီလေးရှောင်း တစ်ယောက်တည်းကိုပဲ ပြောပြတာပါ”

မိုးရေများသည် ရှောင်းလိ၏ စူးရှသော မေးရိုးတစ်လျှောက် စီးကျလို့နေသည်။ သူက ပြုံးယောင်သန်းလျက် ပြောလိုက်၏။

" ဒီလိုကိုး”

ဖန့်ယွမ်သည် ရှောင်းလိ၏ တုံ့ပြန်မှုကို တစ်မျိုးကြီး ခံစားလိုက်ရသော်လည်း အကြောင်းရင်းကို အတိအကျ မသိခဲ့ချေ။ ခဏတာ စဉ်းစားပြီးနောက်တွင် ဖန့်ယွမ် ရုတ်တရက် သတိရသွားသည်မှာ ရှောင်းလိသည် မင်းသမီး၏ ယုံကြည်ရသူ ဖြစ်သော်လည်း သူမက သူ့ကို ဒါတွေ ထုတ်မပြောခဲ့ခြင်းပင်။

ဒါ မဖြစ်နိုင်ပါဘူး။ သူက အဆင်ပြေတဲ့ အကြံပေး မတွေ့သေးဘူးဆိုတာကို မင်းသမီးက ကြားလိုက်ရုံနဲ့ သူ့ကို နည်းပြပေးဖို့ လီရွှင်ကို သေသေချာချာ မှာကြားခဲ့တာပဲ။

မင်းသမီးက ရှောင်းလိကို ပိုပြီး ရင့်ကျက်လာအောင် လေ့ကျင့်ပေးနေခြင်းဖြစ်မည်ဟု ဖန့်ယွမ် ခန့်မှန်းလိုက်သည်။ ထို့ကြောင့်လည်း သူသည် ရှောင်းလိက ဆရာကောင်းတစ်ယောက်ကို လျှို့ဝှက်စွာ ရရှိထားခြင်းအပေါ် မကြာခဏ မနာလိုဖြစ်ခဲ့ရသည်။ သူ့စကားကြောင့် ရှောင်းလိက နားလည်မှုလွဲပြီး ပြဿနာတက်မှာ စိုးရိမ်သဖြင့် ဖန့်ယွမ်က ပြောလိုက်လေသည်။

"မင်းသမီးက ညီအစ်ကိုရှောင်းကို စစ်တပ်ထဲ ဝင်ခိုင်းတာက စစ်သူကြီး တစ်ယောက်အဖြစ် လေ့ကျင့်ပေးချင်လို့ ဖြစ်လိမ့်မယ်။ စစ်သူကြီး တစ်ယောက်အတွက်က တိုက်ပွဲတိုင်းရဲ့ ဗျူဟာက စစ်သည် ထောင်ပေါင်းများစွာရဲ့ အသက်နဲ့ သက်ဆိုင်နေတာလေ။ ဒါက စစ်ကစားပွဲဆိုတာကို မင်းသမီးက ထုတ်မပြောခဲ့တာက စစ်သူကြီးတွေ သူတို့ရဲ့ ဗျူဟာတွေထဲမှာ ဒါကို တကယ့် တိုက်ပွဲတစ်ခုလို သဘောထားစေချင်လို့ပါ”

ရှောင်းလိက ဖျော့တော့သော အပြုံးကို ဆင်မြန်းထားဆဲဖြစ်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်၏။ "စစ်သူကြီးက ပညာရှိရှိ ပြောနိုင်တာပဲ”

သူကိုယ်တိုင်လည်း အစပိုင်းတွင် ဤအချက်ကို မစဉ်းစားမိခဲ့ချေ။

ဖိန်ကျိုး။

ကျောင်းပိုင်သည် ဝါးကန့်လန့်ကာ အပြင်ဘက်တွင် ရပ်ကာ ဝိန်းယွီထံ စာရွက်စာတမ်းများကို တစ်ခုချင်း ဖတ်ပြနေလေသည်။

"ကင်းထောက်တွေရဲ့ သတင်းပို့ချက်အရ ကျွန်မတို့ ထောင်ခရိုင်ကို သိမ်းပိုက်လိုက်တဲ့ သတင်း ပြန့်သွားပြီးနောက်မှာ ရှင်းကျိုးကလည်း မိုးလင်းချိန်မှာ ယီကျိုးဆီ စစ်တပ်တွေ စေလွှတ်လိုက်ပြီတဲ့”

ဝိန်းယွီသည် လတ်တလောတွင်း မျက်စိကို အလွန်အကျွံ အသုံးချခဲ့သဖြင့် စာလွှာများကို စစ်ဆေးသည့်အခါ မျက်စိခြောက်သွေ့ကာ နာကျင်မှု ခံစားနေရသည်။ သူမသည် အပ်စိုက်ကုသရန်နှင့် ရေနွေးအိတ် ကပ်ရန်အတွက် သမားတော်ကို ခေါ်ယူထားပြီး ဖြစ်သည်။

သမားတော်က သူမကို မျက်စိအနားပေးရန် အကြံပြုထားသော်လည်း အရေးကြီးသော ကိစ္စများစွာကို ဆုံးဖြတ်ရန် လိုအပ်နေသဖြင့် ကျောင်းပိုင်က သူမအတွက် စာရွက်စာတမ်းများကို အသံထွက် ဖတ်ပြနေခြင်း ဖြစ်သည်။ သစ်ခွပွင့်ရောင် အိမ်နေဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ခပ်လျော့လျော့ စည်းထားသော သူမသည် မြေထည်ပန်းအိုးထဲရှိ သစ်ခွခက်များကို ဖြတ်တောက်နေပြီး ပြောလိုက်လေသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ”

ကျောင်းပိုင်သည် အခြားစာရွက်စာတမ်းတစ်ခုကို ကောက်ယူကာ ဆက်ဖတ်ပြလိုက်၏။

"လွန်ခဲ့တဲ့ တစ်နာရီက ရောက်လာတဲ့ သတင်းပို့ချက်အရ ထောင်ခရိုင် အရာရှိတွေကို ပို့ဆောင်လာတဲ့ အဖွဲ့က မြို့နဲ့ လီ၂၀ အကွာကို ရောက်နေပြီတဲ့။ ချန်လူကြီးမင်းကတော့ နောက်ဆက်တွဲ ကိစ္စတွေကို စီမံဖို့ ထောင်ခရိုင်မှာ ကျန်နေခဲ့ပြီး ပို့ဆောင်ရေးအဖွဲ့ကိုတော့ ဖန့်စစ်သူကြီးနဲ့ တပ်မှူး... ရှောင်းတို့က ဦးဆောင်လာတာပါ”

သူမသည် ရှောင်းလိကို အလွန်အမင်း မုန်းတီးနေဆဲဖြစ်ရာ သူ၏ စစ်ဘက်ရာထူးကို မပြောခင် ခဏတာ တုံ့ဆိုင်းသွားခဲ့သည်။

ဝိန်းယွီ၏ ကတ်ကြေးသည် အနည်းငယ် စောင်းသွားပြီး အလှဆုံး သစ်ခွခက်ကို ဖြတ်တောက်မိသွားသည်။

ကျောင်းပိုင်က သတိပြုမိသွားပြီး ပြောလိုက်လေသည်။ "အဓိကအကိုင်း ပျက်သွားပြီ။ ကျွန်မ မင်းသမီးအတွက် အသစ် သွားယူပေးပါ့မယ်”

ဝိန်းယွီသည် ငုံကင်းလေးများ ကျန်နေသော အကိုင်းတိုလေးကို ကြည့်ကာ အသာအယာ ပွတ်သပ်ရင်း ပြောလိုက်၏။ "ထားလိုက်ပါ။ ဒီအကိုင်းတိုလေးက ပိုပြီး လှလှပပ ပွင့်လန်းလာနိုင်တာပဲ”

ကျောင်းပိုင်သည် ထိုအဓိပ္ပာယ်ကို နားမလည်ခဲ့ချေ။ သို့သော် ဝိန်းယွီ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲ။ သူမသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ပြောလိုက်၏။ "ကျွန်မကို အဝတ်အစားလဲဖို့ ကူညီပေးပါ။ သူတို့တွေ မကြာခင် အုပ်ချုပ်ရေးမှူးအိမ်တော်ကို ရောက်လာကြလိမ့်မယ်”

ဝိန်းယွီသည် အဝတ်အစားသစ်များဖြင့် ခန်းမဆောင်သို့ ရောက်ရှိလာချိန်တွင် ဖန့်ယွမ်နှင့် ထောင်ခရိုင်သို့ သွားရောက်တိုက်ခိုက်ခဲ့သော စစ်သူကြီးများမှာ ရောက်နှင့်နေပြီ ဖြစ်သည်။ သူတို့သည် ခြောက်သွေ့သောအဝတ်များကိုသာ လဲလှယ်ထားဟန်ရှိပြီး ဆံပင်များမှာ စိုရွှဲနေကာ မိုးထဲလေထဲတွင် ပြန်လာခဲ့ကြကြောင်း ထင်ရှားနေသည်။ ဝိန်းယွီ ခေါ်ယူထားသော လီရွှင်၊ ဟယ်ခွန်းနှင့် အခြားသူများလည်း ရောက်ရှိနေကြသည်။ သူမကို မြင်သောအခါ အားလုံးက ဦးညွှတ်နှုတ်ဆက်လိုက်ကြလေသည်။

ဝိန်းယွီက ဖန့်ယွမ်ကို ပြောလိုက်၏။ "ဖန့်စစ်သူကြီးက စစ်သည်တွေကို ဦးဆောင်ပြီး ထောင်ခရိုင်ကို ညတွင်းချင်း တိုက်ခိုက်ခဲ့သလို မိုးထဲလေထဲမှာလည်း ပြန်လာခဲ့ရတာ။ ရှင် အတော်လေး ပင်ပန်းနေမှာဆိုတော့ ရှင် အမြန်အနားယူနိုင်အောင် ဒီကိစ္စကို ခဏပဲ ပြောကြတာပေါ့”

ဖန့်ယွမ်က ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်လေသည်။ "ဖိန်ကျိုးရဲ့ ပထမဆုံး အောင်ပွဲကြီးအကြောင်းကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ မဝေမျှနိုင်ရင်တော့ ကျွန်တော် မျက်နှာကျက်ကို ကြည့်ပြီး အိပ်မပျော်ဘဲ နေရလိမ့်မယ်”

သူ့စကားကြောင့် အကြံပေးအမတ်များမှာ ရယ်မောကုန်ကြပြီး သူ့ကို သိကျွမ်းသူများက ကျီစယ်လိုက်ကြလေသည်။ "ဒီလူက ကြွားဖို့ စောင့်နေတာပဲ! မင်းသမီးက သူ ပင်ပန်းနေတာကို သနားနေစရာ မလိုပါဘူး— သူ့ကိုပဲ အသေးစိတ် ရှင်းပြခိုင်းလိုက်ပါ”

ဝိန်းယွီသည် ခပ်ဖျော့ဖျော့ ပြုံးကာ ခွင့်ပြုလိုက်သည်။

ဖန့်ယွမ်သည် လက်နှစ်ဖက်ကို ယှက်ကာ တည်ကြည်သွားပြီး ပြောလိုက်လေသည်။ "ကျွန်တော်တို့ရဲ့ အောင်ပွဲက ပထမအချက်အနေနဲ့ ချန်လူကြီးမင်းရဲ့ ထက်မြက်တဲ့ ဗျူဟာအပေါ်မှာ မူတည်ခဲ့တာပါ။ တောင်ဘက်တံခါးက အင်အားတွေကို ဖယ်ရှားဖို့အတွက် အရှေ့ဘက်နဲ့ အနောက်ဘက် တံခါးတွေကို ဟန်ပြ တိုက်ခိုက်ခဲ့တယ်။ ကျွန်တော်တို့ စစ်သည်တွေ တောင်ဘက်တံခါးကို အဓိက တိုက်ခိုက်တဲ့အခါ ထောင်ခရိုင်က မြောက်ဘက်တံခါးမှာ ခြုံခိုတိုက်ခိုက်ခံရမှာကို ကြောက်နေခဲ့ပြီး ကျန်တဲ့ တံခါး ၃ ခုကို စစ်ကူမပို့နိုင်ခဲ့ဘူး”

အကြံပေးအမတ်များသည် သူတို့၏ မုတ်ဆိတ်များကို သပ်ကာ ထိုဗျူဟာကို တိုးတိုးလေး ချီးကျူးနေကြသည်။ ဖန့်ယွမ်က ဆက်ပြောလိုက်၏။

"ဒုတိယအချက်ကတော့ တပ်မှူးရှောင်းရဲ့ ထူးကဲတဲ့ ရဲစွမ်းသတ္တိကြောင့်ပဲ။ သူက စစ်သည်တွေကို ဦးဆောင်ပြီး ကြိုးလှေကားတွေကို သုံးပြီး ထောင်ခရိုင်ရဲ့ တောင်ဘက်မျှော်စင်ပေါ်ကို တက်ခဲ့ပြီး မြို့တံခါးကို ဖွင့်ပေးခဲ့တယ်။ ဒါကြောင့် မြို့ပြင်က ကျွန်တော်တို့ရဲ့ ပင်မစစ်တပ်တွေ မြို့ထဲကို ဝင်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးမှူးအိမ်တော်ကို ဝိုင်းရံနိုင်ခဲ့တယ်။ အရှေ့ဘက်နဲ့ အနောက်ဘက် တံခါးက ရန်သူတွေကို အတွင်းအပြင် ညှပ်တိုက်နိုင်ခဲ့လို့ ဒီတိုက်ပွဲမှာ အောင်ပွဲကြီး ရခဲ့တာ ဖြစ်ပါတယ်”

ထိုစကားကို ကြားသောအခါ အကြံပေးအမတ်များသည် အံ့ဩတကြီးဖြင့် စုပ်သပ်လိုက်ကြပြီး မျိုးဆက်သစ် လူငယ်တွေ တော်လိုက်ပုံကို ချီးကျူးလိုက်ကြသည်။

စူးစမ်းသော အကြည့်များနှင့် အားကျသော အကြည့်များအားလုံးသည် ရှောင်းလိထံသို့ စုပြုံရောက်ရှိသွားတော့သည်။

ဝိန်းယွီသည်လည်း သူ့ကို ကြည့်လိုက်လေသည်။

ဝိန်းယွီသည် လူအုပ်ကြားတွင် ရှောင်းလိကို ကြည့်ရန် မသိစိတ်က ရှောင်လွှဲတတ်သော အလေ့အကျင့်တစ်ခု ဖြစ်လာခဲ့သည်။ ခဏတာ အကြည့်ချင်း ဆုံမိခြင်းကပင် စူးစမ်းတတ်သော မျက်လုံးများရှေ့တွင် တစ်စုံတစ်ခုကို ထုတ်ဖော်ပြသမိမှာ စိုးရိမ်နေသည့်နှယ်။

ယနေ့တွင်တော့ ဖန့်ယွမ်က သူ့အကြောင်း ပြောနေခြင်းကြောင့်သာ သူမသည် သူ့ကို ပွင့်ပွင့်လင်းလင်း ကြည့်လိုက်ခြင်း ဖြစ်သည်။ သို့သော် တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဝိန်းယွီသည် ရှောင်းလိထံတွင် ထူးဆန်းသော တစ်စုံတစ်ခုကို အာရုံခံမိသွားတော့သည်။

...

All Chapters