အခန်း ၆၈
Vol. 7 Ch. 68
အပိုင်း (၆၈)
သူ၏ ကိုယ်ဟန်မှာ မြင့်မားသွယ်လျလှသည်။ မိုးထဲလေထဲမှ ပြန်လာခဲ့သဖြင့် ဆံပင်များ တစ်ကိုယ်လုံး စိုရွှဲနေသော်လည်း သူ၏ ခန့်ညားထက်မြက်မှုမှာမူ လျော့ပါးသွားခြင်း မရှိပေ။ သို့သော် သူသည် သူ၏ အရှိန်အဝါကို တမင်တကာ ထိန်းချုပ်ထားပုံရပြီး စစ်သူကြီးများကြားတွင် ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေခဲ့သည်။ ဖန့်ယွမ်က သူ့အကြောင်း ထုတ်မပြောcifအထိ ခန်းမထဲရှိ လူအနည်းငယ်သာ သူ့ကို သတိထားမိကြသည်။
ယခုအခါ အားလုံး၏ အကြည့်များမှာ သူ့ထံသို့ ရောက်ရှိလာရာ သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ ဂါရဝပြုလိုက်လေသည်။
"ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေ အသက်ပေး တိုက်ပွဲဝင်ခဲ့ကြလို့သာ တောင်ဘက်တံခါးကို ဖောက်ထွက်နိုင်ခဲ့တာပါ။ ဒီအရာရှိငယ် တစ်ယောက်တည်းရဲ့ အစွမ်းကြောင့်လို့ မသတ်မှတ်နိုင်ပါဘူး”
သူ၏ နှိမ့်ချမှုကို မြင်သောအခါ အကြံပေးအမတ်များမှာ သူတို့၏ မုတ်ဆိတ်များကို သပ်ရင်း ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ပိုပြီး လေးစားအားကျသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
ဝိန်းယွီသည် အထက်တွင် ထိုင်နေရင်း သူမ၏ မျက်လုံးများကို ရှောင်လွှဲကာ မျက်လွှာချထားသော ရှောင်းလိကို ကြည့်နေမိသည်။ သူ၏ မောက်မာမှုနှင့် ထက်မြက်မှုများမှာ ပျောက်ကွယ်သွားပြီး ပိုပြီး ရင့်ကျက် တည်ငြိမ်လာသည့်နှယ် သူမ ခံစားလိုက်ရသည်။
စစ်တပ်ထဲတွင် လေ့ကျင့်နေခဲ့သော ဤရက်ပိုင်းအတွင်း သူသည် အမှန်တကယ်ပင် ရင့်ကျက်လာခဲ့ပုံရသည်။
ဤသည်မှာ ဝိန်းယွီ အမြဲတမ်း မျှော်လင့်ခဲ့သော အရာပင်။ သို့သော် သူက အမှန်တကယ် ထိုသို့ ဖြစ်လာသောအခါတွင်တော့ သူ့ထံတွင် တစ်ခုခု လိုအပ်နေသလို သူမ ခံစားလိုက်ရပြန်သည်။
သူမ ခဏတာ စဉ်းစားလိုက်ပြီးနောက်မှပင် ထိုအရာမှာ သူ၏ နွေးထွေးပြီး နေရောင်ခြည်နှင့် တူသော အငွေ့အသက်များ ဖြစ်နိုင်ကြောင်း သဘောပေါက်သွားတော့သည်။ ယုံချန်တွင် ရှောင်းမိသားစုနှင့်အတူ နေထိုင်စဉ်က သူမသည် သူ့ကို အနည်းငယ် ကြောက်ရွံ့ခဲ့သော်လည်း သူ့ကို မြင်လိုက်ရတိုင်း— နှင်းမုန်တိုင်းထဲမှ ပြန်လာချိန်တွင်ပင်— သူသည် နေရောင်အောက်မှ ပြန်လာသူတစ်ဦးလို သူမကို နွေးထွေးသော ခံစားချက်မျိုး ပေးစွမ်းနိုင်ခဲ့သည်။
ဝိန်းယွီ ခဏတာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လီရွှင်က ဝင်ပြောလိုက်၏။ "တပ်မှူးရှောင်းက အရမ်း နှိမ့်ချလွန်းနေတာပါ။ ဒီတိုက်ပွဲမှာ စစ်သည်အားလုံးမှာ အကျိုးဆောင်မှုတွေရှိကြပေမဲ့ တပ်မှူးရှောင်းရဲ့ စွမ်းဆောင်မှုကတော့ အထူးကို ကြီးမားပါတယ်။ မင်းသမီးအနေနဲ့ သူ့ကို ကြီးကြီးမားမား ဆုချသင့်ပါတယ်”
ဝိန်းယွီသည် အတွေးထဲမှ ပြန်ထွက်လာပြီး ခေါင်းညိတ်ပြလိုက်သည်။ "ဒါပေါ့။ ဒီအောင်ပွဲကြီးက စစ်သူကြီး အားလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရလာတာပဲ။ အားလုံးကို ထိုက်ထိုက်တန်တန် ဆုချရမယ်”
ဆုလာဘ်များအကြောင်း ကြားလိုက်ရသောအခါ စစ်သူကြီးများမှာ သူတို့၏ ဝမ်းသာမှုကို မဖုံးကွယ်နိုင်ကြတော့ချေ။
ဝိန်းယွီသည် အောင်မြင်မှုအလိုက် ဆုလာဘ်များကို ခွဲဝေပေးပြီးနောက် အကြံပေးအမတ်များနှင့် စစ်သူကြီးများ အားလုံး ရှိနေခိုက်တွင် ထောင်စီရင်စု၏ အနာဂတ် အုပ်ချုပ်ရေးနှင့် စစ်တပ် တိုးချဲ့ရေး ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးလိုက်သည်။
ဖေစုန့်နှင့် ဝေ့ချီရှန်းတို့သည် ဝေ့မြစ်၏ မြောက်ဘက်တွင် ပြင်းထန်စွာ တိုက်ပွဲဝင်နေကြသည်မှာ ကြာပြီဖြစ်သည်။ ဝေ့ချီရှန်း၏ သားဖြစ်သူက မြို့အတော်များများကို ဆက်တိုက် ဆုံးရှုံးခဲ့ပြီးနောက်တွင်မှ ဖေစုန့်က အနည်းငယ် အသာစီး ရလာခဲ့ခြင်း ဖြစ်သည်။
ဖိန်ကျိုးအနေဖြင့် သည်အချိန်တွင် ထောင်စီရင်စုကို သိမ်းပိုက်လိုက်နိုင်ခြင်းမှာ အမှန်တကယ်ပင် ဂုဏ်ပြုထိုက်သော ကိစ္စဖြစ်ပြီး အောင်ပွဲခံ စားပွဲသောက်ပွဲ တစ်ခုမှာ မရှိမဖြစ် လိုအပ်ပေသည်။ သို့သော် နန်ချန်မှ သံတမန်များ မကြာခင် ရောက်လာတော့မည် ဖြစ်ခြင်းနှင့် ချန်ဝေသည် ထောင်စီရင်စုရှိ ကိစ္စရပ်များကို စီမံရန် ကျန်နေခဲ့ခြင်းကြောင့် အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်မှာ— အောင်ပွဲခံ စားပွဲသောက်ပွဲကို ခေတ္တရွှေ့ဆိုင်းကာ နန်ချန်သံတမန်များ ကြိုဆိုပွဲနှင့် ပေါင်းပြီး ကျင်းပရန်ပင်။
ဤသို့လုပ်ဆောင်ခြင်းဖြင့် မဟာမိတ်ဖွဲ့ခြင်းကို ဂုဏ်ပြုနိုင်သလို နန်ချန်၏ ဂုဏ်သိက္ခာကို အနည်းငယ် လျှော့ချရာ ရောက်သဖြင့် နောက်ပိုင်း ဆွေးနွေးမှုများတွင် ပိုပြီး အဆင်ပြေစေလိမ့်မည်။
အစည်းအဝေး ပြီးဆုံးသောအခါ ဝိန်းယွီသည် စစ်သူကြီးများကို အရင်ပြန်၍ အနားယူခိုင်းလိုက်ပြီး အကြံပေးအမတ် အနည်းငယ်ကိုသာ နိုင်ငံတော် ကိစ္စရပ်များ ဆွေးနွေးရန် ချန်ထားခဲ့သည်။
ကျောင်းပိုင်သည် ထိုကြားကာလတွင် ဆေးရည်စိမ်ထားသော အဝတ်စတစ်ခုကို ယူလာပြီး ဝိန်းယွီ၏ မျက်လုံးများပေါ်တွင် အုပ်ပေးလိုက်သည်။
အကြံပေးအမတ်များသည် တစ်မနက်လုံး စကားပြောခဲ့ရသဖြင့် အနည်းငယ် ပင်ပန်းကာ ရေဆာနေကြပြီဖြစ်ရာ လက်ဖက်ရည်နှင့် မုန့်များ စားရန်အတွက် ဘေးခန်းရှိ လက်ဖက်ရည်ခန်းသို့ အတူတူ ထွက်သွားကြသည်။
ရှောင်းလိသည် လူအုပ်၏ အနောက်ဆုံးမှ လျှောက်လာခဲ့ပြီး ကျောင်းပိုင်၏ လက်ထဲရှိ အဝတ်စမှ ဆေးနံ့ကို အဝေးကပင် ရလိုက်သည်။ သူသည် မသိမသာ လှည့်ကြည့်လိုက်ရာ ကျောင်းပိုင်က ဝိန်းယွီကို တွဲပြီး အတွင်းခန်းသို့ ဝင်သွားသည်ကို မြင်လိုက်ရသည်။ ထိုဆေးဝတ်မှာ ဝိန်းယွီအတွက် ဖြစ်ပုံရသည်။
သူ့ခြေလှမ်းများမှာ အလိုလို ခေတ္တ ရပ်တန့်သွားသည်။ အတူပါလာသော စစ်သူကြီး တစ်ဦးက သူ့ကို လှမ်းခေါ်လိုက်မှပင် သူသည် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မေးလိုက်သည်။
"မင်းသမီး နေမကောင်းလို့လား”
စစ်သူကြီးများကတော့ ထိုကိစ္စကို မသိကြချေ။ ဝိန်းယွီနှင့်အတူ အစည်းအဝေး မကြာခဏ တက်လေ့ရှိသော အကြံပေးအမတ် တစ်ဦးက ရှောင်းလိသည် ထောင်စီရင်စု တိုက်ပွဲတွင် စွမ်းဆောင်နိုင်ခဲ့သလို ဝိန်းယွီ၏ ကိုယ်ရံတော်ဟောင်း တစ်ဦးလည်း ဖြစ်သဖြင့် သူနှင့် ရင်းနှီးမှု ရယူလိုသောကြောင့် ပြန်ဖြေလိုက်သည်။
"မင်းသမီးက ဖိန်ကျိုးရဲ့ ကိစ္စရပ်တွေကို မြန်မြန်ဆန်ဆန် ကိုင်တွယ်နိုင်ဖို့အတွက် အရေးကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ နေ့ရောညပါ စာအုပ်ကို လက်ကမချဘဲ ဖတ်လွန်းလို့ မျက်စိ ထိခိုက်သွားတာပါ။ အခုတလော သူက ဆေးအမြဲ ကပ်နေရပြီး စာလွှာတွေကို ကိုယ်တိုင် မဖတ်နိုင်တော့ဘူး။ မိန်းကလေး ကျောင်းပိုင်ကပဲ သူ့အတွက် အသံထွက် ဖတ်ပြနေရတာ”
ရှောင်းလိသည် တိတ်ဆိတ်စွာ နားထောင်နေပြီး သူ၏ နှုတ်ခမ်းများမှာ အေးစက် တင်းမာသွားတော့သည်။
____
ခန်းမ၏ အတွင်းခန်းတွင် ဝိန်းယွီသည် ကုလားထိုင်ပေါ်တွင် ခေါင်းကို အနည်းငယ် စောင်းလျက် မှီထိုင်နေသည်။ မျက်လုံးပေါ်တွင် အဝတ်စကို အုပ်ထားရင်း သူမက ကျောင်းပိုင်ကို ညွှန်ကြားလိုက်သည်။ "ထောင်စီရင်စုကနေ ဖမ်းလာတဲ့ အရာရှိတွေကိုတော့ မနက်ဖြန်ကျရင် လူကြီးမင်း လီရွှင်ကို အရင်သွားပြီး ဖျောင်းဖျခိုင်းလိုက်ပါ”
ကျောင်းပိုင်က ပြောလိုက်၏။ "ဖန့်စစ်သူကြီး စကားအရဆိုရင်တော့ ထောင်စီရင်စု မြို့စားက တကယ့်ကို ခေါင်းမာတဲ့သူပဲတဲ့။ တကယ်လို့ သူက ကျွန်မတို့ဆီမှာ အမှုထမ်းမယ့်အစား သေဖို့ပဲ ရွေးချယ်ရင် ဘယ်လိုလုပ်မလဲ”
ဝိန်းယွီက ပြန်ဖြေလိုက်သည်။ "သူက အမှုထမ်းမယ့်အစား သေဖို့ပဲ ရွေးချယ်ရင်တောင် သူ့အသက်ကို ချမ်းသာပေးပြီး နေအိမ်အကျယ်ချုပ်ပဲ ထားလိုက်ပါ။ ငါတို့ ထောင်စီရင်စုကို သိမ်းပြီးပြီ၊ နောက်ထပ် လီစီရင်စု၊ ဝူစီရင်စုနဲ့ တခြားနေရာတွေလည်း ရှိသေးတယ်။ ဆယ်စုနှစ် တစ်ခုကျော်ကြာ တာ့လျန်ကို မယ်တော်ကြီးဘက်က ဆွေမျိုးတွေ စိုးမိုးထားခဲ့တုန်းက အရာရှိ အများအပြားဟာ ဂိုဏ်းဂဏ တိုက်ပွဲတွေကြောင့် ပြည်နှင်ဒဏ် ပေးခံခဲ့ရပြီး နန်းတွင်းအပေါ်မှာ နာကျည်းချက်တွေ ရှိနေကြတယ်။ ငါ လုပ်ဆောင်ချင်တာက ငါ့ခမည်းတော်နဲ့ အစ်ကိုတော်တို့ မပြီးဆုံးသေးတဲ့ တာ့လျန်ပြည်ကြီးကို ပျက်စီးခြင်းကနေ ကယ်တင်ဖို့ပဲ။ ဒါက အဆောက်အဦးတစ်ခုကို အစကနေ ပြန်ဆောက်ရသလို ခက်ခဲလိမ့်မယ်”
မျက်လုံးပေါ်က အဝတ်စမှာ အေးသွားပြီဖြစ်သည်။ ဝိန်းယွီသည် အဝတ်စကို ဖယ်လိုက်သောအခါ သူမ၏ မျက်လုံးတစ်ဝိုက်ရှိ အသားအရေမှာ အငွေ့ကြောင့် အနည်းငယ် နီမြန်းနေသော်လည်း သူမ၏ အကြည့်မှာမူ တည်ငြိမ်ပြီး ပြတ်သားနေဆဲ။
"ဒါပေမဲ့ ငါက အရင်ထက် ပိုကောင်းတဲ့ တာ့လျန်ကို တည်ဆောက်မယ်။ ဆရာကြီးက အစ်ကိုတော်ကို သင်ပေးခဲ့ဖူးတယ်၊ ကြင်နာတတ်သူကသာ လူတွေရဲ့ နှလုံးသားကို ရနိုင်မယ်တဲ့။ တာ့လျန်က အဲ့ဒီအရာရှိတွေနဲ့ ပြည်သူတွေအပေါ် အတိတ်မှာ အကြွေးတင်ခဲ့တာတွေကို ငါက ပြန်ဆပ်ရမယ်။ ဖေစုန့်က လောကကြီးက သူ့ကို ကြောက်အောင် လုပ်တယ်၊ ငါကတော့ လောကကြီးက ငါ့ကို ကြည်ကြည်ဖြူဖြူနဲ့ ခိုလှုံလာအောင် လုပ်မယ်”
ကျောင်းပိုင်သည် အဝတ်စကို ပြန်စိုအောင် လုပ်လိုက်ပြီး ဝိန်းယွီထံ ကမ်းပေးရန် ပြင်လိုက်သည်။ သူမ၏ စကားများကို ကြားသောအခါ ကျောင်းပိုင် ခေတ္တ တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။ "မင်းသမီးက တကယ်တော့ ရှီဇီထက်တောင် ဝမ်ရယ်နဲ့ ပိုတူနေသလိုပဲ”
ကွယ်လွန်သွားသော ခမည်းတော်နှင့် အစ်ကိုတော်တို့ကို သတိရလိုက်သဖြင့် ဝိန်းယွီ၏ မျက်လုံးများတွင် ဖျော့တော့သော ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်လာသည်။
"ငါ့အစ်ကိုတော်က ငါ့မယ်တော်နဲ့ တူတာ။ ခမည်းတော်က အိမ်ရှေ့စံအဖြစ် မရွေးချယ်ခံရခင်တုန်းက အစ်ကိုတော်က သူ့ခြံထဲမှာ ပန်းစိုက်ရတာကိုပဲ ဝါသနာပါခဲ့တာ။ သူက ယောက်မကို လက်ထပ်ဖို့ ကြိုးစားတုန်းက တခြားမြင့်မြတ်တဲ့ မိသားစုက သခင်လေးတွေက ပုလဲတွေ၊ ဆံထိုးတွေ၊ ပိုးထည်တွေ ဒါမှမဟုတ် ကျောက်စိမ်းတွေကို လက်ဆောင် ပို့ခဲ့ကြတယ်။ ဒါပေမဲ့ ငါ့အစ်ကိုတော်ကတော့ သူကိုယ်တိုင် နှစ်အတော်ကြာ စိုက်ပျိုးခဲ့တဲ့ သစ်ခွပန်းလေးတစ်ပွင့်ကို ကိုင်ပြီး ကျန်းအိမ်တော် အပြင်ဘက်မှာ တစ်မနက်လုံး စောင့်နေခဲ့တာ။ နောက်ဆုံး သူ ယောက်မကို မြင်လိုက်ရတဲ့အခါ သူက အရမ်း စိတ်လှုပ်ရှားပြီး စကားတောင် မပြောနိုင်တော့ဘူး။ သူက ယောက်မကို 'ကျူပင်' ဆိုတဲ့ ကဗျာကို ရွတ်ပြပြီး ပန်းလေးကို ချထားခဲ့ပြီးမှ ထွက်ပြေးသွားခဲ့တာ။ ကျွင်းအာနဲ့ အားယင်းတို့ မွေးလာတဲ့ အထိတောင် ငါ့ယောက်မက ဒါကို ပြန်ပြောပြီး သူ့ကို စနောက်နေတုန်းပဲ......"
ဝိန်းယွီသည် ပြုံးရန် ကြိုးစားလိုက်သော်လည်း မပြုံးနိုင်ခဲ့ချေ။
သူမ၏ မျက်လုံးများတွင် ဝမ်းနည်းမှုများ ပြည့်လျှံနေသော်လည်း သူမ မငိုနိုင်ခဲ့ပေ။
ယုံချန်၏ သည်းထန်သော နှင်းများကြားတွင် သူမ၏ မျက်ရည်များမှာ ခန်းခြောက်သွားခဲ့သည့်နှယ်။
သူမသည် စိတ်ကို ပြန်ထိန်းရန် မျက်လုံးများကို ခေတ္တ မှိတ်ထားလိုက်သည်။ သူမ ပြန်ဖွင့်လိုက်သောအခါတွင်တော့ "လူကြီးမင်း လီရွှင်နဲ့ တခြားသူတွေကို ခေါ်လိုက်ပါ" ဟုသာ ပြောလိုက်သည်။
ဒုတိယအကြိမ် ဆွေးနွေးမှုတွင် ပြတ်သားသော ဆုံးဖြတ်ချက်များ လိုအပ်သည့် သေးငယ်သော်လည်း အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အရာအားလုံး ဆုံးဖြတ်ပြီးနောက် လီရွှင်က မထွက်ခွာခင် ရုတ်တရက် မေးလိုက်၏။ "မင်းသမီး၊ လီယောင်နဲ့ သူ့လူတွေကို အချိန်အတော်ကြာအောင် ဝေးဝေးမှာ ထားခဲ့တာပဲ။ အခု ထောင်စီရင်စုက လူတွေကို အသုံးပြုဖို့ ရည်ရွယ်ထားပြီဆိုတော့ လီယောင်နဲ့ သူ့အဖွဲ့အတွက်ကော ဘာအစီအစဉ်ရှိလဲ”
ဝိန်းယွီသည် ခဏတာ စဉ်းစားဟန်ပြုပြီး ပြန်ဖြေလိုက်သည်။
"သူတို့ကို တွေ့ဖို့ အချိန်တန်ပြီပဲ”
____
ဖိန်ကျိုးသို့ ခိုလှုံရန် ရောက်လာသော အကြံပေးအမတ် အများစုမှာ ပထမခြံဝင်း နှစ်ခုတွင် နေထိုင်ကြသည်။ လီယောင်သည် ဝိန်းယွီကို အကြိမ်ကြိမ် စော်ကားခဲ့သဖြင့် သူသည် ဘေးဖယ်ထားခြင်း ခံခဲ့ရသည်။ သူ့နောက်ကို လိုက်ခဲ့သော အကြံပေး အများအပြားမှာလည်း သူ့ထံမှ တိတ်တဆိတ် ခွာသွားကြပြီ။
ဝိန်းယွီ၏ စွမ်းဆောင်မှုများကို အခြားအကြံပေးများထံမှ တဆင့် ကြားလိုက်ရသောအခါ လီယောင်၏ ခြံဝင်းလေးထဲတွင် ကျန်နေသော သူများမှာလည်း ပိုလို့ပင် မျက်နှာပျက်လာကြသည်။ သူတို့က လီယောင်ကို ဝိန်းယွီထံ သွားရောက် တောင်းပန်ရန် တိုက်တွန်းခဲ့သော်လည်း သူ၏ပင်ကိုစရိုက်မှာ ခေါင်းမာပြီး ခက်ထန်လှသည်။ သူသည် နှာခေါင်းရှုံ့ကာ လျစ်လျူရှုခြင်း သို့မဟုတ် အကြံပေးသူကို အကြင်နာမဲ့စွာ ဆူပူကြိမ်းမောင်းခြင်းတို့ကိုသာ လုပ်ဆောင်လေ့ ရှိသည်။ တဖြည်းဖြည်းနှင့် မည်သူမျှ ထိုကိစ္စကို ထပ်မပြောရဲကြတော့ချေ။
ဝိန်းယွီသည် ကျောင်းပိုင်၊ လီရွှင်တို့နှင့်အတူ ဘေးခြံဝင်းသို့ ဝင်လာခဲ့သည်။ လီယောင်သည် အဝတ်ကြမ်းကို ဝတ်ဆင်ထားပြီး ကျဲပါးကာ ဖြူနေသော ဆံပင်များဖြင့် လယ်သမား အဘိုးကြီးးတစ်ဦးနှင့် တူနေသည်။ သူသည် ရေမှုတ်ကို ကိုင်ကာ မြေကွက်လပ်တွင် စိုက်ထားသော ဖရုံပင်ပျိုလေးများကို ရေလောင်းရင်း အလွန်ပင် စိတ်ကျေနပ်နေဟန်ဖြင့် သီချင်းတစ်ပုဒ်ကို ညည်းနေလေသည်။
လီရွှင်က အသာအယာ ချောင်းဟန့်လိုက်ပြီး ပြောလိုက်၏။ "လူကြီးမင်းလီ၊ မင်းသမီး ရောက်လာပါတယ်”
လီယောင်သည် တစ်ချိန်က နန်းတွင်းအရာရှိကြီး ကျုံးရှူးလင်ရာထူးကို ရယူထားခဲ့သူ ဖြစ်သည်။ ဧကရာဇ် အာဏာနည်းပါးလာပြီး မယ်တော်ကြီးဘက်က ဆွေမျိုးတွေ အာဏာလွှမ်းမိုးလာသောအခါ သူသည် မကျေမချမ်းဖြင့် ရာထူးမှ နှုတ်ထွက်ခဲ့သည်။ သို့သော် လက်အောက်ငယ်သား အများစုက သူ့ကို ယခင် ရာထူးအမည်ဖြင့်ပင် ခေါ်ဝေါ်နေကြဆဲ။
ထိုစကားကို ကြားသောအခါ လီယောင်သည် ခြံဝင်းတံခါးဘက်သို့ တစ်ချက်မျှသာ ကြည့်လိုက်ပြီး သူ၏ ဖရုံပင်လေးများကို ဆက်လက် ပြုစုနေ၏။ ကျောင်းပိုင်က ထိုမြင်ကွင်းကို မြင်သောအခါ မျက်မှောင်ကြုတ်သွားတော့သည်။
လီယောင်က သည်လောက်အထိ ရိုင်းစိုင်းနေသည်ကို မြင်သောအခါ လီရွှင်၏ စိတ်ထဲတွင် ထိတ်လန့်သွားသည်။ သူသည် ဝိန်းယွီ၏ နံဘေးတွင် ရှိနေခဲ့သည်မှာ မကြာသေးသော်လည်း သူမ၏ စိတ်နေစိတ်ထားကိုတော့ ကောင်းစွာ သဘောပေါက်ထားသည်။ ရှီဇီ၏ နူးညံ့မှုနှင့် ယှဉ်လျှင် သူတို့၏ မင်းသမီးမှာ ပိုပြီး တင်းမာသော စရိုက် ရှိသည်။ ယခင်က လီယောင်က မောက်မာရိုင်းစိုင်းခဲ့စဉ်က လူအင်အား လိုအပ်နေသော အခြေအနေတွင်ပင် သူမက သူ့ကို လျစ်လျူရှုထားခဲ့သည်။
ယခု လီယောင်က ပြောင်းလဲခြင်း မရှိသည်ကို မြင်သောအခါ ဝိန်းယွီက သူ့ကို သိမ်းသွင်းရန် အမှန်တကယ်ပင် လက်လျှော့လိုက်မှာကို လီရွှင် စိုးရိမ်နေမိသည်။ သူသည် အခြေအနေကို ပြုပြင်ရန် အားတင်းကာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "လူကြီးမင်းက တကယ့်ကို အဆင့်အတန်း မြင့်မားတဲ့ ဝါသနာ ရှိတာပဲ၊ ခြံထဲမှာ ဖရုံပင်တွေ စိုက်နေတာကိုး”
လီယောင်၏ ဖြူနေသော ဆံပင်များကို သစ်သားဆံထိုးလေးဖြင့် ထုံးထားပြီး တွန့်နေသော သူ၏ အသားအရေမှာ သူ၏ ဦးခေါင်းခွံတွင် ကပ်နေသည့်နှယ် ရှိသည်။ သူက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။
"ကိုယ်လုပ်မှ ကိုယ်စားရတာပေါ့၊ ဒါမှ အလကား ထိုင်စားနေတယ်လို့ စွပ်စွဲမခံရမှာ! ငါ့ရဲ့ အိုမင်းနေတဲ့ အရိုးတွေက ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ ပဲတွေ၊ ဖရုံတွေ စိုက်နိုင်သေးတယ်!"
လီရွှင်သည် ဤအဘိုးကြီးးက သည်လောက်အထိ ပွင့်လင်းရိုင်းစိုင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ဝိန်းယွီက သူ့ကို လျစ်လျူရှုထားခဲ့သော်လည်း အစားအသောက်နှင့် လိုအပ်ချက်များကိုတော့ မည်သည့်အခါမျှ မလျှော့ချခဲ့ချေ။ သူ့ စကားများမှာ ဝိန်းယွီက အလွန်ပင် သည်းမခံတတ်သူ တစ်ဦးနှယ် ဖြစ်စေသည်။ လီရွှင်သည် ဝိန်းယွီက ဒေါသထွက်ပြီး ထွက်သွားမှာကို ကြောက်သဖြင့် သူမကို လှည့်ကြည့်လိုက်၏။
သို့သော် ဝိန်းယွီသည် တည်ငြိမ်စွာပင် ရှေ့သို့ တိုးလာခဲ့ပြီး လီယောင်က ဖရုံနွယ်များကို ဝါးတိုင်တွင် ချည်နှောင်နေစဉ် သူမက မြက်ခြောက်စလေး တစ်ခုကို ကမ်းပေးလိုက်သည်။ လီယောင်က သူမပေးသော မြက်ခြောက်ကို လျစ်လျူရှုလိုက်ပြီး သူကိုယ်တိုင် အခြားတစ်ခုကို ယူကာ ဆက်ပြီး ချည်လေသည်။
ဝိန်းယွီသည် မြက်ခြောက်ကို အသုံးပြုကာ နွယ်ပင်၏ အပေါ်ပိုင်းကို ဝါးတိုင်တွင် ချည်ပေးလိုက်ရင်း ပြောလိုက်သည်။
"အရင်တုန်းက စိုက်ပျိုးရေး ရာသီတွေမှာ ခမည်းတော်က ကျွန်မတို့ကို ဖုန်းယန်က လယ်ကွင်းတွေဆီ ခေါ်သွားပြီး စပါးပင်တွေ စိုက်တာ၊ ပဲစေ့တွေ ကြဲတာတွေကို လုပ်ခိုင်းတတ်တယ်။ လယ်တောထဲက အိမ်တိုင်းရဲ့ နံရံတွေမှာ ဖရုံနွယ်တွေ ဖုံးအုပ်နေတာကို ကျွန်မ မှတ်မိသေးတယ်”
လီယောင်သည် ဝိန်းယွီကို စိုက်ကြည့်လိုက်ပြီး သူ၏ လေသံမှာ ဆူးများလို စူးရှနေဆဲ။
"မင်းသမီးက ထောင်စီရင်စုကို ထက်ထက်မြက်မြက်နဲ့ သိမ်းပိုက်နိုင်ခဲ့သလို ရှင်းကျိုးနဲ့ ယီကျိုးကြားမှာလည်း သွေးခွဲနိုင်ခဲ့တယ်။ တစ်ပြည်နယ်လုံးက မင်းကို ချီးကျူးနေကြတာပဲ။ အခု ဘာလို့ ဒီအဘိုးကြီးးဆီကို အောက်ကျခံပြီး လာတွေ့ရတာလဲ”
ဝိန်းယွီက ပြန်ဖြေလိုက်၏။ "ကျွန်မက ဆရာကြီးဆီကနေ အကြံဉာဏ်တွေ တောင်းခံဖို့ လာခဲ့တာပါ”
လီယောင်က သရော်လိုက်၏။ "မင်းက ငါ့ကို လာပြီး လှောင်ပြောင်တာ မဟုတ်လား”
ဝိန်းယွီသည် သူမ၏ မျက်လုံးများကို တည်ငြိမ်စွာ ပင့်ကြည့်လိုက်ပြီး "ဆရာကြီးက တစ်ချိန်က ကျွန်မခမည်းတော်ကို ကူညီခဲ့ဖူးပါတယ်။ အဲ့ဒီကျေးဇူးကြောင့် ကျွန်မက ရှင့်ကို မလေးမစား ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ လှောင်ပြောင်တယ်လို့ ဘယ်လိုလုပ်ပြီး ပြောလို့ရမှာလဲ"
လီယောင်သည် ဝိန်းယွီကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"တကယ်လို့ မင်းက တာ့လျန်ကို ပြန်လည် ထူထောင်ရေး ကိစ္စမှာ ငါ့ရဲ့ အကြံဉာဏ်တွေကို အပြည့်အဝ နားမထောင်ချင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့။ ငါက တစ်ချိန်က နန်းတွင်းအရာရှိကြီး ဖြစ်ခဲ့တာ— ငါ့ကို ဘယ်သူကမှ မျက်နှာသာ မပေးတော့ရင်တောင် နားရွက်နောက်က ရေမခြောက်သေးတဲ့ မိန်းကလေး တစ်ယောက်ရဲ့ အမိန့်ပေးတာကို ခံရမယ့်အထိတော့ အောက်တန်းမကျသေးဘူး။ မင်းခမည်းတော်က ငါ့ကို အမှုထမ်းဖို့ အကြိမ်ကြိမ် လာတောင်းပန်ခဲ့တဲ့ မျက်နှာကို ထောက်လို့သာ ငါက ဖိန်ကျိုးမှာ ဆက်နေပြီး အရေးကြုံရင် ကူညီပေးဖို့ ဆန္ဒရှိနေတာ”
ဝိန်းယွီက မေးလိုက်သည်။ "တကယ်လို့ ဒီနေ့ ရှင်နဲ့ တွေ့နေတာက ကျွန်မရဲ့ အစ်ကိုတော် ရှီဇီသာ ဆိုရင် ဆရာကြီးက ဝိန်းမျိုးနွယ်စုအတွက် ဗျူဟာတွေ ထပ်ပြီး ခင်းပေးဦးမှာလား”
လီယောင်သည် ရေမှုတ်ဖြင့် ရေကို ခပ်ယူကာ ဖရုံခင်းကို လောင်းလိုက်ပြီး ထိုစကားကို ကြားသောအခါ မထီမဲ့မြင် ပြုလျက် နှာခေါင်းရှုံ့လိုက်သည်။
"မင်းရဲ့ အစ်ကိုတော်လား။ စိတ်ထား နူးညံ့လွန်းပြီး ပျော့ညံ့တဲ့သူ၊ ငါ့ရဲ့ အသိအမှတ်ပြုမှုကို ရဖို့ မထိုက်တန်ဘူး! အဲ့ဒီတုန်းက မင်းခမည်းတော်က ငါ့ကို မင်းအစ်ကိုတော်ရဲ့ ဆရာအဖြစ် ပထမဆုံး ဖိတ်ခေါ်ခဲ့တာ၊ ဒါပေမဲ့ ငါက ငြင်းခဲ့တယ်။ အဲ့ဒီနောက်မှ မင်းခမည်းတော်က ယွီဇီကျင်းကို သူ့ဆရာအဖြစ် ခန့်အပ်ခဲ့တာ”
ယွီဇီကျင်း ဆိုသည်မှာ မင်းဆရာကြီးယွီ၏ အမည်ရင်း ဖြစ်သည်။
သူသည် ဝိန်းယွီကို တစ်ချက် စောင်းကြည့်လိုက်ရာ သူ၏ အိုမင်းပြီး ချိုင့်ဝင်နေသော မျက်လုံးများထဲတွင် သူ၏ ငယ်စဉ်က ဂုဏ်ယူမှုများ အရိပ်အယောင် ပေါ်နေဆဲ။
"မင်းဆရာဆိုတဲ့ ရာထူးကမှ ငါနဲ့တောင် ထိုက်တန်တာ!"
"ငါ့ရဲ့ တစ်ခုတည်းသော နောင်တကတော့ ရှောက်ကျင့် ဧကရာဇ်ပဲ။ သူက ငယ်စဉ်ကတည်းက မယ်တော်ကြီးရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာရပြီး ဖျားနာမှုကြောင့် အိပ်ရာထဲမှာပဲ နေရသလို စရိုက်ကလည်း ပျော့ညံ့လွန်းတယ်၊ ဧကရာဇ် တစ်ပါးရဲ့ အရှိန်အဝါ လုံးဝ မရှိဘူး! ငါ ဒါကို လက်မခံနိုင်ဘူး! အဲ့ဒီနောက်မှ ငါက မင်းခမည်းတော်ကို သတိပြုမိခဲ့ပြီး သူနဲ့အတူ လိုက်လာခဲ့တာ၊ ငါ့ဘဝရဲ့ ရည်မှန်းချက် အားလုံးကို သူ့အပေါ်မှာ ပုံအပ်ခဲ့တာ။ ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းက......"
သူ စကားပြောနေရင်း သူ၏ အသံမှာ ပိုပြီး ပြင်းထန်လာပြီး လက်ထဲက ရေမှုတ်ကို ဝမ်းနည်းစွာဖြင့် တင်းတင်း ဆုပ်ကိုင်ထားမိသည်။ နောက်ဆုံးတွင်မှ ခေါင်းကို ပြန်ငုံ့ကာ ရေပုံးထဲမှ ရေကို ခပ်ယူပြီး ဖရုံပင်လေးများကို လောင်းလိုက်လေသည်။
ဝိန်းယွီက ပြောလိုက်၏။
"ကျွန်မခမည်းတော် လုပ်ဆောင်နိုင်ခဲ့တာတွေကို ကျွန်မလည်း လုပ်ဆောင်နိုင်ပါတယ်။ ဆရာကြီး ကျွန်မအတွက် ဗျူဟာတွေ ခင်းပေးဖို့ ဆန္ဒရှိပါသလား”
...