← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အပိုင်း (၇၀)

ဤစကားလုံးများသည် ဗြောင်ကျကျ ခြိမ်းခြောက်နေခြင်းပင်။

ယခင်တာ့လျန်၏အမတ်ဟောင်းများသည် ပိုလို့ပင် ဒေါသထွက်လာကြသည်။ တာ့လျန်ပြည်ကြီး ပြိုလဲသွားပြီးနောက်ပိုင်းတွင် နန်ချန်က ယဉ်ယဉ်ကျေးကျေး ဆက်ဆံလိမ့်မည်မဟုတ်ကြောင်း သူတို့က ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း သည်လောက်အထိ ဗြောင်ကျကျ ရိုင်းစိုင်းစော်ကားလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ကြချေ။

ချန်ဝေက တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းထားရင်း အရိုအသေပေးကာ လက်နှစ်ဖက်ကို ယှက်လိုက်သည်။ "သံတမန်ရဲ့ ဒီစကားတွေက ဘာကို ဆိုလိုချင်တာလဲ။ ကျွန်တော်တို့က ဧည့်ဝတ်ကျေပွန်ချင်ရုံ သက်သက်ပါ။ ခရီးပန်းလာတဲ့ ဒဏ်တွေ ပြေပျောက်သွားအောင် မြို့ထဲမှာ ရက်နည်းငယ်လောက် အနားယူဖို့ ကမ်းလှမ်းတာပါ။ ဒီလို ဆွပေးတဲ့ စကားတွေက ကျွန်တော်တို့ တိုင်းပြည်နှစ်ခုကြားက သဟဇာတဖြစ်မှုကို ထိခိုက်စေလိမ့်မယ်။ တကယ်လို့ သတင်းတွေ ပျံ့သွားရင် နန်ချန်ကပဲ ဒီစေ့စပ်ထားတာကို ဖျက်သိမ်းချင်နေတယ်လို့ လူတွေက ထင်သွားကြလိမ့်မယ်"

မင်္ဂလာဆောင်ကို စောင့်ရှောက်လိုက်ပါလာသည့် နန်ချန် စစ်သူကြီးက မထီမဲ့မြင်ဖြင့် နှာခေါင်းရှုံ့လိုက်၏။ "ကျုပ်တို့ တိုင်းပြည်နှစ်ခုကြားက သဟဇာတဖြစ်မှု ဟုတ်လား။ ဘယ်တိုင်းပြည်နှစ်ခုလဲ။ တောင်ဘက်နယ်စပ်က ဒီပြည်နယ်နဲ့ ခရိုင်လေးတစ်ခုကို သိမ်းပိုက်ထားရုံနဲ့ တာ့လျန်က လွတ်လပ်တဲ့ တိုင်းပြည်တစ်ခုအဖြစ် အရည်အချင်း ပြည့်မီသွားပြီလို့ မင်းတို့က ပြောချင်နေတာလား"

သူ၏ကွေးညွတ်နေသော မြင်းကျာပွတ်က ဖိန်ကျိုး၏မြင့်မားလှသော မြို့တံခါးများဆီသို့ ညွှန်ပြသွားသည်။

"မယ်တော်ကြီးရဲ့ မေတ္တာကရုဏာကြောင့်သာ ကျုပ်တို့ဘုရင်ကို ကတိတည်ဖို့ အမိန့်မပေးခဲ့ဘူးဆိုရင် ဒီလို တံခါးမျိုးတွေကို တစ်ရက်တည်းနဲ့ ၁၀ ခုလောက် ငါ ဖြိုချပစ်နိုင်တယ်"

ဖန့်ယွမ်က ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။ "မင်း ဘယ်လိုတောင် ရိုင်းစိုင်းရဲတာလဲ"

သူ့အနောက်က စစ်သည်များလည်း သူတို့၏လှံများကို အပြင်ဘက်သို့ ချိန်ရွယ်လိုက်ကြသည်။ သံတမန်က နောက်ထပ် စော်ကားသော စကားတစ်ခွန်း ထပ်ပြောလိုက်သည်နှင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေကြောင်း သိသာထင်ရှားနေ၏။

ချန်ဝေ၏မျက်နှာအမူအရာက မည်းမှောင်သွားခဲ့သည်။ "နန်ချန်က ဒီလက်ထပ်မင်္ဂလာ မဟာမိတ်ဖွဲ့တာကို ဆက်လုပ်ဖို့ တကယ်ပဲ ဆန္ဒမရှိတဲ့ပုံပဲ"

နန်ချန် စစ်သူကြီးက လုံးဝ ထိန်းချုပ်မှုမရှိဘဲ လှောင်ပြောင်လိုက်လေသည်။လ"နန်ချန်က ဆန္ဒမရှိတာ မဟုတ်ပါဘူး။ မင်းတို့ ရှုံးနိမ့်သွားတဲ့ ခွေးတွေက ဒီဝေးခေါင်တဲ့ ထောင့်စွန်းလေးကို မောင်းထုတ်ခံရပြီး အသက်ရှင်သန်ဖို့ ဖက်တွယ်နေရတဲ့ကြားက ငါတို့ရဲ့ အကာအကွယ်ကို အားကိုးပြီး ခိုလှုံနေရတာကိုတောင် အရင်တုန်းက ဘုန်းတန်ခိုးကြီးခဲ့တဲ့ ပုံစံမျိုး ဟန်ဆောင်ရဲသေးတယ်ပေါ့လေ။ တကယ့်ကို ရယ်စရာကောင်းလိုက်တာ"

သူက ရန်လိုစွာ ရယ်မောလိုက်ပြီး ဆက်ပြောလိုက်၏။ "ဒါမှမဟုတ် ဝိန်းတော်ဝင်မျိုးနွယ်စုတွေ သတ်ဖြတ်ခံလိုက်ရတော့ မင်းတို့ရဲ့ ဟန့်ယန်မင်းသမီးက သူကိုယ်သူ ရှားပါးတဲ့ ကုန်ပစ္စည်းတစ်ခုလို ထင်မှတ်ပြီး ဒီလို ဟန်ဆောင်နေတာများလား"

တာ့လျန် အမတ်ဟောင်းများသည် ဒေါသကြောင့် မျက်နှာများ ရဲတက်သွားကြပြီး ဒေါသတကြီး ပြန်လည်တုံ့ပြန်လိုက်ကြသည်။ "လူရိုင်းတွေ။ တကယ့် လူရိုင်းတွေပဲ။ ဒီလောက် ရိုင်းစိုင်းတာက မင်းတို့တွေ တောင်ဘက်နယ်စပ်မှာ မျိုးဆက်ပေါင်းများစွာ နေလာပြီးတဲ့နောက် တောင်ပိုင်းက လူရိုင်းတွေနဲ့ ပေါင်းစပ်သွားပြီဆိုတာကို သက်သေပြနေတာပဲ။ ဖျင်ယန် ချန်မိသားစုရဲ့ အမွေအနှစ်က အခု ဘယ်မှာလဲ"

လွန်ခဲ့သော မျိုးဆက်ပေါင်းများစွာက နန်ချန် တော်ဝင်မိသားစုသည် ဖျင်ယန်ရှိ သူတို့၏မူလဇာတိမှ ထင်ရှားသော ပြည်မကြီး မိသားစုတစ်ခု ဖြစ်ခဲ့သည်။ ကျုံးရှန်း ဝမ်မိသားစုက ထီးနန်းကို သိမ်းပိုက်လိုက်ချိန်တွင် ရှုံးနိမ့်သွားခဲ့သည်။ သူတို့သည် တောင်ဘက်သို့ အတင်းအကျပ် မောင်းထုတ်ခံခဲ့ရပြီး ထိုနေရာတွင် ရာစုနှစ်တစ်ခုကျော်ကြာ နေထိုင်ခဲ့ကြ၏။

နောက်ပိုင်းတွင် ဝိန်းမိသားစုက ပြည်မကြီးကို စိုးမိုးလာချိန်၌ ဖိန်ကျိုးမှတစ်ဆင့် နန်ချန်နှင့် ကုန်သွယ်ရေးကို တည်ဆောက်ခဲ့ကြသည်။ ထိုအရာက ဒေသနှစ်ခုကြားက ဆက်ဆံရေးကို ပိုခိုင်မာလာစေခဲ့သည်။

ယခင်ချန်ဝမ် အုပ်ချုပ်သည့် အချိန်အတွင်းကတည်းက ပြည်မကြီးသို့ ပြန်လည်ဝင်ရောက်လိုသည့် ဆန္ဒက အမြစ်တွယ်နေခဲ့ပြီး တာ့လျန်ထံသို့ အကြိမ်ကြိမ် ကမ်းလှမ်းမှုများ ပြုလုပ်ရန် ဦးတည်စေခဲ့၏။

မယ်တော်ကြီးက ဝိန်းယွီကို သူ့သားတော်အတွက် သတို့သမီးအဖြစ် တောင်းဆိုခဲ့ချိန်တုန်းက သူ့သံတမန်က ချန်လျန်ဝမ် အိမ်တော်မှာ ဘယ်လောက်တောင် နှိမ့်ချပြီး တောင်းပန်ခဲ့ရသလဲ။

ယနေ့ သူတို့ဖက်က သည်လောက် မောက်မာစွာ စကားပြောရဲခြင်းက အခြေအနေတွေ မည်မျှအထိ ပြောင်းလဲသွားပြီဖြစ်ကြောင်း ပြသနေလေသည်။

ရှောင်းလိ၏အေးစက်သော အကြည့်က နန်ချန် စစ်သူကြီးအပေါ်သို့ ဖြတ်ပြေးသွားပြီးနောက် ချန်ဝေဘက်သို့ လက်နှစ်ဖက်ကို ယှက်လိုက်လေသည်။ "လူကြီးမင်း... ဒီမောက်မာတဲ့လူကို ဖမ်းဆီးဖို့ ကျွန်တော် ခွင့်ပြုချက် တောင်းခံပါတယ်"

ချန်ဝေက နှုတ်ဆိတ်နေ၏။ သတင်းပို့သမား တစ်ဦးက မြို့တံခါးမှတစ်ဆင့် အလျင်အမြန် မြင်းစီးလာပြီး သူ၏နားထဲသို့ တစ်စုံတစ်ရာကို တိုးတိုးလေး ပြောလိုက်၏။ ချန်ဝေက ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး သတင်းပို့သမားကို ပြန်လွှတ်လိုက်လေသည်။

ထိုအရာကို စောင့်ကြည့်နေသော ဖန့်ယွမ်က ရှောင်းလိကို တိုးတိုးလေး ပြောလိုက်သည်။

"ခဏစောင့်ဦး။ အဲဒါက မင်းသမီးဆီ သတင်းပို့ပြီး ပြန်လာတဲ့ သတင်းပို့သမားပဲ"

ရှောင်းလိ၏မျက်လုံးများက ထွက်ခွာသွားသော သတင်းပို့သမားနောက်သို့ လိုက်ပါသွားခဲ့သည်။ သူသည် မေးရိုးကို အနည်းငယ် တင်းထားလိုက်ပြီး ပေါက်ကွဲထွက်တော့မည့် အကြမ်းဖက်လိုသော စွမ်းအင်များကို ဖိနှိပ်ထားလိုက်၏။

ချန်ဝေက ခပ်တိုးတိုး ရယ်မောလိုက်ပြီး သေသေချာချာ စဉ်းစားကာ ပြောလိုက်လေသည်။ "ရှုံးနိမ့်သွားတဲ့ ခွေးတွေ ဟုတ်လား။ တောင်ပိုင်းနယ်မြေတွေကို မောင်းထုတ်ခံရတာ ဟုတ်လား။ အသက်ရှင်သန်ဖို့ ဖက်တွယ်နေရတာ ဟုတ်လား။ တခြားလူတွေရဲ့ အကာအကွယ်ကို အားကိုးပြီး ခိုလှုံနေရတာ ဟုတ်လား"

နန်ချန် စစ်သူကြီး၏မောက်မာမှုအပေါ် အမှန်တကယ် နားမလည်နိုင်သည့် အမူအရာဖြင့် သူက ဆက်ပြောလိုက်သည်။ "သံတမန်က ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်တောင် နှိမ့်ချနေရတာလဲ။ နန်ချန်က တောင်ပိုင်းနယ်မြေတွေမှာ ရာစုနှစ်တစ်ခုကြာတဲ့အထိ အခိုင်အမာ ခြေကုပ်ယူဖို့ ရုန်းကန်ခဲ့ရပေမယ့်ပေါ့။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်နှစ်က လူရိုင်းတွေရဲ့ ကျူးကျော်မှုကနေ မင်းတို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ တာ့လျန်ရဲ့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုကို လိုအပ်ခဲ့ပေမယ့်ပေါ့။ ကျွန်တော်တို့ တာ့လျန်က အမြဲတမ်း မေတ္တာကရုဏာကြီးမားပါတယ်။ ကျွန်တော်တို့က မင်းတို့ကို ရှုံးနိမ့်သွားတဲ့ ခွေးတွေလို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး"

လုံးဝ ဒေါသထွက်နေခဲ့ကြသော တာ့လျန် အမတ်ဟောင်းများသည် ဤစကားကို ကြားသောအခါ ကျယ်လောင်စွာ ရယ်မောလိုက်ကြတော့သည်။

"ဒီတော့ လူရိုင်းက သူ့လူတွေကို သူ ပြန်ဆဲနေခဲ့တာပေါ့လေ"

"ဖိန်ကျိုးက နန်ချန်ရဲ့ အကာအကွယ်ကြောင့် အခုလို ရပ်တည်နေနိုင်တယ်လို့ ပြောရဲတယ်ပေါ့။ ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ။ ရှင်းကျိုးကို ကာကွယ်တာကနေ ထောင်ခရိုင်ကို သိမ်းပိုက်တဲ့အထိ ဖိန်ကျိုးက နန်ချန်ဆီကနေ စစ်သည်တစ်ယောက်လောက် ငှားခဲ့ဖူးလို့လား"

"ကျုပ်တို့ရဲ့ ကျူကျွင်းကို ဒီလို စော်ကားရဲတယ်ပေါ့။ သူတို့ရဲ့ ချန်ဝမ်က ချန်လျန်ဝမ် အိမ်တော်မှာ တစ်ချိန်တုန်းက ငိုယိုပြီး ဦးချကာ လက်ထပ်မင်္ဂလာ မဟာမိတ်ဖွဲ့ဖို့ တောင်းပန်ခဲ့ရတာကို ဘယ်သူမှ မမှတ်မိတော့ဘူးလို့ သူတို့က တကယ်ပဲ ယုံကြည်နေတာလား"

"ဒီလောက် ယုတ်မာတဲ့ ဟန်ဆောင်မှုက လူ့ကျင့်ဝတ်ကို စော်ကားလိုက်တာပဲ။ ဖျင်ယန် ချန်မိသားစုက ပြည်မကြီးနဲ့ ကင်းကွာနေတာ အရမ်းကြာသွားတော့ ကိုယ်ကျင့်တရား၊ တရားမျှတမှုနဲ့ ရှက်ရွံ့မှုတွေ အကုန်လုံးကို မေ့သွားကြပြီပဲ"

ချန်ဝေလောက် စကားပြောမကောင်းသော နန်ချန် စစ်သူကြီးသည် လှောင်ပြောင်မှုများအောက်တွင် သူ၏မောက်မာမှုများ ပြိုလဲသွားသည်ကို တွေ့လိုက်ရလေသည်။ အရှက်ရမှုကြောင့် ဒေါသထွက်ကာ သူက အေးစက်စွာ ခနဲ့လိုက်၏။

"တကယ် လျှာစောင်းထက်ကြတာပဲ။ ဖေစုန့်က ဖုန်းယန်ကို သိမ်းပိုက်လိုက်တဲ့ အချိန်တုန်းက ဒီလျှာတွေက တာ့လျန် အမတ်တွေအတွက် ဘယ်လောက်တောင် အသုံးဝင်ခဲ့သလဲ ဆိုတာကို သိချင်မိသား။ ပုဆိန် ဘယ်နှစ်လက်လောက်ကို သူတို့ ဖမ်းနိုင်ခဲ့သလဲ။ မင်းတို့ တာ့လျန်က ဒီနေ့ လက်ထပ်မင်္ဂလာ မဟာမိတ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ထားမှတော့ ကျုပ်က နန်ချန်ကို ပြန်ပြီး ကျုပ်တို့ ဘုရင်နဲ့ မယ်တော်ကြီးကို ဒီအကြောင်း သွားသတင်းပို့လိုက်မယ်"

တာ့လျန် အမတ်များ၏နာကျင်စရာ နေရာကို နောက်တစ်ကြိမ် ထိုးနှက်လိုက်ပြီးနောက် သူသည် မြင်းကို လှည့်ကာ အော်ဟစ်လိုက်သည်။

"သွားကြမယ်"

သူ၏အဖွဲ့တစ်ခုလုံး နောက်မလှည့်နိုင်ခင်မှာပင် သူတို့၏အနောက်ဘက်တွင် ဒူးလေးများ အသင့်ပြင်နေသည့် အသံက ပဲ့တင်ထပ်သွား၏။

နန်ချန် စစ်သူကြီးက နောက်သို့ လှည့်ကြည့်လိုက်ရာ မြို့တံခါးနှင့် မြို့ရိုးထက်တွင် နေရာယူထားသော ဒူးလေးများ ကိုင်ဆောင်ထားသည့် ဖိန်ကျိုးစစ်သည် နှစ်တန်းကို တွေ့လိုက်ရသည်။ အေးစက်စွာ တောက်ပနေသော သူတို့၏ဒူးလေးမြားများက သူ၏အဖွဲ့ဆီသို့ တည့်တည့် ချိန်ရွယ်ထားလေသည်။

ဤအကွာအဝေးတွင် သူတို့က ပစ်မှတ်အတွင်း၌ ကောင်းကောင်းကြီး ရှိနေသည်။ အမိန့်တစ်ချက် ပေးလိုက်သည်နှင့် သူတို့အားလုံး ဆန်ခါပေါက် ဖြစ်သွားကြလိမ့်မည်။

စစ်သူကြီးက မျက်လုံးများကို ကျဉ်းလိုက်၏။ ဖေစုန့်ကြောင့် ချောင်ပိတ်ခံနေရသော ဖိန်ကျိုးက သူတို့ကို သည်လောက် ရဲရဲတင်းတင်း အာခံရဲလိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ထားခဲ့ချေ။ သူက အေးစက်စွာ ပြောလိုက်သည်။ "ကျုပ် ဘယ်သူလဲဆိုတာ မင်းတို့ သိလား။ ကျုပ်ဆံပင်တစ်မျှင်ကိုပဲ ထိခိုက်အောင်လုပ်ကြည့်၊ မနက်ဖြန်ကျရင် နန်ချန်စစ်တပ်က ဖိန်ကျိုးကို သူတို့ရဲ့ သံမဏိခွာတွေအောက်မှာ နင်းခြေပစ်လိမ့်မယ်"

ချန်ဝေက လက်နောက်ပစ်လျက် မတ်တတ်ရပ်နေသည်။ "သံတမန်... ဒီနေရာက တောင်ကြားအပြင်ဘက်က နန်ချန် မဟုတ်ဘဲ ဖိန်ကျိုး နယ်မြေဆိုတာ မင်း ကောင်းကောင်း သိတယ် မဟုတ်လား"

သူ၏အသံက ရေခဲတမျှ အေးစက်သွား၏။ "တပ်မှူးရှောင်း... ဒီလူမိုက်ကို အရှင်ဖမ်းလိုက်စမ်း"

ရှောင်းလိ၏သံချပ်ကာက နေရောင်အောက်တွင် တောက်ပနေပြီး သူ့မြင်းကို အရှေ့သို့ နှင်လိုက်သည်။ သူ့အကြည့်က ပျင်းရိလေးတွဲ့နေသော်လည်း အရှေ့မှ လူအပေါ်သို့ စူးစိုက်ထားချိန်တွင်တော့ ရေခဲလို အေးစက်နေလေသည်။

"အမိန့်အတိုင်းပါပဲ"

တိုက်ပွဲက ရှောင်းလိ၏အနိုင်ဖြင့် ပြီးဆုံးသွားပြီး သံသယဖြစ်စရာ လုံးဝ မရှိခဲ့ချေ။

နန်ချန် စစ်သူကြီးက တိုက်ကွက် အနည်းငယ်အတွင်းမှာပင် မြင်းပေါ်မှ ပြုတ်ကျသွားပြီး သွေးများ အန်ထုတ်နေရချိန်၌တောင် သူက အရှုံးမပေးသည့် အသွင်အပြင်ကို ဆောင်ထားဆဲ။ သူက လှောင်ပြောင်ပြီး ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လိုက်လေသည်။ "မင်းတို့မှာ သတ္တိရှိရင် ငါ့ကို သတ်လိုက်စမ်း။ အဲဒီအခါကျရင် နန်ချန်ကို မင်းတို့ ဘယ်လို ရှင်းပြမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ရှောင်းလိက သူ၏အနက်ရောင် သားရေဖိနပ်ဖြင့် စစ်သူကြီး၏လက်ပေါ်သို့ ဖိချလိုက်ပြီး သူ့အောက်မှ သနားစဖွယ် ပုံရိပ်ကို ငုံ့ကြည့်လိုက်၏။ အနည်းငယ် နိမ့်ကျနေသော သူ၏မည်းနက်သည့် မျက်တောင်များအောက်မှ အေးစက်သော မထီမဲ့မြင်ပြုမှုများ စိမ့်ထွက်လာ၏။ "မင်းကို သတ်ရမယ် ဟုတ်လား။ အဲဒါက မင်းကို အရမ်း လွယ်လွယ်ကူကူ လွှတ်ပေးလိုက်ရာ ကျမှာပေါ့"

သူက ဖိအားကို တိုးလိုက်ရာ ခပ်သဲ့သဲ့ အက်သံတစ်ခု ပဲ့တင်ထပ်သွားသည်။ ယင်းက အရိုးကျိုးသွားသည့် အသံ ဖြစ်နိုင်သည်။ လဲကျနေသော နန်ချန် စစ်သူကြီးသည် နာကျင်မှုကြောင့် ခန္ဓာကိုယ် ကော့တက်သွားပြီး နှလုံးကွဲမတတ် အော်ဟစ်လိုက်တော့သည်။

ရှောင်းလိက ဆက်ပြီး စိုက်ကြည့်ရင်း သူ့အသံက အေးစက်ကာ ကြောက်မက်ဖွယ် ကောင်းနေသည်။

"ဒါကို မှတ်ထား။ မင်းလို အမှိုက်ကောင်တင် မကဘူး၊ မင်းတို့ရဲ့ ချန်ဝမ်တောင်မှ ငါတို့ တာ့လျန်ရဲ့ နယ်မြေထဲမှာ သတိထားပြီး သွားလာရမယ်"

သေလူလို ဖြူဆုတ်နေပြီး ချွေးများ ရွှဲနစ်နေသော စစ်သူကြီးသည် အဆိပ်ပြင်းသော အမုန်းတရားများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့်သာ ရှောင်းလိကို စိုက်ကြည့်နေနိုင်တော့သည်။

ရှောင်းလိ၏အနောက်မှ ဖိန်ကျိုး စစ်သည်များက သူ၏အောင်ပွဲအတွက် အောင်ပွဲခံ အော်ဟစ်လိုက်ကြသည်။ ဒူးလေးများဖြင့် ချိန်ရွယ်ခံထားရဆဲဖြစ်သော နန်ချန် မင်္ဂလာကြိုဆိုရေး တပ်ဖွဲ့ဝင်များကတော့ သိသိသာသာကို စိုးရိမ်ပူပန်လာကြ၏။

သို့သော် လူအုပ်ကြားထဲတွင် လူတစ်ဒါဇင်ခန့်က သိသာစွာ ပေါ်လွင်နေ၏။ သူတို့က ပတ်ဝန်းကျင်ရှိ သာမန်စစ်သည်များထက် အများကြီး ပိုပြီး တည်ငြိမ်နေကြ၏။ အစမှအဆုံးတိုင်အောင် သူတို့သည် ရှောင်းလိနှင့် သူတို့၏စစ်သူကြီးတို့၏တိုက်ပွဲကို အေးစက်သော လျစ်လျူရှုမှုဖြင့်သာ စောင့်ကြည့်နေခဲ့ကြသည်။

ရှောင်းလိ၏ကျောကို အပ်များဖြင့် ထိုးနေသည့်နှယ် ခံစားရစေသော စူးစမ်းသည့် အကြည့်တစ်ခုက ထိုအရပ်မျက်နှာမှ ထွက်ပေါ်လာခဲ့သည်။ သူက ဘေးတိုက် စောင်းငဲ့ကြည့်လိုက်ချိန်တွင်တော့ ထိတ်လန့်နေသော မျက်နှာများစွာကိုသာ တွေ့လိုက်ရသည်။ စောစောက စူးစမ်းနေသော အကြည့်က သူ၏စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ခဲ့သယောင်ပင်။

ရှောင်းလိက မသိမသာ မျက်မှောင်ကုပ်လိုက်သည်။

ထိုအချိန်တွင် သာမန် အလုပ်သမားတစ်ဦးလို ဝတ်ဆင်ထားသော သက်ကြီးရွယ်အို တစ်ဦးက မင်္ဂလာတန်းစီလှည့်လည်သည့် အဖွဲ့၏အခြားတစ်ဖက်မှ ထွက်ပေါ်လာ၏။ သူက လက်နှစ်ဖက်ကို ယှက်ကာ ရိုသေစွာဖြင့် ပြောလိုက်လေသည်။

"စစ်သူကြီးလေး... သက်ညှာပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ရဲ့ စစ်သူကြီးက ငယ်ရွယ်ပြီး စိတ်လိုက်မာပါ လုပ်တတ်တယ်။ ဖိန်ကျိုးမှာ ထက်မြက်တဲ့ စစ်သူကြီးတွေ အများကြီး ရှိတယ်ဆိုတာကို ကြားရတော့ သူ့ရဲ့ အရည်အချင်းတွေကို စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြနေခဲ့တာပါ။ ခင်ဗျားတို့ရဲ့ စစ်သူကြီးတွေက အားနာပြီး အစွမ်းကုန် မတိုက်မှာကို စိုးရိမ်လို့ သူက အားလုံး ဒေါသထွက်လာအောင် ဆွပေးတဲ့ စကားတွေကို တမင်သက်သက် ပြောလိုက်တာပါ။ ဒီလို ရိုင်းပြမှုအတွက် သူ့ကိုယ်စား ကျွန်တော် တောင်းပန်ပါတယ်"

ရှောင်းလိက ဘေးတိုက် အကဲခတ်ကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်။ "မင်းက ဘယ်သူလဲ"

အဘိုးကြီးက သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။ "ကျွန်တော်က နန်ချန်ရဲ့ အကြံပေးအမတ်ပါ"

စစ်တပ်ထဲတွင် နေလာသည်မှာ မကြာသေးသဖြင့် ရှောင်းလိသည် စစ်ဘက်ဆိုင်ရာ ရာထူးများနှင့်သာ ရင်းနှီးကျွမ်းဝင်ပြီး နန်းတွင်း အရာရှိ ရာထူးများအကြောင်းကိုတော့ ဗဟုသုတ မရှိချေ။ အကြံပေးအမတ်ဆိုသည်မှာ ဘာကိုဆိုလိုမှန်း သူ မသိသော်လည်း အရေးကြီးသည့်ပုံ ပေါက်နေသည်။

သို့သော် တစ်ဖက်လူ၏အခြေအနေကို ပြေလည်အောင် လုပ်ရန် ကြိုးပမ်းမှုက လုံးဝကို အချိုးမပြေလှချေ။

တာ့လျန်ရဲ့ ဂုဏ်သိက္ခာကို ခြေအောက်မှာ နင်းခြေပြီးမှ အခုကျတော့ သူတို့ရဲ့ စစ်သူကြီးက စမ်းသပ်တိုက်ခိုက်ချင်တဲ့ စိတ်လိုက်မာပါ ဆန္ဒတစ်ခုသက်သက်ပါလို့ ပြောနေတာလား။ သူတို့က တာ့လျန် လူမျိုးတွေကို အရူးတွေများ မှတ်နေသလား။

ရှောင်းလိက အဘိုးကြီးကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ခြေထောက်အောက်မှ ဖိအားကို တိုးလိုက်၏။ ခွေးသေတစ်ကောင်နှင့် တူနေပြီဖြစ်သည့် နန်ချန် စစ်သူကြီးမှာ နာကျင်မှုကြောင့် နောက်တစ်ကြိမ် အော်ဟစ်သွားရပြန်သည်။

ဤအရာက တစ်ဖက်လူ၏ရှင်းပြချက်အပေါ် သူ၏တုံ့ပြန်မှုပင်။

အဘိုးကြီး၏မျက်နှာအမူအရာက ပြောင်းလဲသွားပြီး သူက မေးလိုက်လေသည်။ "စစ်သူကြီးလေး... ဒါက ဘာသဘောလဲ"

ချန်ဝေက ခနဲ့ကာ ပြောလိုက်၏။ "ကျွန်တော်တို့ တိုင်းပြည်နှစ်ခုကြားက လက်ထပ်မင်္ဂလာ မဟာမိတ်ဖွဲ့တာက နန်ချန်အတွက် ဒီလောက်တောင် အရေးမပါတဲ့ ကိစ္စလား။ တာ့လျန်ကို ဒီလို စော်ကားရဲတယ်ပေါ့။ ဒီမဟာမိတ်ဖွဲ့တာကို ဖျက်သိမ်းလိုက်တာကပဲ ပိုကောင်းလိမ့်မယ်"

အဘိုးကြီးက အော်ပြောလိုက်လေသည်။ "လူကြီးမင်းတို့... ကျေးဇူးပြုပြီး ဒေါသကို ထိန်းကြပါဦး။ ဒီလောက် အရေးကြီးတဲ့ မဟာမိတ်ဖွဲ့မှုကို လူငယ်တစ်ယောက်ရဲ့ မိုက်မဲမှုကြောင့် ဘယ်လိုလုပ် စွန့်လွှတ်လို့ ရမှာလဲ။ ကျွန်တော် ချန်ဝမ်နဲ့ မယ်တော်ကြီးဆီ သတင်းပို့လိုက်တာနဲ့ သူ့ကို သေချာပေါက် အပြစ်ပေးပါလိမ့်မယ်"

အမြဲတမ်း ဒဲ့တိုးဆန်သည့် ဖန့်ယွမ်က လှောင်ပြောင်လိုက်၏။ "ဟုတ်တာပေါ့။ အဲဒီ သတိမရှိတဲ့ လူမိုက်က မိုက်မဲတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဘိုးကြီး... ခင်များကရော မိုက်မဲနေတာလား။ ခင်များက ကိုယ့်ဟာကို အကြံပေးအမတ်လို့ ပြောတယ်ပေါ့။ ဘယ်အချိန်ကတည်းက အကြံပေးအမတ်က မင်္ဂလာဆောင် အစေခံတစ်ယောက်လို ဟန်ဆောင်ပြီး ဇာတ်ကနေရတာလဲ။ တကယ်ကို မျက်စိပွင့်သွားတာပဲ။ နန်ချန်က ဇာတ်သဘင်အဖွဲ့ ဖွင့်ထားတာလား"

စကားလုံးများ၏တရစပ်ပစ်ခတ်မှုကြောင့် အဘိုးကြီး၏မျက်နှာမှာ အစိမ်း၊ အနီနှင့် အဖြူရောင်များကြားတွင် ပြောင်းလဲသွားခဲ့ရသည်။

ချန်ဝေက အော်ဟစ်လိုက်လေသည်။ "သူတို့ကို ဖမ်းလိုက်ကြ။ အားလုံးကို အကျဉ်းထောင်ထဲ ခေါ်သွားစမ်း"

အဘိုးကြီးက ပြန်လည်ချေပလိုက်သည်။ "အားလုံး ပြန်စဉ်းစားကြဖို့ ကျွန်တော် တိုက်တွန်းပါတယ်။ ဒီလို ရယ်စရာကောင်းတဲ့ လုပ်ရပ်နဲ့ တာ့လျန်ရဲ့ အင်အားကို စမ်းသပ်ခဲ့တာက ကျွန်တော့်ရဲ့ အမှားပါ။ ကျွန်တော် တစ်ယောက်တည်းပဲ အပြစ်ကို ခံယူပါမယ်။ ဒါပေမယ့် တာ့လျန်နဲ့ နန်ချန်က မိတ်ဆွေတွေ ဖြစ်ခဲ့တာ ကြာပါပြီ။ ပြည်မကြီးကို ရန်သူကြီးတွေ ဝန်းရံထားတဲ့ အချိန်မှာ မဟာမိတ်ဖွဲ့ခြင်းအားဖြင့်သာ ကျွန်တော်တို့ တိုင်းပြည်နှစ်ခုက ဒီခြိမ်းခြောက်မှုတွေကို အတူတူ ရင်ဆိုင်နိုင်မှာပါ။ တကယ်လို့ ခဏတာ ဒေါသကြောင့် နန်ချန်ကို စစ်ကြေညာလိုက်မယ်ဆိုရင် တောင်ကြားအပြင်ဘက်မှာ နန်ချန်စစ်သည် သောင်းနဲ့ချီပြီး တပ်စွဲထားတယ်ဆိုတာကို သတိရပေးပါ။ ကျွန်တော် သေတာက အရေးမပါပါဘူး၊ ဒါပေမယ့် တောင်ကြားအထဲက ပြည်သူတွေ ဒုက္ခရောက်တာကို ခင်ဗျားတို့က ကြည့်ရက်လို့လား။ တကယ်လို့ တာ့လျန်နဲ့ နန်ချန်က ခရုနဲ့ စင်ရော်လို တိုက်ခိုက်နေကြမယ်ဆိုရင် ဖေစုန့် ဒါမှမဟုတ် ဝေ့ချီရှန်းက အကျိုးအမြတ် ရသွားမှာ မဟုတ်ဘူးလား"

ဖန့်ယွမ်က ရှောင်းလိကို တိုးတိုးလေး ပြောလိုက်သည်။ "ဒီမြေခွေးအိုကြီးက တော်တော် စကားပြောတတ်တာပဲ။ သူက မှန်ကန်တဲ့ အကြောင်းပြချက်တွေ အကုန်လုံးကို သိတယ်။ ဒါတောင် သူက လွှမ်းမိုးဖို့အတွက် ငါတို့ကို အရင် နင်းဖို့ လုပ်ခဲ့သေးတယ်။ တကယ့်ကို အရှက်မရှိတဲ့ ခွေးမသားပဲ"

ရှောင်းလိက တိတ်ဆိတ်နေပြီး ထိပ်တိုက်ရင်ဆိုင်နေသော နှစ်ဖက်စလုံးကို တိတ်တဆိတ် အကဲခတ်နေလိုက်သည်။

ယနေ့၏ရယ်စရာ ဇာတ်လမ်းက တကယ်တမ်းတွင်တော့ ဗျူဟာကစားပွဲ တစ်ခုသာ ဖြစ်သည်။

နန်ချန်က တာ့လျန်၏သည်းခံနိုင်စွမ်းကို စမ်းသပ်ချင်ခဲ့သည်။ တာ့လျန်ကသာ သည်လောက် ပြတ်ပြတ်သားသား မတုံ့ပြန်ခဲ့လျှင် နန်ချန်က ပိုလို့ပင် မောက်မာလာလိမ့်မည်။

တာ့လျန်က အင်အားသုံးပြီး တုံ့ပြန်လိုက်ပြီးမှသာ သူတို့က ပိုကြီးမားသည့် ပုံရိပ်ကို ဆွေးနွေးရန် ပြောင်းလဲသွားခဲ့ကြသည်။

ရှောင်းလိက ဝိန်းယွီ၏နေရာတွင် ဝင်ရောက်ကာ အခြေအနေကို စဉ်းစားကြည့်ရန် ကြိုးစားလိုက်၏။ သူတို့၏အင်အားကို ထိန်းသိမ်းရန်ဖြစ်စေ၊ ဖိန်ကျိုးနှင့် ထောင်ခရိုင်မှ ပြည်သူများက စစ်ပွဲ၏အကျိုးဆက်များကို နောက်တစ်ကြိမ် မခံစားရစေရန် တားဆီးရန်ဖြစ်စေ နန်ချန်နှင့် ပဋိပက္ခဖြစ်ပွားခြင်းက ပညာရှိသော ရွေးချယ်မှုတစ်ခု မဟုတ်ချေ။

ထို့ကြောင့် နန်ချန်၏အမှားကို အမိအရ ဆုပ်ကိုင်ပြီး သူတို့ဆီမှ တတ်နိုင်သမျှ အလျှော့ပေးမှုများကို ရယူရန်သာ ကျန်ရှိတော့သည်။

ဤအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့သွားပြီးနောက် ယခု သူတို့က အသာစီးရနေသော်လည်း ရှောင်းလိသည် ဝမ်းသာခြင်း တစ်စုံတစ်ရာကို မခံစားရချေ။

ဝိန်းယွီ နန်ချန်သို့ လက်ထပ်မသွားအောင် တားဆီးဖို့ သူ့မှာ ဘာနည်းလမ်းမှ မရှိသေးချေ။

အဲဒါက မီးတွင်းတစ်ခုမှန်း အပြည့်အဝ သိနေလျက်နဲ့၊ သူက ဝံပုလွေတွေ ဝိုင်းရံခံရမယ်ဆိုတာ သိနေလျက်နဲ့၊ ဒီလမ်းကြောင်းအတိုင်း သူ ဆက်သွားနေတာကို ငါ စောင့်ကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်။

ဝိန်းယွီ ပခုံးပေါ်မှာ ထမ်းထားရသမျှ အရာအားလုံး၊ သူ ကာကွယ်ချင်တဲ့ အရာအားလုံးကို အခုအချိန်အထိ သူ့အတွက် ငါ ဝင်မထမ်းပေးနိုင်သေးဘူး။

ငါ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ဒီအန္တရာယ်များတဲ့ လမ်းမှာ သူ့ဘေးနားကနေ ဆက်လျှောက်သွားဖို့ပဲ။

ချန်ဝေက သူ့လူများကို နန်ချန် အကြံပေးအမတ်အား ကြိုးတုပ်ရန် အမိန့်ပေးပြီးနောက် ဝိန်းယွီကို တွေ့ရန် အိမ်တော်သို့ ပြန်သွားချိန်တွင် ဖန့်ယွမ်က ရှောင်းလိနှင့် ယှဉ်လျက် မြင်းစီးလာခဲ့သည်။ သူ၏သုန်မှုန်နေဆဲဖြစ်သော မျက်နှာအမူအရာကို သတိထားမိသွားသဖြင့် ဖန့်ယွမ်က တံတောင်ဖြင့် လှမ်းတွတ်ကာ ရယ်မောလိုက်လေသည်။

"ညီလေးရှောင်း... အဲဒီ ခွေးတွေအပေါ် ဒေါသထွက်နေတုန်းပဲလား"

ရှောင်းလိက ဇက်ကြိုးများကို စုကိုင်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်သည်။ "မထွက်ပါဘူး။ ဘယ်တော့မှ အဲဒီ ခွေးတွေကို ခြေအောက်မှာ နင်းခြေခွင့်ရမလဲဆိုတာ စဉ်းစားနေတာပါ"

___

ဖိန်ကျိုး အုပ်ချုပ်ရေးမှူးအိမ်တော်။

ဝိန်းယွီသည် စန္ဒကူးသစ်သား စားပွဲအနောက်တွင် ထိုင်လျက် မြို့တံခါးဝတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအကြောင်း ချန်ဝေ၏အစီရင်ခံစာအား နားထောင်နေသည်။ သူမ စကားမပြောနိုင်ခင်မှာပင် လီယောင်က ဒေါသတကြီး ကျိန်ဆဲမှုများနှင့်အတူ ပေါက်ကွဲထွက်လာခဲ့လေပြီ။

"ဒါက ကျင့်ဝတ်စည်းကမ်းတွေ အားလုံးကို စော်ကားလိုက်တာပဲ။ ယဉ်ကျေးမှုအားလုံးကို စော်ကားလိုက်တာပဲ။ တောရိုင်းထဲက လူရိုင်း ဓားပြတချို့က ငါတို့ တာ့လျန်ကို ဒီလို ဆက်ဆံရဲတယ်ပေါ့"

ချန်ဝေက ဦးညွှတ်ပြီး ပြောလိုက်သည်။ "အကြံပေးအမတ်က လက်ရှိ ခြံဝင်းထဲမှာ စောင့်နေပါတယ်။ မင်းသမီး သူ့ကို တွေ့ချင်ပါသလား"

ပေါ်ရှန်း နံ့သာပေါင်းဖိုမှ နံ့သာပေါင်း အငွေ့တန်းက ပါးလွှာလာပြီး လောင်ကျွမ်းလုနီးပါး ဖြစ်နေပြီ။ ဝိန်းယွီ၏သွယ်လျပြီး ဖြူလျော့သော လက်ချောင်းလေးများက နံ့သာပေါင်း ထပ်ထည့်ရန် အဖိုအဖုံးကို မ,တင်လိုက်ရင်း ပြန်ဖြေလိုက်သည်။ "မတွေ့တော့ဘူး"

ဝိန်းယွီ၏အတွေးများကို ခွဲခြားမသိနိုင်သဖြင့် ချန်ဝေသည် အနီးတွင် ရပ်နေသော လီရွှင်နှင့် အကြည့်ချင်း ဖလှယ်လိုက်၏။

လီရွှင်က ဂရုတစိုက် ပြောလိုက်လေသည်။ "နန်ချန်က ဒီလို မိုက်မဲတဲ့ လုပ်ရပ်ကို သုံးရဲတာက တကယ်ကို စော်ကားလွန်းတာပါ။ ဒါပေမယ့် အကြံပေးအမတ် ပြောသွားတာကလည်း အမှန်တရား တချို့ ပါဝင်နေတယ်။ တကယ်လို့ ကျွန်တော်တို့ နန်ချန်နဲ့ စစ်ဖြစ်မယ်ဆိုရင် သူတို့က ဘာမှရမှာ မဟုတ်ပေမယ့် ဖိန်ကျိုးနဲ့ ထောင်ခရိုင်ကတော့... ပျောက်ကွယ်သွားနိုင်တယ်"

"ကျွန်မ စစ်တိုက်ချင်တယ်လို့ ဘယ်တုန်းက ပြောလို့လဲ" ဝိန်းယွီက စားပွဲအနောက်မှ သူမ၏မျက်လုံးများကို ပင့်ကြည့်လိုက်သည်။ စားပွဲပေါ်တွင် တင်ထားသော သူမ၏လက်က အချိုးအစားကျလှပြီး ဖြူဖွေးကာ ကျောက်စိမ်းအရောင်နီးပါး ဖြစ်နေ၏။

လီရွှင်က မေးလိုက်လေသည်။ "ဒါဆို မင်းသမီးက ဘာလုပ်ချင်တာလဲ"

ဝိန်းယွီ၏လက်ချောင်းသွယ်သွယ်လေးများက စားပွဲပေါ်ရှိ ကြိုတင်ရေးသားထားသော ကွာရှင်းစာချုပ်ပေါ်သို့ ဖိချလိုက်ပြီး ရှေ့သို့ နှစ်လက်မခန့် တွန်းပို့လိုက်၏။ "ဒီ ကွာရှင်းစာချုပ်ကို နန်ချန်ဆီ ပို့လိုက်ပါ"

လီရွှင်နှင့် ချန်ဝေတို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်စလုံး အလွန်အမင်း တုန်လှုပ်သွားကြလေသည်။

ခဏတာ စဉ်းစားပြီးနောက် လီယောင်က ပြောလိုက်၏။

"ဒီလို လုပ်လို့ ရတယ်"

...

All Chapters