အခန်း ၇၂
Vol. 8 Ch. 72
အပိုင်း (၇၂)
ဝိန်းယွီသည် လီယောင်က ရုတ်တရက် သည်မေးခွန်းကို မေးလာရသည့် အကြောင်းအရင်းကို နားမလည်ခဲ့ချေ။ သူမက 'ဟုတ်တယ်' ဟု ပြန်ဖြေလိုက်ပြီး ရှောင်းလိ သူမနှင့် အကြည့်ချင်း ဖလှယ်ခဲ့သည့် အကြည့်ကို ပြန်လည် အမှတ်ရသွားသည်။ မျက်လုံးများကို သက်သာစေရန် သုံးနေသော လက်ကိုင်ပုဝါကို ချလိုက်ချိန်တွင် သူမ၏ လက်ချောင်းထိပ်များက အနည်းငယ် ကွေးသွားပြီး လီယောင်ကို ကြည့်ကာ မေးလိုက်လေသည်။ "ဆရာ... ဘာဖြစ်လို့ ဒီကိစ္စတွေကို ရုတ်တရက်ကြီး မေးရတာလဲ"
လီယောင်သည် သူ၏ အရည်တွန်းနေသည့် မျက်နှာအိုကြီး တစ်ဝက်ခန့်ကို လက်ဖက်ရည် အငွေ့များနောက်တွင် ဖုံးကွယ်ထားရင်း လက်ဖက်ရည်အမြှုပ်များကို အဖုံးဖြင့် ဖြည်းညင်းစွာ ခပ်ထုတ်လိုက်ပြီး နှမြောတသနေသည့် လေသံဖြင့် ပြောလိုက်၏။ "စစ်ပွဲအပေါ်ထားရှိတဲ့ အဲဒီကောင်လေးရဲ့ ရက်စက်တဲ့ ချဉ်းကပ်ပုံက တစ်ချိန်က နန်းတွင်းနဲ့ ပြည်သူတွေကို တုန်လှုပ်သွားစေခဲ့တဲ့ နာမည်ကျော် မြောက်ပိုင်းနယ်စပ် ကာကွယ်ရေး စစ်သူကြီး ချင်ယီနဲ့ တော်တော်လေးဆင်တယ်"
ဝိန်းယွီသည် ဤနာမည်ကို တစ်ခါမှ မကြားဖူးခဲ့သဖြင့် သူမ၏ မျက်ခုံးများကြားတွင် ဇဝေဇဝါဖြစ်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
လီယောင်က လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး ပြောလိုက်၏။ "မင်းသမီးက ငယ်သေးတော့ ဒီလူ့အကြောင်း သိမှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်က ရှီဇီနေရာဆက်ခံရေး အငြင်းပွားမှုမှာ သူ ပါဝင်ပတ်သက်ခဲ့တယ်။ သူ့မိသားစု တစ်ခုလုံး ပြည်နှင်ဒဏ် ပေးခံရပြီး သူကိုယ်တိုင်လည်း ယိုးကျိုး အကျဉ်းထောင်မှာ တစ်သက်တစ်ကျွန်း ကျသွားတယ်။ နန်းတွင်းနဲ့ ပြည်သူတွေကတော့ သူ့အကြောင်းကို ပြောဖို့ ရှောင်ကြဉ်ကြတယ်။ တရားရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေကို ကိုင်တွယ်ခဲ့တဲ့ အဲဒီအဘိုးကြီးတွေကလွဲရင် လက်ရှိ ဝါရင့်အမတ်တွေထဲက လူအနည်းစုလောက်ပဲ သူ့အကြောင်းကို သိကြတော့မှာပါ"
"ဒါပေမယ့် ဒီလူက စစ်ရေးဗျူဟာမှာ တကယ်ကို အောင်မြင်မှုတချို့ ရှိခဲ့တယ်။ သူ နာမည်ကြီးသွားစေခဲ့တဲ့ တိုက်ပွဲတွေ အကုန်လုံးက ပြင်းထန်ပြီး ခန့်မှန်းလို့မရတဲ့ ဗျူဟာတွေကို သုံးပြီးတော့ မယှဉ်သာလောက်တဲ့ အခြေအနေတွေကနေ အနိုင်ရခဲ့တာချည်းပဲ။ ဝေ့ချီရှန်းတောင်မှ သူ့လက်ထဲမှာ ရှုံးနိမ့်ခဲ့ဖူးတယ်။ နှမြောစရာကောင်းတာက ခဏတာ မိုက်မဲမှုတစ်ခုကြောင့် သူ့ရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး အကျဉ်းထောင်ထဲမှာပဲ အလဟဿ ဖြစ်သွားခဲ့ရတယ်"
စကားပြောပြီးနောက် ဝိန်းယွီတစ်ယောက် လက်ကိုင်ပုဝါကို သူမ၏ လက်ချောင်းထိပ်များဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အတွေးနှစ်နေသည်ကို လီယောင်က သတိထားမိသွားကာ ထူးဆန်းစွာဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။ "ဇီယွီ... ဘာဖြစ်လို့လဲ"
ဝိန်းယွီက ထုန်ချန်တွင် သခင်မလျို၏ သမီးဖြစ်သူက သူမ,မသေဆုံးခင် ဖေစုန့်သည် ချင်မိသားစုနှင့် ဆက်နွှယ်မှု ရှိသည်ဟု ပြောပြခဲ့သည်ကို ရုတ်တရက် အမှတ်ရသွားခဲ့သည်။
ဖိန်ကျိုးသို့ ရောက်ရှိပြီးနောက် သူမသည် နန်းတွင်းမှ ချင်မျိုးရိုးရှိသည့် အရာရှိများ အားလုံးကို စုံစမ်းစစ်ဆေးရန် သူမ၏ လက်အောက်ငယ်သားများကို ညွှန်ကြားခဲ့သည်။ သို့သော်လည်း သူမထံသို့ လာရောက်ပူးပေါင်းသည့် အရာရှိ အရေအတွက်က အကန့်အသတ်သာ ရှိပြီး ဖိန်ကျိုး အုပ်ချုပ်ရေးရုံးတော်က နန်းတွင်း အရာရှိများ အားလုံး၏ မှတ်တမ်းများကို ထိန်းသိမ်းထားခြင်း မရှိသော ဒေသဆိုင်ရာ အုပ်ချုပ်ရေးတစ်ခုသာ ဖြစ်သည်။ သူတို့ ရှာဖွေတွေ့ရှိနိုင်သော အချက်အလက်များက အမှန်တကယ်ပင် အကန့်အသတ်ရှိနေသဖြင့် ဤကိစ္စနှင့် ပတ်သက်ပြီး ဘာတိုးတက်မှုမှ မရှိခဲ့ချေ။
ယခု လီယောင်က ရှီဇီနေရာဆက်ခံရေးအမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် ယိုးကျိုး အကျဉ်းထောင်တွင် အကျဉ်းချခံထားရသော ချင်စစ်သူကြီး တစ်ဦးအကြောင်းကို ရုတ်တရက် ပြောလာသောအခါ ဝိန်းယွီက ဤအရာကို ဖေစုန့်နှင့် ဆက်စပ်တွေးတောလိုက်သည်။ ဖေစုန့်သည် ဖုန်းယန်ကို သိမ်းပိုက်ပြီးနောက် ကြီးထွားလာနေသော မုန့်ခရိုင်ကို တိုက်ရိုက် တိုက်ခိုက်ရန် သူ့အားသာချက်ကို ဆက်လက် အသုံးမပြုဘဲ ယုံချန်ဘက်သို့ လှည့်သွားခဲ့ခြင်းပင်။ ဤအချက်က အလွန် ထူးဆန်းနေသည်ဟု သူမက ထင်မြင်မိသည်။
တကယ်လို့များ ဖေစုန့်က သူမရှိနေသည့် နေရာကို သိရှိသွားသောကြောင့် ယုံချန်သို့ သွားခဲ့ခြင်း ဖြစ်မည်ဆိုလျှင်လည်း သူမကို လိုက်လံဖမ်းနေသူများသည် တောင်ဘက်သို့ ဦးတည်သွားနေသော သူမတို့အဖွဲ့ကို ရက်ပေါင်းများစွာ ကြာပြီးမှ အမီလိုက်နိုင်ခဲ့ခြင်းဖြစ်ကာ ဒါကလည်း သိထားသည့်အချက်နှင့် ကွဲလွဲနေပြန်သည်။ ထို့အပြင် ထိုအချိန်ကာလအတွင်း ဖေစုန့်သည် ကျိုးစွေအပေါ် ကြီးကြီးမားမား လှုပ်ရှားခဲ့ခြင်း မရှိခဲ့ချေ။
ဆိုလိုသည်မှာ ထိုအချိန်က ဖေစုန့် ယုံချန်သို့ သွားခဲ့ရခြင်းက သူမ ထိုနေရာတွင် ရှိနေကြောင်းကို သူသိနေသောကြောင့် မဟုတ်နိုင်ပေ။
ထိုသို့ဆိုလျှင် ထိုအချိန်က ယုံချန်သို့ သွားရခြင်း၏ သူ့ရည်ရွယ်ချက်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလာသည်။
ဝိန်းယွီက သူမ၏ ထူထဲပြီး မည်းနက်သော မျက်တောင်များကို ပင့်လိုက်ရာ အလင်းရောင်နှင့် ဆန့်ကျင်ဘက်တွင် သူမ၏ မျက်လုံးများက ရေလို တည်ငြိမ်လို့နေသည်။ "ဆရာ... ချင်မိသားစုမှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိသေးလား"
သူမ၏ မေးခွန်းက အနည်းငယ် ရုတ်တရက် ဆန်နေ၏။ လီယောင်က ခဏလောက် စဉ်းစားပြီးနောက် ခေါင်းခါပြလိုက်သည်။ "မရှိလောက်တော့ပါဘူး။ ချင်ယီမှာ သားတစ်ယောက်ပဲ ရှိတာ။ ပြည်နှင်ဒဏ်ပေးခံရတဲ့ ခရီးစဉ်အတွင်းမှာ သူ့မိန်းမနဲ့ တစ်ဦးတည်းသောသားက ဖျားနာပြီး တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြတယ်။ အဲဒီအချိန်တုန်းက ငါက နန်းတွင်းမှာ အတွင်းဝန်ချုပ် အနေနဲ့ တာဝန်ထမ်းဆောင်နေတုန်းပဲ။ ရှောက်ကျင်းဧကရာဇ်က ငယ်သေးတော့ လျှောက်တင်လွှာ တော်တော်များများက လက်ထောက်အမတ်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ခဲ့တာ။ ချင်ယီက ဇနီးနဲ့ သားကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုကို ခံစားရပြီး ယိုးကျိုးကို ရောက်တဲ့အချိန်မှာ ရူးသွပ်သွားပြီဆိုပြီး အဲဒီတုန်းက ယိုးကျိုး အုပ်ချုပ်ရေးမှူးက လော့ယန်ကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာကို ငါ မြင်ခဲ့ရတယ်"
ထိုစကားကို ကြားသောအခါ ဝိန်းယွီ၏ တင်းကျပ်စွာ ကုပ်ထားသော မျက်မှောင်များက ပြေလျော့မသွားသေးချေ။
လီယောင်က ရယ်မောရင်း ပြောလိုက်သည်။ "မင်းသမီးက အဲဒီ ရှောင်းကောင်လေးကို ချင်ယီရဲ့ သွေးသားလို့ သံသယဝင်နေတာလား"
သူက ခေါင်းခါလိုက်သည်။ "ဒါက အတွေးလွန်နေတာပဲ။ အရင်တုန်းက ချင်ယီကို မြင်ဖူးတယ်... သူတို့နှစ်ယောက်က ခန္ဓာကိုယ် တည်ဆောက်ပုံရော၊ ရုပ်ရည်သွင်ပြင်မှာပါ ဘယ်လိုမှ မတူကြဘူး။ စောစောက ငါ မေးခဲ့တာက သူက လူသတ် စစ်သူကြီး တစ်ယောက်ရဲ့ ဟန်ပန်မျိုး ရှိနေတာ သတိထားမိလို့၊ အဲဒါက ငါ့ကို ချင်ယီကို သတိရသွားစေတာကြောင့်ပါ"
ဝိန်းယွီ၌ ဖေစုန့်၏ စစ်မှန်သော အထောက်အထားနှင့် ပတ်သက်ပြီး ယာယီ ခန့်မှန်းချက် တစ်ခုသာ ရှိသေးပြီး ကောက်ချက်ချရန် မဝံ့ရဲသဖြင့် ၎င်းကို လောလောဆယ် လီယောင်နှင့် မဝေမျှရန် ဆုံးဖြတ်လိုက်လေသည်။ သူမက ပြောလိုက်၏။ "ကျွန်မ အဲဒီလို မတွေးပါဘူး။ ကျွန်မ စဉ်းစားနေတာက... ဖေစုန့်က ဖုန်းယန်ကို သိမ်းပိုက်ပြီးတဲ့နောက် အရင်ဆုံး ယုံချန်ဘက်ကို လှည့်သွားတယ်။ ချင်ယီကို သူ့လက်အောက်ကို ခေါ်ဖို့အတွက်များလားလို့ပါ။ ဒါပေမယ့် အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာကောလာဟလမှ မကြားရဘူး"
လီယောင်က ပြန်ဖြေလိုက်သည်။ "ချင်ယီက ရူးသွပ်နေတာ ဆယ်စုနှစ်တစ်ခုကျော်တောင် ရှိနေပြီ။ အခုဆို သူက အသုံးမဝင်တော့လို့ ကြောက်စရာလည်း မလိုတော့ပါဘူး"
ဝိန်းယွီသည် အောဝ်အဖွဲ့မှ ဦးဆောင်သော အဓိကအထက်တန်းလွှာ မိသားစု များနှင့်နှင့် ဝိန်းတော်ဝင် မျိုးနွယ်စုများကို ဖေစုန့်က ဘယ်လောက်တောင် ရက်ရက်စက်စက် သုတ်သင်ရှင်းလင်းခဲ့ကြောင်း တစ်ခါမှ မမေ့ဖူးချေ။
သူမ၏ ဖခင်၊ အစ်ကိုများနှင့် တူများကို သတ်ဖြတ်ခြင်းက အာဏာအတွက်ဆိုလျှင် အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ဖြစ်သည့် သခင်မလျိုကိုပင် သူက သက်ညှာပေးရန် ငြင်းဆန်ခဲ့ခြင်းက သူမကို အမုန်းတရားဘက်သို့သာ ဦးတည်၍ တွေးတောစေနိုင်သည်။
တကယ်လို့ ဖေစုန့်က တကယ်ပဲ ချင်ယီရဲ့သွေးသား ဖြစ်ခဲ့မယ်ဆိုရင် တော်ဝင်မိသားစုနဲ့ အောဝ်အဖွဲ့က ဦးဆောင်တဲ့ အထက်တန်းလွှာ မျိုးနွယ်စုတွေအပေါ် ထားရှိတဲ့ သူ့ရဲ့နက်ရှိုင်းတဲ့ အမုန်းတရားရဲ့ အရင်းအမြစ်က အဲဒီတုန်းက မိသားစုပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရပြီး ပြည်နှင်ဒဏ်ပေးခံခဲ့ရတဲ့ ဖြစ်ရပ်မှာ ရှိနေရမယ်။
အချိန်အကြာကြီး ဇဝေဇဝါ ဖြစ်စေခဲ့သော မေးခွန်းတစ်ခုက နောက်ဆုံးတွင် ရှင်းလင်းစပြုလာပြီဟု ခံစားလိုက်ရသဖြင့် ဝိန်းယွီက မော့ကြည့်ကာ မေးလိုက်သည်။ "ဆရာ... ချင်ယီက သစ္စာရှိတဲ့သူလား၊ ဒါမှမဟုတ် သစ္စာဖောက်လား။ အဲဒီတုန်းက ဇီရှိနေရာဆက်ခံရေး တိုက်ပွဲမှာ ဖုံးကွယ်ထားတဲ့ အခြေအနေတွေများ ရှိခဲ့သလား"
လီယောင်က သူမကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်၏။ "မင်းရဲ့ မေးခွန်းတွေက ပိုပိုပြီး ထူးဆန်းလာပြီပဲ"
ပြတင်းပေါက်ကို ကျယ်ဝန်းနေအောင်ဖွင့်ထားပြီး လတ်ဆတ်စိမ်းလန်းသော ခြံဝင်းကို မြင်တွေ့နေရသည်။ လေပြေက ဝိန်းယွီ၏ ပါးလွှာသော အင်္ကျီလက်များကို လှုပ်ခတ်သွားစေပြီး သူမ၏ မျက်နှာအမူအရာက အနည်းငယ် မည်းမှောင်သွားလေသည်။
"ဆရာ သိတဲ့အတိုင်းပဲ...ဧကရာဇ်ဟောင်း ထီးနန်းတက်ပြီး အောဝ်အဖွဲ့က အာဏာကို လက်ဝါးကြီးအုပ်ထားတဲ့ အချိန်တုန်းက ကျွန်မ အဖေက ဖုန်းယန်မှာ ပြည်သူတွေကို စောင့်ရှောက်ရင်းနဲ့ အချိန်ကို စောင့်ဆိုင်းနေခဲ့တယ်။ နန်းတွင်းက သစ္စာရှိတဲ့ အမတ်တွေနဲ့ အရည်အချင်းရှိတဲ့ စစ်သူကြီး တော်တော်များများက နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်။ ဆရာ ပြောတဲ့စကားတွေအရဆိုရင် ချင်ယီက အရည်အချင်း အရမ်းရှိပုံရတယ်။ တကယ်လို့ သူလည်း အရည်အချင်းမရှိတဲ့ တော်ဝင်မိသားစုရဲ့ သားကောင် ဖြစ်ခဲ့မယ်ဆိုရင် ဝိန်းမိသားစုက နောက်ထပ် သစ္စာရှိတဲ့ လက်အောက်ခံ တစ်ယောက်ကို ထပ်ပြီး မှားယွင်းခဲ့တာပဲ။ ကျွန်မ သူတို့ထဲက ဘယ်သူ့ကိုမှ လျစ်လျူမရှုချင်ဘူး"
လီယောင်၏ အကြည့်တွင် လေးစားမှုများ ပိုပြီး ပါဝင်လာသည်။ "တော်ဝင်မိသားစုတွေက သူတို့ရဲ့ အတွင်းရေး ပြဿနာတွေကို ထုတ်ဖော်ပြောဆိုရမှာကို အမြဲတမ်း ကြောက်ရွံ့ကြတယ်၊ အများစုကတော့ မသိချင်ယောင်ဆောင်ပြီး အမှန်တရားကို ဖုံးကွယ်ထားဖို့ပဲ ရွေးချယ်ကြတယ်။ မင်းသမီးရဲ့ စိတ်နေသဘောထားက တကယ်ကို ရှားပါးလှပါတယ်"
သူက လက်ဖက်ရည်ပန်းကန်ကို နောက်တစ်ကြိမ် ကောက်ကိုင်လိုက်သော်လည်း မသောက်ဘဲ နှစ်ကြိမ်ခန့် မွှေပြီးနောက် အတိတ်က အမှတ်ရစရာများ ပေါ်လာသဖြင့် ပြန်ချထားလိုက်သည်။ သူ၏ ပိန်လှီနေပြီဖြစ်သော မျက်နှာက ပိုလေးနက်သွားခဲ့သည်။
"ချင်ယီက သစ္စာရှိသလား၊ သစ္စာဖောက်သလား ဆိုတာကတော့ ငြင်းခုံစရာ ဖြစ်နေဆဲပါပဲ။ ဒါပေမယ့် သူ့ရဲ့ ငယ်ဘဝမှာတော့ သူက ခေါင်းမာတဲ့သူ တစ်ယောက်ပါ။ ဉာဏ်နီဉာဏ်နက် ဗျူဟာတွေမှာ ကျွမ်းကျင်ပြီး သူက စစ်တပ်မှာ နာမည်မကြီးခင်ကတည်းက စစ်ရေးအမိန့်တွေကို မကြာခဏ လျစ်လျူရှုပြီး နာခံဖို့ ငြင်းဆန်ခဲ့တာ။ တကယ်လို့ သူက တိုက်ပွဲမှာ အောင်မြင်မှုတွေ ရခဲ့ရင်တောင် အဲဒါတွေက သူ့ရဲ့ အမှားတွေနဲ့ ပြန်ချေခံရတာချည်းပဲ"
"ဒီလို စိတ်နေသဘောထားကြောင့်ပဲ သူက ရှို့ကျိုးစစ်တပ်မှာ အဆင့်နိမ့် မြင်းတပ်ဗိုလ် တစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ နေခဲ့ရတယ်။ နောက်ပိုင်း မင်ချန်ဧကရာဇ်က ရှို့ကျိုးမှာ အန္တရာယ်နဲ့ ကြုံရတော့ ချင်ယီက အခွင့်အရေးကို ဆုပ်ကိုင်လိုက်တယ်။ဧကရာဇ်ကို ကယ်တင်လိုက်ခြင်းအားဖြင့် သူက နန်းတွင်းမှာ အလိုတော်ကျသူ တစ်ယောက် ဖြစ်လာဖို့ အရှိန်အဟုန်နဲ့ တက်လာခဲ့တယ်။ သူက ထူးထူးခြားခြား လိမ္မာပါးနပ်တာလား၊ ဒါမှမဟုတ် မောက်မာတာလား ဆိုတာတော့ မသေချာဘူး... သူက မှူးမတ်တွေဆီက ကမ်းလှမ်းမှု အားလုံးကို လျစ်လျူရှုခဲ့တယ်။ မင်ချန်ဧကရာဇ်က သူ့အပေါ်မှာပဲ သစ္စာရှိမယ့် လက်အောက်ခံ တစ်ယောက် လိုအပ်နေခဲ့ပြီး ဒီအပြုအမူကဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို ရရှိစေခဲ့ပြီးတော့ အကြိမ်ကြိမ် ရာထူးတိုးပေးခြင်းကို ခံခဲ့ရတာပါ"
ဝိန်းယွီသည် တည်ငြိမ်သော အမူအရာဖြင့် သေသေချာချာ နားထောင်နေသည်။
လီယောင်၏ အရည်တွန့်နေသော မျက်နှာပေါ်တွင် ရှုပ်ထွေးသော စိတ်ခံစားမှုများကြောင့် မည်းမှောင်သွားသည်။
"ဒါပေမယ့် တရားလွန်အာဏာက လူကို ပျက်စီးစေတယ်။ မင်ချန်ဧကရာဇ် အသက်ကြီးလာပြီး ကျန်းမာရေး ချို့ယွင်းလာတဲ့အခါ ချင်ယီက စစ်ဆင်ရေးတွေမှာ ‘တနယ်ခြားကို ရောက်နေတဲ့ စစ်သူကြီးက အမိန့်တွေကို လျစ်လျူရှုနိုင်တယ်' ဆိုတဲ့ သူ့ရဲ့ အကျင့်က ရှိနေတုန်းပဲ။ သူ့ရဲ့ အကြိမ်ကြိမ် အာခံမှုတွေကဧကရာဇ်ရဲ့ သံသယ မျိုးစေ့တွေကို စိုက်ပျိုးလိုက်တာပါပဲ"
ဝိန်းယွီက သူမ၏ အေးစက်နေသော လက်ကိုင်ပုဝါကို ကျောင်းပိုင်ထံသို့ ကမ်းပေးလိုက်ပြီး မေးလိုက်လေသည်။ "ဒါဆိုရင် ချင်ယီရဲ့ မိသားစုက ပိုင်ဆိုင်မှု သိမ်းဆည်းခံရပြီး ပြည်နှင်ဒဏ်ပေးခံရတဲ့ကိစ္စမှာ မှားယွင်းစွာ စွပ်စွဲခံခဲ့ရတာလား"
လီယောင်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "အဲဒီအချိန်တုန်းက ငါက အတွင်းဝန်ချုပ် အနေနဲ့ ခန့်အပ်မခံရသေးဘူးဆိုတော့ ငါသိထားတာတွေကလည်း အတိုင်းအတာတစ်ခုပဲ ရှိတယ်။ ငါ မှတ်မိသလောက်ကတော့ ရှီဇီနေရာဆက်ခံရေး တိုက်ပွဲမစခင် ညမှာ ချင်ယီကဧကရာဇ်ကို စော်ကားမိလို့ နေအိမ်အကျယ်ချုပ် ကျခံနေရတုန်းပဲ။ နောက်ပိုင်းမှာ မင်ချန်ဧကရာဇ်ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ သတင်းက ဘယ်လိုဖြစ်ပြီး ပေါက်ကြားသွားတယ် မသိဘူး။ မင်းသား အတော်များများက ညဉ့်နက်တဲ့အချိန်မှာ နန်းတွင်းအာဏာသိမ်းမှုကို စတင်ခဲ့ကြပြီး ထိုက်ကျီ နန်းဆောင်မှာဧကရာဇ်ကို ပြုစုစောင့်ရှောက်နေတဲ့ ရှီဇီက မြားတွေ အများကြီး အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်။ မင်ချန်ဧကရာဇ်က အရမ်း ဒေါသထွက်သွားခဲ့တယ်။ အောဝ်မိသားစုနဲ့ တော်ဝင် သက်တော်စောင့်တွေက ပုန်ကန်သူတွေကို ရှင်းလင်းပြီး ပုန်ကန်မှုကို နှိမ်နင်းခဲ့တယ်။ အဲဒီနောက်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ချင်ယီကလည်း စစ်သည်တွေကို ဦးဆောင်ပြီး ဝူတံခါးဝကို ရောက်လာတာကို တွေ့လိုက်ရတယ်"
ထိုစကားကို ကြားသောအခါ ဝိန်းယွီ၏ မျက်လုံးများက တွေးတွေးဆဆလေး ဖြစ်သွားသလိုပင်။
မင်ချန်ဧကရာဇ် သေဆုံးပြီးနောက် ရှောက်ကျင်းဧကရာဇ် ထီးနန်းတက်ခဲ့သည့် အချိန်ကာလနှင့် ပတ်သက်ပြီး သူမ အလွန်နည်းပါးစွာသာ သိထားသည်။ သူမ သိထားသည်မှာ မင်းသားများသည် ထီးနန်းအတွက် တိုက်ခိုက်ခဲ့ကြပြီး နန်းတွင်းတွင် ဧကရာဇ်ကို ပြုစုစောင့်ရှောက်နေသော ရှီဇီကို သတ်ဖြတ်ခဲ့ကြကြောင်းသာ ဖြစ်သည်။ မင်ချန်ဧကရာဇ်သည် သူ၏ သားတော်များအပေါ် အလွန် စိတ်ပျက်ခဲ့ပြီး သူ၏ အမွေဆက်ခံသူ ဆုံးရှုံးသွားမှုအတွက် ဝမ်းနည်းပူဆွေးခဲ့ရသည်။ နောက်ပိုင်းတွင် သူသည် မယ်တော်ကြီး၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခဲ့သော ရှောက်ကျင်းဧကရာဇ်ထံသို့ ထီးနန်း လွှဲပြောင်းပေးခဲ့သည်။
နောက်ပိုင်းတွင် နေရာဆက်ခံရေး တိုက်ပွဲ၌ ရှုံးနိမ့်ခဲ့သော မင်းသားများ အားလုံးသည် ပြည်နှင်ဒဏ်ပေးခံရသည်ဖြစ်စေ၊ ထောင်ကျသည်ဖြစ်စေ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားခဲ့ကြသည်။ သို့မဟုတ်ပါက အမတ်ချုပ်ကြီးယွီနှင့် အခြားသူများက အမွေဆက်ခံသူကို ရွေးချယ်ချိန်တွင် ဝိန်းယွီ၏ ဖခင်ကို ထည့်သွင်းစဉ်းစားခဲ့ကြမည် မဟုတ်ချေ။
ယခင်က ဝိန်းယွီသည် ၎င်းနှင့် ပတ်သက်ပြီး သိပ်ပြီး အလေးအနက် မစဉ်းစားခဲ့ချေ။ သို့သော် အောဝ်အဖွဲ့က နန်းတွင်းတွင် အာဏာကို မည်ကဲ့သို့ လက်ဝါးကြီးအုပ်ခဲ့သလဲ ဆိုသည်ကို စဉ်းစားကြည့်ရာ နန်းတွင်း အာဏာသိမ်းမှုနှင့် နေရာဆက်ခံရေး တိုက်ပွဲကို ပြန်လည်ကြည့်ရှုချိန်တွင် ၎င်းက ထင်သလောက် မရိုးရှင်းနိုင်လောက်ချေ။
ကျောင်းပိုင်က ပြောလိုက်၏။ "ချင်ယီက နေအိမ်အကျယ်ချုပ် ကျခံနေရတယ်ဆိုရင်တောင် နန်းတွင်းမှာ ပြဿနာရှိနေရင် ဧကရာဇ်ကို ကယ်တင်ဖို့ စစ်သည်တွေကို ဦးဆောင်လာတာက ယုတ္တိရှိပါတယ်။ မင်ချန်ဧကရာဇ်က နေအိမ်အကျယ်ချုပ် အမိန့်ကို ချိုးဖောက်ရုံနဲ့ သူ့ကို တခြားသူတွေနဲ့အတူ သုတ်သင်ရှင်းလင်းတာမျိုး မလုပ်သင့်ပါဘူး"
လီယောင်က ဘေးတစောင်းလှမ်းကြည့်ကာ ပြောလိုက်သည်။ "ဒါပေါ့။ သမိုင်းတစ်လျှောက် ဒီလို အမှုကြီးတွေမှာ တရားရေးဌာန သုံးခုက ပူးပေါင်းစစ်ဆေးပြီးမှသာ ဆုံးဖြတ်ချက်ချကြတာလေ။ ဒါပေမယ့် နန်းတွင်း အာဏာသိမ်းမှု အတွင်းမှာ ပဉ္စမမင်းသားက ချင်ယီ ရောက်လာတာကို မြင်တော့ ချက်ချင်းပဲ သူ့ရဲ့ အကူအညီကို တောင်းခံခဲ့တယ်၊ သူတို့ကို တိုက်ထုတ်ဖို့ ကူညီပေးဖို့ တောင်းဆိုခဲ့တယ်... ချင်ယီကို မဟာမိတ် တစ်ယောက်လို သဘောထားတာ ရှင်းနေတာပဲ။ ဒါပေမယ့် ချင်ယီကတော့ သူက ဧကရာဇ်ကို ကယ်တင်ဖို့ လာတာပါလို့ အခိုင်အမာ ပြောခဲ့တယ်။ အဲဒီအချိန်တုန်းက မင်ချန်ဧကရာဇ်က ဒေါသထွက်နေပြီး သူတို့ အားလုံးကို ထောင်ချပစ်လိုက်တယ်"
အတိတ်က ဖြစ်ရပ်များကြောင့် လီယောင်၏ မျက်လုံးများတွင် ဝမ်းနည်းမှုများ ဖုံးလွှမ်းသွားပြီး ၎င်းတို့ကို အသေးစိတ် ပြန်လည် အမှတ်ရနေကာ လျန်မင်းဆက်က နောက်ဆုံးတွင် ဤအခြေအနေအထိ ဘယ်လိုများ ကျဆင်းသွားခဲ့သလဲ ဆိုသည်ကို တွေးတောနေမိသည်။
"ချင်ယီက ပဉ္စမမင်းသား ထီးနန်းလုတာကို ကူညီဖို့ ကြိုတင် သဘောတူထားခဲ့ပြီး အခြေအနေ မကောင်းတာကို မြင်မှ ဧကရာဇ်ကို ကယ်တင်ဖို့ လာတာပါလို့ အကြောင်းပြခဲ့တာလား ဆိုတာကိုတော့ ဘယ်သူမှ မသိဘူး။ တာ့လီဌာနက ချင်ရဲ့အိမ်တော်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ပဉ္စမမင်းသား ပေးထားတဲ့ ရှားပါး ရတနာ အများကြီးကို တွေ့ရှိခဲ့တယ်။ ချင်ရဲ့ အစေခံတွေ၊ အကြံပေးတွေနဲ့ စစ်သူကြီးတွေကို စစ်ကြောမေးမြန်းပြီးတဲ့နောက် တချို့က ချင်ယီဟာ ပဉ္စမမင်းသားနဲ့ အဆက်အသွယ် ရှိနေတာ ကြာပြီလို့ ထွက်ဆိုခဲ့ကြတယ်။ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ မင်ချန်ဧကရာဇ်က သူ့ရဲ့ စစ်ရေးအာဏာကို ရုပ်သိမ်းလိုက်တယ်။ အစပိုင်းမှာတော့ ချင်မိသားစု တစ်ခုလုံးကို ချက်ချင်း ကွပ်မျက်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် အရာရှိတွေရဲ့ တောင်းဆိုမှုတွေကြောင့် ဧကရာဇ်က သနားညှာတာပြီး ပြည်နှင်ဒဏ်အဖြစ် ပြောင်းလဲပေးခဲ့တယ်"
လီယောင်၏ ဘေးက လက်ဖက်ရည်က အေးစက်နေပြီ ဖြစ်သည်။ ဝိန်းယွီက သူ့အတွက် လက်ဖက်ရည် အသစ်တစ်ခွက်ကို ငှဲ့ပေးရင်း ပြောလိုက်သည်။
"အဲဒီတုန်းက အပေါ်ယံက သက်သေတွေ အားလုံးကို အခြေခံပြီး ကြည့်ရင် ချင်ယီက မှားယွင်းစွာ စွပ်စွဲခံရပုံ မပေါ်ဘူးနော်"
ယခု ပစ္စုပ္ပန်အချိန်မှနေ၍ နောက်ကြောင်းကို ပြန်ကြည့်သောအခါ အဲဒီတုန်းက ဖြစ်ပျက်ခဲ့သော အမှန်တရားနှင့် ပတ်သက်ပြီး သူမတွင် သံသယများ ရှိနေခဲ့သည်။
ဖြစ်နိုင်ခြေကတော့ ချင်ယီကို ထောင်ချောက်ဆင်ခဲ့ခြင်း ဖြစ်နိုင်သည်။ အရာအားလုံးကို အောဝ်အဖွဲ့က စီစဉ်ခဲ့ခြင်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် မင်ချန်ဧကရာဇ်က သိနေပြီး သံသယရှိနေပြီးသားမို့လို့ အခြေအနေကို အသုံးချကာ ချင်မိသားစု၏ စစ်ရေးအာဏာကို ပြန်လည် ရယူခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် ဒါတွေက သံသယတွေ သက်သက်သာ ဖြစ်သည်။ ထိုအချိန်က ချင်ယီကို အပြစ်ပေးခဲ့သော ခိုင်လုံသည့် သက်သေအထောက်အထားများကို ပယ်ဖျက်ဖို့အတွက် ထိုထက်ခိုင်မာသည့် သက်သေအထောက်အထားများကို လိုအပ်လိမ့်မည်။
ချင်ယီ၏စရိုက်ကို သူမ မသိခဲ့ချေ။ ယခု သူမ ကောက်ချက်ချနိုင်သမျှ အရာအားလုံးက ထိုသမိုင်းကြောင်း၏ အစိတ်အပိုင်းများကို သိသူများ၏ တစွန်းတစ ပြောစကားများမှတဆင့် ထွက်ပေါ်လာသော သူမ၏ခန့်မှန်းချက်များသက်သက်ပင်။
ဖေစုန့်က ချင်ယီ၏ သွေးသား ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ တကယ်လို့ သူသာ ဖြစ်ခဲ့လျှင်တောင် ဝိန်းမိသားစုနှင့် အောဝ်အဖွဲ့အပေါ် ထားရှိတဲ့ သူ့ရဲ့ အမုန်းတရားက အဲဒီတုန်းက နေရာဆက်ခံရေး တိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့သည့် နာကြည်းမှုကနေ မြစ်ဖျားခံတာ ဖြစ်နိုင်သည်။
ဝိန်းယွီက ဒါကို ကြောက်စရာကောင်းသော ပြိုင်ဘက်ဆိုတစ်ယောက်ဟု အသိအမှတ်ပြုထားသော်ငြား သွေးစွန်းနေသည့် လက်များနှင့် အပြစ်ကင်းသော ပြည်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် လူတစ်ယောက်အတွက်တော့ သူတို့ကို သနားစရာကောင်းသူ၊ ကရုဏာထားစရာကောင်းသူများဟု မှတ်ယူမှာ မဟုတ်ချေ။
လီယောင်က သူ့လက်ဖက်ရည်ပန်းကန်ကို မ,လိုက်ပြီး သူ၏ အကြည့်များက အထီးကျန်ဆန်သော်လည်း ပြတ်သားနေလို့သည်။
"နှစ်တွေ အများကြီး ကြာသွားခဲ့ပြီ။ တာ့လျန်ရဲ့ ခမ်းနားတဲ့ နန်းတော်ကြီးတွေက မီးတောက်တွေထဲမှာ ပြာဖြစ်သွားတာ ကြာပြီ။ မင်းသမီးရဲ့ အဖေတောင်မှ အဲဒီ မှိုတက်နေတဲ့ အတိတ်က ကိစ္စဟောင်းတွေကို ခြေရာခံဖို့ မစွမ်းနိုင်ခဲ့ဘူး... မင်းသမီးက ဘာဖြစ်လို့ ဆက်ပြီး တူးဆွနေရတာလဲ။ မင်းသမီးရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို ငါက ချီးကျူးခဲ့ပေမယ့် မင်းသမီးကို လမ်းပိတ်နေတဲ့ လမ်းကြောင်းတွေဆီ တွန်းပို့ဖို့ မဟုတ်ဘူး။ အခု အရေးကြီးတဲ့ ကိစ္စက နန်ချန်နဲ့ မကြာခင် လုပ်မယ့် မဟာမိတ် ဆွေးနွေးပွဲတွေပဲ"
ဝိန်းယွီက ပြန်ဖြေလိုက်၏။ "ဦးစားပေးရမယ့် ကိစ္စတွေကို ကျွန်မ နားလည်ပါတယ်။ ဒီနေ့ ကျွန်မ မေးတဲ့ မေးခွန်းတွေက မတရား စွပ်စွဲခံခဲ့ရတဲ့ အမတ်တွေ အားလုံးကို နောက်ဆုံးမှာ အပြစ်ကင်းရှင်းကြောင်း သက်သေပြနိုင်ဖို့ သက်သက်ပါပဲ။ သူတို့က တာ့လျန်အပေါ် သစ္စာရှိခဲ့ကြတယ်... သူတို့ကို ထာဝရ နာမည်ဆိုးနဲ့ ကျော်ကြားအောင် ကျွန်မ ဘယ်လိုလုပ် ခွင့်ပြုထားနိုင်မှာလဲ။ ကျွန်မက သမိုင်းကို ကျွန်မရဲ့ မှန်အဖြစ် သတ်မှတ်ထားတယ်။ တကယ်လို့ ကျွန်မတို့ရဲ့ ဘိုးဘေးတွေက အမှားတွေ လုပ်ခဲ့တယ်ဆိုရင် အဲဒါတွေကို ထပ်မလုပ်မိအောင် ကျွန်မက အမြဲတမ်း ဆင်ခြင်သုံးသပ်နေရမယ်"
အပြင်ဘက်တွင် တစ်စုံတစ်ယောက်က ဝိန်းယွီကို ခေါ်လိုက်သည်။ သူမက လီယောင်ကို လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးပြီး အရင် ထွက်ခွာသွား၏။
လီယောင်သည် သူ့လက်ထဲရှိ အခိုးအငွေ့များ ထွက်နေသော လက်ဖက်ရည်ပန်းကန်ကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ခါးသီးစွာ ငိုကြွေးလိုက်လေသည်။
"ငါသာ ဆယ်နှစ်လောက် စောပြီး မွေးဖွားခဲ့မယ်ဆိုရင် တာ့လျန်က ဘယ်လိုလုပ် ဒီလို အခြေအနေမျိုးကို ရောက်လာနိုင်မှာလဲ..."
သူက မျက်နှာကို အင်္ကျီလက်ဖြင့် သုတ်လိုက်ကာ ဝမ်းနည်းပူဆွေးမှုကို ယာယီ ဖိနှိပ်ထားလိုက်ပြီး ငှက်ကလေးများ တေးဆိုနေကြသော ပြတင်းပေါက်ပြင်ပသို့ လှည့်ကြည့်လိုက်လေသည်။
ခြံဝင်းအပြင်ဘက်တွင် သစ်ပင်များသည် တောက်ပသော နွေဦးနေရောင်အောက်တွင် ရှင်သန်ကြီးထွားနေကြ၏။ သူ၏ မီးခိုးရောင် ဆံပင်များကို ထိန်းချုပ်ထားသော သစ်သားဆံထိုးက ဆံပင်များ၏ ပါးလွှာနေသော အဖြူရောင်ကို ပိုမို ပေါ်လွင်စေသယောင်။
ဒီနှစ် ကုန်လျှင် သူက အသက် ၇၁ နှစ် ပြည့်တော့မည်။
တစ်ချိန်က ချန်လျန်ဝမ်ကို သူ ပေးခဲ့ဖူးတဲ့ ရည်မှန်းချက်တွေ... အဲဒါတွေကို ဝိန်းယွီကို ပြောဖို့ သူ မဝံ့ရဲတော့ချေ။
မြစ်ကြီးက အရှေ့ဘက်ကို စီးဆင်းနေသည်။
သူ၏ အရိုးအိုကြီးများက အချိန်၏ တိုက်စားမှုကို မရှောင်လွှဲနိုင်ခဲ့ချေ။ ထိုရည်မှန်းချက်ကြီးများ အားလုံးကို အခုတော့ စီးဆင်းနေသည့် ရေများက ဆေးကြောသွားခဲ့လေပြီ။
တက်ကြွလှုပ်ရှားနေသော နွေဦးခြံဝင်းကို ငေးကြည့်ရင်း လီယောင်က သူ့ကိုယ်သူ ပြောနေသည့်နှယ် တီးတိုးရေရွတ်လိုက်သည်။
"မြင်းတင်းကုပ်ထဲက မြင်းအိုကြီးက မိုင်တစ်ထောင် အဝေးကို ပြေးလွှားချင်နေတုန်းပါပဲ..."
သူ၏ ချိုင့်ဝင်နေသော မျက်လုံးအိုများသည် ပြတ်သားမှုများဖြင့် တဖြည်းဖြည်း စူးရှလာပြီး သူက ရေရွတ်လိုက်လေသည်။
"အရမ်း နောက်ကျသွားပြီလား။ လုံးဝ မနောက်ကျသေးပါဘူး"
...