အခန်း ၇၃
Vol. 8 Ch. 73
အပိုင်း (၇၃)
ဝိန်းယွီကို လာရှာသူမှာ ထွက်သွားပြီးမှ ပြန်ရောက်လာသော ချန်ဝေ ဖြစ်သည်။ သူက ကွာရှင်းစာချုပ်ကို တောင်ကြားအပြင်ဘက်သို့ ပို့လိုက်ပြီးသည်နှင့် နန်ချန် သံတမန်များသည် အကျယ်ချုပ်ကျနေစဉ်အတွင်း ကင်းစောင့်နေသော စစ်သည်များနှင့် ထိပ်တိုက်တွေ့ကာ ရန်ပွဲတစ်ခု စတင်ခဲ့ကြောင်း ကြားသိလိုက်ရလေသည်။
ဝိန်းယွီက မေးလိုက်၏။ "အခု အခြေအနေက ဘယ်လိုလဲ"
ချန်ဝေက ပြန်ဖြေလိုက်သည်။ "ရုတ်ရုတ်သဲသဲ ဖြစ်နေတာကို နှိမ်နင်းဖို့ နောက်ထပ် စစ်သည်တွေ ထပ်ပို့ထားပါတယ်။ ပြဿနာရှာတဲ့ သူတွေ အားလုံးကို အကျဉ်းချထားလိုက်ပါပြီ"
ဝိန်းယွီက ခေါင်းညိတ်ပြီး ထပ်မေးလိုက်သည်။ "ပဋိပက္ခရဲ့ အကြောင်းရင်းကို သိရလား"
ချန်ဝေက ပြန်ဖြေလိုက်သည်။ "အောက်က သတင်းအရဆိုရင် နန်ချန်က ပြဿနာရှာတဲ့ လူတချို့က သူတို့ကို ဆက်ဆံတဲ့အပေါ် မကျေနပ်ကြလို့ အစောင့်တွေကို အကြိမ်ကြိမ် ရန်စခဲ့တာပါတဲ့"
ဝိန်းယွီက မျက်မှောင်အနည်းငယ် ကြုတ်ကာ ပြောလိုက်သည်။ "တိတ်တဆိတ် စောင့်ကြည့်တာကို တိုးထားလိုက်။ နန်ချန်က သူတို့ရဲ့ နောက်ခံအဖြစ် ရှိနေရင်တောင်မှ သူတို့က အထီးကျန်နေပြီး ကျွန်မတို့ လက်ထဲမှာ လူနည်းစု ဖြစ်နေတာ။ သူတို့ ဒီလောက်တောင် ရမ်းရမ်းကားကား ပြဿနာရှာရဲတာက အကြောင်းပြချက် မရှိဘဲနဲ့တော့ မဖြစ်နိုင်ဘူး"
ချန်ဝေက သိရှိကြောင်း ဦးညွှတ်လိုက်သည်။ ဝိန်းယွီက သူ့ကို ထွက်သွားခွင့် ပြုရန် လက်မြှောက်ပြလိုက်သော်လည်း ချန်ဝေသည် နောက်ဆုတ်မသွားခဲ့ချေ။ ထိုအစား ခဏတာ တုံ့ဆိုင်းနေပြီးနောက် နောက်တစ်ကြိမ် ဦးညွှတ်ကာ ပြောလိုက်၏။ "ကျွန်တော်မျိုးမှာ နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်။ မင်းသမီးဆီက အကူအညီတောင်းလို့ရမလား မသိပါဘူး"
ဝိန်းယွီက ဇဝေဇဝါဖြင့် မော့ကြည့်ပြီး ပြောလိုက်သည်။ "ပွင့်ပွင့်လင်းလင်း ပြောပါ လူကြီးမင်း"
ချန်ဝေ၏ ရိုးသားသော လေးထောင့်စပ်စပ် မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာသည်။ "တပ်မှူးရှောင်းက သစ္စာရှိပြီး ရဲရင့်တဲ့ ထူးခြားတဲ့ အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါ... တကယ့်ကို အလားအလာကောင်းတဲ့ လူငယ်လေးပါ။ တပ်မှူးရှောင်းက အသက် ၂၁ နှစ် ရှိပြီ၊ အိမ်ထောင်လည်း မကျသေးဘူးလို့ ကျွန်တော် ကြားတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်မှာ အရွယ်ရောက်ပြီးတဲ့ သမီးတစ်ယောက် ရှိပြီး သင့်တော်မယ့်သူကို ရှာနေတာပါ။ ကျွန်တော်က တပ်မှူးရှောင်းကို တော်တော်လေး သဘောကျမိလို့ပါ။ မင်းသမီးရဲ့ သဘောထားကို မေးလို့ ရမလား"
ဖိန်ကျိုး တစ်ခွင်လုံးတွင် ရှောင်းလိ၊ ကျောင်းပိုင်နှင့် အခြားသူများသည် ဝိန်းယွီ၏ ယုံကြည်ရသော လူယုံများဖြစ်ကြောင်း လူတိုင်း သိကြသည်။
ချန်ဝေက သူ့သမီးကို ရှောင်းလိနှင့် လက်ထပ်ပေးလိုခြင်းမှာ တစ်စိတ်တစ်ပိုင်းက ရှောင်းလိ၏ အရည်အချင်းများကို သူ တကယ်လေးစားသောကြောင့် ဖြစ်ပြီး နောက်တစ်ပိုင်းကတော့ ဤလက်ထပ်မင်္ဂလာ မဟာမိတ်မှတစ်ဆင့် ဝိန်းယွီအပေါ် သူ၏ သစ္စာစောင့်သိမှုကို ပိုမို ခိုင်မာစေရန် ဖြစ်သည်။
ဝိန်းယွီ၏ ဗျူဟာများနှင့် ပြတ်သားမှုကို မျက်မြင်တွေ့ခဲ့ပြီးနောက် သူမ၏ ဩဇာလွှမ်းမိုးမှုက နောင်အနာဂတ်တွင် နှင်းလုံးလေးတစ်ခု လိမ့်ဆင်းလာသကဲ့သို့ ပိုကြီးမားလာမှာကို သူ သိနေခဲ့သည်။ ဖိန်ကျိုးသည် သူမ၏ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်တော့မည် မဟုတ်ချေ။
ချန်ဝေအနေဖြင့် ဖိန်ကျိုးကို ဝိန်းယွီနှင့် မြဲမြံနေအောင် ချိတ်ဆက်ထားရန် လိုအပ်ပြီး လက်ထပ်မင်္ဂလာ မဟာမိတ်က အထိရောက်ဆုံး နည်းလမ်းပင် ဖြစ်သည်။
ပြည်မကြီးတွင် စတင်ဝရုန်းသုန်းကား ဖြစ်ခဲ့သည့် အစောပိုင်း ကာလများ၌ စစ်ဘုရင်များ မဟာမိတ်ဖွဲ့ကြသည့်အခါ သူတို့၏ သားသမီးများကြားတွင် လက်ထပ်ပွဲများ စီစဉ်ကြသည်မဟုတ်လျှင် သူတို့၏ အဓိက စစ်သူကြီးများကို အပြန်အလှန် လက်ထပ်ပေးကြသည်။
လူ့အသက်သည် မြက်ခင်းများလို တန်ဖိုးမရှိသော ဆူပူအုံကြွမှု ကာလများတွင်ပင် ထိုကဲ့သို့သော လက်ထပ်မှုဆိုင်ရာ ချိတ်ဆက်မှုများသည် မဟာမိတ်ဖွဲ့ခြင်းများကို အမြဲတမ်း ပိုမို လုံခြုံသွားစေခဲ့သည်။
ထိုစကားကို ကြားသောအခါ ဝိန်းယွီသည် လက်ခံခြင်းလည်း မရှိသလို ငြင်းပယ်ခြင်းလဲ မလုပ်ခဲ့ချေ။ သူမသည် သူမ၏ မည်းနက်သော မျက်တောင်များကိုသာ အောက်သို့ ချလိုက်ပြီး လက်ဖက်ရည်ပန်းကန်ထဲမှ လက်ဖက်ရည်ကို နည်းနည်းချင်း စုပ်သောက်နေလိုက်သည်။
အစည်းအဝေးခန်းမက အနီးနားရှိ လက်ဖက်ရည်သောက်ခန်းများနှင့် မဝေးလှချေ။ အကြံပေးအမတ်များနှင့် စစ်သူကြီးများ၏ ရယ်မောသံ၊ စကားပြောသံများက ပါးလွှာသော တံခါးချပ်များမှတစ်ဆင့် စိမ့်ထွက်လာနေသည်။ ကြိုးစားပြီး နားမထောင်ဘဲနှင့်ပင် သူမ၏ နားများက ရှောင်းလိ၏ အသံကို အလိုအလျောက် ခွဲခြားသိမြင်လိုက်သည်... နက်ရှိုင်းပြီး နှိမ့်ချကာ အားစိုက်စရာမလိုဘဲ တည်ငြိမ်နေသည်။
သူသည် နန်းတွင်း၏ လုပ်ထုံးလုပ်နည်းများနှင့် တစ်နည်းနည်းဖြင့် အသားကျသွားပုံရသည်။ အရပ်ဘက် အရာရှိများနှင့်ဖြစ်စေ၊ စစ်ဘက် အရာရှိများနှင့်ဖြစ်စေ ဆက်ဆံရာတွင် သူသည် အမြဲတမ်း ပေါ့ပေါ့ပါးပါး စကားဝိုင်းထဲတွင် ဝင်ဆံ့နိုင်လေသည်။
သို့သော်လည်း စစ်မြေပြင်တွင်တော့ လူတိုင်းက သူ၏ ရဲရင့်ကြမ်းတမ်းမှုနှင့် ရက်စက်မှုများကို ကြောက်ရွံ့ကြသည်။
သူမမှလွဲ၍ သူ၏ ရိုးသားဖြူစင်မှုကို တွေ့ဖူးသူ မရှိသလောက်ပင်။
ဝိန်းယွီ၏ ရုတ်တရက် တိတ်ဆိတ်သွားမှုက ချန်ဝေ၏ နှလုံးသားကို အလိုအလျောက် တင်းကျပ်သွားစေသည်။ ဝိန်းယွီက သူ၏ ရည်ရွယ်ချက်များကို ရှောင်းလိကို သိမ်းသွင်းရန်နှင့် သူမ ခက်ခက်ခဲခဲ တည်ဆောက်ထားသည့် အာဏာကို အားနည်းသွားစေရန် ကြိုးပမ်းမှုတစ်ခုအဖြစ် အထင်လွဲသွားမှာကို စိုးရိမ်သဖြင့် သူက အလျင်အမြန် ထပ်ပြောလိုက်သည်။ "ကျွန်တော့်သမီးအတွက် သင့်တော်မယ့်သူကို ရှာဖို့ အရမ်း လောကြီးသွားမိတာ ကျွန်တော့်ရဲ့ အမှားပါ..."
"တပ်မှူးရှောင်းက လူကြီးမင်းရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေပေမယ့် သူက ကျွန်မရဲ့ ကျေးဇူးရှင်လို့ပဲ ကျွန်မ အမြဲတမ်း သတ်မှတ်ထားတယ်။ သူ့ရဲ့ အိမ်ထောင်ရေး ကိစ္စတွေကို ကျွန်မ ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး။ တကယ်လို့ လူကြီးမင်းက စေတနာမှန်တယ်ဆိုရင် တပ်မှူးရှောင်းရဲ့ဆန္ဒကို တိုက်ရိုက် သွားမေးဖို့ အောင်သွယ် တစ်ယောက်ယောက်ကို လွှတ်လိုက်လို့ ရပါတယ်"
ဝိန်းယွီက ချန်ဝေကို ဖြတ်ပြောလိုက်ရာ သူမ၏ အသံက ရှင်းလင်းနေပြီး ဘာစိတ်ခံစားချက်မှ မပါဝင်ချေ။
ဝိန်းယွီထံမှ ဤရှင်းပြချက်ကို ရရှိပြီးနောက် ချန်ဝေသည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားပြီး အလျင်အမြန် လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်လေသည်။ "ဒါက ကျွန်တော်မျိုးရဲ့ ပေါ့ဆမှုပါ။ လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသမီး"
______
မွန်းလွဲပိုင်းတွင် လီယောင်၏ လမ်းညွှန်မှုအောက်၌ စစ်ရေးဗျူဟာ အခင်းအကျင်းကို ပြင်ဆင်နေစဉ် ရှောင်းလိသည် အထက်နေရာ၌ ထိုင်နေသော ဝိန်းယွီကို အကြိမ်ကြိမ် လှမ်းပြီး ခိုးကြည့်နေခဲ့သည်။ သူမ၏ မျက်နှာအမူအရာက ဂရုမစိုက်သည့်ပုံ ပေါက်နေပြီး မျက်ခုံးများကြားတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်တစ်ခု ရှိနေသည်။
ရှန်းနာရီထိုးသွားချိန်တွင်တော့ ကောင်းကင်ကြီးက မှောင်မိုက်သွားပြီး တစ်နေ့တာ၏ ဆွေးနွေးပွဲများ ပြီးဆုံးသွားခဲ့သည်။
ဝိန်းယွီသည် လီယောင်ကို သူ၏ နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးရန် လူတစ်ယောက်ကို အမိန့်ပေးလိုက်ပြီး အခြား အရပ်ဘက်နှင့် စစ်ဘက် အရာရှိများကတော့ အုပ်စုငယ်လေးများ ဖွဲ့ကာ ထွက်ခွာသွားကြသည်။
ရှောင်းလိသည် လုပ်ဖော်ကိုင်ဖက်များထံမှ စစ်စခန်းသို့ အတူတူ ပြန်ရန် ဖိတ်ကြားချက်များကို ငြင်းဆန်လိုက်သည်။ ကျောင်းပိုင်က ဝိန်းယွီ၏ မျက်လုံးကို ကပ်ပေးရမည့် ဆေးရည်ကို သွားနွေးနေချိန်တွင် သူသည် သီးသန့် အစီရင်ခံစရာ ကိစ္စရှိသည်ဟု အကြောင်းပြကာ ဝိန်းယွီ အနားယူနေသည့် အတွင်းခန်းသို့ ဝင်ရောက်လာခဲ့သည်။
ဝိန်းယွီသည် စားပွဲအနောက်တွင် ထိုင်နေပြီး လက်ဖြင့် ခေါင်းကို ထောက်ထားကာ မျက်လုံးများကို ဖွဖွလေး မှိတ်ထားပြီး သူမ၏ မျက်နှာအမူအရာမှာ ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေလေသည်။
တံခါးဖွင့်သံကို ကြားလိုက်ရသော်လည်း သူမသည် မျက်လုံးများကို မဖွင့်ဘဲ ပျင်းရိစွာ ပြောလိုက်သည်။
"ဆေးကို ခဏထားလိုက်ဦး။ နောက်မှ ကပ်လိုက်မယ်"
သူမ အနှောင့်အယှက် မဖြစ်စေရန် တံခါးပိတ်သံကို တမင်သက်သက် တိုးညှင်းအောင် လုပ်ထားသည်။
ဝိန်းယွီသည် ခြေသံများကို မကြားရသလို ကျောင်းပိုင်က ကြေးဇလုံကို ချထားသည့် အသံကိုလည်း မကြားရချေ။
တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိသဖြင့် သူမ၏ ရှည်လျားသော မျက်တောင်များကို ပင့်ကြည့်လိုက်ရာ ခပ်ဖျော့ဖျော့ သွေးကြောမျှင်လေးများ ရှိနေသော ကြည်လင်သည့် မျက်လုံးတစ်စုံကို ပေါ်လွင်သွားစေပြီး သူမ၏ မျက်နှာချင်းဆိုင်ရှိ ကူရှင်ပေါ်တွင် အချိန်တစ်ခုကတည်းက ဝင်ထိုင်နေပြီးသား ဖြစ်သော သူ့ကို တွေ့လိုက်ရသည်။
ရှောင်းလိသည် သူ့လက်များကို ဒူးပေါ်တွင် တင်ထားပြီး မည်းနက်ကာ ရှုပ်ပွနေသော ဆံပင်များသည် မျက်လုံးထောင့်များဆီသို့ ကျဆင်းနေသည်။ သူ၏ထင်ရှားလှသော မျက်နှာအသွင်အပြင်သည် ပုံမှန် မြင်တွေ့နေရကျ ရန်လိုမှုများ ပျောက်ဆုံးသွားသယောင် ရှိပြီး ဝိန်းယွီကို တိတ်ဆိတ်စွာ ငေးကြည့်နေလေသည်။ သူ၏ အရပ်ရှည်ပြီး ကျယ်ပြန့်သော ပခုံးများ၊ ရှည်လျားသော ခြေတံများနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် အလွန်ကို ထူးခြားနေပုံ ပေါက်နေသည်... ယဉ်ပါးသွားသော ခြင်္သေ့တစ်ကောင်လိုပင်။
ဝိန်းယွီက မျက်မှောင်အနည်းငယ် ကြုတ်ကာ မေးလိုက်သည်။ "ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ"
ရှောင်းလိသည် မဖြေခဲ့ဘဲ သူမ၏ မျက်လုံးများထဲရှိ သွေးကြောမျှင်များကို ကြည့်ကာ မေးလိုက်သည်။ "မင်းရဲ့ မျက်လုံးတွေ... မကောင်းသေးဘူးလား"
ယခုအချိန်တွင် ဝိန်းယွီ၏ မျက်လုံးများက နာကျင်ကိုက်ခဲနေပြီး သူမ၏ အမြင်အာရုံက အနည်းငယ် ဝေဝါးနေသည်။ သူမက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"အပူကန်တာပါ။ လုပ်စရာ အရေးကြီးတဲ့ ကိစ္စတွေ အများကြီး ရှိနေတော့ မျက်လုံးတွေကို အသုံးမပြုဘဲ မနေနိုင်ဘူးလေ။ အဲဒါကြောင့် နာလန်ထတာ နှေးနေတာပါ"
အတွင်းခန်းထဲသို့ ရှောင်းလိ ရုတ်တရက် ရောက်လာသည့်အကြောင်းအရင်းကို သေချာမသိရသေးသဖြင့် သူမသည် မွန်းတည့်ချိန်က ချန်ဝေ ပြောခဲ့သည်ကို တွေးမိကာ မေးလိုက်သည်။ "ရှင် ကျွန်မကို လာရှာတာ ကိစ္စရှိလို့လား"
အပူကန်မှုကြောင့် သူမ၏ မျက်လုံးများက နီရဲနေပြီး သူမ၏ တည်ငြိမ်သော အမူအရာနှင့် ပေါင်းစပ်လိုက်သောအခါ အေးခဲနေသော ရေကန်တစ်ခုပေါ်သို့ လွင့်ကျလာသည့် နီရဲသော ဆီးပန်းပွင့်လေးများနှင့် တူနေသည်... ထူးထူးခြားခြား အထီးကျန်ဆန်ပြီး အေးစက်စက် နိုင်လှသည်။
ရှောင်းလိက ခေါင်းငုံ့ကာ မေးလိုက်၏။ "မင်္ဂလာပွဲကို ဖျက်သိမ်းတာ တကယ်ပဲလား"
အခိုက်တန့်အတွင်း ဝိန်းယွီ၏ မျက်လုံးများထဲရှိ တည်ငြိမ်မှုက ယိမ်းယိုင်သွားသယောင် ရှိသော်လည်း မကြာမီတွင် ငြိမ်သက်နေသော ရေကဲ့သို့ ပြန်လည် ငြိမ်သက်သွားလေသည်။
"ဟုတ်တယ်" သူမက ပြောလိုက်သည်။
ရှောင်းလိက ရုတ်တရက် မော့ကြည့်လိုက်၏။ "မင်း နန်ချန်ကို လက်ထပ်မသွားတော့ဘူးလား"
ဝိန်းယွီက သူ့ကို ကြည့်လိုက်သော်လည်း စကားမပြောခဲ့ချေ။
ထိုတိုတောင်းလှသော တိတ်ဆိတ်မှုအတွင်း ရှောင်းလိက သူ၏ အဖြေကို တွေ့ရှိသွားခဲ့သည်။
မင်္ဂလာပွဲကို ဖျက်သိမ်းတာက အစစ်အမှန် ဖြစ်ပေမယ့် နန်ချန်က အဲဒါကို အောင်မြင်အောင် ခွင့်ပြုမှာ မဟုတ်ဘူး။ နောက်ဆုံးမှာတော့ ဒါက ဗျူဟာကစားပွဲ တစ်ခုပါပဲ။
သူက ဤရလဒ်ကို အချိန်အတော်ကြာကတည်းက ကြိုတင် မျှော်လင့်ထားခဲ့သော်လည်း ရေးဆွဲထားသော ကွာရှင်းစာချုပ်အကြောင်း သူ သိလိုက်ရသည့် အချိန်မှစ၍ ယခု သူမ၏ နှုတ်ဖျားမှ နောက်ဆုံး အဖြေကို ကြားလိုက်ရချိန်အထိ ရှောင်းလိသည် သူ၏ ရင်ဘတ်ထဲမှ နူးညံ့သော အသားများကို တူးထုတ်ခံရပြီး ဖိန်ကျိုးမြို့၏ ပင်မလမ်းမကြီးပေါ်သို့ ပစ်ချခံလိုက်ရကာ ဖြတ်သွားဖြတ်လာ မြင်းလှည်းများနှင့် မြင်းများ၏ နင်းခြေမှုကြောင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသလို ခံစားလိုက်ရလေသည်။
ထပ်ပြီး မနာကျင်တော့သော်လည်း ခံနိုင်ရည်မရှိလောက်အောင် လေးလံလွန်းနေကာ မနည်း အသက်ရှူနေရသည်အထိ သူ့ကို မွန်းကြပ်နေစေသည်။
သူက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောလိုက်သည်။ " နားလည်ပါပြီ"
နောက်တစ်စက္ကန့်လောက် ထပ်နေလိုက်လျှင် သူ၏ ထိန်းချုပ်မှုများ လွတ်ထွက်သွားပြီး သူမ၏ မနှစ်မြို့မှုကို ခံရမှာကို ကြောက်ရွံ့နေသည့်နှယ် သူက မတ်တတ်ရပ်ကာ တံခါးကို ဖွင့်လိုက်၏။ ထိုအချိန်မှာပင် ဆေးရည်များ ထည့်ထားသော ကြေးဇလုံကို ကိုင်ပြီး ပြန်လာသော ကျောင်းပိုင်နှင့် ဆုံသွားခဲ့သည်။ စကားတစ်ခွန်းမှ မပြောဘဲ ရှောင်းလိသည် ကျောင်းပိုင်ကို ဖြတ်ကျော်ကာ လျှောက်သွားလိုက်သည်။
ကျောင်းပိုင်သည် ဇလုံကို ကိုင်ပြီး အထဲမဝင်ခင် ထွက်သွားသော သူ့ကျောပြင်ကို တစ်ချက် ကြည့်လိုက်သည်။ သူမက လက်တစ်ဖက်ဖြင့် ခေါင်းကို ထောက်ထားပြီး စားပွဲကို ငုံ့ကြည့်ရင်း အတွေးများထဲတွင် နစ်မြုပ်နေသော ဝိန်းယွီကို တွေ့လိုက်ရသည်။ သူမ၏ စိတ်အခြေအနေက သိပ်မကောင်းတာ သိသာနေသည်။
သူမက တိုးညှင်းစွာ ခေါ်လိုက်သည်။ "မင်းသမီး"
ဝိန်းယွီက များများစားစား ရှင်းပြခြင်း မရှိဘဲ ပြောရုံသာ ပြောလိုက်သည်။
"ဖေစုန့်နဲ့ ချင်ယီကြားမှာ ဆက်သွယ်မှု ရှိ၊ မရှိ စုံစမ်းဖို့ လီရွှင်နဲ့ တခြားသူတွေကို ခိုင်းလိုက်ပါ"
ထိုနေ့ အစောပိုင်းတွင် လီယောင်က ချင်ယီနှင့် ပတ်သက်သော ထိုအတိတ်က ဖြစ်ရပ်ကို ပြောပြခဲ့စဉ်က ကျောင်းပိုင်လည်း ထိုနေရာတွင် ရှိနေခဲ့သည်။ ဝိန်းယွီသည် ဖေစုန့်၏ နောက်ခံကို စုံစမ်းစစ်ဆေးနေသည်မှာ အရာမထင်ဘဲ ဖြစ်နေသည်ကို သိထားသဖြင့် ယခု သူမက ဖေစုန့်သည် ချင်ယီ၏ သွေးသား ဖြစ်နိုင်သည်ဟု သံသယရှိနေကြောင်း ကျောင်းပိုင် မှတ်ချက်ချလိုက်သည်။
"တရားရေးဌာန သုံးခုက ပူးပေါင်းစစ်ဆေးပြီးနောက်မှာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ ချင်ယီရဲ့ မျိုးနွယ်စု တစ်ခုလုံး ပြည်နှင်ဒဏ်ပေးခံခဲ့ရတာလေ။ အဲဒီ လူယုတ်မာ ဖေစုန့်က ရက်စက်ကြမ်းကြုတ်တယ်။ တကယ်လို့ သူက ချင်မိသားစုရဲ့ သွေးသား တကယ် ဖြစ်ခဲ့မယ်ဆိုရင် သူက တွယ်ကပ်နေတဲ့ ကပ်ဘေးတစ်ခုထက်မပိုဘူး"
ဝိန်းယွီက ကျောင်းပိုင် ကမ်းပေးသော ပိတ်စအစိုကို ယူလိုက်ပြီး သူမ၏ နာကျင်စပ်ဖျဉ်းနေသော မျက်လုံးများပေါ်သို့ ဖိကပ်လိုက်သည်။ တည်ငြိမ်စွာဖြင့် သူမက ပြောလိုက်၏။ "တိုက်ပွဲတိုင်းကို အနိုင်ရဖို့ဆိုရင် ကိုယ့်အကြောင်းရော ရန်သူ့အကြောင်းကိုပါ သိရမယ်။ အမှားနဲ့ အမှန် တွက်ချက်မှုတွေ အားလုံးကို မရှင်းလင်းခင်မှာ ဖေစုန့်ကို ဘယ်လို အနိုင်ယူရမလဲဆိုတာကို ကျွန်မ စီစဉ်ဖို့ လိုတယ်"
အခြေအနေ ဘယ်လိုပဲ ရှိနေပါစေ သူမသည် အမြဲတမ်း တည်ငြိမ်အေးချမ်းနေပုံ ပေါ်သည်။ သို့သော် သူမ၏ ကုလားထိုင်တွင် နောက်မီလျက် နွေးထွေးသော ဆေးရည်ဖြင့် မျက်လုံးကို ကပ်နေချိန်တွင်တော့ သူမ၏ ဘေးတွင် ချထားသောလက်သည် ခါးတွင် ချိတ်ဆွဲထားသော ရနံ့အိတ်လေးကို ဆုပ်ကိုင်ထားလေသည်။
လျှို့ဝှက် အသက်သွေးကြော တစ်ခုလိုမျိုးပင်။
ထိုညတွင် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းလာပြီး အကျဉ်းထောင်တွင်း လှည့်ကင်းလှည့်နေသော အစောင့်များပင် အိပ်ငိုက်လာကြသည်။
နန်ချန် အကြံပေးအမတ်ကို ဖမ်းဆီးထားသော အကျဉ်းခန်းထဲတွင် အကျဉ်းခန်းတံခါးအနီး၌ ငိုက်မျဉ်းနေဟန်ဆောင်နေသော နန်ချန် စစ်သည် အနည်းငယ်သည် အပြင်ဘက် စင်္ကြံကို တိတ်တဆိတ် စောင့်ကြည့်နေရင်း မျက်လုံးများကို တစ်ဝက်ခန့် ဖွင့်ထားကြသည်။
နံရံအနီးရှိ ကောက်ရိုးပုံပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသော နန်ချန် အကြံပေးအမတ်သည် သာမန် စစ်သည်တစ်ဦးအဖြစ် ရုပ်ဖျက်ထားသော သူ၏ မျက်နှာချင်းဆိုင်ရှိ လူငယ်အား စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"စစ်သူကြီး... ဒီဟန့်ယန်မင်းသမီးက မင်္ဂလာပွဲကို ဖျက်သိမ်းဖို့ တကယ်ပဲ ဆုံးဖြတ်ထားပုံရတယ်။ အခြေအနေတွေက ဒီလို ဖြစ်လာမှတော့ ကျွန်တော်တို့ ပြန်သွားရင်တောင် မယ်တော်ကြီးအတွက် ကောင်းမွန်တဲ့ ဖြေရှင်းချက် မရှိမှာ စိုးရိမ်ရတယ်"
ထိုလူငယ်သည် ကျယ်ပြန့်သော ပခုံးများနှင့် သေးသွယ်သော ခါးရှိပြီး သူ၏ မျက်နှာပေါ်တွင် အစစ်နှင့်တူလှသော အမာရွတ်အတု တစ်ခု ရှိနေသည်။ သူက ပြန်ဖြေလိုက်သည်။ "ဒါက ကျွန်တော့်ရဲ့ အကြံဆိုတော့ ကျွန်တော့်အဒေါ်ကို ကျွန်တော်ပဲ ရှင်းပြလိုက်ပါ့မယ်"
ထိုအာမခံချက်ကို ကြားသောအခါ အကြံပေးအမတ်သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
နန်ချန်မှ စေလွှတ်သော တကယ့် လက်ထပ်မင်္ဂလာ သံတမန်မှာ မယ်တော်ကြီး၏ တူဖြစ်သူနှင့် ချန်ဝမ်၏ တစ်ဝမ်းကွဲ ညီအစ်ကိုဖြစ်သူ ကျန်းယွီ ပင် ဖြစ်သည်။
စောစောက ရိုင်းရိုင်းစိုင်းစိုင်း စကားပြောဆိုပြီး မြင်းပေါ်မှ ရိုက်ချခံခဲ့ရသော စစ်သူကြီးမှာ ကျန်းယွီ၏ လက်အောက်ရှိ အဆင့်နိမ့် အရာရှိ တစ်ဦးသာ ဖြစ်သည်။
ဖိန်ကျိုးသည် စေ့စပ်လက်ဆောင်များနှင့်အတူ စစ်သည် ၅၀၀ကိုသာ တောင်ကြားထဲသို့ ဝင်ခွင့်ပြုခဲ့သောကြောင့် ကျန်းယွီသည် အန္တရာယ်ရှိလာနိုင်မှာကို စိုးရိမ်သဖြင့် သာမန် စစ်သည်တစ်ဦးအဖြစ် ရုပ်ဖျက်ခဲ့ပြီး ထိုအဆင့်နိမ့် အရာရှိကို လက်ထပ်မင်္ဂလာ သံတမန်အဖြစ် ဟန်ဆောင်စေခဲ့ခြင်း ဖြစ်သည်။
အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး မိုးစက်များက မြင့်မားသော ပြတင်းပေါက်မှတစ်ဆင့် စွေကျလာကာ အတွင်းဘက်သို့ စင်ထွက်လာပြီး အကျဉ်းခန်း တစ်ခုလုံးကို စိုထိုင်းမှုများဖြင့် ပြည့်နှက်သွားစေသည်။
အသက်အရွယ် ကြီးရင့်ပြီး အအေးဒဏ်ကို မခံနိုင်သော အကြံပေးအမတ်သည် သူ့လက်ထဲသို့ နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။ "ကျွန်တော်တို့က လက်ထပ်မင်္ဂလာ မဟာမိတ်ဖွဲ့ဖို့ ဒီကို လာခဲ့တာလေ။ ဘာဖြစ်လို့ စစ်သူကြီးက စစ်သူကြီးရဲ့ လက်အောက်ငယ်သားကို အဲဒီလို ရိုင်းစိုင်းတဲ့ စကားတွေ ပြောခိုင်းပြီး အခြေအနေကို ဒီလောက်အထိ တင်းမာလာအောင် လုပ်ရတာလဲ။ ဘာတွေ အကျိုးအမြတ် ရလိုက်လို့လဲ"
ကျန်းယွီသည် သူ၏ အပြင်ဝတ်ရုံကို ချွတ်လိုက်ပြီး သူ့ထံသို့ ပစ်ပေးလိုက်၏။ "ရက်အနည်းငယ်လောက် ဒီလို ဒုက္ခခံစေရတဲ့အတွက် တောင်းပန်ပါတယ် အကြံပေးအမတ်ကြီးစုန့်။ ဒါပေမယ့် ဒီလှုပ်ရှားမှုက အကျိုးအမြတ် လုံးဝ မရှိတာတော့ မဟုတ်ပါဘူးနော်"
"ဟန့်ယန်မင်းသမီး ဖိန်ကျိုးကို ရောက်လာကတည်းက ကျွန်တော်တို့ အရင်က ဒီမှာ ထားခဲ့တဲ့ သတင်းပေးတွေက နားမကြား၊ မျက်စိမမြင်တဲ့ သူတွေလို ဖြစ်သွားပြီး ဘာသတင်းအချက်အလက်မှ မပို့ပေးနိုင်တော့ဘူး။ ကျွန်တော့်ရဲ့ တစ်ဝမ်းကွဲအစ်ကိုနဲ့ မင်္ဂလာဆောင်ဖို့က နီးကပ်လာပြီဆိုတော့ ဖိန်ကျိုးရဲ့ လက်ရှိ အခြေအနေကို ကျွန်တော်တို့ အကဲဖြတ်ဖို့ လိုအပ်ခဲ့တယ်"
ထိုစကားကို ကြားသောအခါ နန်ချန် အကြံပေးအမတ်သည် တိတ်ဆိတ်သွားပြီး ကျန်းယွီ ပေးသော ဝတ်ရုံဖြင့် သူ့ကိုယ်သူ ခြုံထားလိုက်သည်။
ကျန်းယွီက ခြောက်သွေ့သော ကောက်ရိုးတစ်ချောင်းကို ချိုးလိုက်ပြီး ဆက်ပြောလိုက်၏။ "ဟန့်ယန်မင်းသမီးက တာ့လျန်ရဲ့ ထိပ်တန်း အလှပိုင်ရှင်လို့ နာမည်ကြီးတယ်ဆိုတာကို ကျွန်တော် ကြားဖူးတာ ကြာပါပြီ။ သူ့ရဲ့ မျက်နှာကို မမြင်ဖူးသေးပေမယ့် ဒီနေ့ ကျွန်တော် အကဲခတ်မိသလောက်ဆိုရင် ဖိန်ကျိုး တစ်ခုလုံးက သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပုံရတယ်။ တာ့လျန် လူမျိုးတွေက သူ့ရဲ့ မျိုးရိုးကြောင့် သူ့ကို လေးစားကြတာလား၊ ဒါမှမဟုတ် သူ့ရဲ့ အရည်အချင်းကြောင့် အနိုင်ယူခံလိုက်ရတာလား ဆိုတာကို ကျွန်တော် သိချင်မိတယ်။ တကယ်လို့ နောက်တစ်ခုသာ ဆိုရင်..."
သူ၏ မျက်လုံးများတွင် ခပ်ဖျော့ဖျော့ ပင်ပန်းနွမ်းနယ်နေသော အပြုံးတစ်ခု ပေါ်လာလေသည်။
"ကျွန်တော့်အဒေါ်က ကိုယ်ပိုင် ဆန္ဒ အရမ်းပြင်းပြတဲ့ ချွေးမမျိုးကို သိပ်သဘောကျမှာ မဟုတ်ဘူး"
နန်ချန် အကြံပေးအမတ်က တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိသွားပြီး ပြောလိုက်သည်။ "ကျွန်တော်တို့က လက်ရှိ သူတို့လက်ထဲကို ရောက်နေတာနော်။ တကယ်လို့ တာ့လျန်က ကျွန်တော်တို့ကို အသုံးချပြီး ချန်ဝမ်နဲ့ မယ်တော်ကြီးဆီကနေ အလွန်အကျွံ တောင်းဆိုမှုတွေ လုပ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ"
ကျန်းယွီက သူ၏ ရှည်လျားသော မျက်လုံးများကို မှေးစင်းထားလိုက်သည်။
"ပိုင်ယန်တောင်ကြား အပြင်ဘက်မှာ နန်ချန်က တပ်စွဲထားတဲ့ သောင်းနဲ့ချီတဲ့ အထူးစစ်သည်တွေက စက္ကူနဲ့ လုပ်ထားတာ မဟုတ်ပါဘူး"
သူ့အသံတွင် ခပ်ဖျော့ဖျော့ လေသံတစ်ခု ပါဝင်နေသည်။ "အဲဒီ ဟန့်ယန်မင်းသမီးက တာ့လျန်ရဲ့ အရင်က ဂုဏ်သိက္ခာကို ဆက်လက် ထိန်းသိမ်းထားချင်ပေမယ့် ရှင်းနေတာက လက်ရှိ တာ့လျန်က ရှုံးနိမ့်မှုကို နန်ချန်လောက်တောင် ခံနိုင်ရည် မရှိပါဘူး"
သူက ရယ်မောလိုက်ပြီး သေချာလုနီးပါး ပြောလိုက်သည်။
"တာ့လျန်က တရားလွန် ကျိုးကြောင်းမဲ့တဲ့ တောင်းဆိုမှုတွေ လုပ်ရဲမှာ မဟုတ်ပါဘူး"
...