အခန်း ၇၇
Vol. 8 Ch. 77
အပိုင်း (၇၇)
နွေရာသီ မိုးသက်မုန်တိုင်းများ ပြီးဆုံးသွားပြီးနောက်တွင် နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ နေမင်းကြီးက တဖြည်းဖြည်း ပူပြင်းလာခဲ့၏။
နေ့ရက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသော နန်ချန် သံတမန်အဖွဲ့သည် နောက်တစ်နေ့ နံနက်ခင်း ချန်အချိန်(နံနက် ၇နာရီမှ ၉နာရီ) မကုန်ဆုံးခင်ကပင် အုပ်ချုပ်ရေးမှူးအိမ်တော် တံခါးဝ၌ စုရုံးရောက်ရှိနေခဲ့ကြသည်။
တာဝန်ထမ်းဆောင်ရန် အုပ်ချုပ်ရေးမှူးအိမ်တော်သို့ ဦးတည်သွားနေကြသော အရာရှိများသည် သူတို့ကို ဖြတ်ကျော်သွားစဉ် မနေနိုင်ဘဲ ငဲ့စောင်းပြီး လှမ်းကြည့်လာကြသည်။
ဖန်းမင်တာ၏ ကျောပြင်သည် နေရောင်အောက်တွင် ပူနွေးလာခဲ့၏။ သူ၏ ပြည့်ဖောင်းနေသော မျက်နှာပေါ်မှ ချွေးများကို လက်ကိုင်ပဝါဖြင့် အကြိမ်မရေမတွက်နိုင်အောင် သုတ်ပြီးချိန်တွင် အတွင်းဘက်မှ ခေါ်ယူသည့်အမိန့်က နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သည်။
သူသည် အစေခံအဖြစ် ရုပ်ဖျက်ထားသော ကျန်းယွီကို ဦးဆောင်ကာ ခြံဝင်းများကို ဖြတ်သန်းပြီး ခန်းမဆောင်များကို ဖြတ်ကျော်လျက် အစည်းအဝေးခန်းမသို့ ရောက်ရှိလာခဲ့၏။ ကြမ်းပြင်အထိ ကျဆင်းနေသော သေသပ်လှပသည့် ဝါးကန်းလန့်ကာမှတစ်ဆင့် သူ၏ ဝဖြိုးသော မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေပြီး လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်သည်။
"ကျွန်တော်မျိုး ဖန်းမင်တာက တာ့လျန်ပြည်ရဲ့ လေးစားထိုက်တဲ့ ဟန့်ယန်မင်းသမီးကို ဂါရဝပြုပါတယ်"
ဝါးကန်းလန့်ကာသည် အလင်းရောင်ကို ဖြတ်သန်းခွင့်ပြုထားပြီး အတွင်းဘက် တစ်ဖက်တစ်ချက်စီတွင် မတ်တတ်ရပ်နေကြသော အရိပ်သဏ္ဌာန်များကို ခပ်ရေးရေး ဖော်ပြနေလေသည်။
ဖန်းမင်တာသည် လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးထားပြီး သူ၏ အောက်သို့စိုက်ကျနေသော အကြည့်များက ပင်မနေရာတွင် ထိုင်နေသူ၏ ရုပ်သွင်ကို သဲသဲကွဲကွဲ မမြင်နိုင်ခဲ့ချေ။ ရေခဲများ ကွဲအက်သွားပြီး ကျောက်စိမ်းများ ကျိုးပဲ့သွားသည့်နှယ် ကြည်လင်ပြီး အေးစက်လှသော အသံတစ်သံ ထွက်ပေါ်လာသည်ကိုသာ သူ ကြားလိုက်ရ၏။
"တို့ရဲ့ တာ့လျန်ပြည်က အခုဆို ပြည်နယ်တစ်ခုနဲ့ ခရိုင်တစ်ခုပဲ ပိုင်ဆိုင်ပါတော့တယ်။ သံတမန်ဆီကနေ 'လေးစားထိုက်တဲ့' ဆိုတဲ့ ဂုဏ်ပုဒ်ကို တို့ လက်မခံဝံ့ပါဘူး"
ထိုအသံကို ကြားလိုက်ရချိန်တွင် အခမ်းအနားသုံး အစေခံအဖြစ် ရုပ်ဖျက်ထားသော ကျန်းယွီသည် အတွင်းဘက်သို့ လှမ်းကြည့်ရန် သူ၏ မျက်လုံးများကို မသိမသာ ပင့်လိုက်သည်။ သို့သော် ဝါးကန်းလန့်ကာမှတစ်ဆင့် ပင်မနေရာတွင် ထိုင်နေသောသူ၏ ဝိုးတဝါးပုံရိပ်ကိုသာ မြင်တွေ့နိုင်ခဲ့၏။
သူ့အကြည့်များက အနည်းငယ် လှုပ်ခတ်သွားပြီးနောက် မျက်လွှာကို ပြန်ချလိုက်သည်။
တစ်ချိန်တည်းမှာပင် ဖန်းမင်တာ၏နဖူးမှ ချွေးများ ချက်ချင်း ကျဆင်းလာခဲ့၏။ ကျန်းယွီ၏ လက်အောက်ရှိ စစ်သူကြီးက ယခင်က ပြောဆိုခဲ့သော ရိုင်းစိုင်းသည့် စကားလုံးများကို အခြားတစ်ဖက်က သူတို့ကို ပြန်လည်တန်ပြန်ရန် အသုံးပြုနေကြောင်း ရှင်းလင်းလှပေသည်။
သူက တောင်းပန်သည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ "နန်ချန်က မိုက်မဲတဲ့ စစ်သူကြီးက အရင်က ရိုင်းစိုင်းခဲ့မိပါတယ်။ ကျွန်တော်မျိုးက ဒီနေရာမှာပဲ မင်းသမီးကို တောင်းပန်ပါတယ်။ တာ့လျန်ပြည်ဟာ တည်ထောင်ကတည်းက ပြည်နယ် ၁၇ခုနဲ့ ခရိုင် ၃၆ခုကို တည်ဆောက်ခဲ့ပြီး ကုန်သွယ်ရေးလမ်းကြောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ကာ တိုင်းပြည်အသီးသီးနဲ့ ဆက်သွယ်ခဲ့ပါတယ်။ တကယ်ကို ထိုက်တန်တဲ့ ကောင်းကင်ဘုံ ပြည်ထောင်နဲ့ အထက်တန်းကျတဲ့ ပြည်ထောင်ကြီးပါပဲ— ဘယ်လိုလုပ်ပြီး 'လေးစားထိုက်တဲ့' ဆိုတဲ့ ဂုဏ်ပုဒ်ကို မခံယူနိုင်ဘဲ နေမှာလဲ"
သူ စကားပြောနေစဉ် သူ၏ ပြုံးရွှင်ကာ မှေးစင်းနေသော မျက်လုံးများကို အနည်းငယ် ပင့်တင်လိုက်ပြီး အတွင်းဘက်ရှိသူ၏ မျက်နှာအမူအရာကို အကဲခတ်ရန် ကြိုးစားလိုက်၏။ ကံဆိုးချင်တော့ ဝါးကန်းလန့်ကာက ကွယ်ထားသဖြင့် လက်နှစ်ဖက်ကို ယှက်ထားလျက်သာ ဆက်လက် ပြောဆိုနိုင်ခဲ့သည်။
"ကျွန်တော်မျိုးတို့ရဲ့ ဘုရင်နဲ့ မယ်တော်ကြီးတို့ဟာ အဲ့ဒီ မိုက်မဲတဲ့ စစ်သူကြီးက ဒီလောက်တောင် ရိုင်းစိုင်းရဲတာကို ကြားရတဲ့အခါ အရမ်းကို အံ့အားသင့်ပြီး ဒေါသထွက်ခဲ့ကြပါတယ်။ သူတို့က သူ့ကို စစ်ဘက်ဆိုင်ရာ ရာထူးကနေ ရုပ်သိမ်းလိုက်ပြီး ဒီလူကို တာ့လျန်ပြည်ဆီ လွှဲပြောင်းပေးဖို့ ဆန္ဒရှိကြောင်းနဲ့ မင်းသမီးရဲ့ သဘောဆန္ဒအတိုင်း လုံးဝ စီရင်ဖို့ မင်းသမီးကို အသိပေးဖို့ ကျွန်တော်မျိုးကို အမိန့်ပေးခဲ့ပါတယ်။ လက်အောက်ငယ်သားတွေကို မထိန်းချုပ်နိုင်တဲ့ အတူလိုက်ပါလာတဲ့ အကြံပေးအမတ်ကိုလည်း ယာယီ ရာထူးကနေ ဖယ်ရှားပြီး စုံစမ်းစစ်ဆေးနေပါတယ်။ တာ့လျန်နဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိဖို့ နန်ချန်ရဲ့ ဆန္ဒက ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဒီခရီးစဉ် မတိုင်ခင်မှာ ကျွန်တော်မျိုးတို့ရဲ့ ဘုရင်က မင်းသမီး ဒေါသပြေပြီး နန်ချန်ကို လက်ထပ်ဖို့ အတိတ်နိမိတ်ကောင်းတဲ့ နေ့ရက်ကို ရွေးချယ်နိုင်ဖို့ မျှော်လင့်ချက်နဲ့ မင်းသမီးအတွက် ပုလဲနဲ့ ကျောက်စိမ်း လက်ဝတ်ရတနာ အခု၁၂၀၊ ရွှေနဲ့ ငွေ ကြွေထည် အခု၂၆၀နဲ့ အလှဆင် ပိုးထည် အလိပ် ၃၂၀ကို ထပ်ဆောင်း ယူဆောင်လာဖို့ ကျွန်တော်မျိုးကို အထူး အမိန့်ပေးခဲ့ပါတယ်"
သူ၏ စကားသံ အဆုံးတွင် ဝင်ပေါက်ခန်းမရှေ့၌ ချိတ်ဆွဲထားသော ဝါးကန်းလန့်ကာကြီးကို အစေခံမလေးများက လိပ်တင်လိုက်ကြသည်။ ဖန်းမင်တာနှင့် ကျန်းယွီ နှစ်ဦးစလုံးသည် သူတို့၏ မြင်ကွင်းက ရုတ်တရက် လင်းထိန်သွားသည်ကို ခံစားလိုက်ရ၏။
တုံ့ဆိုင်းစွာဖြင့် သူတို့က ခေါင်းမော့ကြည့်လိုက်ရာ ခန်းမအတွင်း၌ အတန်းလိုက် မတ်တတ်ရပ်နေကြသော တာ့လျန် အရာရှိ တစ်ရာကျော်ကို မြင်တွေ့လိုက်ရပြီး အားလုံးက သူတို့၏ လက်များကိုအရာရှိဝတ်စုံများ၏ အင်္ကျီလက်ကျယ်ကြီးများထဲသို့ ထည့်ထားကာ သူတို့နှစ်ဦးကို ရွံရှာစက်ဆုပ်ဖွယ် အကြည့်များဖြင့် ငုံ့ကြည့်နေကြပြီး သူတို့၏ အမူအရာမှာ တကယ့်ကို ကျားများ စောင့်ကြည့်နေပြီး လင်းယုန်များ စူးစိုက်ကြည့်နေသည့်နှယ် ရှိနေသည်။
တည့်တည့်ရှိ စန္ဒကူးသစ်သားစားပွဲ၏ နောက်ကွယ်တွင် ထုပိုင် (အဖြူရောင်) ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် သူမ၏ ဇာမဏီမျက်လုံးများကို အနည်းငယ် မှေးစင်းထားပြီး တော်ဝင်အာဏာ အရှိန်အဝါကို ထုတ်လွှင့်နေ၏။ သူမ၏ မျက်နှာသွင်ပြင်သည် အလွန်အမင်း လှပပြီး ပြိုင်ဘက်ကင်းလှကာ ရင်သပ်ရှုမောဖွယ်ကောင်းသည်ဟု ခေါ်ဆိုရန် ထိုက်တန်လှပေသည်။
တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ဖန်းမင်တာ၏ မျက်နှာပေါ်ရှိ ရိုသေလေးစားမှုက ယခင်ကထက် ပိုလို့ပင် နက်ရှိုင်းလာခဲ့သည်။
အပြုံးများ ပြည့်နှက်နေသော မျက်နှာဖြင့် သူသည် ပင်မနေရာတွင် ထိုင်နေသော အမျိုးသမီးကို ဂရုတစိုက် စောင့်ကြည့်နေပြီး သူမ စကားပြောလာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
ကျန်းယွီ၏ အကြည့်များက ဝိန်းယွီအပေါ်သို့ ကျရောက်သွားပြီး အခိုက်တန့် သိသိသာသာ ရပ်တန့်သွားခဲ့၏။ နက်ရှိုင်းပြီး ရေခဲတမျှ အေးစက်သော အကြည့်တစ်ခု သူ့အပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရချိန်တွင် အလျင်အမြန်ပင် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လက်ဆောင်စာရင်း ပါရှိသော ဗန်းကို ကိုင်ဆောင်ထားလျက် ခေါင်းငုံ့ထားလိုက်တော့သည်။
ထိုအကြည့် လွှဲဖယ်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းယွီသည် တိတ်တဆိတ် ပြန်ကြည့်လိုက်ရာ ၎င်းမှာ ဓားချက် နှစ်ချက်မျှဖြင့် သူ၏ ကြမ်းတမ်းသော တပ်မှူးကို မြင်းပေါ်မှ ပြုတ်ကျစေခဲ့သော ဖိန်ကျိုးမှ စစ်သူကြီးလူငယ် ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ သည်တစ်ကြိမ်တွင် သူ၏ အကြည့်ကို ပြန်မရုပ်သိမ်းနိုင်မီမှာပင် စစ်သူကြီးလူငယ်၏ အကြည့်များနှင့် ဝင်တိုက်မိသွားလေသည်။
ဖိန်ကျိုး မြို့ရိုးအပြင်ဘက်မှ ထိုနေ့ကကဲ့သို့ပင် ကြမ်းတမ်းပြီး ခြိမ်းခြောက်နေကာ တောရိုင်းထဲတွင် လှည့်လည်ကျက်စားနေသော အထီးကျန် ဝံပုလွေတစ်ကောင်နှယ် ရှိနေသော်လည်း တည်ငြိမ်မှု အလွှာတစ်ခု ထပ်တိုးလာသယောင်။
ကျန်းယွီသည် ကြောက်ရွံ့ဟန်ဆောင်ကာ မျက်လွှာကို ချထားလိုက်သည်။
ပင်မနေရာမှနေ၍ ဝိန်းယွီသည် ဖန်းမင်တာနှင့် အခြားသူများအပေါ်သို့ တည်ငြိမ်သော အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူမ၏ လေသံက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်လေသည်။ "နန်ချန်က ကတိပေးထားတာ မှန်သမျှကို မြောက်ပိုင်းဝေ့ကလည်း အပြည့်အဝ ဖြည့်ဆည်းနိုင်ပါတယ်။ သံတမန်... ဖိန်ကျိုးက နန်ချန်နဲ့ မဟာမိတ်ဖွဲ့ဖို့ တင်းခံနေရမယ့် အကြောင်းပြချက်က ဘာများရှိလို့လဲ"
ဖန်းမင်တာ၏ မျက်နှာအမူအရာက တောင့်တင်းသွားသော်လည်း အပြုံးတစ်ခုကို အတင်းဖန်တီးကာ ပြန်ဖြေလိုက်၏။ "အင်း... မင်းသမီးနဲ့ ကျွန်တော်မျိုးတို့ရဲ့ ဘုရင်ကြားက မင်္ဂလာမဟာမိတ်ဖွဲ့ခြင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နန်ချန်ရဲ့ ကွယ်လွန်သွားတဲ့ ဘုရင်နဲ့ တာ့လျန်ရဲ့ ချန်လျန်ဝမ်တို့ ကိုယ်တိုင် သဘောတူညီခဲ့ကြတာပါ။ ကျွန်တော်မျိုးတို့ရဲ့ ဘုရင်က မင်းသမီးကို လေးစားနေခဲ့တာ ကြာပါပြီ။ ဖေမျိုးနွယ် ပုန်ကန်သူက ပြည်မကြီးကို ဖရိုဖရဲ ဖြစ်စေခဲ့တဲ့ အချိန်မှာတောင် နန်ချန်က ဖိန်ကျိုးကို ဘယ်တုန်းကမှ ဒုက္ခမပေးခဲ့ပါဘူး။ အခု မင်းသမီးက မြောက်ပိုင်းဝေ့နဲ့ မဟာမိတ်ဖွဲ့ဖို့ ရွေးချယ်လိုက်တာက... နည်းနည်းလေး သစ္စာမဲ့သလို..."
သူ့ စကားမဆုံးမီမှာပင် အေးစက်သော နှာခေါင်းရှုံ့သံတစ်ခုက သူ့ကို ဖြတ်တောက်သွားခဲ့သည်။
ကျန်းယွီနှင့် ဖန်းမင်တာတို့သည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြ၏။ မတ်တတ်ရပ်နေသော အရာရှိများ ပြည့်နှက်နေသည့် ခန်းမအတွင်း စကားပြောလိုက်သော သက်ကြီးရွယ်အို အမျိုးသားတစ်ဦးတည်းသာ ဝိန်းယွီ၏ ဘယ်ဘက် အောက်ဘက် အနည်းငယ်ကျသော ကြီးမားသည့် ကုလားထိုင်ပေါ်တွင် ထိုင်နေခြင်းမှာ သူ၏ ထူးခြားသော အဆင့်အတန်းကို ရှင်းလင်းစွာ ပြသနေခြင်းပင်။ ဖန်းမင်တာသည် မသိစိတ်က အလိုလို တိတ်ဆိတ်သွားတော့သည်။
လီယောင်သည် သူ့တောင်ဝှေးကို အားဖြင့်ဆောင့်ချလိုက်ပြီး သူ၏ အိုမင်းသော်လည်း စူးရှသော မျက်လုံးများက ဖန်းမင်တာကို ခွဲခြမ်းစိတ်ဖြာသည့်နှယ် စိုက်ကြည့်နေ၏။
"သစ္စာမဲ့တယ် ဟုတ်လား။ နန်ချန်က တကယ်ကို ရဲတင်းလွန်းနေတာပဲ။ ဖိန်ကျိုး မြို့တံခါးပြင်ပမှာ တာ့လျန်ကို ပေါ်ပေါ်တင်တင် စော်ကားခဲ့တာ ဘယ်သူလဲ။ ရိုင်းစိုင်းတဲ့ စကားတွေနဲ့ မင်းသမီးကို စော်ကားခဲ့တာ ဘယ်သူလဲ။ နန်ချန်က တာ့လျန်ရဲ့ တရားဝင် စေ့စပ်မှု ဖျက်သိမ်းစာကို မရလိုက်ဘူးလား။ အခု ငါတို့ရဲ့ မင်းသမီးက ပိုပြီး သင့်တော်တဲ့ လက်တွဲဖော်ကို ရွေးချယ်တာက နန်ချန်နဲ့ ဘာများဆိုင်လို့လဲ။ ပြီးတော့ ဖေမျိုးနွယ် ပုန်ကန်သူရဲ့ အုံကြွမှုအတွင်းမှာ နန်ချန်က ဖိန်ကျိုးကို မတိုက်ခိုက်ခဲ့ဘူးဆိုပြီး မင်းက ထုတ်ပြောရဲသေးတာလား။ အဲ့ဒီတုန်းက နန်ချန်ဟာ ပြည်တွင်းရေး ပဋိပက္ခတွေ၊ ပြင်ပ ခြိမ်းခြောက်မှုတွေနဲ့ လုံးပန်းနေရပြီး အရပ်မျက်နှာ အားလုံးကနေ ဝန်းရံခံထားရတာ၊ ပြီးတော့ တာ့လျန်ရဲ့ အကူအညီနဲ့သာ မင်းတို့ အသက်ရှင်ကျန်ရစ်ခဲ့တာလေ။ အခု နန်ချန်က တာ့လျန်ကို မကူညီခဲ့ရုံသာမက လက်ပိုက်ကြည့်နေပြီးတော့ တာ့လျန်က မင်းတို့ကို ကျေးဇူးတင်နေဖို့ မျှော်လင့်နေတုန်းပဲလား"
လီယောင်က သရော်ကာ တစ်ချက် ရယ်မောလိုက်၏ "နန်ချန်က စာရင်းဘယ်လို မှတ်ရမလဲဆိုတာကို သေချာပေါက် သိတာပဲ"
အချေအတင် ပြောဆိုသည့် ကိစ္စရပ်များတွင် အခန်းတွင်းရှိ လူအနည်းငယ်သာ လီယောင်ကို ယှဉ်နိုင်ပေသည်။ သူ၏ ပြစ်တင်ကြိမ်းမောင်းမှုကို ကြားလိုက်ရသောအခါ တာ့လျန် အရာရှိများသည် ကျေနပ်မှု လှိုင်းတံပိုးတစ်ခုကို ခံစားလိုက်ရပြီး ဖန်းမင်တာဆီသို့ ရန်လိုသော အကြည့်များဖြင့် ကြည့်ရင်း သူတို့၏ ကိုယ်ဟန်အနေအထားများကို မသိမသာ မတ်မတ် ထားလိုက်ကြ၏။
ကျန်းယွီ၏ မျက်နှာက မည်းမှောင်သွားပြီး ဗန်း၏ အစွန်းကို ဆုပ်ကိုင်ထားစဉ် သူ၏ လက်ဆစ်များမှာ ဖြူဆွတ်သွားလေသည်။ သူ၏ လက်ရှိ အခန်းကဏ္ဍကို သူ့ကိုယ်သူ သတိပေးခြင်းဖြင့်သာ မလိုလားအပ်သော လုပ်ရပ်တစ်ခုခုကို မပြုလုပ်မိရန် ထိန်းချုပ်ထားရသည်။
ဤကဲ့သို့သော ထိပ်တိုက်ရင်ဆိုင်မှုမျိုးနှင့် အကျွမ်းတဝင်မရှိသော ဖန်းမင်တာသည် အလျင်အမြန် ရှင်းပြလိုက်သည်။ "ဒီနိမ့်ကျလှတဲ့သံတမန်က... အဲ့ဒီလို သဘောမျိုး ပြောတာ မဟုတ်ပါဘူး။ အဲ့ဒီ မိုက်မဲတဲ့ စစ်သူကြီးက တမင်သက်သက် လုပ်ခဲ့တာ မဟုတ်ပါဘူး— သူက တာ့လျန်ရဲ့ စစ်သူကြီးတွေနဲ့ လက်ရည်ချင်း ယှဉ်ချင်ရုံ သက်သက်ပါ။ နန်ချန်က ရိုးသားစွာ တောင်းပန်ပြီးပါပြီ၊ ပြီးတော့ ကျွန်တော်မျိုးတို့ရဲ့ ဘုရင်နဲ့ မယ်တော်ကြီးတို့ကလည်း အဲ့ဒီ လူမိုက်ကို အပြစ်ပေးပြီးပါပြီ..."
လီယောင်က သူ့ကို ပြတ်သားစွာ ဖြတ်ပြောလိုက်၏။ "ဆင်ခြေပေးတာတွေ တော်လိုက်တော့။ ဘယ်အချိန်ကစပြီး မင်္ဂလာမဟာမိတ်ဖွဲ့မှုတိုင်းက စေ့စပ်ပွဲအတွင်းမှာ ဒီလောက် ရိုင်းစိုင်းခွင့်ရှိသွားတာလဲ။ ငါတို့ရဲ့ မင်းသမီးက နန်ချန်ကို လက်ထပ်သွားရင်တောင် မင်းတို့ရဲ့ မိဖုရားခေါင်ကြီး ဖြစ်လာမှာပဲ။ ဘာလဲ၊ အရာရှိတွေက တော်ဝင်မိသားစုကို ပေါ်ပေါ်တင်တင် စော်ကားနိုင်တဲ့အထိ နန်ချန်ရဲ့ ယဉ်ကျေးမှု ထုံးစံတွေက ပျက်စီးယိုယွင်းနေပြီလား။ မင်းတို့ရဲ့ စစ်သူကြီးတွေ အချင်းချင်း လက်ရည်ချင်းယှဉ်ကြတဲ့အခါ မင်းတို့ရဲ့ ချန်ဝမ် ဒါမှမဟုတ် မယ်တော်ကြီးကိုရော လှောင်ပြောင်ကြသေးသလား"
ကျန်းယွီ၏ မျက်နှာအမူအရာက မုန်တိုင်းထန်လာသယောင် ဖြစ်လာခဲ့သည်။
ထိုပြစ်တင်ကြိမ်းမောင်းမှုအောက်တွင် ဖန်းမင်တာသည် နီရဲသွားတော့သည်။ အပြောကောင်းဆုံးသူပင်လျှင် ယခုအချိန်တွင် ဉာဏ်ရည်ပြည့်ဝသော တန်ပြန်စကားတစ်ခွန်း ရှာဖွေရန် ရုန်းကန်ရလိမ့်မည်။ သူသည် ဤမျှလောက် ရှုပ်ထွေးသော ပြဿနာကြီးကို ချန်ထားရစ်ခဲ့သည့်အတွက် စစ်ခုံးဝေ့နှင့် ကျန်းယွီတို့ကို စိတ်ထဲမှ ကျိတ်ပြီး ကျိန်ဆဲလိုက်ကာ သူ၏ ပြည့်ဖောင်းဖောင်းလက်မှ ချွေးများကို အထပ်ထပ် သုတ်နေမိလေသည်။
လီယောင်၏ ဒေါသသည် စကားပြောနေစဉ် ပိုကြီးထွားလာခဲ့ပြီး သူ၏ တောင်ဝှေးဖြင့် မြေပြင်ကို ဆောင့်ကာ မေးခွန်းထုတ်လိုက်၏။ "မင်းတို့ နန်ချန်က ဘယ်လိုလုပ်ပြီး ဒီလောက် မောက်မာရတာလဲ။ ငါတို့ တာ့လျန်ပြည်မှာ အရည်အချင်းရှိတဲ့ လူတွေ မရှိတော့ဘူး၊ ဒါမှမဟုတ် ဝိန်းမိသားစုမှာ ဘယ်သူမှ မကျန်တော့ဘူးလို့ မင်းတို့ ထင်နေတာလား။ အခု မင်းတို့က အပြစ်အားလုံးကို အဲ့ဒီ စစ်သူကြီးလူငယ်ဆီ လွှဲချပြီး ဒီကိစ္စကို ဖုံးကွယ်ထားဖို့ ကြိုးစားနေတာ— ဒါက လုံးဝကို စက်ဆုပ်ရွံရှာဖွယ် ကောင်းလှတယ်"
သူ့စကားသံများ အဆုံးတွင် ခန်းမအတွင်းရှိ အမတ်များသည် ဖြောင့်မတ်သော ဒေါသများ ပေါက်ကွဲထွက်လာကြပြီး အော်ဟစ်လိုက်ကြသည်။
"မင်းတို့ရဲ့ နန်ချန်ကို ပြန်ကြတော့"
"ဒီလို တောရိုင်းမြေက အရိုင်းအစိုင်းတွေက ငါတို့ တာ့လျန်ပြည်ရဲ့ ကောင်းကင်ဘုံ ဧကရာဇ်ရဲ့ သမီးတော်နဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ"
"ဆိုရိုးစကားအတိုင်း အခက်အခဲက လူတစ်ယောက်ရဲ့ အစစ်အမှန် စရိုက်လက္ခဏာကို ဖော်ပြတယ်တဲ့။ နန်ချန်ရဲ့ အခကြေးငွေယူပြီး လုပ်ဆောင်တဲ့ အပြုအမူက တကယ်ကို အရှက်ရစရာ မြင်ကွင်းပါပဲ"
ထိတ်လန့်မှုကြောင့် ဖန်းမင်တာ၏ နှလုံးသားက လေးလံသွားခဲ့သည်။ သူသည် မသိစိတ်က အလိုလို ကျန်းယွီဆီသို့ လှမ်းကြည့်လိုက်မိသော်လည်း ကျန်းယွီသည် လက်ရှိတွင် သူ၏ အစေခံအဖြစ် ရုပ်ဖျက်ထားပြီး တိတ်ဆိတ်စွာ ခေါင်းငုံ့ထားကြောင်းကို ပြန်သတိရသွား၏။ အလျင်စလိုပင် ဖန်းမင်တာသည် ခါးကို အကြိမ်ကြိမ် ညွှတ်ကာ ဝိန်းယွီဆီသို့ လက်နှစ်ဖက်ကို ယှက်လိုက်လေသည်။
"နန်ချန်က မင်းသမီးကို စော်ကားဖို့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူး။ မင်းသမီး ဒီအချက်ကို ရှင်းရှင်းလင်းလင်း မြင်ပေးဖို့ ကျွန်တော်မျိုး တောင်းပန်ပါတယ်။ မူလက ကတိပေးထားတာထက် ပိုပြီး မင်းသမီးမှာ တခြား တောင်းဆိုချက်တွေ ရှိရင် ကျေးဇူးပြုပြီး ပြောပြပေးပါ။ နန်ချန်ရဲ့ စွမ်းဆောင်နိုင်ရည်ထဲမှာ ရှိနေသရွေ့ ကျွန်တော်မျိုးတို့ ငြင်းပယ်မှာ မဟုတ်ပါဘူး"
အထက်တွင် ထိုင်နေသော ဝိန်းယွီသည် မှိန်ဖျော့ပြီး လှောင်ပြောင်သယောင် ရှိသော အပြုံးတစ်ခုကို ပြုံးထားသည်။ "တကယ်လို့ ငါက ရှင်းကျိုးနဲ့ ယီကျိုးကို လိုချင်တယ်ဆိုရင်ကော"
ဖန်းမင်တာသည် ခဏတာ ဆွံ့အသွားသော်လည်း သူ၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့၏။
"မင်းသမီး... ကျွန်တော်မျိုးကို မနောက်ပါနဲ့။ ရှင်းကျိုးနဲ့ ယီကျိုး နှစ်ခုစလုံးက လက်ရှိမှာ မြောက်ပိုင်းဝေ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ နန်ချန်ရဲ့ စစ်တပ်က ပိုင်ယန်တောင်ကြား အပြင်ဘက်မှာ ပိတ်ဆို့ခံထားရပါတယ်— ဒီပြည်နယ် နှစ်ခုကို ကျွန်တော်မျိုးတို့ ဘယ်လိုလုပ်ပြီး သိမ်းပိုက်နိုင်မှာလဲ"
ဝိန်းယွီက ပြန်ဖြေလိုက်သည်။ "ဒီမင်းသမီး ဆိုလိုတာက မင်းတို့ရဲ့ တပ်ဖွဲ့တွေ ရှင်းကျိုးနဲ့ ယီကျိုးကို သိမ်းပိုက်ပြီးတဲ့အခါကို ပြောတာပါ"
ဖန်းမင်တာသည် အံ့အားသင့်သွားပြီး ဝိန်းယွီ၏ မျက်လုံးများက သူ၏ ဝိညာဉ်ကိုပင် ပြုစားနိုင်စွမ်းရှိသည်ဟု ခံစားလိုက်ရသည်။ ကျန်းယွီ၏ တိုးညှင်းသော ချောင်းဆိုးသံက သူ့ကို သတိပြန်ဝင်လာစေသည်အထိ သူသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့၏။ သတိကြီးစွာဖြင့် သူက မေးလိုက်သည်။ "ဒါက... မြောက်ပိုင်းဝေ့က ဒီပြည်နယ် နှစ်ခုကို မင်းသမီးဆီ ပေးလိမ့်မယ်လို့ မင်းသမီးက တကယ်ပဲ ယုံကြည်နေတာလား"
ဝိန်းယွီက မေးခွန်းကို ပါးနပ်စွာ လွှဲဖယ်လိုက်သည်။ "ဘာလို့ မယုံကြည်ရမှာလဲ"
ဖန်းမင်တာက မြောက်ပိုင်းဝေ့သည် ဤသတ်မှတ်ချက်များကို ဘယ်သောအခါမှ သဘောတူမည်မဟုတ်ဟု မသိစိတ်က အလိုလို ခံစားလိုက်ရ၏။ သို့သော် မြောက်ပိုင်းဝေ့၏ အထီးကျန်နေသော အနေအထားကို သူ စဉ်းစားလိုက်သောအခါ— ရှင်းကျိုးနှင့် ယီကျိုးမှလွဲ၍ သူတို့တွင် မဟာမိတ်များ မရှိသလို သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော ရန်သူကိုလည်း ရင်ဆိုင်ရဦးမည် ဖြစ်ရာ— သူ၏ ယုံကြည်ချက်က ယိမ်းယိုင်သွားခဲ့သည်။ အကယ်၍ မြောက်ပိုင်းဝေ့က ရှင်းကျိုးနှင့် ယီကျိုးကို စွန့်လွှတ်လိုက်ပြီး တာ့လျန်၏ အကြွင်းအကျန်များကို နန်ချန်နှင့် သေရေးရှင်ရေး တိုက်ခိုက်ခွင့်ပြုလိုက်ပါက သူတို့သည် အကျိုးအမြတ်များကို ရိတ်သိမ်းရန် နောက်ပိုင်းတွင် ဝင်ရောက်လာနိုင်ခြေ ရှိပေသည်။
သူသည် သူ၏ နည်းဗျူဟာကို ချက်ချင်း ပြောင်းလဲလိုက်ပြီး ယခင်က အောက်ကျို့စွာ ငြိမ်းချမ်းရေး တောင်းဆိုမှုများကို စွန့်လွှတ်လိုက်သည်။ ယင်းအစား ခြိမ်းခြောက်သည့် လေသံဖြင့် အန္တရာယ်များကို သူ ချပြလိုက်လေသည်။
"ကျွန်တော်မျိုးက မြောက်ပိုင်းဝေ့နဲ့ မဟာမိတ်ဖွဲ့တာကို မင်းသမီးအတွက် ပညာရှိတဲ့ ရွေးချယ်မှုလို့ မယုံကြည်ပါဘူး"
တာ့လျန် နန်းတွင်း အရာရှိများ၏ ဒေါသတကြီး အကြည့်များနှင့် ရင်ဆိုင်ရင်း သူသည် ယခင်ကကဲ့သို့ပင် အခမ်းအနားသုံး အရိုအသေပေးမှုဖြင့် ဝိန်းယွီကို မျက်နှာမူလိုက်သော်လည်း ယခုအခါ အောက်ကျို့မှု အရိပ်အယောင် လုံးဝ မရှိတော့ချေ။
"နန်ချန်ရဲ့ ထိပ်တန်း တပ်ဖွဲ့ဝင် သောင်းနဲ့ချီပြီး တောင်ကြားအပြင်ဘက်မှာ တပ်စွဲထားပါတယ်။ သူတို့ မြောက်ဘက်ကို ချီတက်လာတာနဲ့ ဖေမိသားစုကြောင့် အဓိက တပ်ဖွဲ့တွေ ဖြတ်တောက်ခံထားရတဲ့ မြောက်ပိုင်းဝေ့ကို အားကိုးပြီး ဖိန်ကျိုးက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ်လို့ မင်းသမီး ထင်နေတာလဲ"
တာ့လျန် အရာရှိများ၏ စိတ်အားထက်သန်မှုက အနည်းငယ် လျော့ကျသွားသည်ကို သတိပြုမိပြီးနောက် သူသည် ဆက်မပြောခင် ခေတ္တ ရပ်နားလိုက်၏။
"ပွင့်ပွင့်လင်းလင်း ပြောရရင် ဖေစုန့်က ဒီမတိုင်ခင်ကတည်းက နန်ချန်ကို မဟာမိတ်ဖွဲ့ဖို့ ချဉ်းကပ်ခဲ့ပြီးပါပြီ။ တာ့လျန်ရဲ့ ချန်လျန်ဝမ်ရဲ့ အတိတ်က စစ်ရေးအကူအညီနဲ့ မင်းသမီးနဲ့ မင်္ဂလာ သဘောတူညီချက်ကို လေးစားတဲ့အနေနဲ့သာ ကျွန်တော်မျိုးတို့ရဲ့ ဘုရင်နဲ့ မယ်တော်ကြီးတို့က ဖေစုန့်ရဲ့ တောင်းဆိုချက်ကို ငြင်းဆိုခဲ့တာပါ။ တကယ်လို့ မင်းသမီးက မြောက်ပိုင်းဝေ့နဲ့ မဟာမိတ်ဖွဲ့မယ်ဆိုရင် မင်းသမီးက နန်ချန်ကို ဖေစုန့်နဲ့ မဟာမိတ်ဖွဲ့ဖို့ တွန်းအားပေးနေတာပဲ ဖြစ်လိမ့်မယ်။ အဲ့ဒီလို ဖြစ်လာတဲ့အခါ ဖိန်ကျိုး ဦးဆောင်တဲ့ ပြည်နယ်လေးခုဟာ စစ်မျက်နှာ နှစ်ဖက်စလုံးမှာ အင်အားကြီးမားတဲ့ ရန်သူတွေကို ရင်ဆိုင်ရလိမ့်မယ်၊ မြောက်ပိုင်းဝေ့ရဲ့ အဓိက တပ်ဖွဲ့တွေကတော့ အဆက်အသွယ် ပြတ်တောက်နေတုန်းပဲ။ မင်းသမီးက တခြားသူတွေအတွက် လမ်းခင်းပေးဖို့ ဖိန်ကျိုးနဲ့ ထောင်ခရိုင် အားလုံးကို ဘာဖြစ်လို့ စတေးရမှာလဲ။ ခဏတာ ဒေါသကြောင့် မှားယွင်းတဲ့ မဟာမိတ်ကို ရွေးချယ်ပြီး ပိုကြီးမားတဲ့ အခြေအနေကို မပျက်စီးစေဖို့ ကျွန်တော်မျိုးက မင်းသမီးကို အလေးအနက် တောင်းပန်ပါတယ်။ တကယ်လို့ မင်းသမီးက အဲ့ဒီ မိုက်မဲတဲ့ စစ်သူကြီးရဲ့ စော်ကားတဲ့ စကားတွေကြောင့် ဒေါသထွက်နေတယ်ဆိုရင် နန်ချန်က နောက်ထပ် တောင်းပန်မှုတွေ လုပ်ပေးဖို့ ဆန္ဒရှိပါတယ်"
ဖန်းမင်တာ၏ အပြောအဆိုစွမ်းရည်သည် သေနေသူများကိုပင် အသက်ပြန်ရှင်လာစေနိုင်စွမ်း ရှိသည်ဟု ပြောရပေမည်။ အစပိုင်းတွင် သူ့ကို သိသိသာသာ ရန်လိုမှုဖြင့် ကြည့်ရှုခဲ့ကြသော တာ့လျန် အမတ်များသည် အကျိုးအပြစ်များနှင့် ပတ်သက်သော သူ၏ငြင်းခုံချက်များကို ကြားပြီးနောက် ယခုအခါ သူတို့၏ မျက်နှာများပေါ်တွင် စိုးရိမ်မှုများကို ရှင်းလင်းစွာ မြင်တွေ့လာရသည်။
အစောပိုင်းက သူ့ကို အပြင်းထန်ဆုံး ပြစ်တင်ကြိမ်းမောင်းခဲ့သော သက်ကြီးရွယ်အို အမျိုးသားပင်လျှင် သူ၏ တောင်ဝှေးကို မှီကာ မျက်လွှာချပြီး တိတ်ဆိတ်သွားခဲ့၏။
ဖန်းမင်တာ၏ ကျောပြင်သည် ချွေးအေးများဖြင့် စိုရွှဲနေပြီး ယခုမှသာ သူသည် အသက်ပြန်ရှင်လာသယောင် ခံစားရကာ တိုးညှင်းစွာ သက်ပြင်းချရဲတော့သည်။
မျက်နှာအမူအရာ လုံးဝ မပြောင်းလဲဘဲ ကျန်ရှိနေသည့် တစ်ဦးတည်းသော သူမှာ ဝိန်းယွီပင် ဖြစ်သည်။ သူမက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။ " သံတမန်က စစ်မျက်နှာ နှစ်ဖက်ကြားမှာ ညပ်သွားမှာက ဖေစုန့် မဟုတ်ဘဲ ဖိန်ကျိုး ဖြစ်လိမ့်မယ်လို့ ဘာဖြစ်လို့ အရမ်း သေချာနေရတာလဲ"
ဤစကားကို ကြားလိုက်ရချိန်တွင် ကျန်းယွီသည် ဝိန်းယွီကို မကြည့်ဘဲ မနေနိုင်တော့ချေ။
ဖန်းမင်တာသည်လည်း အံ့အားသင့်သွားပြီး အထင်သေးခံရမှုကြောင့် ရှက်ရွံ့ခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောယှက်ကာ ပြန်ဖြေလိုက်၏။ "ရှင်းကျိုး၊ ယီကျိုး နဲ့ ထောင်ခရိုင်တို့ကို မဟာမိတ်ဖွဲ့ခြင်းအားဖြင့် ဖိန်ကျိုးဟာ မြောက်ဘက်ကို ချီတက်လာမယ့် ကျွန်တော်မျိုးတို့ရဲ့ အင်အားကြီးမားတဲ့ နန်ချန် စစ်တပ်ကို တားဆီးထားနိုင်ပြီး ဖေစုန့်ကို တိုက်ခိုက်ရာမှာ မြောက်ပိုင်းဝေ့ကို ကူညီဖို့ အင်အား ကျန်ရှိနေသေးတယ်လို့ မင်းသမီးက တကယ်ပဲ ယုံကြည်နေတာလား"
ဝိန်းယွီက ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်၏။ "မင်းတို့ရဲ့ နန်ချန်ကို တားဆီးဖို့ ငါတို့ ပြည်နယ် လေးခုရဲ့ အင်အား မလိုပါဘူး။ ပိုင်ယန်တောင်ကြားရဲ့ သဘာဝ ကာကွယ်ရေးတွေကို အားကိုးပြီး ဖိန်ကျိုး တစ်ခုတည်းကတင် မင်းတို့ကို တောင်ကြား အပြင်ဘက်မှာ ဆက်ရှိနေအောင် လုပ်နိုင်တယ်"
ဖန်းမင်တာ၏ အရှက်ရမှုနှင့် ဒေါသတို့က ပြင်းထန်စွာ မြင့်တက်လာခဲ့၏။ သူ၏ ဒေါသကို ဖိနှိပ်ထားလျက် သူက ပြောလိုက်လေသည်။ "သံတမန်က ဒီကို ဆွေးနွေးညှိနှိုင်းဖို့ ရိုးသားတဲ့ ရည်ရွယ်ချက်တွေနဲ့ လာခဲ့တာပါ။ ဘာဖြစ်လို့ တာ့လျန်ရဲ့ လေးစားထိုက်တဲ့ မင်းသမီးက ဒီလို စကားတွေနဲ့ ကျွန်တော်မျိုးကို လှောင်ပြောင်ရတာလဲ။ ပိုင်ယန်တောင်ကြားက အန္တရာယ်များပေမဲ့ ကျော်ဖြတ်လို့ မရနိုင်တာမျိုးတော့ မဟုတ်ပါဘူး"
ဝိန်းယွီသည် မျက်ခုံးကို ခပ်ရေးရေး ပင့်လိုက်သည်။ "လှောင်ပြောင်တယ် ဟုတ်လား"
သူမသည် ဖန်းမင်တာကို တည့်တည့်ကြည့်ကာ ပြောလိုက်၏။ "ဖိန်ကျိုးက တောင်ကြားကို စောင့်ကြပ်ဖို့ တပ်ဖွဲ့ဝင် တစ်သောင်းပဲ ချန်ထားလိမ့်မယ်။ သံတမန်အနေနဲ့ သရုပ်ဖော်ဖို့အတွက် သဲပုံစံငယ်ကို အသုံးပြုပြီး မင်းတို့ရဲ့ နန်ချန် တပ်ဖွဲ့တွေ တောင်ကြားကို တိုက်ခိုက်တဲ့အခါ ဘယ်လို အခြေအနေရှိမလဲဆိုတာကို စမ်းသပ်ကြည့်ဖို့ ကြိုဆိုပါတယ်"
ဝိန်းယွီ၏ ယုံကြည်မှုရှိသော အမူအရာကို မြင်လိုက်ရသောအခါ သူမ၏ စကားများတွင် အမှန်တရားအချို့ ပါဝင်နေနိုင်သည်ဟု ဖန်းမင်တာတစ်ယောက် ခဏတာ စိုးရိမ်သွားခဲ့သည်။ သို့သော် တာ့လျန်၏အင်အား အထွတ်အထိပ်သို့ ရောက်နေချိန်၌ပင် ဖိန်ကျိုး တစ်ခုတည်းက သူတို့ကို တောင်ကြား အပြင်ဘက်၌ ထိန်းထားနိုင်သည်ဟု မည်သူကမျှ အခိုင်အမာ မပြောရဲခဲ့ချေ။ ထို့ပြင် နန်ချန်သည် ယခုအခါ အထူးတပ်ဖွဲ့ဝင်သောင်းနှင့်ချီပြီး ကွပ်ကဲနေချိန်တွင် ဖိန်ကျိုး၏ တပ်ဖွဲ့များမှာမူ အင်အား ပြန့်ကျဲနေသည်။ သည်လောက်ရဲတင်းသော ကြေညာချက်ကို ပြုလုပ်ရန် ဝိန်းယွီကို မည်သည့်အရာက ယုံကြည်မှု ပေးခဲ့ပါသနည်း။
ဤသို့ တွေးတောလိုက်ခြင်းဖြင့် သူ၏အစောပိုင်းက စိုးရိမ်မှုများ လုံးဝ ပျောက်ကွယ်သွားခဲ့၏။ ဝိန်းယွီသည် စစ်ရေးဗျူဟာအကြောင်း ဘာမှမသိဘဲ သူမ၏ သတ်မှတ်ချက်များကို သူတို့ လက်ခံလာစေရန် အတင်းအကျပ် ခြိမ်းခြောက်နေခြင်း သက်သက်သာ ဖြစ်သည်ဟု သူ ကောက်ချက်ချလိုက်သည်။
သူသည် မျက်နှာပေါ်တွင် မပေါ်လွင်စေရန် ထိန်းသိမ်းထားသော်လည်း သူ၏ နှလုံးသားထဲတွင် မထီမဲ့မြင်ပြုမှုများ လှုပ်ရှားလာခဲ့သည်။ သူသည် ဝိန်းယွီကို ဦးညွှတ်လိုက်ပြီး ပြောလိုက်လေသည်။ "သံတမန်က ထပ်ပြောပါရစေ... တာ့လျန်နဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိဖို့ နန်ချန်ရဲ့ ဆန္ဒက ဘယ်တော့မှ မယိမ်းယိုင်ခဲ့ပါဘူး။ မင်းသမီးက ဒီလမ်းကြောင်းကိုပဲ တင်းခံနေမှတော့ ကျွန်တော်မျိုးက ရိုသေစွာ လိုက်နာပါ့မယ်"
ခန်းမ၏ ထိပ်ဆုံးတွင် ထိုင်နေသော ဝိန်းယွီကို ရှောင်းလိက ချက်ချင်း ကြည့်လိုက်၏။ သူမသည် အကြည့်မလွှဲဘဲ သူ၏အကြည့်နှင့် ဆုံလိုက်ပြီး သူမ၏ အစေခံများကို တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
"သဲပုံစံငယ်ကို ပြင်ဆင်လိုက်"
အစေခံများသည် ပစ္စည်းကိရိယာများကို အလျင်အမြန် ယူဆောင်လာကြပြီး အလျား ဆယ်ပေကျော်နှင့် အနံ ငါးပေခန့်ရှိသော သဲပုံစံငယ်တစ်ခုကို အစည်းဝေးခန်းမအတွင်း ပြင်ဆင်လိုက်ကြလေတော့သည်။
...