အခန်း ၈၂
Vol. 9 Ch. 82
အပိုင်း (၈၂)
ကျန်းယွီ၏ မျက်နှာပေါ်ရှိ အတင်းဖန်တီးထားသော တည်ငြိမ်မှုသည် တဒင်္ဂ ပျက်ယွင်းသွားခဲ့၏။ သူက ဒေါသကို ဖိနှိပ်ကာ ပြောလိုက်လေသည်။ "မင်းသမီးက ရယ်စရာပြောနေတာလား။ ဒီစစ်သူကြီးကတော့ မင်းသမီးရဲ့ စကားတွေထဲမှာ နန်ချန်နဲ့ ပူးပေါင်းချင်တဲ့ ဆန္ဒကို လုံးဝ မကြားရပါဘူး"
ဝိန်းယွီသည် ပန်းပုထွင်းထားသော ကုလားထိုင်လက်တန်းပေါ်တွင် တံတောင်ဆစ်ကို ထောက်ထားလိုက်သည်။ သူမက အေးတိအေးစက် ဩဇာအာဏာဖြင့် သူ့ကို ငုံ့ကြည့်ကာ ပြောလိုက်၏။ "ကျွန်မ ရှင်တို့ကို အခွင့်အရေးတွေ ပေးခဲ့ပါတယ်။ အစပိုင်း ညှိနှိုင်းမှုတွေကတည်းက ကျွန်မက ရှင်းကျိုးနဲ့ ယီကျိုးကိုပဲ တောင်းဆိုခဲ့တာပါ။ အခုလို သဲမြေပုံ စစ်ရေးပြကွက်အထိ ရောက်လာရတာက နန်ချန်က ငြင်းဆန်ခဲ့လို့ပါပဲ"
သူမ၏ အကြည့်က အထူးတလည် တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ထိုတည်ငြိမ်မှုအောက်တွင် မယိမ်းယိုင်သည့် ဆုံးဖြတ်ချက်တစ်ခု ရှိနေသည်။ "စစ်ရေးပြကွက်ရဲ့ ရလဒ်တွေက ရှင်းလင်းနေပါပြီ တပ်မှူးကျန်း။ ဖိန်ကျိုးက စစ်သည်အင်အား ၁၀၀၀၀လောက်နဲ့တင် တာ့လျန်က ရှင်တို့ မြောက်ဘက်က ချီတက်လာမှကို တားဆီးနိုင်တယ်။ အရင်က ရှင်တို့ရဲ့ သံတမန် တွက်ဆခဲ့တဲ့ အခြေအနေလိုပဲ တကယ်လို့ ကျွန်မတို့က မြောက်ပိုင်းဝေ့နဲ့ မဟာမိတ်ဖွဲ့ရင် တာ့လျန်က နန်ချန်နဲ့ ဖေစုန့်ကြားမှာ ညပ်သွားလိမ့်မယ် ဆိုတာက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီအစား မကြာခင်မှာ တာ့လျန်နဲ့ မြောက်ပိုင်းဝေ့ကြားမှာ ညပ်သွားမယ့် ဖေစုန့်ကသာ စိုးရိမ်သင့်တာပါ"
ဖန်းမင်တာသည် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။ သို့သော် ကျန်းယွီက ခေါင်းမာစွာဖြင့် အခိုင်အမာ ပြောလေသည်။ "ဝေ့ချီရှန်းက ရှင်းကျိုးနဲ့ ယီကျိုးကို ရပြီးသွားရင် ဘယ်တော့မှ ပြန်ပေးမှာ မဟုတ်ဘူး"
ဝိန်းယွီသည် သူ့ကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်သည်။ "တပ်မှူးက စစ်တုရင် သိပ်မကစားဘူး ထင်တယ်"
ကျန်းယွီသည် အထက်တွင် ထိုင်နေသော တာ့လျန်မင်းသမီးကို စိုက်ကြည့်နေမိသည်။ သူက သူမ၏ အလှအပကို ခံစားရန်အတွက် တစ်စက်လေးပင် အာရုံမထားနိုင်တော့ချေ။
ဒီမိန်းမရဲ့ ဉာဏ်ရည်က လူသားတစ်ယောက်နဲ့ မတူဘဲ နတ်ဆိုးတစ်ကောင်လိုပဲ။
တကယ်လို့ ငါ့ရဲ့ အတွေးတွေက နည်းနည်းလေး နောက်ကျသွားရင်တောင် သူ့ရဲ့ ထောင်ချောက်တွေထဲ ကျသွားလိမ့်မယ်။ အမှန်နဲ့ အမှားကို ခွဲခြားနိုင်ဖို့ သူပြောတဲ့ စကားလုံးတိုင်းကို အပြည့်အဝ အာရုံစိုက်ထားရမယ်။
သူမ၏ ဆက်စပ်မှုမရှိသယောင် စကားနှင့် ရင်ဆိုင်ရချိန်တွင် သူက အလွန် သတိထားနေဆဲဖြစ်ပြီး ပြောလိုက်၏။ "အဲဒါက စစ်တုရင်နဲ့ ဘာဆိုင်လို့လဲ"
ဝိန်းယွီသည် သူမ၏ နူးညံ့သော အမူအရာကို ထိန်းသိမ်းထားရင်း ပြောလိုက်လေသည်။ "မဟုတ်ရင်တော့ တပ်မှူးအနေနဲ့ ဘုရင်ကို ကာကွယ်ဖို့အတွက် ရထားကို စတေးရတယ်ဆိုတဲ့ သဘောတရားကို နားလည်သင့်တယ်"
သူမ၏ ကြည်လင်နေသော မျက်ဝန်းများက ထိုးဖောက်နေသည့် အေးစက်မှု အလင်းတန်းတစ်ခု ဖြာထွက်နေကာ ခပ်တန်းတန်း ဂရုမစိုက်သလို သူ့ကို ကြည့်နေလေသည်။ "တကယ်လို့ ကျွန်မက မြောက်ပိုင်းဝေ့နဲ့ မဟာမိတ် မဖွဲ့ဘူးဆိုရင် သူတို့က ရှင်းကျိုးနဲ့ ယီကျိုးကို ခေါင်းမာမာနဲ့ ကာကွယ်နေပြီး နောက်ဆုံးမှာတော့ တာ့လျန်နဲ့ နန်ချန် ပေါင်းတိုက်တဲ့အောက်မှာ ကျရှုံးသွားလိမ့်မယ်။ ဒါပေမယ့် ဒီပြည်နယ် နှစ်ခုကို စတေးလိုက်ခြင်းအားဖြင့် သူတို့က နန်ချန်ကို တိုက်ခိုက်ဖို့ တာ့လျန်ကို မဟာမိတ်အဖြစ် ရသွားလိမ့်မယ်။ တကယ်လို့ ရှင်သာ ဝေ့ချီရှန်း ဖြစ်ခဲ့ရင် ဘာကို ရွေးချယ်မလဲ"
ကျန်းယွီသည် သူတို့၏ ဆုံတွေ့နေသော အကြည့်များကြားမှတစ်ဆင့် အေးစက်သော ကြောက်ရွံ့မှုတစ်ခု စိမ့်ဝင်လာပြီး သူ့နှလုံးသားအထိ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။
တကယ်တော့ နန်ချန်က ရှင်းကျိုးနဲ့ ယီကျိုးကို ခေါင်းမာမာနဲ့ တွယ်ကပ်နေလိမ့်မယ်။ ဒါပေမယ့် တောင်ဘက်မှာ ဝေ့ချီရှန်းအတွက် ရွေးချယ်စရာ မရှိဘူးလေ။ တာ့လျန်မင်းသမီးကို ချွေးမအဖြစ် ရဖို့အတွက် ဒီရထားနှစ်စင်းကို စတေးလိုက်တာက ဖေစုန့်ကို တိုက်ခိုက်မယ့် သူ့ရဲ့ စစ်ဆင်ရေးကို တရားဝင် ဖြစ်စေတဲ့အပြင် သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ ပြိုင်ဘက် နန်ချန်ကိုလည်း တောင်ကြားတံခါးတွေရဲ့ အပြင်ဘက်မှာ ဆက်ထားနိုင်လိမ့်မယ်။ ဘယ်လိုပဲ တွက်တွက် ဒါက အမြတ်ထွက်တဲ့ အပေးအယူတစ်ခုပဲ။
ထိုတိုတောင်းသော အခိုက်အတန့်လေးအတွင်း ကျန်းယွီ၏ စိတ်ထဲတွင် အတွေးပေါင်း ထောင်သောင်းမက ပြေးလွှားသွားခဲ့သည်။ သို့သော် ဤအကျပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို သူ ရှာမတွေ့ခဲ့ချေ။
သဲမြေပုံ စစ်ရေးပြကွက် မတိုင်မီကပင် အကယ်၍ တာ့လျန်က မြောက်ပိုင်းဝေ့နှင့် မဟာမိတ်ဖွဲ့ခဲ့လျှင်တောင် သူတို့က အန္တရာယ် သိပ်မပေးနိုင်ဟု သူ ယုံကြည်ခဲ့သည်။ သို့သော် စစ်ရေးပြကွက်အပြီးတွင်တော့ သူ၏ မာနများနှင့် ယုံကြည်မှုများက လုံးဝ ရိုက်ချိုးခံလိုက်ရလေပြီ။
စစ်တုရင်ခုံပေါ်တွင်ရော ပုံစံတူ စစ်မြေပြင်မှာပါ သူသည် မည်မျှ ကြောက်စရာကောင်းသော ပြိုင်ဘက်နှင့် ရင်ဆိုင်နေရသည်ကို သူ့ထက် ပိုနားလည်သူ မရှိချေ။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျန်းယွီ၏ လည်စေ့က လှုပ်ရှားသွားပြီး သူက ပြောလိုက်သည်။ "ဒီကိစ္စက အရမ်းအရေးကြီးပါတယ်။ ဒီစစ်သူကြီးအနေနဲ့ ကျွန်တော်တို့ရဲ့ အရှင်မင်းကြီးနဲ့ မယ်တော်ကြီးဆီ အစီရင်ခံပြီး နန်းတွင်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်ရပါလိမ့်မယ်"
ဝိန်းယွီက ပြန်ပြောလိုက်၏။ "သဘောတူပါတယ်။ ဒါပေမယ့် ရှင့်ရဲ့စာကို ချိပ်ပိတ်ပြီး မပို့ခင် ဖိန်ကျိုးက အရာရှိတွေက စစ်ဆေးရပါလိမ့်မယ်။ တပ်မှူးမှာ ကန့်ကွက်စရာ ရှိလား"
ပိုင်ယန်တောင်ကြားတံခါး အပြင်ဘက်တွင် တပ်စွဲထားသော နန်ချန်စစ်တပ်များ သူတို့၏ နည်းဗျူဟာများကို ကြိုတင် သိရှိသွားမည်ကို တားဆီးရန်အတွက် ဤသဲမြေပုံ စစ်ရေးပြကွက်မှ တိကျသော စစ်ရေးဗျူဟာများကို စာထဲတွင် လုံးဝ ထည့်ရေး၍ မရနိုင်ကြောင်း ကျန်းယွီက နားလည်ထားသည်။
သူက ပြောလိုက်၏။ "ဒီစစ်သူကြီးမှာ ကန့်ကွက်စရာ မရှိပါဘူး"
ဖန်းမင်တာသည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး မြှောက်ပင့်သော အပြုံးကို အတင်းဖန်တီးကာ ပြောလိုက်၏။ "ဒါက... မင်းသမီး၊ မင်းသမီးက မြောက်ပိုင်းဝေ့ဆီကနေ စစ်သည်အင်အား ၁၀၀၀၀၀ကို တစ်နှစ်စာ ထောက်ပံ့ဖို့ လုံလောက်တဲ့ ရိက္ခာ တင်း ၃သန်း မတောင်းဆိုခဲ့ပါဘူး။ နန်ချန်က မကြာသေးခင် နှစ်တွေအတွင်းမှာ ပြည်တွင်းရော ပြည်ပမှာပါ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အရှင်မင်းကြီး နန်းတက်ပြီးနောက်မှာ အခွန်တွေကို ၃နှစ်တိတိ လျှော့ချပေးဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒီ၃နှစ်ကတောင် မကုန်သေးပါဘူး၊ နန်ချန်ရဲ့ စပါးကျီတွေထဲမှာလည်း သိုလှောင်ထားတဲ့ ရိက္ခာတွေ သိပ်မရှိတော့ပါဘူး။ မကြာသေးခင်က ရွာခဲ့တဲ့ မိုးသည်းထန်မှုတွေနဲ့ တောင်ကျရေတွေကလည်း နန်ချန်ကို ချမ်းသာမပေးခဲ့ပါဘူး။ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ရိက္ခာတွေ လိုအပ်သလို မကြာခင်မှာ မြောက်ပိုင်း ချီတက်မှုအတွက်လည်း စစ်ဘက်ဆိုင်ရာ ရိက္ခာတွေ လိုအပ်ဦးမှာပါ။ တကယ်လို့ နန်ချန်ရဲ့ စပါးကျီတွေကနေ ရိက္ခာ မထောက်ပံ့နိုင်ရင် ကျွန်တော်တို့က သာမန်ပြည်သူတွေဆီကနေ အခွန်ကောက်ဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ပါဘူး။ နောက်ထပ် ရိက္ခာ တင်း၃သန်းကို အတင်းအကျပ် ကောက်ခံလိုက်တာက ပြည်သူတွေကို အသက်ရှင်ရပ်တည်ဖို့ လမ်းစမရှိအောင် လုပ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ တောင်ကြားတံခါးထဲကို ဝင်လာကတည်းက မင်းသမီးက ပြည်သူတွေကို ကိုယ့်သားသမီးတွေလို ချစ်ခင်မြတ်နိုးတယ်ဆိုတာကို ကျွန်တော် အမြဲ ကြားနေခဲ့ရပါတယ်။ နန်ချန်က သာမန်ပြည်သူတွေကိုလည်း ကရုဏာထားပေးဖို့ မင်းသမီးကို ကျွန်တော် ရဲရဲတင်းတင်းပဲ တောင်းဆိုပါရစေ..."
ဝိန်းယွီက ပြောလိုက်သည်။ "ရှင်တို့ ကောက်ခံထားတဲ့ ရိက္ခာ တင်း၃သန်းကိုပဲ ပို့ပေးလိုက်ပါ"
ဖန်းမင်တာသည် အလွန်အမင်း ထိတ်လန့်သွားပြီး ကျန်းယွီ၏ မျက်နှာအမူအရာသည်လည်း ပြောင်းလဲသွားခဲ့သည်။
ဖန်းမင်တာက ထိတ်လန့်တကြား ပြောလိုက်၏။ "မဟုတ်ဘူး၊ ဒါက..."
ဝိန်းယွီက သူ့စကားကို ဖြတ်ပြောလိုက်သည်။ "ဒီ ရိက္ခာ တင်း၃သန်းကို ကျွန်မက ကိုယ်ပိုင် အသုံးပြုဖို့အတွက် လိုချင်တာ မဟုတ်ပါဘူး။ မြောက်ပိုင်းကို ချီတက်ဖို့ နန်ချန်က တောင်ကြားထဲကို ဝင်လာတဲ့အခါ ဒီစစ်ဘက်ဆိုင်ရာ ရိက္ခာတွေကို ကျွန်မက လစဉ် ခွဲဝေပေးပါ့မယ်။ တပ်မှူးကျန်းနဲ့ အကြံပေးအမတ်တို့က မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေကို ကြောက်ပြီး ကျွန်မရဲ့ ဖိန်ကျိုးကို လာလည်တဲ့အခါ သူတို့ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ခဲ့ကြသလိုပဲ ကျွန်မ ရှာဖွေနေတာကလည်း ကျွန်မနဲ့ ကျွန်မရဲ့ ပြည်သူတွေအတွက် အာမခံချက် နည်းနည်း ရဖို့သက်သက်ပါပဲ"
ဖန်းမင်တာက အလျင်စလို ပြောလိုက်သည်။ "မင်းသမီးက ဘာဖြစ်လို့ ဒီလို စိုးရိမ်မှုတွေ ရှိနေရတာလဲ။ အဲဒီအချိန်ကျရင် မင်းသမီးက ကျွန်တော်တို့ နန်ချန်ရဲ့ မိဖုရား ဖြစ်နေပါပြီ။ မင်းသမီးအပေါ်ထားတဲ့ ကျွန်တော်တို့ အရှင်မင်းကြီးရဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာကြောင့် အရှင်မင်းကြီး ပိုင်ဆိုင်သမျှ အရာအားလုံးက သဘာဝကျကျပဲ မင်းသမီးရဲ့ အရာတွေ ဖြစ်လာမှာပါ။ ကျွန်တော်တို့ အရှင်မင်းကြီးက တာ့လျန်အရာရှိတွေနဲ့ ပြည်သူတွေကို နန်ချန်က ပြည်သူတွေနဲ့ မခွဲခြားဘဲ သေချာပေါက် ဆက်ဆံပေးမှာပါ"
ဤစကားက ဝိန်းယွီအတွက် တိုက်ရိုက် တုံ့ပြန်ရန် ခက်ခဲစေခဲ့သည်။ စကားကို သွယ်ဝိုက်မပြောတတ်သော ပွင့်လင်းသည့် လူတစ်ယောက်ဖြစ်သည့် ဖန့်ယွမ်က ချက်ချင်းပင် ပြောလိုက်သည်။ "မင်းတို့ရဲ့ ချန်ဝမ် ပိုင်ဆိုင်တာတွေက ငါတို့ မင်းသမီးရဲ့ အရာတွေလည်း ဖြစ်တယ်ဆိုမှတော့ ငါတို့ မင်းသမီးက သူ့ကို ကြိုတင်ပြီး အစိတ်အပိုင်း သေးသေးလေး တစ်ခုလောက် ပေးဖို့ တောင်းဆိုတာကို ဘာဖြစ်လို့ မင်းတို့က မပေးချင်ရတာလဲ"
ဤသည်က ဖန်းမင်တာကို အောင်မြင်စွာ အသံတိတ်သွားစေပြီး သူ့ကို အနည်းငယ် အရှက်ရသွားစေခဲ့၏။
ဝိန်းယွီက သူတို့ နှစ်ယောက်စလုံးကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "တကယ်လို့ နန်ချန်က ကျွန်မရဲ့ သတ်မှတ်ချက်တွေကို သဘောတူတယ်ဆိုရင် ဒီရိက္ခာ တင်း၃သန်းက နောင်တစ်ချိန်မှာ ရှင်တို့ရဲ့ နန်ချန်စစ်တပ်တွေအတွက်ပဲ သဘာဝကျကျ အသုံးပြုသွားမှာပါ။ ဖိန်ကျိုးက ဦးဆောင်တဲ့ ပြည်နယ် ၃ခုနဲ့ ခရိုင် ၁ခုက ကျွန်မ ကိုယ်တိုင် စီမံခန့်ခွဲတယ်ဆိုပေမယ့် နန်ချန်နဲ့ အကျိုးစီးပွားတူတူပဲ ဖြစ်ပြီး ပြင်ပရန်သူတွေကို ဆန့်ကျင်ရာမှာလည်း ညီညွတ်တဲ့ တပ်ဦးတစ်ခုကို တည်ဆောက်ထားပါတယ်"
သူမ၏ အကြည့်က ကျန်းယွီထံတွင် ရပ်တန့်သွား၏။ "နန်ချန်ရဲ့ အကြောင်းပြန်ချက်ကို ကျွန်မ စောင့်နေပါ့မယ်"
ဤသို့ ပြောပြီးနောက် သူမသည် အနည်းငယ် ပင်ပန်းနေပုံပေါ်ပြီး ကျောင်းပိုင်၏ လက်မောင်းကို အားပြုကာ အနားယူရန် အတွင်းဆောင်သို့ ဝင်သွားတော့သည်။
လီရွှင်သည် လီယောင်ဘက်သို့ ကြည့်လိုက်ပြီး သူ၏ အချက်ပြမှုကို ရရှိပြီးနောက် လူအားလုံးကို ကြေညာလိုက်သည်။ "ဒီနေ့ ဆွေးနွေးပွဲတွေက ဒီမှာပဲ ပြီးဆုံးပါပြီ။ ဒီနေ့ည ထောင်ခရိုင်မှာ ကျင်းပမယ့် အောင်ပွဲခံ စားပွဲနဲ့ ကျွန်တော်တို့ရဲ့ သံတမန်တွေအတွက် ကြိုဆိုပွဲ အခမ်းအနားတွေမှာ လုပ်ဖော်ကိုင်ဖက်တွေ အနေနဲ့ စိတ်တိုင်းကျ အောင်ပွဲခံနိုင်ပါတယ်"
တာ့လျန် အရာရှိများ အားလုံးက သူတို့၏ သဘောတူညီမှုကို အသံထွက်ကာ ဖော်ပြခဲ့ကြသည်။ တက်ရောက်လာသော အမတ်များစွာက နန်ချန်သည် နောက်ဆုံးတွင် သည်လောက်အထိ အလျှော့ပေးလိမ့်မည်ဟု တကယ်တမ်း မမျှော်လင့်ထားခဲ့ကြချေ။ သို့သော် ညှိနှိုင်းမှုများကို ဂရုတစိုက် ပြန်လည် စဉ်းစားကြည့်သောအခါ ဝိန်းယွီ၏ ပင့်ကူအိမ်ကဲ့သို့သော ဗျူဟာအတွင်း၌ နန်ချန်တွင် နောက်ဆုတ်ရန် နေရာ လုံးဝ မရှိခဲ့သည်မှာ အမှန်ပင်။
သူတို့၏ ဝမ်းမြောက်မှုများကြားတွင် ကျောချမ်းသွားသည့် ခံစားချက်ကိုလည်း မတားဆီးနိုင်ခဲ့ကြချေ။
ကံကောင်းထောက်မစွာဖြင့် ထိုကဲ့သို့သော လူတစ်ယောက်က သူတို့၏ သခင် ဖြစ်နေသည်။
ဖန့်ယွမ်သည်လည်း အတော်လေး စိတ်သက်သာရာ ရသွားခဲ့၏။ သူက ရှောင်းလိ၏ လည်ပင်းကို လက်မောင်းဖြင့် ချိတ်ကာ ရယ်မောလိုက်သည်။ "ဟေ့ကောင်လေး၊ ပြီးခဲ့တဲ့အကြိမ်က ထောင်ခရိုင်ကို သိမ်းပိုက်ခဲ့တဲ့ မင်းရဲ့ ဂုဏ်ကျေးဇူးကိုတောင် ငါတို့ အောင်ပွဲ မခံရသေးဘူး။ ဒီနေ့မှာလည်း မင်းက ငါတို့ ဖိန်ကျိုးစစ်တပ်အတွက် ဂုဏ်ကျက်သရေကို ထပ်ပြီး ယူဆောင်လာပေးပြန်ပြီ။ ဒီနေ့ညတော့ မင်း ညီအစ်ကိုတွေနဲ့အတူ အရက် ခွက်တော်တော်များများ သောက်ရလိမ့်မယ်"
လူတိုင်းက ပျော်ရွှင်ကာ သက်တောင့်သက်သာ ရှိနေပုံရသော်လည်း ရှောင်းလိကတော့ မပြုံးနိုင်ခဲ့ချေ။ သို့တည်းမဟုတ် ချန်ဝမ်၏ ပိုင်ဆိုင်မှုများက ဝိန်းယွီ၏ ပိုင်ဆိုင်မှုများလည်း ဖြစ်သည်ဟု ဖန်းမင်တာ ပြောကတည်းက သူ့မျက်နှာပေါ်တွင် အမူအရာအားလုံး ပျောက်ဆုံးသွားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
ဝိန်းယွီသည် နန်ချန်သို့ လက်ထပ်သွားရလိမ့်မည်ကို သူ အစောကြီးကတည်းက သိထားခဲ့သော်လည်း သူမနှင့် ချန်ဝမ်အကြောင်း အခြားသူများ ပြောဆိုနေကြသည်ကို ကြားရခြင်းက သူ့အတွက် အထူးတလည် နားခါးနေဆဲပင်။
ဖန့်ယွမ် စကားပြောပြီးနောက် ရှောင်းလိထံမှ မည်သည့် တုံ့ပြန်မှုမှ မရှိသည်ကို မြင်သောအခါ သူသည် ရှောင်းလိ၏အကြည့်နောက် လိုက်ကြည့်လိုက်ရာ ဖန်းမင်တာနှင့် ကျန်းယွီတို့က အဝေးတွင် လီရွှင်နှင့် စကားပြောနေကြသည်ကို တွေ့လိုက်ရ၏။ ရှောင်းလိ၏ မှုန်ကုပ်နေသော မျက်နှာအမူအရာက နန်ချန်မှ ဤသံတမန် နှစ်ယောက်ကို မနှစ်မြို့ခြင်းကြောင့်ဟု ထင်မှတ်ကာ သူက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်လေသည်။ "ငါလည်း ဒီခွေးနှစ်ကောင်ကို ကြည့်မရဘူး။ ဒီနေ့ည စားပွဲမှာ သူတို့ကို စားပွဲအောက် ရောက်သွားတဲ့အထိ တိုက်ပစ်မယ်"
ရှောင်းလိက "အဲဒါက သူတို့ကို အထင်ကြီးလွန်းရာ ကျပါတယ်" ဟု ဖန့်ယွမ်၏ စကားကို အသိအမှတ်ပြုကာ ပြန်ပြောလိုက်သည်။
ဖန့်ယွမ်က ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် ရှောင်းလိက ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားခဲ့သည်ကို မြင်လိုက်ရ၏။
ဟိုဘက်တွင် လီရွှင်က ဖန်းမင်တာနှင့် ကျန်းယွီတို့ကို ပြောနေသည်။ "ကျွန်တော် တောင်းပန်ပါတယ်။ မကြာသေးခင်က ဆက်တိုက် ရွာသွန်းခဲ့တဲ့ မိုးသည်းထန်မှုတွေကြောင့် ရေကြီးရေလျှံမှုတွေ အပြင်းအထန် ဖြစ်ပေါ်ခဲ့ပြီး ဖိန်ကျိုးက အရာရှိတွေ အားလုံး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးမှာ အလုပ်များနေခဲ့ကြပါတယ်။ သံတမန် နှစ်ဦးအတွက် ကြိုဆိုပွဲ အခမ်းအနားကို ကျွန်တော်တို့ မကျင်းပရသေးသလို ထောင်ခရိုင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်ပွဲခံ အခမ်းအနားကိုလည်း ရွှေ့ဆိုင်းထားခဲ့ရပါတယ်။ ဒီနေ့ညမှာတော့ ကျွန်တော်တို့က ပွဲနှစ်ခုစလုံးကို ပေါင်းပြီး ကျင်းပသွားမှာဖြစ်လို့ သံတမန် နှစ်ဦးနဲ့ အမတ်ချုပ်စီခုံးတို့ ကျွန်တော်တို့ကို ဂုဏ်ပြု တက်ရောက်ပေးဖို့ စိတ်ရင်းမှန်နဲ့ မျှော်လင့်ပါတယ်"
ဖန်းမင်တာက မြှောက်ပင့်သော အပြုံးဖြင့် ပြန်ပြောလိုက်သည်။ "ကျွန်တော်တို့ သေချာပေါက် လာခဲ့ပါ့မယ်၊ သေချာပေါက် လာခဲ့ပါ့မယ်"
သူတို့ကို ပင်မတံခါးဝတွင် လိုက်ပို့ပြီးနောက် လီရွှင်သည် ဝိန်းယွီကို ရှာရန် အထဲသို့ ဝင်သွားခဲ့၏။
ဝိန်းယွီသည် အလွန်အကျွံ စဉ်းစားခဲ့ရခြင်းကြောင့် ခေါင်းကိုက်နေပုံပေါ်ပြီး ပြတင်းပေါက်ဘေးရှိ ကုလားထိုင်တစ်လုံးတွင် ထိုင်နေကာ ကျောင်းပိုင်က သူမ၏ နားထင်များကို နှိပ်နယ်ပေးနေသည်။
လီယောင်သည် ရေနွေးကြမ်း တစ်ခွက်ကို ကိုင်ထားပြီး အဖုံးဖြင့် လက်ဖက်ရည် အမြှုပ်များကို ခပ်ထုတ်ရင်း အေးအေးဆေးဆေး သောက်နေသည်။
ကျန်းယွီနှင့် ဖန်းမင်တာတို့ကို လိုက်ပို့ပြီးစီးကြောင်း အစီရင်ခံပြီးနောက် လီရွှင်က ပြောလိုက်၏။ "ကံကောင်းထောက်မစွာနဲ့ အမတ်လီနဲ့ စစ်သူကြီးရှောင်းတို့က တန်ပြန်ဗျူဟာကို ကြိုတင် စဉ်းစားထားခဲ့တဲ့အတွက် ဒီနေ့ ညှိနှိုင်းမှုတွေက အတော်လေး ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့ပါတယ်။ မဟာမိတ်စာချုပ်ကို အခု လက်မှတ်ရေးထိုးနိုင်မလား ဆိုတာကတော့ နန်ချန်ရဲ့ အကြောင်းပြန်ချက် အပေါ်မှာပဲ မူတည်နေပါတော့တယ်"
ကျောင်းပိုင်က တစ်ခုခုကို သတိရသွားပုံဖြင့် ရုတ်တရက် မေးလိုက်သည်။ "သူတို့က ရှင်းကျိုး၊ ယီကျိုးတို့နဲ့ အဆက်အသွယ် လုပ်မလုပ်ဆိုတာကို စောင့်ကြည့်ဖို့ လူတစ်ယောက်လောက် ထားသင့်သလား"
ဝိန်းယွီက မျက်လုံးများကို ပင့်ကာ မေးလိုက်သည်။ "ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ"
ကျောင်းပိုင်၏ မျက်နှာပေါ်တွင် ရှားပါးလှသော စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။ "ကျွန်မတို့က နန်ချန် ဒါမှမဟုတ် မြောက်ပိုင်းဝေ့ တစ်ခုခုနဲ့ မဟာမိတ်ဖွဲ့ဖို့ ရွေးချယ်နိုင်သလို သူတို့အတွက်လည်း အတူတူပဲလေ"
ထိုစကားကို ကြားသောအခါ လီရွှင်သည် မနေနိုင်ဘဲ ခပ်တိုးတိုး ရယ်မောလိုက်လေသည်။
လီယောင်သည် သူ့လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြောလိုက်သည်။ "သူက တည်ငြိမ်ပုံပေါ်ပေမယ့် အရူးမလေးဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ"
ခဏတာ ဇဝေဇဝါ ဖြစ်သွားသော ကျောင်းပိုင်က ပြောလိုက်၏။ "ကျွန်မတို့ သူတို့ကို ကာကွယ်သင့်တယ် မဟုတ်ဘူးလား။ တကယ်လို့ အဲဒီ နှစ်ဖက်က မဟာမိတ် ဖွဲ့လိုက်မယ်ဆိုရင် သူတို့က ဖိန်ကျိုးနဲ့ ထောင်ခရိုင်ကို အရှေ့နဲ့ အနောက် နှစ်ဖက်စလုံးကနေ တိုက်ခိုက်လာနိုင်တယ်။ ကျွန်မတို့က နန်ချန်ကို တားဆီးဖို့ ပိုင်ယန်တောင်ကြားတံခါးရဲ့ ဗျူဟာမြောက် အားသာချက်ကို အားကိုးနိုင်ပေမယ့် ရှင်းကျိုးနဲ့ ယီကျိုးတွေကနေ အနောက်ကနေ ဝင်တိုက်မယ့် တိုက်ခိုက်မှုကိုတော့ ခံနိုင်ရည် ရှိချင်မှ ရှိမှာပါ"
လီယောင်က ဝိန်းယွီကို တစ်ချက် ကြည့်လိုက်သည်။ "မင်းဘေးနားက လူတွေကို သေသေချာချာ ပညာပေးဖို့ အချိန်ယူသင့်တယ်"
ဝိန်းယွီက မှိန်ဖျော့ဖျော့ ပြုံးလိုက်ပြီး ကျောင်းပိုင်ကို မေးလိုက်သည်။ " နန်ချန်နဲ့ မြောက်ပိုင်းဝေ့ နှစ်ခုစလုံးက ကျွန်မရဲ့ သတ်မှတ်ချက်တွေကို လက်ခံဖို့ ဘာဖြစ်လို့ ဆန္ဒမရှိကြတာလဲ"
ကျောင်းပိုင်က ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်၏။ "ဒါပေါ့၊ သူတို့က မင်းသမီးကို ရှင်းကျိုးနဲ့ ယီကျိုးတွေ ပေးရမှာကို နှမြောနေကြလို့လေ"
ဝိန်းယွီက ပြောလိုက်သည်။ "ဒါဆို တကယ်လို့ နန်ချန်က မြောက်ပိုင်းဝေ့နဲ့ မဟာမိတ် ဖွဲ့လိုက်မယ်ဆိုရင် မြောက်ပိုင်းဝေ့က ရှင်းကျိုးနဲ့ ယီကျိုးတွေကို စွန့်လွှတ်ဖို့ ဆန္ဒရှိသွားပြီလို့ ဆိုလိုတာလား။ ဒါမှမဟုတ် နန်ချန်က အဲဒီ ပြည်နယ် နှစ်ခုကို မလိုချင်တော့ဘူးလို့ ဆိုလိုတာလား"
၎င်းက ကျောင်းပိုင်၏ ခေါင်းထဲတွင် မီးသီးလေးတစ်လုံး လင်းလက်သွားသကဲ့သို့ပင်။ သူမသည် မိမိနဖူးကို အလျင်အမြန် နှစ်ချက် ရိုက်လိုက်ပြီး ပြောလိုက်၏။ "ဒီအစေခံ မှားသွားပါတယ်"
ဝိန်းယွီ အဆိုပြုထားသော သတ်မှတ်ချက်များအရ အကယ်၍ နန်ချန်က သူတို့နှင့် မဟာမိတ်ဖွဲ့ရန် သဘောတူခဲ့မည်ဆိုပါက ဖိန်ကျိုး ဦးဆောင်သော ပြည်နယ် ၃ခုနှင့် ခရိုင် ၁ခုသည် ဝိန်းယွီ ပိုင်ဆိုင်မည် ဖြစ်သော်လည်း ၎င်းသည် အခြေခံအားဖြင့် ဝိန်းယွီ၏ သတို့သမီး မင်္ဂလာလက်ဖွဲ့နှင့် ညီမျှသွားလိမ့်မည်။
ထိုနယ်များကို နန်ချန်က ပိုင်ဆိုင်သည် မဟုတ်လျှင်တောင်မှ နန်ချန်တွင် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ သို့မဟုတ် ရိက္ခာများ လိုအပ်လာပါက ဝိန်းယွီက သဘောတူသရွေ့ သူတို့သည် ဤနယ်မြေများမှ နန်ချန်သို့ အချို့အဝက်ကို ခွဲဝေပေးနိုင်သည်။
အကယ်၍ နန်ချန်က မြောက်ပိုင်းဝေ့နှင့် မဟာမိတ် ဖွဲ့ခဲ့မည်ဆိုလျှင် သူတို့ကြားရှိ အခြေခံ အကျိုးစီးပွား ပဋိပက္ခများကို ထည့်မပြောလျှင်တောင်မှ ချက်ချင်း မတိုက်ခိုက်ကြလျှင်ပင် ဖေစုန့်ကို ဖြေရှင်းပြီးနောက်တွင် သူတို့သည် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲတစ်ခုကို ရှောင်လွှဲမရဘဲ ဆင်နွှဲရလိမ့်မည်။
လက်ငင်း အကျိုးအမြတ်များနှင့် အပေးအယူများကိုသာ ညှိနှိုင်းလို့ မရနိုင်ချေ။
နန်ချန်၏ လက်ရှိ လောဘအရ သူတို့က တာ့လျန်၏ တောင်ဘက် နယ်စပ် တစ်ခုလုံးကို အလုံးလိုက် မျိုချရန် ရှင်းလင်းစွာ ရည်ရွယ်ထားကြသည်။ ပြည်နယ် ၃ခုနှင့် ခရိုင် ၁ခုကို ထိန်းချုပ်ထားသော အနာဂတ် မိဖုရားလောင်း ဖြစ်သည့် ဝိန်းယွီကိုပင် သူမ၏ နယ်မြေများကို သိမ်းဆည်းထားခွင့်ပြုရန် ဆန္ဒမရှိကြချေ—— သူတို့က သူတို့၏ အင်အားကြီးမားသော ရန်သူဖြစ်သည့် မြောက်ပိုင်းဝေ့ကို ရှင်းကျိုးနှင့် ယီကျိုးများကို ဆက်လက် ထိန်းချုပ်ထားခွင့် မည်သို့ ပေးနိုင်ပါမည်နည်း။
မြောက်ပိုင်းဝေ့အတွက်တော့ ဤပြည်နယ် နှစ်ခုကို ဝိန်းယွီထံ စွန့်လွှတ်လိုက်ခြင်းက အနည်းဆုံးတော့ သူတို့၏ နယ်စားလေးအတွက် တာ့လျန်မင်းသမီးကို သတို့သမီးအဖြစ် ရရှိစေပြီး တာ့လျန်အပေါ် သစ္စာရှိသော အရာရှိများနှင့် သာမန်ပြည်သူများ၏ ထောက်ခံမှုကို အနိုင်ရရှိစေလိမ့်မည်။
ထိုပြည်နယ်များကို နန်ချန်ဆီ ပေးလိုက်ခြင်းအားဖြင့် မြောက်ပိုင်းဝေ့က ဘာရနိုင်ပါမည်နည်း။ သူတို့က တိုက်ရိုက် စစ်ကြေညာလိုက်ခြင်းကမှ ပိုကောင်းဦးမည်။
သည်အကြောင်းကို တွေးတော နားလည်သွားပြီးနောက် ကျောင်းပိုင်သည် သူမ၏ အစောပိုင်းက စိုးရိမ်မှုများကို ပြန်လည် စဉ်းစားကြည့်ရာ ၎င်းတို့က အနည်းငယ် မိုက်မဲနေကြောင်း တွေ့ရှိလိုက်ရ၏။
လီရွှင်သည် ဝိန်းယွီဘက်သို့ လက်နှစ်ဖက်ကို ယှက်လိုက်ပြီး ပြောလိုက်သည်။ "မဟာမိတ်ကိစ္စက အခု နောက်ထပ် ရှုပ်ထွေးမှုတွေနဲ့ ရင်ဆိုင်ရတော့မှာ မဟုတ်ပါဘူး။ မင်းသမီးအနေနဲ့ နန်ချန်ကို လိုက်ပါပို့ဆောင်မယ့် အရာရှိတွေကို စတင် ရွေးချယ်နိုင်ပါပြီ"
ထိုစကားကို ကြားသောအခါ ဝိန်းယွီသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလိုက်၏။ "ကျွန်မ ပြန်လည် စစ်ဆေးဖို့အတွက် အမည်စာရင်း တစ်ခုကို ရေးဆွဲပေးဖို့ လူကြီးမင်းကို ဒုက္ခပေးရပါလိမ့်မယ်"
လီယောင်က ဖြည့်စွက် ပြောလိုက်သည်။ "ဒီ နန်ချန်ကို သွားမယ့် ခရီးစဉ်က အန္တရာယ် မများနိုင်ပေမယ့် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ သတို့သမီးကို လိုက်ပါပို့ဆောင်မယ့် ယာဉ်တန်းအတွက် တိုက်ခိုက်ရေးမှာရော ဗျူဟာမှာပါ ကျွမ်းကျင်တဲ့ စစ်သူကြီး တစ်ယောက်ကိုတော့ တာဝန်ပေးသင့်တယ်"
...