← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

အပိုင်း (၈၄.၁)

ရှောင်းလိက လက်ထဲရှိ ကြေးသေရည်ခွက်ကို ဆုပ်ချေလိုက်၏။ ထိုအခါ ခွက်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး တိုးညှင်းသော ကွဲအက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သို့သော် ရုတ်တရက် ဝင်ပေါက်ဆီမှ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ ဧည့်ပရိသတ်အားလုံးက အာရုံစိုက်သွားကြ၏။ ဖန့်ယွမ်သည်လည်း ထိုဆူညံသံကြောင့် အာရုံလွှဲသွားခဲ့သည်။ ထို့ကြောင့် ထိုစကားများကို ကြားပြီးနောက် ရှောင်းလိတစ်ယောက် အိန္ဒြေပျက်သွားသည်ကို သတိမထားမိခဲ့ပေ။ ဖန့်ယွမ်က ပြုံးကာ ပြောလိုက်လေသည်။ "မင်းသမီး ရောက်လာပြီ"

ရှောင်းလိက မျက်လုံးကို ပင့်ကာ ကြည့်လိုက်သည်။ နန်ချန်မှ ကျန်းယွီ၊ အမတ်ချုပ်ဝေ့နှင့် ဖန်းမင်တာတို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာသည်ကို သူ မြင်တွေ့လိုက်ရ၏။ သူတို့နောက်တွင်တော့ ဝိန်းယွီနှင့် သူမ၏ဆရာ လီယောင်တို့သည် တံခါးဝတွင် ပေါ်လာခဲ့ကြသည်။

အမတ်များသည် သူတို့ကို ကြိုဆိုရန် တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လိုက်ကြသည်။ ရှောင်းလိ၏ မှိုင်းညို့နေသော အကြည့်တို့သည် ဝိန်းယွီထံသို့ ကျရောက်သွားခဲ့၏။

ဝိန်းယွီက သူ့အကြည့်ကို ခံစားမိပုံရသည်။ သူမက သူရှိရာဘက်ဆီသို့ ခဏတာ အကဲခတ်ကြည့်လိုက်၏။ သူမ၏ မျက်နှာအမူအရာသည် ထူးခြားစွာ တည်ငြိမ်နေလေသည်။

ပင်မထိုင်ခုံ၏ ဘယ်ဘက်တွင် လီယောင်အတွက် နေရာတစ်ခု စီစဉ်ပေးထားဆဲဖြစ်သည်။ ဝိန်းယွီနှင့် လီယောင်တို့က နေရာယူထိုင်လိုက်ကြသည်။ ထို့နောက် အမတ်များကို ပွဲတော်ကို စိတ်တိုင်းကျ သုံးဆောင်ကြရန် ဖိတ်ခေါ်လိုက်လေသည်။

သေရည်၃ခွက် သောက်ပြီးနောက် ဝိန်းယွီသည် လက်ထဲတွင် ခွက်ကိုကိုင်ကာ သူမ၏ထိုင်ခုံမှ မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူမက ကြေညာလိုက်လေသည်။

"ဒီည လူကြီးမင်းတို့အားလုံးကို ဒီကို ဖိတ်ခေါ်ရတဲ့ အကြောင်းရင်း ၃ခုရှိတယ်။ ပထမတစ်ခုက ဖုန်းယန်မှာ ကျွန်မတို့ ရှုံးနိမ့်သွားခဲ့ပေမဲ့ ဝိန်းမိသားစုအပေါ် သစ္စာရှိပြီး မြှုပ်နှံထားတဲ့ လူကြီးမင်းတို့ကို ကျေးဇူးတင်စကား ပြောဖို့ပါ။ ပြီးတော့ ကျွန်မကို ကူညီဖို့ ဖိန်ကျိုးကို မိုင်ထောင်ချီ ခရီးနှင်လာပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်"

အမတ်များသည် ဤသည်ကို မြင်သောအခါ မတ်တတ်ရပ်ကာ သူတို့၏ခွက်များကို မြှောက်လိုက်ကြသည်။ သူတို့က ၎င်းသည် လက်အောက်ခံများအနေဖြင့် သူတို့၏ တာဝန်သာဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောလိုက်လေသည်။

ဝိန်းယွီက ခန်းမထဲရှိ လူအားလုံးကို အကဲခတ်ကြည့်လိုက်ပြီး ဆက်ပြောလိုက်လေသည်။

"ဒုတိယအချက်က ထောင်ခရိုင်ကို သိမ်းပိုက်နိုင်ခဲ့တာကို ဂုဏ်ပြုဖို့ပါ။ ထောင်ခရိုင်က အုပ်ချုပ်ရေးမှူးယောင်နဲ့ တခြားအမတ်တွေ ကျွန်မတို့နဲ့ လာပူးပေါင်းတာက ကျွန်မရဲ့ ကံကောင်းမှုပါပဲ"

လီယောင်၏ ဖျောင်းဖျမှုကြောင့် လက်နက်ချခဲ့သော ယောင်ကျန့်ချင်းနှင့် အခြားသော ထောင်ခရိုင်အမတ်များသည် အလျင်စလို ခွက်များကို မြှောက်ကာ အရိုအသေပေးလိုက်ကြသည်။

"ကျွန်တော်တို့ရဲ့ အတိတ်က အမှားတွေကို ပြင်ဆင်ဖို့ ဒီအခွင့်အရေးပေးတဲ့ မင်းသမီးရဲ့ ကျေးဇူးတော်ကို ဝမ်းမြောက်မိပါတယ်။ အခုကစပြီး မင်းသမီးအပေါ် မယိမ်းယိုင်တဲ့ သစ္စာရှိပါ့မယ်လို့ ကတိပြုပါတယ်"

မိမိ၏နေရာတွင် ထိုင်နေသော အမတ်ချုပ်ဝေ့က ဝိန်းယွီ၏စကားများကို နားထောင်လိုက်၏။ သူမ၏ ငယ်ရွယ်မှုကို အကဲခတ်မိသောအခါ သူက ကျန်းယွီနှင့် ဖန်းမင်တာတို့ထံ တီးတိုးမပြောဘဲ မနေနိုင်တော့ပေ။

"ဒီဟန့်ယန်မင်းသမီးက သူ့လက်အောက်ငယ်သားတွေကို စီမံအုပ်ချုပ်တဲ့နေရာမှာ တော်တော်လေး ကျွမ်းကျင်တာပဲ"

ကျန်းယွီနှင့် ဖန်းမင်တာတို့ ပြန်မဖြေရသေးခင်မှာပင် ဝိန်းယွီက သူတို့ကို ရည်ရွယ်ပြောဆိုလိုက်သည်ကို ကြားလိုက်ရသည်။

"တတိယအချက်ကတော့ တာ့လျန်နဲ့ နန်ချန်ကြားက မကြာခင် ဖြစ်လာတော့မယ့် မဟာမိတ်ဖွဲ့ခြင်းကို ဂုဏ်ပြုဖို့ပါ။ အခုကစပြီး နန်ချန်နဲ့ တာ့လျန်ဟာ တစ်ယောက်ကိုတစ်ယောက် ဒိုင်းနဲ့ ဓားအဖြစ် အမှုထမ်းပေးနိုင်ပါပြီ။ အရင်လို အထီးကျန်ပြီး အားနည်းနေမှာ မဟုတ်တော့ပါဘူး"

အမတ်ချုပ်ဝေ့နှင့် အခြားနှစ်ယောက်သည် မတ်တတ်ရပ်လိုက်ကြသည်။ သူတို့က ဝိန်းယွီကို ပြုံးပြကာ ခွက်များကို မြှောက်လိုက်ကြ၏။

"မင်းသမီး ပြောတာ မှန်ပါတယ်။ နန်ချန်ကလည်း တာ့လျန်နဲ့ မဟာမိတ်စာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်နေပါတယ်"

ဝိန်းယွီက ခွက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီးသူတို့ကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်လေသည်။ သူမ၏ ကျယ်ဝန်းသော အင်္ကျီလက်မှ ချောမွေ့သော ပိုးသားသည် ရေလို စီးဆင်းကျလာခဲ့သည်။ ထိုအင်္ကျီလက်ပေါ်ရှိ ရှုပ်ထွေးလှပသော ပန်းထိုးလက်ရာများသည် ဖယောင်းတိုင် အလင်းရောင်အောက်တွင် ရှင်းလင်းသော ရေလှိုင်းလေးများပမာ တောက်ပစွာ လင်းလက်နေခဲ့သည်။ သူမက ခန်းမထဲရှိ အမတ်များကို ပြောလိုက်လေသည်။

"ဒီတစ်ခွက်ကို လူကြီးမင်းတို့အားလုံးအတွက် သောက်ပါ့မယ်"

ထိုသို့ပြောပြီးနောက် သူမက သူမ၏အင်္ကျီလက်ကို အကာအကွယ်အဖြစ် မြှောက်လိုက်၏။ ထို့နောက် ခွက်ထဲရှိ သေရည်များကို မော့သောက်လိုက်သည်။

အောက်ဘက်ရှိ အမတ်များသည်လည်း ထိုအတိုင်း လိုက်လုပ်ကြသည်။ သူတို့က သေရည်များကို သောက်ပြီးနောက် နေရာအသီးသီးတွင် ပြန်ထိုင်လိုက်ကြ၏။

သို့သော် ဝိန်းယွီသည် သူမ၏ ပင်မထိုင်ခုံသို့ ပြန်မသွားခဲ့ပေ။ ထို့အစား ရွှေကြိုးဖြင့် ပန်းထိုးထားသော သူမ၏ ပိုးထည်စကတ်စကို ဆွဲမကာ လှေကားထစ်များမှ ဖြည်းညှင်းစွာ ဆင်းလာခဲ့သည်။ ထို့နောက် ချန်ဝေ့၏ ထိုင်ခုံရှေ့တွင် ရပ်တန့်လိုက်၏။

ရွှေချထားသော သေရည်အိုးနှင့် ဝိန်းယွီ အသုံးပြုခဲ့သော ခွက်ပါရှိသည့် ဗန်းကိုကိုင်ကာ အစေခံမိန်းကလေးတစ်ဦးက အနီးကပ် လိုက်ပါလာခဲ့သည်။

ဝိန်းယွီက သေရည်အိုးကိုယူကာ မိမိ၏ခွက်နှင့် ချန်ဝေ့ရှေ့ရှိ စားပွဲပုလေးပေါ်ရှိ ခွက်ထဲသို့ သေရည်ငဲ့ထည့်လိုက်သည်။ သေရည်အိုးကို ချထားပြီးနောက် သူမက သူမ၏ခွက်ကို ကောက်ကိုင်ကာ ပြောလိုက်လေသည်။

"ကျွန်မရဲ့ နှိမ့်ချရတဲ့ အစပိုင်းကာလတွေမှာ လူကြီးမင်းရဲ့ အကူအညီကို ရရှိခဲ့တဲ့အတွက် ကံကောင်းခဲ့တယ်။ ဒါကြောင့်လည်း ကျွန်မ ဒီနေ့ဒီနေရာကို ရောက်လာခဲ့တာပါ။ ဒီတစ်ခွက်ကို လူကြီးမင်းအတွက် တိုက်ပါ့မယ်"

ချန်ဝေ့က သူနှင့်မထိုက်တန်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုလိုက်၏။ ထို့နောက် ဝိန်းယွီ ကိုယ်တိုင် ငဲ့ပေးထားသော ခွက်ကို လက်နှစ်ဖက်ဖြင့် မကာ သောက်လိုက်လေသည်။

ထို့နောက် လီရွှင်နှင့် ဖန့်ယွမ်တို့သည်လည်း ဝိန်းယွီထံမှ ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြုတိုက်ကျွေးခြင်းကို ခံရသည်။

ဝိန်းယွီသောက်နေသည်က သေရည်အပြင်းလား၊ အပျော့လားဆိုသည်ကို ရှောင်းလိ သေချာမသိပေ။ သို့သော် သူမ တစ်ခွက်ပြီးတစ်ခွက် သောက်နေသည်ကို ကြည့်ရင်း သူသည် သူ့ကိုယ်သူပင် သတိမထားမိဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။

သို့သော် သူ ဆက်မတွေးတောနိုင်မီမှာပင် ဝိန်းယွီသည် ဖန့်ယွမ်ကို သေရည်တိုက်ပြီးနောက် သူ့ရှေ့တွင် ပိုးဖိနပ်လေးများနှင့်အတူ ရပ်တန့်သွားခဲ့သည်။ ဝိန်းယွီသည် မူးယစ်နေသည့် အပြင်ပန်းလက္ခဏာများကို မပြသခဲ့ပေ။ သူမ၏ မျက်လုံးထောင့်များရှိ သတိမပြုမိနိုင်လောက်အောင် အနီရောင်ဖျော့ဖျော့မှလွဲ၍ သူမ၏ မျက်နှာအမူအရာသည် ရှင်းလင်းတည်ငြိမ်နေခဲ့၏။

သူမက သွယ်လျပြီး လှပသော လက်ချောင်းလေးများဖြင့် သေရည်အိုးကို မ,လိုက်၏။ ထို့နောက် ရှောင်းလိအတွက် သေရည်ငဲ့ပေးရန် ရှေ့သို့ ကိုင်းညွတ်လိုက်သည်။

ရှောင်းလိက မော့မကြည့်လိုက်ချေ။ သူ့မြင်ကွင်းထဲတွင် သေရည်အိုးကို ကိုင်ထားသည့် ဖြူဖျော့နူးညံ့သော လက်ကလေးနှင့် သေရည်အိုးနှုတ်ခမ်းဝမှ စီးကျလာသော ကြည်လင်သည့် သေရည်များဖြင့်သာ ပြည့်နှက်နေခဲ့သည်။ ဝိန်းယွီနှင့် သူ့ကြားတွင် စားပွဲငယ်လေးတစ်ခု ခြားထားသော်လည်း ၎င်းသည် လပေါင်းများစွာအတွင်း သူမနှင့် အနီးဆုံးရှိနေခြင်းဖြစ်သည်။

လွှင့်ပျံ့နေသော သေရည်ရနံ့များကြားတွင် သူမ၏ ထူးခြားလှသည့် အေးမြသော ရနံ့သင်းသင်းလေးကို သူ ခပ်ရေးရေး ရလိုက်၏။

'ဒါက သူ့ဘေးမှာ တွဲကျနေတဲ့ အင်္ကျီလက်ကျယ်တွေဆီက လွင့်ပျံလာတာလား။ ဒါမှမဟုတ် သူ့ရဲ့ ဆံနွယ်ဆီက ထွက်ပေါ်လာတာများလား။'

ရှောင်းလိသည် အကြာကြီးလည်း မကြည့်ရဲသလို အတွေးနက်သည်အထိလည်း မစဉ်းစားရဲချေ။ ဒူးပေါ်တင်ထားသော သူ့လက်သည် အမှတ်တမဲ့ တင်းကျပ်သွားပြီး လက်ခုံပေါ်ရှိ သွေးကြောများက သိသာစွာ ဖောင်းကြွလာခဲ့၏။

သေရည်ငဲ့ပြီးနောက် ဝိန်းယွီက သူမ၏ခွက်ကို ကောက်ကိုင်လိုက်ကာ ရှင်းလင်းပြတ်သားသော အသံဖြင့် ပြောလိုက်လေသည်။

"စစ်သူကြီးရှောင်းက ကျွန်မကို အန္တရာယ်တွေထဲကနေ ထပ်ခါတလဲလဲ ကယ်တင်ပေးခဲ့တယ်။ စစ်တပ်ထဲ ဝင်ကတည်းက စစ်ရေးအောင်မြင်မှု အများအပြားကိုလည်း ရရှိခဲ့တယ်။ ရှင့်လို စစ်သူကြီးမျိုးနဲ့ ဆုံတွေ့ရတာက ကျွန်မတို့ တာ့လျန်အတွက် ကောင်းချီးတစ်ခုပါပဲ။ ဒီတစ်ခွက်ကို ရှင့်အတွက် တိုက်ပါ့မယ်"

သူမနှင့် သည်လို နီးနီးကပ်ကပ်ရှိနေပြီး သူမ စကားပြောသည်ကို ကြားခဲ့ရသည်မှာ မည်မျှကြာသွားပြီကို ရှောင်းလိတစ်ယောက် မှတ်ပင် မမှတ်မိနိုင်တော့ချေ။ သူမ၏ အသံသည် သူ့နားရွက်ကို ပွတ်တိုက်သွားသော ငှက်မွေးသေးသေးလေးတစ်ခုနှင့် တူနေခဲ့သည်။ သူမ ကိုယ်တိုင်ကိုယ်ကျ ငဲ့ပေးထားသော သေရည်ကို မသောက်ရသေးခင်မှာပင် သူ့စိတ်သည် မူးယစ်နေသကဲ့သို့ ရှုပ်ထွေးသော အခြေအနေသို့ ရောက်နေလေပြီ။

သို့သော် ဖန့်ယွမ်၏ စောစောက စကားများသည် နားထဲတွင် ပဲ့တင်ထပ်နေခဲ့၏။ ၎င်းသည် သူ့ရင်ထဲတွင် ရှုပ်ထွေးပြီး ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခုကို လှုံ့ဆော်ပေးနေလေသည်။

မြောက်လေပြင်း တစ်သုတ်က သူ့ရင်ဘတ်ထဲတွင် ကွဲအက်နေသည့်နေရာကို ဆွဲဖြဲလိုက်သကဲ့သို့ ဖြစ်နေခဲ့သည်။ ကိုက်ခဲနေသော အအေးဒဏ်က အဆုတ်ထဲသို့ တိုက်ရိုက် စိမ့်ဝင်လာစေပြီး အေးစက်နာကျင်စေခဲ့၏။

ရှောင်းလိသည် မျက်လုံးများကို ပင့်လိုက်ပြီး ဝိန်းယွီ၏ အေးစက်တည်ငြိမ်သော အကြည့်တို့နှင့် ဆုံတွေ့လိုက်သည်။ သူ့လည်ချောင်းက အနည်းငယ် လှုပ်ရှားသွားခဲ့သော်လည်း ဘာမှမပြောခဲ့ပေ။ ထို့အစား သူက သေရည်ခွက်ကို လက်တစ်ဖက်ဖြင့် ကောက်ကိုင်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။

ဝိန်းယွီ လှည့်ထွက်လာခဲ့ပြီး သူကတော့ ပြန်ထိုင်ချရန် မလှုပ်မယှက်ပင်။ ထို့အစား စားပွဲပေါ်ရှိ သေရည်အိုးကို ကောက်ကိုင်လိုက်ပြီး ကြေညာလိုက်လေသည်။

"မင်းသမီးရဲ့ လေးစားမှုကို ရရှိတာက ကျွန်တော်မျိုး စစ်သူကြီးအတွက် တစ်သက်တာ ဂုဏ်ယူစရာပါ။ ကျွန်တော့်ဘာသာ နောက်ထပ် တစ်ခွက် သောက်ပါဦးမယ်"

ထိုသို့ပြောပြီးနောက် သူသည် သေရည်အိုးကို မြှောက်ကာ အိုးနှုတ်ခမ်းဝမှနေ၍ တိုက်ရိုက် သောက်ချလိုက်၏။

ဤလုပ်ရပ်က တစ်ခန်းမလုံးထံမှ အားပေးသြဘာသံများကို ရရှိခဲ့သည်။ စစ်သူကြီးများက ရှောင်းလိ၏ သောက်နိုင်စွမ်းကို ချီးကျူးလိုက်ကြသည်။ ပွဲမစခင်က သူ၏ ဂုဏ်ပြုတိုက်ကျွေးမှုကို ငြင်းပယ်ခံခဲ့ရသူများသည် ယခုအခါ သူ့အနားသို့ စုရုံးရောက်ရှိလာခဲ့ကြ၏။

ဝိန်းယွီသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ထို့နောက် သူမ၏ ပုံမှန် တည်ငြိမ်မှုဆီသို့ ပြန်မသွားမီ ရှောင်းလိကို ခဏတာ အကဲခတ်ကြည့်လိုက်၏။ သူမ၏ အစေခံက နောက်မှ လိုက်ပါလာခဲ့သည်။ သူမသည် ထူးချွန်သော အမှုထမ်းခဲ့သည့် အမတ်တစ်ဦးချင်းစီကို သေရည်တိုက်ရန် ပွဲခံရာ ခန်းမတစ်လျှောက် ဆက်လက် လျှောက်သွားခဲ့သည်။

သူမ၏ နောက်ဆုံး ဂုဏ်ပြုတိုက်ကျွေးခြင်းအတွက် သူမသည် အမတ်များစွာကို ကျော်ဖြတ်ကာ ယန်ချွဲ့၏ ထိုင်ခုံဆီသို့ ချဉ်းကပ်သွားခဲ့သည်။ ယန်ချွဲ့သည် အံ့အားသင့်သွားပြီး သူ၏ ခွက်အလွတ်ကို ဖြည့်ရန် သေရည်အိုးဆီသို့ အလျင်စလို လှမ်းယူလိုက်၏။ သို့သော် ဝိန်းယွီက ပိုမြန်နေခဲ့သည်။ သူမက သူမ၏ အစေခံဗန်းထဲမှ ရွှေချထားသော သေရည်အိုးကို ယူလိုက်ပြီး သူ့အတွက် သေရည်ကို ကိုယ်တိုင်ကိုယ်ကျ ငဲ့ပေးလိုက်လေသည်။

ယန်ချွဲ့က ပြာယာခတ်သွားကာ အာမေဍိတ်သံဖြင့် ပြောလိုက်လေသည်။ "မင်းသမီး.. ဒါက အရမ်း..."

သေရည်ငဲ့ပြီးနောက် ဝိန်းယွီက သေရည်အိုးကို ပြန်ရုပ်သိမ်းလိုက်ပြီး သူမ၏ ကိုယ်ပိုင်ခွက်ကို ဖြည့်လိုက်သည်။

"လော့ယန်ကနေ ထွက်ခွာလာကတည်းက တပ်မှူးယန်က ကျွန်မရဲ့ သက်တော်စောင့်အဖြစ် တာဝန်ယူပေးခဲ့တယ်။ ဖိန်ကျိုး ဘုရားကျောင်းပွဲအတွင်းမှာ လုပ်ကြံသူတွေ တိုက်ခိုက်လာတုန်းကလည်း ကျွန်မကို ကယ်တင်ပေးခဲ့တာ တပ်မှူးယန်ပါပဲ။ ဒီလောက် ကြီးမားတဲ့ ကျေးဇူးတရားအတွက် ရှင့်ကို တစ်ခွက်တော့ တိုက်ရပါလိမ့်မယ်"

သူမက ယန်ချွဲ့ထံသို့ ခွက်ကို မြှောက်ပြလိုက်၏။ ထို့နောက် သေရည်သောက်နေစဉ် သူမ၏မျက်နှာကို ဖုံးကွယ်ထားရန် သူမ၏ အင်္ကျီလက်ကို မြှောက်ထားလိုက်လေသည်။

...

အပိုင်း (၈၄.၂)

ယန်ချွဲ့သည် ပြာယာခတ်သွား၍လား သို့မဟုတ် အခြားအကြောင်းရင်း တစ်ခုခုကြောင့်လားတော့ မသိ၊ ချက်ချင်း မသောက်ခဲ့ပေ။ သို့သော် ဝိန်းယွီက သောက်ပြီးသွားပြီဖြစ်ကြောင်းနှင့် သူမ ဂုဏ်ပြုတိုက်ကျွေးခဲ့သော လမ်းတစ်လျှောက်ရှိ အမတ်တိုင်းသည်လည်း ထိုနည်းတူ သောက်ခဲ့ကြကြောင်းကို သတိထားမိလိုက်သည်။ နန်ချန်သံတမန်များနှင့် တာ့လျန်နန်းတွင်းတစ်ခုလုံး၏ ရှေ့မှောက်တွင် ငြင်းပယ်ခြင်းက ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိကြောင်းကိုလည်း သူက သိထားသည်။ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူသည်လည်း သူ့ခွက်ကို မြှောက်ကာ သောက်လိုက်လေသည်။

သူသည် ပါးစပ်ထောင့်ကို သုတ်လိုက်ပြီး ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် မင်း—"

သူ စကားမဆုံးမီမှာပင် ရုတ်တရက် နာကျင်စွာဖြင့် လက်တစ်ဖက်ကို မြှောက်လိုက်ကာလည်ပင်းကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူသည် ဝိန်းယွီကို မယုံနိုင်စွာ ကြည့်လိုက်ပြီးနောက် အစေခံမလေး၏ ဗန်းပေါ်ရှိ ရွှေချထားသော သေရည်အိုးဆီသို့ အကြည့်ရောက်သွားခဲ့သည်။ လက်ကိုင်တွင် မြှုပ်နှံထားသော ခိုသွေးရောင် ကျောက်မျက်ရတနာတစ်ခုကို သတိပြုမိသွားချိန်တွင် သူ့ပါးစပ်ထောင့်မှ သွေးနက်များ စီးကျလာခဲ့ပြီး သူက အက်ကွဲသောအသံဖြင့် ပြောလာသည်။ "အလွှာနှစ်ထပ်ပါတဲ့ သေရည်အိုးပဲ…"

အဆိပ်သည် ပြင်းထန်လှပြီး သူ့ခန္ဓာကိုယ်က ဆက်လက် တောင့်ခံမထားနိုင်တော့ပေ။ သူ လဲကျသွားချိန်တွင် စားပွဲပုလေးကို တိုက်မိသွားပြီး သေရည်ခွက်များ၊ ပန်းကန်လုံးများနှင့် ဟင်းပွဲများသည် မြေပြင်ပေါ်သို့ စူးရှသော ဆူညံသံများနှင့်အတူ ပြုတ်ကျကွဲအက်သွားတော့သည်။

သွေးရောင်လွှမ်းနေသော သူ့မျက်လုံးများသည် ဝိန်းယွီရှိရာဘက်ဆီသို့ စိုက်ကြည့်နေခဲ့၏။ "မင်း… မင်း အစကတည်းက သိနေခဲ့တာလား"

သွေးနက်များသည် သူ့ပါးစပ်နှင့် နှာခေါင်းမှ ဖြည်းညင်းစွာ စိမ့်ထွက်လာခဲ့သည်။ ဝိန်းယွီ၏ အဖြေကို မကြားရသေးခင်မှာပင် သူသည် နောက်ဆုံးထွက်သက်ကို ရှူရှိုက်သွားခဲ့လေသည်။

တက်ရောက်လာသူ အားလုံးသည် ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေများကြောင့် မှင်သက်သွားကြသည်။ နန်ချန်မှ သုံးယောက်သည် သူတို့ ယခုလေးတင် သောက်ခဲ့သော သေရည်ကို အလျင်စလို စစ်ဆေးလိုက်ကြ၏။

ဝိန်းယွီသည် မျက်လုံးပြူးကာ သေဆုံးနေသော ယန်ချွဲ့၏ အလောင်းကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်မက ဆုပေးဒဏ်ပေး ကိစ္စမှာ အမြဲတမ်း ရှင်းလင်းပြတ်သားတယ်။ အကျိုးဆောင်ခဲ့တဲ့သူတွေကို ချီးကျူးဂုဏ်ပြုပြီးပြီဆိုတော့ သစ္စာဖောက်တွေနဲ့ စာရင်းရှင်းလိုက်တာကမှ မှန်ကန်ရာကျမှာပေါ့ မဟုတ်ဘူးလား"

သူမက လက်ထဲရှိ ကြေးသေရည်ခွက်ကို လွှတ်ချလိုက်ရာ မြေပြင်နှင့် ရိုက်မိပြီး စူးရှသော မြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဧည့်သည်များ၏ အမိန့်ကို စောင့်ဆိုင်းရင်း ခန်းမနောက်ဘက်တွင် ရပ်နေခဲ့ကြသော အစေခံမလေးများသည် အရိပ်များပမာ သူတို့၏ အင်္ကျီလက်များထဲမှ ဓားမြှောင်များကို ဆွဲထုတ်လိုက်ကြ၏။ လျင်မြန်သော လှုပ်ရှားမှုဖြင့် သူတို့သည် ရှေ့သို့ တက်လာကြပြီး တုံ့ပြန်ရန် သတိမဝင်သေးသော အမတ်များကို သူတို့၏ထိုင်ခုံများတွင် ချုပ်နှောင်လိုက်ပြီး ရုန်းကန်မှုတစ်စုံတစ်ရာ မဖြစ်ပေါ်လာနိုင်ခင်မှာပင် ထက်မြက်သော ဓားသွားများဖြင့် သူတို့၏ လည်ပင်းများကို လှီးဖြတ်လိုက်ကြလေသည်။

စားသောက်ပွဲ ထိုင်ခုံများတစ်လျှောက်တွင် သွေးအိုင်များသည် ပွင့်အာလာခဲ့သည်။ အမတ်ချုပ်ဝေ့၊ ကျန်းယွီနှင့် ဖန်းမင်တာတို့သာမက ခန်းမထဲတွင် ထိုင်နေဆဲဖြစ်သော တာ့လျန်အမတ် အများအပြားသည်လည်း ချွေးအေးများဖြင့် ရွှဲနစ်သွားကြပြီး သူတို့၏ ကျောပြင်များမှာ စိုရွှဲသွားခဲ့သည်။ သူတို့သည် ဝိန်းယွီကို ငေးကြည့်နေကြပြီး သူတို့၏ စိတ်ဝိညာဉ်များ တုန်လှုပ်သွားကာ အသံထွက်ရန်ပင် အလွန် ကြောက်ရွံ့နေခဲ့ကြသည်။

တည်ငြိမ်မှုကို အနည်းငယ် ထိန်းသိမ်းနိုင်ခဲ့သူများမှာ ဝိန်းယွီ တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ပြုတိုက်ကျွေးခဲ့သော ယုံကြည်ရသည့် အမတ်များသာ ဖြစ်သည်။ သို့သော် သူတို့သည်ပင်လျှင် လက်ရှိအခြေအနေကို မျှော်လင့်မထားခဲ့ကြပေ။ သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်မှုကြီးထဲတွင် မည်သူကမျှ ထိုငြိမ်သက်မှုကို မဖြိုခွင်းရဲခဲ့ချေ။

သွေးတစ်စက်သည် ဝိန်းယွီ၏ ဖိနပ်ထိပ်ပေါ်သို့ စင်ကျလာခဲ့သည်။ သူမသည် ၎င်းကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးများကို ပင့်ကာ ပြုံးလိုက်ရင်းက နန်ချန်မှ သံတမန်သုံးဦးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ရိုင်းစိုင်းသွားတဲ့အတွက် တောင်းပန်ပါတယ်။ အခုလို အိမ်တွင်းရေး ရှင်းလင်းလိုက်ရတာက သံတမန်သုံးဦးရှေ့မှာ မြင်ကွင်းတစ်ခု ဖြစ်သွားစေခဲ့ပြီပဲ"

ကျန်းယွီနှင့် အခြားသူများသည် အပြုံးတစ်ခုကိုပင် မဖန်တီးနိုင်ခဲ့ကြပေ။ ဖန်းမင်တာ၏ မျက်နှာအမူအရာက အထူးသဖြင့် မှိုင်းညို့နေခဲ့သည်။

သူတို့သည် မလာခင်က သူတို့နှင့် ဆက်သွယ်ထားပြီးဖြစ်သော အထက်တန်းလွှာ မိသားစုများကို သိမ်းသွင်းရန် အကြံအစည်များ ရှိခဲ့ကြ၏။ ဖိန်ကျိုးနှင့် ထောင်ခရိုင်တို့၏ အခြေခံအုတ်မြစ်များကို တဖြည်းဖြည်း ပျက်စီးစေပြီး မကြာမီ ကာလအတွင်းတွင် ခရိုင် ၃ခုနှင့် မြို့နယ် ၁ခုအပေါ် ထိန်းချုပ်မှုကို ပြန်လည်ရယူရန် ရည်ရွယ်ထားခဲ့ကြသည်။

သို့သော် ဝိန်းယွီသည် မျောက်များကို ခြောက်လှန့်ရန် ကြက်ကို သတ်ပြသည့် ဤလုပ်ရပ်ကို ချက်ချင်းပင် ဖန်တီးပြသခဲ့လေသည်။

ဤလှုပ်ရှားမှုက သူတို့အတွက် သတိပေးချက်တစ်ခု ဖြစ်သည်မှာ သံသယဖြစ်ရန်ပင်မလိုချေ။ သူတို့က ကောင်းကင်နှင့် မြေကြီးထံမှပင် ဖုံးကွယ်ထားနိုင်မည်ဟု ယုံကြည်ထားသော လုပ်ရပ်တိုင်းသည် တကယ်တမ်းတွင် သူမ၏ အပြည့်အဝ စောင့်ကြည့်မှုကို ခံနေရခြင်း ဖြစ်၏။

ယင်းက သစ္စာစောင့်သိမှု ယိမ်းယိုင်နေသော တာ့လျန်အမတ်များကို ခြောက်လှန့်ရန်လည်း ရည်ရွယ်သည်။ သူမသည် သူတို့၏ သာမန်အရည်အချင်းကို ခွင့်ပြုပေးထားသော်လည်း ခွဲထွက်နေသော သစ္စာစောင့်သိမှုများကိုတော့ ဘယ်သောအခါမှ သည်းခံလိမ့်မည် မဟုတ်ပေ။ ထိုသို့မဟုတ်ပါက ဤသည်မှာ သူတို့၏ ကံကြမ္မာ ဖြစ်လာလိမ့်မည်။

ဤအချက်ကို သဘောပေါက်သွားသောအခါ သူတို့သုံးဦးသည် မသိစိတ်ကနေ တုန်လှုပ်သွားကြ၏။

ဤတာ့လျန် မင်းသမီးသည် မွန်မြတ်သော ကရုဏာတရားနှင့် မိုးကြိုးကဲ့သို့သော လုပ်ထုံးလုပ်နည်း နှစ်ခုလုံးကို ပိုင်ဆိုင်ထား၏။ သည်ညအပြီးတွင် ဖိန်ကျိုးမြို့အတွင်းရှိ အထက်တန်းလွှာ မိသားစုများကိုဖြစ်စေ၊ သူမထံ သစ္စာခံထားသော တာ့လျန်အမတ်များကိုဖြစ်စေ လွှမ်းမိုးရန် မည်သည့် ကြိုးပမ်းမှုမဆို ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလိမ့်မည်။

ဝိန်းယွီသည် နန်ချန်မှ သုံးဦး၏ တုံ့ပြန်မှုများကို အကဲခတ်နေခဲ့သော်လည်း သူတို့ မည်သို့ တုံ့ပြန်မည်ကိုတော့ ဂရုစိုက်ပုံမရချေ။ သူမက သူမ၏ လက်အောက်ငယ်သားများကို ညွှန်ကြားလိုက်သည်။ "သစ္စာဖောက် နည်းနည်းလောက်ကို ရှင်းလင်းလိုက်တာက ပွဲကို ဘယ်လိုလုပ် ဒီလိုအခြေအနေမျိုး ဖြစ်သွားစေတာလဲ။ ဒါတွေကို ချက်ချင်း ရှင်းလင်းလိုက်စမ်း"

ကျောင်းပိုင်က အချက်ပြလိုက်ရာ သစ္စာဖောက် အမတ်များ၏ အလောင်းများကို ဖယ်ရှားရန် အစောင့်များက ချက်ချင်း ဝင်ရောက်လာကြသည်။ အစေခံမလေးများကလည်း ကြေးဇလုံများနှင့်အတူ ကြမ်းပြင်မှ သွေးများကို သုတ်ရန် နောက်မှ လိုက်ပါလာခဲ့ကြ၏။ သွေးများ စင်နေသော သစ္စာဖောက်များ၏ ထိုင်ခုံအနီးရှိ စားပွဲများမှ ဟင်းပွဲများကို ယူဆောင်သွားကြပြီး လတ်ဆတ်သော ဟင်းပွဲများဖြင့် အစားထိုးလိုက်ကြသည်။

သို့သော် ခန်းမတစ်ခုလုံးတွင် ပြည့်နှက်နေသော ပြင်းထန်လှသည့် သွေးနံ့များကြားတွင် မည်သူက တူကို မြှောက်ကိုင်ပြီး အစာစားချင်စိတ် ရှိပါတော့မည်နည်း။ နန်းတွင်း အကြံပေး အများအပြားသည် သူတို့၏ အစာအိမ်များ ကမောက်ကမဖြစ်နေကြောင်း ခံစားလိုက်ရသည်။ သို့သော် ဝိန်းယွီ၏ ရှေ့မှောက်တွင် မသက်မသာဖြစ်သည့် အသံတစ်သံကိုမျှ မထွက်ရဲကြပေ။ ထိန်းချုပ်ထားရမှုကြောင့် သူတို့၏ မျက်နှာများသည် သေလောက်အောင် ဖြူဖျော့သွားကြသည်။

ကံကောင်းစွာဖြင့် ဝိန်းယွီသည်လည်း ပင်ပန်းနေပုံရသည်။ အစေခံမလေးများက ကြမ်းပြင်မှ သွေးကွက်များကို သုတ်ပြီးနောက် သူမက ပြောလိုက်သည်။ "ဒီမင်းသမီးက သေရည်ကြောင့် နည်းနည်း မူးနေပြီဆိုတော့ ဆက်ပြီး အဖော်မပြုပေးနိုင်တော့ဘူး။ ပွဲတော်ကို စိတ်တိုင်းကျ သုံးဆောင်ကြပါဦး"

သူမသည် ကျောင်းပိုင်ကိုတွဲကာ ထွက်ခွာသွားခဲ့သည်။ တံခါးပေါက်မှ ထွက်ခွာတော့မည့် အချိန်တွင် သူမက ရုတ်တရက် နောက်သို့ လှည့်လာပြီး နန်ချန်မှ သံတမန်သုံးဦးဘက်သို့ အကြည့်တစ်ချက် ပစ်လွှတ်လိုက်၏။ "သံတမန်တွေကလည်း မဟာမိတ်စာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးချင်တယ်ဆိုတော့ ကျွန်မတို့တွေ နန်ချန်ဆီ စာကို ချက်ချင်း ရေးဆွဲသင့်တယ် မဟုတ်လား"

အမတ်ချုပ်ဝေ့နှင့် ဖန်းမင်တာတို့သည် ခဏတာ တိတ်ဆိတ်နေခဲ့ကြသည်။ ထို့ကြောင့် ကျန်းယွီ တစ်ယောက်သာ သဘောတူကြောင်း တုံ့ပြန်လိုက်ရသည်။

ဝိန်းယွီသည် ခန်းမထဲမှ ထွက်ခွာသွားပြီးနောက် သတ္တိနည်းသော နန်းတွင်း အကြံပေးများသည် ကျန်ရစ်နေသော သံချေးနံ့လို သွေးနံ့ကို ရှူရှိုက်မိပြီး မကြာမီမှာပင် မျက်နှာများ စိမ်းဖန့်သွားကြတော့သည်။ သူတို့သည် စားပွဲများကို မှီကာ အော့အန်ကြတော့သည်။ နန်ချန်မှ သုံးဦးသည်လည်း သူတို့၏ ထိုင်ခုံများမှ ထွက်လာခဲ့ကြတော့သည်။

ဖန့်ယွမ်သည် ပွဲရှိ မှိုင်းညို့နေသော လေထုကို အကဲခတ်မိပြီးနောက် အကြောင်းရင်းအမှန်ကို မသိဟန်ဆောင်ကာ ပြောလိုက်သည်။ "ဒါ ဘာဖြစ်တာလဲ။ သောက်ရင်းနဲ့ အန်ကုန်ကြပြီလား"

သူသည် အားရပါးရ ရယ်မောလိုက်ပြီး သေရည်အိုးတစ်အိုးကို ကောက်ကိုင်ကာ အော်ဟစ်လိုက်၏။ "လာကြ လာကြ ညီအစ်ကိုတို့၊ ဆက်သောက်ကြရအောင်"

သတ်ဖြတ်မှု မြင်ကွင်းများနှင့် ရင်းနှီးနေသော စစ်သူကြီးများသည် အရပ်ဘက် အရာရှိများလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်မှု မရှိခဲ့ကြပေ။ ဖန့်ယွမ်၏ တိုက်တွန်းမှုကြောင့် သူတို့သည် အလျင်အမြန် ပြန်လည် သောက်စားကြပြီး ပွဲသည်လည်း သက်ဝင်လှုပ်ရှားမှုကို ပြန်လည် ရရှိသွားခဲ့သည်။

ဖန့်ယွမ်သည် ရှောင်းလိနှင့် ဖန်ခွက်ချင်း တိုက်ရန် လှည့်လိုက်သော်လည်း သူက ခန်းမထဲရှိ လွတ်နေသော အိမ်ရှင်၏ ထိုင်ခုံကို ငေးမောစိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ဖန့်ယွမ်က ရှောင်းလိ၏ ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။ "အရမ်း တွေးမနေပါနဲ့။ ငါတို့က မင်းသမီးကို စိတ်ရောကိုယ်ပါ အမှုထမ်းနေသရွေ့ သူက ငါတို့ရဲ့ သစ္စာရှိမှုကို အသိအမှတ်ပြုမှာပါ"

ရှောင်းလိသည် စောစောက အများကြီး သောက်ထားခဲ့ပြီး ယခုအခါ အရက်ရှိန် တက်လာသဖြင့် မျက်နှာမှာ နီမြန်းနေခဲ့သည်။ သူသည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး မူးနေသည့်အလား သူ၏ခေါင်းကို တံတောင်ဆစ်ပေါ် တင်ထားလိုက်၏။ ခဏအကြာတွင် သူက ပြောလိုက်လေသည်။ "မင်းသမီးက အရင်ကနဲ့ မတူတော့သလိုပဲ"

မြေပဲများကို ဝါးနေသော ဖန့်ယွမ်က ရှောင်းလိကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်းသမီးကို သာမန် သခင်တစ်ယောက်လို သဘောမထားနဲ့။ စဉ်းစားကြည့်လေ၊ တကယ်လို့ ဝမ်ရယ်သာ ဒီမှာ ရှိနေသေးရင် မင်းသမီးက ဘယ်လို အဆင့်အတန်းမျိုး ရှိနေမလဲ"

ရှောင်းလိသည် အလွန်အမင်း မူးယစ်နေသည့်အလား တိတ်ဆိတ်သွားခဲ့သည်။

နောက်ဆုံးတွင် လီရွှင်သည် ရှောင်းလိထံသို့ ချဉ်းကပ်ရန် အချိန်တစ်ခဏ ရသွားခဲ့၏။ စားပွဲပေါ်တွင် မှောက်နေသော သူ့ကို မြင်သောအခါ သူက ဖန့်ယွမ်ကို မေးလိုက်သည်။ "စစ်သူကြီးရှောင်း မူးနေတာလား"

ဖန့်ယွမ်က ပြန်ဖြေလိုက်၏။ "ဖြစ်နိုင်ပါတယ်။ အဲ့ဒီ ကောင်ဆိုးလေးတွေက သူ့ကို တစ်အိုးလုံး အတင်းတိုက်လိုက်ကြတာလေ"

လီရွှင်သည် ကူကယ်ရာမဲ့စွာဖြင့် သူ၏လက်များကို ဖြန့်လိုက်လေသည်။ "အချိန်အခါကလဲ မတိုက်ဆိုင်လိုက်တာ။ ချန်လူကြီးမင်းက ဒီစေ့စပ်ပွဲကို ကမ်းလှမ်းဖို့ ကျွန်တော့်ကို တာဝန်ပေးထားတာ"

ဖန့်ယွမ်က ရယ်မောလိုက်၏။ "စိတ်မပူပါနဲ့။ ပွဲမစခင်ကတည်းက ညီလေးရှောင်းကို ကျွန်တော် ပြောပြထားပြီးပါပြီ"

လီရွှင်က အလျင်အမြန် မေးလိုက်သည်။ "စစ်သူကြီးရှောင်းက ဘာပြောလဲ"

ထိုစဉ်က ရှောင်းလိ၏ တုံ့ပြန်မှုကို ပြန်လည် သတိရမိသောအခါ ဖန့်ယွမ်သည် ထိုကဲ့သို့သော ကိစ္စရပ်များတွင် အနည်းငယ် တုံ့ဆိုင်းနေခြင်းကို ငြင်းပယ်ခြင်းအဖြစ် မသတ်မှတ်သင့်ဟု ခံစားလိုက်ရသည်။ ခေါင်းကုတ်ရင်း သူက ပြောလိုက်လေသည်။ "မင်းသမီး မရောက်လာခင် ကျွန်တော် သူ့နဲ့ အသေးစိတ် မဆွေးနွေးလိုက်ရဘူး"

လီရွှင်က သက်ပြင်းချလိုက်၏။ "ထားလိုက်ပါတော့။ မနက်ဖြန်ကျရင် စစ်သူကြီးရှောင်းကို ကျွန်တော် ကိုယ်တိုင်ပဲ မေးလိုက်ပါ့မယ်"

ရှောင်းလိသည် စားပွဲပေါ်တွင် မှောက်နေပြီး သူ၏နားရွက်များနှင့် ပါးပြင်များသည် အရက်ကြောင့် နီမြန်းနေသည်ကို သတိထားမိလိုက်သော လီရွှင်သည် အစေခံများကို ခေါ်ကာ ရှောင်းလိကို ဧည့်ခန်းတစ်ခန်းသို့ အနားယူရန် ကူညီပို့ဆောင်ပေးခိုင်းလိုက်လေသည်။

____

အေးမြသော လေပြေတစ်သုတ်သည် ဇရပ်ကို ဖြတ်သန်းတိုက်ခတ်သွားပြီး လခြမ်းကွေးလေးသည် လှိုင်းခတ်နေသော ကြာကန်၏ ရေပြင်ပေါ်တွင် ထင်ဟပ်နေခဲ့သည်။ တုတ်ကောက်ကို မှီထားသော လီယောင်သည် ဝိန်းယွီနှင့်အတူ ကန်ဘေးရှိ လမ်းလေးအတိုင်း လျှောက်လာရင်း မေးလိုက်၏။ "မင်းသမီး အခက်တွေ့နေတာလား"

ဝိန်းယွီ၏ မျက်နှာအမူအရာက ပြောင်းလဲမသွားပေ။ သူမက ပြောလိုက်သည်။ "မဟုတ်ပါဘူး"

လီယောင်သည် ယခုအခါ ပြန်လည်တည်ဆောက်ရေး အရေးကိစ္စကို တည်ငြိမ်စွာ ပခုံးပြောင်း တာဝန်ယူနိုင်စွမ်းရှိပုံရသော မင်းသမီးကို ငေးကြည့်လိုက်၏။ တင်းမာပြီး ခက်ထန်သော အဘိုးကြီးက သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုးလေး ချလိုက်ပြီး ပြောလိုက်သည်။ "ဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်သွားတဲ့အခါ မင်းသမီးရဲ့ လက်ပေါ်က သွေးတွေက ပိုများလာလိမ့်မယ်။ ဒါပေမဲ့ အုပ်ချုပ်သူတိုင်းက ဒီလို စမ်းသပ်မှုတွေကနေတစ်ဆင့် သူတို့ရဲ့ စရိုက်ကို ပုံသွင်းရတာပါပဲ။ ရှေးခေတ်ကတည်းက ဧကရာဇ်တွေဟာ နက်ရှိုင်းတဲ့ သံသယတွေကို သိမ်းဆည်းထားတတ်တယ်လို့ ပြောကြပေမဲ့ ဒီသံသယတွေက ထပ်တလဲလဲ သစ္စာဖောက်ခံရမှုတွေကနေတစ်ဆင့် မျိုးစေ့ချခံရတာကို သဘောပေါက်တဲ့သူ နည်းတယ်။ အရင်တုန်းက ပြန်လည်တည်ဆောက်ရေးကို ဦးဆောင်နိုင်မယ့် မင်းသမီးရဲ့ အရည်အချင်းကို ငါ သံသယရှိခဲ့ဖူးတယ်။ ဘာလို့လဲဆိုတော့ ကွယ်လွန်သွားတဲ့ မင်းသမီးရဲ့ အစ်ကိုတောင် ကရုဏာတရားကိုပဲ ဆုပ်ကိုင်ထားပြီး ဓားကို ကိုင်ဖို့ ဘယ်တော့မှ မဝံ့ရဲခဲ့လို့ပဲ။ အခု မင်းသမီးက ဒီသားရဲကို လွှတ်ပေးလိုက်ပြီဆိုတော့ အမတ်တွေက မင်းသမီးကို စပြီး ကြောက်ရွံ့လာကြလိမ့်မယ်။ မင်းသမီးက ဒါကို တဖြည်းဖြည်း ကျင့်သားရလာပါလိမ့်မယ်"

ဝိန်းယွီသည် ရေထဲတွင် ထင်ဟပ်နေသော ကြည်လင်သည့် လမင်းကြီးကို ကြည့်ကာ တိုးညှင်းစွာ ပြန်ဖြေလိုက်၏။ "ယွီ နားလည်ပါတယ်"

ယန်ချွဲ့ကို တွေးမိသောအခါ လီယောင်၏ မျက်နှာအမူအရာက ရှုပ်ထွေးသွားခဲ့သည်။ "ငါ နန်းတော်မှာ အမှုထမ်းတုန်းက အိမ်တွင်းရေး ကိစ္စတွေမှာ ဝင်ပါလေ့ သိပ်မရှိပေမဲ့ မင်းသမီးရဲ့ ခမည်းတော်ရှေ့မှာ အဲ့ဒီ သစ္စာဖောက်ကို အကြိမ်အနည်းငယ် မြင်ခဲ့ဖူးတယ်။ ကိုယ်ကျိုးအတွက် သူ့ရဲ့ သစ္စာဖောက်မှုက သေထိုက်ပါတယ်။ သူ့အတွက် အရမ်းကြီး တွေးမနေပါနဲ့"

ဝိန်းယွီက ပြောလိုက်သည်။ "ဆရာ ကျွန်မအတွက် စိတ်ပူစရာ မလိုပါဘူး။ သူ့အပေါ် ကျွန်မရဲ့ သံသယတွေက မနေ့ကမှ စတင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မ ဝမ်းနည်းနေမှာ မဟုတ်ပါဘူး"

လီယောင်က မေးလိုက်၏။ "အဲ့ဒီ သစ္စာဖောက်က ဖေစုန့်ဆီ ပို့တဲ့ စာတွေကို မင်းသမီး ကြားဖြတ်ဖမ်းယူပြီး ပြန်ပို့ခိုင်းခဲ့တာက ဖေစုန့်ကို သံသယဝင်အောင် လုပ်ဖို့လား"

ကန်ရေပြင်မှ လေပြေကြောင့် ဝိန်းယွီသည် သူမ၏ မျက်လုံးများကို အနည်းငယ် မှေးထားလိုက်သည်။ "ယောက်မနားမှာ ကျွန်မရဲ့ ကိုယ်ပိုင် လူတွေကို ထားချင်တာ။ ဒါပေမဲ့ သူတို့ကို ရုတ်တရက် လွှတ်လိုက်တာက ဖေစုန့်ကို သတိထားမိသွားစေနိုင်တယ်။ တကယ်လို့ သူတို့ကို စောင့်ကြည့်နေတဲ့ သူလျှိုတွေက သူ့ရဲ့ အကြံပေးတွေကြားမှာ ရှိနေတယ်လို့ သူက ယုံကြည်သွားရင် ယောက်မနားကို လူလွှတ်ရတာ ပိုပြီး လုံခြုံသွားလိမ့်မယ်"

လီယောင်က ခေါင်းညိတ်လိုက်၏။ "ဒီနည်းလမ်းက ဖြစ်နိုင်ပါတယ်"

ညသည် နက်ရှိုင်းလာပြီး ကြာကန်တစ်လျှောက်တွင် ဖားများ အော်မြည်နေကြသည်။ ဝိန်းယွီသည် လီယောင်ကို ပြန်လည် ပို့ဆောင်ပေးရန် လူတစ်ယောက်ကို စေခိုင်းလိုက်သည်။

မထွက်ခွာခင် လီယောင်က ပြောလိုက်လေသည်။ "မင်းသမီး၊ ဒီည နန်ချန်ကို မထွက်ခွာခင်မှာ မင်းသမီးရဲ့ ပြတ်သားတဲ့ လုပ်ရပ်တွေနဲ့ ပုန်းအောင်းနေတဲ့ သူလျှိုတွေကို အသေအချာ ဖယ်ရှားပြီး အမတ်တွေ အားလုံးကို ခြောက်လှန့်နိုင်ခဲ့ပါပြီ။ မင်းသမီး ရေဘေးဖြစ်ကတည်းက ညတိုင်း နည်းနည်းပဲ အိပ်ခဲ့ရတာ။ လာမယ့်ရက်တွေမှာ စာသင်ဖို့အတွက် စောစောထစရာ မလိုတော့ပါဘူး။ ကောင်းကောင်း အနားယူပါ"

ဝိန်းယွီသည် ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ပြီး လီယောင် ထွက်ခွာသွားသည်ကို ကြည့်နေခဲ့၏။ ထို့နောက် သူမက ကျောင်းပိုင်ကို ပြောလိုက်လေသည်။ "ကျွန်မ တစ်ယောက်တည်း လမ်းလျှောက်ချင်တယ်။ ရှင်လည်း ပြန်လို့ရပါပြီ"

ကျောင်းပိုင်သည် ဒီည ဝိန်းယွီ၏ မှိုင်းညို့နေသော စိတ်အခြေအနေကို ခံစားမိပြီး သူမ တစ်ယောက်တည်း နေချင်သည်ဟု ခန့်မှန်းလိုက်သည်။ ခဏတာ စဉ်းစားပြီးနောက် သူမက ပြောလိုက်သည်။ "ကျွန်မ လမ်းဆုံမှာ စောင့်နေပါ့မယ်၊ တစ်နာရီကြာရင် မင်းသမီးကို လာရှာမယ်လေ။ အဲ့ဒါဆို အဆင်ပြေမလား"

ကျောင်းပိုင်၏ ခေါင်းမာသော စရိုက်က သူမကို အရင်ထွက်သွားခွင့် ပြုမည်မဟုတ်ကြောင်း သိထားသဖြင့် ဝိန်းယွီသည် ခေါင်းညိတ်သဘောတူလိုက်သည်။

သူမသည် လရောင်အောက်ရှိ ကန်ဘေးမှ ကျောက်စရစ်လမ်းလေးအတိုင်း ရည်ရွယ်ချက်မရှိဘဲ ရှေ့ကို ဆက်လျှောက်လာလိုက်သည်။

နန်ချန်နှင့် မဟာမိတ်ဖွဲ့ခြင်းသည် အပြီးသတ်ရန် ရာခိုင်နှုန်း ရှစ်ဆယ် သေချာနေခဲ့ပြီ ဖြစ်သည်။

ချန်ဝေ့၊ လီယောင်၊ လီရွှင်နှင့် ဖန့်ယွမ်တို့ကဲ့သို့သော မဏ္ဍိုင်များနှင့်ဆိုလျှင် သူမ နန်ချန်သို့ သွားလျှင်ပင် ဖိန်ကျိုးနှင့် ထောင်ခရိုင်တို့သည် တည်ငြိမ်နေလိမ့်မည်။ ထို့ပြင် နန်ချန်ကို ထိန်းချုပ်ထားနိုင်သော စစ်ရေးရိက္ခာများက လက်ထဲတွင်ရှိနေလျှင် ရှင်းကျိုးနှင့် ယီကျိုးတို့ကို သိမ်းပိုက်ပြီးနောက်တွင် နန်ချန်သည် လှည့်ကွက်များကို ကစားဝံ့လိမ့်မည် မဟုတ်ပေ။ ဤနယ်မြေ နှစ်ခုကို အပြည့်အဝ စုစည်းရန် သူမတွင် အချိန်အလုံအလောက် ရှိလာလိမ့်မည်...

ဒါပေမဲ့ ငါ့ရင်ထဲမှာ လေးလံတဲ့ ခံစားချက်တစ်ခုက ဘာလို့ ကျန်နေသေးတာလဲ။

ဝိန်းယွီသည် ပွဲတွင် ရှောင်းလိ၏ အကြည့်နှင့် ထူးခြားသော အပြုအမူကို ပြန်လည် သတိရမိပြီး သူမ၏ ရင်ဘတ်ထဲရှိ လေးလံမှုက ပိုပြင်းထန်လာသည်ကို ခံစားလိုက်ရ၏။ သူမသည် သတိမထားမိဘဲ မျက်မှောင်ကြုတ်လိုက်စဉ် အရှေ့မှ အက်ကွဲကွဲ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ "ငါ့ကို ချန်လူကြီးမင်းရဲ့ သမီးနဲ့ လက်ထပ်စေချင်တာလား"

၎င်းသည် စွပ်စွဲချက်တစ်ခုနှင့် တူသော်လည်း အရက်ကြောင့် နူးညံ့နေသော အသံသည် ၎င်း၏ အေးစက်မှုကို တိတ်ဆိတ်သွားစေသော ချိုမြိန်သည့် လေသံတစ်ခု ပါဝင်နေပြီး ကာလကြာရှည်စွာ ဖိနှိပ်ထားခဲ့သော ခံစားချက်များနှင့် ပိုတူနေသယောင်။

ဝိန်းယွီက မော့ကြည့်လိုက်သောအခါ ရှေ့က အမှောင်ထောင့်ရှိ ကျောက်နံရံကို မှီကာ လက်ပိုက်ထားသော လူတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ သူတို့၏ မျက်နှာသည် အရိပ်များထဲတွင် လုံးဝ ဖုံးကွယ်နေခဲ့သည်။ သို့သော် အရပ်ရှည်ရှည်နှင့် ကိုယ်ကျပ် အဝတ်အစားအောက်ရှိ ခပ်ရေးရေး ဖောင်းကြွနေသော တံတောင်ဆစ်များသည် ဖိနှိပ်နိုင်သည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပြီး လူကို အမှောင်ထဲတွင် အမဲလိုက်နေသော သားရဲတစ်ကောင်၏ ချောင်ပိတ်ဖမ်းဆီးခြင်း ခံလိုက်ရသလို ခံစားရစေတော့သည်။

...

All Chapters