← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အပိုင်း (၈၈)

နွေရာသီ အစပိုင်းတွင် တိုက်ခတ်လာသော လေပြေသည် စင်္ကြံလမ်းတစ်လျှောက် ဖြတ်သန်းသွားပြီး လွှင့်တက်လာသော အပူလှိုင်းသည်လည်း ပူလောင်လှ၏။

ကျန်းယီချူးသည် စာကြည့်ခန်းတံခါးအပြင်ဘက်တွင် ရပ်နေလေသည်။ အတွင်းမှ စကားပြောသံများကို လုံးဝ မကြားရတော့ချေ။ သူမ၏ မျက်ဝန်းများရှိ ဝမ်းနည်းမှုများ အေးခဲသွားပြီး အမြဲတမ်း အေးစက်နေသော သူမ၏ လက်များသည်လည်း တဖြည်းဖြည်း နွေးထွေးလာသည်။

အားယွီအနားမှာ ဖေစုန့်ရဲ့လူ ရှိနေသေးတာလား။

ဝမ်းနည်းစရာကောင်းသည်မှာ ယခုလေးတင် အလျင်စလို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမသည် စာအိတ်ပေါ်မှ မည်သည့်အရာကိုမျှ မသိနိုင်ခဲ့ချေ။

ကျန်းယီချူး၏ မျက်နှာအမူအရာသည် အနည်းငယ် မသာမယာဖြစ်နေသော်လည်း ဖေစုန့်၏ စာကြည့်ခန်းရှေ့တွင် အချိန်အကြာကြီး မနေရဲဘဲ သူမ၏ နေထိုင်ရာသို့ အရင်ပြန်ရန် ဆုံးဖြတ်လိုက်သည်။

ဖေစုန့်၏ စစ်ရေး သို့မဟုတ် နိုင်ငံရေး လျှို့ဝှက်ချက်များနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက ဖေစုန့်အနားသို့ သူမ ချဉ်းကပ်ရပေမည်။ သို့သော် သူမသည် ဖေစုန့်ကို အမြဲ ရှောင်ရှားခဲ့ပြီး သူ့ကို မကြာခဏ ရုတ်တရက် ဆက်သွယ်လာပါက ဖေစုန့်၏ သတိထားတတ်မှုအရ သေချာပေါက် တစ်ခုခုကို ရိပ်မိသွားပေလိမ့်မည်။

ယခုလေးတင် အခန်းထဲတွင် စိတ်ရင်းတစ်ဝက် ဟန်ဆောင်တစ်ဝက်နှင့် ငိုကြွေးခဲ့ခြင်းက ဖေစုန့်အပေါ် သူမတွင် ခံစားချက်များ ရှိနေသေးသည်ဟု သူ့ကို ယုံကြည်သွားစေပါက အနာဂတ်တွင် လုပ်ဆောင်ရမည့် အရာများသည် ပိုပြီး အဆင်ပြေလာနိုင်ပေသည်။

ဝိန်းယွီကို ကူညီကာ ထိုသူလျှိုမှာ မည်သူဖြစ်ကြောင်းကို စုံစမ်းရမည့်နည်းလမ်းများကို တွေးရင်း အတွေးနှစ်သွားခဲ့ပြီး ကျန်းယီချူးသည် သူမဆီသို့ ဒေါသတကြီး လျှောက်လာနေသော အစေခံတစ်စုနှင့်အတူ ပိုးသားစကပ် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို သတိမပြုမိခဲ့ချေ။

"ရိုင်းစိုင်းလိုက်တာ! ငါတို့ သခင်မကြီးကို တွေ့တာတောင် ဒူးထောက်ပြီး မနှုတ်ဆက်သေးဘူးလား"

ပိုးသားစကပ် ဝတ်ဆင်ထားသော အမျိုးသမီးဘေးရှိ အစေခံမလေးသည် ကျန်းယီချူးကို မြင်သောအခါ မျက်မှောင်ကြုတ်ကာ ရွံရှာစွာဖြင့် အော်ဟစ်လိုက်လေသည်။

ကျန်းယီချူး မော့ကြည့်လိုက်သောအခါ လွန်ခဲ့သော လအနည်းငယ်ကမှ ဖေစုန့် သိမ်းပိုက်ခဲ့သော ကျိန့်မေရန်ကို တွေ့လိုက်ရသည်။

ပြည့်တန်ဆာအိမ်များမှ ထွက်ပေါ်လာသော အဆိုတော်များ၊ အကမယ်များနှင့် မတူဘဲ ကျိန့်မေရန်၏ ဖခင်မှာ ယခင်က မော့ကျိုး၏ စစ်သူကြီးဖြစ်ပြီး ယခု ဖေစုန့်၏ လက်အောက်တွင် အလုပ်လုပ်နေကာ အတော်လေး အရေးပေးခံနေရသူ ဖြစ်သည်။ ဖေစုန့်မှာ ဇနီးမရှိသဖြင့် သူမသည် မိခင်ဘက်မှ ဆွေမျိုးများ၏ အင်အားကို အားကိုးကာ ဖေစုန့်၏ ကိုယ်လုပ်တော်များထဲတွင် အထောင်လွှားဆုံးဖြစ်ပြီး ဖေစုန့်၏ တရားဝင် ဇနီးကဲ့သို့ပင် ပြုမူနေလေသည်။

ဖေစုန့်က သူမအတွက် မြားတစ်စင်းကို အပစ်ခံခဲ့ရပြီးနောက် ကျန်းယီချူးသည် စစ်တပ်တစ်ခုလုံး သိရှိနေသော အလှပဂေးတစ်ဦး ဖြစ်လာခဲ့သည်။ ဖေစုန့် စစ်ထွက်နေစဉ်အတွင်း ကျိန့်မေရန်၏ နှောင့်ယှက်မှုများကို သူမ အကြိမ်ကြိမ် ခံခဲ့ရသည်။

ယခု ဒေါသကို အတင်းမျိုသိပ်ထားသော ကျိန့်မေရန်ကို ကြည့်ရင်း ဖေစုန့်၏ လှုပ်ရှားမှုများကို သူမက စောင့်ကြည့်ရန် လူလွှတ်ထားခဲ့မည်မှာ သေချာကြောင်း ကျန်းယီချူး သိလိုက်သည်။ ဖေစုန့်က သူမကို ဆင့်ခေါ်ခဲ့သည်ဟု ကြားသောအခါ အစေခံတစ်စုနှင့်အတူ ဟင်းရည်ပန်းကန်ကို ကိုင်ဆောင်ကာ ဖေစုန့်ကို "လာရောက်ကြည့်ရှု" ခြင်း ဖြစ်ပေလိမ့်မည်။

ဖေစုန့်၏ လက်အောက်ငယ်သား၏လက်ထဲကစာကို တွေးမိသောအခါ ကျန်းယီချူးသည် ရုတ်တရက် အကြံတစ်ခု ရသွားခဲ့လေသည်။ ကျိန့်မေရန်ကို ကြည့်ကာ ပြုံးလိုက်ပြီး သူမ၏ အမူအရာသည် ယခင်ကကဲ့သို့ နူးညံ့နေဆဲဖြစ်ကာ အနည်းငယ်မျှ ကြောက်ရွံ့မှု မရှိဘဲ ပြောလိုက်လေသည်။

"မင်းနဲ့ ငါက ကျူကျွင်းဘေးက ကိုယ်လုပ်တော်တွေချည်းပဲ။ ငါက ဘာလို့ မင်းကို ဒူးထောက်ရမှာလဲ"

ကျိန့်မေရန်သည် ကျန်းယီချူး၏ အနည်းငယ် ရှုပ်ပွနေသော အဝတ်အစားများနှင့် ဆံထုံးများကို ကြည့်လိုက်သည်။ သူမက ပြုံးပြုံးရွှင်ရွှင်ဖြင့် စကားပြောနေသည်ကို မြင်သောအခါ သူမကို အစွမ်းပြနေသည်ဟုသာ ခံစားရပြီး ဒေါသနှင့် မနာလိုမှုများ ရောယှက်ကာ သူမ တတ်နိုင်သမျှ လှောင်ပြောင်လိုက်လေသည်။ "ကလေး နှစ်ယောက်မွေးထားတဲ့ မိန်းမဆိုတော့လည်း ထူးတော့ ထူးခြားတာပဲ။ နည်းလမ်းတွေက တကယ့်ကို အံ့မခန်းပဲ။ ရှက်ရကောင်းမှန်းတောင် မသိဘူး။ ဒါပေမယ့် ဝိန်းရှီဇီက တမလွန်ကနေ သိရင် ဘယ်လိုတွေးမလဲ မသိဘူးနော်"

ဝိန်းဟန် အကြောင်းကို တစ်ဖက်လူက ပြောလိုက်သည်ကို ကြားသောအခါ ကျန်းယီချူး၏ မျက်လုံးများထဲရှိ အပြုံးများ ပျောက်ကွယ်သွားတော့သည်။

ကျိန့်မေရန်က ၎င်းကို မြင်သောအခါ ကျန်းယီချူး၏ အားနည်းချက်ကို ထိသွားပြီဟု သိလိုက်ပြီး ချက်ချင်းပင် ရင်ထဲ၌ ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။ ကျန်းယီချူးဆီသို့ ခြေလှမ်းလိုက်ရာ နှင်းဆီရောင် စကပ်အနားစသည် အနောက်တွင် အရှည်ကြီး တွဲလောင်းကျနေ၏။ အရောင်တောက်တောက် လက်သည်းနီ ဆိုးထားသည့် ချွန်ထက်သော လက်သည်းများဖြင့် ကျန်းယီချူး၏ မေးစေ့ကို ကိုင်ကာ သူမ၏ မျက်လုံးများထဲတွင် ရွံရှာမှုနှင့် အငြိုးအတေးများ ပြည့်နှက်နေလေသည်။

"ငါသာ နင့်နေရာမှာဆိုရင် ဖုန်းယန်မြို့ ကျကတည်းက ခေါင်းနဲ့ဆောင့်ပြီး သေသွားလောက်ပြီ။ ဒါမှ အနည်းဆုံး နာမည်ကောင်းလေး ရနိုင်မှာ။ အခုတော့ တာ့လျန်ရဲ့ ရှီဇီဖေးက တာ့လျန်ရဲ့ အရှက်ရစရာ ဖြစ်နေပြီ။ နင့်သမီး ကြီးလာလို့ သူ့အမေက ဒီလောက် အောက်တန်းကျပြီး အသက်ရှင်ချင်နေမှန်း သိရင် သူလည်း အတုခိုးမယ် ထင်တယ်။ အမေတူသမီးဆိုတာမျိုး မဟုတ်လား"

သူမ စကားပြောပြီးသည်နှင့်တပြိုင်နက် သူမ၏ မျက်နှာပေါ်သို့ ကျယ်လောင်သော ပါးရိုက်သံတစ်ခု ကျရောက်လာတော့သည်။

အားပြင်းလွန်းသဖြင့် ကျိန့်မေရန်မှာ ယိမ်းယိုင်သွားခဲ့သည်။ ကျန်းယီချူးကို မယုံကြည်နိုင်စွာ မျက်နှာကိုအုပ်လျက် ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"ဒီအောက်တန်းစားမ! နင် ငါ့ကို ရိုက်ရဲတယ်ပေါ့လေ"

ကျန်းယီချူးသည် အမြဲတမ်း နူးညံ့သိမ်မွေ့လွန်းသဖြင့် ဒေါသမထွက်တတ်သူဟု ထင်ရသော်လည်း ယခုအချိန်တွင် ကျိန့်မေရန်ကို ကြည့်နေသော သူမ၏ အကြည့်မှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အေးစက်နေ၏။ "အရှက်မရှိတာနဲ့ အောက်တန်းကျတာကို ပြောရရင် ကျိန့်မိသားစုနဲ့ ယှဉ်လို့ရပါ့မလား။ သခင်ကို သစ္စာဖောက်ပြီး ကိုယ်ကျိုးရှာတယ်၊ သစ္စာမရှိဘူး၊ တရားမျှတမှု မရှိဘူး၊ သခင်နှစ်ယောက်ကို အလုပ်အကျွေးပြုတဲ့ ကျွန်တွေ ဖြစ်လာတာကိုတောင် ကျိန့်မေရန်က ကိုယ့်ကိုယ်ကိုယ် အထက်တန်းကျတယ်လို့ ထင်နေတုန်းပဲလား။ ကျိန့်စစ်သူကြီးဆီကနေ အမွေရထားတာ သေချာပါတယ်။ ကျိန့်မိသားစုတစ်ခုလုံးက ဒီလို အရှက်မရှိတဲ့ အလုပ်တွေ လုပ်ရဲမှတော့ တိုင်းပြည်ပျက်စီးတဲ့ ဒဏ်ကို မခံနိုင်တဲ့ ငါလို အမျိုးသမီးလေးက ဘာကို ကြောက်ရမှာလဲ"

ကျိန့်မေရန်သည် အရှက်ကွဲကာ ဒေါသထွက်သွားပြီး ပါးရိုက်ခံထားရသော မျက်နှာမှာလည်း ပူစပ်ပူလောင် ဖြစ်နေသဖြင့် အော်ဟစ်လိုက်လေသည်။

"သူ့ကို ဖမ်းထားစမ်း! ကျိန့်မိသားစုကို ဒီလောက် စော်ကားရဲတဲ့ ဒီအောက်တန်းစားမရဲ့ ပါးစပ်ကို ဒီနေ့ ငါ ဆွဲမဖြဲဘဲနေမလား ကြည့်ဦးမယ်!"

____

ဖေစုန့်သည် သတင်းရ၍ ရောက်လာသောအခါ ကျန်းယီချူးကို နေပူထဲတွင် ဖမ်းဆီးကာ ဒူးထောက်ခိုင်းထားသည်ကို တွေ့လိုက်ရသည်။ ခွန်အားကြီးသော အဘွားကြီး နှစ်ယောက်က ကျန်းယီချူး၏ ပခုံးများကို ဖိထားပြီး တစ်ယောက်က ပါးရိုက်သည့် တုတ်ကို ကိုင်ထားကာ ကျန်းယီချူး၏ ပါးနှစ်ဖက်စလုံး နီရဲရောင်ရမ်းနေပြီး ပါးစပ်ထောင့်မှ သွေးများ ထွက်လာသည်အထိ ရိုက်နှက်ထားလေသည်။

ကျိန့်မေရန်သည် စင်္ကြံလမ်းဘေးရှိ ခုံပေါ်တွင် ထိုင်နေပြီး ကျန်းယီချူး၏ သနားစရာ အခြေအနေကို မြင်ရသောအခါ သူမ၏ ရင်ထဲရှိ ဒေါသများ ပြေပျောက်သွားသလို ခံစားလိုက်ရသည်။ သူမက ဒေါသတကြီး ပြောလိုက်လေသည်။ "ဆက်ရိုက်စမ်း! အဲဒီမျက်နှာကို ကြေမွသွားတဲ့အထိ ရိုက်! နောက်ဆိုရင် ကျူကျွင်းကို ဘယ်လို ဆွဲဆောင်ဦးမလဲ ကြည့်ရသေးတာပေါ့"

သူမ၏ အနောက်မှ အေးစက်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ "မင်းတို့ ဘာလုပ်နေကြတာလဲ"

ရိုက်နှက်နေဆဲဖြစ်သော အဘွားကြီးသည် ထိုအသံကို ကြားလိုက်ရသောအခါ သူမ၏ လက်များ တုန်ယင်သွားပြီး နောက်တစ်ကြိမ် မရိုက်ရဲတော့ချေ။

ကျိန့်မေရန်သည် အပြင်ဝတ်ရုံကို ပေါ့ပေါ့ပါးပါး ခြုံထားသော ဖေစုန့်က သူတို့ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူမ၏ ချောမောသော မျက်နှာလေးပေါ်တွင် ဝမ်းနည်းသည့် အမူအရာ ချက်ချင်း ပေါ်လာပြီး ရေခဲကပ်ထားသော သူမ၏ပါးကို အုပ်ကာ ဖေစုန့်ထံသို့ သွားရောက် နှုတ်ဆက်လိုက်သည်။ "ကျူကျွင်း... ကျန်းမေရန်က ယန်းအာကို အရင်ရိုက်တာပါ။ ပြီးတော့ အဖေ့ကိုလည်း စော်ကားသေးတယ်..."

သို့သော် ဖေစုန့်သည် စကားတစ်ခွန်းမှ မပြောဘဲ ကျန်းယီချူးကို မြင်သောအခါ သူ၏ မျက်နှာအမူအရာ အလွန် မှောင်မိုက်သွားပြီး ခြေလှမ်းကျဲများဖြင့် သူမဆီသို့ တန်းပြီး လျှောက်သွားခဲ့သည်။

ကျိန့်မေရန်သည် သူ့နောက်သို့ လိုက်ကာ ဆက်လက် တိုင်တန်းရန် ကြိုးစားသော်လည်း ဖေစုန့်၏ အနားရှိ လက်အောက်ငယ်သားများက ဓားများဖြင့် လမ်းပိတ်ထားလိုက်သည်။

ဖေစုန့်၏ ရှေ့တွင် ကျိန့်မေရန်သည် မောက်မာသော အမူအရာ အနည်းငယ်မျှ မရှိတော့ဘဲ ဝမ်းနည်းပြီး နာခံတတ်သော ပုံစံဖြင့်သာ ရှိနေသည်။ သို့သော် သူမ၏ ရင်ထဲတွင်တော့ အလွန် စိုးရိမ်နေ၏။ အဘယ်ကြောင့်ဆိုသော် ဖေစုန့်က ကျန်းယီချူးကို အခြားသူများနှင့် မတူဘဲ ဆက်ဆံကြောင်း သူမ သိထားပြီး ယခုအချိန်တွင် ကျန်းယီချူးက ဤကဲ့သို့ သနားစရာ အခြေအနေမျိုး ဖြစ်နေသောကြောင့်ပင်။

ဖေစုန့်က ယိမ်းယိုင်နေသော ကျန်းယီချူးကို ပွေ့ချီလိုက်ချိန်တွင် ပြစ်ဒဏ်ပေးနေသော အစေခံ အဘွားကြီး သုံးယောက်ကို တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောလိုက်လေသည်။

"သေတဲ့အထိ ရိုက်သတ်လိုက်"

အဘွားကြီး သုံးယောက်သည် ခေါင်းပြားမတတ် ဝပ်တွားကာ အသက်ကို ချမ်းသာပေးရန် အလျင်အမြန် တောင်းပန်ကြတော့သည်။ ကျိန့်မေရန်သည် ဖေစုန့်ကို အလွန် ကြောက်ရွံ့သော်လည်း သူမ၏ စိတ်ထဲတွင် ကိုယ်ပိုင် တွက်ချက်မှုများ ရှိနေသည်။ ဖေစုန့်သည် စစ်မြေပြင်တွင် ဆက်တိုက် ရှုံးနိမ့်နေပြီး ယခင်က သူသိမ်းပိုက်ခဲ့သော မြို့များကို ဝေ့ချီရှန်းက တစ်မြို့ပြီးတစ်မြို့ ပြန်လည် သိမ်းပိုက်သွားခဲ့သဖြင့် ယခုအခါ မော့ကျိုးကိုသာ ကာကွယ်နိုင်တော့သည်။ မော့ကျိုးသည်လည်း သူမတို့ ကျိန့်မိသားစု၏ နယ်မြေ ဖြစ်လေသည်။

ဖေစုန့်သည် ယခုအချိန်တွင် သူမ၏ ဖခင်ကိုသာ အားကိုးနေရသည်။ ယနေ့တွင် သူမသည် ကျန်းယီချူး၏ စကားများကြောင့် ဒေါသထွက်ကာ အသိတရား လွတ်သွားပြီး လွန်လွန်ကျူးကျူး လုပ်မိခဲ့သည်မှာ မှန်သော်လည်း သူမက ဖေစုန့်ကို ခွင့်လွှတ်ပေးရန် တောင်းဆိုပါက ဖေစုန့်သည် လက်ရှိအခြေအနေကြောင့် သူမအနားရှိ အဘွားကြီးများ၏ သေဒဏ်ကို ခွင့်လွှတ်ပေးခဲ့လျှင် ၎င်း၏ အကျိုးကျေးဇူးများက အလွန် ကြီးမားပေလိမ့်မည်။

၎င်းသည် လူတိုင်းသိသော ဖေစုန့်၏ အချစ်တော်ကို သူမက ထိခိုက်စေခဲ့သော်လည်း ဖေစုန့်က သူမကို အပြစ်မပေးခဲ့ခြင်းနှင့် အတူတူပင်။

ဖေစုန့်၏ အနားရှိ လူများသည် နောင်တွင် မည်သို့ ပြုမူရမည်ကို သိရှိလာကြမည်ဖြစ်ပြီး ကျိန့်မိသားစု၏ အဆင့်အတန်းသည်လည်း ပိုခိုင်မာလာပေလိမ့်မည်။

ဤအချက်များကို နားလည်သွားသောအခါ ကျိန့်မေရန်သည် စွန့်စားကြည့်ရန် ပိုပြတ်သွားပြီး ဖေစုန့်၏ ရှေ့တွင် လမ်းပိတ်ကာ ဒူးထောက်လျက် မျက်ရည်များဖြင့် တောင်းပန်လိုက်လေသည်။

"ကျူကျွင်း... သူတို့ရဲ့ အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ပါတယ်။ အားလုံးက ယန်းအာရဲ့ အမှားပါ။ ကျန်းမေရန်က အဖေ့ကို စော်ကားပြီး ကျူကျွင်းအတွက် အဖေ အလုပ်လုပ်ပေးနေတာကို သခင်နှစ်ယောက်ကို အလုပ်အကျွေးပြုတဲ့ ကျွန်တွေ၊ အရှက်မရှိတဲ့ သူတွေလို့ အထင်အမြင်သေးလို့ ယန်းအာ ဒေါသထွက်ပြီး ကျန်းမေရန်ကို ကိုယ်တိုင် အပြစ်ပေးခဲ့မိတာပါ။ ကျန်းမေရန်ရဲ့ နှလုံးသားက တာ့လျန်ဘက်ကို ယိမ်းနေရင်တောင် ယန်းအာက ကျူကျွင်းကို အရင်ဆုံး တင်ပြပြီးမှ ကျူကျွင်းက ဆုံးဖြတ်ချက်ချဖို့ စောင့်သင့်တာပါ"

ကျိန့်မေရန်သည် မျက်ရည်များ ရွှဲနစ်နေအောင် ငိုကြွေးနေပြီး သူမ၏ စကားများက အပြစ်အားလုံးကို ကျန်းယီချူးအပေါ် ပုံချလိုက်ကာ တာ့လျန်ဘက်သို့ ယိမ်းယိုင်နေသည်ဟုပါ စွပ်စွဲလိုက်သေးသည်။

ဖေစုန့်သည် သူ၏ ရင်ခွင်ထဲရှိ ကျန်းယီချူးကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ ပါးပြင်များမှာ ပြင်းထန်စွာ ရောင်ရမ်းနေပြီး နှုတ်ခမ်းများတွင်လည်း သွေးများ ပေကျံနေကာ မျက်လုံးများ မှိတ်ထားသဖြင့် သတိလစ်သွားပုံရသည်။

သူသည် ကျိန့်မေရန်ကို ပြန်ကြည့်လိုက်သောအခါ သူ၏ နှုတ်ခမ်းများပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။

"မင်းကို ဒီလောက်ကြာကြာ ထားထားတာ မင်းက ဉာဏ်ကောင်းတဲ့သူ ဖြစ်မယ်လို့ ထင်ခဲ့တာ။ ဝက်တစ်ကောင်လို မိုက်မဲနေလိမ့်မယ်လို့ မထင်ခဲ့ဘူး"

သူက သည်လို အရှက်ရစရာကောင်းသော စကားများကို ထုတ်ပြောလာသည်ကို ကြားလိုက်ရသောအခါ ကျိန့်မေရန်သည် အနည်းငယ် မျက်နှာပျက်သွားတော့သည်။

ဖေစုန့်သည် ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သကဲ့သို့ ကျိန့်မေရန်ကို ကြည့်ကာ မေးလိုက်လေသည်။ "ဒီနေ့ကိစ္စက မင်းရဲ့ သဘောလား၊ ကျိန့်မိသားစုရဲ့ သဘောလား"

ကျိန့်မေရန်သည် အခြေအနေမကောင်းကြောင်း ရိပ်မိသွားပြီး မိသားစုကိုပါ ဒုက္ခရောက်စေမည်ကို သိလိုက်သဖြင့် တကယ်ကို ထိတ်လန့်သွားကာ အလျင်အမြန် ငိုကြွေးလိုက်လေသည်။ "ယန်းအာ မှားမှန်း သိပါပြီ။ ယန်းအာက ကျန်းမေရန်က အဖေ့ကို စော်ကားတာကို တကယ်ပဲ မခံရပ်နိုင်လို့ပါ..."

ဖေစုန့်သည် ကျန်းယီချူးကို ပွေ့ချီကာ ထွက်ခွာသွားပြီဖြစ်ပြီး စကားတစ်ခွန်းသာ ချန်ထားခဲ့သည်။

"ကျိန့်မေရန်ကို သုံးလ အကျယ်ချုပ်ထားလိုက်"

ထိုအဘွားကြီး သုံးယောက်ကိုလည်း ချက်ချင်း ဆွဲထုတ်သွားပြီး ရိုက်နှက်ပြစ်ဒဏ်ပေးရာ တုတ်ရိုက်သံများနှင့် အော်ဟစ်တောင်းပန်သံများ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။

ဖေစုန့် အဝေးသို့ ရောက်သွားပြီးမှသာ ကျိန့်မေရန်သည် မြေပြင်ပေါ်သို့ ပျော့ခွေကျသွားတော့သည်။

ဖေစုန့်သည် အချိန်အများစုကို စစ်စခန်းတွင်သာ ကုန်ဆုံးလေ့ရှိသည်။ ဤယာယီ နေထိုင်ရာ အိမ်တော်တွင် အစိုးရကိစ္စများကို ဖြေရှင်းရန် ပိုအဆင်ပြေစေရန်အတွက် အဓိက အခန်း သီးသန့် မထားရှိဘဲ စာကြည့်ခန်းနှင့် ဘေးရှိ အခန်းငယ်တို့၏ နံရံကို ဖောက်ကာ အတွင်းနှင့် အပြင် အခန်း နှစ်ခန်းအဖြစ် ပြောင်းလဲထားသည်။ သူ၏ နေ့စဉ် နေထိုင်မှုနှင့် အလုပ်လုပ်မှု အားလုံးသည် ဤနေရာတွင်သာ ဖြစ်လေသည်။

ကျန်းယီချူးကို သူ ပြန်ခေါ်လာပြီးနောက် သမားတော်က ချက်ချင်း လာရောက် စစ်ဆေးပေးခဲ့သည်။ သူမ၏ မျက်နှာတွင် ဒဏ်ရာများ ရှိရုံသာမက နေပူထဲတွင် အချိန်ကြာမြင့်စွာ ဒူးထောက်နေရသဖြင့် အပူလျှပ်သွားခဲ့သည်။ သူမကို ဆေးတိုက်သောအခါ တစ်ဝက်ဝင်သွားပြီး တစ်ဝက်ပြန်ထွက်လာကာ ပြင်းထန်သော ဆေးနံ့ကြောင့် အကြိမ်ကြိမ် အန်ခဲ့သေးသည်။

ဖေစုန့်သည် ဆေးပန်းကန် အတော်များများကို ယူလာခိုင်းပြီးမှ သူမကို ဆေးပန်းကန် တစ်ဝက်ကျော် ဝင်အောင် အနိုင်နိုင် တိုက်နိုင်ခဲ့သည်။ သို့သော် ကျန်းယီချူးသည် လုံးဝကို အင်အားကုန်ခမ်းသွားပြီး လုံးဝ သတိလစ်သွားခဲ့သည်။

ဖေစုန့်သည် သူမ၏ဘေးတွင် စောင့်နေရင်း စာလိပ်များကို ဖတ်နေလေသည်။ မကြာမီတွင် ကုန်းစွန်းချို ရောက်လာပြီး သူလျှို ယူဆောင်လာသော သတင်းများကို မေးမြန်းလေသည်။

ဖေစုန့်က အပြင်ဘက်အခန်းတွင် ကုန်းစွန်းချိုနှင့် ကိစ္စရပ်များကို ဆွေးနွေးရန် သွားသောအခါ အချိန်အတော်ကြာ "သတိလစ်" နေသော ကျန်းယီချူးသည် ရုတ်တရက် မျက်လုံးများ ဖွင့်လာခဲ့သည်။

အပြင်ဘက်မှ ကုန်းစွန်းချို၏ အိုမင်းသော အသံကို ကြားလိုက်ရ၏။

"ယန်ချွဲ့က ပေါ်သွားပြီ။ ဟန့်ယန်ဘက်မှာ အခု တင်းတင်းကျပ်ကျပ် ကာကွယ်ထားပြီး ကျွန်တော်တို့ရဲ့ အတွင်းလူ အတော်များများကို ရှင်းလင်းလိုက်ပြီဆိုတော့ လူထပ်လွှတ်ဖို့ဆိုတာ အရမ်းကို ခက်ခဲသွားပြီ။ ဒီအတွင်းလူကို ဘယ်လောက်ကြာကြာ အသုံးချနိုင်မလဲ မသိဘူး..."

ဖေစုန့်က ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်၏။ "ဆရာ... စိတ်ချပါ။ ဒီအတွင်းလူကို ဟန့်ယန်ဘေးကို ရောက်အောင်ပို့ဖို့ ကျုပ် အားထုတ်မှု အများကြီး လုပ်ခဲ့ရတာပါ။ အဲဒီတုန်းက သူက ဟန့်ယန် ဖိန်ကျိုးဆီ သွားဖို့ အသေခံပြီး ကာကွယ်ပေးခဲ့တယ်ဆိုတဲ့ အယောင်ပြဖို့အတွက် ကျုပ်ရဲ့ လူတွေ အများကြီးတောင် အသေခံခဲ့ရတယ်။ အခု သူက ဖိန်ကျိုးမှာ အရေးကြီးတဲ့ တာဝန်တွေ ယူထားရပြီ။ ဟန့်ယန်က ဘယ်သူ့ကိုပဲ သံသယဝင်ဝင် သူ့ကိုတော့ သံသယဝင်မှာ မဟုတ်ဘူး"

ကုန်းစွန်းချိုသည် တုံ့ဆိုင်းနေဆဲဖြစ်ပုံရသည်။

"ဟန့်ယန်က သူ့ကို ဒီလောက် ကြီးမားတဲ့ အကျိုးအမြတ်တွေ ပေးလိုက်ပြီးမှ ဒီလူက ပြောင်းလဲသွားမှာကို ကျွန်တော် စိုးရိမ်မိတယ်"

ဤတစ်ကြိမ်တွင် ဖေစုန့်က ပိုပြီး အားရပါးရ ရယ်မောလိုက်သည်။ "သူက ကျုပ်အဖေ ထောင်ထဲမှာ ကိုယ်တိုင် သင်ကြားပေးခဲ့တဲ့သူပါ။ ကျုပ်ရဲ့ ညီတစ်ဝက်လောက်တောင် ဖြစ်နေပြီ။ သူက ဘယ်လိုလုပ် ပြောင်းလဲနိုင်မှာလဲ။ ဒါ့အပြင် သူ့အမေကလည်း ကျုပ်ဆီမှာ ရှိနေသေးတယ်။ သူက ယခင် လျန်မင်းဆက်ရဲ့ စစ်တပ်အာဏာကို လုံးဝ ထိန်းချုပ်နိုင်တဲ့အချိန်အထိပဲ စောင့်ရမှာပါ။ အဲဒီအခါကျရင် ဖိန်ကျိုးနဲ့ ထောင်ခရိုင်က ကျုပ်ရဲ့ လက်ထဲ ရောက်လာမှာပါ"

အတွင်းခန်းမှ နားထောင်နေသော ကျန်းယီချူးသည် တစ်ကိုယ်လုံး အေးစက်သွားပြီး လက်နှင့် ခြေထောက်များမှာလည်း ရေခဲလို အေးစက်နေတော့သည်။

အားယွီအနားမှာ ဒီလို မိစ္ဆာတစ်ကောင် ပုန်းကွယ်နေတာလား။

ဝိန်းယွီကို သတိထားရန် ချက်ချင်း စာရေးချင်စိတ်များ ဖြစ်ပေါ်လာသော်လည်း ယခုအချိန်က မသင့်တော်သေးကြောင်း သိသဖြင့် အတတ်နိုင်ဆုံး သည်းခံနေရသည်။

အပြင်ဘက်တွင် ကုန်းစွန်းချိုက ထိုအတွင်းလူ သစ္စာဖောက်မည်ကို ထပ်မံ စိုးရိမ်မနေတော့ဘဲ ပြောလိုက်၏။

"သတိထားတာ ပိုကောင်းပါတယ်။ အဲဒီ အဘွားကြီးက ယိုးကျိုးမှာ ရှိနေတုန်းပဲ။ အရင်က ကျူကျွင်းက ယိုးကျိုးမြို့မှာ ပြဇာတ်တစ်ခု ဖန်တီးခဲ့လို့ သူက ကျူကျွင်းနဲ့ သူ့အမေ သေဆုံးမှုအတွက် ရန်ငြိုးရှိတယ်လို့ လိမ်ညာပြီး ဟန့်ယန်ဆီကို သွားခိုလှုံခဲ့တာ။ အဲဒါကြောင့် ဟန့်ယန်က လုံးဝ စိတ်ချသွားတာလေ။ ဟန့်ယန်က သူ့အမေ မသေဘူးဆိုတာကို သိသွားရင် ကျူကျွင်းက ဖိန်ကျိုးနဲ့ ထောင်ခရိုင်ကို သိမ်းဖို့ ချထားတဲ့ ဒီနယ်ရုပ်ကို ထိန်းသိမ်းထားနိုင်တော့မှာ မဟုတ်ဘူး"

သူတို့နှစ်ဦးသည် အခြားကိစ္စများကို ဆက်လက် ဆွေးနွေးနေကြသော်လည်း ကျန်းယီချူး၏ နှလုံးသားသည် လုံးဝ မတည်ငြိမ်နိုင်တော့ချေ။ ဖေစုန့် ဝင်လာပြီး အစီရင်ခံစာ အတော်များများကို ဖတ်ပြီးနောက် နာရီဝက်ကျော်ကြာအောင် ကုတင်ပေါ်တွင် ဆူးပေါ်ထိုင်နေရသကဲ့သို့ ခံစားနေရပြီးမှ ဖြည်းဖြည်းချင်း နိုးလာဟန်ဆောင်လိုက်သည်။

"နိုးပြီလား"

ဖေစုန့်က သူမကို ကူညီထူမပေးရန် လက်ကမ်းပေးသော်လည်း ကျန်းယီချူးက ရှောင်လွှဲလိုက်၏။ သူမ၏ မျက်နှာပေါ်ရှိ ရောင်ရမ်းမှုများ မကျသေးဘဲ ပူစပ်ပူလောင် ဖြစ်နေဆဲပင်။ ရှည်လျားသော ဆံနွယ်များက စင်းကျနေပြီး သူမ၏ မျက်နှာကို အနည်းငယ် ဖုံးကွယ်ထားကာ အက်ကွဲသောအသံဖြင့် ပြောလိုက်လေသည်။

"ကျွန်မနဲ့ အားယင်းကို ဖုန်းယန်ကို ပြန်လွှတ်ပေးပါ"

ဖေစုန့်သည် လွတ်သွားသော သူ့လက်ကို ကြည့်ကာ ဂရုမစိုက်ဟန်ဖြင့် ခုတင်ဘေးရှိ ခုံဝိုင်းတွင် ပြန်ထိုင်လိုက်ပြီး သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။ "အစ်မ... ဒါက မဖြစ်နိုင်ဘူးဆိုတာကို သိသားနဲ့"

ကျန်းယီချူး၏ မျက်လုံးများ နီရဲလာပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်လိုက်၏။ "ကျွန်မကို အောက်တန်းကျတယ်၊ အရှက်မရှိဘူးလို့ လူတွေက ဆဲဆိုနိုင်တယ်။ တာ့လျန်ရဲ့ ရှီဇီဖေး ဖြစ်ရက်နဲ့ အားဟန်နဲ့အတူ လိုက်မသေဘဲ သစ္စာမစောင့်သိဘူးလို့လည်း ဆဲဆိုနိုင်တယ်။ ဒါပေမယ့် အားယင်းကတော့ မရဘူး။ အားယင်းကို အဲဒီလို အဆဲဆိုခံရဖို့ ခွင့်မပြုနိုင်ဘူး..."

သူမ စကားဆုံးသောအခါ ခေါင်းကို လွှဲလိုက်ပြီး မျက်ရည်များ စီးကျလာတော့သည်။

ဖေစုန့်ကဲ့သို့ ဉာဏ်ကောင်းသူသည် ကျန်းယီချူး၏ စကားများကို ကြားလိုက်သည်နှင့် ကျိန့်မေရန်၏ အစောပိုင်းက အပြစ်ပုံချခဲ့သော စကားများကို ပြန်စဉ်းစားမိကာ အကြောင်းစုံကို ချက်ချင်း သိလိုက်သည်။

သို့သော် ကျန်းယီချူးက သူ့ကို တမင်သက်သက် ရန်စရန် ပြောခြင်းဖြစ်စေ၊ တကယ်ပဲ ထိုသို့ တွေးနေခြင်းဖြစ်စေ ဤစကားများကို ကြားလိုက်ရသောအခါ ဖေစုန့်၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲဖြစ်သော်လည်း သူ၏ အကြည့်သည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။

သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ "အစ်မ ခံစားခဲ့ရတဲ့ မတရားမှုတွေအတွက် ငါ ပြန်တောင်းပေးပါ့မယ်။ ဒါပေမယ့် ဝိန်းဟန်နဲ့အတူ လိုက်သေဖို့ဆိုတဲ့ အတွေးမျိုးတော့ အစ်မ ဘယ်တော့မှ မတွေးပါနဲ့။ မဟုတ်ရင် သူတို့ ဝိန်းမိသားစုရဲ့ အရိုးတွေကို တူးဖော်ပြီး ခွေးကျွေးဖို့ အမှုန့်ကြိတ်ပစ်မလားဆိုတာ ငါကိုယ်တိုင်တောင် မသိဘူးနော်!"

ကျန်းယီချူးသည် မျက်ရည်များဖြင့် သူနှင့် အကြည့်ချင်း ဆုံလိုက်သည်။ သူပြောနေသည်မှာ သူမကို ခြိမ်းခြောက်နေခြင်း မဟုတ်ကြောင်း သိလိုက်ရသဖြင့် ကြောက်ရွံ့သွားသော်လည်း သူမ၏ မျက်နှာပေါ်တွင် ဝမ်းနည်းဖွယ် အပြုံးတစ်ခု ပေါ်လာ၏။ "ကျွန်မ မသေချင်ပါဘူး။ ဒါပေမယ့် အဲဒီလို လုပ်စေချင်တဲ့သူတွေ အများကြီး ရှိနေတယ်လေ"

ဖေစုန့်သည် ရောင်ရမ်းနေဆဲဖြစ်သော သူမ၏ ပါးပြင်ကို ညင်သာစွာ ထိလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်။ "အစ်မ စိတ်ချပါ။ အဲဒီလူတွေကို ငရဲပြည်ဆီ တစ်ယောက်ချင်းစီ လွှတ်ပေးပါ့မယ်"

ဤတစ်ကြိမ်တွင်တော့ ကျန်းယီချူးသည် တကယ်ကို ကြက်သီးထသွားခဲ့သည်။

_____

ဖိန်ကျိုး။

တောင်ပိုင်းတွင် မိုးများလေ့ရှိသည်။ မြို့ထဲတွင် လဝက်ခန့် သာယာနေပြီးနောက် ညနေပိုင်းတွင် မိုးသက်မုန်တိုင်း ထပ်မံ ကျရောက်လာပြန်သည်။

ဝိန်းယွီသည် လီယောင်ထံမှ သင်ယူစရာများစွာ ရှိနေသဖြင့် သူမ၏ အခန်းထဲတွင် စာအုပ်စင်တစ်ခုကို ထားထားလိုက်သည်။ စာအုပ်များ ရှာဖွေရ လွယ်ကူစေရန် စာအုပ်စင်၏ ထောင့်တွင် မီးအိမ်စင်တစ်ခုကို ထားလိုက်သည်။

ပြတင်းပေါက်အပြင်ဘက်တွင် လျှပ်စီးများ လက်ပြီး မိုးခြိမ်းသံများ ထွက်ပေါ်နေ၏။ သည်းထန်စွာ ရွာသွန်းနေသော မိုးရေများသည် ငှက်ပျောဖက်များပေါ်သို့ ပြင်းထန်လျင်မြန်စွာ ကျဆင်းနေသော်လည်း အခန်းတွင်း၌မူ ဖယောင်းတိုင်အလင်းရောင်ဖြင့် နွေးထွေးနေပြီး မိုးစက်လေးတစ်ခုကပင် ငြိမ်းချမ်းမှုကို မနှောင့်ယှက်နိုင်ချေ။

ဝိန်းယွီသည် ထောင့်ရှိ ခြေတံရှည် ဖယောင်းတိုင်စင်၏ အလင်းရောင်ကို အားပြုကာ စာအုပ်စင်ပေါ်မှ စာလိပ်ရှည်တစ်ခုကို ယူ၍ အလင်းရောင်တွင် သေသေချာချာလေး ဖတ်ရှုနေသည်။ စာလိပ်၏ တစ်ဖက်စွန်းသည် သူမ၏ လက်ဖျံကို ဖုံးအုပ်ထားပြီး သူမ၏ ပါးလွှာသော အင်္ကျီလက်များနှင့်အတူ အောက်သို့ တွဲလောင်းကျနေ၏။

ကျောင်းပိုင်က ဘေးမှနေ၍ အစီရင်ခံလိုက်သည်။ "နန်ချန်က စပါး တင်း၁သန်းခွဲကို ဂိတ်တံခါးထဲ အရင်ပို့ပေးဖို့ သဘောတူလိုက်ပြီ။ ဝေ့ချီရှန်းနဲ့ ပတ်သက်ပြီးတော့ လီရွှင်လူကြီးမင်း ကိုယ်တိုင် ရှင်းကျိုးကို သံတမန်အနေနဲ့ သွားခဲ့ပေမယ့် အခု မြောက်ပိုင်းဝေ့က ဖေစုန့်နဲ့ အားပြိုင်တဲ့ နေရာမှာ အသာစီးရနေပြီဆိုတော့ ရှင်းကျိုးနဲ့ ယီကျိုးကို လက်လွှတ်ပေးပြီး ကျွန်မတို့နဲ့ နန်ချန်တပ်တွေ မြောက်ဘက်ကို တက်ပြီး ဖေစုန့်ကို တိုက်ခိုက်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ထင်တယ်"

ဝိန်းယွီသည် စာလိပ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ဒီပြည်နယ် ၂ခုကို ကျွန်မ အလကား လိုချင်တာ မဟုတ်ဘူး။ ကျွန်မတို့နဲ့ နန်ချန်တပ်တွေ မြောက်ပိုင်းကို တက်ပြီး အတင်းအကျပ် တိုက်ခိုက်မယ်ဆိုရင် ဝေ့ချီရှန်းအတွက် တောင်ပိုင်းမှာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။ ပြီးတော့ မြောက်ပိုင်းဝေ့ တစ်နိုင်ငံတည်းရဲ့ အင်အားနဲ့ ဖေစုန့်ကို ဆောင်းဦးမတိုင်ခင် အပြည့်အဝ ချေမှုန်းနိုင်မယ်လို့ မသေချာဘူး။ ဆောင်းဦး ရောက်တာနဲ့ တောင်ကြားပြင်ပက လူရိုင်းတွေ ပြန်ရောက်လာရင် ဝေ့ချီရှန်းက ရှေ့နောက် ညှပ်တိုက်ခံရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ သူသာ ကျွန်မတို့နဲ့ မဟာမိတ်ဖွဲ့ပြီး ဖေစုန့်ကို တိုက်မယ်၊ ရှင်းကျိုးနဲ့ ယီကျိုးကို စွန့်လွှတ်မယ်ဆိုရင် တောင်ပိုင်းက သူ့ရဲ့ စစ်အင်အားတွေကို ဆုံးရှုံးမှု မရှိအောင် ကျွန်မ အာမခံနိုင်တယ်။ နောက်ပိုင်း မြောက်ဘက်ကို ဆက်ချီတက်တဲ့အခါ မြို့ဘယ်နှမြို့ သိမ်းနိုင်မလဲဆိုတာကတော့ ကိုယ့်စွမ်းရည်နဲ့ကိုယ်ပဲ။ မြို့တွေက အသေ၊ လူတွေက အရှင်ပဲလေ။ ရှင်းကျိုးနဲ့ ယီကျိုးက ကျွန်မအတွက် မရှိမဖြစ် လိုအပ်ပေမယ့် ဝေ့ချီရှန်းရဲ့ အခြေခံအုတ်မြစ်က ဒီပြည်နယ် ၂ခု မဟုတ်ဘူး။ ဒါကြောင့် ညှိနှိုင်းဖို့ နေရာရှိပါတယ်"

ဝိန်းယွီ၏ ဤခွဲခြမ်းစိတ်ဖြာမှုကို ကြားလိုက်ရသောအခါ ကျောင်းပိုင်သည်လည်း အနည်းငယ် စိတ်အေးသွားပြီး ပြောလိုက်၏။ "လီလူကြီးမင်း သတင်းကောင်း ယူလာပေးဖို့ မျှော်လင့်ရတာပေါ့"

ညနက်နေပြီဖြစ်သဖြင့် ဝိန်းယွီသည် ကျောင်းပိုင်ကို စောစော အနားယူရန် ပြောလိုက်သည်။ ကျောင်းပိုင်သည် အပြင်မထွက်မီ တစ်ခုခုကို သတိရသွားပုံရပြီး ဝိန်းယွီကို ပြောလိုက်၏။ "ဒါနဲ့ သခင်မကြီးချန်က နေ့ခင်းတုန်းက မင်းသမီးဆီ လာပြီး မင်္ဂလာဝတ်စုံကို စမ်းဝတ်ကြည့်ပြီးပြီလား၊ ပြင်ဆင်စရာတွေ ရှိသေးလားလို့ မေးသွားတယ်"

ဝိန်းယွီသည် ဘေးတစောင်း ရပ်နေပြီး သူမ၏အကြည့်ကို စာလိပ်ပေါ်မှ မခွာဘဲ ပြောလိုက်၏။ "သိပါပြီ၊ မနက်ဖြန် သခင်မကြီးချန်ကို ကျွန်မ ကိုယ်တိုင် ပြောလိုက်ပါ့မယ်"

ထိုအခါမှသာ ကျောင်းပိုင်သည် ထွက်သွားတော့သည်။

မိုးခြိမ်းသံများကြားတွင် လျှပ်စီးများက ပြတင်းပေါက်ကို ဖြူဖွေး လင်းလက်သွားစေပြီး အဝတ်စင်ပေါ်တွင် ချိတ်ဆွဲထားသော မင်္ဂလာဝတ်စုံသည် ဖယောင်းတိုင်အလင်းရောင်အောက်တွင် မျက်စိကျိန်းမတတ် နီရဲနေလေတော့သည်။

...

All Chapters