← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

အပိုင်း (၈၉)

ရှောင်းလိသည် မြင်းတပ်ဖွဲ့ကို ဦးဆောင်လာပြီး မိုးထဲရေထဲတွင် စခန်းသို့ ဒုန်းစိုင်း ပြန်လာခဲ့သည်။ သူတို့၏ စိုရွှဲနေသော ခြုံလွှာများနှင့် ဝတ်ရုံများမှ မိုးရေများ စီးကျနေပြီး မြင်းခွာသံများက ရေပွက်များကို လွင့်စင်သွားစေရာ အမဲလိုက်ရာမှ ပြန်လာသော ဝံပုလွေအုပ်နှင့် တူနေလေသည်။

သူတို့သည် ကင်းစခန်းတံခါးကို ဖြတ်ကျော်လာသည်နှင့်တပြိုင်နက် ရှောင်းလိနှင့်အတူ လိုက်ပါလာသော အရာရှိငယ်သည် တာဝန်ကျ အစောင့်ကို အော်ဟစ် အစီရင်ခံလိုက်သည်။

"အနောက်ဘက် တပ်ရင်း(၂) ဓားပြနှိမ်နင်းရာကနေ ပြန်ရောက်ပါပြီ။ ဓားပြ အယောက် ၃၀၀ကျော်ကို ဖမ်းမိပြီး လက်နက် ၄၀၀ကျော်နဲ့ သံမြား ၂၀၀ကျော်ကို သိမ်းဆည်းရမိပါတယ်"

အစောင့်သည် စာအုပ်နှင့် စုတ်တံကို အလျင်အမြန် ထုတ်ယူကာ သူ့မှတ်တမ်းစာအုပ်ထဲတွင် တစ်ခုခုကို ရေးမှတ်လိုက်၏။

ဤဆူညံသံသည် အခြား စစ်သည်များ၏ အာရုံကိုလည်း ဆွဲဆောင်သွားပြီး ခေါင်းများကို ပြူထွက်လာကာ ကြည့်ကြလေသည်။ အနောက်ဘက် တပ်ရင်း(၂)၏ မြင်းတပ်များ ဖြတ်သွားသည်ကို မြင်သောအခါ သူတို့၏ မျက်လုံးများတွင် မနာလိုမှုများ အထင်အရှား ပေါ်လွင်နေပြီး တိုးတိုးတိတ်တိတ် ဆွေးနွေးကြလေသည်။

"အနောက်ဘက် တပ်ရင်း(၂)က ဒီလထဲမှာ ဓားပြနှိမ်နင်းဖို့ ဘယ်နှကြိမ်တောင် ထွက်သွားတာလဲ။ ဖိန်ကျိုးနဲ့ ထောင်ခရိုင် အပြင်ဘက်က ဓားပြစခန်းတွေ အားလုံးကို ရှင်းလင်းပြီးသွားလောက်ပြီနော်"

"ဒါတင် ဘယ်ကမလဲ။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း အနောက်ဘက် တပ်ရင်း(၂)က လူတွေ ပြောတာ ကြားလိုက်တယ်။ သူတို့ ဓားပြနှိမ်နင်းတာက ရှင်းကျိုးနဲ့ ယီကျိုးနယ်စပ်အထိတောင် ရောက်နေပြီတဲ့"

"အနောက်ဘက် တပ်ရင်း(၂)က ကောင်တွေတော့ စစ်သူကြီးရှောင်း နောက်လိုက်ပြီး အရမ်းကို ဟန်ကျနေပြီ။ ဒီဓားပြနှိမ်နင်းတဲ့ ခရီးစဉ် နည်းနည်းနဲ့တင် သူတို့ စစ်ရေးစွမ်းဆောင်မှုတွေ အများကြီး ရသွားလောက်ပြီ"

ရှောင်းလိသည် အနောက်ဘက် တပ်ရင်း(၂) သို့ တိုက်ရိုက် ပြန်သွားခဲ့သည်။ သူတို့ ဖမ်းဆီးလာသော ဓားပြ ၃၀၀ကျော်ကို အလုပ်ကြမ်းစခန်းများတွင် နေရာချထားရန် အရာရှိငယ်က စီစဉ်ပေးလိမ့်မည်။ သူသည် မြင်းပေါ်မှ ဆင်းကာ ဇက်ကြိုးကို သူ့ဆီသို့ ပြေးလာသော အစောင့်စစ်သည်ထံ ပစ်ပေးလိုက်ပြီး တဲထဲသို့ ဝင်ရန် ပြင်လိုက်စဉ် ထန်ယီ ရောက်လာသည်ကို တွေ့လိုက်ရ၏။

"နောက်ဆုံးတော့ မင်းပြန်လာမဲ့အချိန်ကို အချိန်ကိုက် ‌စောင့်နိုင်သွားပြီပဲ"

ရှောင်းလိသည် အနည်းငယ် အံ့အားသင့်သွားသည်။ ထန်ယီက ဤအချိန်တွင် သူ့ကို လာရှာခြင်းမှာ သူစခန်းသို့ ပြန်ရောက်ကြောင်း သတင်းကြား၍ ဖြစ်ရမည်။ ညနက်သန်းခေါင်တွင် သူ့ကို လာရှာခြင်းက အရေးကြီးသော ကိစ္စတစ်ခုခု ရှိ၍သာ ဖြစ်ရပေမည်။

အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် သူသည် ထန်ယီကို တဲထဲသို့ ဖိတ်ခေါ်လိုက်သည်။ သူ့ကိုယ်ပေါ်မှ ရွှဲစိုနေသည့် ခြုံလွှာကို ချွတ်ကာ သူ့လက်‌ထောက်ထံ ပေးလိုက်ပြီး စားပွဲတွင် ထန်ယီအတွက် လက်ဖက်ရည် ငှဲ့ပေးရင်း မေးလိုက်၏။

"မိုးရွာတဲ့ည လမ်းက သိပ်မကောင်းဘူး၊ ဓားပြတွေကို ဖမ်းလာရတော့ အပြန်လမ်းက နည်းနည်း နှေးသွားတယ်။ စစ်တပ်ထဲမှာ တစ်ခုခု ဖြစ်လို့လား"

ထန်ယီက သက်ပြင်းတစ်ချက်ချကာ "ဒီရက်ပိုင်းတွေမှာ မင်းက အနောက်ဘက် တပ်ရင်း(၂)က လူတွေကို ခေါ်ပြီး ဓားပြစခန်းတွေဆီကို သွားနေတာ ၃-၅ ရက်လောက် ကြာတယ်။ မင်းကို ဖမ်းဖို့က မလွယ်ဘူး။ ငါက ဖန့်စစ်သူကြီးရဲ့ အမိန့်နဲ့ မင်းကို လာပြောပြတာပါ။ နောက်ရက်အနည်းငယ်လောက် စစ်စခန်းထဲမှာပဲ သေချာနေပါ။ ဓားပြနှိမ်နင်းဖို့ မသွားနဲ့တော့"

ရှောင်းလိသည် ငှဲ့ထားသော လက်ဖက်ရည်ကို ထန်ယီဘက်သို့ တွန်းပေးလိုက်ပြီး ခေါင်းမော့ကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

ထန်ယီက ရှင်းပြလိုက်၏။ "၃ ရက်နေရင် မင်းသမီးရဲ့ ဘိသိပ်ခံပွဲ အခမ်းအနား ရှိတယ်။ မင်းက ဓားပြစခန်းတွေဆီကို ထပ်သွားနေရင် ဖန့်စစ်သူကြီးက ငါ့အရေခွံကို ဆုတ်ပစ်လိမ့်မယ်"

ရှောင်းလိက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဘာ ဘိသိပ်ခံပွဲ အခမ်းအနားလဲ"

သူသည် ပြီးခဲ့သည့် လဝက်လုံးလုံး တောင်ပေါ်တွင် ဓားပြနှိမ်နင်းနေခဲ့သဖြင့် ဖိန်ကျိုး၏ အုပ်ချုပ်ရေး ကိစ္စများကို သိပ်မသိခဲ့ချေ။

ထန်ယီက ရှင်းပြလိုက်လေသည်။ "နန်ချန်က ကျွန်တော်တို့နဲ့ မဟာမိတ် စာချုပ် ချုပ်ဆိုပြီးပြီ။ သူတို့ ပို့လာမယ့် စပါးတွေ ဂိတ်တံခါးကို ရောက်လာဖို့ပဲ စောင့်နေတာ။ မင်းသမီးက နန်ချန်ကို သွားတော့မှာမို့လို့ လီရွှင်လူကြီးမင်းနဲ့ ချန်လူကြီးမင်းတို့က ဂိတ်တံခါးအတွင်းက အခြေအနေတွေကို ယာယီ ထိန်းသိမ်းဖို့ တာဝန်ယူထားတယ်။ လီရွှင် လူကြီးမင်းရဲ့ အဆိုအရ တာ့လျန်နဲ့ နန်ချန်တို့ မဟာမိတ်ဖွဲ့ပြီးပြီဆိုတော့ ကျွန်တော်တို့က အသံပိုကျယ်အောင် လုပ်လို့ရပြီ။ အဲဒါမှ တာ့လျန်ရဲ့ အမတ်ဟောင်းတွေ ဒါမှမဟုတ် တော်လှန်ရေးတပ်တွေ ကျွန်တော်တို့ဆီ ပိုပြီး ဝင်လာနိုင်မှာ။ အကောင်းဆုံး နည်းလမ်းကတော့ ဝမ်ရယ်နဲ့ ရှီဇီတို့ကို ဘွဲ့ထူးတွေ ပြန်လည်ပေးအပ်တာပဲ။ မင်းသမီးက မကြာခင် တာ့လျန်ရဲ့ မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ နန်ချန်ကို လက်ထပ်သွားမယ်ဆိုရင် ပိုပြီးတော့ ဂုဏ်ကျက်သရေ ရှိမှာပေါ့"

နန်ချန်နှင့် မဟာမိတ်စာချုပ် ချုပ်ဆိုပြီးပြီဟု ထန်ယီ ပြောကတည်းက ရှောင်းလိသည် ထူးဆန်းစွာ တိတ်ဆိတ်နေခဲ့သည်။ သူ ပြောပြီးသွားသောအခါမှသာ ရှောင်းလိသည် သူ၏ ပုံမှန် လေသံဖြင့် ပြန်ပြောလိုက်၏။"ကျွန်တော် သိပါပြီ။ ဒီအထိ လာပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုထန်"

ထန်ယီသည် သူ၏ မသိမသာ အနေခက်မှုကို သတိမထားမိခဲ့ချေ။ ရှောင်းလိ၏ သံချပ်ကာအောက်ရှိ အဝတ်အစားများက စိုရွှဲနေပြီး အမြန်ဆုံး အဝတ်အစား လဲလှယ်ရန် လိုအပ်နေသည်ကို မြင်သောအခါ သူက မတ်တတ်ရပ်ကာ ပြောလိုက်လေသည်။ "ငါ ပြောစရာရှိတာ ပြောပြီးပြီဆိုတော့ မနေတော့ပါဘူး"

ရှောင်းလိသည် သူ့ကို လိုက်ပို့ရန် မတ်တတ်ရပ်လိုက်သည်။ ထန်ယီသည် မထွက်ခွာမီ ရှောင်းလိကို မျက်နှာသာပေးလိုပုံရပြီး အသံကို နှိမ့်ကာ ပြောလိုက်၏။ "မင်း ဓားပြနှိမ်နင်းခဲ့တဲ့ စွမ်းဆောင်မှုတွေကို ဖန့်စစ်သူကြီးက မှတ်ထားပါတယ်"

အခြားသူများက သတင်းမရသေးသော်လည်း သူက ဖန့်ယွမ်၏ ဒုစစ်သူကြီး ဖြစ်သဖြင့် အခြားသူများထက် သတင်းပိုရလေသည်။ ချန်ဝေက ရှောင်းလိကို သမက်အဖြစ် လိုချင်ခဲ့သော်လည်း ရှောင်းလိက ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ကြောင်း သူ သိထားသည်။ ချန်ဝေက ဘာမှ မပြောသော်လည်း အတွင်းသိများစွာက ရှောင်းလိကို မောက်မာသည်ဟု နောက်ကွယ်တွင် ယူဆကြပြီး ချန်ဝေက ဤကိစ္စကို စိတ်ထဲထားမထား ဆိုသည်ကိုလည်း မသိကြချေ။

ရှောင်းလိသည် မင်းသမီး၏ ယုံကြည်ရသူ ဖြစ်သော်လည်း မင်းသမီး နန်ချန်သို့ ထွက်သွားပြီးနောက် ဖိန်ကျိုးနှင့် ထောင်ခရိုင်၏ အဓိက ဆုံးဖြတ်ချက်ချနိုင်ခွင့်မှာ ချန်ဝေနှင့် လီရွှင်တို့ လက်ထဲတွင်သာ ရှိနေလိမ့်မည်။ ချန်ဝေသာ အလိုရှိပါက ရှောင်းလိကို အလွယ်တကူ အခက်တွေ့အောင် လုပ်နိုင်ပေသည်။

ဖန့်ယွမ်သည် ချန်ဝေ၏ အယုံကြည်ရဆုံးသူ ဖြစ်ပြီး ဖန့်ယွမ်၏ သဘောထားသည် ချန်ဝေ၏ သဘောထားကို များစွာ ကိုယ်စားပြုလေသည်။

ရှောင်းလိသည် ထန်ယီ့စကားများ၏ အဓိပ္ပာယ်ကို နားလည်သွားပြီး ခေါင်းညိတ်ကာ တိုးတိုးလေး ကျေးဇူးတင်စကား ပြောလိုက်၏။

ထန်ယီ ထွက်သွားပြီးနောက် ရှောင်းလိသည် တဲထဲသို့ ပြန်ဝင်လာသော်လည်း သူ၏ စိုရွှဲနေသော အဝတ်အစားများကို မလဲလှယ်ခဲ့ချေ။ သူသည် စားပွဲတွင် ထိုင်ကာ သူ မှတ်သားထားသော အမှတ်အသားများစွာဖြင့် ပြည့်နှက်နေသည့် တောင်ပိုင်း မြေပုံကို ကြည့်ရင်း ဘာကို တွေးနေမှန်း မသိဘဲ ငိုင်နေလေသည်။

ရှောင်းလိ၏ ကိုယ်ရံတော် ဖြစ်လာသော ကျောက်ယိုချိုက်သည် ရေနွေးပန်းကန်ကို ကိုင်ကာ တဲထဲသို့ ဝင်လာသောအခါ ရှောင်းလိ၏ ဝတ်ရုံများမှ ယိုစိမ့်လာသော ရေများသည် ကြမ်းပြင်ပေါ်တွင် ရေအိုင်ငယ်တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူက အလျင်အမြန် အော်ပြောလိုက်သည်။ "အိုက်ယိုး... စစ်သူကြီးရယ်။ အဝတ်အစားတွေ ဒီလောက် စိုနေတာကို ဘာလို့ မလဲသေးတာလဲ"

ရှောင်းလိသည် မြေပုံကို စူးစိုက်ကြည့်နေပြီး အရေးကြီးသော အချက်တစ်ချက်ကို စဉ်းစားမိသွားပုံရကာ ပြောလိုက်၏။ "ဆူမနေနဲ့"

ကျောက်ယိုချိုက်၏ပါးစပ်မှ အဆက်မပြတ် ထွက်ပေါ်နေသော စကားသံများ ချက်ချင်း ရပ်တန့်သွားတော့သည်။

သူသည် ရှောင်းလိ၏ ကိုယ်ရံတော် ဖြစ်လာနိုင်ခြင်းမှာ သူ၏ စကားပြောကောင်းမှု၊ သတင်းအမျိုးမျိုးကို စုံစမ်းရာတွင် လျင်မြန်မှုနှင့် အခြေအနေကို ကောင်းစွာ သုံးသပ်နိုင်မှုတို့ကြောင့် ဖြစ်သည်။ ဖိန်ကျိုးသို့ လာရာလမ်းတွင် သူသည် ရှောင်းလိကို အတတ်နိုင်ဆုံး မြှောက်ပင့်ခဲ့ပြီး ရှောင်းလိသည်လည်း သတင်းအချက်အလက် စုဆောင်းရာတွင် ကျွမ်းကျင်ပြီး သူ၏ ကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့်သူ တစ်ဦးကို လိုအပ်နေသဖြင့် သူ့ကို အနားတွင် ခေါ်ထားခဲ့ခြင်း ဖြစ်၏။

ရှောင်းလိသည် ယခုအချိန်တွင် စစ်ရေးဗျူဟာကို လေ့လာနေသည်မှာ ရှင်းလင်းနေသဖြင့် ကျောက်ယိုချိုက်သည် သူ့ကို နှောင့်ယှက်ရဲတော့မည် မဟုတ်ချေ။ မြေပုံပေါ်ရှိ ပြည့်နှက်နေသော မင်အမှတ်အသားများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ခေါင်းကိုက်သွားပြီး ရှောင်းလိ ကိုယ်တိုင်သာလျှင် ၎င်းတို့ကို နားလည်နိုင်ပေလိမ့်မည်။

သူသည် ရှောင်းလိ အအေးမိမှာ စိုးရိမ်သဖြင့် အပြင်သို့ ထွက်ကာ မီးဖိုတစ်ခု ယူလာပြီး ရှောင်းလိ၏ အဝတ်အစားများကို ခြောက်သွေ့စေရန် ကူညီပေးပြီးနောက် ဘေးတွင် ရပ်နေလိုက်သည်။

အချိန်မည်မျှ ကြာသွားသည်မသိ။ ကျောက်ယိုချိုက်မှာ ရပ်နေရင်း အိပ်ငိုက်လာချိန်တွင်မှ ရှောင်းလိထံမှ လှုပ်ရှားမှုတစ်ခုကို ကြားလိုက်ရ၏။

သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ရှောင်းလိသည် မြေပုံကို ရေစိုခံ စာလိပ်ဘူးထဲသို့ ထည့်သိမ်းနေသည်ကို တွေ့လိုက်ရသည်။ ရှောင်းလိသည် လက်ပေါ်ရှိ လက်ပတ်များကို အမြန်ဖြုတ်ကာ သူ့ဘက်လှည့်ပြီး ပြောလိုက်လေသည်။

"ငါ့ကို ဝတ်ရုံတစ်ထည် ယူပေး"

ကျောက်ယိုချိုက်သည် ရှောင်းလိ မကြာခဏ ဝတ်ဆင်လေ့ရှိသော မြှားပစ်အင်္ကျီလက်တို ဝတ်ရုံတစ်ထည်ကို အလျင်အမြန် ရှာဖွေပြီး ကမ်းပေးလိုက်ကာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ "ဒီလောက် နောက်ကျနေပြီကို အပြင်ထွက်ဦးမလို့လား"

ရှောင်းလိသည် သံချပ်ကာကို ချွတ်ကာ လက်ပြတ်ဝတ်ရုံကို လဲဝတ်လိုက်ပြီး သူ့ဆံပင်ဖျားများမှ ရေများ စီးကျနေသည်ကိုပင် ဂရုမစိုက်ဘဲ မြေပုံထည့်ထားသော စာလိပ်ဘူးကို ကျောပိုးကာ တဲအပြင်သို့ ထွက်သွားရန် ပြင်လိုက်သည်။ သူက စကားတစ်ခွန်းသာ ချန်ထားခဲ့၏။ "ငါ နောက်အကျဆုံး မနက်ဖြန် မနက်ပြန်လာမယ်။ အဲဒီအတောအတွင်း ငါ့ကို လာရှာတဲ့သူရှိရင် မင်းပဲ ရှင်းလိုက်"

ထန်ယီက မကြာသေးမီကမှ ရောက်လာခဲ့သဖြင့် ကျောက်ယိုချိုက်သည် ရှောင်းလိတွင် အရေးကြီးသော စစ်ရေးတာဝန် ရှိသည်ဟု ထင်မှတ်ကာ မေးခွန်းမထုတ်ရဲဘဲ အလျင်အမြန် သဘောတူလိုက်လေသည်။

ညမိုးက သည်းထန်စွာ ရွာသွန်းနေဆဲပင်။ ဝိန်းယွီသည် လက်ထဲရှိ စာလိပ်ရှည်ကို ဖတ်ပြီးနောက် ခေါက်ကာ စာအုပ်စင်ပေါ်သို့ ပြန်တင်လိုက်ပြီး စာအုပ်စင်ထောင့်ရှိ ဖယောင်းတိုင်မီးကို မီးငြိမ်းလိုက်၏။ ထို့နောက် သူမသည် တစ်ခါမှ မစမ်းဝတ်ရသေးသော မင်္ဂလာဝတ်စုံဆီသို့ လျှောက်သွားလိုက်သည်။

ဖိန်ကျိုး အစိုးရ အထည်ချုပ်ရုံမှ ပန်းထိုးသမ ဒါဇင်ပေါင်းများစွာ လပေါင်းများစွာ အချိန်ယူ၍ ချုပ်လုပ်ထားသော မင်္ဂလာဝတ်စုံသည် အလွန်တရာ လှပသေသပ်လှသည်။ ပိုးသားပေါ်ရှိ ရှုပ်ထွေးလှသော ပုံစံများသည် ဖယောင်းတိုင် အလင်းရောင်အောက်တွင် နေရောင်အောက်မှ လှိုင်းလုံးများကဲ့သို့ တောက်ပနေ၏။ ဆံချည်မျှင်ထက် ပိုပါးလွှာသော ရွှေချည်မျှင်များဖြင့် ထိုးထားသော လုအန်းငှက်များသည် အတောင်ပံခတ်ကာ အော်မြည်နေသကဲ့သို့ ရှိသည်။ ၎င်း၏ အလှတရားအပြင် ထိုဝတ်စုံသည် အသက်ရှူရခက်စေလောက်အောင် ခမ်းနားပြီး ဂုဏ်သိက္ခာရှိသော အငွေ့အသက်များကိုပါ ပေးစွမ်းနေလေသည်။

သူမ မကြာမီ ရင်ဆိုင်ရတော့မည့် ဤမင်္ဂလာပွဲကြီးကဲ့သို့ပင်။ ခမ်းနားမှုများ၏ နောက်ကွယ်တွင် အာဏာနှင့် ရည်မှန်းချက်များ၏ ယှဉ်ပြိုင်မှုတစ်ခု ရှိနေ၏။

ဝိန်းယွီသည် တိမ်တိုက်ပုံစံ ပိုးသားဝတ်စုံကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။ ဘာကြောင့်မှန်းမသိ။ သူမ၏ အစ်ကိုနှင့် ယောက်မဖြစ်သူတို့၏ မင်္ဂလာပွဲ မြင်ကွင်းက သူမ၏ မျက်စิထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

ထိုအချိန်က သူမသည် ၁၂ နှစ်သာ ရှိသေးသည်။ အိမ်တော်တစ်ခုလုံး မီးပုံးများ၊ အနီရောင် ပိုးထည်များဖြင့် တန်ဆာဆင်ထားသည်ကိုသာ သူမ မှတ်မိတော့သည်။ သူမ၏ မယ်တော်သည် အစေခံများအတွက် အဝတ်အစားသစ်များကို ကြိုတင် ချုပ်လုပ်ပေးခဲ့သည်။ ဧည့်သည်များ၏ စကားပြောသံ၊ ရယ်မောသံများနှင့် တံတိုင်းအပြင်ဘက်မှ ဗြောက်အိုးသံများက ရောနှောနေပြီး အလွန် စည်ကားလှသဖြင့် အခြားလောကတစ်ခုလိုပင် ခံစားခဲ့ရသည်။

သူတို့ ဦးညွှတ်ကန်တော့ကြချိန်တွင် ပတ်ဝန်းကျင်မှ လူများက သတို့သားနှင့် သတို့သမီးကို ရယ်စရာများ ပြောဆိုကာ စနောက်ကြသည်။ သူမအစ်ကိုတော်၏ နူးညံ့ပြီး သိမ်မွေ့သော မျက်နှာသည် နားရွက်ဖျားမှ လည်ပင်းအထိ နီရဲသွားခဲ့သည်။ သူမ၏ ယောက်မဖြစ်သူကလည်း သူ့နောက်သို့ လိုက်ကာ ဦးညွှတ်လိုက်သည်။ လေတိုက်၍ ခေါင်းဆောင်းပဝါ အနည်းငယ် လန်သွားချိန်တွင် ခေါင်းဆောင်းပဝါအောက်ရှိ မျက်နှာချေလိမ်းထားသော သတို့သမီးအသစ်၏ ချောမောလှပသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်နေသည်ကို တွေ့လိုက်ရ၏။ ခန်းမအလယ်တွင် ထိုင်နေသော သူမ၏ ခမည်းတော်နှင့် မယ်တော်တို့၏ ဆံပင်များက အနည်းငယ် ဖြူစပြုနေသော်လည်း သူတို့၏ မျက်လုံးများတွင် အပြုံးများ ပြည့်နှက်နေခဲ့သည်။

အဲဒါကမှ တကယ့် မင်္ဂလာပွဲ အစစ်ပဲ။

အနီရောင် ပိုးကြိုး၏ တစ်ဖက်စွန်းတွင် ရှိနေသူမှာ မိမိချစ်ရသူ ဖြစ်သည်။ ဧည့်သည်တော်များ အပြည့်အနှက် ရှိနေပြီး မိသားစုဝင်များလည်း အားလုံး စုံညီစွာ ရှိနေကြသည်။

ဝိန်းယွီသည် မျက်လွှာချလိုက်ပြီး မင်္ဂလာဝတ်စုံ၏ အင်္ကျီလက်ကို ကိုင်ကာ ထိုနေရာတွင် ခဏတာ ငြိမ်သက်စွာ ရပ်နေခဲ့သည်။ ထို့နောက်မှ ဤလှပသော ဝတ်စုံကို ယူကာ အခန်းတွင်းသို့ ဝင်ပြီး လဲဝတ်လိုက်၏။

သခင်မကြီးချန်သည် သူမ၏ ကိုယ်တိုင်းကို ယူပြီး ချုပ်လုပ်ထားသဖြင့် ဝတ်စုံမှာ ပြီးပြည့်စုံနေအောင် သေသပ်ချပ်ရပ်လို့နေသည်။

ဝိန်းယွီသည် မင်္ဂလာဝတ်စုံကို လဲဝတ်ပြီးနောက် မှန်တင်ခုံရှေ့တွင် ထိုင်လိုက်၏။ ကြေးမှုံမှန်မှ အလင်းရောင်သည် အနည်းငယ် ဝါကျင့်ကျင့် ဖြစ်နေပြီး ယခုအချိန်မှာ ညဘက်ဖြစ်ကာ ဖယောင်းတိုင် မီးရောင်များလည်း ရှိနေသဖြင့် မှောင်နေသော်လည်း ကြေးမှန်ထဲမှ အမျိုးသမီးသည် အလွန်တရာ လှပနေဆဲပင်။ သို့သော် သူမ၏ မျက်လုံးများက အနည်းငယ် အေးစက်ပြီး တည်ငြိမ်လွန်းနေသဖြင့် သတို့သမီးအသစ်နှင့် မတူဘဲ ဝတ်စုံနှင့်ယှဉ်လျှင် သူမ၏ နှုတ်ခမ်းအရောင်က အနည်းငယ် ဖျော့တော့နေလေသည်။

ဝိန်းယွီသည် မိတ်ကပ်သေတ္တာထဲမှ နှုတ်ခမ်းနီဆိုးထားသော စက္ကူပြားလေး တစ်ခုကို ယူကာ မှန်ကိုကြည့်ရင်း နှုတ်ခမ်းကို ဖိကပ်လိုက်သည်။

လျှပ်စီးလက်သွားသောအခါ ပန်းပုထွင်းထားသော ပြတင်းပေါက် အပြင်ဘက်တွင် ဖွေးခနဲ လင်းလက်သွားပြီးနောက် ကောင်းကင် ကွဲအက်မတတ် မိုးခြိမ်းသံကြီး ထွက်ပေါ်လာ၏။ ပိတ်ထားသော အခန်းတံခါးသည် ဤမိုးခြိမ်းသံကြီးနှင့်အတူ အပြင်ဘက်မှ အားနှင့် တွန်းဖွင့်ခြင်း ခံလိုက်ရတော့သည်။

လေအေးများ ဝင်ရောက်လာပြီး အခန်းတွင်းရှိ ပိတ်ပါးခန်းဆီးများကို လွင့်ဝဲသွားစေသည်။

ဝိန်းယွီ၏ လက်ထဲတွင် နှုတ်ခမ်းနီစက္ကူကို ကိုင်ထားဆဲဖြစ်ပြီး သူမက လှည့်ကြည့်လိုက်သောအခါ တံခါးပေါက်တွင် လက်နှစ်ဖက်ကို ထောက်ကာ ရပ်နေသူတစ်ဦးကို တွေ့လိုက်ရ၏။ သူ့အဝတ်အစားများနှင့် ဆံပင်များမှာ စိုရွှဲနေပြီး သူ၏ အရပ်ရှည်ရှည် ခန္ဓာကိုယ်ကြီးက အဖြူရောင် လျှပ်စီးများကို အပြင်ဘက်တွင် လုံးဝ ပိတ်ဆို့ထားလေသည်။ ရေများ စီးကျနေသော ရှုပ်ပွနေသည့် ဆံပင်များအောက်တွင် ကျဉ်းမြောင်းပြီး မည်းနက်နေသော ဝံပုလွေ မျက်လုံးတစ်စုံက သူမကို စိုက်ကြည့်နေ၏။

ဝိန်းယွီ၏ မျက်လုံးများတွင် ခဏတာ အံ့အားသင့်မှု ဖြစ်ပေါ်သွားသော်လည်း လျင်မြန်စွာပင် ပြန်လည် တည်ငြိမ်သွားပြီး ပြောလိုက်လေသည်။ "ဒီအချိန်ဆို ကျောင်းပိုင်က ဘယ်သူ့ကိုမှ အဝင်မခံဘူး။ ရှင်က သူ့ကို ရှောင်ပြီး ဝင်လာတယ်ဆိုတော့ အားထုတ်မှု တော်တော်များများ လုပ်ခဲ့ရမှာပဲ။ ကျွန်မကို လာရှာတာ တစ်ခုခုများ ရှိလို့လား"

ရှောင်းလိက ပြောလိုက်၏။ "မင်း ပစ္စည်းတစ်ခု ပျောက်သွားခဲ့တယ်လေ"

ထိုစကားကို ကြားလိုက်ရသောအခါ ဝိန်းယွီသည် မျက်မှောင်ကြုတ်သွားတော့သည်။

ရှောင်းလိသည် သူမဆီသို့ ခြေလှမ်းလာခဲ့သည်။ သူ၏ လက်ခလယ်တွင် ကြိုးတစ်ခုကို ချိတ်ထားပြီး ပစ္စည်းတစ်ခု တွဲလောင်းကျနေ၏။ သူက ပြောလိုက်လေသည်။

"မင်းကို ပြန်ပေးမလို့"

၎င်းမှာ ဝိန်းယွီ ပျောက်သွားသော နံ့သာအိတ်လေးပင်။

သူသည် မိုးထဲရေထဲမှ လာခဲ့ခြင်းဖြစ်သဖြင့် တစ်ကိုယ်လုံး စိုရွှဲနေပြီး နံ့သာအိတ်မှာလည်း မိုးရေများ စိုရွှဲနေကာ ကြိုးပေါ်ရှိ ပန်းပွားများမှ ရေများ စီးကျနေလေသည်။

ဝိန်းယွီသည် ခဏတာ တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် အကြည့်လွှဲကာ မှန်ကိုကြည့်ရင်း မျက်ခုံးကို ဆက်ဆွဲနေလိုက်ပြီး ပြောလိုက်၏။ "ကျွန်မဟာ မဟုတ်ဘူး"

ရှောင်းလိသည် သူမ မျက်ခုံးဆွဲနေသည်ကို ကြည့်ကာ ပြောလိုက်လေသည်။ "အဲဒီညက မင်းထွက်သွားတော့ ရေကန်ဘေးမှာ ငါ ကောက်ရခဲ့တာ"

သူ့အသံမှာ တည်ငြိမ်နေသော်လည်း မိုးရေစိုထားသဖြင့် အနည်းငယ် အက်ကွဲနေ၏။

ဝိန်းယွီသည် အနှောင့်အယှက်ကြောင့် မျက်ခုံးဆက်ဆွဲရန် စိတ်မပါတော့သည့်နှယ် လက်ထဲက မျက်ခုံးဆွဲခဲတံကို ချလိုက်ပြီး နောက်သို့လှည့်ကာ ရှောင်းလိကို အနည်းငယ် အေးစက်စွာ ကြည့်ရင်း ပြောလိုက်လေသည်။ "ကျွန်မ ပြောပြီးပြီလေ၊ ကျွန်မဟာ မဟုတ်ပါဘူးလို့။ စစ်သူကြီးရှောင်း... ရှင်က ဒီနေ့ စည်းကမ်းတွေကို ချိုးဖောက်ပြီး ဒီကို လာတာက ကျွန်မကို ဒီစကားတွေ ပြောဖို့ဆိုရင် ရှင် ပြန်လို့ရပါပြီ"

သူမ ပြန်လှည့်ကာ မျက်ခုံးဆက်ဆွဲရန် ပြင်လိုက်စဉ် ရှောင်းလိက သူမ၏ မျက်ခုံးဆွဲခဲတံ ကိုင်ထားသော လက်ကို ဖမ်းဆုပ်လိုက်၏။ သူသည် ခေါင်းကို အနည်းငယ် ငုံ့ထားသဖြင့် သူ့မျက်နှာအမူအရာကို ရှင်းလင်းစွာ မမြင်ရဘဲ တိုးတိုးလေး မေးလိုက်လေသည်။

"ဝိန်းယွီ... မင်း ဘာကို ရှောင်ပြေးနေတာလဲ"

ဝိန်းယွီက အကြည့်လွှဲလိုက်၏။ "စစ်သူကြီးရှောင်း ဘာပြောနေတာလဲဆိုတာ ကျွန်မ နားမလည်ဘူး"

ရှောင်းလိသည် ထိုနံ့သာအိတ်ကို ဝိန်းယွီ၏ မှန်တင်ခုံပေါ်တွင် တင်လိုက်ပြီး သူမကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။ "ငါ အထဲကို ဖွင့်ကြည့်ပြီးပြီ။ အဲဒီထဲမှာ ငါ မင်းအတွက် ထုပေးထားတဲ့ ငါးကြင်းရုပ် သစ်သားပန်းပုလေး ရှိတယ်"

အင်္ကျီလက်ထဲတွင် ဝှက်ထားသော ဝိန်းယွီ၏ အခြားလက်တစ်ဖက်သည် လက်သီးဆုပ်လေး ဖြစ်သွားတော့၏။ သူမ အစိုးရိမ်ဆုံး ကိစ္စက တကယ် ဖြစ်လာခဲ့ပြီပဲ။

ရှောင်းလိက ဆက်ပြောလိုက်သည်။ "ဒီနံ့သာအိတ်ကို ကောက်ရတုန်းက ငါ အရမ်း ပျော်သွားတယ်။ မင်းလည်း ငါ့ကို နည်းနည်းလေးတော့ သဘောကျနေလောက်တယ်ဆိုပြီး ပျော်သွားတာ။ မင်းက ရှင်းကျိုးနဲ့ ယီကျိုးကို မင်္ဂလာလက်ဖွဲ့အဖြစ် လိုချင်တယ်ဆိုလို့ ငါက ဓားပြနှိမ်နင်းတာကို အကြောင်းပြပြီး ရှင်းကျိုးနဲ့ ယီကျိုး ပတ်ဝန်းကျင်က မြေမျက်နှာသွင်ပြင်နဲ့ စစ်ရေး ကာကွယ်မှုတွေကို သေချာ လေ့လာခဲ့တယ်။ ဘယ်သူနဲ့မှ မဟာမိတ်ဖွဲ့စရာ မလိုဘဲ ရှင်းကျိုးနဲ့ ယီကျိုးကို သိမ်းယူနိုင်မယ့် နည်းလမ်းကိုလည်း စဉ်းစားပြီးပြီ။ အဲဒါကြောင့် မင်းကို လာမေးတာ..."

အပြင်ဘက်တွင် မိုးခြိမ်းသံနှင့် မိုးသံများ ပိုကျယ်လောင်လာပြီး ပြတင်းပေါက်ကို ရိုက်ခတ်နေသော မိုးရေပေါက်သံများက တဖျောက်ဖျောက် မြည်နေလေသည်။

ဝိန်းယွီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော သူ၏ လက်သည် အနည်းငယ် တင်းကျပ်သွားပြီး အသံအက်ကွဲကွဲဖြင့် ပြောလိုက်လေသည်။ "ဝိန်းယွီ... မင်းရဲ့ ချန်ဝမ်ကို လက်မထပ်ဘဲ ငါ့ကို လက်ထပ်လို့ မရဘူးလား"

"လျန်ပြည်ထောင်ကို မင်းအတွက် ငါ ပြန်တည်ထောင်ပေးမယ်။ မင်းရဲ့ ဝိန်းမိသားစုရဲ့ ရန်ငြိုးကိုလည်း မင်းအတွက် ငါ ပြန်ဆပ်ပေးမယ်လေ"

...

All Chapters