အခန်း ၉၀
Vol. 9 Ch. 90
အပိုင်း (၉၀)
လျှပ်စီးတန်းများသည် ညဉ့်ယံ၏ ကောင်းကင်ယံကို အက်ကြောင်းများစွာအဖြစ် ဆွဲဖြဲလိုက်ပြီး ထိုအက်ကွဲကြောင်းများထဲမှ သည်းထန်သော မိုးရေများက အတားအဆီးမဲ့စွာ စီးဆင်းကျလာသည်။
မိုးခြိမ်းသံများသည်လည်း တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာ၏။
ဝိန်းယွီ၏ စိတ်အစဉ်သည် မိုးခြိမ်းသံများကြောင့် အနှောင့်အယှက်ဖြစ်သွားသကဲ့သို့ သူမ၏ မျက်ဝန်းအောက်ခြေတွင် ခဏတာ မှင်သက်မှုတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် ထိုရှုပ်ထွေးနေသော ခံစားချက်များသည် တစ်လွှာပြီးတစ်လွှာ ငြိမ်သက်သွားခဲ့ကာ မျက်လုံးထဲတွင် အေးစက်တည်ငြိမ်မှုများသာ ကျန်ရှိတော့၏။ သူမသည် ရှောင်းလိကို ကြည့်ကာ ပြောလိုက်လေသည်။ "အဲဒီညက ကျွန်မ ရှောင်းစစ်သူကြီးကို ပြောခဲ့တာတွေ သိပ်မရှင်းသေးဘူး ထင်တယ်"
ရှောင်းလိက သူမ၏စကားကို ဖြတ်ပြောလိုက်သည်။ "ငါလာတာ အဲဒီညက မင်းရဲ့အမေးကို အဖြေလာပေးတာပဲ"
သူ၏ အရပ်အမောင်းနှင့် ခန္ဓာကိုယ်ထွားကြိုင်းမှုသည် ထိုနေရာတွင် ရှိနေပြီး ဘေးတိုက်မေးရိုးကောက်ကြောင်းသည် ရှင်းလင်းပြတ်သားနေသည်။ လူတစ်ယောက်ကို ခေါင်းမော့ကာ တည့်တည့်ကြည့်လိုက်တိုင်း ပေးစွမ်းနိုင်သော ဖိအားမှာ အလွန် ပြင်းထန်လှ၏။ ယခုအချိန်တွင် သူ့ပုံစံသည် ဖရိုဖရဲ ဖြစ်နေသော်လည်း အတိတ်က အချိန်တိုင်းထက် ပိုလို့ပင် အန္တရာယ်များနေသယောင်။
သူ့မျက်လုံးအိမ်ထဲတွင် မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသော ဝိန်းယွီ၏ ပုံရိပ်က ထင်ဟပ်နေပြီး ပိုပြီးနက်ရှိုင်းသော မျက်လုံးထဲက အရိပ်အယောင်များကိုမူ ဘယ်သူမှ ရှင်းလင်းစွာ မမြင်နိုင်ချေ။
“အဲဒီညက မင်း ငါ့ကို မေးခဲ့တယ်လေ၊ နန်ချန်ကို သတို့သမီး လိုက်ပို့ဖို့ သွားရရင် နန်ချန်မှာပဲ တစ်သက်လုံး နေသွားမှာလားဆိုပြီးတော့။ ငါ့ရဲ့ အဖြေကတော့ မင်းကို နန်ချန်ဆီ အပေးစား မခံနိုင်ဘူး။ ငါက မင်းရွေးချယ်နိုင်တဲ့ တတိယလမ်းကြောင်း ဖြစ်လာပေးမယ်။ မင်း ငါ့ကို လက်ထပ်တာပဲဖြစ်ဖြစ်၊ ငါက မင်းမိသားစုထဲကို လက်ထပ်ပြီး ဝင်ရမှာပဲဖြစ်ဖြစ် အကုန်ရတယ်"
ဝိန်းယွီ၏ မျက်နှာပေါ်မှ အံ့အားသင့်မှုကို မြင်လိုက်ရသောကြောင့် ဖြစ်နိုင်၏။ သူသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ "ငါက စာအများကြီး သင်ဖူးတာ မဟုတ်တော့ မင်းတို့ရဲ့ ယဉ်ကျေးတဲ့ စကားလုံးတွေနဲ့ ဘယ်လိုပြောရမလဲ မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအဓိပ္ပာယ်ပါပဲ။ ဘယ်လိုလဲ၊ ငါ့ကို ရွေးချယ်မှာလား"
ဝိန်းယွီကို ကြည့်နေသော ထိုအကြည့်များသည် သည်းခံမှု၊ ရိုးသားမှု၊ စွဲလမ်းမှုနှင့် တည်ငြိမ်မှုတို့ ပြည့်နှက်နေသည်။ သူသည် သေသေချာချာ စဉ်းစားဆင်ခြင်ပြီးမှ သူမကို လာရှာကာ ဤစကားများကို ပြောဆိုခြင်းဖြစ်ပြီး ရုတ်တရက် စိတ်ကူးပေါက်၍ ပြောခြင်း လုံးဝ မဟုတ်ကြောင်း ထင်ရှားလှသည်။
ဝိန်းယွီသည် အချိန်အတော်ကြာသည်အထိ မည်သို့ ပြန်ပြောရမည်ကိုပင် မသိတော့ဘဲ မှင်သက်နေခဲ့သည်။
ရှောင်းလိက သူမအပေါ် စိတ်ဝင်စားနေကြောင်းကို အမြဲတစေ သိရှိထားခဲ့သော်လည်း မွေးရာပါ ခေါင်းမာပြီး ရိုင်းစိုင်းလှသော ဤလူက သူ၏ခေါင်းကို သည်လောက်အထိ နှိမ့်ချလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးချေ။ သူမ၏ရင်ဘတ်သည် တစ်စုံတစ်ခု၏ ပြင်းပြင်းထန်ထန် ဆုပ်နယ်ခြင်းကို ခံလိုက်ရသကဲ့သို့ ရုတ်တရက် အလွန်အမင်း ဆို့နင့်နာကျင်လာခဲ့၏။
သူမ၏ နှုတ်ခမ်းနီ ဆိုးထားကာစ နှုတ်ခမ်းဖူးဖူးလေးသည် မသိစိတ်အလျောက် တင်းကျပ်စွာ စေ့ပိတ်သွားပြီး မင်္ဂလာဝတ်စုံ၏ အင်္ကျီလက်ကျယ်ကြီးထဲတွင် စုဝေးနေသော လက်ချောင်းငါးချောင်းသည်လည်း လက်ဖဝါးထဲသို့ ပိုလို့ပင် အားပါပါ စိုက်ဝင်သွားခဲ့သည်။ သူမသည် ရှောင်းလိကို လှည့်ကြည့်လိုက်ပြီး သူမ၏မျက်လုံးအရောင်သည် တည်ငြိမ်နေပြီး ရက်စက်မှုတို့လည်း ပါဝင်နေ၏။ ထို့နောက် လုံးဝ မတုန်မလှုပ်ဘဲ အေးစက်စွာဖြင့် ပြောလိုက်လေသည်။ "ရှင်က ရှင်းကျိုးနဲ့ ယီကျိုး ပြည်နယ်နှစ်ခုကို တိုက်ယူနိုင်ရင်တောင် ဘာကို ပြောင်းလဲနိုင်မှာလဲ"
"ကျွန်မက စစ်တပ်ကို လိုချင်တယ်၊ အာဏာကို လိုချင်တယ်။ ရှင့်မှာ ရှိလို့လား"
မိုးခြိမ်းသံများသည် ဆက်တိုက် ထွက်ပေါ်နေပြီး သည်းထန်သော မိုးရေများသည်လည်း တဖျောက်ဖျောက် ရွာသွန်းလို့နေသည်။
ရှောင်းလိ၏ မျက်နှာတစ်ခြမ်းသည် ဖယောင်းတိုင်မီးရောင် မရောက်ရှိနိုင်သော အမှောင်ထုထဲတွင် ပုန်းကွယ်နေပြီး မည်သည့် အမူအရာဖြစ်ကြောင်း ရှင်းလင်းစွာ မမြင်ရချေ။ ဝိန်းယွီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော သူ၏ လက်ချောင်းငါးချောင်းမှ အားအနည်းငယ် လျော့ကျသွားသည်ကိုသာ သိရှိရ၏။
ဝိန်းယွီသည် ထိုအခွင့်အရေးကို ယူကာ သူ့လက်ထဲမှ ရုန်းထွက်လိုက်ပြီး မျက်နှာကို အေးစက်မာကျောစွာ တဖက်သို့လွှဲထားလိုက်ကာ မီးအိမ်ပေါ်ရှိ ဖယောင်းတိုင်မီးရောင်ကို ကြည့်နေလိုက်သည်။ သူမ၏ အခြားလက်တစ်ဖက်မှ ပြန့်နှံ့လာသော စူးရှသည့် နာကျင်မှုသည် သူမ၏ အာရုံကြောများကို လှုံ့ဆော်ပေးနေပြီး မျက်နှာပေါ်ရှိ အေးစက်မှုကို ခက်ခက်ခဲခဲ ထိန်းသိမ်းထားရလေသည်။
ရှောင်းလိကို ဘာတစ်ခုမှ မရိပ်မိစေချင်သဖြင့် ဧည့်သည်ကို နှင်ထုတ်သည့် စကားကို အေးစက်စွာ ပြောရန် ပြင်လိုက်စဉ် ရှောင်းလိက ပြောလိုက်သည်။ "ရှင်းကျိုးနဲ့ ယီကျိုး ပြည်နယ်နှစ်ခုကို မယူခင် နန်ချန်ကို တံခါးပေါက်အပြင်ဘက်မှာ အရင် ပိတ်ဆို့ထားရမယ်။ တာ့လျန် တောင်ပိုင်းက ဒီပြည်နယ် ၃ခုနဲ့ ခရိုင် ၁ခုကို သိမ်းပိုက်ပြီးတဲ့နောက် စစ်သည်တွေစုဆောင်းပြီး မြင်းတွေဝယ်ယူမယ်၊ ပြီးတော့ အင်အားဖြည့်တင်းဖို့ အနားယူမယ်။ ဆောင်းဦးပေါက်လို့ နယ်စပ်အပြင်ဘက်က အရိုင်းအစိုင်းတွေ ယိုးကျိုးကို ကျူးကျော်လာချိန်ရောက်ရင် ဝေ့ချီရှန်းက လက်မလည်နိုင်တော့ဘူး။ အဲဒီအချိန်ကျမှ စစ်တပ်ကို မြောက်ဘက်ဆီ စေလွှတ်ပြီး ဖေစုန့်ကို အတူတူ တိုက်ထုတ်မယ်"
သူ့ထံမှာ ဤစကားသည် ဝိန်းယွီက အစောပိုင်းတွင် မေးခဲ့သော ရှင်းကျိုးနှင့် ယီကျိုး ပြည်နယ်နှစ်ခုကို သိမ်းပိုက်နိုင်လျှင် ဘာပြောင်းလဲနိုင်မည်နည်း ဆိုသည့်အမေးကို အဖြေပေးလိုက်ခြင်းပင်။
ဝိန်းယွီ အံ့အားသင့်နေချိန်တွင် သူသည် ကျောဘက်ရှိ စာလိပ်ဘူးကို ဖြုတ်ယူလိုက်ပြီး မြေပုံကို ထုတ်ကာ သူမ၏ မှန်တင်ခုံပေါ်တွင် ဖြန့်ခင်းလိုက်၏။
မြေပုံ၏ နှစ်ဖက်စွန်းသည် လိပ်တက်နေသဖြင့် ရှောင်းလိသည် ဝိန်းယွီ၏ မိတ်ကပ်သေတ္တာကို အသုံးပြုကာ ထောင့်တစ်နေရာကို ဖိထားလိုက်ပြီး အခြားတစ်ဖက်ကို လက်မောင်းဖြင့် ထောက်ကာ ဖိထားလိုက်သည်။ အဝေးမှ ဖယောင်းတိုင်မီးရောင်သည် သူ၏ မြင့်မားသော အရိပ်ကြီးကို မှန်တင်ခုံ ထိုင်ခုံနေရာသို့ ထိုးကျနေစေသည်။ သူ့မျက်နှာအမူအရာမှာ အစမှအဆုံးတိုင် အလွန် တည်ငြိမ်နေပြီး သူက ပြောလိုက်၏။ "ငါ ဓားပြနှိမ်နင်းတုန်းက ဝေ့ချီရှန်း ပိတ်ဆို့ထားတဲ့ သတင်းတချို့ကို စုံစမ်းသိရှိခဲ့ရတယ်။ ဖေစုန့်က အစကတည်းက ယီကျိုးကနေ ဆုတ်ခွာသွားတုန်းက ယီကျိုးကို လုံးဝကို ပြောင်သလင်းခါအောင် ရှင်းလင်းသွားခဲ့တာ။ ဝေ့ချီရှန်း သိမ်းပိုက်နိုင်ခဲ့တာက မြို့ပျက်ကြီး တစ်ခုသက်သက်ပဲ။ အခု သူက ရှင်းကျိုး စစ်တပ်တစ်ခုတည်းရဲ့ အင်အားနဲ့ ပြည်နယ်နှစ်ခုကို ထိန်းသိမ်းထားရတာဆိုတော့ အားနည်းချက်တွေ အများကြီး ရှိနေတယ်။ ဒီပြည်နယ်နှစ်ခုကို တိုက်ယူတာက စစ်အင်အား အများကြီး ဆုံးရှုံးမှာ မဟုတ်ဘူး"
သူ၏ စိုရွှဲနေပြီး အထွေးလိုက် ဖြစ်နေသော ဆံပင်များမှ ရေများသည် အောက်သို့ စီးကျဆင်းနေဆဲ။ ကံကောင်းထောက်မစွာဖြင့် ထိုမြေပုံပေါ်တွင် ရေစိုခံ ဖယောင်းဆီ တစ်လွှာ သုတ်လိမ်းထားသဖြင့် ရေစိုသွားသော်လည်း စိုရွှဲပျက်စီးသွားခြင်း မရှိခဲ့ချေ။
သို့သော် သူ၏ အင်္ကျီလက်ဝမှ စီးကျလာသည်လား၊ ဆံစွန်းမှ ပြုတ်ကျလာသည်လား မသိနိုင်သော ပထမဆုံး ရေစက်ကလေး တစ်စက်သည် ဝိန်းယွီ၏ လက်ဖမိုးပေါ်သို့ ကွက်တိ ကျရောက်သွားခဲ့လေသည်။
"ပိုင်ယန်တောင်ကြားရဲ့ သဘာတအတားအဆီးကို အားကိုးပြီး ငါတို့ရဲ့ မူလအစီအစဉ်အတိုင်းဆိုရင် နန်ချန်ရဲ့ စစ်တပ်တွေ တံခါးပေါက်ထဲ ဝင်မလာနိုင်အောင် တားဆီးထားလို့ ရနေပြီ။ တကယ်လို့ နန်ချန်ကသာ အသေခံပြီး အပြင်းအထန် တိုက်ခိုက်လာမယ်ဆိုရင်တောင် သူတို့နဲ့ ပတ်ဝန်းကျင်က တိုင်းပြည်ငယ်လေးတွေကြားမှာလည်း ပွတ်တိုက်မှုတွေ အများကြီး ရှိနေတာပဲ။ တာ့လာနဲ့ ဝူကျန်းလို တိုင်းပြည်ငယ်လေးတွေဆီကို လူလွှတ်လိုက်မယ်ဆိုရင် သူတို့က ဒီအချိန်မှာ နန်ချန်ရဲ့ နန်းတော်ကို တိုက်ရိုက်တိုက်ခိုက်ဖို့ ဆန္ဒမရှိဘဲ နေမှာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် နန်ချန်က သေချာပေါက် စစ်တပ်ကို ရုပ်သိမ်းပြီး နန်းတော်ကို ပြန်လည် ကာကွယ်ရလိမ့်မယ်။ ပိုင်ယန်တောင်ကြားကို အင်အားအပြည့်နဲ့ ထပ်ပြီး တိုက်ခိုက်ရဲမှာ မဟုတ်တော့ဘူး"
မှန်တင်ခုံက မဆိုစလောက်သာ ကြီးမားသဖြင့် သူက ဘေးကပ်ပြီး ရပ်နေသော်ငြား မြေပုံကို လက်မောင်းဖြင့် ထောက်ကာ ဖိထားရပြီး မြေပုံပေါ်ရှိ မြေမျက်နှာသွင်ပြင်များကိုလည်း မကြာခဏ ညွှန်ပြနေရသဖြင့် ဝိန်းယွီနှင့် အလွန်နီးကပ်သွားသည့် အချိန်များ အမြဲ ရှိနေခဲ့သည်။ စကားပြောနေစဉ် သူ၏ အသက်ရှူသံများနှင့် ခန္ဓာကိုယ်မှ စိုထိုင်းသော အငွေ့အသက်များကို ဝိန်းယွီက တမင်တကာ လျစ်လျူရှုထားသော်လည်း ရှင်းလင်းစွာ ခံစားနေရဆဲ ဖြစ်သဖြင့် သူမသည် အမှတ်တမဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
ရှောင်းလိသည် ဝိန်းယွီ ဘာကြောင့် မျက်မှောင်ကြုတ်သွားသည်ကို မသိဘဲ သူမ နားထောင်ရသည်မှာ စိတ်မရှည်တော့ဟု ထင်မှတ်ကာ စကားများကို အကျဉ်းချုံးလိုက်ပြီး ပြောလိုက်လေသည်။ "ဖေစုန့်က ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး ဝေ့ချီရှန်းကလည်း အပြင်းအထန် လိုက်လံတိုက်ခိုက်နေတယ်။ ဆောင်းဦးမတိုင်ခင်မှာ ဖေစုန့်က တောင်ပိုင်းကို စစ်ချီဖို့ အင်အားခွဲထုတ်နိုင်မှာ မဟုတ်ဘူး။ ဝေ့ချီရှန်းကလည်း တောင်ပိုင်းနယ်စပ်က ဝေးကွာလှတဲ့ ပြည်နယ်နှစ်ခုအတွက်နဲ့ ဖေစုန့်ရဲ့ နယ်မြေကို ဖြတ်ကျော်ပြီး ငါတို့ကို လာရောက် တိုက်ခိုက်မှာ မဟုတ်ဘူး။ ဆောင်းဦးပေါက်လာရင် သူက မြောက်ပိုင်းနယ်စပ်က လူရိုင်းတွေနဲ့ ဖေစုန့်ရဲ့ ကြားမှာ ညပ်နေရမှာဆိုတော့ ငါတို့ကို ပိုပြီးတော့တောင် အရေးစိုက်နိုင်မှာ မဟုတ်ဘူး။ ဖေစုန့် စစ်ရှုံးသွားတဲ့အခါ ဝေ့ချီရှန်းက ပုန်ကန်သူတွေကို ရှင်းလင်းမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ချီခဲ့တာဆိုတော့ မင်းက တာ့လျန်ရဲ့ မင်းသမီးတစ်ပါး အနေနဲ့ သူ့ကို အညံ့ခံခိုင်းလို့ရတယ်။ တကယ်လို့ သူက လက်မခံဘူးဆိုရင် သူကိုယ်တိုင်လည်း ပုန်ကန်သူ လူယုတ်မာစာရင်းထဲ ပါသွားမှာပဲ။ အဲဒီအခါကျရင် သူ့ကို တိုက်ခိုက်ဖို့ သင့်တော်တဲ့ အကြောင်းပြချက် ရှိသွားပြီ"
ထိုအကြောင်းများကို ပြောပြပြီးနောက်မှ သူသည် ခေါင်းမော့ကာ ဝိန်းယွီကို ကြည့်လိုက်၏။ "စစ်တပ်နဲ့ အာဏာက ငါ့ဆီမှာ အခုလောလောဆယ် မရှိသေးဘူး။ ငါ့ဆီမှာ အဲဒါတွေ ရှိလာမယ့် နေ့တစ်နေ့အထိ မင်း စောင့်ပြီးမှ ငါနဲ့ လက်ထပ်လို့ ရပါတယ်"
ဤသည်ကတော့ သူမ၏ ဒုတိယမြောက် မေးခွန်းအတွက် သူ ပေးလိုက်သော အဖြေပင်။
ဝိန်းယွီသည် ထိုမြေပုံပေါ်ရှိ ပြည့်နှက်နေသော မှတ်သားချက်များနှင့် ပြင်ဆင်ထားသော အမှတ်အသားများကို တစ်ချက် ကြည့်လိုက်ပြီး အစောပိုင်းက ရေစက်ကျထားသော လက်ဖမိုးနေရာမှ တဆစ်ဆစ် ပူလောင်နာကျင်လာသည်ကိုသာ ခံစားလိုက်ရသည်။
အပေါ်သို့ ကျရောက်လာသည်မှာ မိုးရေမဟုတ်ဘဲ ဆူပွက်နေသော ဆီစက်များကဲ့သို့ပင်။
သူမသည် နဖူးကို ထောက်ကာ ထိုမြေပုံကို အချိန်အတော်ကြာ တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် ရက်စက်စွာ ဆုံးဖြတ်လိုက်ပြီး ပြောလိုက်၏။ "ကျွန်မက နန်ချန်နဲ့ မဟာမိတ်ဖွဲ့လိုက်တာနဲ့ ရနိုင်တဲ့ အရာတွေကို ဘာဖြစ်လို့ ရှင်နဲ့ အကြွေးယူပြီး လုပ်ရမှာလဲ။ နန်ချန်ရဲ့ အင်အားကို ငှားပြီး မြောက်ပိုင်းဝေ့နဲ့ စစ်ပြေငြိမ်းဖို့ ဆွေးနွေးလိုက်ရင် စစ်သည်တစ်ယောက်မှ အဆုံးရှုံးမခံဘဲ ရှင်းကျိုးနဲ့ ယီကျိုး ပြည်နယ်နှစ်ခုကို ရနိုင်တယ်။ ပြီးတော့ ပိုင်ယန်တောင်ကြားမှာလည်း ရန်သူကြီးကို ကာကွယ်ဖို့ စစ်တပ်တွေ တပ်ဖြန့်ထားစရာ မလိုတော့ဘူး။ ဒီလိုဆိုမှပဲ အကျိုးအမြတ် အပြည့်အဝရပြီး အရှုံးမရှိနိုင်တာ မဟုတ်ဘူးလား"
ရှောင်းလိသည် ဤနေရာအထိ ကြားလိုက်ရသောအခါ မျက်နှာပေါ်တွင် သိသာထင်ရှားစွာ ဖြူရော်သွားခဲ့လေပြီ။
ဝိန်းယွီ၏ စကားမှာ မဆုံးသေးသည်မှာ သိသာသည်။ သူမသည် မျက်လုံးများကို ပင့်ကာ ရှောင်းလိကို မရှောင်မလွှဲဘဲ တည့်တည့် စိုက်ကြည့်လိုက်ပြီး ပြောလိုက်၏။ "ဒါ့အပြင်... ရှောင်းစစ်သူကြီးက တစ်ခုခုကို အထင်လွဲနေပြီလို့ ကျွန်မ ထင်တယ်"
သူမသည် မှန်တင်ခုံပေါ်တွင် ရှောင်းလိ တင်ထားခဲ့သော အမွှေးနံ့သာအိတ်ကို လက်ချောင်းထိပ်ဖြင့် ကော်ယူလိုက်ပြီး ပြောလိုက်၏။ " ဒီသစ်သားရုပ်ကို ဆောင်ထားတာက စစ်သူကြီး အရင်တုန်းက ပြောခဲ့တဲ့ 'ငါးကြင်းမြီးက နဂါးတံခါးကို ကျော်ဖြတ်တာ' ဆိုတဲ့ စကားလေးခွန်းကို အရမ်း သဘောကျလို့ပါ။ တခြားကြောင့် မဟုတ်ပါဘူး။ စစ်သူကြီးက အကြိမ်ကြိမ် စည်းကျော်လာတော့ ဒီမင်းသမီးကို တကယ်ပဲ အနေရခက်စေတယ်"
တိတ်ဆိတ်ငြိမ်သက်နေစဉ်အတွင်း သူမသည် မိမိကိုယ်မိမိ ခေါ်ဝေါ်သည့် အသုံးအနှုန်းကို ပြောင်းလဲလိုက်ပြီး ဤကိစ္စအတွက် အချိန်အတော်ကြာ အနှောင့်အယှက်ဖြစ်ကာ ငြီးငွေ့နေခဲ့ပြီ ဖြစ်ကြောင်း အမှန်တကယ်ပင် ပုံပေါ်နေ၏။
ထိုသို့ပြောပြီးနောက် သူမ၏ လက်ချောင်းထိပ်များ အနည်းငယ် လျော့ကျသွားရာ ငါးကြင်းရုပ် သစ်သားပန်းပု ထည့်ထားသော အမွှေးနံ့သာအိတ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ အမွှေးနံ့သာအိတ်ပေါ်ရှိ ကြိုးမှာ အစောကြီးကတည်းက ပြေလျော့နေခဲ့သဖြင့် အတွင်းမှ ငါးကြင်းရုပ် သစ်သားပန်းပုလေးသည် အပြင်သို့ ထွက်ကျလာပြီး ရှောင်းလိ၏ ခြေရင်းသို့ လိမ့်သွားလေသည်။
သူမသည် ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။ "ဒီသစ်သားပန်းပုက ပျောက်သွားပြီးသားပဲဆိုတော့ ကျွန်မက ဘယ်တုန်းကမှ ပြန်မတွေ့ခဲ့ဘူးလို့ပဲ သဘောထားလိုက်မယ်"
ရှောင်းလိသည် ခေါင်းကို အနည်းငယ် စောင်းထားပြီး မျက်နှာအများစုမှာ အရိပ်ထဲတွင် ပုန်းကွယ်နေလေသည်။ သူ့လည်ပင်းပေါ်ရှိ ကြွက်သားလိုင်းများ တင်းမာနေသည်ကိုသာ မြင်တွေ့နိုင်ပြီး လည်စေ့မှာလည်း ခက်ခဲစွာ လှုပ်ရှားသွားသကဲ့သို့ ဖြစ်သွားပြီးမှ သူက ဆက်မေးလိုက်၏။ "ဒါဆို မြစ်ကမ်းပါးကို ပိတ်ဆို့တုန်းက ခြုံလွှာကရော"
ဝိန်းယွီသည် အသေအချာ ပြန်လည် စဉ်းစားကြည့်နေသကဲ့သို့ လုပ်ပြီးမှ သူ ဘာပြောနေသည်ကို သဘောပေါက်သွားကာ ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်လေသည်။ "ကျွန်မ အဲဒီနေ့က စစ်ဆေးဖို့ သွားတုန်းက ပစ္စည်းတွေ အများကြီး ဆုချခဲ့တာပါ။ ရှောင်းစစ်သူကြီးကသာ မပြောဘူးဆိုရင် ကျွန်မက ဒီကိစ္စကို မှတ်မိတော့မှာတောင် မဟုတ်ဘူး။ ထန်ယီစစ်သူကြီးက ရှင် ရက်အတော်ကြာ အိပ်ရေးမဝဘဲ စောင့်ကြပ်နေခဲ့ရတယ်လို့ ပြောတယ်။ ကျွန်မ စစ်တဲကို သွားတဲ့အချိန်မှာ ရှင်က စားပွဲပေါ် မှောက်အိပ်နေတာကို မြင်လိုက်လို့ လက်အောက်ငယ်သားတွေကို ခြုံလွှာ ၈ထည် သွားရှာခိုင်းပြီး ရှင့်ကို ပေးခိုင်းလိုက်တာပါ။ ဒီကိစ္စကလည်း ရှောင်းစစ်သူကြီးကို အထင်လွဲသွားစေတာလား"
ထိုနောက်ဆုံး မေးခွန်းကတော့ အပြင်းထန်ဆုံး ထိုးနက်ချက်ပင်။
သူမသည် ရှောင်းလိကို ပွင့်လင်းစွာ စိုက်ကြည့်နေသော မျက်လုံးတစ်စုံတွင် ဆူးချွန်များကဲ့သို့ အေးစက်မှုများသာ ပြည့်နှက်နေသည်။
ရှောင်းလိသည် အရိုးများကြေမွသွားခြင်းက မည်သို့သော အရသာမျိုးဖြစ်ကြောင်းကို မြည်းစမ်းလိုက်ရသလိုပင်။ သူသည် အချိန်အတော်ကြာသည်အထိ စိတ်ကို ပြန်လည်စုစည်းနေခဲ့ရပြီး နောက်ဆုံးတွင်တော့ လက်ဖြင့် မျက်နှာကို ဖုံးအုပ်ကာ မူလနေရာတွင် ခဏတာ ရပ်နေပြီးမှ ပြောလိုက်သည်။ "တောင်းပန်ပါတယ်။ ကျွန်တော် ကိုယ့်ဘာသာ အထင်ကြီးပြီး မင်းသမီးကို ဒုက္ခတွေ အများကြီး ပေးမိသွားတယ်။ ကျွန်တော် ရှောင်းလိက မင်းသမီးနဲ့ ချန်ဝမ်တို့... တစ်သက်လုံး နားလည်မှုရှိရှိနဲ့ အိုထက်စာမင်း ပေါင်းသင်းရပါစေလို့ ဒီကနေပဲ ဆုတောင်းပေးလိုက်ပါတယ်"
သူ၏ အသံမှာ ကျောက်စရစ်ခဲများက အုတ်ကြွပ်ပြားပေါ်တွင် ပွတ်တိုက်သွားသကဲ့သို့ အက်ကွဲနေ၏။
ထိုသို့ပြောပြီးနောက် သူသည် ခြေလှမ်းကျဲများနှင့် လှည့်ထွက်လာခဲ့လိုက်သည်။ အောက်သို့ တွဲလောင်းချထားသော သူ၏ လက်ချောင်းဆစ်များကြားတွင် စိုစွတ်သော အရာများ ကပ်ငြိနေ၏။ တံခါးဖွင့်လိုက်သည့် အခိုက်အတန့်တွင် အေးစက်သော လေပြေနှင့် ရေခိုးရေငွေ့များသည် အခန်းတွင်းသို့ တစ်ပြိုင်နက် ဝင်ရောက်လာပြီး အနက်ရောင် သံမဏိ ဓားအေးအေးတစ်လက်သည်လည်း သူ၏ လည်ပင်းပေါ်သို့ ရောက်ရှိလာတော့သည်။
ရှောင်းလိသည် တံခါးဖွင့်ထားသည့် ကိုယ်ဟန်အနေအထားအတိုင်း ခေါင်းငုံ့ကာ ရပ်နေပြီး ရှုပ်ပွနေသော ဆံပင်များက သူ့မျက်လုံးများကို ဖုံးကွယ်ထားသည်။ သူသည် ရောက်လာသူနှင့် ပြန်လည် တိုက်ခိုက်ရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ချေ။
ကျောင်းပိုင်သည် အပြင်သို့ မျှားခေါ်ခံလိုက်ရပြီး သည်းထန်သော မိုးထဲတွင် တစ်ပတ် ပတ်ခဲ့ရသဖြင့် တစ်ကိုယ်လုံး စိုရွှဲနေပြီး အဝေးမှနေ၍ လုပ်ကြံသူကို ဖမ်းရန် အော်ဟစ်နေကြသော ဆူညံသံများကိုလည်း ကြားနေရဆဲ ဖြစ်သည်။
ရှောင်းလိ၏ လည်ပင်းပေါ်တွင် တင်ထားသော သူမ၏ ဓားသွားမှ ရေများ အောက်သို့ တစ်စက်စက် ကျဆင်းနေလေသည်။ ဓားသွားသည် ရှောင်းလိ၏ လည်ပင်းပေါ်ရှိ အရေပြားထဲသို့ အနည်းငယ် နစ်ဝင်နေပြီး သွေးစွန်းနေသော မျဉ်းကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူမ၏ မျက်နှာတစ်ခုလုံးတွင် ဒေါသများ ပြည့်နှက်နေပြီး အခန်းတွင်းမှ ဝိန်းယွီက အမိန့်တစ်ခွန်း ပေးလိုက်သည်နှင့် ရှောင်းလိ၏ လည်ပင်းကို ဖြတ်တောက်ပစ်တော့မည့်ပုံ ပေါ်နေသော်လည်း ရှောင်းလိ၏ မျက်လုံးနှစ်လုံးကို မြင်လိုက်ရချိန်တွင်တော့ သူမ အနည်းငယ် မှင်သက်သွားခဲ့သည်။
အခန်းတွင်းမှလည်း ဤအချိန်တွင် ကြည်လင်လေးနက်သော အသံတစ်သံ ထွက်ပေါ်လာ၏။ "သူ့ကို လွှတ်ပေးလိုက်"
စကားသံအဆုံးသည် မိုးရေစက်များကြားတွင် ပိတ်လှောင်သွားသဖြင့် မည်သည့်ခံစားချက် ပါဝင်နေကြောင်းကို ဘယ်သူမှ မခွဲခြားနိုင်ချေ။
ကျောင်းပိုင်သည် အထဲသို့ လှမ်းကြည့်လိုက်ရာ ပုလဲခန်းဆီး အနောက်ဘက်တွင် မှန်ကို မျက်နှာမူကာ ထိုင်နေသော ဝိန်းယွီ၏ ကျောပြင်ကိုသာ မြင်တွေ့လိုက်ရသည်။ သူမသည် ရှောင်းလိကို ရှုပ်ထွေးသော စိတ်ခံစားချက်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ချွင်ခနဲ အသံနှင့်အတူ ဓားကို ဓားအိမ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။
အပြင်သို့ မျှားခေါ်ခံရပြီးနောက် အလျင်အမြန် ပြန်လည်ရောက်ရှိလာကြသော အရိပ်သက်တော်စောင့် ၇ယောက် ၈ယောက်ခန့်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့လည်း ဓားများကို ပြန်သိမ်းလိုက်ကြပြီး ရှောင်းလိကို ဆက်မတားဆီးကြတော့ချေ။
ရှောင်းလိသည် ခေါင်းငုံ့ကာ မိုးရေထဲသို့ ခြေလှမ်းလိုက်ပြီး လမ်းဘေးခွေးတစ်ကောင်နှယ် နောက်သို့ တစ်ချက်လေးပင် ပြန်လှည့်မကြည့်တော့ချေ။
ကျောင်းပိုင်သည် သူ အဝေးသို့ ရောက်သွားပြီးနောက် တစ်ကိုယ်လုံး စိုရွှဲနေလျက် အခန်းတွင်းသို့ ဝင်ရောက်လာပြီး ပုလဲခန်းဆီး အပြင်ဘက်တွင် ဒူးတစ်ဖက် ထောက်လိုက်ကာ ပြောလိုက်၏။ "ကျွန်မက မင်းသမီးကို ကာကွယ်စောင့်ရှောက်တာ အားနည်းသွားလို့ပါ။ မင်းသမီး အပြစ်ပေးပါ"
ဝိန်းယွီက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "ရှောင်းစစ်သူကြီးက ဓားပြနှိမ်နင်းရင်း စစ်ရေးလျှို့ဝှက်ချက်တွေကို စုံစမ်းသိရှိခဲ့လို့ ဒီညလာတာ စစ်ရေးသတင်းကို အစီရင်ခံဖို့ သက်သက်ပဲ"
ကျောင်းပိုင်သည် မှင်သက်သွားပြီး ခေါင်းမော့ကာ ပုလဲခန်းဆီး အတွင်းဘက်သို့ လှမ်းကြည့်လိုက်သော်လည်း ဝိန်းယွီက မေးလိုက်သည်ကိုသာ ကြားလိုက်ရသည်။ "မှတ်မိပြီလား"
ကျောင်းပိုင်သည် ခေါင်းညိတ်သဘောတူလိုက်သည်။ ထို့နောက် ပြန်ပြောလိုက်၏။ "ကျွန်မ မှတ်မိပါပြီ"
ထိုအခါမှသာ ဝိန်းယွီက တိုးညှင်းစွာ ပြောလိုက်သည်။ "ထွက်သွားလိုက်တော့"
ကျောင်းပိုင်တွင် ပြောစရာစကားများစွာ ရှိနေပုံပေါ်သော်လည်း ဝိန်းယွီက ထိုသို့ ပြောလိုက်ပြီးဖြစ်သဖြင့် သူမသည် အမိန့်ကို နာခံကာ အနောက်သို့ ဆုတ်ခွာသွားခဲ့ရသည်။ သို့သော် သူမသည် ဝိန်းယွီ၏ ခြံဝင်းထဲမှ ခြေတစ်လှမ်းမျှ ထွက်မသွားတော့ဘဲ တံခါးအပြင်ဘက်တွင် ဓားကိုပိုက်ကာ အမြဲတစေ စောင့်ကြပ်နေခဲ့လေသည်။
အခန်းတွင်းရှိ ဖယောင်းတိုင်မီးသည် ဖြည်းညင်းစွာ တောက်လောင်နေ၏။ ဝိန်းယွီသည် အစောပိုင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော သစ်သားပန်းပုလေးကို ကောက်ယူလိုက်သည်။ မူလက ထိုအပေါ်တွင် ကပ်ငြိနေသော ဖုန်မှုန့်များကို ခါထုတ်ရန် ရည်ရွယ်ခဲ့သော်လည်း သူမ၏ လက်ဖြင့် ပွတ်သပ်လိုက်သော နေရာများတွင် သွေးစွန်းသွားခဲ့သည်။ သူမသည် မျက်လွှာချကာ ကြည့်လိုက်သောအခါမှ သူမ၏ လက်ဖဝါးသည် တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသဖြင့် ဘယ်အချိန်ကတည်းက ပေါက်ပြဲနေခဲ့မှန်း မသိဘဲ သွေးများက တစ်ပြင်လုံး ပြန့်ကျဲနေသည်ကို တွေ့ရှိလိုက်ရ၏။
သူမသည် ဒဏ်ရာကို ပဝါဖြင့် ဖြစ်သလို ပတ်ချည်လိုက်ပြီး နောက်ထပ် ပဝါတစ်ထည်ကို ယူကာ ငါးကြင်းရုပ် သစ်သားပန်းပုလေးပေါ်တွင် ပေကျံနေသော သွေးကွက်များကို တစ်စက်ချင်း သေသေချာချာ သုတ်သင်လိုက်သည်။
သို့သော် သူမ၏ လက်ပေါ်ရှိ သွေးစွန်းနေမှုများကို သန့်ရှင်းအောင် မလုပ်ရသေးသဖြင့် ပွတ်တိုက်လေလေ ငါးကြင်းရုပ် သစ်သားပန်းပုလေးပေါ်တွင် သွေးများက ပိုပြီး စွန်းထင်းနေလေလေ ဖြစ်နေတော့သည်။
အသုံးမဝင်သော်လည်း ခဏလောက် ဆက်ပြီး ပွတ်တိုက်လိုက်ပြီးနောက် မျက်ရည်တစ်စက်သည် သစ်သားပန်းပုလေးပေါ်သို့ ပြုတ်ကျသွားချိန်တွင် သူမ၏ လက်လှုပ်ရှားမှုသည်လည်း အနည်းငယ် ရပ်တန့်သွားပြီး ကိုယ့်ဘာသာ တီးတိုးပြောလိုက်သည်။ "တကယ် နာတာပဲ"
ထို့နောက် သူမ၏ မျက်လုံးများထဲမှ မျက်ရည်များ ပိုလို့ပင် များပြားစွာ လိမ့်ဆင်းလာပြီး မင်္ဂလာဝတ်စုံပေါ်တွင် စိုစွတ်သော အကွက်များအဖြစ် ပြန့်ကျဲသွားခဲ့သည်။ သို့သော် သူမ၏ မျက်နှာပေါ်တွင်တော့ မည်သည့် အမူအရာမှ ရှိမနေခဲ့ချေ။
'ဒဏ်ရာက အရမ်းနာလို့ပါ'ဟုသာ စဉ်းစားလိုက်လေသည်။
နာကျင်မှုကြောင့် သူမသည် အရာများစွာကို ရုတ်တရက် သတိရသွားတော့သည်။ ဖေစုန့်၏ သိမ်းငှက်အမဲလိုက်ခွေးများက တောင်ပေါ်သို့ လိုက်လံ ဖမ်းဆီးချိန်တွင် သူက သူမကို ကျောပိုးပြီး တောင်တောအုပ်ထဲတွင် ညလုံးပေါက် လမ်းလျှောက်ခဲ့ရသည်များ ရှိခဲ့သည်။ သူမက အဖျားတက်ပြီး အဖျားမကျချိန်တွင် သူက လယ်သမားအိမ်လေးထဲမှာ ညလုံးပေါက် မအိပ်ဘဲ ကုတင်ဘေးမှာ စောင့်ရှောက်ပေးခဲ့သည်များ ရှိခဲ့သည်။ ပြီးတော့ သူမက ဖေစုန့်၏ သိမ်းငှက်အမဲလိုက်ခွေးများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရချိန်တွင် သူက မရေမတွက်နိုင်သော လက်သီးနှင့် ခြေထောက်များ၏ ရိုက်နှက်မှုကြောင့် မိုးရေနှင့် ရွှံ့နွံများထဲတွင် လိမ့်ကျနေရသော်လည်း သူမကိုသာ စိုက်ကြည့်နေပြီး သူ ဂရုစိုက်ကြောင်း သူမကို ပြောခဲ့သည်များလည်း ရှိခဲ့သည်။
နောက်ဆုံးတွင် သူမ၏ ခေါင်းထဲ၌ ပေါ်လာသည်ကတော့ သူမ လော့ယန်မှ ထွက်ခွာခဲ့သောနေ့က မြို့တံခါးတွင် နေ့ရက်ပေါင်းများစွာ စောင့်ကြပ်နေခဲ့သော အစ်ကိုဖြစ်သူက အလျင်စလို ပြန်ရောက်လာသည့် မြင်ကွင်းပင်။ မလဲလှယ်ရသေးသော သူ၏ စစ်ဝတ်စုံတစ်စုံလုံးတွင် ယမ်းငွေ့များနှင့် ဓားခုတ်ရာများ ပြည့်နှက်နေပြီး သူမကို မြင်သောအခါ အခြားစကား တစ်ခွန်းမှ မပြောဘဲ တံခါးခုံရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သူမကို ပြောခဲ့လေသည်။ "လာ... အစ်ကို မင်းကို ကျောပိုးပြီး အိမ်ကနေ ခေါ်ထွက်ပေးမယ်"
မယ်တော်နှင့် ယောက်မတို့မှာ ခေါင်မိုးစွန်းအောက်တွင် မျက်ရည်များဖြင့် ငိုကြွေးနေကြသည်။ သူမသည် သူတို့ကို ပိုပြီး ဝမ်းနည်းသွားစေမည်ကို စိုးရိမ်သဖြင့် တစ်ချိန်လုံး မငိုရဲခဲ့ချေ။ စစ်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ပိန်းပါးနေဆဲဖြစ်သော အစ်ကိုဖြစ်သူ၏ ကျောပြင်ပေါ်တွင် မှောက်အိပ်လိုက်ရချိန်မှသာ တိတ်တဆိတ် မျက်ရည်များ ကျဆင်းလာခဲ့ရပြီး အစ်ကိုဖြစ်သူ၏ ခန္ဓာကိုယ်သည်လည်း အနည်းငယ် တုံ့ဆိုင်းသွားခဲ့သလိုပင်။
အတွင်းခြံဝင်းမှ အိမ်တော်တံခါးမကြီးဆီသို့ သွားသောလမ်းမှာ သိပ်မဝေးလှသော်လည်း သူသည် သူမကို ကျောပိုးလျက် အချိန်အတော်ကြာ တိတ်ဆိတ်စွာ လျှောက်လှမ်းသွားခဲ့ပြီးမှ သူမကို ပြောခဲ့သည်။ "အားယွီ... တောင်းပန်ပါတယ်"
ထို့နောက် ထပ်ပြောခဲ့သေးသည်။ "နန်ချန်ကို ရောက်သွားရင် မကြောက်နဲ့နော်။ အစ်ကို မင်းကို အိမ်ပြန်ဖို့ မြန်မြန် ပြန်လာခေါ်ပါ့မယ်"
ညနေခင်း နေဝင်ဆည်းဆာအောက်တွင် သူသည် ခေါင်းကို ငဲ့လိုက်ပြီး သူမကို နောက်တစ်ကြိမ် ထပ်ကြည့်ရှုချင်နေသကဲ့သို့ ရှိသော်လည်း သူ၏မျက်နှာပေါ်တွင် အသစ်ဖြစ်တည်နေသော အနာဖေးများကို သူမ မြင်တွေ့လိုက်ရသည်။
ဝိန်းယွီသည် မျက်တောင်များကို ခပ်ဖွဖွလေး တစ်ချက် ခတ်လိုက်ရာ ပူလောင်သော မျက်ရည်များသည် ရှည်လျားသော မျက်တောင်များထက်မှ လိမ့်ဆင်းလာခဲ့ပြီး သူမသည် အသံမထွက်ဘဲ တိတ်ဆိတ်စွာ ငိုကြွေးနေခဲ့ရသည်။
အစ်ကိုက ဖုန်းယန်မှာ သေဆုံးသွားပြီဆိုတော့ အိမ်ပြန်ဖို့ ငါ့ကို လာခေါ်တော့မှာ မဟုတ်ဘူးပေါ့။
ငါ့ကို အိမ်ပြန်ဖို့ လာခေါ်မယ့်သူလည်း မရှိတော့ဘူး။
ဒီလမ်းကို ငါကိုယ်တိုင် ဆက်လျှောက်ရမှာပဲ။
ရှောင်းလိ၏ ပြည့်စုံလုံလောက်သည်ဟု ထင်ရသော အစီအစဉ်ထဲတွင် သေစေလောက်သော အားနည်းချက်များစွာ ရှိနေပြီး စစ်တုရင်ခုံပေါ်ရှိ လျှို့ဝှက်ပူးပေါင်းကြံစည်မှုများနှင့် တွက်ချက်မှုများအားလုံးသည် အပြန်အလှန်ဖြစ်ကြောင်းကိုတော့ သူမက သူ့အား မပြောပြခဲ့ချေ။
သူက နန်ချန်ကို ဖယ်ထုတ်ပြီး ဖေစုန့်နှင့် ဝေ့ချီရှန်းကို တစ်ယောက်ပြီးတစ်ယောက် နှိမ်နင်းရန် စီစဉ်နေခဲ့သည်။ သို့သော် လက်တွေ့တွင်တော့ သူမနှင့် နန်ချန်တို့ သဘောတူညီချက်ကို ဖျက်သိမ်းလိုက်သည့် အခိုက်အတန့်မှစ၍ နန်ချန်သည် ဖေစုန့်ဘက်သို့ ဘက်ပြောင်းသွားမည်ဖြစ်ပြီး နောက်ဆုံးတွင် ဖိန်ကျိုးကို ကာကွယ်နိုင်မည်လား။ သစ္စာရှိသော အမတ်များနှင့် အရည်အချင်းရှိသော စစ်သူကြီးများ မည်မျှ ထပ်မံသေဆုံးရဦးမည်လဲ ဆိုသည်ကို ခန့်မှန်းလို့ မရနိုင်ချေ။
သူမသည် သူ၏ စိတ်ထားကို သိရှိသလို သူက သူမအတွက် ရှိသမျှအားလုံးကို ပုံအောပေးခဲ့ကြောင်းကိုလည်း သိလေသည်။
သို့သော် နည်းနည်လေးပင် ပြန်လည်တုံ့ပြန်နိုင်ခြင်း မရှိသောကြောင့် သူ၏ မျှော်လင့်ချက်များအားလုံးကို ရိုက်ချိုးပစ်လိုက်ခြင်းကသာ သူ့ခန္ဓာကိုယ်ပေါ်ရှိ သံကြိုးများကို အပြီးတိုင် ဖြတ်တောက်နိုင်ပြီး သူ့ကို လွတ်လပ်ခွင့် ပေးနိုင်ပေလိမ့်မည်။
...