ကြောက်မက်ဖွယ်ရန်သူ
Vol. 8 Ch. 79
ဝမ်ရှန်းက သူမကို ခံစားချက်မရှိသော မျက်နှာဖြင့် စိုက်ကြည့်နေသည်။ သူ၏ အစစ်မှန်ချီများက သူမ၏ သွေးကြောများအတွင်း ကျူးကျော်ဝင်ရောက်နေစဉ် သူ၏မျက်လုံးများမှာ တုန်လှုပ်ခြင်းမရှိပေ။ မကြာမီမှာပင် ဆံပင်တိုနှင့် အမျိုးသမီး၏ ခန္ဓာကိုယ်အတွင်းမှ တိုးညင်းသောပဲ့တင်သံများထွက်ပေါ်လာသည်။ သူ၏ အစစ်မှန်ချီများက သူမ၏ သွေးကြောမျှင်များကို တစ်လက်မချင်း ဆွဲဖြဲပစ်နေခြင်းဖြစ်သည်။
သို့သော်လည်း သူ၏စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်ရှိနေသော်လည်း သူသည် ကျင့်ကြံသူတစ်ဦးသာဖြစ်သည်ကို သတိပြုမိသည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ဆက်ဆံရေးကောင်းရှိခြင်းမှာ သူ၏လုပ်ရပ်များ၏ နောက်ဆက်တွဲရလဒ်များကို ဂရုစိုက်စရာမလိုဘူးဟု ဆိုလိုခြင်းမဟုတ်ပေ။ ယခုအချိန်တွင် အန္တရာယ်အကင်းဆုံးနှင့် အသင့်တော်ဆုံးလှုပ်ရှားမှုက သူမ၏ကျင့်ကြံခြင်းကို ဖျက်ဆီးပြီး ဆုံးဖြတ်ချက်ချနိုင်ရန် သူတို့၏ဆရာကတော်ထံ အပ်နှံရန်ဖြစ်သည်။ အဆုံးတွင်တော့ ထိုအမျိုးသမီးသည် သူမ၏ အဖိုးတန်သမီးလေးကို သတ်ရန် ကြိုးစားခဲ့ခြင်းဖြစ်သဖြင့် သူမ၏ ကံကြမ္မာကိုဆုံးဖြတ်ရန် ဆရာကတော်တွင် အခွင့်အရေးရှိသည်။
ကျင့်ကြံခြင်းကို ဖျက်ဆီးရန် နည်းလမ်းများစွာ ရှိသည်။ ဝမ်ရှန်းသည် တိုက်ရိုက်အကျဆုံးနှင့် ပြန်ပြင်၍မရနိုင်သော နည်းလမ်းဖြစ်သည့် သွေးကြောမျှင်များကို လုံးဝဖျက်ဆီးပစ်သည့် နည်းလမ်းကို ရွေးချယ်ခဲ့သည်။
ယခုအခါ ဆံပင်တိုနှင့် အမျိုးသမီး၏ မျက်နှာထက်မှ ခက်ထန်မှုများသည် ထိတ်လန့်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုများအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ သူမ တောင်းပန်သော်လည်း နာကျင်မှုက ပြင်းထန်လွန်းသဖြင့် စကားလုံးများကိုပင် မနည်းပီသအောင် ပြောနေရသည်။ အကယ်၍ သူမ၏ သွေးကြောမျှင်များ လုံးဝပျက်စီးသွားပါက သူမသည် သာမန်လူတစ်ဦးနှင့် မခြားတော့ပေ။
“ကျွန်မ... ကျွန်မကို ချမ်းသာပေးပါ ကျွန်မ... ဆေးနတ်ဘုရားကျမ်းစာ ၃အုပ်ကို ပေးပါ့မယ်”
ဆေးနတ်ဘုရားကျမ်းစာ ၃အုပ်လား မလိုချင်ဘူး… ဓားနတ်ဘုရားကျမ်းစာ သုံးအုပ်မှ မဟုတ်တာ…။
ထိုစဉ်မှာပင် ဝမ်ရှန်းသည် စိတ်မသက်မသာဖြစ်မှုကို ခံစားလိုက်ရသည်။ သို့သော် ထိုခံစားချက်မှာ သူ၏ရှေ့မှ ဒုက္ခိတဖြစ်နေသော အမျိုးသမီးထံမှ လာခြင်းမဟုတ်ပေ။ သွေးကြောများပျက်စီးနေပြီဖြစ်သော သူမသည် လက်ချောင်းတစ်ချောင်းကိုပင် မမြှောက်နိုင်တော့ပေ။ မကြာမီမှာပင် သူသည် ဘေးဘက်မှ အားနည်းသော သတ်ဖြတ်လိုစိတ်တစ်ခုကို ခံစားလိုက်ရသည်။ ထိုအရာမှာ တာအိုကျင့်စဉ်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
ထိုဘက်သို့ လှည့်ကြည့်လိုက်ရာ ဝမ်ရှန်းသည် SUV ကားတစ်စီး ဆိုက်ရောက်လာသည်ကို တွေ့လိုက်ရသည်။ ကားအင်ဂျင်က စက်မသတ်ရသေးပေ၊၊ ကားတံခါး ပွင့်သွားပြီး အမျိုးသားနှစ်ယောက်- အရပ်ရှည်ရှည်တစ်ယောက်နှင့် အရပ်ပုပုတစ်ယောက်က ဘယ်ဘက်မှ ခုန်ဆင်းလာကြသည်။ သူတို့နှစ်ဦးစလုံးသည် လက်အိတ်များနှင့် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။ အရပ်ရှည်သော အမျိုးသား၏ မျက်နှာမှာ သစ်ခေါက်ကဲ့သို့ ခြောက်သွေ့အက်ကွဲနေပြီး အရပ်ပုသော အမျိုးသားမှာမူ တင်းမာပြီး သဘာဝမကျသော အပြုံးတစ်ခုရှိနေသည်။ သူတို့သည် လူအရေပြားမျက်နှာဖုံးများကို ရုပ်ဖျက်ရန် ဝတ်ဆင်ထားသကဲ့သို့ပင်။
သတ်ဖြတ်လိုစိတ်မှာ လက်အိတ်စွပ်ထားသော ထန်ဓားရှည်တစ်လက်ကို ကိုင်ထားသည့် အရပ်ရှည်သော အမျိုးသားထံမှ ထွက်ပေါ်နေခြင်းဖြစ်သည်။
“လူငယ်လေး”
အရပ်ပုပုလူက ခေါ်လိုက်သည်။
“အဲဒီအမျိုးသမီးက ငါတို့ဆီက တစ်ခုခု ခိုးသွားတယ်။ သူမကို ငါတို့လက်ထဲ အပ်လိုက်လို့ရမလား… ဒီအပေးယူမှာ မင်း မရှုံးစေရဘူးလို့ ငါတို့ ကတိပေးပါတယ်”
ဝမ်ရှန်းက ဆံပင်တိုနှင့် အမျိုးသမီးကို သူ့နောက်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်ပြီး တည်ငြိမ်သော မျက်နှာအမူယာဖြင့် ထိုအမျိုးသားနှစ်ဦးကို စစ်ဆေးလိုက်သည်။ အရပ်ပုပုလူ၏ လည်ပင်းတွင် သေးငယ်သော အဖြူအမဲ ထိုက်ကျိသင်္ကေတကို ရှာတွေ့ရန် အချိန်သိပ်မယူလိုက်ရပေ၊၊ သို့သော် အစက်အပြောက်များထဲမှ တစ်ခုမှာ အနီရင့်ရောင်ဖြစ်ပြီး အခြားတစ်ခုမှာ အပြာတောက်တောက်ဖြစ်နေသည်။
ယင်ယန်ဂိုဏ်းလား။
ဝမ်ရှန်း၏ အစစ်မှန်ချီများက ပိုမိုလျင်မြန်စွာ လည်ပတ်လာသည်။ သူက ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
“မရဘူး”
သူ၏ ပြတ်သားသော ငြင်းဆိုမှုကြောင့် အံ့အားသင့်သွားသော အရပ်ပုပုလူသည် ခြောက်ကပ်စွာ ရယ်မောလိုက်သည်။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တစ်ခု လက်ခနဲ ပေါ်လာ၏။
“မင်း မသိတာတစ်ခုက ငါတို့ သူမနောက်ကို လိုက်နေတာ တစ်ရက်နှစ်ရက်ထဲမဟုတ်ဘူး… မင်း ဝင်မရှုပ်ရင် ငါတို့ စောင့်ကြည့်နေဦးမှာပဲ၊၊ မင်းလုပ်လိုက်တာက ငါတို့ အစီအစဉ်ကို တကယ်ပဲ ပျက်စီးစေခဲ့တယ်။ မင်းတို့လို လူငယ်တွေက သွေးဆူတတ်တာကို ငါတို့ နားလည်ပါတယ်။ မင်းရဲ့ အသက်အရွယ်နဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေတာကလည်း အထင်ကြီးစရာပါပဲ။ ဒါပေမဲ့ မင်း မဆင်မခြင်မလုပ်တာ ကောင်းလိမ့်မယ်။ အကယ်၍ သူမကို ငါတို့လက်ထဲ မအပ်ဘူးဆိုရင် မင်း ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး”
အရပ်ရှည်ရှည်လူ၏ သတ်ဖြတ်လိုစိတ်မှာ ဓားတစ်လက်အဖြစ် သိပ်သည်းသွားပုံရပြီး လေထုကို ခွဲကာ ဝမ်ရှန်းဆီသို့ ပြေးဝင်လာတော့သည်။ ဝမ်ရှန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရာ သူ၏ပတ်ပတ်လည်တွင် အစစ်မှန်ချီများက ဟုန်းခနဲထွက်ပေါ်လာသည်။ သူသည် မယိမ်းမယိုင်ပဲ ဖြောင့်မတ်စွာရပ်နေပြီး သူ၏လက်ထဲတွင် ဓားမရှိသော်လည်း သူ၏ဓားဆန္ဒမှာ သူ၏ကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာသည်။
ဝမ်ရှန်း၏ ကိုယ်ပေါ်တွင် ဓားဆန္ဒများ စီးဆင်းနေပြီး သူ၏မျက်လုံးများမှာလည်း တိုက်ခိုက်လိုစိတ်များဖြင့် တောက်ပနေသည်။
အရပ်ရှည်ရှည်လူသည် သူ့ရှေ့မှ လူငယ်လေးမှာ ဤမျှထက်မြက်သည့် ဓားဆန္ဒကို ပိုင်ဆိုင်ထားလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ သူ၏သတ်ဖြတ်လိုစိတ်ဖြင့် ထိုလူငယ်ကို တိုက်ရိုက်မဖိနှိပ်နိုင်ရုံသာမက ဝမ်ရှန်း၏ ဓားဆန္ဒကပင် သူ၏ အော်ရာကို ပိုင်းဖြတ်ပစ်လိုက်သည်။
သတ်ဖြတ်လိုစိတ်ကို ဖောက်ထွက်လျက် ထိုဓားဆန္ဒသည် ပတ်ဝန်းကျင်ရှိ အခြေခံချီများကို လှိုင်းတံပိုးများသဖွယ် ထကြွစေရာ ဝမ်ရှန်းနှင့် ထိုအမျိုးသားနှစ်ဦးကြားတွင် အစစ်မှန်ချီလှိုင်းများက ဟိုဘက်ဒီဘက်ရိုက်ခတ်နေလေသည်။
ဝမ်ရှန်း ထိုသူနှစ်ဦးကို စိုက်ကြည့်နေစဉ် လေပြင်းများက တဝူးဝူးမြည်ကာ တိုက်ခတ်နေ၏။
အရပ်ရှည်ရှည်လူက အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏မျက်လုံးများထဲတွင် ရန်စလိုသော အရိပ်အယောင်များတွဲခိုနေသည်။ သူသည် ကိုင်ထားသော ထန်ဓားရှည်ကို SUV ကား၏ နောက်ခန်းထိုင်ခုံပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ပြန်ပစ်တင်လိုက်သည်။
သူ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းပေသည်။ ဝမ်ရှန်းကို တိုက်ခိုက်ရာတွင် ဓားကိုအသုံးပြုပါက သူ အလွယ်တကူ အနိုင်ရသွားမည်ကို ယုံကြည်နေသဖြင့် ဝမ်ရှန်းအား သူ၏စွမ်းရည်များကို ထုတ်ပြနိုင်ရန် တမင်တကာ အခွင့်အရေးပိုပေးလိုက်ခြင်းပင် ဖြစ်သည်။
သူ့ဘေးရှိ အရပ်ပုပုလူက မျက်မှောင်ကြုတ်သွားသော်လည်း မကျေမနပ်နှာခေါင်းရှုံ့ကာ တုံ့ပြန်လိုက်သည်။
ဝမ်ရှန်း၏နောက်တွင်မူ ဆံပင်တိုနှင့် အမျိုးသမီးသည် သတိလစ်လုနီးပါးဖြစ်နေပြီဖြစ်သည်။ သူမသည် ဝမ်ရှန်း၏ ကျောပြင်ကို မျှော်လင့်ချက်ကင်းမဲ့စွာ စိုက်ကြည့်နေမိသည်။
ယခုအခါတွင်မူ သူမ၏ အကြီးအကဲများပြောခဲ့သော စကားကို အပြည့်အဝနားလည်သွားပြီဖြစ်သည်။
“ကျွမ်းကျင်သူတစ်ယောက် ရောက်နေပြီ”
ဤအမျိုးသားနှစ်ဦးကို သူမမြင်ဖူးသည်မှာ ယခုက ပထမဆုံးအကြိမ်မဟုတ်ပေ။ သူတို့သည် သူမထံရှိ အရာတစ်ခုကို လိုက်လံရှာဖွေနေကြခြင်းဖြစ်သည်။ သူမတို့ အဖွဲ့အစည်း၏ ခိုလှုံနေရာတစ်ခု တိုက်ခိုက်ခံရပြီးနောက် အသင်းဘက်က ထိုသူနှစ်ဦး၏ လက်ချက်ဟု ယူဆခဲ့ကြသည်။
ယခုမူ ထိုယူဆချက်မှာ မှားယွင်းနေကြောင်း ထင်ရှားနေပြီဖြစ်သည်။
သူက ချီဝမ်ကိုလည်း ကာကွယ်ပေးတယ်၊၊ ငါ့ကျင့်ကြံခြင်းကိုလည်း ဖျက်ဆီးလိုက်တယ်... သူက ဘယ်သူများလဲ…၊၊
ဘာပဲဖြစ်ဖြစ် ယခုအချိန်တွင် ဘာမှ အရေးမပါတော့ပေ။ ဆံပင်တိုနှင့် အမျိုးသမီး၏ မျက်လုံးများထဲတွင် ရက်စက်သောဆုံးဖြတ်ချက်တစ်ခု လက်ခနဲ ပေါ်လာသည်။ သူမ၏ နှုတ်ခမ်းများမှာ စကားပင် မပြောနိုင်လောက်အောင် တုန်ယင်နေသော်လည်း နောက်ဆုံးကျန်ရှိနေသော ကမ္ဘာဦးချီအနည်းငယ်ကို လက်ဝါးထဲသို့ စုစည်းလိုက်သည်။
သူမက လက်ကောက်ဝတ်ကို ခါယမ်းလိုက်ရာ ငွေအပ်နှစ်ချောင်းက ဝမ်ရှန်း၏ ကျောပြင်ဆီသို့ ပြေးဝင်သွားသည်။
ဝမ်ရှန်းက ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ သူ၏ ဝိညာဉ်အသိစိတ်ကို အမြင့်ဆုံးအထိ ဖြန့်ကျက်ထားသဖြင့် သူ့နောက်မှ လှုပ်ရှားမှုကို အလိုလျောက်သိရှိနေသည်။ သူသည် ကိုယ်ကို အနည်းငယ် ရွှေ့လိုက်ရုံဖြင့် ထိုအပ်များကို လွယ်ကူစွာ ရှောင်တိမ်းလိုက်သည်။
ထိုအချိန်မှာပင် အရပ်ရှည်ရှည်လူက ဝမ်ရှန်းဆီသို့ ပြေးဝင်လာသည်။ သူက အင်္ကျီအနားစများကို လက်နှစ်ဖက်ဖြင့် ခါထုတ်လိုက်ပြီး ခါးမှ အနီရင့်ရောင် ဓားမြှောင်နှစ်လက်ကို ဆွဲထုတ်လိုက်သည်။ ဘယ်ဘက်လက်ရှိ ဓားမြှောင်ကို ပုံမှန်အတိုင်းကိုင်ကာ ညာဘက်လက်ရှိ ဓားမြှောင်ကို ပြောင်းပြန်ကိုင်ထား၏။ သူ၏ အရှိန်မှာ အလွန်မြန်လှသဖြင့် ပုံရိပ်ယောင်များပင် ကျန်ရစ်နေသယောင်ထင်ရသည်။
လက်ဗလာဖြင့် အားနည်းချက်ရှိနေသော်လည်း ဝမ်ရှန်းမှာ တည်ငြိမ်နေဆဲပင်။ သူက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကာ ခြေဖျားဖြင့် မြေကြီးကို ထောက်ပြီး ဘေးသို့ ရှောင်လိုက်သည်။
သာမန်ပြိုင်ဘက်ဆိုပါက သူ၏ ခုနှစ်စင်ကြယ်ခြေလှမ်းနောက်ကို လိုက်နိုင်ရန် မဖြစ်နိုင်သလောက်ပင်။ သို့သော် ထိုအရပ်ရှည်ရှည်လူသည် ပုံမှန်မဟုတ်သောနည်းလမ်းဖြင့် လှုပ်ရှားနေ၏။ သူက ဝမ်ရှန်းနောက်သို့ အရိပ်တစ်ခုကဲ့သို့ ကပ်ပါလာသည်။
ဝတ်စုံဝတ်ထားသော ထိုသူနှစ်ဦးမှာ အပြောသက်သက်မဟုတ်ဘဲ အမှန်တကယ်ကျွမ်းကျင်သူများဖြစ်ကြသည်။
ဝမ်ရှန်းသည် သူ၏ ခုနှစ်စင်ကြယ်ခြေလှမ်း၏ လှုပ်ရှားနိုင်စွမ်းအားသာချက်ကို အသုံးချကာ အဆက်မပြတ်ရှောင်တိမ်းနေပြီး အရပ်ရှည်ရှည်လူ၏ ဘေးဘက် သို့မဟုတ် နောက်ဘက်သို့ ရောက်အောင် ကြိုးစားကာ လက်သီး၊ လက်ဝါးတို့ဖြင့် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးရှာနေသည်။
သို့သော်လည်း စိတ်ပျက်စရာကောင်းသည်မှာ ထိုသူ၏ လှုပ်ရှားမှုများမှာ ပို၍ပင် ထူးဆန်းလာခြင်းဖြစ်သည်။ ၎င်းမှာ တာအိုဂိုဏ်းများ၏ ပါ့ကွနဂါးခြေလှမ်းနှင့် အနည်းငယ်ဆင်တူသော်လည်း ပို၍ပင် နက်နဲလှသည်။
ထိုနေရာရှိ ကျောင်းသားများမှာ ကြောက်လန့်တကြား အေးခဲနေကြပြီဖြစ်သည်။ သူတို့ မြင်နေရသည်မှာ ၁၀မီတာခန့်သာ ကျယ်သော စက်ဝိုင်းအတွင်း ရောယှက်နေသော ဝေဝါးသည့် ပုံရိပ်နှစ်ခုသာ ဖြစ်သည်။ အရှိန်မြှင့်ရန် နေရာမရှိသော်လည်း ထိုသူနှစ်ဦးမှာ အံ့အားသင့်စရာကောင်းလောက်အောင် မြန်ဆန်နေကြဆဲပင်။
တိုက်ကွက်များ အကြိမ်ကြိမ်လွဲချော်သွားသဖြင့် အရပ်ရှည်ရှည်လူသည် စိတ်မရှည်ဖြစ်လာပြီး သူ၏ ဓားမြှောင်များမှ သွေးရောင်အလင်းတန်းနှစ်ခုကို ထုတ်လွှတ်လိုက်ရာ အနီရောင်အလင်းများ လက်ခနဲ ပေါ်လာသည်။ သူက ဓားများကို ဝှေ့ယမ်းလိုက်ရာ ဝမ်ရှန်းဆီသို့ ဓားအလင်းတန်းများစွာ ကျရောက်လာတော့သည်။ ခဏချင်းမှာပင် ဝမ်ရှန်း၏ ပတ်ပတ်လည်တွင် သွေးရောင်ဓားမြှောင်ပုံရိပ်ယောင်များ ဝိုင်းရံသွားတော့သည်။
ဝမ်ရှန်း စိုးရိမ်သွားသည်။ အကယ်၍ ထိုသူက သူ၏ အဓိကလက်နက်ကိုသာကိုင်ထားပါက ဝမ်ရှန်းအနေဖြင့် အထူးသဖြင့် ဓားမပါဘဲ ခုခံနိုင်ရန် အခွင့်အရေးရှိလိမ့်မည်မဟုတ်ပေ။
သူ၏ အစစ်မှန်ချီများကို အတင်းအကျပ်လှည့်ပတ်စေပြီး ဝမ်ရှန်းသည် ခြေဖျားဖြင့် မြေကြီးကို ဆင့်ကာထောက်လျက် သေသပ်လှပစွာ ဆုတ်ခွာလိုက်၏။ ထို့နောက် ညာဘက်လက်ကို ဓားလက်ချောင်းပုံစံပြုလုပ်ကာ သွေးရောင်အလင်းတန်းများကို တားဆီးရန် အစစ်မှန်ချီများကို အားအပြည့်ဖြင့် ထုတ်လွှတ်လိုက်သည်။
ကံမကောင်းစွာဖြင့် သူတွင် အခြားရွေးချယ်စရာမရှိပေ။ ဤနည်းလမ်းသည်သာ ရန်သူကို အဟန့်အတားဖြစ်စေမည့်တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
အစစ်မှန်ချီနှင့် ပတ်သက်လာလျှင် ဝမ်ရှန်းသည် အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်၏ ကျင့်ကြံသူတစ်ဦးနှင့် ရင်ဘောင်တန်းနိုင်နေပြီဖြစ်သည်။ သို့သော် အရပ်ရှည်ရှည်လူသည် တာအိုကျင့်စဉ်များကို အထူးတလည်တန်ပြန်နိုင်သည့် အစစ်မှန်မိစ္ဆာအော်ရာများကို လေ့ကျင့်ထားသူဖြစ်သည်။ သူ၏ ဓားမြှောင်များကို အနည်းငယ် ဝှေ့ယမ်းလိုက်ရုံဖြင့် ဝမ်ရှန်း၏ အစစ်မှန်ချီတိုက်ကွက်များကို အလွယ်တကူပိုင်းဖြတ်ပစ်လိုက်သည်။
ဝမ်ရှန်းက သူ၏ သွေးဆာမှုကို လှုံ့ဆော်လိုက်သကဲ့သို့ပင် ထိုသူ၏ မျက်လုံးထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များပေါ်လာသည်။ သူ၏ပတ်ဝန်းကျင်ရှိ လေထုမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပိုမိုသိပ်သည်းလာရာ မျက်စိဖြင့်ပင် မြင်နိုင်လောက်သည့် အခြေအနေသို့ ရောက်ရှိလာတော့သည်။
သူက မြေကြီးကို ဆောင့်နင်းလိုက်ပြီး လှောင်အိမ်ထဲမှ လွတ်လာသည့် ရက်စက်သော ကျားရဲတစ်ကောင်ကဲ့သို့ ခုန်အုပ်လိုက်သည်။ သူ၏ ဓားမြှောင်များကို—သွေးဆာနေသော အစွယ်များကဲ့သို့—ဝမ်ရှန်းဆီသို့ တန်းတန်းမတ်မတ် ထိုးသွင်းလိုက်လေသည်။
လက်ဗလာဖြစ်နေပြီး ချီစွမ်းအင်ကို ဓားအဖြစ် မဖွဲ့စည်းနိုင်သေးသဖြင့် ဝမ်ရှန်းမှာ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရုံသာ တတ်နိုင်တော့သည်။
သူသည် သူ၏ ခုနှစ်စင်ကြယ်ခြေလှမ်း၏ အစွမ်းကို ထပ်မံထုတ်ဖော်လိုက်ပြန်သည်။ ရွေ့လျားနေသော ကြယ်ခုနှစ်လုံးမှာ သူ၏ခြေဖဝါးအောက်တွင် လည်ပတ်နေသယောင်ရှိပြီး သူ၏လှုပ်ရှားမှုများကို ချောမွေ့စေသည်။ သူ ရှောင်တိမ်းနေရင်း အရပ်ပုပုလူက ဆံပင်တိုနှင့် အမျိုးသမီးဆီသို့ ပြေးသွားသည်ကို မျက်စိထောင့်မှ သတိပြုမိလိုက်သည်။
သူ ဒါကို ခွင့်မပြုနိုင်ပေ။
သူသည် အရပ်ရှည်ရှည်လူကို ရုတ်တရက် ထိုးနှက်မည့်ဟန်ဖြင့် လှည့်စားလိုက်ရာ ထိုသူက ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ဓားမြှောင်များက သူ့အသက်ကို ရန်မရှာနိုင်မီမှာပင် ဝမ်ရှန်းက ဘေးသို့ သိသိသာသာလှည့်လိုက်ပြီး ကြယ်အလင်းတန်းတစ်ခုကျန်ရစ်စေလျက် အရပ်ပုပုလူထံသို့ တည့်တည့်ပြေးဝင်သွားတော့သည်။