← Chapters

အခန်း ၉၁

Vol. 10 Ch. 91

အခန်း ၉၁

Vol. 10 Ch. 91

အပိုင်း (၉၁)

ယခုညတွင် ဖြစ်ပွားခဲ့သော ဆူညံသံများက ဘေးဘက်ခြံဝင်းအတွင်း နေထိုင်ကြသော အကြံပေးအမတ်များကိုလည်း လန့်နိုးသွားစေခဲ့၏။

လီယောင်သည် လက်အောက်ငယ်သားများက ပင်မခြံဝင်းအတွင်းသို့ လုပ်ကြံသူ ဝင်ရောက်လာကြောင်း သတင်းပို့သည်ကို ကြားလိုက်ရသည်။ ဖေစုန့်သည် အကျပ်ရိုက်ကာ အရှက်ကုန်ပြီး ဝိန်းယွီကို လုပ်ကြံရန် သိမ်းငှက်အမဲလိုက်ခွေးများကို စေလွှတ်လိုက်သလားဟု သူက စိုးရိမ်ပူပန်သွားခဲ့၏။ သူသည် အိုမင်းနေသော အရိုးများကို အားပြုကာ အပေါ်ဝတ်ရုံကို ခြုံ၍ ထလိုက်သည်။ ဘေးဘက်ခြံဝင်းရှိ ကိုယ်ရံတော်များ၏ အစောင့်အရှောက်ဖြင့် ပင်မခြံဝင်းဆီသို့ အလျင်စလို သွားရောက်ရင်း လမ်းလျှောက်နေစဉ် သူက မေးလိုက်လေသည်။

"အရိပ်သက်တော်စောင့်တွေ ဘာလုပ်နေကြတာလဲ, လုပ်ကြံသူကို ပင်မခြံဝင်းထဲအထိတောင် ဝင်ခွင့်ပြုထားတာလား"

အပြင်ဘက်တွင် လေနှင့်မိုးသည် ပြင်းထန်စွာ ရွာသွန်းနေ၏။ စင်္ကြံလမ်းပေါ်ရှိ မီးအိမ်များသည် လေတိုက်ခံရသဖြင့် ပြင်းထန်စွာ ယိမ်းထိုးနေပြီး ငြိမ်းလုနီးပါး ဖြစ်နေသည်။

အကြံပေးအမတ်များသည်လည်း လုပ်ကြံသူကို ဖမ်းရန် အော်ဟစ်နေသော ဆူညံသံများကို ကြားပြီးနောက် ထလာခဲ့ကြသည်။ တချို့က အခန်းတံခါးအပြင်ဘက်သို့ ခေါင်းပြူကာ ဟိုဟိုဒီဒီ ကြည့်ရှုနေကြပြီး တချို့ကတော့ ၂ယောက်၊ ၃ယောက် စုရုံးကာ တီးတိုးတီးတိုး ဆွေးနွေးနေကြလျက် မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်နေသော အမူအရာများ ရှိနေကြသည်။

လီယောင်သည် တုတ်ကောက်ကို အားပြုကာ ခပ်မြန်မြန် လျှောက်လှမ်းနေရင်း တစ်ချက်လှမ်းကြည့်လိုက်ပြီး ဘေးနားကလူများကို အမိန့်ပေးလိုက်လေသည်။

"ဒီလူတွေကို အခန်းထဲ ပြန်လွှတ်လိုက်"

ဘေးနားရှိ အစေခံများသည် အမိန့်ကို နာခံကာ ထွက်သွားခဲ့ကြသည်။ သို့သော် အကြံပေးအမတ်များသည် ဆူညံနေဆဲပင်။ ဤရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် သူတို့ ထိတ်လန့်သွားခဲ့ကြသည်မှာ သိသာသည်။

လီယောင်က တုတ်ကောက်ကို မြေကြီးပေါ်သို့ ဆောင့်ချလိုက်၏။ အရေးအကြောင်းများ ပြည့်နှက်နေသော မျက်နှာပေါ်တွင် အေးစက်သော နှင်းခဲများ ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်သွားပြီး သူက ပြောလိုက်လေသည်။ "ကြွက်စုတ်တွေ, တိုင်းပြည်ရဲ့ အမတ်ဖြစ်ရတာကိုတောင် ရှက်ဖို့ကောင်းတယ်"

သူ့နောက်မှ လိုက်ပါလာသော ကိုယ်ရံတော်များသည် အသံမထွက်ဝံ့ကြပေ။

ပုံမှန်နေ့ရက်များတွင် ဤကဲ့သို့သော ကိစ္စများနှင့် ကြုံတွေ့ရပါက ချန်ဝေ၊ လီရွှင် စသည့် ဝိန်းယွီဘေးနားရှိ အရေးပါသော အမတ်များသည် အချိန်မီ ဖြေရှင်းနိုင်ကြလိမ့်မည်။ သို့သော် ယနေ့ညတွင် မိုးကြိုးများပစ်ကာ မိုးသည်းထန်စွာ ရွာသွန်းနေ၏။ ချန်ဝေသည် အုပ်ချုပ်ရေးမှူးအိမ်တော်တွင် ရှိနေသဖြင့် အချိန်မီ ရောက်လာနိုင်မည် မဟုတ်ပေ။ လီရွှင်ကိုလည်း ရှင်းကျိုးသို့ သံတမန်အဖြစ် စေလွှတ်ထားသည်။ ဝိန်းယွီ အလေးထားရသော အခြားအမတ်များသည်လည်း တပ်ထဲတွင် ရှိနေခြင်းမဟုတ်လျှင် အခြားကိစ္စများ ရှိနေကြသည်။

ပင်မခြံဝင်းဘက်မှ လူတစ်ယောက်မှ ရောက်မလာသေးသဖြင့် လက်ရှိအခြေအနေက မည်သို့ရှိနေသည်ကိုလည်း အချိန်တိုအတွင်း မသိရသေးချေ။ ထိုအကြံပေးအမတ်များ ထိတ်လန့်တုန်လှုပ်လာသောအခါ သူတို့ကို သည်လို ဗြောင်ကျကျ ဆူပူကြိမ်းမောင်းရဲသူမှာ လီယောင်ကလွဲပြီး တကယ်ပင် တခြားသူ မရှိတော့ချေ။

လူတစ်စုသည် ခပ်သုတ်သုတ် ခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့ရာ စင်္ကြံလမ်း၏အဆုံးသို့ ရောက်ရှိသွားကြသည်။ ထိုအချိန်တွင် ဘေးဘက်ခြံဝင်းဘက်မှ လုပ်ကြံသူကို ဖမ်းဆီးရန် ကူညီပေးခဲ့သော အရိပ်သက်တော်စောင့်များ ပြန်လာသည်နှင့် တစ်ချိန်ထဲ ဆုံတွေ့လိုက်ရသည်။ တစ်ဖက်လူက လီယောင်ကို မြင်သောအခါ အမြန်ပင် လက်နှစ်ဖက်ကို ယှက်လိုက်ပြီးနောက် အရိုအသေပေးလိုက်၏။

လီယောင်က လိုရင်းကိုသာ တိုက်ရိုက် မေးလိုက်လေသည်။ "မင်းသမီး ဘယ်လိုနေလဲ, လုပ်ကြံသူကို ဖမ်းမိပြီလား"

ဤအရိပ်သက်တော်စောင့်များသည် မူလကတည်းက ဖိန်ကျိုးတပ်မတော်မှ ထူးချွန်သော စစ်သည်များ ဖြစ်ကြသည်။ ကျောင်းပိုင်က လပေါင်းများစွာ အထူးလေ့ကျင့်ပေးပြီးနောက် ရွေးချယ်ခံထားရသူများ ဖြစ်၏။ ရွေးချယ်ခံရသူတိုင်းသည် ထူးချွန်သူများထဲမှ အထူးချွန်ဆုံးသူများ ဖြစ်ကြပြီး ဝိန်းယွီ၏ တိုက်ရိုက်လက်အောက်ခံများ ဖြစ်ကြသည်။

ဝိန်းယွီသည် လီယောင်ကို လေးစားတန်ဖိုးထားသည်။ သူမက ဖိန်ကျိုးမှ ထွက်ခွာသွားသည်နှင့် ဖိန်ကျိုးတွင် နေရစ်ကာ သူမကိုယ်စား အခြေအနေအားလုံးကို ခေတ္တထိန်းချုပ်ရမည့် လီယောင်ကို ဖေစုန့်က သေချာပေါက် ပစ်မှတ်ထားလာလိမ့်မည်။ ထို့ကြောင့် သူမက စောစောစီးစီးကပင် အရိပ်သက်တော်စောင့် ၂ယောက်ကို လီယောင်ကို တိတ်တဆိတ် ကာကွယ်ရန် စေလွှတ်ထားခဲ့သည်။

ယခုအချိန်တွင် လီယောင်၏ အမေးကို ရင်ဆိုင်ရသောအခါ ထိုအရိပ်သက်တော်စောင့်သည် တစက်ကလေးပင် လိမ်လည်လှည့်ဖြားရန် မရဲဝံ့ပေ။ သို့သော် မဖြေကြားမီ လီယောင်၏ ဘေးနားတွင် လိုက်ပါလာသော လူအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြန်လည် ဖြေကြားလိုက်လေသည်။

"လုပ်ကြံသူကို ဖမ်းမိပါပြီ, မင်းသမီးက ဘေးကင်းလုံခြုံပါတယ်။ လူကြီးမင်းကို စိတ်မပူဖို့ ကျွန်တော့်ကို အထူးမှာကြားလိုက်ပါတယ်။ ဒီည မိုးအရမ်းကြီးလို့ ပင်မခြံဝင်းကို လာကြည့်စရာမလိုပါဘူးတဲ့, ကိစ္စရှိရင် မနက်ဖြန်မှ ဆွေးနွေးကြပါမယ်တဲ့"

လီယောင်၏ အရေးအကြောင်းများ ပြည့်နှက်နေသော မျက်ခွံများသည် အနည်းငယ် တွဲကျသွားလေသည်။ သူက ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြောလိုက်လေသည်။ "မင်းသမီး ဘာမှမဖြစ်ရင် တော်ပါပြီလေ, လုပ်ကြံသူကို ဖမ်းမိပြီဆိုတော့လည်း အားလုံး လူစုခွဲလိုက်ကြတော့"

လိုက်ပါလာသော ကိုယ်ရံတော်များ အားလုံးသည် ယခုမှပင် ဆုတ်ခွာသွားခဲ့ကြသည်။ လီယောင်သည် မိုးရေထဲမှ ပြန်လာသော အရိပ်သက်တော်စောင့်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။ "မင်း ငါ့နောက်ကို လိုက်ခဲ့"

အရိပ်သက်တော်စောင့်သည် လီယောင်၏ နောက်မှလိုက်ကာ စာကြည့်ခန်းထဲသို့ ဝင်သွားသည်။ ထိုအခါမှ လီယောင်က မေးလိုက်လေသည်။ "လုပ်ကြံသူက ဘယ်သူလဲ"

အရိပ်သက်တော်စောင့်က လက်နှစ်ဖက်ကို ယှက်လိုက်ပြီး အမှန်အတိုင်း ပြောလိုက်လေသည်။

"လုပ်ကြံသူ မရှိပါဘူး, ရှောင်းစစ်သူကြီးက အရေးပေါ်စစ်ရေးသတင်းကို မင်းသမီးဆီ ညတွင်းချင်း လာရောက်သတင်းပို့တာပါ"

လီယောင်သည် သူက ရှောင်းလိကို ရည်ညွှန်းပြောဆိုသည်ကို ကြားသောအခါ မျက်ခွံများ အနည်းငယ် ပင့်တက်သွားပြီး အိုမင်းနေသော မျက်ခုံးများက မသိမသာ တွန့်ချိုးသွား၏။

ထိုလူငယ်စစ်သူကြီးသည် မကြာသေးမီက အလွန်နာမည်ကြီးနေခဲ့သည်။ ထောင်ခရိုင်ကို တိုက်ခိုက်ရာတွင် သူ့အရည်အချင်းကို စတင်ပြသပြီးနောက် မကြာမီက မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကာတာများ ပိတ်ဆို့နေချိန်တွင်လည်း သူက အကျိုးပြုလုပ်ငန်း တစ်ခုကို လုပ်ဆောင်ခဲ့သေးသည်။ ပိုင်ယန်တံခါးကို ကာကွယ်ရန် သူ ဗျူဟာကျကျ တင်ပြခဲ့သော တိုက်ပွဲဗျူဟာအခင်းအကျင်းက သူ့ကို ပိုလို့ပင် အံ့သြသွားစေခဲ့သည်။

ချန်ဝေကလည်း ဤလူငယ်ကို သဘောကျနေခဲ့ပြီး သူ့ကို သမက်အဖြစ် ခေါ်ယူရန် စိတ်ကူးရှိခဲ့သည်။ သို့သော် သူ့ဘက်မှ ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။

လီယောင်က ထိုအကြောင်းကို ကြားသိထားသော်လည်း ၎င်းသည် လူငယ်များ၏ ခေါင်းမာသော စိတ်နေသဘောထားသာ ဖြစ်သည်ဟု သူက ယူဆထားခဲ့၏။ ___သူက စစ်မြေပြင်မှာပဲ အာရုံစိုက်ထားတယ်။ ယောက္ခမမိသားစုကို အားကိုးတယ်ဆိုတဲ့ ကဲ့ရဲ့စကားကို မခံချင်လို့ ကိုယ်ပိုင်စွမ်းရည်နဲ့ပဲ အောင်မြင်မှု တစ်ခုကို ဖန်တီးချင်နေတာ ဟူ၍။

ယနေ့ည မိုးရေထဲတွင် ဝိန်းယွီ၏ ခြံဝင်းထဲသို့ ညတွင်းချင်း ဝင်ရောက်လာခြင်းက ဝိန်းယွီ၏ ဘေးနားရှိ အရိပ်သက်တော်စောင့်များကိုပါ လန့်နိုးသွားစေခဲ့သည်။ ဤသည်က သူ့ကို ပုံမှန်မဟုတ်သော အရာတချို့ကို သေချာပေါက် သတိထားမိသွားစေခဲ့၏။

အရေးပေါ် သတင်းပို့စရာ စစ်ရေးသတင်း ရှိနေရင်လည်း အမှန်အတိုင်း သတင်းပို့လိုက်ပေါ့။ ကျောင်းပိုင်နဲ့ ပင်မခြံဝင်းထဲက အရိပ်သက်တော်စောင့်တွေက သူ့ကို ဝင်ခွင့်မပေးဘဲ နေမှာမို့လို့လား

ဒီလောက်တောင် အားထုတ်နေရတာ...

အတိတ်က ဝိန်းယွီသည် ယုံကျိုးမှ ဖိန်ကျိုးသို့ ထွက်ပြေးစဉ် ရှောင်းလိက တစ်လျှောက်လုံး လိုက်ပါပို့ဆောင်ပေးခဲ့သည်ကို လီယောင်က တွေးမိသွားသည်။ အစပိုင်းတွင် ရှောင်းလိကို ဝိန်းယွီအား နန်ချန်သို့ ပို့ဆောင်ပေးရန် သူက အကြံပြုခဲ့စဉ် ဝိန်းယွီက ချက်ချင်းပင် ငြင်းဆန်ခဲ့သည်။

ဒါက ဒီည ပင်မခြံဝင်းထဲကို ရှောင်းလိ ဝင်လာတာနဲ့များ ပတ်သက်နေမလား။

လီယောင်၏ မျက်နှာသည် ရုတ်တရက် အေးစက်သွားပြီး အတွေးများကို ရပ်တန့်လိုက်သည်။ သူက ထပ်ပြီး မဆင်မခြင် မမှန်းဆရဲတော့ပေ။

သူ၏ တွန့်လိပ်နေပြီး အနည်းငယ် ကွေးကောက်နေသော လက်ချောင်း ၅ ချောင်းသည် တုတ်ကောက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး ထိုအရိပ်သက်တော်စောင့်ကို ပြောလိုက်လေသည်။

"ရပြီ, မင်း ထွက်သွားတော့။ ဒီညကိစ္စကို အပြင်လူတွေ မသိစေနဲ့"

အရိပ်သက်တော်စောင့်သည် ခေါင်းညိတ်ပြလိုက်ပြီးနောက် အရိပ်တစ်ခုကဲ့သို့ အသံတိတ် ဆုတ်ခွာသွားခဲ့လေသည်။

လီယောင်သည် ခေါင်းကိုစောင်းကာ လျှပ်စီးများလက်ကာ မိုးခြိမ်းသံများ ညံနေသည့် ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ မီးခိုးရောင် အလွှာပါးလေး ဖုံးလွှမ်းနေသော အိုမင်းနေသည့် မျက်လုံးတစ်စုံတွင် လျှပ်စီးများ၏ အဖြူရောင် အလင်းတန်းများ ထင်ဟပ်နေလေသည်။

မိုးသည် သည်းထန်စွာ ဆက်တိုက်ရွာသွန်းနေ၏။ ရှောင်းလိသည် မြို့အပြင်သို့ ထွက်လာပြီး လမ်းတစ်လျှောက် မြင်းကို အမြန် ဒုန်းစိုင်းစီးလာခဲ့သည်။

မိုးရွာနေသောညတွင် လမ်းလျှောက်ရန် မလွယ်ကူပေ။ မြင်းခွာများသည် အတိမ်အနက်ကို မသိရသော ရွှံ့ရေများထဲသို့ နင်းမိသွားပြီး ရွှံ့နွံများက ပန်းထွက်လာသည်။

အေးစက်နေသော မိုးရေစက်များသည် ထက်ရှသည့် ဓားသွားများလို သူ့မျက်နှာကို လာရိုက်ခတ်နေပြီး စူးရှသော နာကျင်မှုများကို အကြိမ်ကြိမ် ဖြစ်ပေါ်စေ၏။

ရှောင်းလိသည် ဘာကိုမှ သတိမထားမိသယောင်။ သူက လက်တစ်ဖက်ဖြင့် မြင်းဇက်ကြိုးကို ဆုပ်ကိုင်ထားပြီး နောက်တစ်ကြိမ် ကြာပွတ်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ မြင်းက တစ်ချက် ဟီလိုက်ပြီး သူ့ကို သယ်ဆောင်ကာ ကောင်းကင်မှ ကျဆင်းလာသော လျှပ်စီးတစ်ခုနှယ် အဆုံးအစမရှိသော ညအမှောင်ထုထဲသို့ တိုးဝင်သွားခဲ့သည်။

အရှိန်အဟုန်ဖြင့် တိုက်ခတ်လာသော လေပြင်းများက သူ့နဖူးပေါ်ရှိ ဆံပင်များကို နောက်သို့ လွင့်စဉ်သွားစေသည်။ ယခုကဲ့သို့သော အရှိန်အဟုန်အောက်တွင် ညဘက်မိုးရွာနေသော လေထုသည် ပိုပြီး ပါးလွှာသွားပုံရသည်။ ထို့ကြောင့် အသက်ရှူလိုက်တိုင်း အဆုတ်ထဲတွင် နာကျင်မှုကို ခံစားနေရ၏။

လည်ချောင်းနှင့် ရင်ဘတ်တစ်ခုလုံးသည် လေပြင်းများကြောင့် ဆုတ်ဖြဲခံရတော့မည့်အလား ခံစားလိုက်ရသည်။ ရုတ်တရက် သွေးညှီနံ့ကိုပင် အရသာခံမိသွားခဲ့သည်။ သို့သော် သူ့ခန္ဓာကိုယ်ထဲတွင် အခြားသော နာကျင်မှု တစ်မျိုး ရှိနေသေး၏။ ၎င်းနာကျင်မှုသည် ဆုတ်ဖြဲခံထားရသော အက်ကွဲကြောင်းများကြားမှ ပေါက်ကွဲထွက်လာသည်။ မြင်းဇက်ကြိုးကို တင်းတင်းကျပ်ကျပ် ဆွဲထားရင်း မိုးသက်မုန်တိုင်းများကြားတွင် ခေါင်းကိုမော့ကာ အော်ဟစ်လိုက်ပြီးနောက်မှသာ နောက်ဆုံးတွင် အသက်ရှူနိုင်တော့သည်။

မိုးရွာသံမှလွဲ၍ ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ ရှောင်းလိသည် မြင်းကျောပေါ်တွင် မှောက်လျက် အသက်ကို ဖမ်းရှူနေရသည်။ သည်းထန်စွာ ရွာသွန်းနေသော မိုးရေများသည် သူ့ကျောပြင်ပေါ်သို့ သွန်းလောင်းနေပြီး မိုးရေစက်များသည် လည်ပင်း၏ ကောက်ကြောင်းအတိုင်း ရင်ဘတ်ရှေ့ပိုင်းအထိ စီးဆင်းသွားခဲ့သည်။ ယခင်က လေတိုက်ခံရသဖြင့် နောက်သို့ လွင့်စဉ်သွားသော ဆံပင်များသည် မိုးရေများ စိုရွှဲသွားပြီးနောက် ပြန်လည် ကျဆင်းလာကာ ရေစက်များ တစ်ပေါက်ပြီးတစ်ပေါက် စီးကျလို့နေသည်။

ရှုပ်ပွနေသည့် ရေစီးကြောင်းများက ရှောင်းလီ၏မျက်နှာပေါ်တွင် စီးကျနေ၏။ ဤမိုးသည် သည်းထန်လွန်းလှသည်။ လျှပ်စီးများက ပတ်ဝန်းကျင် တစ်ခုလုံးကို လင်းထိန်သွားစေသောအခါ သူ၏ နီရဲနေသော မျက်လုံးတစ်စုံကို ထင်ဟပ်သွားစေခဲ့သည်။

သခင်ဖြစ်သူ၏ တွန်းအားပေးမှု မရှိတော့သောကြောင့် သူ စီးနင်းထားသော မြင်းသည်လည်း ရှေ့သို့ ဆက်မသွားတော့ပေ။ သခင်ကို တင်ဆောင်ကာ မိုးရေများအောက်ရှိ ကွင်းပြင်ကျယ်ကြီးထဲတွင် ငြိမ်သက်စွာ ရပ်တန့်လို့နေလေသည်။

____

ညသန်းခေါင်ယံအချိန်တွင် ကျောင်းပိုင်သည် ဝိန်းယွီ၏ အခန်းတံခါးအပြင်ဘက်တွင် အမြဲတမ်း စောင့်ကြပ်နေခဲ့သည်။ မိုးတိတ်သွားပြီး မိုးသောက်ချိန် ရောက်လာသောအခါ အနီးကပ် ပြုစုစောင့်ရှောက်ရသော အစေခံမိန်းကလေးသည် မျက်နှာသစ်ဇလုံကို ကိုင်ဆောင်ကာ ရောက်လာပြီး ဝိန်းယွီ နိုးပြီလားဟု မေးလိုက်သည်။ သူမက အခန်းတံခါးကို ခပ်ဖွဖွ တစ်ချက် ခေါက်လိုက်ပြီး အတွင်းဘက်မှ အေးစက်စက်နှင့် အနည်းငယ် အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။ "ဝင်လာခဲ့"

ကျောင်းပိုင်က တံခါးကို တွန်းဖွင့်လိုက်သည်။ အစေခံမိန်းကလေး တချို့က သူမ၏ နောက်မှ တန်းစီပြီး လိုက်ဝင်လာကြ၏။ ကျောင်းပိုင်သည် မျက်လုံးကို ပင့်ကာ ကြည့်လိုက်ရာ ဝိန်းယွီက အတွင်းခန်းထဲတွင် မရှိဘဲ ပုံမှန်ဝတ်စုံကို ဝတ်ဆင်ထားပြီး စားပွဲခုံရှေ့တွင် ထိုင်ကာ မှတ်တမ်းတစ်ခုခုကို ဖတ်ရှုနေသည်ကို တွေ့လိုက်ရသည်။ သူမက မနက်စောစောကတည်းက ထလာသလား၊ သို့မဟုတ် မနေ့ညက လုံးဝ မအိပ်ခဲ့သည်များလားဆိုသည်ကို သူမ မသိပေ။

ကျောင်းပိုင်၏ မျက်ခုံးများက အလိုအလျောက် တွန့်ချိုးသွားသော်လည်း သူမက စကားကို မည်သို့ စတင်ပြောရမည်ကို မသိချေ။

ဝိန်းယွီ၏ မျက်နှာပေါ်တွင် မူမမှန်မှု တစ်စုံတစ်ရာကို မတွေ့ရပေ။ အစေခံမိန်းကလေးက ပဝါကို ညှစ်ကာ သူမကို ကမ်းပေးလိုက်သည်။ သူမက မျက်နှာနှင့် လက်များကို သုတ်ပြီးနောက် ပုံမှန်အတိုင်း တည်ငြိမ်စွာဖြင့် ကျောင်းပိုင်ကို အမိန့်ပေးလိုက်လေသည်။

"ရက်တွက်ကြည့်ရသလောက်တော့ လီရွှင် ရှင်းကျိုးကနေ ပြန်လာသင့်ပြီ။ ရှင် လူလွှတ်ပြီး သွားကြိုခိုင်းလိုက်, ပြီးရင် ဟယ်ခွန်းဘက်က လူတွေကို မြို့ပြင်က လယ်ကွင်းတွေဘက်ကို သွားကြည့်ခိုင်းလိုက်ဦး"

ကျောင်းပိုင်က တစ်ခုချင်းစီကို ပြန်လည်ဖြေကြားလိုက်သည်။ ဝိန်းယွီက ပဝါကို အစေခံမိန်းကလေးထံ ပြန်ပေးပြီးနောက် ကျောင်းပိုင်၏ စကားပြောချင်သော်လည်း ရပ်တန့်သွားသော ပုံစံကို မြင်သောအခါ ဘေးဘက်သို့ စောင်းကြည့်ကာ မေးလိုက်လေသည်။ "သတင်းပို့စရာ ကိစ္စရှိသေးလို့လား"

ကျောင်းပိုင်က ခေါင်းခါပြလိုက်သည်။ ထို့နောက် ချက်ချင်းပင် ခေါင်းညိတ်ပြပြန်သည်။

အခန်းအပြင်ဘက်တွင် ရုတ်တရက် ခြေသံများ နီးကပ်လာသည်။ ထို့နောက် အစေခံ၏ ရိုသေလေးစားသော အသံ ထွက်ပေါ်လာလေသည်။

"မင်းသမီး, လီယောင်လူကြီးမင်း ရောက်နေပါတယ်။ စာကြည့်ခန်းထဲမှာ မင်းသမီးကို စောင့်နေပါတယ်"

သူတို့ ၂ယောက်၏ စကားပြောဆိုမှုသည် သည်လိုနှင့်ပင် ကြားဖြတ်ခံလိုက်ရတော့သည်။ ဝိန်းယွီ၏ ပိုးသားအင်္ကျီလက်များသည် လက်မောင်းပေါ်မှ တွဲကျနေ၏။ သူမက စားပွဲခုံပေါ်ရှိ မှတ်တမ်းများကို သိမ်းဆည်းလိုက်ပြီး ပြောလိုက်လေသည်။ "ကျွန်မ ဖိန်ကျိုးကနေ ထွက်ခွာရမယ့်အချိန် နီးလာပြီဆိုတော့ ဆရာ့မှာလည်း ကျွန်မနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စတွေ အများကြီး ရှိနေမှာပါ။ မနက်စာကို စာကြည့်ခန်းထဲကို တိုက်ရိုက် ပို့ခိုင်းလိုက်။ ကျွန်မကို အဝတ်အစား လဲပေးပါဦး"

အခန်းထဲသို့ ဝင်ရောက်လာသော အစေခံမိန်းကလေးများသည် သန့်စင်ရန် အသုံးအဆောင်များကို စနစ်တကျ ကိုင်ဆောင်ကာ ထွက်သွားကြသည်။ ကျောင်းပိုင်က ကိုယ်တိုင် ဝိန်းယွီအတွက် အပေါ်ဝတ်ရုံကို ယူဆောင်လာကာ ဝတ်ဆင်ပေးလိုက်ပြီး ထိုအချိန်လေးအတွင်း သူမက ပြောလိုက်လေသည်။

"မနေ့ညက လီယောင်လူကြီးမင်းဘက်က တိုက်ရှီက လုပ်ကြံသူကိစ္စကို လာမေးသွားသေးတယ်"

ဝိန်းယွီက အင်း ဟု ခပ်ဖွဖွ ပြောလိုက်ပြီး သိရှိကြောင်း ပြသလိုက်၏။

ကျောင်းပိုင်သည် မည်သည့်ကိစ္စမှ မဖြစ်ပွားခဲ့သကဲ့သို့ တည်ငြိမ်နေသော သူမ၏ မျက်နှာကို ကြည့်လိုက်သည်။ ဝိန်းယွီ အပြင်မထွက်ခင် သူမက နောက်ဆုံးတွင် မနေနိုင်တော့ဘဲ သူမကို ထပ်မံခေါ်လိုက်လေသည်။

"မင်းသမီး, မင်းသမီးက..."

ဝိန်းယွီက နောက်သို့ လှည့်မကြည့်ခဲ့ပေ။ လက်နှစ်ဖက်ကို အင်္ကျီလက်ကြီးများထဲတွင် စုထားကာ ခန္ဓာကိုယ်ရှေ့၌ ခပ်ဖွဖွ ယှက်ထားသည်။ ပုံမှန်နေ့ရက်များနှင့် မခြားနားဘဲ အနည်းငယ် အက်ကွဲနေသော အသံဖြင့်သာ သူမက ပြောလိုက်လေသည်။

"ချန်သခင်မကြီးဘက်က လူလွှတ်ပြီး လာမေးရင် မင်္ဂလာဝတ်စုံက ခန္ဓာကိုယ်နဲ့ ကွက်တိပဲလို့ ပြောလိုက်။ ထပ်ပြင်စရာ မလိုတော့ဘူးလို့"

ကျောင်းပိုင်သည် အစေခံမိန်းကလေးများနှင့်အတူ အဝေးသို့ ထွက်ခွာသွားသော ဝိန်းယွီ၏ ကျောပြင်ကို ကြည့်လိုက်သည်။ မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ ဖုန်းယန်၏ နောက်ဆုံးတိုက်ပွဲတွင် ရှီဇီသည် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ကာ မြို့တံခါးဆီသို့ ထွက်ခွာသွားခဲ့သော ကျောပြင်ကို သူမ တွေးမိသွားသည်။

သူမ၏ မျက်လုံးထဲမှ စိုးရိမ်ပူပန်မှုများသည် နောက်ဆုံးတွင် ဖြည်းညှင်းစွာ မှေးမှိန်သွားခဲ့သည်။

တာ့လျန်ရဲ့ မင်းသမီးလေးက သူ ဘယ်လိုလမ်းကို လျှောက်သင့်တယ်ဆိုတာ သိနေတာပဲ။

မီးခိုးရောင်နှင့် အညိုရောင် ရောယှက်နေသော ခေါင်မိုးအုတ်ကြွပ်များပေါ်မှ မနေ့ညက ကျန်ရစ်နေသော မိုးရေများ အောက်သို့ စီးကျနေ၏။ ဟောင်းနွမ်းနေပြီဖြစ်သော ပန်းပုလက်ရာများနှင့် ပြတင်းပေါက်၏ အပြင်ဘက် ခြံဝင်းထဲရှိ သစ်ပင်ပန်းမန်များသည် စိမ်းလန်းစိုပြေနေသည်။

ဝိန်းယွီသည် လီယောင်အတွက် ဆန်ပြုတ်တစ်ပန်းကန်ကို ခူးထည့်ပေးကာ သူ့ရှေ့တွင် ချထားပေးလိုက်ပြီး ပြောလိုက်လေသည်။

"ကျွန်မတို့နဲ့ နန်ချန်ကြားမှာ မဟာမိတ်စာချုပ် ချုပ်ဆိုပြီးပြီဆိုတော့ ဖေစုန့်ဘက်ကလည်း ငြိမ်နေနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် မော့ကျိုးကနေ အခုအချိန်အထိ ဘာသတင်းမှ ထွက်မလာသေးဘူး။ ဖေစုန့်က ဘာတွေများ ကြံစည်နေလဲ မသိဘူး"

လီယောင်သည် ဝိန်းယွီ၏ စကားကို ပြန်လည် မတုံ့ပြန်ခဲ့ပေ။ ဆန်ပြုတ် အနည်းငယ် သောက်ပြီးနောက် သူက မေးလိုက်လေသည်။ "မနေ့ညက ပင်မခြံဝင်းထဲကို လုပ်ကြံသူ ဝင်လာတယ်ဆို"

ဝိန်းယွီက ပြောလိုက်လေသည်။ "လုပ်ကြံသူ မဟုတ်ပါဘူး။ ရှောင်းစစ်သူကြီး ဓားပြနှိမ်နင်းရာကနေ ညဘက် ပြန်လာရင်း အရေးပေါ်စစ်ရေးသတင်း ရလာလို့ သတင်းလာပို့တာပါ"

လီယောင်သည် ဝိန်းယွီ၏ မျက်နှာအမူအရာက ပွင့်လင်းရိုးသားနေသည်ကို မြင်သောအခါ သူ့စိတ်ထဲတွင် ဖုံးကွယ်ထားသော မလုံခြုံမှုများသည် အနည်းငယ် လျော့ပါးသွားခဲ့သည်။ သူမ၏ စကားအတိုင်း သူက မေးလိုက်လေသည်။ "ဘာစစ်ရေးသတင်းလဲ"

ဝိန်းယွီသည် မနေ့ညက ရှောင်းလိ ချန်ထားခဲ့သော မြေပုံကို လီယောင်ထံသို့ ကမ်းပေးလိုက်ပြီး ပြောလိုက်လေသည်။

"ကျွန်မ စောစောကတည်းက တွေးမိသင့်တာ။ ဖေစုန့်က ဝေ့ချီရှန်းကို ပြည်နယ်တစ်ခု အလကားပေးလိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူက မြို့ကို ရှင်းလင်းပြီးနောက်မှာ ဝေ့ချီရှန်းက ယီကျိုးကို ဝင်ရောက်သိမ်းလိုက်တယ်။ ပြီးတော့ သတင်းတွေကို တကယ်ကို လုံလုံခြုံခြုံ ပိတ်ဆို့ထားတာပဲ"

လီယောင်သည် ထိုမြေပုံကို မြင်ပြီးနောက် နဖူးပေါ်ရှိ အရေးအကြောင်းများသည် များစွာ ပြေလျော့သွားခဲ့သည်။ သူ့စိတ်ထဲက အစောပိုင်းသံသယများကိုလည်း ဖယ်ထုတ်လိုက်၏။ သူက မြေပုံကို သေချာစွာ လေ့လာရင်း ချီးကျူးစကား ပြောလိုက်လေသည်။

"အဲ့ဒီ ရှောင်းလူငယ်စစ်သူကြီးက ဒီတစ်ခေါက်လည်း ကြီးမားတဲ့ အကျိုးပြုမှု တစ်ခုကို ထပ်လုပ်နိုင်ခဲ့ပြန်ပြီ။ ဝေ့ချီရှန်းက ရှင်းကျိုးနဲ့ ယီကျိုး ၂ခုမှာ ဟန်ဆောင်နေတာဆိုတာ သေချာသွားပြီဆိုတော့, သူလည်း မင်းသမီး ပေးထားတဲ့ စည်းကမ်းချက်တွေကို ငြင်းဆန်နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။ ဒီလိုဆိုရင်တော့ ဆောင်းဦးမတိုင်ခင် မြောက်ပိုင်းကို စစ်ချီပြီး ဖေစုန့်ကို အငိုက်ဖမ်း တိုက်ခိုက်လို့ ရပြီ"

ဝိန်းယွီက ခေါင်းညိတ်ပြလိုက်ကာ "ဆရာပြောတာက ယွီ အခုလက်ရှိ တွေးနေတာနဲ့ တစ်ထပ်တည်းပါပဲ"

လီယောင်က မြေပုံကို သိမ်းဆည်းလိုက်ပြီး စကားလမ်းကြောင်း ပြောင်းကာ ဝိန်းယွီကို မေးလိုက်လေသည်။ "ဒါပေမယ့် ဒီစစ်ရေးသတင်းက လျှို့ဝှက်ချက်ဆိုပေမယ့်လည်း ရှောင်းစစ်သူကြီးက မနေ့ညက ပင်မခြံဝင်းထဲကို ဝင်လာတာက တစ်အိမ်လုံးကို လုပ်ကြံသူလို့ ထင်သွားစေတာဆိုတော့, ဘယ်လိုပဲဖြစ်ဖြစ် မသင့်တော်ပါဘူး"

ဝိန်းယွီသည် လက်ထဲက တူကို ချထားလိုက်ပြီး ခဏလောက် တိတ်ဆိတ်သွားပြီးနောက်မှ စကား စပြောလိုက်သည်။ "ဆရာ, ယန်ချွဲ့ ကိစ္စဖြစ်ပြီးကတည်းက ကျွန်မဘေးနားမှာ ကျောင်းပိုင်ကလွဲပြီး တခြားလူတွေကို ထပ်ယုံကြည်ဖို့ အရမ်းခက်ခဲသွားပြီ"

ထိုအခါ လီယောင်က ဝိန်းယွီ၏ စိုးရိမ်ပူပန်မှုကို နားလည်သွားခဲ့သည်။ သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး လက်ထဲရှိ ဇွန်းကိုလည်း ချထားကာ ပြောလိုက်လေသည်။ "ဖေစုန့်ရဲ့ ဒီအကြံအစည်က တကယ်ကို ယုတ်မာလွန်းပါတယ်။ ဒါပေမယ့် မင်းသမီးက နောင်မှာ ပိုပြီး သတိထားဖို့ လိုအပ်ပေမယ့် ဒီကိစ္စကြောင့် ကြွက်ကို နှိမ်နင်းဖို့ ပန်းကန်လုံးကို ခွဲပစ်လိုက်သလိုမျိုးတော့ မဖြစ်စေနဲ့ပေါ့"

ဝိန်းယွီက ပြောလိုက်၏။ "ကျွန်မ သိပါတယ်။ မနေ့ညက လုပ်ရပ်က လတ်တလော အရိပ်သက်တော်စောင့်တွေကို စမ်းသပ်တာဖြစ်သလို, အိမ်တော်ထဲက အကြံပေးအမတ်တွေကိုလည်း စမ်းသပ်တာပါပဲ"

နောက်ဆုံးစကားတစ်ခွန်းကို ပြောလိုက်ချိန်တွင် သူမက မျက်လုံးကို ပင့်ကာ လီယောင်ကို တည့်တည့်ကြည့်လိုက်သည်။

မနေ့ညက ဘေးဘက်ခြံဝင်းရှိ အကြံပေးအမတ်များသည် အိမ်တော်အတွင်းသို့ လုပ်ကြံသူ ခိုးဝင်လာကြောင်း ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ပြသခဲ့သော ထိတ်လန့်တုန်လှုပ်နေသည့် အရုပ်ဆိုးသော အမူအရာများကို လီယောင်က တွေးမိသွားပြီး သူလည်း မတတ်သာဘဲ တိတ်ဆိတ်သွားခဲ့၏။

ဝိန်းယွီက ဆက်ပြောလိုက်လေသည်။ "ကျွန်မ အာဏာတည်ဆောက်ရတာ ခက်ခဲတယ်။ ခမည်းတော်နဲ့ အစ်ကိုတော်တို့ရဲ့ တစ်သက်တာ နာမည်ကောင်းကို အသုံးချပြီးမှ တာ့လျန်ရဲ့ တပ်ဟောင်းတွေကို ခေါ်ယူနိုင်ခဲ့လို့ ဒီနေ့လို အခြေအနေမျိုး ရလာတာပါ။ ဒီနာမည်ကောင်းကို ဆက်ထိန်းထားဖို့အတွက် နာမည်ကောင်းရချင်ရုံသက်သက် လာတဲ့သူတွေ ရှိနေရင်တောင် အလွယ်တကူ အပြစ်မပေးနိုင်ပါဘူး။ ဒါပေမယ့် အခုအချိန်က အဲ့ဒီလို နာမည်ကောင်းရချင်ရုံ သက်သက် လာတဲ့သူတွေကို ရှင်းလင်းရမယ့် အချိန်ရောက်နေပြီ။ အိမ်တော်ကနေ မနှင်ထုတ်ရင်တောင် တခြားနေရာတစ်ခု ဖန်တီးပြီး သူတို့ကို နေရာချထားပေးဖို့ လိုတယ်။ သူတို့ရဲ့ အသုံးဝင်နိုင်တဲ့ အတိုင်းအတာအထိ အကုန်သုံးချလိုက်နိုင်ရင် အကောင်းဆုံးပါပဲ"

စကားက ဤအခြေအနေအထိ ရောက်လာသောအခါ လီယောင်၏ စိတ်ထဲတွင် ဖုံးကွယ်ထားသည့် စိုးရိမ်စိတ်တို့သည်လာ်း တစ်ဝက်မျှပင် မကျန်ရှိတော့ပေ။ ဝမ်းသာပီတိဖြစ်ရုံသာမက အနည်းငယ် သက်ပြင်းချမိသွားသေးသည်။

"ကျွန်တော် အိုမင်းနေပြီပဲ, မင်းသမီး တွေးတာက ပိုပြီး ပြည့်စုံပါတယ်။ မင်းသမီး ပြောတာတွေ အားလုံးကို ကျွန်တော် ကိုယ်တိုင် စီစဉ်ဆောင်ရွက်ပေးပါ့မယ်"

လီယောင်ကို လိုက်ပို့ပြီးနောက် ဝိန်းယွီသည် စားပွဲပုလေးရှေ့တွင် လက်ဖြင့် နဖူးကိုထောက်ထားကာ ထိုင်နေ၏။ သူမ၏ မျက်နှာပေါ်တွင် တစ်ညလုံး မအိပ်ရသေးသော ပင်ပန်းနွမ်းနယ်မှုများက ယခုမှ ထင်ဟပ်လာခဲ့သည်။ သူမက အနည်းငယ်မျှသာ စားရသေးသော မနက်စာကို ကြည့်လိုက်သည်။ အစောပိုင်းက ဖယောင်းကို ဝါးနေရသကဲ့သို့ စားသောက်ခဲ့ရသော ထိုအနည်းငယ်ကပင် သူမ၏ အစာအိမ်ကို အနည်းငယ် ကျုံ့သွားစေသည်ဟု ခံစားလိုက်ရသည်။

သူမသည် ဝမ်းဗိုက်ကို ခဏလောက် ကိုင်ထားပြီး သူမ၏မျက်နှာကလည်း ဖြူရော်လို့နေသည်။ အစေခံမိန်းကလေးက ဘာဖြစ်တာလဲဟု ဂရုတစိုက် မေးလိုက်သောအခါ သူမက ဘာမှမဖြစ်ကြောင်းသာ ပြောလိုက်လေသည်။ ကျန်နေသော မနက်စာများကို အစေခံမိန်းကလေးအား သိမ်းဆည်းခိုင်းပြီးနောက် စားပွဲခုံပေါ်သို့ အသစ်ရောက်လာသော စာလွှာများကို ယူကာ ဖတ်ရှုလိုက်သည်။

စာလွှာ အနည်းငယ် ဖတ်ပြီးသွားချိန်တွင် ဖန့်ယွမ်သည် အလျင်စလို ပြေးဝင်လာခဲ့၏။ မိုးရွာပြီးနောက် အေးစိမ့်သော မနက်ခင်းအချိန်လေး ဖြစ်သော်လည်း သူ့နဖူးတစ်ပြင်လုံးတွင် ချွေးများ ထွက်နေလေသည်။ လက်ထဲတွင် နုတ်ထွက်စာ တစ်စောင်ကို ကိုင်ဆောင်ထားပြီး ဝိန်းယွီကို မြင်သည်နှင့် သူက ပြောလိုက်လေတော့သည်။

"မင်းသမီး, ရှောင်းလိက ရုတ်တရက်ကြီး နှုတ်မဆက်ဘဲ ထွက်သွားပြီ!"

...

All Chapters