အခန်း ၉၂
Vol. 10 Ch. 92
အပိုင်း (၉၂)
ဝိန်းယွီသည် ထိုစကားကို ကြားလိုက်ချိန်တွင် သူမ၏ လက်ထဲက စုတ်တံနီလေးမှာ ခဏတာ ရပ်တန့်သွားပြီး အချိန်ခဏယူလိုက်ပြီးမှ ပြောလိုက်လေသည်။ "ကျွန်မ သိပါပြီ။ ဒီကိစ္စကို အရင်ဆုံး အသံမထွက်စေနဲ့ဦး။ အနောက်ဘက် တပ်ရင်း(၂)က စစ်သည်တွေကို တည်ငြိမ်အောင် ထိန်းထားဖို့နဲ့ စစ်ရေးအာဏာကို ခေတ္တလွှဲယူထားပေးဖို့ စစ်သူကြီးကို ဒုက္ခပေးရလိမ့်မယ်"
ဖန့်ယွမ်သည် ဝိန်းယွီက ဤကိစ္စဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည့်အလား သိပ်ပြီး အံ့သြသွားပုံမရသည်ကို သတိထားမိလိုက်၏။ သူ့ရင်ထဲမှ စိုးရိမ်ပူပန်မှုများသည် အနည်းငယ် လျော့ပါးသွားခဲ့သော်လည်း သံသယများစွာ ထပ်တိုးလာခဲ့၏။ သူသည် စကားလုံးများကို သေချာရွေးချယ်လိုက်ပြီးမှ စကားစလိုက်လေသည်။ "ညီလေးရှောင်းက..."
ဝိန်းယွီသည် သူ့စကားကို ဖြတ်ပြောလိုက်၏။ "နောက်ကျရင် ကျွန်မ အားလုံးကို ရှင်းပြပါ့မယ်"
ဖန့်ယွမ်သည် ချန်ဝေနှင့် မိတ်ဆွေဟောင်းများ ဖြစ်ကြသော်လည်း ဤရက်ပိုင်းများအတွင်း ရှောင်းလိကို ညီအစ်ကိုအရင်းတစ်ယောက်ကဲ့သို့ တကယ်ပင် သဘောထားခဲ့သည်။ တစ်ဖက်လူသည် အကောင်းပကတိ ရှိနေလျက်နှင့် ရုတ်တရက် စစ်ဘက်ရာထူးကို စွန့်လွှတ်ကာ နှုတ်မဆက်ဘဲ ထွက်ခွာသွားခြင်းက သူ့ကို အတွေးများမသွားစေဘဲ မနေနိုင်အောင်ဖြစ်ရစေသည်။ ထို့ကြောင့် ဝိန်းယွီ၏ စကားကို ကြားပြီးနောက်တွင်လည်း ဖန့်ယွမ်သည် ထိုမျှနှင့် လက်မလျှော့ခဲ့ပေ။ စိတ်ထဲတွင် အခိုက်တန့် ရုန်းကန်လိုက်ပြီးနောက် ရိုင်းစိုင်းရာကျမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အရာအားလုံးကို သွန်ချလိုက်သည့်အလား မေးလိုက်၏။ "လောင်ချန်က သူ့ကို သမက်အဖြစ် ခေါ်ချင်နေတဲ့ ကိစ္စကြောင့် မဟုတ်လား"
မေးပြီးနောက် ဝိန်းယွီ၏ အဖြေကိုပင် မစောင့်တော့ဘဲ သူသည် အလွန်အမင်း နောင်တရစွာဖြင့် သူ့နဖူးကို ရိုက်ချလိုက်ပြီး တသသနှင့် ပြောတော့သည်။ "ဒါပဲဖြစ်ရမယ်။ ဒီရက်ပိုင်း စစ်တပ်ထဲမှာ သူက နေရာပေးတာကို မယူတတ်ဘူးဆိုပြီး ကောလာဟလတွေ အများကြီး ထွက်နေခဲ့တာ။ သူက လောင်ချန် စိတ်ထဲ အငြိုးထားမှာကို ကြောက်လို့ ထွက်သွားတာဆိုရင်တော့ ဒါ ကျွန်တော့်အပြစ်ပဲ။ ကျွန်တော် စောစောစီးစီး ရိပ်မိပြီး သူ့ကို ပွင့်ပွင့်လင်းလင်း ရှင်းပြခဲ့သင့်တာ"
သည်အချက်ကို ပြောလိုက်ပြီးနောက် သူ၏ စိတ်ခံစားချက်များက မြင့်တက်လာတော့၏။ ဝိန်းယွီကို အရေးတကြီး ပြောလိုက်လေသည်။ "မင်းသမီး၊ ရှောင်းစစ်သူကြီးကို နောက်ကနေ လိုက်ခေါ်ပြီး သေချာရှင်းပြဖို့ ကျွန်တော့်ကို ခွင့်ပြုပေးပါ"
ဝိန်းယွီက ပြန်ပြောလိုက်သည်။ "ဖန့်စစ်သူကြီး အများကြီး မတွေးပါနဲ့။ ရှောင်းစစ်သူကြီး ထွက်သွားချင်တဲ့ စိတ်က ချန်လူကြီးမင်းနဲ့ မသက်ဆိုင်ပါဘူး"
သူမ၏ အသံမှာ အနည်းငယ် တိမ်ဝင်လို့နေသည်။ သို့သော် သူမ၏ မျက်ဝန်းများက အလွန်တရာ တည်ငြိမ်လွန်းနေသဖြင့် ဖန့်ယွမ်ကို ထိုစိုးရိမ်ပူပန်မှုများအား ဘေးချိတ်ထားနိုင်အောင် မနေနိုင်ဖြစ်ရစေသည်။ သို့ရာတွင် ရှောင်းလိ ထွက်ခွာသွားရသည့် အကြောင်းရင်းအမှန်ကိုတော့ ဝိန်းယွီသည် ထပ်မံပြောဆိုရန် ဆန္ဒမရှိတော့သည်မှာ ထင်ရှားနေ၏။
ဖန့်ယွမ်သည် လက်အောက်ငယ်သား တစ်ယောက်အနေဖြင့် ထပ်မံ စစ်မေးရန် မသင့်တော်ပေ။ ထို့ကြောင့် သူသည် သတိလေးဖြင့်သာ အကြံပြုလိုက်တော့သည်။ "ဒါပေမဲ့ နောက်၂ရက်နေရင် ကျင်းပမယ့် အခမ်းအနားကြီးမှာ ရှောင်းစစ်သူကြီး မလာဘူးဆိုရင် လူတွေ သံသယဝင်ကုန်မှာကို စိုးရိမ်ရတယ်..."
ရှောင်းလိသည် ယခုအခါ ဖိန်ကျိုးတွင် အလွန် ထင်ရှားကျော်ကြားသော စစ်သူကြီးတစ်ဦး ဖြစ်နေသည်။ ယခုလိုအချိန်တွင် သူ ထွက်ခွာသွားခြင်းက ခန့်မှန်းချက်များစွာကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။
ဝိန်းယွီသည် မျက်လွှာချကာ ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။ "ပတ်ဝန်းကျင်က ကျန်နေသေးတဲ့ ဓားပြတွေကို နှိမ်နင်းဖို့ နောက်ထပ် တပ်ဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်ပါ။ အပြင်လူတွေကိုတော့ ရှောင်းလိက တောင်ပေါ်တက်ပြီး ဓားပြသွားနှိမ်နင်းနေတယ်လို့ပဲ ပြောလိုက်ပါ"
ဖန့်ယွမ်သည် ၎င်းက ရှောင်းလိ ထွက်ခွာသွားသည့် ကိစ္စကို ယာယီ ဖုံးကွယ်ထားလိုခြင်းဖြစ်ကြောင်း သိလိုက်သည်။ သို့သော် မနေ့ကမှ သူသည် ထန်ယီကို ရှောင်းလိထံ အထူးတလည် စေလွှတ်ခဲ့ပြီး မကြာမီကာလအတွင်း တောင်ပေါ်သို့ ဓားပြနှိမ်နင်းဖို့ မသွားတော့ရန် ရှောင်းလိအား ပြောပြခိုင်းခဲ့သေးသည်။ ချက်ချင်းဆိုသလိုပင် ဤအကြောင်းပြချက်ဖြင့် လူအများကို လှည့်ဖြားလိုက်ခြင်းဖြစ်ရာ ထန်ယီကိုတော့ သေချာပေါက် ဖုံးကွယ်ထားလို့ ရမည်မဟုတ်ပေ။
သို့ရာတွင် ထန်ယီသည် သူ၏ လက်အောက်ငယ်သား ဖြစ်သည်။ အနောက်ဘက် တပ်ရင်း(၂)ရှိ အရာရှိငယ် တော်တော်များများသည်လည်း တစ်ချိန်က သူကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခဲ့သူများ ဖြစ်ကြသည်။ သတင်းမပေါက်ကြားအောင် ယာယီ ဖုံးကွယ်ထားခြင်းကိုတော့ သူ လုပ်ဆောင်နိုင်စွမ်း ရှိပါသေးသည်။ သူသည် ဝိန်းယွီကို ကြည့်ကာ လက်နှစ်ဖက်ကို ယှက်ပြီး ပြောလိုက်၏။ "ကျွန်တော် သိပါပြီ"
ဖန့်ယွမ် ထွက်ခွာသွားပြီးနောက် ဝိန်းယွီ၏ မျက်နှာအမူအရာတွင် မြင်သာသည့် အပြောင်းအလဲ တစ်စုံတစ်ရာ မတွေ့ရပေ။ သို့သော် သူမ၏ အကြည့်များသည် စားပွဲခုံပေါ်တွင် တစ်ဝက်တစ်ပျက် မှတ်ချက်ရေးထားသော စာလွှာများပေါ်သို့ ပြန်လည် ရောက်ရှိသွားခဲ့သော်လည်း စာတစ်လုံးကိုမှ ဆက်မဖတ်နိုင်တော့ချေ။
မနေ့ညက ရှောင်းလိအား သူမ ပြောဆိုခဲ့သော ရက်စက်ကြမ်းတမ်းသည့် စကားလုံးများသည် သူမ၏ နားထဲတွင် တစ်ခွန်းပြီးတစ်ခွန်း ပဲ့တင်ထပ်နေခဲ့သည်။ ထိုအရာက သူမ၏ အစာအိမ် နာကျင်ကျုံ့ဝင်မှုကို ပိုလို့ပင် ဆိုးရွားလာစေခဲ့၏။
"ကျွန်မက စစ်တပ်ကို လိုချင်တယ်၊ အာဏာကို လိုချင်တယ်။ ရှင့်မှာ ရှိလို့လား"
"ရှောင်းစစ်သူကြီးက တစ်ခုခုကို အထင်လွဲနေတာ ဖြစ်မယ်လို့ ကျွန်မ ထင်တယ်"
"ကျွန်မ ဒီသစ်သားအရုပ်လေးကို ဆောင်ထားတာက အရင်တုန်းက စစ်သူကြီး ပြောခဲ့တဲ့ 'ငါးကြင်းမြီးက နဂါးတံခါးကို ကျော်ဖြတ်တာ' ဆိုတဲ့ စကားကို အရမ်းသဘောကျလို့ပါ။ တခြားအဓိပ္ပါယ် မရှိပါဘူး။ စစ်သူကြီးက အကြိမ်ကြိမ် စည်းကျော်နေတော့ ဒီမင်းသမီးအတွက် တကယ်ကို အနေရခက်စေတယ်"
"ဒီကိစ္စကလည်း ရှောင်းစစ်သူကြီးကို အထင်လွဲသွားစေတာလား"
ဆူးချွန်များကဲ့သို့ အဆိပ်ပြင်းလှသော ထိုစကားလုံးများသည် စာတစ်လုံးမကျန် သူမ၏ နှလုံးသားထဲသို့ အတိအကျ စိုက်ဝင်သွားခဲ့ပြီး ထုံထိုင်းသွားသည့် နာကျင်မှုတစ်မျိုး ဖြစ်ပေါ်လာခဲ့သည်။
ဝိန်းယွီသည် လက်ဖြင့် စားပွဲခုံကို အားပြုကာ ထောက်ထားလိုက်သည်။ မျက်နှာပေါ်တွင် အေးစက်တည်ငြိမ်မှုများ ရှိနေဆဲဖြစ်သော်လည်း ဖြူရော်လို့နေသည်။ သူမသည် မျက်လုံးများကို လေးလံစွာ မှိတ်ထားလိုက်၏။
ထိုစကားများကို ထုတ်ပြောလိုက်ချိန်ကတည်းက ရှောင်းလိတစ်ယောက် နေရစ်လိမ့်မည်ဟု သူမ မျှော်လင့်မထားတော့ချေ။
သူသည် ခေါင်းကို ထိုအတိုင်းအတာအထိ ငုံ့ချထားခဲ့သော်လည်း သူ၏ ကျန်ရှိနေသေးသော မာနနှင့် ဂုဏ်သိက္ခာများကို အမှုန့်ကြိတ်ကာ နင်းချေပစ်ခဲ့သူမှာ သူမပင်။
အစောပိုင်းက စားသောက်ထားသော ဆန်ပြုတ် အနည်းငယ်သည် နာကျင်ကျုံ့ဝင်နေသော အစာအိမ်ထဲတွင် လှိမ့်တက်လာခဲ့ပြီး အော့အန်ချင်စိတ်များ ဖြစ်လာတော့သည်။ ဝိန်းယွီသည် အခြားလက်တစ်ဖက်ဖြင့် ဝမ်းဗိုက်ကို တင်းနေအောင် ဖိထားလိုက်ပြီး နဖူးထောင့်များမှလည်း ချွေးအေးများ စီးကျလာ၏။ သူမသည် သစ်သားသလွန်ပေါ်တွင်ပင် ခက်ခက်ခဲခဲ တည်ငြိမ်အောင် ထိုင်နေရပြီး အင်္ကျီလက်များက စားပွဲခုံကို ပွတ်တိုက်မိသွားချိန်တွင်တော့ ဝါးစာလိပ်များကို ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ကျောင်းပိုင် ဆူညံသံကြားလိုက်သဖြင့် ဝင်ရောက်လာသောအခါ ဤမြင်ကွင်းကြောင့် လန့်ဖျပ်သွားပြီး ရှေ့သို့ အမြန်ပြေးလာကာ သူမကို တွဲထားလိုက်လေသည်။ "မင်းသမီး၊ ဘာဖြစ်တာလဲ"
ဝိန်းယွီသည် မျက်ခွံများကို ပင့်တင်လိုက်၏။ နှုတ်ခမ်းများပေါ်တွင် သွေးရောင် သိပ်မရှိတော့သော်လည်း မျက်နှာပေါ်တွင်သာ တည်ငြိမ်မှုကို အတင်းအကြပ် ဟန်ဆောင်ထိန်းထားရင်း "ဘာမှမဖြစ်ပါဘူး။ မနေ့ညက အအေးမိသွားလို့ ဖြစ်မယ်..."
ကျောင်းပိုင်သည် သိုင်းပညာ သင်ကြားထားသူဖြစ်ရာ သွေးခုန်နှုန်း စမ်းသပ်ခြင်းကို အကြမ်းဖျင်း နားလည်ထားသည်။ သူမသည် ဝိန်းယွီ၏ လက်ကောက်ဝတ်ကို စမ်းသပ်ကြည့်လိုက်ပြီး သူမ၏ သွေးခုန်နှုန်းမှာ စိုးရိမ်စရာကောင်းလောက်အောင် အားနည်းနေသည်ကို ခံစားလိုက်ရ၏။ ချက်ချင်းပင် အပြင်ဘက်က အစေခံမိန်းကလေးကို ခေါ်လိုက်ပြီး သမားတော် သွားရောက်ပင့်ဆောင်ရန် လူလွှတ်ခိုင်းလိုက်တော့သည်။
သို့သော် ဝိန်းယွီက သူမကို တားလိုက်သည်။ "သမားတော် ပင့်စရာ မလိုပါဘူး။ ကျွန်မ ခဏလောက် အနားယူလိုက်ရင် ကောင်းသွားမှာပါ။ နောက်ကျရင် ချန်လူကြီးမင်းတို့နဲ့ လွှဲပြောင်းပေးရမယ့် အရေးကြီးကိစ္စတွေ အများကြီး ရှိသေးတယ်"
ကျောင်းပိုင်သည် မျက်မှောင်ကြုတ်လိုက်ပြီး "ဒါပေမယ့်..."
"ကျွန်မ ခန္ဓာကိုယ်အကြောင်း ကျွန်မ ရှင်းရှင်းလင်းလင်း သိပါတယ်။ ပင်ပန်းသွားရုံ သက်သက်ပါ"
ဝိန်းယွီ တစ်ကိုယ်လုံးသည် ပုံမှန်မဟုတ်ဘဲ အလွန်အမင်း အားနည်းနေပုံရသည်။ သို့သော် သူမ ပြောဆိုလိုက်သော စကားများသည် အခြားသူများကို ငြင်းဆန်ခွင့် မပြုချေ။ ကျောင်းပိုင်သည် မတတ်သာတော့ဘဲ လက်လျှော့လိုက်ရပြီး သူမကို တွဲကာ အတွင်းခန်းထဲရှိ အနားယူရန် အသင့်ပြင်ထားသော သလွန်ပေါ်သို့ တွဲပို့ပေးလိုက်လေသည်။
ဝိန်းယွီကို အနားယူရန် ပြုစုပေးပြီးနောက် ကျောင်းပိုင်သည် သူ အလွှာလိုက် ရှိနေသော ခန်းဆီးများကို ချပေးလိုက်သည်။ မထွက်ခွာခင်တွင် ကျောင်းပိုင်သည် နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်၏။ ခန်းဆီးစများမှတဆင့် ဝိန်းယွီက အတွင်းဘက်သို့ မျက်နှာမူကာ စောင်းအိပ်နေသည်ကိုသာ မြင်တွေ့နိုင်ပြီး သူမ၏ မျက်နှာပေါ်ရှိ အမူအရာကို ရှင်းလင်းစွာ မမြင်ရပေ။ သို့သော် ပိုးသားစောင်အောက်ရှိ သေးငယ်သော ဖောင်းကြွနေသည့် အကွေးအကောက်လေးမှာ တကယ်ကို ပါးလျလွန်းလှသည်။
တာ့လျန်၏ ပျက်စီးယိုယွင်းနေသော တိုင်းပြည်ကြီးသည် ဤကဲ့သို့ ပိန်လှီပြီး အထီးကျန်ဆန်သော ပခုံးတစ်စုံပေါ်တွင် တင်ရှိနေခြင်း ဖြစ်သည်။
ကျောင်းပိုင်သည် မျက်လုံးများ ရုတ်တရက် အနည်းငယ် ကျိန်းစပ်လာသည်ကို ခံစားလိုက်ရသည်။
____
မိုးသက်မုန်တိုင်းကြီး ပြီးဆုံးသွားပြီးနောက် နွေရာသီသို့ ဝင်ရောက်လာသော နေမင်းကြီးသည် တစ်နေ့ထက်တစ်နေ့ ပိုလို့ပင် ပူပြင်းလာခဲ့သည်။
ယီကျိုးတွင် မြို့ကို ရှင်းလင်းပြီးနောက် မြို့အပြင်သို့ ထွက်လိုက်သည်နှင့် အဆုံးအစမရှိသော မြေရိုင်းလွင်ပြင်ကြီးကိုသာ မြင်တွေ့ရသည်။ လမ်းဘေးနှင့် မီးရှို့ဖျက်ဆီးခံထားရသော စိုက်ခင်းများထဲတွင် ပေါင်းပင်များက ကျိုးတိုးကျဲတဲ ပေါက်ရောက်နေပြီး ဖြတ်သန်းသွားလာနေသော မြင်းခွာများက ဖုန်ထူကြီးများကို တထောင်းထောင်းထစေလေသည်။
အဝေးတနေရာတွင် စုတ်ပြတ်သတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူအုပ်ကြီးသည် ထိတ်လန့်တကြား ထွက်ပြေးလာကြသည်။ သူတို့၏ အနောက်ဘက်တွင် သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော မြင်းစီးစစ်သည် ဆယ်ဂဏန်းကျော်က အပြင်းအထန် လိုက်လံ ဖမ်းဆီးနေကြပြီး ထိုလူများကို မောင်းနှင်ရင်း မြင်းများကို ရိုက်နှက်ကာ ရယ်မောနေကြသည်။ အချိန်မရွေး လူအုပ်ကြီးအနီးသို့ ချဉ်းကပ်လာကာ မြင်းကျောပေါ်မှ ဆီးနှင်းများကဲ့သို့ တောက်ပနေသော ဓားဖြူများကို ထုတ်ယူပြီး အညှာတာမဲ့စွာ ခုတ်ချလိုက်သည်။ ထို့နောက် မြင်းဖြင့် နင်းဖြတ်သွားရာ လူအုပ်ကြီးသည် အော်ဟစ်သံများနှင့်အတူ အရပ်မျက်နှာ အနှံ့သို့ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားကြတော့သည်။
လိုက်ပါလာသော မြင်းစီးစစ်သည်များသည် ရက်စက်စွာ ပြုံးရယ်ရင်း မြင်းများကို မောင်းနှင်ကာ ဓားများကို ကိုင်ဆောင်၍ လိုက်လံ ဖမ်းဆီးကြပြန်သည်။ လူတချို့ကို ခုတ်သတ်ပြီးနောက် အရပ်လေးမျက်နှာသို့ ထွက်ပြေးနေသော ဒုက္ခသည်များကို အဓိကလမ်းမကြီးပေါ်သို့ ပြန်လည် မောင်းနှင်လာခဲ့ကြသည်။
ဤသည်က နွားများ၊ သိုးများကို ကျောင်းနေသကဲ့သို့ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုတစ်ခုသာ။
ဒုက္ခသည် တချို့သည် အဆုံးစွန်ထိ မျှော်လင့်ချက် ကင်းမဲ့သွားအောင် ဖိအားပေးခံရသဖြင့် ထွက်ပြေးလွှတ်မြောက်မည့်အတွေး အားလုံးကို စွန့်လွှတ်လိုက်ကြတော့၏။ သူတို့သည် မြေကြီးပေါ်တွင် ဒူးထောက်ကာ မြင်းများကို မောင်းနှင်ပြီး အော်ဟစ်နေသော စစ်သည်များကို တရစပ် ဦးချနေကြပြီး မြေကြီးပေါ်ရှိ ချွန်ထက်သော သဲကျောက်များကြောင့် နဖူးများ ပေါက်ပြဲသွားသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မျက်ရည်၊ နှာရည်များ စီးကျလျက် သနားစဖွယ် တောင်းပန်လိုက်ကြလေသည်။ "စစ်သူကြီးမင်းတို့၊ ကျွန်တော်မျိုးတို့ ထပ်ပြီး မထွက်ပြေးရဲတော့ပါဘူး။ စစ်သူကြီးမင်းတို့ ကျွန်တော်မျိုးတို့ကို အသက်ချမ်းသာပေးဖို့ တောင်းပန်ပါတယ်..."
တပ်မှူးသည် မြင်းပေါ်မှနေ၍ သရော်ကာ ပြောလိုက်၏။ “မင်းတို့ ဓားပြတွေကို ကျွေးမွေးဖို့ အစားအစာ မလုံလောက်ဘူး။ ငါကလည်း စစ်ရေးအကျိုးဆောင်မှု နည်းနည်းလိုနေသေးတယ်။ မင်းတို့က ဒီအတွက် ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းပေးရလိမ့်မယ်”
ဒုက္ခသည်းများသည် ခါးသီးစွာ ငိုကြွေးနေကြပြီး “လူကြီးမင်းရယ် ကျွန်တော်တို့အားလုံး အနီးအနားမြို့တွေက ဥပဒေနဲ့အညီနေထိုင်ကြတဲ့ ပြည်သူတွေပါ၊ ဓားပြတွေ မဟုတ်ပါဘူး...”
မြင်းပေါ်က သူတို့ကို ဝိုင်းရံထားသည့် စစ်သည်များသည် ထိုစကားကို ကျယ်လောင်စွာ အော်ဟစ်ရယ်မောကြလေသည်။
တပ်မှူးသည် ဒူးထောက်နေသည့် ဒုက္ခသည်တစ်ယောက်၏ မျက်နှာကို သူ့ဓားပြားဖြင့် ပုတ်လိုက်ကာ ရက်စက်စွာ မေးလိုက်၏။ "မင်းတို့က သာမန်ပြည်သူတွေ ဆိုရင် ဘာလို့ စစ်တပ်ကြီးနဲ့အတူ ပြောင်းရွှေ့မသွားတာလဲ။ ငါ ကြည့်ရတာတော့ မင်းတို့က ဓားပြအုပ်စု တစ်စုပဲ!"
စကားအဆုံးတွင် ဓားပြားကို မြှောက်ကာ ဒုက္ခသည်၏ လည်ပင်းဆီသို့ ခုတ်ချရန် ပြင်လိုက်သည်။ လေကို ထိုးခွင်းသွားသယောင် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး တရားဝင်လမ်းမကြီး၏ သဲမြေပြင်ပေါ်တွင် သွေးများ အနှံ့အပြား ပန်းထွက်သွားခဲ့သည်။ သို့သော် ထိုဒုက္ခသည်၏ သွေးတော့ မဟုတ်ပေ။
မြင်းကျောပေါ်ရှိ တပ်မှူး၏ ကျောပြင်ကို မြားရှည်တစ်စင်းက ဖောက်ထွင်းသွားခဲ့၏။ မျက်လုံးများပင် အနည်းငယ် ပြာဝေသွားခဲ့ပြီး လက်ထဲတွင် ထိုဓားရှည်ကို မြှောက်ထားလျက် နောက်သို့ ခဲခဲယင်းယင်း လှည့်ကြည့်လိုက်သည်။
နေရောင်ခြည်က မျက်စိကျိန်းမတတ် တောက်ပနေ၏။ အဝေးရှိ ကုန်းမို့လေးပေါ်တွင် မြင်းစီးထားသော အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ဦးကို ခပ်ရေးရေး မြင်တွေ့နေရသည်။ သူသည် ခမောက်ကို ဆောင်းထားပြီး လက်မောင်းတွင် လေးရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ကုန်းနှီးဘေးတွင်လည်း ပေဝက်ကျော်ရှည်သော လက်နက်တစ်ခုကို ချိတ်ဆွဲထား၏။ အကွာအဝေးက အလွန်ဝေးလွန်းသဖြင့် လှံလား၊ တုတ်လားဆိုသည်ကို ရှင်းလင်းစွာ မမြင်ရပေ။
တပ်မှူး၏ လည်ချောင်းထဲမှ သွေးများ အန်ထွက်လာပြီး ဓားသွားကို အဝေးမှ ထိုအမျိုးသားဆီသို့ ချိန်ရွယ်လိုက်သော်လည်း စကားတစ်ခွန်းမျှ ထပ်မပြောနိုင်တော့ဘဲ မြင်းကျောပေါ်မှ ခေါင်းစိုက်ကျသွားတော့သည်။
ဒုက္ခသည်များသည် ဤရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် အံ့သြမှင်သက်သွားကြလေသည်။ မြင်းစီးစစ်သည်များ၏ မျက်နှာအမူအရာများမှာလည်း တင်းမာသွားကြ၏။ သတိပြန်ဝင်လာပြီးနောက် အော်ဟစ်ဟိန်းဟောက်ကာ ဓားများကို ဆွဲထုတ်ပြီး မြင်းများကို မောင်းနှင်၍ ထိုအမျိုးသားဆီသို့ ပြေးဝင်သွားကြကာ မြင်းခွာများကြောင့် ဖုန်များမှာ အလုံးလိုက် ထွက်ပေါ်လာလေသည်။
ထိုအမျိုးသားကတော့ ထိတ်လန့်ကြောက်ရွံ့ဟန် လုံးဝ မပြချေ။ တည်တည်ငြိမ်ငြိမ်ဖြင့် လေးကြိုးပေါ်တွင် မြား ၃ စင်းကို တင်ထားလိုက်ပြီး ကတော့ပုံသဏ္ဍာန် မြားခေါင်းများသည် ကျဲကျဲတောက် နေရောင်အောက်တွင် အေးစက်စက် အလင်းရောင်များ တောက်ပနေ၏။
သူ၏ လက်ချောင်းများကို လွှတ်လိုက်သည်နှင့် ထိုမြား ၃စင်းသည် လေကို ခွဲထွက်သွားသော အသံများနှင့်အတူ သံချပ်ကာများကို ထပ်မံ ဖောက်သွားပြီး မြင်းစီးစစ်သည် ၃ ဦးကို မြင်းကျောပေါ်မှ ပစ်ချလိုက်လေသည်။
သို့သော် သူ၏ လေးပစ်စွမ်းရည်က မည်မျှပင် ကောင်းမွန်နေပါစေ ကျန်ရှိနေသေးသော မြင်းစီးစစ်သည် ဆယ်ဂဏန်းကျော်က ဝိုင်းရံလာကြပြီ ဖြစ်သည်။ မည်သို့ပင် ကြည့်ကြည့် သူ အနိုင်ရရန် အခွင့်အရေး လုံးဝ မရှိတော့ပေ။
အောက်ဘက် အစိုးရလမ်းမကြီးပေါ်တွင် ပိတ်မိနေသော ဒုက္ခသည်များသည် မည်သူက အရင် စတင်ပြေးလွှားလိုက်သည်ကို မသိရဘဲ ဤအချိန်လေးကို အခွင့်ကောင်းယူကာ ထိတ်လန့်တကြား ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားကြတော့သည်။ အနောက်ဘက်ရှိ တိုက်ပွဲအခြေအနေကို လုံးဝ ဂရုမစိုက်နိုင်ကြတော့ပေ။
မြင်းစီးစစ်သည်များသည် ထိုမြား ၃ စင်း အပြီးတွင် ကုန်းထိပ်သို့ ပြေးတက်သွားကြပြီး ဓားများကို ဆွဲထုတ်ကာ အမျိုးသားဆီသို့ ခုတ်ပိုင်းရန် ရွယ်လိုက်ကြသည်။
အမျိုးသားသည် ခြေဖျားဖြင့် တစ်ချက် ပင့်တင်လိုက်ရာ ကုန်းနှီးဘေးတွင် ချိတ်ဆွဲထားသော လက်နက်သည် သူ့လက်ထဲသို့ ရောက်ရှိလာခဲ့သည်။ အံ့သြစရာကောင်းသည်မှာ ၎င်းသည် လှံလည်း မဟုတ်၊ တုတ်လည်း မဟုတ်ဘဲ ကျန့်တစ်ဝက်ခန့် ရှည်လျားသော မြောင်ဓား တစ်လက် ဖြစ်နေ၏။ (၁ကျန့်-၁၀ပေခန့်မှန်း)
သူသည် ဓားသွားကို ဓားအိမ်ထဲမှ ဆွဲမထုတ်ဘဲ ဓားအိမ်ဖြင့်သာ ခပ်ဖွဖွ ကာကွယ်လိုက်ပြီး မြင်းစီးစစ်သည် တချို့၏ တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်သည်။ ထို့နောက် လက်ကောက်ဝတ်ကို လှည့်ကာ ကန့်လန့်ဖြတ် ရိုက်ချလိုက်ရာ ဓားအိမ်သည် အလွန်လေးလံသော အားများ ပါဝင်နေသည့်အလား မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်းစီးစစ်သည် တချို့ကို မြင်းကျောပေါ်မှ ရိုက်ချလိုက်လေသည်။
ဤအချိန်လေးကို အခွင့်ကောင်းယူကာ ဘယ်ဘက်ရှိ မြင်းစီးစစ်သည်က ဟိန်းဟောက်လိုက်ပြီး ခါးကို ကိုင်းကာ မြင်းခြေထောက်များကို ခုတ်ပိုင်းရန် ဓားကို ရွယ်လိုက်သည်။ အမျိုးသား၏ လက်ထဲရှိ ဓားရှည်သည် နောက်ဆုံးတွင် ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး ပြင်းထန်သော နေရောင်အောက်တွင် အဖြူရောင် လခြမ်းကွေး တစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ထိုမြင်းစီးစစ်သည်ဆီသို့ ခုတ်ချလိုက်၏။
ပူနွေးနေသော သွေးနီရဲရဲများသည် မြေပြင်အနှံ့ ပန်းထွက်သွားခဲ့ပြီး ထိုဦးခေါင်းသည် ကုန်းမို့လေးပေါ်မှနေ၍ အောက်ခြေအထိ လိမ့်ဆင်းသွားတော့သည်။
မြင်းစီးစစ်သည်များသည် ပြိုင်ဘက်ကင်း ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရမှန်း နောက်ဆုံးတော့ နားလည်သွားတော့၏။ အဖော်အတွက် လက်စားချေရန်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မြင်းများကို အလျင်အမြန် မောင်းနှင်ကာ ထွက်ပြေးကြတော့သည်။
အမျိုးသားသည် မြင်းဇက်ကြိုးကို ခပ်ဖွဖွ ဆွဲကာ အေးအေးလူလူ နှုန်းထားတစ်ခုဖြင့် နောက်မှ လိုက်နေလေသည်။
ပစ်လွှတ်လိုက်သော ဓားရှည်သည် နောက်ဆုံးကျန်ရစ်သော မြင်းစီးစစ်သည်ကို မြင်းကျောပေါ်မှ ထိုးချလိုက်ချိန်တွင် သူသည် မြင်းကို မောင်းနှင်သွားလိုက်ပြီး လက်ကို မြှောက်၍ မိမိ၏ ဓားကို ပြန်လည် ယူဆောင်လိုက်ကာ အပေါ်မှ သွေးစက်များကို ခါထုတ်လိုက်တော့သည်။
နာကျင်လွန်းသဖြင့် ထပ်မံ ထွက်ပြေးရန် အားအင် မရှိတော့သော မြင်းစီးစစ်သည်သည် မြေကြီးပေါ်တွင် ပျော့ခွေနေတော့၏။ နဖူးတွင် ချွေးအေးများ အပြည့်ရှိနေပြီး တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ကာ အမျိုးသားနှင့် ညှိနှိုင်းရန် ကြိုးစားလိုက်လေသည်။ "သူရဲကောင်းကြီး၊ ကျွန်တော်မျိုးတို့က တောင်တန်းကြီးကို မမြင်နိုင်လောက်အောင် မျက်စိကန်းနေခဲ့တာပါ။ ကျွန်တော့်ကို အသက်ချမ်းသာပေးဖို့ တောင်းပန်ပါတယ်..."
အမျိုးသားက ပေါ့ပေါ့ပါးပါးဖြင့် မေးလိုက်သည်။ "ဒီဒုက္ခသည်တွေကို ဘာလို့ သတ်ရတာလဲ"
မြင်းစီးစစ်သည်က အလျင်အမြန် ပြောလိုက်သည်။ "ကျွန်တော်မျိုးတို့လည်း အထက်က အမိန့်ကို နာခံရတာပါ။ ဒီဒုက္ခသည်တွေက အမိန့်အတိုင်း ကျင်းချန်ကို မပြောင်းရွှေ့ဘူးဆိုရင် အများစုက ဓားပြသွားလုပ်ကြမှာလေ။ သူတို့ကို သတ်တာက... ဓားပြဘေးကို ကာကွယ်ဖို့ပါ..."
အမျိုးသားသည် သူ၏ မျက်လုံးရှည်များကို အနည်းငယ် မှေးစင်းလိုက်ပြီး သူ့စကားကို ဖြတ်ပြောလိုက်သည်။ "မင်းက ဖေစုန့်တပ်ထဲက လူလား"
မြင်းစီးစစ်သည်သည် အမျိုးသား၏ လေသံက ထူးခြားနေသည်ကို ကြားလိုက်ရသဖြင့် တစ်ဖက်လူက ဖေစုန့်၏ နာမည်ကို ကြောက်ရွံ့နေသည်ဟု ထင်မှတ်ကာ အလျင်အမြန် ပြောလိုက်သည်။ "ဟုတ်ပါတယ်။ ကျွန်တော်က အမတ်ချုပ်ဖေရဲ့ လက်အောက်က ဟန်ထိုက်ပေါင်ဆီမှာ အလုပ်လုပ်တာပါ။ သူရဲကောင်းကြီးက သိုင်းပညာ အပြည့်ရှိတာဆိုတော့ သူရဲကောင်းကြီးအတွက် ကျွန်တော် အကြံပြုပေး___"
သူ့စကားမဆုံးခင်မှာပင် တစ်ဖက်လူသည် လက်ကို မြှောက်ကာ ဓားကို ခုတ်ချလိုက်ပြီး သူ၏ အသက်ကို တိုက်ရိုက် အဆုံးသတ်ပေးလိုက်သည်။
ရှောင်းလိသည် ထိုမြင်းစီးစစ်သည်၏ အဝတ်အစားများပေါ်တွင် ဓားပေါ်ရှိ သွေးစက်များကို အေးစက်စွာ ပွတ်တိုက်သုတ်သင်လိုက်သည်။ မြောင်ဓားကို ဓားအိမ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်ပြီး မြင်းကို မောင်းနှင်ကာ ရှေ့သို့ ဆက်လက် ထွက်ခွာသွားခဲ့လေသည်။
ထွက်သွားပြီး မကြာမီမှာပင် အနောက်ဘက်မှ အလျင်စလို အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"ကျေးဇူးရှင်၊ ခဏလောက် ရပ်ပါဦး။ ကျေးဇူးရှင်၊ ခဏလောက် ရပ်ပါဦး"
ရှောင်းလိသည် မြင်းဇက်ကြိုးကို ခပ်ဖွဖွ ဆွဲကာ နောက်သို့ လှည့်ကြည့်လိုက်ရာ ဖုန်တလူးလူး ဖြစ်နေသော အမျိုးသားတစ်ဦးက သူ့ဆီသို့ အပြေးအလွှား လာနေသည်ကို မြင်တွေ့လိုက်ရသည်။ မြင်းရှေ့သို့ ရောက်ခါနီးမှသာ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ပခုံးပေါ်တွင် စုတ်ပြဲနေသော အဝတ်အိတ် တစ်လုံးကို လွယ်ထားပြီး သူ့ကို ဦးညွှတ်ကာ ပြောလိုက်သည်။ "အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကျန်းဟွိုင်က အစက ဟန့်ယန်မင်းသမီးဆီ သွားရောက် ခိုလှုံဖို့ ဖိန်ကျိုးကို သွားမလို့ပါ။ ဖေမိသားစုရဲ့ စစ်တပ်က လမ်းတစ်လျှောက် ရွာတွေကို အတင်းအဓမ္မ လုယက်ပြီး ဒေသခံ ပြည်သူတွေကို ကျင်းချန်ကို ပြောင်းရွှေ့ဖို့ ဖိအားပေးနေတာနဲ့ ဆုံတွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ထွက်ပြေးတဲ့သူတွေကို ဓားပြအဖြစ် သတ်မှတ်ပါတယ်။ ကံကောင်းလို့ ကျေးဇူးရှင်က ကယ်ဆယ်ပေးခဲ့လို့ အသက်တစ်ချောင်း ပြန်ရခဲ့တာပါ။ ကျွန်တော် အတိုင်းမသိ ကျေးဇူးတင်ပါတယ်။ ကျေးဇူးရှင်ရဲ့ နာမည်ကို သိခွင့်ပြုပါ။ နောင်တစ်ချိန်မှာ ဒီကျေးဇူးကြီးကို သေချာပေါက် ပြန်ဆပ်ပါ့မယ်"
ရှောင်းလိသည် ထိုအမျိုးသားကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူက လက်တစ်ကမ်း အကူအညီပါပဲ၊ ပြောနေစရာ မလိုပါဘူး ဟု ပြောလိုက်ပြီးနောက် မြင်းကို မောင်းနှင်ကာ ဆက်လက် ထွက်ခွာရန် ပြင်လိုက်လေသည်။ သို့သော် ထိုအမျိုးသားက သူ့ကို ထပ်မံ အော်ခေါ်လိုက်ပြန်သည်။
ရှောင်းလိ၏ ခမောက်အောက်မှ ပစ်လွှတ်လိုက်သော သိပ်ပြီး ဖော်ရွေမှုမရှိသည့် အကြည့်ကို ရင်ဆိုင်ရသောအခါ အမျိုးသားသည် သိသိသာသာ အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။ သို့သော်လည်း သူက အသံထွက်ကာ ပြောလိုက်လေသည်။ "ကျွန်တော် ရိုင်းစိုင်းတယ်လို့ပဲ သဘောထားလိုက်ပါ။ ဒါပေမယ့် ကျွန်တော် ဖိန်ကျိုးကို သွားတဲ့ ဒီလမ်းတစ်လျှောက်လုံးမှာ ကြားခဲ့ရတာတွေ အားလုံးက ချန်လျန်ဝမ်ရဲ့ နောက်ဆက်ခံသူ ဟန့်ယန်မင်းသမီးအကြောင်း ကောင်းသတင်းတွေချည်းပါပဲ။ အတူတူ လာကြတဲ့ ဒုက္ခသည်တွေ အားလုံးကလည်း ဖိန်ကျိုးမှာ အသက်မွေးဝမ်းကျောင်းဖို့ သွားကြတာပါ။ ကျွန်တော် ကြည့်ရသလောက် ကျေးဇူးရှင်က စွမ်းရည် အပြည့်ရှိပေမယ့် ဖိန်ကျိုးမှာ နေပြီး အကျိုးမပြုခဲ့ဘူးဆိုတော့ ဖိန်ကျိုးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက မမှန်တာများလား"
ရှောင်းလိသည် အသက်တစ်ရှူစာမျှ တိတ်ဆိတ်သွားပြီးနောက် အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး စကားတစ်ခွန်းတည်းသာ ချန်ရစ်ခဲ့တော့သည်။
"ဖိန်ကျိုးက နေရာကောင်း တစ်ခုပါ။ မင်း စိတ်ချလက်ချနဲ့ အနာဂတ်ကို သွားရှာလို့ ရပါတယ်"
...