← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အပိုင်း (၉၃.၁)

ရှည်လျားသော လေပြေသည် မျှော်စင်များကို ဖြတ်သန်းတိုက်ခတ်သွားပြီး မြို့ရိုးပေါ်ရှိ အလံများမှာ အားမာန်နှင့် တဖျတ်ဖျတ် လွှင့်နေလေသည်။

တာ့လျန် မင်းသမီး၏ တော်ဝင်အခမ်းအနား ဝတ်စုံကို ဝတ်ဆင်ထားသော ဝိန်းယွီသည် ပူဇော်စင်မြင့်ထက်သို့ ဖြည်းညင်းစွာ တက်လှမ်းသွားလေသည်။ နန်းတွင်းအမတ်များနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများသည် အတန်းနှစ်တန်း ခွဲကာ ရပ်နေကြသည်။ ဖိန်ကျိုး မြို့စောင့်တပ်ဖွဲ့များသည် အတွင်းသုံးထပ်၊ အပြင်သုံးထပ် နေရာယူထားကြသည်။ ၎င်းတို့သည် လာရောက်ကြည့်ရှုကြသော သာမန်ပြည်သူများကို ပင်မလမ်းမကြီး၏ အပြင်ဘက်သို့ ခွဲထုတ်ထားလိုက်၏။ ကျောက်လှေကားထစ်များ၏ အောက်ခြေတွင် ဧရာမ ဦးချိုခရာ အတန်းနှစ်တန်း ရှိနေသည်။ စစ်သည်တစ်ဦးစီသည် တူရိယာကို သူတို့၏ ပခုံးပေါ်တွင် တင်ကာ ဆောင့်ကြောင့်ထိုင်လျက် ထိန်းထားပေးကြသည်။ သူတို့နောက်ရှိ ခရာမှုတ်သူများက တူရိယာများကို အသံထွက်အောင် မှုတ်လိုက်ကြလေသည်။

"တူး—တူး—"

ဝေးကွာနေသည့်တိုင် ဟိန်းထွက်နေသည့် ခရာသံများသည် နားစည်များကို တုန်ခါသွားစေသည်။ ထိုအသံသည် ဖိန်ကျိုး တစ်မြို့လုံးသို့ ထိုးဖောက်ဝင်ရောက်သွားလုမတတ်ပင်။ အခမ်းအနား အပြင်ဘက်ရှိ ပြည်သူများသည် အားရပါးရ အော်ဟစ်အောင်ပွဲခံကြသည်။ ဝိန်းယွီကို သူမ၏ တရားဝင်ဘွဲ့အမည်ဖြင့် အော်ဟစ်နှုတ်ဆက်နေကြသော သူတို့၏အသံများကို သဲ့သဲ့မျှသာ ကြားနေရ၏။

လီရွှင်သည် ပူဇော်ခြင်းဆိုင်ရာ စာသားများ ရေးသားထားသော ပိုးသားစာလိပ်ကို ကိုင်ဆောင်ထားပြီး ကျယ်လောင်စွာ ကြေညာလိုက်လေသည်။ "ကောင်းကင်ဘုံရဲ့အလိုတော်အရ အရှင်သခင်က လက်ခံရယူပါ။ ချန်လျန်ဝမ် ယွမ်ကျီရဲ့ ကိုယ်ကျင့်တရားက တောက်ပပြီး ဉာဏ်ပညာက နက်ရှိုင်းတယ်။ ရှောက်ကျင်း ၆နှစ်မြောက်မှာ တျန်းမြစ်ရေ လျှံတုန်းက သူက လီ၁၀၀၀ကို အပြေးအလွှား သွားပြီး စားနပ်ရိက္ခာတွေ ဝေငှကာကပ်ဘေးကိုကယ်ဆယ်ခဲ့တယ်။ ရှောက်ကျင်း ၇နှစ်မြောက်မှာ ချင်းယန်က ကျိုင်းကောင်ဘေး အန္တရာယ် ကျရောက်တဲ့အခါ..."

နေမင်းသည် မျက်စိကျိန်းလောက်အောင် တောက်ပနေလေသည်။ ဝိန်းယွီ၏ တော်ဝင်ဝတ်ရုံပေါ်ရှိ ရွှေချည်ထိုး ပန်းထိုးလက်ရာသည် နေရောင်အောက်တွင် လှိုင်းတွန့်လေးများကဲ့သို့ တောက်ပနေ၏။

ကျန်းယွီသည် ဤအခမ်းအနားတွင် နန်ချန်ကိုယ်စားပြု သံတမန်အဖြစ် တာဝန်ယူထားပြီး သူသည် ချန်ဝေနှင့် ဖိန်ကျိုးမှ အခြားအရေးကြီးသော အရာရှိများနှင့်အတူ ရှေ့ဆုံးတန်းတွင် ရပ်နေသည်။ သူ၏အကြည့်သည် ဝိန်းယွီ၏ ကျောပြင်ပေါ်တွင် အသက်နှစ်ခါရှူစာမျှ အချိန်ကြာအောင် ရစ်ဝဲနေခဲ့သည်။ ထို့နောက် အခြားတစ်ဖက်တွင် ရပ်နေသော မြောက်ပိုင်းဝေ့သံတမန်ထံသို့ ရွှေ့သွားလေသည်။

ဤတာ့လျန် မင်းသမီးသည် အလွန်ပင် အရည်အချင်းရှိလှသည်။ သူမသည် သူတို့နှင့် စာချုပ်ချုပ်ဆိုပြီးသည်နှင့် ချက်ချင်းပင် မြောက်ပိုင်းဝေ့ကို ရှင်းကျိုးနှင့် ယီကျိုး ပြည်နယ်များကို စွန့်လွှတ်ရန် ဖျောင်းဖျနိုင်ခဲ့၏။ ယနေ့တွင် ကွယ်လွန်သူ ချန်လျန်ဝမ်နှင့် သူ၏သားဖြစ်သူတို့အား သေလွန်ပြီးနောက် ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်နေစဉ် မြောက်ပိုင်းဝေ့ကလည်း အထိမ်းအမှတ်အနေဖြင့် သံတမန်တစ်ဦးကို စေလွှတ်ခဲ့သည်။

ကျန်းယွီသည် ဝိန်းယွီက ဝေ့ချီရှန်းကို အလျှော့ပေးလာစေရန် မည်သည့်နည်းလမ်းများ အသုံးပြုခဲ့သည်ကို မသိခဲ့ချေ။ သူ၏အမြင်အရဆိုလျှင် ရှင်းကျိုးနှင့် ယီကျိုး ပြည်နယ်များကို နောက်ဆုံးတွင် ဆက်လက်မထိန်းသိမ်းနိုင်ခဲ့လျှင်တောင်မှ ဝေ့ချီရှန်းသည် သူတို့ကို အရင်ဆုံး တိုက်ခိုက်သင့်သည်ဟု ထင်မြင်မိသည်။

မည်သို့ပင်ဖြစ်စေ မြောက်ပိုင်းစစ်မျက်နှာပြင်တွင် ဝေ့ချီရှန်းသည် လက်ရှိအချိန်၌ အသာစီးရနေသည်။ ဖေစုန့်ကို ဟန့်တားရန် သူတို့ နန်ချန်၏ အကူအညီကို မလိုအပ်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရှင်းကျိုးနှင့် ယီကျိုး ပြည်နယ်များကို ထိန်းချုပ်ထားခြင်းက သူတို့ကို နှောင့်နှေးစေနိုင်သည်။ လုယက်ရရှိသည့် ပစ္စည်းများကို ခွဲဝေယူခြင်းတွင်လည်း အတားအဆီးတစ်ခု ဖြစ်လာနိုင်သည်။ နန်ချန်အတွက်တော့ ဝိန်းယွီ၏ မဟာမိတ်ဖွဲ့ရန် များပြားလှသော သတ်မှတ်ချက်များကို လက်ခံပြီးနောက် သူတို့၏ရည်မှန်းချက်မှာ တာ့လျန်၏ တောင်ပိုင်းနယ်စပ်ကို သီးသန့် ထိန်းချုပ်ရန်ဖြစ်ပြီး။ အခြားမည်သူ့ကိုမှ ဝေစုပေးရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ချေ။

ဤအတွေးကြောင့် ကျန်းယွီ၏ မျက်ခုံးများက သိသိသာသာ တွန့်ချိုးသွားတော့သည်။ သူတို့ နန်ချန်၏ စားနပ်ရိက္ခာ ထောက်ပံ့မှုများသည် ရက်အနည်းငယ်အတွင်း ဖိန်ကျိုး သို့ ရောက်ရှိလာတော့မည်။

အကယ်၍ ဤတာ့လျန် မင်းသမီးက သူတို့၏ ရိက္ခာများကို ယူပြီးနောက် စာချုပ်ကို ဖျက်ကာ မြောက်ပိုင်းဝေ့နှင့် မဟာမိတ်ဖွဲ့ရန် စီစဉ်နေမည်ဆိုလျှင် သူတို့သည် တကယ့်ကို နှစ်ခါပြန် ဆုံးရှုံးရလိမ့်မည်။ ထို့အပြင် သူ၊ အမတ်ချုပ်ဝေ့နှင့် ဖန်းမင်တာ တို့သည်လည်း ဖိန်ကျိုး၏ နယ်နိမိတ်အတွင်း၌ ရှိနေဆဲ။ အကယ်၍ စစ်ပွဲသာ ဖြစ်ပွားခဲ့လျှင် သူတို့သည် ရန်သူ့လက်တွင်း၌ ဓားစာခံများ ဖြစ်လာကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ဤအသိက ကျန်းယွီ၏ စိတ်အခြေအနေကို ချက်ချင်းပင် ဆိုးရွားသွားစေသည်။ ယခုအချိန်အထိ သူတို့သည် စောင့်ကြည့်ခြင်းကို ခံနေရဆဲဖြစ်သည်။ ထွက်ပြေးရန် သို့မဟုတ် သတင်းစကားများ အပြင်သို့ ပေးပို့ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

သူသည် ဤသေဂုဏ်ပြုသည့် အခမ်းအနားကိုလည်း မနှောင့်ယှက်နိုင်ခဲ့ချေ။ တာ့လျန်၏ တော်ဝင်မိသားစုမှ သာမန်မင်းသမီးတစ်ပါးကို လက်ထပ်ခြင်းထက် တော်ဝင်မင်းသမီးတစ်ပါး၏ အဆင့်အတန်းက နန်ချန်အတွက် ပိုမိုကြီးမားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်။

ထို့ကြောင့် နန်ချန်သည် ယနေ့ကျင်းပသော သေလွန်ပြီးနောက် ဂုဏ်ပြုချီးမြှင့်မှုများကို အားတက်သရော ထောက်ခံခဲ့ရသည်။

တာ့လျန်နှင့် မြောက်ပိုင်းဝေ့ကြားရှိ လက်ရှိမဟာမိတ်ဖွဲ့ခြင်း၏ သတ်မှတ်ချက်များကို သူ မသိရှိသေးပေ။ အကယ်၍ တာ့လျန် မင်းသမီးက နန်ချန်နှင့် ချုပ်ဆိုထားသော စာချုပ်ကို ဖျက်သိမ်းရန် ရည်ရွယ်ချက် မရှိခဲ့လျှင် အခမ်းအနားကို အလျင်စလို ဖျက်ဆီးခြင်းက နန်ချန်၏ အကျိုးစီးပွားကို ထိခိုက်စေရုံသာမက တစ်ဖက်လူအား လက်စားချေရန် အကြောင်းပြချက် ပေးသလို ဖြစ်သွားလိမ့်မည်။

ထို့အပြင်... ထိုနေ့က သဲမြေပုံကစားပွဲတွင် သူ့ကို အနိုင်ယူခဲ့သော အမည်မသိ အရာရှိငယ်လေးသည် ယနေ့တွင် ပေါ်မလာခဲ့ချေ။ ဤလူသည် တစ်နေရာရာတွင် ခြုံခိုနေခြင်း ရှိမရှိ မသေချာသဖြင့် ကျန်းယွီသည် သူ၏ရွေးချယ်စရာများကို ထပ်ခါတလဲလဲ ချိန်ဆနေမိသည်။ သူသည် အလျင်စလို ပြုမူရန် ပိုလို့ပင် တုံ့ဆိုင်းလာခဲ့၏။

သူမ၏ ရည်ရွယ်ချက်များကို အကဲခတ်ရန်အတွက် လျန်မင်းသမီးကို နောက်မှ စုံစမ်းကြည့်ရန် သူ ဆုံးဖြတ်လိုက်သည်။ ဤအတွေးဖြင့် သူ့အကြည့်သည် အလိုလို ဝိန်းယွီထံသို့ နောက်တစ်ကြိမ် ရောက်ရှိသွားပြန်သည်။

လီရွှင်၏ အောက်မေ့ဖွယ် မိန့်ခွန်းသည် နိဂုံးချုပ်သို့ ရောက်ရှိလာခဲ့ပြီ။ "...သူ့ရဲ့ ဂုဏ်ကျေးဇူးတွေက ကောင်းကင်ဘုံအထိ ရောက်ရှိပြီး သူ့ရဲ့ ကိုယ်ကျင့်တရားက စကြာဝဠာကြီးကို လွှမ်းခြုံထားတယ်။ ကျွန်တော်တို့ဟာ ချန်လျန်ဝမ် ယွမ်ကျီကို ဝိန်းကျောက် ဧကရာဇ်ဆိုတဲ့ ဘွဲ့အမည်ကို သေလွန်ပြီးနောက်မှာ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။ သူ့ရဲ့ ကြင်ယာတော် ယန်ယွင်ရင်းကိုလည်း ဝိန်းဟွေ့ ဧကရီဆိုတဲ့ ဘွဲ့အမည်ကို ချီးမြှင့်လိုက်ပါတယ်။ သူတို့ရဲ့ သားဖြစ်သူ ဟန် ကိုလည်း အိမ်ရှေ့စံချန်ကျားအဖြစ် ဂုဏ်ပြုချီးမြှင့်ပါတယ်။ သူတို့ရဲ့ သမီးဖြစ်သူ ယွီဟာ အန္တရာယ်များတဲ့ အချိန်တွေမှာ သူမရဲ့ တာဝန်ကို လက်ခံခဲ့ပြီး ပြိုလဲနေတဲ့ ပြည်ထောင်ကြီးကို ထောက်မပေးခဲ့တယ်။ ပြည်သူတွေကို ဆင်းရဲဒုက္ခတွေကနေကယ်တင်ခဲ့ပြီး အဆင့်အတန်းကို မခွဲခြားဘဲ ထိုက်တန်သူတွေကို ခန့်အပ်ခဲ့တယ်။ ကိစ္စရပ်အားလုံးကို ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲခဲ့ပြီး ထုန်ချန်က သစ္စာဖောက်တွေကို နှိမ်နင်းခဲ့တယ်။ ထောင်ခရိုင်က အရာရှိတွေကို စုစည်းခဲ့ပြီး တိုင်းပြည်တစ်ဝှမ်းမှာ သံတမန်ဆက်ဆံရေးကို တည်ဆောက်ခဲ့တယ်။ ကောင်းကင်အောက်က လူအားလုံးရဲ့ နှလုံးသားတွေကို စည်းလုံးစေခဲ့တယ်— မင်ကျုံး ဧကရာဇ်ရဲ့ ကိုယ်ကျင့်တရားနဲ့ ချန်ကျူ ဧကရာဇ်ရဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့အတွက်— တိုင်းပြည်ကို စောင့်ရှောက်တဲ့ ဟန့်ယန်မင်းသမီးအဖြစ် ချီးမြှင့်လိုက်တယ်။ ကျွန်တော်တို့ဟာ ဒီကိစ္စကို ကောင်းကင်နဲ့ မြေကြီး၊ ဘိုးဘေးတွေရဲ့ ဗိမာန်တွေနဲ့ တိုင်းပြည့်နတ်ဒေဝါတွေကို လေးနက်စွာ ကြေညာအပ်ပါတယ်..."

သမိုင်းတစ်လျှောက်လုံးတွင် သေလွန်ပြီးနောက် ဘွဲ့အမည်များ ချီးမြှင့်ခွင့်သည် ဧကရာဇ် တစ်ပါးတည်း၌သာ အမြဲတမ်း ရှိခဲ့သည်။ လက်ရှိတွင် လျန်ပြည်ထောင်၌ အုပ်ချုပ်သူ မရှိပေ။ ဝိန်းမျိုးနွယ်စုတွင်လည်း ဝိန်းယွီနှင့် သူမ၏ တူမငယ်လေးမှလွဲ၍ အသက်ရှင်ကျန်ရစ်သူ မရှိတော့သဖြင့် ဤအခြေအနေသည် အရင်က တစ်ခါမှ မကြုံဖူးသော အခြေအနေမျိုး ဖြစ်နေလေသည်။

ဝိန်းယွီသည် သူတို့၏ စစ်ရေးအကူအညီကို ရရှိရန် နန်ချန်သို့ လက်ထပ်ဝင်ရောက်ရန် လိုအပ်နေသည်။ သူမအစ်ကိုဖြစ်သူ၏ သမီးမှာမူ ဖေစုန့်၏ ဖမ်းဆီးထိန်းသိမ်းမှုအောက်တွင် ရှိနေဆဲဖြစ်သည်။ လီယောင်နှင့် အခြားသူများက အမျိုးသမီး အုပ်ချုပ်သူတစ်ဦးကို ခန့်အပ်လိုလျှင်တောင်မှ လက်ရှိတွင် သင့်တော်သော ကိုယ်စားလှယ်များ မရှိသေးချေ။

သို့ဖြစ်၍ ဤသေလွန်ပြီးနောက် ဂုဏ်ပြုချီးမြှင့်ခြင်းသည် အရင်က တစ်ခါမှ မရှိခဲ့ဖူးသော ကိစ္စရပ်တစ်ခုဟု ယူဆနိုင်သည်။ သို့သော် ဝိန်းယွီ၏ အနာဂတ် နန်ချန်မိဖုရားခေါင်ကြီး ဆိုသည့် အဆင့်အတန်းကို ထည့်သွင်းစဉ်းစားမည် ဆိုပါက နန်ချန်က ဤဂုဏ်ပြုချီးမြှင့်မှုကို အပြည့်အဝ ထောက်ခံရန်အတွက် သူမအား လျန်မင်းသမီး ဘွဲ့အမည်ကို ကိုင်ဆောင်ထားစေလိုသော လိုအပ်ချက်နှင့် ပေါင်းစပ်လိုက်သောအခါ ၎င်းသည် လုပ်ထုံးလုပ်နည်းအရ အပြစ်ပြောစရာ မရှိပေ။

လီရွှင်သည် အောက်မေ့ဖွယ် မိန့်ခွန်းကို ဖတ်ကြားပြီးနောက် ဝိန်းယွီသည် အစေခံတစ်ဦးကမ်းပေးသော အမွှေးတိုင်ကို လက်ခံယူလိုက်သည်။ သူမသည် ပူဇော်စင်မြင့်ထက်သို့ ဖြည်းညင်းစွာ တက်လှမ်းသွားလေသည်။ သူမ၏ ရွှေချည်ထိုး ဝတ်ရုံကြီးသည် ကျောက်လှေကားထစ်များပေါ်တွင် နောက်မှ ရှည်လျားစွာ တွဲလောင်းကျနေ၏။ ရှုပ်ထွေးလှသော တိမ်တိုက်ပုံစံများ ပန်းထိုးထားသည့် အင်္ကျီလက်များသည် လေတိုက်လျှင်ပင် မလှုပ်ရှားနိုင်လောက်အောင် လေးလံနေသည်။

ကြေးခရားကြီး၏ဘေးတွင် သူမသည် ဖယောင်းတိုင်မီးလျှံမှ အမွှေးတိုင်ကို မီးညှိလိုက်ပြီး သူမ၏ လက်ချောင်းများကြားတွင် ကိုင်ထားလိုက်၏။ မြို့ရိုးမျှော်စင်များပေါ်ရှိ အလံများသည် လေထဲတွင် တဖျတ်ဖျတ် မြည်နေစဉ် သူမက ကျယ်ပြောလှသော ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ကြေညာလိုက်လေသည်။ "ကျွန်မ ဝိန်းရှီ ဟန့်ယန်ဟာ ဒီဘဝမှာ ပုန်ကန်သူ ဖေမျိုးနွယ်ကို သေချာပေါက် သတ်ဖြတ်ပြီး သစ္စာဖောက်အားလုံးကို ရှင်းလင်းပစ်မယ်လို့ အားလုံးရဲ့ ရှေ့မှောက်မှာ ကျိန်ဆိုပါတယ်။ လောကကြီးကို ငြိမ်းချမ်းရေး ပြန်လည်ရရှိစေပြီး ပြည်သူတွေရဲ့ ဘဝတွေကို တည်ငြိမ်စေရမယ်။ ကောင်းကင်နဲ့ မြေကြီး၊ တောင်တန်းတွေနဲ့ မြစ်တွေက သက်သေတည်ပါစေ"

ပူဇော်စင်မြင့်သည် အရပ်မျက်နှာ အားလုံးတွင် ပဲ့တင်ထပ်သွားသည်။ အခမ်းအနား အပြင်ဘက်ရှိ သာမန်ပြည်သူများက ဝိန်းယွီ၏ ဘွဲ့အမည်ကို အော်ဟစ်ချီးကျူးလာကြတော့သည်။

ကြေးအမွှေးတိုင်ခွက်ထဲသို့ အမွှေးတိုင် မစိုက်မီ သူမသည် ကောင်းကင်နှင့် မြေကြီးကို သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်သည်။ ဤသည်နှင့်အတူ သေလွန်ပြီးနောက် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသည် ပြီးဆုံးသွားခဲ့လေသည်။ ထို့နောက် နန်ချန်နှင့် မြောက်ပိုင်းဝေ့မှ အရာရှိများနှင့် သံတမန်များအတွက် ညစာစားပွဲများ ဆက်လက်ကျင်းပခဲ့သည်။

အစိုးရရုံးတော်များသည် ညစာစားပွဲများကို အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၏။ ဝိန်းယွီသည် သူမ၏လေးလံလှသော တော်ဝင်ဝတ်စုံကို လဲလှယ်ရန် သီးသန့် ခြံဝင်းငယ်လေးဆီသို့ အရင်ဆုံး ပြန်သွားလိုက်ပြီး ချန်ဝေနှင့် လီရွှင်တို့ကို အရာရှိများအား ညစာစားပွဲသို့ ကြိုတင် ဦးဆောင်သွားခိုင်းလိုက်၏။

နန်ချန်၏ သံတမန်များအတွက် ထိုင်ခုံနေရာသည် မြောက်ပိုင်းဝေ့၏ ကိုယ်စားလှယ်များနှင့် သိပ်မဝေးလှချေ။ ဖန်းမင်တာသည် အခမ်းအနားအတွင်း မြောက်ပိုင်းဝေ့ကိုယ်စားလှယ်အဖွဲ့ကို တွေ့လိုက်ရချိန်တွင် သူ့ကိုယ်သူ မနည်းထိန်းချုပ်ထားခဲ့ရသည်။ ယခု ထိုင်ခုံတွင် ထိုင်လိုက်သောအခါ သူ့မျက်နှာအမူအရာသည် မည်းမှောင်သွား၏။ သူက ကျန်းယွီကို တိုးတိုးလေး ပြောလိုက်လေသည်။ "မြောက်ပိုင်းဝေ့က လျန်ပြည်နဲ့ ဘယ်လိုလုပ်ပြီး မဟာမိတ် ဖွဲ့လိုက်တာလဲ။ သူတို့တွေ လျန်ပြည်မှာ တကတည်း ဘာတွေကြံစည်နေကြတာလဲ"

ပါးနပ်သော သူ့မေးခွန်းသည် ကျန်းယွီ စောစောက တွေးတောခဲ့သော စိုးရိမ်ပူပန်မှုများကို ရှင်းလင်းစွာ ထင်ဟပ်နေပေသည်။

အခန်းတစ်ဖက်ရှိ မြောက်ပိုင်းဝေ့သံတမန်များနှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် ကျန်းယွီသည် အကြည့်လွဲလိုက်ပြီး အရက်ခွက်ကို ကိုင်ထားရင်း တိုးတိုးလေး ပြောလိုက်၏။ "ငါတို့ စောင့်ကြည့်ကြတာပေါ့။ လျန်ပြည်က နောက်ကျရင် ဖြေရှင်းချက် တစ်ခုတော့ ပေးလိမ့်မယ်။ ငါတို့နဲ့ သဘောတူညီချက်ကို ဒီလောက် ရုတ်တရက်ကြီး ချိုးဖောက်လိုက်တာက လျန်ပြည်အတွက်လည်း အကျိုးရှိမှာ မဟုတ်ဘူး"

အသက်အရွယ်ကြောင့် အားနည်းနေသော အမတ်ချုပ်ဝေ့သည် မကြာသေးမီက မိုးသည်းထန်စွာ ရွာသွန်းမှုအတွင်း အအေးမိသွားခဲ့သည်။ သူသည် လက်ရှိတွင် အိပ်ရာထဲ လဲနေသဖြင့် ယနေ့အခမ်းအနားသို့ ကျန်းယွီနှင့် ဖန်းမင်တာတို့သာ တက်ရောက်နိုင်ခဲ့သည်။

ဖန်းမင်တာသည် သည်လိုကို စဉ်းစားကြည့်သော်လည်း အခြေအနေက အလွန် စိတ်မအေးစရာ ဖြစ်နေသည်ဟု ထင်မြင်နေဆဲပင်။ နန်ချန်နှင့် တာ့လျန် တို့ကြားရှိ ဤစစ်တုရင်ကစားပွဲတွင် နန်ချန်သည် ရှုံးနိမ့်မှုများ ဆက်တိုက် ကြုံတွေ့ခဲ့ရသည်။ မင်းသမီးက နန်ချန်သို့ လက်ထပ်ဝင်ရောက်သွားသည်နှင့် သူတို့၏ မယ်တော်ကြီးက သူမကို တာ့လျန်၏ နယ်နိမိတ်အတွင်းရှိ ကိစ္စရပ်များကို အာရုံစိုက်ဖို့ အချိန်မရစေရန် အလုပ်များအောင် လုပ်ထားလိမ့်မည်ဟု သူတို့ အစက ထင်မှတ်ခဲ့ကြသည်။ သို့သော် တစ်ဖက်လူသည် မြောက်ပိုင်းဝေ့ကိုလည်း သူတို့၏ အုပ်စုအတွင်းသို့ လျင်မြန်စွာ ဆွဲသွင်းနိုင်ခဲ့၏။ ထိုအချိန်မှစ၍ ဝိန်းယွီ၏ ပြည်နယ်သုံးခုနှင့် ခရိုင်တစ်ခုအပေါ် ထိန်းချုပ်မှုကို ဖယ်ရှားလိုပါက ၎င်းသည် ပြဿနာပိုများလာနိုင်ဖွယ် ရှိလေသည်။

သူက မနေနိုင်ဘဲ မှတ်ချက်ပေးလိုက်၏။ "ဒီ တာ့လျန် မင်းသမီးက— အခုတော့ သူကို ဒီလိုပဲ ခေါ်ရတော့မှာပေါ့— နန်းတွင်းကို လက်ထပ်ဝင်ရောက်ပြီးရင် တော်တော်လေးကမောက်ကမတွေ ဖြစ်လာအောင် လုပ်လိမ့်မယ်လို့ ထင်နေတယ်"

ကျန်းယွီက ဘာမှ ပြန်မပြောခဲ့ချေ။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ထိုနေ့က သူ့ကို အနိုင်ယူခဲ့သော စစ်သူကြီးငယ်လေးသည် ယခုတိုင် ပေါ်မလာသေးသည်ကို သတိပြုမိသွားသဖြင့် သူ၏သံသယများက ပိုနက်ရှိုင်းလာတော့သည်။ ယခင် အောင်ပွဲခံ ညစာစားပွဲတွင် ထိုစစ်သူကြီးငယ်လေးကို ထိုင်ခုံနေရာပင် ပေးထားခဲ့ပြီး ဟန့်ယန်က သူ့ကို ကိုယ်တိုင်ကိုယ်ကျ အရက်ငှဲ့ကာ ဂုဏ်ပြုခဲ့သေးသည်။ သို့သော် ယခုအခါတွင် သူ၏ အရိပ်အယောင်မျှပင် မတွေ့ရသဖြင့် ကျန်းယွီ အနေဖြင့် မတွေးဘဲ မနေနိုင်အောင် ဖြစ်ရလေသည်။ ကျန်းယွီသည် သည်အကြောင်းကို စဉ်းစားရင်း လက်ဆစ်များက စားပွဲပုလေးပေါ်တွင် မသိစိတ်က အလိုလို ခေါက်နေမိသည်။

ထိုအချိန်တွင် တံခါးအပြင်ဘက်မှ ဆူညံသံတစ်ခု ထွက်ပေါ်လာ၏။ ကျန်းယွီက မော့ကြည့်လိုက်သောအခါ သာမန်အဝတ်အစားကို ဝတ်ဆင်ထားသော ဝိန်းယွီ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ယခင်က ဆူညံနေခဲ့သော အရာရှိများသည် ချက်ချင်းပင် တိတ်ဆိတ်သွားကြတော့သည်။

ကျန်းယွီသည် တွေးတွေးဆဆဖြင့် တာ့လျန် မင်းသမီးကို အချိန်နည်းနည်းကြာကြာ လေ့လာကြည့်လိုက်သည်။ ကြီးကျယ်ခမ်းနားသော အခမ်းအနားအတွင်း သူမသည် ပူဇော်ခြင်း ဓလေ့ထုံးစံများအတွက် တော်ဝင်ဝတ်စုံ အပြည့်အစုံကို ဝတ်ဆင်ထားခဲ့သည်။ သို့သော် သူသည် သူမကို အဝေးမှသာ လှမ်းမြင်ခဲ့ရပြီး သူမ၏ ကျောပြင်ကိုသာ မြင်ခဲ့ရ၏။ ယခု အနီးကပ် ကြည့်လိုက်သောအခါ သူမကိုယ်တွင်းတွင် စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှသော အသစ်တွေ့ရှိရသည့် တည်ငြိမ်မှုတစ်ခုက ရှိနေကြောင်း ခံစားလိုက်ရသည်။

သူမသည် သူမ၏ ခံစားချက်များကို ဖုံးကွယ်ထားရုံသာမက သွန်းလုပ်ထားသော ဓားတစ်လက်ကဲ့သို့ သူမ၏ အာဏာကိုလည်း ထိန်းချုပ်ထားလေသည်။ အပြင်းထန်ဆုံးသော ပုံသွင်းခြင်းအဆင့်ကို ကျော်ဖြတ်ခဲ့ပြီးနောက် ယခုအခါတွင်မူ နူးညံ့သော မီးတောက်တစ်ခုကသာ ၎င်းကို ဆက်လက် သန့်စင်ပေးနေပြီး ထုတ်ဖော်ပြသမည့် အချိန်ကို စောင့်ဆိုင်းနေသယောင်ပင်။

ပထမဆုံးအကြိမ်အဖြစ် ကျန်းယွီသည် တစ်စုံတစ်ယောက်၏ အရှိန်အဝါကြောင့် လုံးဝ လွှမ်းမိုးခံရခြင်း၏ ခံစားချက်ကို နားလည်သွားခဲ့သည်။ သူသည် မနေနိုင်ဘဲ ဒေါသအနည်းငယ် ထွက်လာသည်ကို ခံစားလိုက်ရ၏။

နေရာယူပြီးနောက်တွင် ဝိန်းယွီက ပြောလိုက်လေသည်။ "လေးစားအပ်တဲ့ ဧည့်သည်တော်တွေအနေနဲ့ အားနာနေစရာ မလိုပါဘူး။ ကျေးဇူးပြုပြီး လွတ်လွတ်လပ်လပ် သုံးဆောင်ကြပါ"

ကျန်းယွီသည် ဖန်းမင်တာနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ဖန်းမင်တာက အရိပ်အမြွက်ကို နားလည်သွားပြီး ချက်ချင်းပင် စကားစလိုက်လေသည်။ "မြောက်ပိုင်း စစ်ဆင်ရေးက နီးကပ်လာပြီ ဖြစ်ပြီး မင်းသမီးအနေနဲ့ မြောက်ပိုင်းဝေ့ရဲ့ အကူအညီကို ရရှိသွားတဲ့အတွက် ကျွန်တော်မျိုးက ကြိုတင်ပြီး ဂုဏ်ပြုစကား ဆိုပါရစေ။ ဒါပေမယ့်... မင်းသမီးဟာ ကျွန်တော်တို့ ချန်ပြည်ထောင်နဲ့ အရင်ဆုံး မဟာမိတ် ဖွဲ့ခဲ့ပြီး အခု မြောက်ပိုင်းဝေ့နဲ့ပါ မိတ်ဆွေဖွဲ့နေပြန်တယ်။ ကျွန်တော်တို့ ချန်ပြည်ထောင်က တံခါးပေါက်တွေရဲ့ အပြင်ဘက်မှာ အချိန်အကြာကြီး နေထိုင်ခဲ့ပေမယ့် ပြည်မကြီးက စကားပုံတစ်ခုကိုတော့ သိထားပါတယ်။ 'ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ အမျိုးသမီးတစ်ယောက်ဟာ လင်ယောကျ်ား နှစ်ယောက်ကို အလုပ်အကျွေး မပြုဘူး' တဲ့။ ချန် ပြည်နယ်ရဲ့ ဒီလုပ်ရပ်က ဘာကို ရည်ရွယ်တာလဲဆိုတာ ကျွန်တော်တို့ကို တကယ်ပဲ နားလည်ရခက်စေပါတယ်"

သူ စကားပြောလို့ ပြီးသည်နှင့်တစ်ပြိုင်နက် ဝိန်းယွီ၏ ဘေးဘက် အနည်းငယ် နိမ့်သည်နေရာတွင် ထိုင်နေသော လီယောင်က တင်းမာစွာဖြင့် ဟောက်လိုက်လေသည်။ "အတင့်ရဲလှချည်လား"

...

အပိုင်း (၉၃.၂)

ဖန်းမင်တာသည် သူ၏ ခနဲ့တဲ့တဲ့ စကားများက ထိုနေရာတွင် ရှိနေသော လျန်အရာရှိများကို ဒေါသထွက်စေလိမ့်မည်ကို သိထားသော်လည်း လီယောင်၏ ပြင်းထန်သော ဆူပူကြိမ်းမောင်းမှုက သူ၏ ရဲစွမ်းသတ္တိအချို့ကို ယုတ်လျော့သွားစေခဲ့သည်။ သူသည် အိန္ဒြေထိန်းရန် ကြိုးစားရင်း ပြောလိုက်၏။ "အရင်တုန်းက ကျွန်တော်တို့ ချန်စစ်သူကြီးက ရိုင်းစိုင်းခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာ ကျွန်တော်တို့က တောင်းပန်ဖို့ လာခဲ့တာမို့ ဆက်တိုက်ဆိုသလို အလျှော့ပေးနေခဲ့တာပါ။ ကျွန်တော်တို့ ဘုရင်က တာ့လျန်ရဲ့ တောင်းဆိုချက် အားလုံးကို သဘောတူထားပြီးပါပြီ။ ရိက္ခာ တန်ချိန် ၁သန်းခွဲကလည်း တောင်ကြားလမ်းတွေကနေတစ်ဆင့် လာနေပါပြီ။ ဒါပေမဲ့ အခု လျန်က ဝေ့ချီရှန်းကိုပါ ချဉ်းကပ်နေပြန်တယ်။ ခင်များတို့အနေနဲ့ ကျွန်တော်တို့ နန်ချန်ကို ဖြေရှင်းချက် တစ်ခုတော့ ပေးသင့်တယ် မဟုတ်ဘူးလား"

သူမ၏ လက်အောက်ငယ်သားများ ပြန်မဖြေနိုင်ခင်မှာပင် ဝိန်းယွီက ကိုယ်တိုင် ပြန်ဖြေလိုက်၏။ "သံတမန်က နယ်စပ်အပြင်ဘက်မှာ အချိန်အကြာကြီး နေထိုင်ခဲ့တော့ ဒေါင်လိုက်နဲ့ အလျားလိုက် မဟာမိတ်ဖွဲ့တဲ့ ဗျူဟာကို တစ်ခါမှ မကြားဖူးဘူးလား"

သူမ၏ လေသံတွင် လှောင်ပြောင်မှု လုံးဝမပါဝင်သော်လည်း ဖန်းမင်တာ၏ မျက်နှာသည် ရှက်ရွံ့မှုကြောင့် ရဲရဲနီသွားခဲ့သည်။

ကျန်းယွီသည် အံ့ဩသွားပြီး ကြားဖြတ် ပြောလိုက်လေသည်။ "အရှင်မင်းသမီး ဆိုလိုတာက ကျွန်တော်တို့က မြောက်ပိုင်းဝေ့နဲ့ စစ်ပြေငြိမ်းဖို့ ဆွေးနွေးသင့်တယ်လို့ ပြောတာလား"

ဒေါင်လိုက် မဟာမိတ်ဖွဲ့ခြင်းသည် အားနည်းသူများကို စုစည်းကာ အားကြီးသူများကို ခုခံခြင်း ဖြစ်သည်။ အလျားလိုက် မဟာမိတ်ဖွဲ့ခြင်းသည် အားကြီးသူများကို အားကိုးကာ အားနည်းသူများကို အောင်နိုင်ခြင်း ဖြစ်၏။ ဝိန်းယွီသည် ခေါင်းညိတ်ပြလိုက်ကာ "ချန်က ကျွန်မကို ကတိပေးထားတဲ့ ရှင်းကျိုးနဲ့ ယီကျိုးကို ရှော့ပျန်းနယ်စားက စွန့်လွှတ်လိုက်ပါပြီ။ ရှင့်ရဲ့ နန်ချန်အနေနဲ့ ကျွန်မတို့ တာ့လျန်နဲ့ ချန်ကြားက မဟာမိတ်စာချုပ်ကို ပြည့်စုံဖို့အတွက် သဘောတူထားတဲ့အတိုင်း ရိက္ခာ တန်ချိန် ၃သန်းကို ပို့ဆောင်ပေးဖို့ပဲ လိုပါတော့တယ်။ ဒီနေ့ ကျွန်မ အားလုံးကို ဒီမှာ စုဝေးစေခဲ့တာက ကြားခံအဖြစ် ဆောင်ရွက်ပေးပြီး ပုန်ကန်သူ ဖေစုန့်ကို နှိမ်နင်းဖို့ သုံးပွင့်ဆိုင် မဟာမိတ်ဖွဲ့မယ့် ကိစ္စကို ဆွေးနွေးဖို့ပါပဲ"

ကျန်းယွီက မေးလိုက်၏။ "သတ်မှတ်ချက်တွေက ဘာတွေလဲ"

ဝိန်းယွီက ပြန်ဖြေလိုက်သည်။ "ရှော့ပျန်းနယ်စားက ရှင်းကျိုးနဲ့ ယီကျိုးကို စွန့်လွှတ်ရမယ်။ ချန်စစ်တပ်က တာ့လျန်ရဲ့ တောင်ပိုင်းနယ်စပ်မှာ တပ်စွဲထားတဲ့ ဝေ့စစ်သည်တွေကို အန္တရာယ် မပေးရဘူး။ ဖေစုန့်ကို တိုက်ခိုက်နေစဉ်အတွင်း ဘယ်ဘက်ကမှ ရန်စတာမျိုး မလုပ်ရဘူး။ သိမ်းပိုက်နိုင်တဲ့ မြို့အရေအတွက်ကတော့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးရဲ့ အရည်အချင်းအပေါ်မှာပဲ မူတည်လိမ့်မယ်"

ကျန်းယွီသည် ချက်ချင်းပင် ငြင်းပယ်လိုက်လေသည်။ "ကျွန်တော်တို့ နန်ချန်စစ်တပ်က တောင်ကြားလမ်းတွေကို ဖြတ်ချီတက်ပြီး အဲဒီပြည်နယ်နှစ်ခုကို ကိုယ်တိုင် သိမ်းပိုက်နိုင်ပါတယ်။ ဝေ့မျိုးနွယ်စုနဲ့ စစ်ပြေငြိမ်းဖို့ ဆွေးနွေးနေစရာ မလိုပါဘူး"

သူ့စကားများသည် အခြားသူများ၏ ခံစားချက်များကို လုံးဝ ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့သော်လည်း ဝိန်းယွီ၏ မျက်နှာပေါ်တွင် ဒေါသထွက်သည့် အရိပ်အယောင် လုံးဝ မပြခဲ့ပေ။ သူမက မေးလိုက်၏။ "ချန်ရဲ့ ပင်မစစ်တပ်က ရှင်းကျိုးနဲ့ ယီကျိုးကို သိမ်းပိုက်ဖို့ အချိန်ဘယ်လောက် ကြာမယ်လို့ ရှင် ခန့်မှန်းထားလဲ"

ကျန်းယွီက ပြောလိုက်လေသည်။ "ဆောင်းဦးရာသီ ကုန်တာထက်တော့ နောက်မကျနိုင်ပါဘူး"

ဝိန်းယွီ၏ အောက်ဘက် အနည်းငယ်နိမ့်သည့်နေရာတွင် ထိုင်နေသော လီယောင်သည် သည်စကားကို နှာခေါင်းရှုံ့လိုက်လေသည်။ သူ၏ မထီမဲ့မြင်ပြုမှုသည် အလွန်ပင် ထင်ရှားနေ၏။

ကျန်းယွီသည် အနည်းငယ် ဒေါသထွက်သွားပြီး မေးလိုက်သည်။ "လူကြီးမင်းက ဘာကို ရယ်စရာကောင်းနေတယ်လို့ ထင်နေတာလဲလို့ မေးပါရစေ"

လီယောင်သည် သူ့မျက်ခွံများကို ပင့်လိုက်ပြီး ပြောလိုက်၏။ "မြောက်ပိုင်း ဒေသတွေမှာ ဆောင်းဦးနဲ့ ဆောင်းရာသီက ဘယ်လိုမျိုးလဲဆိုတာ မင်း သိလို့လား"

ကျန်းယွီသည် တာ့လျန်၏ မြောက်ပိုင်းနယ်စပ်သို့ တစ်ခါမှ မရောက်ဖူးခဲ့ချေ။ ဆောင်းရာသီ ဝင်ရောက်လာပြီးနောက် ထိုဒေသတွင် နှင်းမုန်တိုင်းများ ဆက်တိုက် တိုက်ခတ်တတ်ကြောင်းကိုသာ ကြားဖူးခဲ့သည်။ အဘိုးကြီး၏ မထီမဲ့မြင်ပြုမှုသည် ကျန်းယွီက မြောက်ပိုင်းရာသီဥတုကို နားမလည်ဟု သူ ယုံကြည်နေခြင်းကြောင့် ဖြစ်ကြောင်း ရှင်းလင်းနေသည်။

သူက ပြောလိုက်လေသည်။ " သိတာပေါ့"

မြောက်ပိုင်းဝေ့ သံတမန်သည် ထိုစကားကို ကြားသောအခါ အသံတိတ် ရယ်မောရင်း ခေါင်းခါလိုက်၏။

ဖန့်ယွမ်က မနေနိုင်တော့ဘဲ ပြန်ချေပလိုက်သည်။ "မင်းက မင်းရဲ့ အတိုင်းအတာကို မသိဘူးပဲ။ ဆောင်းဦးရာသီ ကုန်ပြီးမှ မြောက်ဘက်ကို ချီတက်တာက မြို့တစ်မြို့ ဒါမှမဟုတ် နယ်မြေတစ်ခုကို သိမ်းပိုက်နိုင်ရင်တောင်မှ ဖေစုန့်ရဲ့ လုပ်နည်းလုပ်ဟန်တွေအရ သူက လယ်ကွင်းတွေထဲက သီးနှံတွေ အကုန်လုံးကို အစောကြီးကတည်းက ရိတ်သိမ်းပြီးသွားလို့ ငါတို့အတွက် ရိက္ခာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။ ရာသီဥတုနဲ့ မကိုက်ညီလို့ဖြစ်တဲ့ ရောဂါတွေနဲ့ အူရောင်ငန်းဖျား ရောဂါတွေရဲ့ အကျိုးဆက်တွေကြောင့်တင် လူတွေ အများကြီး သေကြေပျက်စီးနိုင်တယ်"

ကျန်းယွီက ပြောလိုက်သည်။ "အဲဒါက တာ့လျန်ရဲ့ စစ်သူကြီးတွေ ပူပန်နေစရာ မလိုပါဘူး။ နန်းတွင်းက တောင်ကြားလမ်းတွေကို ဖြတ်ဝင်မယ့် စစ်တပ်အတွက် ဆောင်းရာသီ ဝတ်စုံတွေကို ချုပ်လုပ်ပေးနေပါပြီ"

လီယောင်က မေးလိုက်၏။ "မြင်းတွေကရော အဝတ်အစားတွေ ရမှာလား"

ကျန်းယွီသည် စစ်မြင်းများအတွက် ဆောင်းရာသီ ဝတ်စုံများ ချုပ်လုပ်ပေးသည်ကို တစ်ခါမှ မကြားဖူးခဲ့သဖြင့် တစ်ဖက်လူက တမင်သက်သက် အခက်တွေ့အောင် လုပ်နေသည်ဟု ထင်မှတ်လိုက်သည်။ သူသည် နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်လေသည်။ "တာ့လျန်ရဲ့ စစ်တပ်က ဆောင်းရာသီမှာ သူတို့ရဲ့ စစ်မြင်းတွေအတွက် အဝတ်အစားတွေ ချုပ်ပေးလို့လား"

လီရွှင်သည် စိတ်ထဲတွင် စဉ်းစားလိုက်၏။ နန်ချန် မယ်တော်ကြီးရဲ့ ဒီတူတော်မောင်က တော်တော်လေး ငယ်ရွယ်သေးတာပဲ။ သူ့ရဲ့ အသင့်အတင့်ရှိတဲ့ အရည်အချင်းလေးတွေကို ချီးကျူးခံရလို့ မောက်မာနေတာ။ သူ့ရဲ့ မာနကို ချိုးနှိမ်ပစ်နိုင်မယ့် တကယ့် အခက်အခဲတွေနဲ့ တစ်ခါမှ မကြုံဖူးသေးလို့ပဲ။

လီယောင်၏ စိတ်နေသဘောထားကို သိရှိထားသဖြင့် သူ၏ ထက်မြက်သော လျှာက နန်ချန် ကိုယ်စားလှယ်အဖွဲ့ကို လုံးဝ အရှက်ရစေမည့် စကားမျိုး ပြောထွက်သွားကာ ဝိန်းယွီ၏ အစီအစဉ်များကို ဖျက်ဆီးပစ်မိမှာကို သူ စိုးရိမ်သွားခဲ့သည်။ သူသည် အလျင်အမြန်ပင် ကြားဖြတ် ပြောလိုက်လေသည်။ "စကားပုံတစ်ခု ရှိသလိုပေါ့။ ဟွိုင်မြစ်ရဲ့ တောင်ဘက်မှာ စိုက်တဲ့ လိမ္မော်သီးတွေက လိမ္မော်သီးတွေ ဖြစ်ပေမဲ့ မြောက်ဘက်မှာ စိုက်ရင်တော့ လိမ္မော်ခါးသီးတွေ ဖြစ်သွားတတ်တယ် တဲ့။ ရာသီဥတု ကွာခြားချက်တွေက သေးငယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ရေတွေ ချက်ချင်း အေးခဲသွားတတ်တဲ့ မြောက်ပိုင်းရဲ့ အအေးဒဏ်မှာ လူတွေက အဝတ်အစားတွေ ထပ်ဝတ်ပြီး နွေးထွေးဖို့အတွက် မီးမွှေးနိုင်ပေမဲ့ တောင်ပိုင်း ရာသီဥတုနဲ့ အသားကျနေတဲ့ တိရစ္ဆာန်တွေကိုကျတော့ ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ သံတမန်အနေနဲ့ စဉ်းစားကြည့်ပါဦး။ မြင်းတပ်တွေရော၊ ရိက္ခာ သယ်ယူပို့ဆောင်ရေးကပါ ဒီတိရစ္ဆာန်တွေ အပေါ်မှာပဲ မှီခိုနေရတာပါ။ တကယ်လို့ နှင်းထုကြီးတွေက လမ်းတွေကို ပိတ်ဆို့သွားပြီး ရိက္ခာ ဒါမှမဟုတ် စစ်ကူတွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် စစ်သည်တွေကို အလကားသက်သက် သေတွင်းထဲ ပို့လိုက်သလို ဖြစ်သွားလိမ့်မယ်"

ကျန်းယွီက ပြန်လည် ချေပလိုက်သည်။ "တကယ်လို့ ကျွန်တော်တို့က ဆောင်းဦးရာသီ မတိုင်ခင် ဖေစုန့်ကို စစ်ချီတိုက်ခိုက်မယ်ဆိုရင် ခင်များတို့ ပြောတဲ့ ဒီပြဿနာတွေက ဆောင်းဦးရာသီ အကုန်မှာ မရှိနိုင်တော့မလား"

ဝိန်းယွီသည် သူ့ကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်၏။ "ချန်နဲ့ ဝေ့စစ်တပ်တွေက ဖေစုန့်ကို ပူးပေါင်း တိုက်ခိုက်မယ်ဆိုရင် သူက သူ့ကိုယ်သူ ကာကွယ်ဖို့ အတော်လေး ခက်ခဲသွားလိမ့်မယ်။ တကယ်လို့ အခုချိန်မှာ သူ့ရဲ့ တပ်ဖွဲ့တွေကို ချိုးနှိမ်နိုင်ခဲ့မယ်ဆိုရင် ကျွန်မတို့က သစ္စာဖောက်ကို အမြစ်မပြတ် ရှင်းလင်းနိုင်မှာ မဟုတ်ရင်တောင် ဆောင်းရာသီ ရောက်လာလို့ ရှော့ပျန်းနယ်စားက မြောက်ပိုင်း မျိုးနွယ်စုတွေကို ကာကွယ်ဖို့အတွက် တပ်တွေကို မဖြစ်မနေ ဆုတ်ခွာရတဲ့အခါ ဖေစုန့်က ချန်စစ်တပ်ကို အကြီးအကျယ် တန်ပြန်တိုက်ခိုက်လာလိမ့်မယ်။ သူ့လက်အောက်မှာ အင်အား အကန့်အသတ် ရှိနေတဲ့အတွက် ဒါက မြောက်ပိုင်းရဲ့ နှင်းတွေနဲ့ ရေခဲပြင်တွေထဲမှာ တိုက်ခိုက်ဖို့ အသားမကျသေးတဲ့ ချန်စစ်သည်တွေ ကြားထဲမှာ သူတို့ဖက်က ထိခိုက်သေဆုံးမှု နည်းပါးသွားစေလိမ့်မယ်"

ကျန်းယွီသည် ဝိန်းယွီ၏ ချေပမှုကြောင့် ချက်ချင်းပင် စကားပြန်မပြောနိုင်အောင် ဖြစ်သွားခဲ့သည်။

အခွင့်အရေးကို အရယူကာ လီရွှင်က မီးလောင်ရာ လေပင့်လိုက်လေသည်။ "တကယ်လို့ ကျွန်တော်တို့က အစောကြီးကတည်းက ကျီကျိုးကနေ စစ်မြင်းတွေ ပိုဝယ်ပြီး အအေးဒဏ်ကို မခံနိုင်တဲ့ တောင်ပိုင်း စစ်မြင်းတွေ နေရာမှာ အစားထိုးခဲ့မယ်ဆိုရင် မြောက်ပိုင်း စစ်ဆင်ရေးမှာ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေက ပိုနည်းပါးသွားလိမ့်မယ်။ တကယ်လို့ ခင်များတို့ ချန်ပြည်နယ်က ရှင်းကျိုးနဲ့ ယီကျိုးတွေကို သိမ်းပိုက်ပြီးမှသာ ဖေစုန့်ကို တိုက်ခိုက်ဖို့ အတင်းအကျပ် တောင်းဆိုနေမယ်ဆိုရင် အားနည်းချက် သုံးခု ပေါ်ထွက်လာလိမ့်မယ်။ ပထမအချက်က ခင်များတို့ရဲ့ ကိုယ်ပိုင် စစ်ရေးအင်အားတွေ ယုတ်လျော့သွားမယ်။ ဒုတိယအချက်က တိုက်ပွဲဝင်ဖို့ အကောင်းဆုံး အချိန်အခါကို လက်လွတ်သွားမယ်။ တတိယအချက်က ခင်များတို့ရဲ့ စစ်ဆင်ရေးက မစတင်ခင်မှာတင် ပြည်သူတွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးသွားလိမ့်မယ်"

ကျန်းယွီသည် မျက်မှောင်ကြုတ်လိုက်၏။ "ဘယ်လိုလုပ် အဲဒီလို ဖြစ်မှာလဲ"

လီရွှင်က ရှင်းပြလိုက်သည်။ "ရှင်းကျိုးနဲ့ ယီကျိုးကို သိမ်းပိုက်ပြီးနောက်မှာ ခင်များတို့ ချန်တပ်ဖွဲ့တွေက မလွဲမသွေ ဆုံးရှုံးမှုတွေ ကြုံတွေ့ရလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ခင်များတို့ရဲ့ စစ်သည်တွေဟာ ပြင်းထန်တဲ့ အအေးဒဏ်ကို ဖြတ်သန်းပြီး ခရီးဝေး ချီတက်ခဲ့ရလို့ ကိုယ်ခန္ဓာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေလိမ့်မယ်။ ဖေစုန့်ရဲ့ ပင်မစစ်တပ်ကတော့ သူတို့ရဲ့ အင်အားကို ချွေတာထားပြီး သူတို့ရဲ့ မြို့တွေကို ခိုင်ခံ့အောင် ကာကွယ်ထားလိမ့်မယ်။ ဒီလို အခြေအနေမျိုးမှာ ချန်တပ်ဖွဲ့တွေဟာ အချိန်အခါ၊ မြေမျက်နှာသွင်ပြင် ဒါမှမဟုတ် ပြည်သူတွေရဲ့ ထောက်ခံမှု အားသာချက် ဘာတစ်ခုမှ ရှိမှာ မဟုတ်ဘူး။ ဒါ့အပြင် ခင်များတို့ ချန်ရဲ့ စစ်ရေးချီတက်မှုက သစ္စာဖောက် ဖေစုန့်ကို အပြစ်ပေးဖို့အတွက် ကျွန်တော့်သခင်ကို ကူညီဖို့ ရည်ရွယ်ထားတာလေ။ တကယ်လို့ ခင်များတို့က ပုန်ကန်သူ ဖေမျိုးနွယ်ကို အရင်မရှင်းလင်းဘဲ သစ္စာဖောက်ကို အမြစ်ပြတ်ချေမှုန်းဖို့ ရည်ရွယ်ချက် တူညီတဲ့ မြောက်ပိုင်းနယ်စပ်က နယ်စားကို အရင် သွားတိုက်ခိုက်မယ်ဆိုရင် ကျွန်တော်တို့ တာ့လျန်က ပြည်သူတွေဟာ ခင်များတို့ရဲ့ စစ်ရေး ဝင်ရောက်စွက်ဖက်မှုကို ဘယ်လို မြင်ကြမလဲ"

သူ၏ အပြောအဟော ကောင်းမှုဖြင့် လီရွှင်သည် အားသာချက်နှင့် အားနည်းချက် အားလုံးကို အလွန် ရှင်းလင်းစွာ ချပြနိုင်ခဲ့သည်။ နန်ချန်အတွက် မျက်နှာနှင့် ပိုင်ဆိုင်မှု နှစ်ခုစလုံးကိုလည်း ဆက်လက် ထိန်းသိမ်းပေးထားနိုင်ခဲ့၏။

မြောက်ပိုင်းဝေ့နှင့် ယာယီ မဟာမိတ်ဖွဲ့ရန် ကျန်းယွီ၏ တွန့်ဆုတ်နေမှုသည် သူတို့၏ စစ်ရေး ဝင်ရောက်စွက်ဖက်မှုအပြီးတွင် တာ့လျန်၏ တောင်ပိုင်းနယ်စပ်ကို နန်ချန်က လက်ဝါးကြီးအုပ် ထိန်းချုပ်ထားလိုသော သူ့ဆန္ဒကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သို့သော် လီရွှင်၏ သတိပေးချက်များသည် အလဟဿ ခြောက်လှန့်နေခြင်း လုံးဝ မဟုတ်ပေ။ မြောက်ပိုင်းဝေ့ကို ရန်သူဖွဲ့နေခြင်းက ပညာရှိသော လုပ်ရပ်တစ်ခု မဟုတ်တော့သည်မှာ သိသာနေသည်။

နည်းနည်းလောက် စဉ်းစားတွေးတောလိုက်ပြီးနောက် သူက ပြောလိုက်၏။ "ဒီကိစ္စက အရမ်း အရေးကြီးပါတယ်။ ကျွန်တော် နန်းတွင်းကို သတင်းပို့ပြီး ကျွန်တော့် ဘုရင်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ရပါလိမ့်မယ်"

ဝိန်းယွီက ပြန်ပြောလိုက်သည်။ "လက်ခံပါတယ်"

ထိုအရာကို မြင်သောအခါ သုံးပွင့်ဆိုင် မဟာမိတ်ဖွဲ့ခြင်းက လက်တွေ့တွင် အတည်ပြုပြီးသလောက် ဖြစ်နေပြီဆိုတာကို ဖန်းမင်တာ သဘောပေါက်သွားခဲ့သည်။ ဝိန်းယွီအပေါ် သူ၏ အစောပိုင်းက ရန်စသော စကားများကို ပြန်သတိရမိပြီး သူ အထိအခိုက်မရှိ လွှတ်မြောက်တော့မည် မဟုတ်ကြောင်းကို သိလိုက်၏။ ချက်ချင်းပင် မိမိ၏မျက်နှာကို အားရပါးရ ရိုက်ချလိုက်ပြီး ရယ်ရခက်၊ ငိုရခက်ဖြစ်နေသော ရယ်စရာကောင်းသည့် ကိုယ်ဟန်အနေအထားဖြင့် ဒူးထောက်ချလိုက်သည်။ သူသည် အရှက်အကြောက် ကင်းမဲ့စွာဖြင့် သနားညှာတာပေးရန် တောင်းပန်လိုက်လေသည်။ "ကျွန်တော်မျိုး သေသင့်ပါတယ်။ အစောပိုင်းက ထိတ်လန့်မှုကြောင့် ကျွန်တော် နမော်နမဲ့ စကားပြောမိပြီး အရှင်မင်းသမီးကို စော်ကားမိပါတယ်။ အရှင်မင်းသမီးရဲ့ အပြစ်ပေးမှုကို ခံယူဖို့ တောင်းပန်ပါတယ်"

သူသည် ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများကို လုံးဝ ဂရုမစိုက်ဘဲ ခွင့်လွှတ်မှု ရရှိရန်အတွက် မြှောက်ပင့်ဖားယားသူ တစ်ယောက်အဖြစ်သာ တစိုက်မတ်မတ် သရုပ်ဆောင်နေခဲ့သည်။

ဝိန်းယွီ၏ မျက်လုံးများထဲတွင် မည်သည့် ခံစားချက်မှ ပေါ်လွင်မနေခဲ့ပေ။ သူမသည် ဤအမျိုးသားအပေါ် တကယ်ကို ဒေါသထွက်နေခြင်း မရှိခဲ့ချေ။

ဓလေ့ထုံးတမ်းဝန်ကြီးဌာနမှ အရာရှိများသည် လိုအပ်သည့်အခါတွင် ပျော့ပျောင်းညင်သာစွာ ပြုမူရန် လိုအပ်ပြီး မရှိမဖြစ် လိုအပ်ပါက မာနထောင်လွှားဟန်ပြကာ မကျေနပ်မှုကို ပြသရန် လိုအပ်သည်။ ရိုင်းရိုင်းစိုင်းစိုင်း ပြောရလျှင် သူတို့သည် မင်းဆက်၏ခွေးများ ဖြစ်ကြသည်။ သူတို့၏ ဟောင်သံတိုင်းက သူတို့၏ အထက်လူကြီးများထံမှ ခွင့်ပြုချက် ရရှိထားခြင်း ဖြစ်သည်။

သဘာဝကျစွာပင် သူတို့သည် အကြိမ်ကြိမ် စွန့်ပစ်ခံရလေ့ရှိသော နယ်ရုပ်များလည်း ဖြစ်ကြသည်။

ဝိန်းယွီက ပြောလိုက်၏။ "သံတမန်က နယ်စပ်အပြင်ဘက်မှာ တာဝန်ကျနေတာ အချိန်အကြာကြီး ရှိနေပြီဆိုတော့ ကျွန်မတို့ လျန်ရဲ့ နယ်မြေဟာ အရင်ခေတ်က ပြည်မကြီး မဟုတ်တော့ဘူးဆိုတာကို မသိတာပါ။ ဒီအတွက် အပြစ်တင်စရာ မရှိပါဘူး။ ဒါပေမဲ့ သံတမန်က ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ အမျိုးသမီးတစ်ယောက်ဟာ လင်ယောကျ်ား နှစ်ယောက်ကို အလုပ်အကျွေး မပြုဘူး လို့ ပြောလာတော့ ကျွန်မတို့ လျန်ရဲ့ ဓလေ့ထုံးစံတွေကို ရှင်းပြပါ့မယ်။ တာ့လျန်ဟာ လွတ်လပ်တဲ့ လူမှုရေး စံနှုန်းတွေကို ကျင့်သုံးပါတယ်။ အမျိုးသမီးတွေ ကွာရှင်းပြီးနောက်မှာ နောက်အိမ်ထောင် ပြုတာဟာ ဖြစ်လေ့မရှိတဲ့ကိစ္စ မဟုတ်ပါဘူး။ ပြီးတော့ အမျိုးသမီး တစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို လင်ယောကျ်ား နှစ်ယောက်ကို အလုပ်အကျွေး ပြုခြင်း ရှိမရှိ အပေါ်မှာ အခြေခံပြီး ကျွန်မတို့ မဆုံးဖြတ်ပါဘူး"

သူမ၏ တုံ့ပြန်မှုတွင် သိမ်မွေ့သော သွယ်ဝိုက်ဆိုလိုရင်းများ ပါဝင်နေသည်။ ဖန်းမင်တာသည် နန်ချန်နှင့် မဟာမိတ်ဖွဲ့ပြီးနောက် မြောက်ပိုင်းဝေ့နှင့် မဟာမိတ်ဖွဲ့ရန် ကြိုးပမ်းသည့် တာ့လျန်ကို ဝေဖန်ရန် "ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ အမျိုးသမီးတစ်ယောက်ဟာ လင်ယောကျ်ား နှစ်ယောက်ကို အလုပ်အကျွေး မပြုဘူး" ဟူသော စကားကို အသုံးပြုခဲ့သည်။ ဝိန်းယွီ၏ စကားများသည် သူမအနေဖြင့် နန်ချန်သို့ လက်ထပ်ဝင်ရောက်သွားလျှင်တောင်မှ ဆန္ဒရှိပါက အခြားရွေးချယ်စရာ လမ်းကြောင်းများကို ဆက်လက် ရှာဖွေနိုင်သေးကြောင်းကို ရှင်းလင်းစွာ ညွှန်ပြနေသည်။

စုဝေးနေကြသော ဧည့်သည်များသည် မျက်နှာအမူအရာ အမျိုးမျိုးကို အပြန်အလှန် ဖလှယ်လိုက်ကြသည်။ ထိုစဉ် ကျန်းယွီက ဝိန်းယွီကို ကြည့်လိုက်ချိန်တွင် သူ၏ မျက်ခွံများ တွန့်သွားခဲ့သည်။

စိတ်ထဲတွင် တုန်လှုပ်သွားသော်လည်း ဖန်းမင်တာသည် ရိုင်းစိုင်းသော စကားများကို ဆက်လက် မပြောရဲတော့ဘဲ နာခံမှုရှိစွာဖြင့် ဝန်ခံလိုက်လေသည်။ "နားလည်ပါပြီ"

ဝိန်းယွီသည် သူမ၏ တုံ့ပြန်မှုတွင် မသင့်လျော်မှု တစ်ခုခု ပါဝင်နေသည်ကို သတိမထားမိသလိုနေလိုက်ကာ အားလုံးကို ဆက်လက် စားသောက်ကြရန် ပုံမှန်အတိုင်း ဖိတ်ခေါ်လိုက်လေသည်။ အရက် သုံးခွက်လောက် သောက်ပြီးနောက် သူမ၏ မျက်ခုံးများကြားတွင် ပင်ပန်းနွမ်းနယ်မှုများ ဝင်ရောက်လာပြီး ကျောင်းပိုင်ကို တွဲကာ စောစောစီးစီး ထွက်ခွာသွားခဲ့သည်။ ဝိန်းယွီ ထွက်သွားသည်နှင့် တစ်ပြိုင်နက် အရိုးဆွေးနေပြီဖြစ်သော လီယောင်သည်လည်း ညစာစားပွဲတွင် အချိန်ဆွဲမနေခဲ့ချေ။ သို့သော် သူ၏ ထိုင်ခုံမှ မထွက်ခွာမီ အစေခံတစ်ဦးအဖြစ် ရုပ်ဖျက်ထားသော အရိပ်သက်တော်စောင့် တစ်ယောက်က အပြင်မှ ဝင်လာပြီး သူ၏ နားအနီးသို့ ကပ်ကာ တစ်ခုခုကို တိုးတိုးလေး ပြောလိုက်၏။ လီယောင်၏ မျက်နှာအမူအရာသည် ပြောင်းလဲမသွားခဲ့သော်လည်း သူသည် သူ၏တုတ်ကောက်ကို မြန်မြန်ယူကာ အစေခံ၏ နောက်မှလိုက်၍ ပင်မခန်းမဆောင်ထဲမှ ထွက်သွားခဲ့လေသည်။

ကျန်းယွီသည် ဖိန်ကျိုးမှ အဓိကအရာရှိများကို သိုသိုသိပ်သိပ် စောင့်ကြည့်နေခဲ့သည်။ လီယောင် ထွက်သွားပြီးနောက် သူသည် လက်ထဲက အရက်ခွက်ကို တွေးတောစွာဖြင့် လှည့်ကစားနေပြီး ဘေးတွင်ရှိသော ဖန်းမင်တာဘက်သို့ လှည့်ကာ တစ်ခုခုကို တိုးတိုးလေး ပြောလိုက်လေသည်။

ဖန်းမင်တာသည် ခေါင်းညိတ်လိုက်ပြီး မကြာမီမှာပင် အရက်အတူ သောက်ရန် ရည်ရွယ်ချက်ဖြင့် သူ၏ အရက်ခွက်ကို မြှောက်ကာ ဖိန်ကျိုးမှ စစ်ရေးစစ်သူကြီးများနှင့် သွားရောက် ရောနှောနေလေသည်။

သူသည် အားလုံးနှင့် လိုက်လံ နှုတ်ဆက်ပြီးနောက် ပြန်ရောက်လာချိန်တွင် ကျန်းယွီအတွက် အရက်ငှဲ့ပေးရင်း အနီးသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ "ကျွန်တော် ဟိုမေးဒီမေး လုပ်ကြည့်ခဲ့တယ်။ ခင်ဗျားကို အနိုင်ယူသွားတဲ့ အဲဒီ ရှောင်းစစ်သူကြီးလေးကလေ... သူက ပြီးခဲ့တဲ့ လဝက်လောက်ကတည်းက ဓားပြတွေကို လိုက်လံ နှိမ်နင်းနေတာတဲ့။ ဒီနေ့ သူက နောက်ထပ် ဓားပြနှိမ်နင်းရေး တာဝန်တစ်ခုနဲ့ တောင်ပေါ်ကို ထွက်သွားလို့ ပြန်မလာနိုင်ခဲ့တာလို့ ပြောတယ်"

ကျန်းယွီသည် သူ၏ လက်ချောင်းထိပ်များဖြင့် စားပွဲကို ခပ်ဖွဖွလေး ခေါက်လိုက်ပြီး သေချာလုနီးနီး ပြောလိုက်လေတော့သည်။ "တစ်ခုခုတော့ လွဲနေပြီ"

...

All Chapters