← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အပိုင်း (၉၄)

လီရွှင်သည် အရိပ်သက်တော်စောင့်နှင့်အတူ ညစာစားပွဲခန်းမထဲမှ ထွက်ခွာလာပြီးနောက် လူသူကင်းမဲ့နေသည့် တောင်အတုများဖြင့် ပြုလုပ်ထားသော ကျောက်တောင်ဥယျာဉ်တစ်ခုဆီသို့ ရောက်ရှိလာ၏။ မှောင်ရိပ်ထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာပြီး လျှို့ဝှက်စာတစ်စောင်ကို ဆက်သလိုက်သည်။

လီရွှင်သည် ထိုစာကို ဖွင့်ဖတ်လိုက်ပြီးနောက် စာပါအကြောင်းအရာများကို ဖတ်ရှုပြီးချိန်တွင် သူ့မျက်နှာအမူအရာက ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။ သူက သူ့ဘေးတွင် ပါလာသော အရိပ်သက်တော်စောင့်ကို ချက်ချင်း အမိန့်ပေးလိုက်လေသည်။ "ဖန့်ယွမ်ကို အခုချက်ချင်း သွားခေါ်ချေ"

ဝိန်းယွီသည် အဆောင်သို့ ပြန်ရောက်ကာ ခဏတာ အနားယူနေစဉ် ကျောင်းပိုင်က အပြင်ခန်းထဲသို့ အလောတကြီး ဝင်ရောက်လာသည်ကို ကြားလိုက်ရ၏။ သူမတွင် အရေးကြီးသော သတင်းတစ်ခုခု လာရောက် သတင်းပို့စရာ ရှိနေပုံပေါ်သည်။ အတွင်းခန်းနှင့် အပြင်ခန်းကို ပိုင်းခြားထားသော ပုတီးခန်းဆီးကို သူမ၏လက်က ပွတ်တိုက်မိသွားသဖြင့် တရှဲရှဲ အသံတိုးတိုးလေး ထွက်ပေါ်လာသော်လည်း ကျောင်းပိုင်သည် ဝိန်းယွီအနားယူနေသည်ကို အနှောင့်အယှက် ပေးသင့်၊ မပေးသင့် မသေချာသဖြင့် ခန်းဆီးကို ဖွင့်ရန် တွန့်ဆုတ်နေလေသည်။

ဝိန်းယွီက မျက်လုံးများကို ဖွပြီး မေးလိုက်၏။ "ဘာကိစ္စလဲ"

ကျောင်းပိုင်သည် ဝိန်းယွီ နိုးနေသည်ကို မြင်လိုက်ရသဖြင့် နောက်ဆုံးတွင် ခန်းဆီးကို ဖယ်ကာ ဝင်လာပြီး သတင်းပို့လိုက်လေသည်။ "အရင်က ကျွန်မကို ရှာခိုင်းထားတဲ့ ယုံကျိုးအိမ်တော်က အစောင့်တွေနဲ့ ပတ်သက်တဲ့ သတင်း ရထားပါတယ်"

ဝိန်းယွီ၏ မျက်နှာပေါ်မှ ပင်ပန်းနွမ်းနယ်မှုများက အနည်းငယ် လျော့ပါးသွားတော့သည်။

မကြာမီမှာပင် ထုန်ချွဲနှင့် ချန်အန်းတို့ကို ခေါ်ဆောင်လာခဲ့သည်။ သူတို့နှစ်ဦးစလုံးမှာ ခရီးပန်းထားသဖြင့် ပင်ပန်းနွမ်းနယ်နေကြပြီး လမ်းခရီးတစ်လျှောက်တွင် ကြီးမားသော အခက်အခဲများကို ကြုံတွေ့ခဲ့ရကြောင်း သိသာထင်ရှားနေ၏။

ဝိန်းယွီကို မြင်လိုက်ရချိန်တွင် ထုန်ချွဲသည် ဝမ်းသာမျက်ရည်များပင် ကျနေတော့သည်။ သူမနှင့် ချန်အန်းတို့က ဒူးထောက်ကာ အရိုအသေပေးလိုက်ချိန်တွင် သူမသည် မိမိ၏မျက်ရည်များကို အကြိမ်ကြိမ် သုတ်နေလေသည်။

အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ရပြီးနောက် သူတို့ကို ပြန်လည် မြင်တွေ့လိုက်ရချိန်တွင် ဝိန်းယွီ၏ နှလုံးသားထဲ၌ ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်သွားတော့သည်။ သူမသည် သူတို့ကို ထူပေးရန် ရှေ့သို့ တိုးသွားလိုက်၏။ "ဒီလို တခမ်းတနား လုပ်နေစရာ မလိုပါဘူး။ ဖိန်ကျိုးကို ရောက်ကတည်းက နင်တို့ကို ရှာဖို့ လူတွေ လွှတ်ထားခဲ့ပေမယ့် ဘာသတင်းမှ မရခဲ့ဘူး..."

စကားပြောနေရင်း တစ်ဝက်တွင် ချန်အန်း၏ ဘယ်ဘက်လက်မောင်းမှ တွဲလောင်းကျနေသော အင်္ကျီလက်အလွတ်ကြီးကို သူမ သတိထားမိသွားပြီး စကားရပ်သွားခဲ့သည်။ "ကိုယ်ရံတော်ချန်ရဲ့ လက်မောင်းက..."

ထုန်ချွဲက ခေါင်းငုံ့လိုက်ပြီး သူမ၏ မျက်လုံးများက နီရဲနေ၏။ "အစ်ကိုချန်က ကျွန်မကို ကာကွယ်ရင်း သူ့လက်တစ်ဖက် ဆုံးရှုံးသွားတာပါ"

ဝိန်းယွီသည် သူတို့ကို ထိုင်ခိုင်းလိုက်ပြီး သူတို့ နောက်မှလိုက်လာသူများကို လမ်းလွှဲပြီးနောက် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို မေးမြန်းလိုက်သည်။ ရှောင်းလိကဲ့သို့ပင် ချန်အန်းကလည်း မြင်းကို စွန့်လွှတ်ကာ ထုန်ချွဲကို ခေါ်ဆောင်ပြီး လမ်းသွယ်လေးများမှတစ်ဆင့် ထွက်ပြေးခဲ့ကြောင်း သူမ သိလိုက်ရ၏။ ထုန်ချွဲသည် ခြေထောက်တွင် မြားမှန်ခဲ့သဖြင့် လမ်းမလျှောက်နိုင်တော့ချေ။ ထို့ကြောင့် ချန်အန်းက သူမကို ကျောပိုးပြီး ထွက်ပြေးခဲ့ရသည်။

အခြေအနေက အရေးကြီးနေသဖြင့် ထုန်ချွဲ၏ ခြေထောက်ဒဏ်ရာကို ကုသပေးရန် အချိန်မရှိခဲ့ပေ။ နောက်မှ လိုက်လာသူများသည် မြင်းအလွတ်ကို မှီသွားပြီးနောက် သူတို့ လှည့်စားခံလိုက်ရကြောင်းကို သဘောပေါက်သွားခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် နောက်သို့ ပြန်လှည့်လာကာ လမ်းကြောင်းတစ်လျှောက် ရှာဖွေခဲ့ကြတော့သည်။ မြေပြင်ပေါ်ရှိ သွေးစက်များကို ခြေရာခံရင်း သူတို့နှစ်ဦးကို မကြာမီပင် မှီသွားခဲ့ကြ၏။ လူအင်အား မမျှသဖြင့် ချန်အန်းသည် ထုန်ချွဲကို အကာအကွယ်ပေးရင်း နောက်ဆုံးတွင် လက်တစ်ဖက် ဆုံးရှုံးခဲ့ရလေသည်။

ထုန်ချွဲက အလွန်အမင်း နောင်တရစွာဖြင့် ပြောလိုက်လေသည်။ "နောက်က လိုက်လာတဲ့သူတွေက ကျွန်မက မင်းသမီး မဟုတ်ဘူးဆိုတာကို သိသွားပြီးတဲ့နောက်မှာ သူတို့အများစုက မင်းသမီးနဲ့ သူရဲကောင်းရှောင်းတို့ နောက်ကို လိုက်ဖို့ ပြန်လှည့်သွားကြတယ်။ အစ်ကိုချန်နဲ့ ကျွန်မက သေဘေးကနေ သီသီလေး လွတ်လာခဲ့ရပေမယ့် ကျွန်မတို့ရဲ့ ဒဏ်ရာတွေက အရမ်း ပြင်းထန်နေတော့ မင်းသမီးတို့ကို ဆက်မရှာနိုင်တော့ဘူးလေ။ အဲဒါကြောင့် သက်သာလာအောင် ရွာတစ်ရွာမှာ ပုန်းနေရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိခဲ့ဘူး။ ကျွန်မတို့ ခရီးဆက်နိုင်လောက်အောင် သက်သာလာတဲ့အချိန်မှာ ဖိန်ကျိုး၊ မုန့်စီရင်စု၊ ရှင်းကျိုးနဲ့ ယီကျိုးတို့က စစ်ဖြစ်နေပြီ။ တောင်ပိုင်းကို သွားတဲ့ လမ်းတွေအားလုံးလည်း လုံးဝ ပြတ်တောက်သွားပြီဆိုတာကို ကြားလိုက်ရတယ်။ အဲဒါကြောင့် အသက်ရှင်ကျန်ရစ်တဲ့ တခြား ကျိုးအိမ်တော်က အစောင့်တွေကို ဆက်သွယ်ဖို့ ကြိုးစားရင်း အခွင့်အရေးကိုပဲ စောင့်နေရတော့တာပေါ့။ မထင်မှတ်ဘဲ ရှင်းကျိုးနဲ့ ယီကျိုးရဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားတဲ့အထိ စောင့်လိုက်ရပြီးမှ ဖိန်ကျိုးကို နောက်ဆုံး ရောက်လာနိုင်ခဲ့တာပါ"

ဝိန်းယွီသည် မုန့်စီရင်စုကို သိမ်းပိုက်ပြီး မကြာမီမှာပင် ဖေစုန့်က ယီကျိုးကို စွန့်လွှတ်ခဲ့သည်။ ဝေ့ချီရှန်းသည် မြို့ပျက်ကြီးတစ်ခုကိုသာ ရရှိခဲ့ကြောင်း ဖုံးကွယ်ထားရန်အတွက် ရှင်းကျိုးနှင့် ယီကျိုးမှ တောင်ပိုင်းသို့ သွားသောလမ်းများကို ပိတ်ဆို့ထားခဲ့၏။ ထို့ကြောင့် ထုန်ချွဲနှင့် ချန်အန်းတို့သည် အခြားသော စစ်ဘေးရှောင်များနည်းတူ မြို့ထဲတွင် ပိတ်မိနေခဲ့ရသည်။

"နင်တို့တွေ တော်တော် ဒုက္ခရောက်ခဲ့ရတာပဲ"

ထုန်ချွဲက ခေါင်းကို အလျင်အမြန် ခါပြလိုက်ကာ "ဒါက ကျွန်မတို့ရဲ့ တာဝန်ပါ။ မင်းသမီးကို ဖိန်ကျိုးဆီ ဘေးကင်းကင်းနဲ့ မပို့ဆောင်နိုင်ခဲ့တဲ့အတွက် ကျွန်မတို့ အရမ်း ရှက်မိပါတယ်။ ကံကောင်းလို့ သူရဲကောင်းရှောင်းရဲ့ သတ္တိနဲ့ တရားမျှတမှုကြောင့် မင်းသမီး ဘေးကင်းခဲ့ရတာပါ။ မဟုတ်ရင် ကျွန်မတို့က ဖေစုန့်ရဲ့ သိမ်းငှက်အမဲလိုက်ခွေးတွေ လက်ချက်နဲ့ သေသွားခဲ့ရင်တောင် ကျိုးလူကြီးမင်းကို မျက်နှာပြရဲမှာ မဟုတ်တော့ဘူး"

ယနေ့မှသာ ဝိန်းယွီသည် မင်းသမီး(ကုန်းကျူ)အဖြစ် ဘွဲ့နှင်းသဘင် ခံယူထားခြင်း ဖြစ်ပြီး ထုန်ချွဲက ယင်းကို မကျင့်သားရသေးချေ။ ထို့ကြောင့် စကားပြောသည့်အခါတွင် သူမကို "မင်းသမီး(ဝိန်းကျူ)" ဟုသာ အလိုအလျောက် ခေါ်ဝေါ်နေမိသည်။ သို့သော် ဤအခိုက်အတန့်တွင် ထိုသို့ မှားယွင်းခေါ်ဝေါ်မိခြင်းကို မည်သူကမျှ ဂရုမစိုက်ကြပေ။

(*အရင် ဝိန်းယွီကို မင်းသမီးလို့ခေါ်တာက နယ်စားမင်းသမီး(ဝိန်းကျူ) အခေါ်အဝေါ်ပါ။ အခု ဝိန်းယွီက ဘိသိပ်ခံပြီး ဘုရင့်သမီးဖြစ်သွားပြီမလို့ ဘုရင့်သမီးကို ခေါ်တာတဲ့ မင်းသမီး(ကုန်းကျူ) ဖြစ်သွားပါပြီ။)

ထုန်ချွဲက ရှောင်းလိအကြောင်းကို ပြောသည်ကို ကြားလိုက်ရချိန်တွင် ဝိန်းယွီ၏ အကြည့်များက အနည်းငယ် မှေးမှိန်သွားခဲ့သည်။ သို့သော် သူမသည် ထိုအကြောင်းကို ဆက်ပြောမည့် အရိပ်အယောင် မပြခဲ့ချေ။ "အဲဒီနေ့ကသာ နင်တို့ နှစ်ယောက်က လိုက်လာတဲ့သူတွေကို လမ်းမလွှဲပေးခဲ့ရင် ငါ သိမ်းငှက်အမဲလိုက်ခွေးတွေ လက်ထဲကနေ လွတ်လာနိုင်မှာ မဟုတ်ဘူး။ နင်တို့ ရခဲ့တဲ့ ဒဏ်ရာတွေက သေးသေးမွှားမွှား ဒဏ်ရာတွေမှ မဟုတ်တာ။ ပြီးတော့ လမ်းတစ်လျှောက်လုံး ပုန်းရှောင်ပြီး ထွက်ပြေးနေရတာဆိုတော့ ကောင်းကောင်း အနားယူဖို့ အချိန်ရခဲ့မယ် မထင်ဘူး။ လောလောဆယ်တော့ ပင်မခြံဝင်းထဲမှာပဲ အနားယူကြပါ"

စကားပြောနေရင်း ဝိန်းယွီက ကျောင်းပိုင်ကို ကြည့်လိုက်ပြီး "နောက်မှ အိမ်တော်က သမားတော်ကို သူတို့ကို သွားကြည့်ခိုင်းပြီး အားဆေး နည်းနည်း ဖော်စပ်ပေးခိုင်းလိုက်"

ကျောင်းပိုင်က သိရှိကြောင်း ခေါင်းညိတ်ပြလိုက်၏။

"မင်းသမီး... အမတ်လီယောင်က အရေးကြီး သတင်းပို့စရာ ရှိတယ်လို့ ပြောပါတယ်" အစေခံမလေးတစ်ဦး၏ အသံက တံခါးအပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

ဝိန်းယွီသည် မျက်မှောင်အနည်းငယ် ကြုတ်သွားသယောင် ရှိသော်လည်း သူမ၏ ဆရာက ဤကဲ့သို့သော အချိန်မျိုးတွင် သူမကို လာရှာသည်ဆိုကတည်းက သေချာပေါက် အရေးကြီးသော ကိစ္စဖြစ်ကြောင်း သူမ သိလိုက်သည်။ အစေခံမလေးကို ထွက်သွားခွင့်ပြုပြီးနောက် သူမက ကျောင်းပိုင်ကို ပြောလိုက်သည်။ "သူတို့ကို အရင်ဆုံး နေရာချပေးလိုက်ပါ"

ကျောင်းပိုင်သည် အမိန့်ကို နာခံပြီး ထုန်ချွဲနှင့် ချန်အန်းတို့ကို အပြင်သို့ ခေါ်ဆောင်သွားခဲ့သည်။ သူတို့ ကျောက်လှေကားမှ ဆင်းလာချိန်တွင် သစ်သားစင်္ကြံလမ်း၏ အခြားတစ်ဖက်မှ သူတို့ဆီသို့ အလောတကြီး လျှောက်လှမ်းလာသော လီယောင်ကို တိုက်ဆိုင်စွာ မြင်တွေ့လိုက်ရ၏။

ချန်အန်းနှင့် ထုန်ချွဲတို့သည် ဖိန်ကျိုး၏ လက်ရှိ အခြေအနေကို သိပ်မသိကြသလို လီယောင်ကိုလည်း မသိကြချေ။ သို့သော် ဤဆံပင်ဖြူဖြူနှင့် အဘိုးအိုသည် ဝိန်းယွီ၏ လက်အောက်မှ အရေးကြီးသော အရာရှိတစ်ဦး ဖြစ်ရမည်ဟု သူတို့ ခန့်မှန်းနိုင်ခဲ့သည်။ နိုင်ငံရေး ကိစ္စများနှင့် ပတ်သက်၍ သူတို့ နှစ်ဦးစလုံးက လိမ္မာပါးနပ်စွာဖြင့် မေးခွန်းများစွာ မေးမြန်းခြင်းကို ရှောင်ကြဉ်ခဲ့ကြသည်။

ကျောင်းပိုင်သည် လီယောင်၏ ပုံပန်းသဏ္ဍာန်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်၏။

ချန်အန်းက ရုတ်တရက် မေးလိုက်လေသည်။ "ဒါနဲ့ စစ်သူကြီးရှောင်းက ဖိန်ကျိုးမှာ ဆက်တိုက် စွမ်းဆောင်ရည်တွေ ပြနေတယ်လို့ ကျွန်တော် ကြားတယ်။ ဒီနေ့ အိမ်တော်မှာ ညစာစားပွဲ ရှိတယ်ဆိုတော့ သူရော ရောက်နေလား။ ထုန်ကျိုးမြို့အပြင်ဘက်မှာ လမ်းခွဲခဲ့ကတည်းက သူ့ကို မတွေ့ရသေးဘူး။ အဆင်ပြေရင် သူ့ကို ခဏလောက် သွားတွေ့ချင်လို့ပါ"

ကျိုးအိမ်တော်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သဖြင့် ချန်အန်းသည် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရာတွင် အလွန် ကျွမ်းကျင်သူ ဖြစ်သည်။ ထိုသို့ မေးမြန်းရခြင်းမှာ ရှောင်းလိကို တကယ် မြင်တွေ့လိုသော ဆန္ဒကြောင့်လည်း ဖြစ်သလို ဖိန်ကျိုးသို့ ကံကောင်းထောက်မစွာ ရောက်ရှိလာသော ထုန်ချွဲနှင့် အခြား အသက်ရှင်ကျန်ရစ်သည့် ကျိုးအိမ်တော် အစောင့်များအတွက် ဤနေရာသစ်တွင် လျင်မြန်စွာ အသားကျစေရန် စကားစမြည် ပြောဆိုစရာ အကြောင်းအရာများကို ရှာဖွေခြင်းလည်း ဖြစ်ပေသည်။

ကျိုးကျင့်အန်းက သူတို့ကို ဝိန်းယွီထံ တာဝန်ချထားပေးခဲ့သည့် အချိန်မှစ၍ သူတို့သည် သူမ၏ လူများ ဖြစ်လာခဲ့ကြပြီ ဖြစ်သည်။

တောင်ပိုင်းသို့ သွားသော ခရီးစဉ်အတွင်း ဝိန်းယွီကို ကာကွယ်ရန် သူတို့၏ အသက်ကို ပေးဆပ်ခဲ့ကြသဖြင့် သူမသည် သူတို့၏ စွမ်းဆောင်မှုများကို မှတ်မိနေခဲ့သည်။ သို့သော် ယခုအချိန်တွင် ဖိန်ကျိုး၏ အခြေအနေက တည်ငြိမ်နေပြီ ဖြစ်ရာ ဝိန်းယွီတွင် လူအင်အား ပြတ်လပ်မှု မရှိတော့ချေ။

သူတို့က အပြီးတိုင် အနားယူရန် မရည်ရွယ်ထားသရွေ့ ဝိန်းယွီနောက်သို့ ဆက်လက် လိုက်ပါလိုပါက လက်ရှိ ဖိန်ကျိုး အိမ်တော် အစောင့်များနှင့် မလွဲမသွေ ဆက်ဆံရလိမ့်မည်။

သူတို့အားလုံးသည် ဝိန်းယွီ၏ လက်ထဲက ဓားများ ဖြစ်ကြသည်။ သို့သော် သခင်အတွက် မည်သည့်ဓားက ပိုအသုံးဝင်မည် ဆိုသည်မှာ ဓား၏ ထက်မြက်မှုအပေါ်တွင်သာမက သခင်၏ ရည်ရွယ်ချက်များကို ပိုင်းခြားသိမြင်နိုင်စွမ်း အပေါ်တွင်လည်း မူတည်နေ၏။

ထို့အပြင် ဓားများ အချင်းချင်း မည်သို့ အတူတကွ ယှဉ်တွဲနေထိုင်ကြသည် ဆိုသည့်အပေါ်တွင်လည်း မူတည်နေလေသည်။

မိမိ၏ ဓားများ အချင်းချင်း ပြန်လည် တိုက်ခိုက်နေကြသည်ကို ဘယ်သခင်ကမှ မမြင်လိုကြချေ။ ထို့ကြောင့် အထက်လူကြီးများနှင့် ဖြစ်စေ၊ လက်အောက်ငယ်သားများနှင့် ဖြစ်စေ ဆက်ဆံရာတွင် စကားအပြောအဆိုနှင့် အပြုအမူများ၌ သိမ်မွေ့မှုများ ရှိနေရလိမ့်မည်။

ကျောင်းပိုင်သည် လီယောင် လာရောက်ခြင်းမှာ ရှောင်းလိ ရာထူးမှ နုတ်ထွက်ပြီး ထွက်ခွာသွားခြင်းနှင့် ပတ်သက်နေသလားဟု စဉ်းစားခန်း ဝင်နေစဉ် ချန်အန်း၏ မေးခွန်းကို ကြားလိုက်ရသည်။ ကျောင်းပိုင်က ခံစားချက်မဲ့စွာဖြင့် ပြန်ဖြေလိုက်လေသည်။ "ပတ်ဝန်းကျင် ဒေသတွေမှာ ဓားပြတိုက်မှုတွေက အရမ်း ဆိုးရွားနေတယ်။ စစ်သူကြီးရှောင်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ဓားပြနှိမ်နင်းဖို့ တောင်ပေါ်ကို တက်သွားတာ အခုထိ ပြန်မလာသေးဘူး"

ခရီးစဉ်အတွင်း စစ်ပွဲအပြီး ပေါ်ပေါက်လာသော ဓားပြတိုက်မှုများကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသဖြင့် ချန်အန်းနှင့် ထုန်ချွဲတို့သည် ဤအဖြေကို သံသယ မဝင်ခဲ့ကြချေ။

လီယောင်သည် ပင်မခြံဝင်းအတွင်း ဝိန်းယွီ ပြင်ဆင်ထားသော စာကြည့်ခန်းထဲသို့ ဝင်ရောက်လာချိန်တွင် အစေခံများက လတ်ဆတ်သော လက်ဖက်ရည်များကို ယူဆောင်လာပေးခဲ့သည်။

ဝိန်းယွီသည် လက်ဖက်ရည်အိုးကို ကိုယ်တိုင်မကာ သူ့အတွက် တစ်ခွက် ငှဲ့ပေးလိုက်၏။ သို့သော် သူမက သူ့ကို မထိုင်ခိုင်းရသေးမီမှာပင် လီယောင်က တိုက်ရိုက် ဦးညွှတ်ကာ ပြောလိုက်လေသည်။ "ဖေမျိုးနွယ် သူပုန်ရဲ့ သူလျှို ရှောင်းလိကို အခုချက်ချင်း ဖမ်းဆီးဖို့ အမိန့်ပေးပါလို့ မင်းသမီးကို ကျွန်တော်မျိုး တောင်းဆိုပါတယ်"

ဝိန်းယွီ၏ လက်ကောက်ဝတ်က ရပ်တန့်သွားပြီး ခရမ်းရောင် မြေအိုးထဲမှ စီးကျနေသော ကြည်လင်သည့် လက်ဖက်ရည်စီးကြောင်းလေး ပြတ်တောက်သွားတော့သည်။ သူမက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဆရာ... ဒီစကားက ဘာအဓိပ္ပာယ်လဲ"

လီယောင်သည် မော့ကျိုးမှ ပေးပို့လာသော စာကို စားပွဲပုလေးပေါ်တွင် တင်လိုက်ပြီး သူ့ဒေါသများ ပေါက်ကွဲထွက်လာကာ အော်ဟစ်လိုက်လေသည်။ "ရှီဇီဖေးက ရှောင်းလိဟာ ဖေစုန့် ထည့်ထားတဲ့ သူလျှိုဖြစ်တယ်ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုပြီး စာရေးလိုက်တာပါ"

ဝိန်းဟန်သည် ကွယ်လွန်ပြီးနောက် အိမ်ရှေ့မင်းသား ချန်ကျာအဖြစ် ဂုဏ်ပြုခံခဲ့ရသဖြင့် လီယောင် ရည်ညွှန်းသော ရှီဇီဖေးမှာ ကျန်းယီချူးမှလွဲ၍ အခြားသူ မဟုတ်ပေ။

ယခင်က ကျန်းယီချူးနှင့် လျှို့ဝှက် စာပေးစာယူ အားလုံးကို ဝိန်းယွီ ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးခဲ့သည်။ သို့သော် နန်ချန်သို့ သွားရောက် လက်ထပ်ရတော့မည် ဖြစ်သဖြင့် ကျန်းယီချူးထံမှ မည်သည့် အရေးပေါ် သတင်းစကားကိုမဆို ဝိန်းယွီ စစ်ဆေးရန်အတွက် နန်းတော်သို့ ဦးစွာ ပေးပို့ရမည် ဖြစ်သည်။ ထို့နောက်မှသာ ဖိန်ကျိုးသို့ အမိန့်များ ထုတ်ပြန်နိုင်မည် ဖြစ်ရာ ထိုလုပ်ငန်းစဉ်က သေချာပေါက် နှောင့်နှေးမှုများကို ဖြစ်ပေါ်စေလိမ့်မည်။

ထို့ကြောင့် မကြာသေးမီက အုပ်ချုပ်ရေး တာဝန်များကို လွှဲပြောင်းပေးချိန်တွင် ဝိန်းယွီသည် ဤလျှို့ဝှက်စာများကို ကိုင်တွယ်ဖြေရှင်းရန် အာဏာကိုလည်း လီယောင်ထံသို့ လွှဲပြောင်းပေးခဲ့သည်။ သူက အရေးပေါ် ဆုံးဖြတ်ချက်များကို အရင်ဆုံး ချမှတ်မည်ဖြစ်ပြီး ထို့နောက် သူမ၏ နောက်ဆက်တွဲ တာဝန်ချထားမှုများအတွက် နန်ချန်သို့ အမြန်ဆုံး ပေးပို့ရမည် ဖြစ်သည်။

လီယောင်၏ ဒေါသတကြီး ပြောဆိုလိုက်သော စကားများကို ကြားသောအခါ ဝိန်းယွီသည် မျက်လုံးများကို ပင့်လိုက်ပြီး အလိုအလျောက် ငြင်းဆိုလိုက်၏။ "ဒါ မဖြစ်နိုင်ဘူး"

ရှောင်းလိအပေါ် ဝိန်းယွီ၏ ကာကွယ်ပေးလိုသော သဘောထားကို သတိပြုမိသွားသဖြင့် လီယောင်၏ မျက်နှာအမူအရာက ပို၍ မည်းမှောင်သွားတော့သည်။ "ဒီလူငယ်က မင်းသမီးအပေါ် ကျေးဇူးရှိခဲ့ပြီး ဖိန်ကျိုးရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းပေးရင်း ကြီးမားတဲ့ စွမ်းဆောင်ရည်တွေကို အကြိမ်ကြိမ် ပြသခဲ့တယ်ဆိုတာကို ကျွန်တော်မျိုး သိပါတယ်။ သူက သူလျှိုတစ်ယောက် ဆိုတာကို မင်းသမီး ယုံကြည်ဖို့ ခက်ခဲနေလိမ့်မယ်။ ဒါပေမယ့် ကောက်ချက်မချခင် ဒီစာကို အရင်ဆုံး ဖတ်ကြည့်ပါလို့ ကျွန်တော်မျိုး တောင်းဆိုပါတယ်"

လီယောင်၏ လေသံတွင် ပုံမှန်မဟုတ်သည်ကို ရိပ်မိသွားသဖြင့် ဝိန်းယွီသည် စားပွဲပေါ်မှ စာကို ကောက်ယူလိုက်ပြီး ဖတ်ရှုရန် ဂရုတစိုက် ဖြန့်လိုက်၏။

သူမ၏ မျက်လုံးများက လက်ရေးစာကြောင်း တစ်ကြောင်းပြီးတစ်ကြောင်း ဖတ်ရှုနေစဉ် သူမ၏ မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိသော်လည်း သူမ၏ အကြည့်များကတော့ ပိုလို့ပင် နက်နဲလာတော့သည်။

လီယောင်သည် ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။ "အဲဒီ ဖေမျိုးနွယ်ခွေးက တကယ့်ကို အကြံပိုင်လွန်းတယ်။ ပထမဆုံး သူ့အမေသေဆုံးမှုအတွက် ကလဲ့စားချေချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းသမီးဘေးကို သံသယမဖြစ်အောင် ဝင်ရောက်လာတယ်။ ပြီးတော့ သိမ်းငှက်အမဲလိုက်ခွေးတွေကို လွှတ်ပြီး အတုအယောင် လိုက်ဖမ်းခိုင်းတယ်။ သူ့ကို အသက်စွန့်ပြီး မင်းသမီးကို ကာကွယ်ပေးတဲ့ပုံစံ လုပ်ခိုင်းပြီး မင်းသမီးရဲ့ ယုံကြည်မှုကို ရယူခဲ့တာ။ ဒါက လူအိုကြီး ကျွန်တော်မျိုးရဲ့ အမှားလည်း ပါပါတယ်။ သူ့ရဲ့ စစ်ရေးဗျူဟာတွေက ချင်ယီနဲ့ တူနေတာကို မြင်လိုက်ရကတည်းက တစ်ခုခု မှားနေပြီဆိုတာကို ကျွန်တော်မျိုး ရိပ်မိခဲ့သင့်တာ။ သူက ချင်ယီရဲ့ တပည့်ပဲ။ မင်းသမီး ထိန်းချုပ်ထားတဲ့ ပြည်နယ် ၃ ခုနဲ့ ခရိုင် ၁ခုလုံးကို တစ်ကြိမ်တည်းနဲ့ သိမ်းပိုက်ဖို့အတွက် မင်းသမီးဘေးမှာ ပုန်းအောင်းနေခဲ့တာ"

ဝိန်းယွီသည် စာကို ချလိုက်၏။ "ဒီစာမှာ သံသယဖြစ်စရာတွေ အများကြီး ရှိနေတယ်။ ကျွန်မ သူ့အမေဆီကနေ ကျေးဇူးခံစားခဲ့ရဖူးပြီး သူတို့အိမ်မှာ ခဏ နေခဲ့ဖူးတယ်။ ဒါပေမယ့် သူနဲ့ ဖေစုန့်ကြားမှာ ဘာအဆက်အသွယ်မှ မတွေ့ခဲ့ရဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဖေစုန့်ဘက်ကို ကူးပြောင်းသွားတဲ့ ယုံကျိုးရဲ့ ဒုစစ်သူကြီး ဟော်ခွန်းရဲ့ အစီအစဉ်တွေကို သူက နှောင့်ယှက်ခဲ့လို့သာ သူ့မိသားစုတစ်ခုလုံး အသတ်ခံခဲ့ရတာ"

လီယောင်က ပြတ်ပြတ်သားသား ပြန်လည် ချေပလိုက်လေသည်။ "ဟော်ခွန်းက သူ့ကို သတ်ဖို့ ကြိုးစားခဲ့တာကလည်း ဟန်ဆောင်မှုတစ်ခု ဖြစ်နေရင်ရော"

ဝိန်းယွီက ပြန်လည် ချေပလိုက်လေသည်။ "ဟော်ခွန်းကသာ ကျိုးလူကြီးမင်းကို ထိန်းချုပ်ထားနိုင်ခဲ့ရင် ယုံကျိုး တစ်ခုလုံးက ဖေစုန့် လက်ထဲ ရောက်သွားမှာပေါ့။ ရှောင်းလိကသာ ဖေစုန့်ရဲ့ လူဆိုရင် ဖေစုန့်က ဘာလို့ သူတို့ကို ဒီလို ဟန်ဆောင်ဇာတ်လမ်းတွေ လုပ်ခိုင်းရမှာလဲ။ အဲဒီလို လုပ်လို့ ယုံကျိုးမှာ ဟော်ခွန်း သေသွားရပြီး နောက်ဆုံးမှာ ကျိုးလူကြီးမင်းလည်း ကြိုးဆွဲချပြီး အရှုံးပေးလိုက်ရတာပဲ မဟုတ်လား"

လီယောင်က ငြင်းခုံလိုက်လေသည်။ "အဲဒီ ဖေမျိုးနွယ်ခွေးက အမြဲတမ်း ဖောက်ပြန်တတ်တယ်။ သူက ဟော်ခွန်းလို အောက်တန်းကျတဲ့ လူယုတ်မာတစ်ယောက်ကို အလွယ်တကူ စွန့်ပစ်လိုက်တာလည်း ဖြစ်နိုင်တယ်။ ဟော်ခွန်းက ကြွက်တစ်ကောင်လို ဘက်ပြောင်းဖို့ အလျင်စလို ဖြစ်နေတာကို သူ ရွံရှာလို့ ဖြစ်လိမ့်မယ်။ အဲဒီနှစ်ယောက်ကို ဟန်ဆောင်ဇာတ်လမ်း လုပ်ခိုင်းတာက မင်းသမီးကို ပုန်းအောင်းနေတဲ့ နေရာကနေ ထွက်လာအောင် ဖိအားပေးဖို့ ဖြစ်နိုင်တယ်။ ကျိုးကျင့်အန်း ကြိုးဆွဲချ သေဆုံးသွားတာက တကယ်ကို မမျှော်လင့်ထားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်သွားပြီး သူ့ရဲ့ တွက်ချက်မှုတွေကို ပျက်စီးသွားစေတာ။ ဒါကြောင့် ယုံကျိုးကို သိမ်းပိုက်ဖို့ ခဏတာ နှောင့်နှေးသွားတာပါ။ မင်းသမီး... အတိတ်က ကျေးဇူးတွေကြောင့် အမှားနဲ့ အမှန်ကို မခွဲခြားနိုင်တာမျိုး မဖြစ်ပါစေနဲ့"

သူက ရှောင်းလိကို အရင်ဖမ်းဆီးထားရန် ဖန့်ယွမ်ကို ညွှန်ကြားခဲ့သော်လည်း ရှောင်းလိသည် လွန်ခဲ့သော နှစ်ရက်ကတည်းက ရာထူးမှ ရုတ်တရက် နုတ်ထွက်ကာ ဖိန်ကျိုးမှ ထွက်ခွာသွားကြောင်း သိလိုက်ရသည်ကို ပြန်လည် သတိရမိသဖြင့် လီယောင်သည် ပို၍ စိုးရိမ်လာတော့သည်။ သူက ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်လေသည်။ "ကျွန်တော်မျိုး ဖန့်ယွမ်ကို ဒီလူငယ်ကို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ပေမယ့် သူက စစ်ဘက်ဆိုင်ရာ ရာထူးကနေ နုတ်ထွက်ပြီး ဖိန်ကျိုးကနေ ထွက်သွားပြီလို့ သတင်းရခဲ့ပါတယ်။ ဒါက အပြစ်ပေးခံရမှာကို ရှောင်ဖို့ သတင်းကြားတာနဲ့ ထွက်ပြေးသွားတာက ရှင်းနေတာပဲ မဟုတ်လား။ မင်းသမီး ဒီကိစ္စကို သိတယ်လို့ ကျွန်တော်မျိုး ကြားပါတယ်။ ဒါပေမယ့် မင်းသမီးက ဘာဖြစ်လို့ သူ့ကို စောစောစီးစီး လိုက်မဖမ်းခဲ့လဲ ဆိုတာကိုတော့ ကျွန်တော်မျိုး နားမလည်နိုင်ပါဘူး။ ဒါပေမယ့် အခြေအနေအရပ်ရပ်ကို ဦးစားပေးပြီး သူ့ကို အခုချက်ချင်း ဖမ်းဆီးဖို့ အမိန့်ပေးပါလို့ ကျွန်တော်မျိုး တောင်းဆိုပါတယ်။ သူက ဖိန်ကျိုးရဲ့ လျှို့ဝှက်ချက် အများကြီးကို သိထားတယ်။ သူသာ ဖေစုန့်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားမယ် ဆိုရင် တာ့လျန်ပြည်ကြီးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်သွားပါလိမ့်မယ်"

"သူက သူလျှို မဟုတ်ဘူး" ဝိန်းယွီက ထပ်ပြောလိုက်ပြန်သည်။ သူမ၏ လေသံက တည်ငြိမ်ပြတ်သားနေဆဲ ဖြစ်ပြီး ရှင်းပြလိုက်လေသည်။ "ဟော်ခွန်းက ယုံကျိုးကို သိမ်းပိုက်လိုက်တဲ့ ဖရိုဖရဲ အခြေအနေမှာ သူ့ရဲ့ မောင်နှမတွေ သေဆုံးသွားခဲ့တယ်။ သူ့အမေလည်း ဒုက္ခရောက်လုနီးပါး ဖြစ်ခဲ့ရတယ်။ ဘယ်သူကများ ဟန်ဆောင်တာကို ဒီလောက်အထိ အစွမ်းကုန် လုပ်မှာလဲ။ ပြီးတော့ ဒီအစီအစဉ်က ကျွန်မကို ပုန်းအောင်းနေတဲ့ နေရာကနေ ထွက်လာအောင် ဖိအားပေးဖို့ ဆိုရင်တောင် သူတို့က ကျွန်မကို သံသယရှိတာနဲ့ ဖမ်းဆီးပြီး နှိပ်စက်လို့ ရနေတာပဲ။ ဘာဖြစ်လို့ ဒီလောက် ရှုပ်ထွေးတဲ့ နည်းလမ်းတွေကို သုံးနေရမှာလဲ။ ကျွန်မ ဘယ်သူလဲဆိုတာကို အတည်ပြုပြီးတဲ့နောက်မှာ ကျွန်မရဲ့ အသက်ကို ယူဖို့ အခွင့်အရေးတွေ အများကြီး ရှိခဲ့တယ်။ ဘာဖြစ်လို့ ကျွန်မကို တောင်ပိုင်းကို ပို့ဆောင်ဖို့ သူတို့ရဲ့ အသက်တွေကို စွန့်စားနေစရာ လိုမှာလဲ"

ဝိန်းယွီက ခေါင်းမာနေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် လီယောင်သည် စိုးရိမ်စိတ်နှင့် ဒေါသတို့ ရောယှက်သွားတော့သည်။ ကျန်းယီချူး ပေးပို့လိုက်သော စာကို လက်ညှိုးထိုးကာ သူက မေးလိုက်လေသည်။ "သူက သူလျှို မဟုတ်ဘူးဆိုရင် ရှီဇီဖေးရဲ့ စာက အတုလို့ မင်းသမီးက ပြောချင်တာလား။ အဲဒီ လူယုတ်မာနဲ့ ဖေမျိုးနွယ် သူပုန်တို့က မင်းသမီးရဲ့ ယုံကြည်မှုကို ရဖို့ အရင်ဆုံး ကြံစည်ခဲ့တာပါ။ ပြီးတော့ ဓားပြနဲ့ ပူးပေါင်းပြီး ဖိန်ကျိုးကို တစ်ကြိမ်တည်းနဲ့ သိမ်းပိုက်ဖို့ အခွင့်အရေးကို စောင့်နေတာ။ သူတို့က ကိုယ့်ကိုယ်ကိုယ် စတေးတဲ့ ဟန်ဆောင်ဇာတ်လမ်း အနည်းငယ် လုပ်ဖို့လောက်ကတော့ ရက်စက်နိုင်ကြမှာ သဘာဝပဲလေ။ မင်းသမီး သူ့ရဲ့ လှည့်စားမှုကို မခံပါနဲ့"

ထိုစာကို လက်အောက်ငယ်သားများက စာအိတ်ပေါ်ရှိ လျှို့ဝှက် အမှတ်တံဆိပ်နှင့် ပုံစံများကို အတည်ပြုပြီးမှသာ ဆက်သခဲ့ခြင်း ဖြစ်သည်။ စာပေါ်ရှိ လက်ရေးကပင် ဝိန်းယွီနှင့် အလွန် ရင်းနှီးကျွမ်းဝင်နေသည့် လက်ရေးဖြစ်ပြီး သူမ၏ ယောက်မကိုယ်တိုင် ရေးသားထားခြင်း ဖြစ်ကြောင်း အမှားအယွင်း မရှိနိုင်ချေ။

"ဆရာ ဒေါသမထွက်ပါနဲ့။ ယန်ချွဲ့ကို မကွပ်မျက်ခင်က ဖေစုန့်ဆီကို သတင်းမှားတွေ ပေးပို့ခွင့် ပြုခဲ့သလိုပဲ ကျွန်မက ဒါဟာလည်း ဖေစုန့်ရဲ့ ယုတ်မာတဲ့ အကြံအစည်တွေထဲက တစ်ခု ဖြစ်နေမလားလို့ စိုးရိမ်မိတယ်။ လျှို့ဝှက် အမှတ်တံဆိပ်နဲ့ လက်ရေးက အပြစ်ပြောစရာ မရှိပေမယ့် ဖေစုန့်က ကျွန်မရဲ့ ယောက်မ ကျွန်မနဲ့ လျှို့ဝှက် အဆက်အသွယ် ရှိနေတယ်ဆိုတာကို သိပြီးသားဖြစ်နေပြီး ဒီထောင်ချောက်ကို တမင်သက်သက် ဆင်ထားတာဆိုရင်တော့ ကျွန်မတို့က သူ့ရဲ့ လှည့်ကွက်ထဲကို တန်းတန်းမတ်မတ် ဝင်သွားသလို ဖြစ်လိမ့်မယ်"

လီယောင်သည် ဝိန်းယွီ၏ စိတ်နေသဘောထားကို ကောင်းစွာ သိရှိထားသည်။ သူ၏ နေဝင်ချိန် အရွယ်တွင် တပည့်အဖြစ် လက်ခံခဲ့သော ဤတပည့်သည် သူမ၏ နည်းလမ်းများနှင့် ပြတ်သားမှုတို့ဖြင့် သူ့ကို အမြဲတမ်း ကျေနပ်စေခဲ့သည်။ သို့သော် ယနေ့တွင်တော့ သူမသည် ခိုင်လုံသော သက်သေအထောက်အထားများ ရှိနေသည့် သစ္စာဖောက် စစ်သူကြီးတစ်ဦးကို အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ပြီး သူ ရာထူးမှ နုတ်ထွက်ကာ ပျောက်ဆုံးသွားသည့် သတင်းကိုပင် ဖုံးကွယ်ထားခဲ့သည်။

ယခင်က သူ ဖိနှိပ်ထားခဲ့သော သံသယများသည် ယခုအခါ ပြန်လည် ပေါ်ထွက်လာပြီး သူ၏ နှလုံးသားထဲတွင် ပြင်းထန်သော မီးတောက်ကြီးတစ်ခုကဲ့သို့ တောက်လောင်လာကာ သူ၏ အတွင်းကလီစာများကိုပါ နာကျင်စွာ လောင်ကျွမ်းစေတော့သည်။

သူ ထောက်ခံအားပေးသော တော်ဝင်မင်းသမီးကို ဤကဲ့သို့ ယုတ်မာပြီး ကြိုးကိုင်ခြယ်လှယ်သည့် နည်းလမ်းများဖြင့် ဖျက်ဆီးခံရမည်ကို သူ လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။

လီယောင်သည် ဝိန်းယွီကို တင်းမာစွာ ကြည့်ပြီး တောင်းဆိုလိုက်လေသည်။ "သူက ချင်ယီဆီမှာ ပညာသင်ခဲ့တယ်ဆိုတဲ့ အချက်လေးတစ်ခုတည်းနဲ့တင် ငြင်းမရတဲ့ သက်သေ ဖြစ်နေပါပြီ။ မင်းသမီးက အဲဒီ ရှောင်းလူယုတ်မာအတွက် အကြိမ်ကြိမ် ဆင်ခြေပေးနေတယ်။ ဒီလူအိုကြီးက မေးဝံ့ပါတယ်။ မင်းသမီးက ပြည်နယ် ၃ ခုနဲ့ ခရိုင် ၁ ခုက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဘယ်လိုများ သဘောထားပါသလဲ။ ပြီးတော့ ကလဲ့စားချေရမယ့် အကြောင်းရင်းကိုကော မင်းသမီး ဘယ်လိုများ ယူဆပါသလဲ"

ဝိန်းယွီသည် လီယောင်၏ အကြည့်ကို ရင်ဆိုင်ရန် မျက်လုံးများကို ပင့်လိုက်၏။ သူမ၏ မျက်နှာအမူအရာက လျှပ်စီးလက်သကဲ့သို့ စူးရှနေသည်။ "ဆရာ... ကျွန်မ ဒီလို လုပ်တာက ကျွန်မရဲ့ ကိုယ်ပိုင် စဉ်းစားဆင်ခြင်မှုတွေ ရှိလို့ပါ။ မင်ဧကရာဇ်က သူ့ရဲ့ နှောင်းပိုင်းနှစ်တွေမှာ စိတ်ရှုပ်ထွေးပြီး သံသယ လွန်ကဲလာခဲ့တယ်။ သစ္စာရှိ ဝန်ကြီးတွေနဲ့ အရည်အချင်းရှိတဲ့ စစ်သူကြီးတွေ ဘယ်လောက်များ မတရား အသတ်ခံခဲ့ရလဲ။ တာ့လျန်ပြည်ကြီးရဲ့ အုတ်မြစ်က အဲဒီအချိန်ကစပြီး တစ်ဆင့်ပြီးတစ်ဆင့် ပြိုလဲလာခဲ့တာ။ အခု ကျွန်မ ခမည်းတော်နဲ့ အစ်ကိုတော်တို့ရဲ့ အမွေအနှစ်ကို ထိန်းသိမ်းပြီး ဒီနေရာကို ရောက်လာဖို့ အခက်အခဲပေါင်း များစွာကို သည်းခံဖြတ်သန်းခဲ့ရတယ်။ လျှို့ဝှက်စာ တစ်စောင်တည်းကို အခြေခံပြီး အပြစ်ရှိသူကို ခွင့်လွှတ်တာထက် အပြစ်ကင်းသူကို သတ်ပစ်ဖို့ ဆရာက မျှော်လင့်နေတာလား။ ရှောင်းလိက ချင်ယီဆီမှာ ပညာသင်ခဲ့သလား ဆိုတာကို ဒီစာနဲ့ သူ ပြသခဲ့တဲ့ စစ်ရေးဗျူဟာတွေကလွဲပြီး ဘယ်လိုမှ အတည်မပြုနိုင်ဘူး။ သူ့အမေက တကယ်ပဲ သေသွားပြီလား ဒါမှမဟုတ် ဖေစုန့်ရဲ့ ဖမ်းဆီးခြင်းကို ခံထားရသလား ဆိုတာလည်း မသိရဘူး။ မဖြေရှင်းနိုင်သေးတဲ့ သံသယတွေ ဒီလောက် အများကြီး ရှိနေတာကို စွမ်းဆောင်ရည်ရှိတဲ့ အရာရှိတစ်ယောက်ကို သစ္စာဖောက်အဖြစ် ကျွန်မက ဘယ်လိုလုပ်ပြီး သတ်မှတ်ရမှာလဲ"

လီယောင်သည် ဝိန်းယွီကို စိုက်ကြည့်နေပြီး လက်တစ်ဆစ်မျှပင် အလျှော့ပေးရန် ငြင်းဆန်လိုက်လေသည်။ "မင်းသမီးက ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ အုပ်ချုပ်သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ဒီလူအိုကြီးက ဘာမှ ပြောစရာ မရှိပါဘူး။ ဒါပေမယ့် အခု ရှောင်းလိက သူလျှိုအဖြစ် သံသယရှိခံရပြီး ရုတ်တရက် ရာထူးကနေ နုတ်ထွက်ကာ အရိပ်အယောင်တောင် မတွေ့ရဘဲ ပျောက်ကွယ်သွားပြီဆိုတော့ ဒီလူအိုကြီးက တာ့လျန်ပြည်ကြီးရဲ့ အုတ်မြစ်နဲ့ သိန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ အသက်တွေနဲ့ လောင်းကစား မလုပ်ရဲပါဘူး"

ဝိန်းယွီ၏ လက်ချောင်းထိပ်များသည် လက်သီးဆုပ်ထားမှုကြောင့် ဖြူဆုတ်သွားတော့သည်။ "သူ ရာထူးကနေ နုတ်ထွက်တာကို ကျွန်မ သိပါတယ်။ ကောလာဟလတွေ ကြားပြီး ထွက်ပြေးသွားတာ မဟုတ်ပါဘူး။ ဂုဏ်ပြုဆု ချီးမြှင့်တဲ့ အခမ်းအနား ပြီးရင် ကျွန်မတို့က ချန်ပြည်နယ်၊ မြောက်ပိုင်းဝေ့ပြည်နယ်တို့နဲ့ သုံးပွင့်ဆိုင် မဟာမိတ်ဖွဲ့ဖို့ ဆွေးနွေးရဦးမယ်လေ။ ရှုပ်ထွေးမှုတွေ မဖြစ်အောင်လို့ ကျွန်မ ဒီသတင်းကို ဖုံးကွယ်ထားခဲ့တာပါ"

လီယောင်က အလျှော့မပေးဘဲ ဖိအားပေးလိုက်လေသည်။ "သူ ဘာဖြစ်လို့ ရာထူးကနေ နုတ်ထွက်ခဲ့တာလဲဆိုတာ ကျွန်တော်မျိုး မေးလို့ ရမလား"

ဝိန်းယွီက မျက်လုံးများကို မှိတ်လိုက်၏။ "ဆရာ... ဒါက စစ်သူကြီးရှောင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ"

ဤစကားများသည် လီယောင်၏ နှလုံးသားထဲရှိ သံသယများကို သံသယကင်းမဲ့စွာဖြင့် ပိုမို ခိုင်မာသွားစေသည်။ သူ၏ ဒေါသများက ပိုပြင်းထန်လာတော့သည်။ "ကောင်းပြီ" ဟု သုံးကြိမ်ဆက်တိုက် ပြောပြီးနောက် သူသည် သူ၏ ဝတ်ရုံကို တိုက်ရိုက် လွှဲဖယ်လိုက်ကာ တောင်ဝှေးကို အားပြုလျက် ဝိန်းယွီရှေ့တွင် ဒူးထောက်လိုက်လေသည်။ "ရှောင်းလိရဲ့ သူလျှို အဆင့်အတန်းက ငြင်းခုံစရာ ဖြစ်နေရင်တောင် ဒီကိစ္စက တာ့လျန်ပြည်ကြီးရဲ့ အုတ်မြစ်နဲ့ ပြည်နယ် ၃ ခု၊ ခရိုင် ၁ ခုက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ သက်ဆိုင်နေတယ်။ နောက်ထပ် စဉ်းစားဆုံးဖြတ်ဖို့အတွက် အသေခံစစ်သည်တွေကို လွှတ်ပြီး ဒီလူကို ဖိန်ကျိုးဆီ အရင်ဆုံး ပြန်ခေါ်လာဖို့ မင်းသမီးကို ဒီလူအိုကြီး တောင်းဆိုပါတယ်"

သူသည် ဝိန်းယွီကို စိုက်ကြည့်ရင်း သူ၏ လေသံက ပြတ်သားပြီး လေးနက်နေ၏။ "ဒီလူအိုကြီးက သူ့အပေါ် အပြစ်လုပ်မိတယ်ဆိုရင် အရာအားလုံးကို စုံစမ်းစစ်ဆေးပြီးတာနဲ့ သူ့ကို ဒူးထောက်ပြီး ခေါင်းငုံ့ တောင်းပန်ဖို့ ကျွန်တော်မျိုး ဝန်မလေးပါဘူး"

၎င်းမှာ အခြေခံအားဖြင့် အတင်းအကျပ် ဖိအားပေးခြင်းပင်။

အသေခံစစ်သည် ဆိုသည်မှာ လက်ရှိတွင် ဝိန်းယွီကို လျှို့ဝှက်စွာ ခစားနေသော အရိပ်သက်တော်စောင့်ပင် ဖြစ်သည်။

ခန်းမဆောင်အတွင်း ဖြတ်တိုက်သွားသော လေပြေက ဝိန်းယွီ၏ ဆံနွယ်များနှင့် ဝတ်ရုံများကို လှုပ်ခတ်သွားစေသည်။ သူမရှေ့တွင် ဒူးထောက်နေသော အဘိုးကြီးကို ကြည့်ရင်း ထိုအခိုက်အတန့်တွင် "ထိပ်ဆုံးနေရာက အထီးကျန်ခြင်း" ဆိုသည်မှာ ဘာကို ဆိုလိုကြောင်း သူမ ရုတ်တရက် နားလည်သွားခဲ့သည်။

သူမ ဤလမ်းကြောင်းပေါ်တွင် ရှေ့ဆက်လျှောက်လေလေ၊ သူမကိုယ်တိုင် ဖြစ်တည်မှုက နည်းပါးလာလေလေ ဖြစ်ပြီး သူမသည် အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်ခွင့် မရှိသော တာ့လျန်၏ မင်းသမီး တစ်ပါးမျှသာ ဖြစ်ပေသည်။

ထိုအခိုက်အတန့်လေးတွင် သူမ၏ နှလုံးသားထဲ၌ ဝမ်းနည်းနေသလား၊ သို့မဟုတ် တွေဝေနေသလား ဆိုသည်ကို မခွဲခြားနိုင်တော့ချေ။ နောက်ဆုံးတွင် သူမသည် ကြည်လင်ပြီး နက်ရှိုင်းသော စကားတစ်ခွန်းကိုသာ ရေရွတ်လိုက်လေတော့သည်။ "ခွင့်ပြုတယ်"

...

All Chapters