← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

အပိုင်း (၉၈)

ရှောင်းလိက ကျန်းဟွိုင်ကို နှစ်ချက်ခန့် အကဲခတ်ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ ပြောင်းလဲခြင်းမရှိဘဲ ပြောလိုက်သည်။ "မင်း နောက်နေတာပဲ။ အဲဒီနေ့က ကယ်ခဲ့တာက လမ်းသွားရင်း မတရားတာတွေ့လို့ ဝင်ကူညီခဲ့ရုံပါ။ ငါလို လူကြမ်းတစ်ယောက်က အခုတောင် အလုပ်အကိုင် ရှာနေရတာဆိုတော့ မင်းပြောတဲ့စကားတွေကို လက်မခံရဲပါဘူး"

သူက လှည့်ထွက်လာခဲ့လိုက်သည်။ ထိုစဉ် သူ့အနောက်ဘက်မှ ကျန်းဟွိုင်၏ ပြတ်သားသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ "ကျေးဇူးရှင်ရဲ့ ဒီခရီးစဉ်က ထုံကျိုးကိုသွားမလို့ မဟုတ်လား"

ရှောင်းလိ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များသည် ရုတ်တရက် ပြင်းထန်လာသည်။ ကျန်းဟွိုင်က ထိုအခြေအနေကို မြင်ပြီး တစ်စုံတစ်ခု ဆက်ပြောရန် ပြင်လိုက်၏။ သို့သော် လည်ချောင်းတွင် ရုတ်တရက် တင်းကျပ်သွားသည်ကိုသာ ခံစားလိုက်ရသည်။ သူ သတိဝင်လာချိန်တွင်တော့ လည်ပင်းကို အညှစ်ခံထားရလျက် ဘေးနားရှိ မှောင်နေသည့်လမ်းကြားထဲသို့ ဆွဲသွင်းခံလိုက်ရသည်။

ဈေးထဲတွင် လူအသွားအလာ များပြားလှပြီး အလွန်စည်ကားနေသည်။ ဤရုတ်တရက် ဖြစ်ပေါ်သွားသော အပြောင်းအလဲကို ဘယ်သူကမှ သတိမထားမိကြချေ။

"မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ" ကျန်းဟွိုင်၏ လည်စလုတ်ကို ညှစ်ထားသော ရှောင်းလိ၏ လက်တစ်ဖက်မှ တံတောင်ဆစ်ကြွက်သားများသည် အားစိုက်ထားမှုကြောင့် အနည်းငယ် ဖောင်းကြွနေပြီး ဝါးခမောက်အောက်ရှိ မျက်လုံးများသည် အေးစက်နေ၏။

ကျန်းဟွိုင်က ရှောင်းလိ၏လက်ကို အားကုန်သုံးကာ ဆွဲဖယ်နေပြီး သူ့မျက်နှာနှင့် လည်ပင်းတို့မှာ နီရဲနေပြီဖြစ်ပြီး ခက်ခက်ခဲခဲဖြင့် ပြောလိုက်လေသည်။ "ကျွန်တော့်ကို ဘယ်သူမှ မလွှတ်ပါဘူး။ ကျွန်တော်က ကျေးဇူးရှင်နောက်ကို လိုက်ချင်လို့ ကျေးဇူးရှင်ရဲ့ သတင်းကို တစ်လမ်းလုံး စုံစမ်းပြီး လိုက်ရှာလာခဲ့တာပါ..."

ရှောင်းလိက သူ၏ ဤစကားကို လုံးဝ မယုံကြည်တာ သိသာနေပြီး အားပါလှသော လက်ချောင်းရှည်ကြီးများကို ပိုတင်းကျပ်လိုက်သည်။ ကျန်းဟွိုင်၏ လည်ချောင်းမှာ ပိုလို့ပင် မွန်းကျပ်လာပြီး မျက်လုံးများပင် အနည်းငယ် ပြာလာတော့သည်။

ရှောင်းလိက အေးစက်သော လေသံဖြင့် မေးလိုက်၏။ "ငါ ဒီမှာရှိနေတာကို မင်း ဘယ်လိုလုပ် သိတာလဲ"

ကျန်းဟွိုင်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ခက်ခဲစွာ အသံထွက်လာသည်။ "ကျေးဇူးရှင်က စစ်သားတွေကို သတ်... သတ်လိုက်တော့ ကျင်းကျိုးက သေ... သေချာပေါက် စစ်သားတွေလွှတ်ပြီး လိုက်ရှာလိမ့်မယ်။ ကျွန်တော်က စစ်သားတွေ တိုက်... တိုက်ခိုက်ခံရတဲ့ နေရာတွေကို စုံစမ်းပြီး တစ်လမ်းလုံး လိုက်... လိုက်ရှာလာခဲ့တာပါ..."

ဤအကြောင်းပြချက်က သူ ဤနေရာသို့ မည်သို့ ရောက်လာနိုင်သည်ကို အမှန်တကယ် ရှင်းပြနိုင်ပေသည်။ ရှောင်းလိသည် ကျန်းဟွိုင်၏ မျက်လုံးနှစ်ဖက်လုံး မွန်းကျပ်မှုကြောင့် သွေးကြောများ နီရဲလာချိန်တွင် သူ့လည်ချောင်းကို ညှစ်ထားသော လက်ကို လွှတ်ပေးလိုက်သည်။

ကျန်းဟွိုင်က လည်ပင်းကို ကိုင်ကာ အသဲအသန် ချောင်းဆိုးလိုက်ပြီးနောက် မောဟိုက်စွာဖြင့် ဆက်ရှင်းပြလိုက်၏။ "စစ်သားတွေ နောက်ဆုံးအကြိမ် တိုက်ခိုက်ခံရတာက မနေ့ကပါ။ ကျင်းကျိုးမြို့နဲ့ သိပ်မဝေးဘူး။ ကျေးဇူးရှင်က မြို့ထဲဝင်ပြီး သတင်းစုံစမ်းမယ်ဆိုရင် သေချာပေါက် ဒီဈေးကို လာလိမ့်မယ်လို့ ကျွန်တော် တွက်ထားလိုက်တယ်။ ဒါကြောင့် ကျေးဇူးရှင်နဲ့ ပြန်တွေ့နိုင်ဖို့ ရည်ရွယ်ပြီး ဒီနေရာမှာ ပုံပြင်ပြော၊ ဗေဒင်ဟောနေခဲ့တာပါ..."

ရှောင်းလိက သူ့စကားကို ဖြတ်ပြောလိုက်သည်။ "မင်းက ဖိန်ကျိုးကို သွားမှာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက် စိတ်ပြောင်းသွားရတာလဲ"

ကျန်းဟွိုင်က လည်ပင်းမှ ပူလောင်နေသော နာကျင်မှုကို အောင့်ခံကာ ရှောင်းလိကို ကြည့်ပြီး တောက်ပစွာ ပြုံးလိုက်လေသည်။ "ကျေးဇူးရှင် မေ့နေပြီလား။ ကျွန်တော်က ဗေဒင်တွက်တတ်တယ်လေ။ အဲဒီနေ့က ကျေးဇူးရှင် ကယ်တင်ပြီးတဲ့နောက်မှာ ကျေးဇူးရှင်က ကျွန်တော့်ကို ဖိန်ကျိုးကို သွားဖို့ လမ်းညွှန်ပေးခဲ့တယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဗေဒင်တစ်ခု တွက်ကြည့်လိုက်တော့ ဖိန်ကျိုးကို သွားတာက သာမန်ကံကြမ္မာပဲ ပြနေတယ်။ ဒါပေမဲ့ ကျေးဇူးရှင်နောက်ကို လိုက်တာကတော့ ကောင်းကျိုးတစ်ဝက်၊ ဆိုးကျိုးတစ်ဝက်လို့ ပြနေတယ်"

သူ့မျက်လုံးများထဲတွင် ထူးခြားသော အလင်းရောင်များ တောက်ပလာ၏။ "ကျွန်တော်က တစ်လမ်းလုံး ဒုက္ခခံပြီး အသိအမြင်ကြွယ်တဲ့သခင်ကို လိုက်ရှာနေခဲ့တာပါ။ သာမန်လူတစ်ယောက်အဖြစ်နဲ့တော့ လုံးဝ မနေချင်ဘူး။ ဖိန်ကျိုးက နေရာကောင်းတစ်ခု ဖြစ်နိုင်ပေမဲ့ ဟန့်ယန်မင်းသမီးရဲ့ လက်အောက်မှာက တော်တဲ့ပညာရှိတွေ အများကြီး ရှိနေပြီ။ ကျွန်တော် သွားရင်တောင် နေရာရဖို့ ခက်လိမ့်မယ်။ ဒါကြောင့် ကျွန်တော် လောင်းကြေးထပ်ကြည့်ချင်တယ်။ ဗေဒင်ထဲက ကောင်းကျိုးတစ်ဝက်၊ ဆိုးကျိုးတစ်ဝက်ဆိုတာ ဘယ်ကနေလာမလဲဆိုတာကို သိရအောင် ကျေးဇူးရှင်နောက်ကို လိုက်ပါရစေ"

ရှောင်းလိက မျက်နှာသေဖြင့် သူ ဆက်ပြောမည့်စကားကို စောင့်ဆိုင်းနေလိုက်သည်။ ကျန်းဟွိုင်၏ မျက်လုံးထဲမှ အလင်းရောင်များက ပိုလို့ပင် တောက်ပလာပြီး ပြောလိုက်လေသည်။ "ဖေစုန့်က ဒုက္ခသည် အများကြီးကို ကျင်းကျိုးဘက်ကို မောင်းထုတ်နေတယ်။ မော့ကျိုးမှာ သူ စုဆောင်းထားတဲ့ စစ်တပ်ကလည်း လှုပ်ရှားမှုတွေ ရှိနေပုံရတယ်။ တာ့လျန်နဲ့ နန်ချန် မဟာမိတ်တပ်တွေနဲ့ စစ်ခင်းရမယ့် နေရာကို ကျင်းကျိုးလို့ သူ သေချာပေါက် သတ်မှတ်ထားလိမ့်မယ်လို့ ကျွန်တော် တွက်ထားတယ်။ ကျေးဇူးရှင်က ဒီကို တစ်ယောက်တည်း ရောက်လာပြီး အရင်ကလည်း ကျင်းကျိုးစစ်သား အများကြီးကို သတ်ခဲ့ဖူးတယ်ဆိုတော့ ဖေစုန့်ဆီ သွားခိုလှုံဖို့ မဟုတ်တာ သေချာပါတယ်"

သူက ရှောင်းလိကို ကြည့်ကာ သူ၏ ခန့်မှန်းချက်များကို ဆက်ရှင်းပြလိုက်၏။ "ဒီနေရာကို စောင့်ကြပ်နေတဲ့ စစ်သူကြီး ဟန်ချီက ဖေစုန့်ရဲ့ ညာလက်ရုံးပဲ။ ဒါပေမဲ့ ကျေးဇူးရှင်က သူ့ကို သတ်လိုက်ရင်တောင် ဒီမှာရှိနေတဲ့ စစ်သည်သောင်းချီကို အမိန့်ပေးနိုင်မှာ မဟုတ်ဘူး။ ဖေစုန့်က အမိန့်တစ်ခွန်း ပေးလိုက်တာနဲ့ တခြားစစ်သူကြီး တစ်ယောက်ကို လွှတ်ပြီး နေရာယူခိုင်းလိုက်လို့ ရတယ်။ ဒါကြောင့် ကျေးဇူးရှင်ရဲ့ ရည်ရွယ်ချက်က အစကတည်းက ကျင်းကျိုးမဟုတ်ဘဲ ကျင်းကျိုးနဲ့ နီးတဲ့ ထုံကျိုးလို့ ကျွန်တော် ခန့်မှန်းမိတယ်"

ရှောင်းလိက ပြောလိုက်သည်။ "အဲဒီနှစ်ခုကြားမှာ ဘာအဆက်အစပ်မှ မရှိဘူး"

သို့သော် ကျန်းဟွိုင်က ပြုံးလိုက်ပြီး ပြောလိုက်၏။ "ထုံကျိုး လက်အောက်ခံ ခရိုင်မြို့ ဆယ့်ခုနစ်မြို့က လျန်ဧကရာဇ် အုပ်ချုပ်တဲ့ အချိန်ကတည်းက နန်းတွင်းက ထုံချန်ကို အဓိကမြို့တော်အဖြစ် သတ်မှတ်တာကို လက်မခံဘဲ ကိုယ့်သဘောနဲ့ကိုယ် နေခဲ့ကြတာ။ ဖေစုန့် ပုန်ကန်ပြီးတဲ့နောက်မှာ ထုံချန်က လေတိုက်ရာ ယိမ်းတဲ့မြက်လို အရင်ဆုံး သစ္စာဖောက်ခဲ့တယ်။ အဲဒီနောက် ဟန့်ယန်မင်းသမီးရဲ့လှည့်ကွက်ထဲ မိသွားပြီး ဖေစုန့်က စစ်တပ်လွှတ်ပြီး နှိမ်နင်းတာကို ခံရပြန်တယ်။ တခြားခရိုင်မြို့တွေက ထုံချန်ရဲ့ ဒီလုပ်ရပ်ကို အထင်သေးကြတယ်။ သူတို့ထဲမှာ တောင်ပေါ်ဓားပြတွေက မြို့ကို သိမ်းပြီး ဘုရင်လုပ်နေတာတွေ ရှိသလို ပြည်သူတွေ ပုန်ကန်ထကြွတာတွေလည်း ရှိတယ်။ အင်အားစုအမျိုးမျိုးက ရှုပ်ထွေးနေတာပဲ။ ဖေစုန့်က တာ့လျန်နဲ့ နန်ချန်ရဲ့ မြောက်ပိုင်းကို ချီတက်လာမယ့် မဟာမိတ်တပ်တွေကို စိတ်ချလက်ချ ရင်ဆိုင်နိုင်ဖို့ အခု အဲဒီခရိုင်မြို့တွေကို သူ့ဆီလာပေါင်းဖို့ အစွမ်းကုန် ကြိုးစားနေတယ်။ ကျင်းကျိုးက မြို့စောင့်တပ်မှူး သေသွားတာက ကျင်းကျိုးရဲ့ အခြေအနေကို မထိခိုက်နိုင်ပေမဲ့ ဖေစုန့်က ထုံကျိုးက မြို့တွေကို သိမ်းသွင်းနေတဲ့ အရှိန်ကိုတော့ ရပ်တန့်သွားစေလိမ့်မယ်။ သဲတွေလို ပြန့်ကျဲနေတဲ့ ထုံကျိုးကိုသာ စုစည်းနိုင်လိုက်ရင် တာ့လျန်ရဲ့ အလယ်ဗဟိုကနေ ထွက်လာတဲ့ ဆူးချွန်တစ်ခု ဖြစ်လာလိမ့်မယ်။ ကျေးဇူးရှင်မှာသာ ကျင်းကျိုးရဲ့ နာမည်ကြီး စစ်သူကြီးကို သတ်ခဲ့တဲ့ ဂုဏ်သတင်း ရှိနေရင် ထုံကျိုးမှာ နေရာမရမှာကို ပူစရာ မလိုတော့ဘူး"

ရှောင်းလိက လက်ချောင်းဆစ်များကို တံတောင်ဆစ်ပေါ် တင်လိုက်သည်။ လက်ပိုက်ထားသော ကိုယ်ဟန်အနေအထားက အင်္ကျီလက်ထဲတွင် ဖွက်ထားသော ဓားမြှောင်၏ ပုံသဏ္ဍာန်ကို ရှင်းလင်းစွာ ခံစားသိရှိနိုင်စေ၏။ သူက အေးစက်စွာ ပြောလိုက်သည်။ "ဒါတွေ အကုန်လုံးက မင်းရဲ့ ခန့်မှန်းချက်တွေချည်းပဲ"

ကျန်းဟွိုင်၏ နှုတ်ခမ်းထောင့်မှ အပြုံးက ပိုလို့ပင် နက်ရှိုင်းသွားပြီး ပြောလိုက်လေသည်။ "ဒါပေမဲ့ ဒီခန့်မှန်းချက်တွေနဲ့တင် လုံလောက်ပြီလို့ ကျွန်တော် ထင်တယ်"

ရှောင်းလိက မျက်လွှာကို ပင့်လိုက်၏။ "မင်းက ငါ့ကို အရမ်း အထင်ကြီးလွန်းနေပြီ။ ငါ့မှာ ဟန်ဆိုတဲ့လူကို သတ်နိုင်တဲ့ အရည်အချင်း မရှိဘူး"

သူက လမ်းကြားအပြင်ဘက်သို့ လှည့်ထွက်လာခဲ့လိုက်သည်။ ကျန်းဟွိုင်က ထိုသို့မြင်လျှင် အလျင်အမြန် နောက်မှ လိုက်သွားကာ ပြောလိုက်သည်။ "ကျေးဇူးရှင်က ကျွန်တော့်ကို သံသယရှိနေတာက သဘာဝကျပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကျေးဇူးရှင်နောက်ကို အမှန်တကယ် လိုက်ချင်တာပါ။ ကျေးဇူးရှင်အတွက် အသက်ပေးဖို့တောင် ဝန်မလေးပါဘူး..."

သို့သော် အရှေ့မှ လျှောက်သွားနေသော ရှောင်းလိသည် ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်လိမ့်မည်ဟု မည်သူ ထင်မည်နည်း။ ကျန်းဟွိုင်သာ အချိန်မီ ရပ်တန့်မလိုက်နိုင်လျှင် သူ့ကျောပြင်ကို ဝင်တိုက်မိတော့မည်။

ရှောင်းလိက ခေါင်းကို အနည်းငယ် စောင်းကြည့်လိုက်၏။ မျက်လုံးများက အေးစက်စူးရှနေပြီး နှာတံမှသည် မေးရိုးအထိ မျက်နှာကောက်ကြောင်းများက ထက်မြက်နေသည်။ သူက မေးလိုက်သည်။ "ငါ ထုံကျိုးကို သွားမယ်ဆိုရင်တောင် ရှေ့ဆက်ဘာလုပ်မယ်ဆိုတာကို မင်း မသိဘဲနဲ့ နောက်ကလိုက်မယ်လို့ ရဲရဲကြီး ပြောရဲတာလား"

ကျန်းဟွိုင်သည် ရှောင်းလိ၏ စကားထဲတွင် မိမိကို လက်ခံမည့်သဘော ပါဝင်နေသည်ကို ရိပ်မိသွားသဖြင့် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။ "ကျွန်တော် သေချာပေါက် စဉ်းစားထားပြီးသားပါ။ ကျေးဇူးရှင်က မာနကြီးပြီး သူများလက်အောက်မှာ အညံ့ခံမယ့်ပုံစံမျိုး မရှိဘူး။ အရင်က ကျွန်တော် ဖိန်ကျိုးရဲ့ အခြေအနေကို မေးတုန်းကလည်း ကျေးဇူးရှင်က အဆိုးမပြောခဲ့ဘူး။ ဒါကြောင့် ကျေးဇူးရှင်က တာ့လျန်အပေါ်မှာ မုန်းတီးတဲ့စိတ် မရှိဘူးလို့ ကျွန်တော် တွက်ထားတယ်။ သာမန်လူတစ်ယောက်အဖြစ် မနေချင်လို့ ကိုယ့်ဘာသာ လမ်းသစ်ဖောက်ချင်တာပဲ ဖြစ်ရမယ်။ ကျေးဇူးရှင်ကသာ ထုံကျိုးကို သိမ်းပိုက်နိုင်ပြီး နန်ချန်နဲ့ တာ့လျန် မဟာမိတ်တပ်တွေ မြောက်ဘက်ကို တက်လာတဲ့အချိန်မှာ သွားရောက် ပူးပေါင်းလိုက်ရင် ဟန့်ယန်မင်းသမီးက သေချာပေါက် အမတ်ကြီးအဖြစ် ခန့်အပ်လိမ့်မယ်။ ကျွန်တော်က ကျေးဇူးရှင်နောက်ကလိုက်ပြီး တာ့လျန်အတွက် အလုပ်လုပ်ပေးရရင် နောင်ကျရင် နာမည်မရှိတဲ့ သာမန်လူတစ်ယောက်တော့ ဖြစ်မလာနိုင်တော့ဘူးလေ"

သူက ပြောနေသည့်စကားကို ခဏရပ်ထားလိုက်ပြီး ရှောင်းလိကို စိုက်ကြည့်ကာ ပြောလိုက်၏။ "ကျေးဇူးရှင်က တခြားသူကို သခင်အဖြစ် မသတ်မှတ်ချင်ဘဲ ကိုယ်တိုင် အာဏာလုချင်တဲ့ စိတ်ရှိနေရင်တောင် ကျွန်တော်က ကျေးဇူးရှင်နောက်ကနေ အတူတူ လောင်းကြေးထပ်ပေးဖို့ ဆန္ဒရှိပါတယ်"

ရှောင်းလိ၏ မျက်နှာအမူအရာကတော့ ခန့်မှန်းလို့မရနိုင်ချေ။ "မင်းရဲ့ စကားပြောအစွမ်းအစနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းက တော်တော်လေး ထက်မြက်တာကို ငါ တွေ့ရတယ်။ ဒီလို အရည်အချင်းမျိုးနဲ့ဆိုရင် ဘယ်သွားသွား နာမည်တစ်လုံး ရလာနိုင်တာပဲ။ မင်းက ဖိန်ကျိုးကို သွားရင် နေရာမရမှာကို ပူနေတယ်ဆိုရင်တော့ ငါ မင်းအတွက် ထောက်ခံစာ တစ်စောင် ရေးပေးလို့ရတယ်"

ကျန်းဟွိုင်သည် ထိုစကားကို ကြားသောအခါ ပြုံးလိုက်လေသည်။ "ကျွန်တော်က အရင်တုန်းက တွေးနေသေးတာ။ ကျေးဇူးရှင်လို အရည်အချင်းရှိတဲ့သူတောင် ဖိန်ကျိုးမှာ အလုပ်မလုပ်ဘူးဆိုတော့ အဲဒီမှာ ပညာရှိတွေကို နေရာပေးတယ်ဆိုတဲ့ ကောလာဟလတွေက အလကားပဲလားလို့ စိုးရိမ်နေခဲ့တာ။ အခု ကြည့်ရသလောက်တော့ ကျေးဇူးရှင်က ဖိန်ကျိုးမှာ နာမည်ကြီးတဲ့ သူတစ်ယောက် ဖြစ်နေလောက်ပြီ။ ကျေးဇူးရှင်ရဲ့ စေတနာကို ကျွန်တော် လက်ခံပါတယ်။ ကျေးဇူးရှင်နဲ့ အရင်က မသိခဲ့ပေမဲ့ ဒီနေ့ စကားပြောကြည့်ပြီးတဲ့နောက်မှာ ကျေးဇူးရှင်ရဲ့ စိတ်ထဲမှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေတယ်ဆိုတာကို ကျွန်တော် သိလိုက်ရတယ်။ ဒါကြောင့် ကျွန်တော့်ကို နောက်ကလိုက်ခွင့်ပေးပါ”

ထိုသို့ပြောပြီးသည်နှင့် သူသည် ရှောင်းလိကို နောက်တစ်ကြိမ် အရိုအသေပေးလိုက်သည်။ ရှောင်းလိက ကျန်းဟွိုင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ သူက တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်စဉ် ရုတ်တရက် ငှက်အော်သံများကို ကြားလိုက်ရသဖြင့် ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်ယံတွင် အဖြူရောင် ငှက်ငယ်အချို့ ပျံသန်းသွားသည်ကို မြင်တွေ့လိုက်ရသည်။

သူ့မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွားသည်။ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကျန်းဟွိုင်ကို ပြောလိုက်လေသည်။ "မင်းက ငါ့ကို အရမ်း အထင်ကြီးလွန်းနေပြီ။ ငါ့မှာ ဘာရည်မှန်းချက်ကြီးမှ မရှိဘူး။ မင်း တခြားနေရာမှာပဲ ကြီးပွားအောင် သွားကြိုးစားပါတော့"

ကျန်းဟွိုင်သည် လမ်းကြားအပြင်ဘက်သို့ ထွက်သွားသော ရှောင်းလိ၏ မြင့်မားထွားကြိုင်းသော ကျောပြင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူသည်လည်း ခေါင်းမော့ကာ ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။

—

မွန်းတည့်ချိန်၏ နေရောင်ခြည်သည် အလွန်ပူပြင်းလှသည်။ ပူပြင်းသော နေရောင်အောက်ရှိ မြားပစ်ကွင်းဆီသို့ ပျံသန်းသွားသော မြားတစ်စင်းသည် ပစ်မှတ်ကို တည့်တည့်မတ်မတ် ထိမှန်သွား၏။ မြားတံသည် တုန်ခါသွားပြီး သစ်ပင်ပေါ်ရှိ ငှက်ငယ်များမှာ လန့်ဖျပ်ကာ အတောင်ပံခတ်၍ ပျံသန်းသွားကြတော့သည်။

ထုန်ချွဲက ဝိန်းယွီကို ချွေးသုတ်ဖို့ လက်ကိုင်ပုဝါတစ်ထည် ကမ်းပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "မင်းသမီးက မြားပစ်တာကိုလည်း ကျွမ်းကျင်တယ်ဆိုတာ ကျွန်တော်မျိုးမ ဒီနေ့မှပဲ သိတော့တယ်"

ဝိန်းယွီသည် လက်ထဲရှိ အထူးပြုလုပ်ထားသော ပိုးစာပင်သစ်သားဖြင့် ပြုလုပ်ထားသော လေးကို ထုန်ချွဲထံသို့ ကမ်းပေးလိုက်သည်။ ပဝါကို ယူကာ မျက်နှာပေါ်ရှိ ချွေးများကို သုတ်လိုက်ပြီး ပြောလိုက်၏။

"အရင်တုန်းက ခမည်းတော်နဲ့ မယ်တော်က အလိုလိုက်ထားတော့ အစ်ကိုတော်ရဲ့ သင်ခန်းစာ တော်တော်များများကို ကျွန်မ သွားတက်ခဲ့ရတာ။ လူတော်လူကောင်းတွေ တတ်အပ်တဲ့ ပညာရပ် ခြောက်ခုထဲက မြားပစ်ပညာကိုလည်း နည်းနည်းပါးပါး လေ့လာဖြစ်ခဲ့တယ်။ သိပ်မကျွမ်းကျင်တာပဲ ရှိတာပါ"

စစ်တပ်သုံး လေးနှင့် မြားများကို ကျောင်းသားများထဲတွင် ဆွဲနိုင်သူ အလွန်ရှားပါးလှသည်။ ထို့ကြောင့် စာသင်ကျောင်းမှ သိုင်းဆရာများက မြားပစ်ပညာ သင်ကြားပေးချိန်တွင် ကျောင်းသားများအနေဖြင့် လက်မောင်းအားကို လျှော့ချထားသော လေ့ကျင့်ရေးလေးများကိုသာ အများဆုံး အသုံးပြုကြသည်။ ချမ်းသာသော မိသားစုများကမူ မိမိတို့၏ လက်မောင်းအားနှင့် ကိုက်ညီမည့် လေးတစ်လက်ကို သီးသန့် ပြုလုပ်ထားကြသည်။ ယင်းက ဒဏ်ရာရခြင်းမှ အများဆုံး ကာကွယ်ပေးနိုင်ပြီး အားပြုရမည့် နည်းစနစ်များကိုလည်း ပို ကောင်းမွန်စွာ ထိန်းချုပ်နိုင်စေသည်။

ဝိန်းယွီ၏ ဤလေးသည် မကြာသေးခင်ကမှ စစ်တပ်ထဲရှိ လက်မှုပညာရှင်များကို ပြုလုပ်ခိုင်းထားခြင်း ဖြစ်သည်။

ထုန်ချွဲသည် ဝိန်းယွီ ချွေးသုတ်ပြီးသည်ကို မြင်သောအခါ တွင်းရေဖြင့် အအေးခံထားသော ဆီးသီးဖျော်ရည် တစ်ခွက်ကို ကမ်းပေးလိုက်ပြီး ပြောလိုက်လေသည်။

"မင်းသမီးက နိုင်ငံရေးကိစ္စတွေနဲ့ နေ့ရောညပါ ပင်ပန်းနေရတာ။ ဒီအတိုင်းသာ ရေရှည်ဆက်သွားရင် ကျန်းမာရေး ထိခိုက်လာမှာ သေချာတယ်။ အားတဲ့အချိန်မှာ မြားပစ်တာကို ပြန်လေ့ကျင့်တာကတော့ ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေဖို့အတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်"

သူမ၏ စကားဆုံးသည်နှင့် အစေခံမလေးတစ်ဦးက အလျင်အမြန် လျှောက်လာပြီး အရိုအသေပေးကာ လေးစားစွာဖြင့် ပြောလိုက်၏။ "မင်းသမီး။ နန်ချန်က သံတမန် နှစ်ယောက် တွေ့ခွင့်တောင်းနေပါတယ်"

ဝိန်းယွီ၏ မျက်ခုံးစွန်းများက အနည်းငယ် ပင့်တက်သွားသည်။ ဤကိစ္စကို ကြိုတင် ခန့်မှန်းထားပြီးဖြစ်သည့်နှယ် သူမက ပြောလိုက်သည်။ "သူတို့ကို ပေးဝင်လိုက်ပါ"

ကျန်းယွီနှင့် ဖန်းမင်တာတို့ ခြံဝင်းအတွင်းသို့ ရောက်ရှိလာချိန်တွင် ဝိန်းယွီသည် လေးကြိုးပေါ်တွင် မြားတစ်စင်းကို ပြန်တင်ထားလေပြီ။ သူမသည် ရှားရှားပါးပါး ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကိုလည်း အမြင့်သို့ စည်းနှောင်ထားသည်။ ပုံမှန်အချိန်များတွင် တွေ့ရလေ့ရှိသော တည်ငြိမ်ပြီး လှပသည့် အသွင်အပြင်များ အားလုံးသည် ဤရဲရင့်သွက်လက်သော အသွင်အပြင်အဖြစ်သို့ ပြောင်းလဲသွားသယောင်။ မြားထိပ်ဖျားပေါ်တွင် အာရုံစိုက်ထားသော သူမ၏ အကြည့်များသည် အေးစက်ပြီး ထက်မြက်နေ၏။ လေးကြိုးပေါ်မှ မြားတစ်စင်း ပျံသန်းသွားပြီး မီတာပေါင်းများစွာ အကွာရှိ ပစ်မှတ်ကို တည့်တည့်မတ်မတ် ထိမှန်သွားချိန်တွင် ကျန်းယွီ၏ နောက်မှ လိုက်လာသော ဖန်းမင်တာ၏ ရင်ထဲတွင်လည်း ဒိန်းခနဲ ခုန်သွားတော့သည်။

မြေကြီးပင် ကွဲအက်မတတ် ပူပြင်းလှသော နေ့ရက်ဖြစ်သော်ငြား သူ့ကျောပြင်တွင်တော့ အေးစိမ့်စိမ့် ခံစားလိုက်ရသည်။

ဖန်းမင်တာသည် အမူအရာမပျက်ဘဲ အင်္ကျီလက်ကို မြှောက်ကာ ချွေးသုတ်လိုက်၏။ ခြေလှမ်းအနည်းငယ်အကွာရှိ တာ့လျန်၏ မင်းသမီး... မဟုတ်သေး၊ ယခုအခါတွင် သူမကို တော်ဝင်မင်းသမီးဟု ခေါ်ဆိုရပေမည်။ သူမသည် မည်မျှပင် ကမ္ဘာကျော်လောက်အောင် လှပသော ရုပ်ရည်ရှိနေပါစေ၊ သူ၏ မျက်လုံးထဲတွင်တော့ ရေဘေးအန္တရာယ်နှင့် ကြောက်မက်ဖွယ် သားရဲကြီး တစ်ကောင်နှင့် လုံးဝ မခြားနားတော့ချေ။

ကျန်းယွီသည် ဝိန်းယွီ ပစ်လွှတ်လိုက်သော ထိုမြားကို မြင်သောအခါ မျက်လွှာကို အနည်းငယ် ပင့်လိုက်သည်။ အနှစ်မပါသည့် အပြုံးတစ်ခုဖြင့် သူက ပြောလိုက်လေသည်။ "မင်းသမီးက တကယ့်ကို ဝါသနာကြီးတာပဲ"

ဝိန်းယွီက ထိုစကားကို အတည်ပြုခြင်းလည်း မရှိ၊ ငြင်းဆိုခြင်းလည်း မရှိဘဲ ပြောလိုက်၏။ "ကျွန်မ အားနေတာနဲ့ အကြောလျှော့နေတာပါ"

ကျန်းယွီသည် ဝိန်းယွီနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးသဖြင့် တစ်ဖက်လူမှာ သာမန်လူ မဟုတ်ကြောင်းကို သိထားသည်။ ထို့ကြောင့် သူသည် လှည့်ပတ်ပြောဆိုလိုစိတ် မရှိတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။ "ကျွန်တော်တို့ နန်ချန်က ပို့လိုက်တဲ့ စားနပ်ရိက္ခာ တစ်သန်းခွဲက မှားစရာ အကြောင်းမရှိပါဘူး။ ဒီကြားထဲမှာ သေချာပေါက် နားလည်မှုလွဲတာ တစ်ခုခု ရှိနေလိမ့်မယ်"

ဝိန်းယွီသည် လေးကြိုးကို ဆွဲရာတွင် အသုံးပြုသော လက်မပေါ်ရှိ ဆင်စွယ်လက်စွပ်ကို လှည့်လိုက်သည်။ မြားကျည်တောက်ထဲမှ နောက်ထပ် မြားတစ်စင်းကို ထုတ်ယူလိုက်ပြီး ပြောလိုက်၏။ "ရှင်တို့ နန်ချန်ရဲ့ စေတနာကို ကျွန်မ သေချာပေါက် မြင်တွေ့ရပါတယ်။ ဒါပေမဲ့ တံခါးဂိတ်ကို ဖြတ်လာတဲ့ ဒီစားနပ်ရိက္ခာတွေက တကယ်ပဲ နှစ်သိန်းတိတိ လျော့နေတာပါ။ ကျွန်မအနေနဲ့လည်း ပြည်သူတွေနဲ့ အမတ်တွေကို သေချာ ရှင်းပြပေးဖို့ လိုအပ်တယ်လေ"

ဖန်းမင်တာက စကားပြောရန် ပြင်လိုက်သော်လည်း ကျန်းယွီက ဦးအောင် ပြောလိုက်သည်။ တင်းကျပ်နေသော ကိုယ်ကျပ်အင်္ကျီလက်အောက်ရှိ သူ၏ လက်ဖျံကြွက်သားများသည် တင်းမာနေပြီး စိတ်ထဲတွင် ဒေါသထွက်နေကြောင်း သိသာလှသည်။

"စားနပ်ရိက္ခာ နှစ်သိန်းဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူး။ တကယ်လို့ ပျောက်သွားတာဆိုရင် ရိက္ခာပို့တဲ့ အရာရှိက လမ်းမှာ ဘာမှမသိဘဲ နေမှာမဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင် စားနပ်ရိက္ခာ အရေအတွက်ကို သွားရောက် စစ်ဆေးခွင့်ပြုဖို့ တောင်းဆိုပါတယ်"

ဝိန်းယွီက ပစ်မှတ်ကို အာရုံစိုက်ကာ ချိန်ရွယ်နေသည်။ ထိုအသံကို ကြားသောအခါ အနောက်ဘက်သို့ ခပ်ဖျော့ဖျော့ တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး ပြောလိုက်လေသည်။ "ကျန်းတပ်မှူးက စေတနာရှိတာပဲ။ ဒါဆိုရင်လည်း ရိက္ခာစစ်ဆေးတဲ့ ကိစ္စကို ကျန်းတပ်မှူးနဲ့ ကျွန်မရဲ့ လက်အောက်က စာရင်းစစ် အရာရှိတို့ အတူတူ သွားလုပ်လိုက်ကြပါ"

ကျန်းယွီသည် အသက် နှစ်ဆယ်ကျော် ရှင်သန်လာခဲ့သည့်တိုင် ဤကဲ့သို့သော ဒေါသမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးချေ။ သူ၏ ချောမောသော မျက်နှာပေါ်တွင် သိသာထင်ရှားသော ဒေါသအရိပ်အယောင်များ ပေါ်လာသော်လည်း နောက်ဆုံးတွင် ကျန်ရှိနေသေးသော အသိတရားဖြင့် ဖိနှိပ်ထားလိုက်ရသည်။ သူက ဝိန်းယွီကို လက်နှစ်ဖက်ကို ယှက်ကာ အေးစက်မာကျောစွာဖြင့် ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် မင်းသမီး။ ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး"

ကျန်းယွီမှာ အရပ်က မြင့်ပြီး ခြေတံရှည်လှသဖြင့် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားချိန်တွင် ဖန်းမင်တာမှာ အဆီအထပ်ထပ်နှင့် သူ့ခန္ဓာကိုယ်ကြီးကို တလှုပ်လှုပ်ဖြင့် ခပ်သုတ်သုတ် ပြေးလိုက်မှသာ ကျန်းယွီ၏ခြေလှမ်းများကို အမီလိုက်နိုင်တော့သည်။

ဝိန်းယွီသည် တည်ငြိမ်သော အမူအရာဖြင့် ပစ်မှတ်ကို ဆက်ချိန်ရွယ်ထားလိုက်သည်။ ထုန်ချွဲက ကျန်းယွီ ဒေါသတကြီး ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။ "မင်းသမီး။ နန်ချန် သံတမန်ကို ဒီလို ဒေါသထွက်အောင် လုပ်လိုက်တော့ တံခါးဂိတ်ကနေ ထွက်ပြီး နန်းတော်ဆီ သွားရမယ့် ကျွန်မတို့ခရီးမှာ ကျွန်တော်မျိုးမ စိုးရိမ်မိတာက..."

ဝိန်းယွီ၏ အသံမှာ ကြည်လင်ပြီး တည်ငြိမ်နေ၏။ "ထုန်ချွဲ။ မင်း သိလား။ တစ်ခါတလေကျရင် တစ်ဖက်သတ် အလျှော့ပေးနေတာက ကိုယ်လိုချင်တဲ့ ရလဒ်ကို အမြဲတမ်း ရနိုင်တာ မဟုတ်ဘူး"

နေရောင်ခြည်သည် မြားတံပေါ်သို့ ကျရောက်ကာ အေးစက်ထက်မြက်သော ရွှေရောင်အလင်းတန်းကို ရောင်ပြန်ဟပ်နေသည်။ ထိုအလင်းတန်းလေးသည် သူမ၏ မျက်လုံးအောက်ခြေတွင် ထင်ဟပ်သွားပြီး အေးစက်မှုက ပိုလို့ပင် ပြင်းထန်လာတော့သည်။

မြားတံသည် လေးကြိုးမှ ရုန်းထွက်သွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မီတာပေါင်းများစွာ အကွာရှိ ပစ်မှတ်ဆီသို့ မြဲမြံစွာ စိုက်ဝင်သွားတော့သည်။

ဝိန်းယွီက လေးကို ပြန်သိမ်းလိုက်သည်။ သစ်ပင်ပေါ်မှ လန့်ဖျပ်ပျံသန်းသွားသော ငှက်ငယ်များနှင့် ဆေးကြောထားသကဲ့သို့ ကြည်လင်ပြာလဲ့နေသော ကောင်းကင်ယံကို ငေးကြည့်ရင်း ဖြည်းညင်းစွာ ပြောလိုက်လေသည်။ "ဒီလောကကြီးက ကိစ္စတွေ အကုန်လုံးက အခြေအနေပေါ် မူတည်ပြီး လိုက်လုပ်ရတာပါပဲ။ နန်ချန်က အခု အောက်ကျို့နေတာက သူတို့မှာ စေတနာရှိလို့မှ မဟုတ်တာ။ အခု အခြေအနေက ကျွန်မဘက်မှာ ရှိနေလို့ပါပဲ"

—

ကျန်းယွီသည် စင်္ကြံလမ်းတစ်လျှောက် အလျင်အမြန် လျှောက်သွားနေသည်။ သူ့မျက်နှာမှာ မည်းမှောင်နေပြီး ခါးဘေးရှိ ဓားရိုးကို ကိုင်ထားသော လက်များတွင် သွေးကြောများ ဖောင်းကြွနေ၏။ အင်္ကျီစများမှာလည်း ပူပြင်းသော လေလှိုင်းများကြောင့် တဖျတ်ဖျတ် လွင့်ဝဲနေသည်။

ဖန်းမင်တာသည် သူ့နောက်မှ ခပ်သုတ်သုတ် ပြေးလိုက်လာပြီး အင်္ကျီလက်ဖြင့် မျက်နှာပေါ်မှ ချွေးများကို သုတ်ရင်း ကျန်းယွီ၏ မျက်နှာကို ခိုးကြည့်ကာ တိုးညှင်းသော အသံဖြင့် ဒေါသတကြီး ပြောလိုက်သည်။ "လွန်လွန်းတယ်။ တကယ့်ကို တရားလွန်လွန်းတယ်။ ဒီဟန့်ယန်က ကျွန်တော်တို့ကို လုံးဝ ဂရုမစိုက်တာပဲ။ ကျွန်တော့်ကို အရေးမလုပ်တာက ထားလိုက်ပါတော့။ ကျန်းတပ်မှူးက မယ်တော်ကြီးရဲ့ တူအရင်းလေ..."

ကျန်းယွီသည် ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူ့ကို အေးစက်စက် တစ်ချက် လှမ်းကြည့်လိုက်သည်။ ဖန်းမင်တာမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့၏။

ကျန်းယွီက ပြင်းထန်သော နေရောင်ကြောင့် ပူလောင်တောက်ပနေသည့် စင်္ကြံပြင်ပရှိ ကျောက်ပြားခင်းထားသော မြေပြင်ကို ကြည့်လိုက်သည်။ အဝေးကပင် ပူပြင်းသော အငွေ့အသက်များကို ခံစားနေရသယောင်။ သူသည် ဒေါသကို မနည်းဖိနှိပ်ထားရင်း ပြောလိုက်လေသည်။

"ကျွန်တော် စစ်တပ်ထဲမှာ ဖိန်ကျိုးစစ်သူကြီးတွေနဲ့ သိုင်းပညာ ဖလှယ်ဖို့ လုပ်ခဲ့တယ်။ ပွဲပေါင်းများစွာ နိုင်ခဲ့တာတောင်မှ အဲဒီရှောင်းဆိုတဲ့ စစ်သူကြီးလေးကို အပြင်ထွက်လာအောင် မလုပ်နိုင်ခဲ့ဘူး။ ဟန့်ယန်က အခု စားနပ်ရိက္ခာကို အကြောင်းပြပြီး ပြဿနာရှာနေတာက ကျွန်တော့်ကို ဖယ်ရှားချင်လို့ပဲ"

ဖန်းမင်တာသည် ဖြတ်ထိုးဉာဏ်ကောင်းလှပြီး တွေးတွေးဆဆနှင့် သူ့မျက်လုံးများကို မှေးစင်းထားလိုက်ပြီး ဤကိစ္စ၏ နောက်ကွယ်ရှိ အကျိုးအပြစ်များကို ချက်ချင်း သဘောပေါက်သွားတော့သည်။

ဖိန်ကျိုးစစ်သူကြီးများက ကျန်းယွီနှင့် သိုင်းပြိုင်ရာတွင် အမြဲတမ်း ရှုံးနိမ့်နေခြင်းက ဖိန်ကျိုးစစ်စခန်း၏ မျက်နှာကို အိုးမဲသုတ်နေခြင်းပင်။

ဖန့်ယွမ်က တံခါးစောင့်ဂိတ်၏ အဓိကစစ်သူကြီးအနေဖြင့် ကျန်းယွီနှင့် ရင်ဆိုင်ရခြင်း မရှိသေးသော်လည်း စစ်ရာထူးအရဖြစ်စေ၊ အသက်အရွယ်အရဖြစ်စေ ကျန်းယွီက အငယ်သာ ဖြစ်သည်။ သိုင်းပညာ ဖလှယ်သည့်ပွဲတွင် အဓိက စစ်သူကြီး ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်မှသာ အနိုင်ရနိုင်မည်ဆိုပါက ပြိုင်ပွဲတွင် ဖန့်ယွမ် အနိုင်ရခဲ့လျှင်ပင် ဖိန်ကျိုး၏ ဂုဏ်သိက္ခာ ကျဆင်းသွားမည်သာ။

လက်ရှိ အခြေအနေအရ စစ်တပ်အတွင်း အမြဲတစေ ရန်စနေသော ကျန်းယွီကို အရေးကြီးသော ကိစ္စများဖြင့် အဝေးသို့ စေလွှတ်လိုက်ခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေသည်။

ဖန်းမင်တာသည် ဝိန်းယွီ၏ ဤအကြံအစည်မှာ အလွန်ပါးနပ်လှကြောင်းကို စိတ်ထဲတွင် အံ့ဩသွားမိသည်။ သို့သော် မျက်နှာပေါ်တွင်တော့ ဒေါသမထိန်းနိုင်သည့် အမူအရာကို ဆက်ဟန်ဆောင်ထားပြီး ဒေါသတကြီး ပြောလိုက်၏။ "တကယ့်ကို ညစ်ပတ်တဲ့ နည်းလမ်းပဲ"

ကျန်းယွီသည် ဖန်းမင်တာ၏ ဟန်ဆောင်ပန်ဆောင် ဆဲဆိုမှုများကို ဂရုမစိုက်တော့ဘဲ ကောင်းကင်ယံသို့ မော့ကြည့်ကာ ပြောလိုက်သည်။ "အဲဒီရှောင်းဆိုတဲ့ စစ်သူကြီးလေးက နေ့ရက်အတော်ကြာတဲ့အထိ ပေါ်မလာဘူးဆိုတော့ ဖိန်ကျိုးထဲမှာ မရှိတာ သေချာတယ်။ သူ ဘယ်သွားလဲဆိုတာ တော်တော်လေး သိချင်စိတ် ဖြစ်မိတယ်"

သို့သော် ဖန်းမင်တာက အခြားကိစ္စတစ်ခုကို သိသိသာသာ စိုးရိမ်ပူပန်နေပုံရသည်။ သူက ကျန်းယွီကို အကဲခတ်ကြည့်လိုက်ပြီး အကြိမ်ကြိမ် တုံ့ဆိုင်းနေပြီးနောက် သေချာစဉ်းစားကာ ပြောလိုက်လေသည်။ "တာ့လျန်ရဲ့ တော်ဝင်မင်းသမီးက သာမန်လူ မဟုတ်ဘူး။ အရင်က ခင်ဗျားက သူ့ကို တော်တော်လေး စော်ကားခဲ့မိတော့ အခုအချိန်အထိ သူက ခင်ဗျားကို အကောင်းမမြင်သေးဘူး။ ဒီအတိုင်း ဆက်သွားနေရင်တော့ အဆင်ပြေမှာ မဟုတ်ဘူး။ မယ်တော်ကြီးက ခင်ဗျားကို ကိုယ်တိုင် လာကြိုခိုင်းတာက သူ နန်းတော်ကို ရောက်သွားတဲ့အချိန်မှာ မင်းကြီးကို တွေ့ပြီးရင်..."

"ဖန်းလူကြီးမင်း။ စကားကို ဆင်ခြင်ပြောပါ" ထိုအချိန်တွင် ဖန်းမင်တာကို ကြည့်လိုက်သော ကျန်းယွီ၏ အကြည့်များမှာ အေးစက်ပြီး ကြည့်ရဆိုးနေလေသည်။

ဖန်းမင်တာက သူ့ကို သိပ်ပြီး မလွန်ဆန်ရဲသဖြင့် ခေါင်းညိတ်ကာ ပြောလိုက်တော့သည်။ "ကျန်းတပ်မှူးလည်း သိသင့်ပါတယ်။ ဒါက မယ်တော်ကြီးရဲ့ ဆန္ဒပါ"

...

All Chapters