အခန်း ၉၉
Vol. 10 Ch. 99
အပိုင်း (၉၉.၁)
ဖြူလွှလွှ ပျံလွှားငှက်လေးများသည် အတောင်ပံများကို ခတ်ကာ သစ်ကိုင်းဖျားတွင် လာရောက်နားခိုကြပြီး အမြီးမှ အမွှေးတချို့သည် လေထဲတွင် ဝဲပျံကာ ကျဆင်းလာခဲ့သည်။
သစ်တောအုပ်အနက်ပိုင်းမှ တိုက်ခတ်လာသော လေပြေသည် ရှောင်းလိ၏ ဝတ်ရုံစကို လွင့်ဝဲသွားစေသည်။ သူသည် လက်ပိုက်လျက် သစ်ပင်ကို ဘေးတစောင်း မှီထားလေသည်။ လမ်းဘက်မှ အပြေးအလွှား ရောက်လာသော လူအုပ်ကြီးကို သူ မကြည့်ဘဲ ပြောလိုက်လေသည်။ "မင်းတို့ ငါ့ကို ရှာနေကြတာလား"
မေးခွန်းတစ်ခု ဖြစ်သော်လည်း သူ၏ လေသံကတော့ သေချာနေသည့်ဟန် ရှိသည်။
အဖြူရောင်ပျံလွှားငှက်များသည် ချင်းယွင်ကိုယ်ရံတော်များ၏ သီးသန့် ဆက်သွယ်ရေး နည်းလမ်းတစ်ခု ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သူ သတိထားမိခဲ့သည်။ သူ သွားလေရာ နေရာတိုင်းတွင် အချိန်သိပ်မကြာမီမှာပင် ထိုငှက်ငယ်လေးများ ပေါ်လာတတ်သည်။
အစပိုင်းတွင် သူက တိုက်ဆိုင်မှုဟု ထင်မှတ်ခဲ့သော်လည်း အကြိမ်ကြိမ် ဖြစ်လာသောအခါ တိုက်ဆိုင်မှုဆိုသည့် စကားလုံးနှင့် လုံးဝ မသက်ဆိုင်တော့ချေ။
ရှောင်းလိက သူ့ဘာသာ ကိုယ်ထင်ပြလာလိမ့်မည်ဟု ကျောင်းပိုင် မမျှော်လင့်ထားခဲ့ချေ။ ရှင်းကျိုးနှင့် ယီကျိုး ပြည်နယ်နှစ်ခုလုံးတွင် လမ်းပိတ်ဆို့မှုများကို ရုပ်သိမ်းလိုက်ပြီးနောက် ချင်းယွင်ကိုယ်ရံတော်များ၏ လျှို့ဝှက်ကင်းထောက်များသည် ဖိန်ကျိုးမှနေ၍ လော့ယန်အထိ လမ်းတစ်လျှောက်လုံး ဖြန့်ကြက်ထားပြီး ဖြစ်၏။
ချင်းယွင်ကိုယ်ရံတော်များကြားတွင် ရှောင်းလိကို ရှာဖွေရန် သတင်းထုတ်ပြန်ပြီးနောက် ရှောင်းလိ ရောက်ရှိသွားသော နေရာတိုင်းရှိ လျှို့ဝှက်ကင်းစောင့်များသည် သူ့အရိပ်အယောင်ကို တွေ့ရှိပါက အဖြူရောင်ပျံလွှားငှက်များကို အသုံးပြုကာ သူမထံသို့ သတင်းပို့ကြလေသည်။
သို့သော် သူမက လူများကို ခေါ်ဆောင်ကာ ရောက်ရှိလာချိန်တိုင်းတွင် ရှောင်းလိသည် အခြားနေရာသို့ လှည့်ပတ်ကာ ထွက်သွားနှင့်ပြီး ဖြစ်သည်။
သည်တစ်ကြိမ်တွင် ရှောင်းလိက အဖြူရောင်ပျံလွှားငှက်များ နောက်သို့လိုက်ကာ ကိုယ်တိုင် ရောက်ရှိလာခြင်းက ကျောင်းပိုင်ကို အမှန်တကယ်ပင် အံ့အားသင့်သွားစေသည်။ သူမ၏ ခံစားချက်ကင်းမဲ့နေတတ်သော မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ခဏတာ ဖြတ်ပြေးသွားပြီးနောက် ခေါင်းညိတ်သဘောတူလိုက်သည်။ ထို့နောက် ပြောလိုက်လေသည်။
"ရှောင်းစစ်သူကြီး... ကျွန်မတို့နဲ့အတူ ပြန်လိုက်ခဲ့ပါ"
ရှောင်းလိသည် ချက်ချင်း စကားပြန်မပြောဘဲ တိတ်ဆိတ်နေလိုက်၏။
ကျောင်းပိုင်က မျက်မှောင်ကြုတ်ကာ သူ့ကို "ရှောင်းစစ်သူကြီး" ဟု နောက်တစ်ကြိမ် ခေါ်လိုက်ပြီးမှ သူက မေးလိုက်သည်။
"ဒါ မင်းတို့ မင်းသမီးရဲ့ သဘောလား"
ဝိန်းယွီ မင်းသမီးအဖြစ် ဘွဲ့နှင်းသဘင် မခံရမီကတည်းက သူသည် ဖိန်ကျိုးမှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ သူမအပေါ် ခေါ်ဝေါ်သုံးနှုန်းမှု ပြောင်းလဲရန် သူ အသားမကျသေးချေ။ ယခုစကားထဲရှိ "မင်းတို့ မင်းသမီး" ဆိုသည့် စကားလုံးများသည် သူတို့ကြားရှိ နယ်နိမိတ်ကို မသိမသာ ခြားထားလိုက်သည်။
ရှောင်းလိ၏ သဘောထား အနည်းငယ် ပြောင်းလဲသွားသည်ကို ကျောင်းပိုင် သတိထားမိလိုက်သည်။ ထိုညက မိုးသည်းထဲတွင် ရှောင်းလိက ဝိန်းယွီကို တွေ့ရန် အတင်းဝင်ရောက်သွားခဲ့ပြီး သူတို့နှစ်ဦး ဘာတွေ ပြောဆိုခဲ့ကြသည်ကို သူမ မသိခဲ့ချေ။ သို့သော် တစ်ဖက်လူက ဝိန်းယွီအပေါ် ယခင်ကလို လေးစားမှု မရှိတော့ခြင်းက သူမကို သိသိသာသာပင် မကျေမနပ် ဖြစ်စေခဲ့သည်။ သူမသည် မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်၏။ "ဟုတ်ပါတယ်"
ရှောင်းလိသည် လှောင်ပြောင်သရော်သည့်ဟန်ဖြင့် နှုတ်ခမ်းထောင့်ကို အနည်းငယ် တွန့်ကွေးလိုက်သည်။ သူ့ရုပ်ရည်သည် တစ်ချက်ကြည့်ရုံဖြင့် သူရဲကောင်းဆန်သော ချောမောမှုကို မြင်တွေ့နိုင်ပြီး မျက်နှာကောက်ကြောင်းများက အလွန် ထင်ရှားပြတ်သားလှသည်။ မျက်နှာသွင်ပြင်တွင် ရှောင်းဟွေ့နျန်၏ ရုပ်ရည်လက္ခဏာများ ရောယှက်နေသောကြောင့် အနည်းငယ် နူးညံ့သွားသယောင် ရှိပြီး ငယ်စဉ်ကတည်းက ယဉ်ပါးအောင် မွေးမြူထားသော ဝံပုလွေတစ်ကောင်နှင့် တူနေ၏။ လိမ္မာနေချိန်တွင် အန္တရာယ်မရှိဘဲ ချစ်စရာကောင်းသော ခွေးကြီးတစ်ကောင်လို ခံစားရစေသည်။
သို့သော် ထိုမျက်လုံးများထဲတွင် ကြမ်းကြုတ်ရက်စက်မှုများ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် လူများကို ကျောချမ်းသွားစေနိုင်သည်။ သတိပြန်ဝင်လာချိန်တွင် ဝံပုလွေဆိုသည်မှာ ဝံပုလွေပင် ဖြစ်ကြောင်းနှင့် ၎င်း၏ အစွယ်များကို ထုတ်ပြလာချိန်၌ လည်ချောင်းကို ဖောက်ထွက်မခံရစေရန် အချိန်တိုင်း သတိထားနေရမည်ဖြစ်ကြောင်း သဘောပေါက်သွားစေသည်။
ရှောင်းလိက စကားတစ်ခွန်းမှ မပြောရသေးသော်လည်း ဤလေထုက မမြင်ရသော ဒီလှိုင်းများ တစ်လွှာပြီးတစ်လွှာ လွှမ်းမိုးလာသည့်နှယ် ကျောင်းပိုင်၏ စိတ်ထဲတွင် အကြောင်းပြချက် မရှိဘဲ စိတ်အနှောင့်အယှက် ဖြစ်လာစေသည်။ သူမသည် မသိစိတ်က အလိုလို လက်ထဲရှိ ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
သူမနောက်က ချင်းယွင်မြင်းစီးသူရဲများထဲတွင် ဤဖိအားကြီးမားသော လေထုကို သည်းမခံနိုင်တော့သူ တချို့က သူတို့၏ ခါးဆွဲဓားများကို ၃လက်မခန့် တညီတညွတ်တည်း ဆွဲထုတ်လိုက်ကြသည်။
ရှောင်းလိက သူတို့ကို ဂရုမစိုက်ဘဲ သူ့နှုတ်ခမ်းထောင့်များက လှောင်ပြောင်သရော်စွာဖြင့် ကွေးတက်နေပြီး ထင်ရှားသော မျက်ခုံးနှင့် မျက်လုံးများသည် အထက်ရှိ သစ်ကိုင်းသစ်ရွက်များ၏ အရိပ်အောက်တွင် ဖုံးကွယ်နေသဖြင့် အတွင်းမှ ခံစားချက်များကို ရှင်းလင်းစွာ မမြင်ရချေ။ "ဒါ မင်းတို့ မင်းသမီး လုပ်မယ့် အလုပ်မျိုး မဟုတ်ဘူး။ ပြောစမ်း... ဘယ်သူက မင်းတို့ကို လွှတ်လိုက်တာလဲ"
ကျောင်းပိုင်၏ မျက်နှာအမူအရာက ပိုပြီး အေးစက်သွားခဲ့သည်။ တစ်ဖက်လူက ဝိန်းယွီကို သခင်အဖြစ် သတ်မှတ်မထားတော့သော်လည်း သူ့စကားပြောဆိုပုံက ဝိန်းယွီနှင့် အလွန် ရင်းနှီးနေသယောင် ရှိနေ၏။ သည်လောက် ရိုင်းစိုင်းပြီး လေးစားမှု မရှိခြင်းက သူမ၏ ရင်ထဲရှိ မကျေနပ်မှုကို တဖြည်းဖြည်းချင်း ဒေါသအဖြစ်သို့ ပြောင်းလဲသွားစေသည်။
ရှောင်းလိ၏ စကားက အခြား ချင်းယွင်ကိုယ်ရံတော်များကိုလည်း သိသိသာသာ ဒေါသထွက်စေခဲ့သည်။ ချင်းယွင်ကိုယ်ရံတော် တစ်ဦးက ချက်ချင်းပင် အော်ဟစ်လိုက်သည်။ "တပ်မှူးကျောင်းပိုင်... ဒီလို ကျေးဇူးကန်းတဲ့ သစ္စာဖောက်နဲ့ အပိုစကားတွေ ပြောနေစရာ မလိုပါဘူး။ တိုက်ရိုက်ပဲ အရေးယူလိုက်ပါတော့"
ထိုချင်းယွင်ကိုယ်ရံတော် အော်ဟစ်လိုက်ပြီးနောက် ကျောင်းပိုင်၏ မျက်နှာမှာ အေးစက်သွား၏။ သို့သော် သူမက အပြစ်တင်ရန် စကားမစနိုင်မီမှာပင် ရှောင်းလိဘက်မှ နောက်တစ်ကြိမ် အသံထွက်လာခဲ့သည်။ "သစ္စာဖောက်?"
သူ့နှုတ်ခမ်းထောင့်များရှိ လှောင်ပြောင်သရော်သည့် အပြုံးက ပိုပြီး ထင်ရှားလာသည်။ သူတို့ ယခုလို လိုက်ရှာနေခြင်းမှာ အခြားအကြောင်းရင်း တစ်ခုခု ရှိနေကြောင်း သူ သဘောပေါက်သွားသလိုပင်။ သူသည် မျက်ခွံများကို ပင့်တင်ကာ ကျောင်းပိုင်ကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ "ဘာအဓိပ္ပာယ်လဲ"
ဒါက သရော်နေသည့် မေးခွန်းတစ်ခုပင်။
စောစောက စကားပြောခဲ့သော ချင်းယွင်ကိုယ်ရံတော်က အော်ဟစ်လိုက်သည်။ "ဟန်ဆောင်မနေနဲ့တော့။ မင်း ကျင်းကျိုးကို ထွက်ပြေးသွားတာက ဖေစုန့်ရဲ့ အကာအကွယ်ကို ယူဖို့ မဟုတ်လား။ မင်းသမီးက မင်းကို ဒီလောက်တောင် မြှောက်စားခဲ့တာ... ခွေးတစ်ကောင်ကို မွေးရင်တောင် ယဉ်ပါးနေလောက်ပြီ။ မင်းလိုကောင်ကတော့..."
"တိုက်ယန်..." ကျောင်းပိုင်က သတိပေးသည့် အဓိပ္ပာယ်ဖြင့် ခပ်အုပ်အုပ် အော်ဟစ်လိုက်သည်။ ထိုချင်းယွင်ကိုယ်ရံတော်က ရှောင်းလိကို မုန်းတီးစွာဖြင့် တစ်ချက် စိုက်ကြည့်ပြီးနောက် နောက်ဆုံးတွင် ပါးစပ်ပိတ်သွားတော့သည်။
ထိုအခါမှ ကျောင်းပိုင်က ရှောင်းလိကို ကြည့်ကာ အေးစက်ခက်ထန်စွာ ပြောလိုက်၏။ "ရှောင်းစစ်သူကြီး... မင်းသမီးက အရည်အချင်းရှိတဲ့သူတွေကို နှမြောတတ်တဲ့ စိတ်ရှိပြီး ရှင့်ကိုလည်း တော်တော်လေး အထင်ကြီးပါတယ်။ အခု ရှင်က ဖေစုန့်ရဲ့ သူလျှိုဖြစ်တယ်ဆိုတဲ့ သက်သေတွေ ထွက်ပေါ်နေပါတယ်။ မင်းသမီးက ရှင့်ရဲ့ အရင်က လုပ်ခဲ့တဲ့ ကျေးဇူးတွေကို ထောက်ထားပြီး ရှင့်ကို ဖိန်ကျိုးဆီ အရင်ပြန်လာစေချင်ပါတယ်။ အရာအားလုံးကို စုံစမ်းစစ်ဆေးပြီးရင်တော့ ရှင့်ရဲ့ အပြစ်ကင်းစင်မှုကို သေချာပေါက် ပြန်လည်သက်သေပြပေးပါလိမ့်မယ်"
ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်မှုနှင့် သရော်မှုများက ရှောင်းလိ၏ မျက်လုံးများထဲသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။ သူသည် ခေါင်းညိတ်လိုက်ပြီး ဖွဖွလေး ရယ်မောကာ မေးလိုက်သည်။ "ဒါဆို... မင်းတို့ မင်းသမီးက ငါ့ကို သစ္စာဖောက်လို့ သံသယဝင်နေတာပေါ့... ဟုတ်လား"
ရှောင်းလိက ဝိန်းယွီကို အထင်လွဲသွားကြောင်း ကျောင်းပိုင် နားလည်သွားသည်။ သူမသည် မျက်မှောင်ကြုတ်ကာ ရှင်းပြလိုက်၏။
"ရှင်က ဖေစုန့်ရဲ့အဖေ ချင်ယီဆီကနေ ပညာသင်ခဲ့တယ်ဆိုတဲ့ သက်သေတွေ ရှိတယ်။ ပြီးတော့ ရှင့်ရဲ့အမေကလည်း မသေသေးဘူး။ ဖေစုန့်က သူ့ကို ခြံဝင်းတစ်ခုထဲမှာ သေသေချာချာ စောင့်ရှောက်ထားတယ်ဆိုတာ..."
"မင်း ဘာပြောလိုက်တာလဲ" ရှောင်းလိ၏ လှောင်ပြောင်နေသော အပြုံးမှာ နှုတ်ခမ်းထောင့်တွင် ခဲသွားတော့သည်။
သူ၏ ဤတုံ့ပြန်မှုက ကျောင်းပိုင်၏ မျှော်မှန်းချက်ထက် ကျော်လွန်နေခဲ့သည်။ ယခင်က သူသည် အမှန်တကယ်ပင် နည်းနည်းမှ မသိခဲ့သလိုပင်။
ကျောင်းပိုင်၏ တွန့်ချိုးထားသော မျက်ခုံးများက တင်းမာသွားပြီး "ရှင့်ကို စစ်ဗျူဟာနဲ့ သိုင်းပညာတွေ သင်ပေးခဲ့တာက ဖေစုန့်ရဲ့အဖေ ချင်ယီပဲ။ ရှင့်ရဲ့အမေကလည်း ဖေစုန့်ရဲ့ လက်ထဲမှာ ရှိနေတယ်။ မင်းသမီးက အမှန်တရားကို စုံစမ်းဖို့ လူလွှတ်ထားပြီးပြီ။ တကယ်လို့ ဒါက ဖေစုန့်ရဲ့ သွေးခွဲတဲ့ အစီအစဉ်ဆိုရင် ရှင် ဖိန်ကျိုးကို ပြန်ရောက်တာနဲ့ လီလူကြီးမင်းတို့နဲ့အတူ အေးအေးဆေးဆေး တိုင်ပင်ပြီး ကယ်ဆယ်ဖို့ နည်းလမ်းတွေကို ဆွေးနွေးလို့ ရတာပဲ။ မင်းသမီးက ကြိုတင် အမိန့်ပေးထားပြီးသားပါ။ တကယ်လို့ ဒါက အစီအစဉ်တစ်ခုဆိုတာ သေချာသွားရင် ဘာပဲပေးဆပ်ရပါစေ သခင်မကြီးရှောင်းကို ကယ်ထုတ်ရမယ်လို့ ပြောထားတယ်"
သူမသည် အကျိုးအပြစ်များနှင့် ဝိန်းယွီ၏ စေတနာကို လုံလောက်အောင် ရှင်းလင်းပြတ်သားစွာ ပြောပြနိုင်ပြီဟု ယူဆထားခဲ့သည်။ သို့သော် ရှောင်းလိသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး ထိုစကားများထဲမှ အချက်အလက်များကို နားလည်သွားသည့်နှယ် ခေါင်းကို မော့ကာ အေးစက်စွာဖြင့် စကားတစ်ခွန်းသာ ချန်ထားခဲ့လေသည်။
"မင်းတို့ရဲ့ သခင်မကို ပြန်ပြောလိုက်... သူနဲ့ ပတ်သက်ပြီး ငါ့မှာ ဘာမှ လိပ်ပြာမလုံစရာ မရှိဘူးလို့။ ငါ့အမေကို ငါ့ဘာသာငါ ကယ်မယ်... မင်းတို့ ဝင်ပါဖို့ မလိုဘူး"
ထိုသို့ ပြောပြီးနောက် သူသည် လှည့်ထွက်လာခဲ့လိုက်သည်။
ကျောင်းပိုင်သည် ထွက်ခွာသွားသော ရှောင်းလိ၏ကျောပြင်ကို အေးစက်တင်းမာသော မျက်နှာထားဖြင့် ကြည့်နေလိုက်၏။
ချင်းယွင်ကိုယ်ရံတော် နှစ်ဦးက သူမကို တစ်ချက် ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ရှည်လျားသော ဓားများကို အိမ်မှ ဆွဲထုတ်လိုက်ကြသည်။ သူတို့သည် လေထုထဲရှိ ပူပြင်းသော လှိုင်းလုံးများကို နင်းဖြတ်ကာ လေးကြိုးမှ လွတ်ထွက်သွားသော မြားများကဲ့သို့ ရှေ့သို့ ပြေးထွက်သွားကြတော့သည်။
ဓားသွားသည် ရှောင်းလိ၏ ခေါင်းဆီသို့ ခုတ်ချလာချိန်တွင် သူက ချင်းယွင်ကိုယ်ရံတော် နှစ်ဦးကို ကျောခိုင်းထားသော်လည်း ကျောဘက်တွင် မျက်လုံးများ ပါနေသည့်အလား ဘေးသို့ ရှောင်တိမ်းကာ ထိုဒေါင်လိုက် ခုတ်ချက်ကို ရှောင်ရှားလိုက်သည်။ ထို့နောက် ဓားကို မြှောက်ကာ ခုတ်ရန် ပြင်နေသော အခြား ချင်းယွင်ကိုယ်ရံတော် တစ်ဦး၏ လက်မောင်းကို တံတောင်ဖြင့် ဝင်တိုက်လိုက်သည်။ ထိုချင်းယွင်ကိုယ်ရံတော်မှာ လက်မောင်းတစ်ဖက်လုံး ထုံကျဉ်သွားသည်ကိုသာ ခံစားလိုက်ရပြီး သတိ ဝင်မလာသေးခင်မှာပင် သူ့လက်မောင်းကို အဆွဲခံလိုက်ရကာ အဖော်ဖြစ်သူ၏ ဒုတိယအကြိမ် ခုတ်ချလာသော ဓားသွားနှင့် ချက်ချင်းဆိုသလို ဝင်တိုက်မိလုနီးပါး ဖြစ်သွားတော့သည်။
အခြား ချင်းယွင်ကိုယ်ရံတော်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အဖော်ဖြစ်သူ နေရာမှာတင် သွေးသံရဲရဲ မဖြစ်စေရန်အတွက် အားကို အလျင်အမြန် ရုပ်သိမ်းကာ ဓားသွားကို လှည့်ပစ်လိုက်ရတော့သည်။
ရှောင်းလိက ထိုချင်းယွင်ကိုယ်ရံတော်၏ လက်ကောက်ဝတ် အရိုးကို ဖိကာ ဆွဲလိမ်လိုက်၏။ အရိုးကျိုးသွားသည့်အလား 'ဂျွတ်'ခနဲ အသံထွက်လာပြီး ထိုချင်းယွင်ကိုယ်ရံတော်သည် အစွမ်းကုန် သည်းခံထားသော်လည်း လည်ချောင်းထဲမှ နာကျင်မှုကြောင့် ညည်းတွားသံများ ထွက်ပေါ်လာခဲ့သည်။
ရှောင်းလိသည် သူ့လက်ထဲမှ ဓားကို လုယူလိုက်ပြီး အနောက်ဘက်သို့ ပြင်းထန်သော ခုတ်ချက်တစ်ခုဖြင့် ဝှေ့ယမ်းလိုက်ကာ ရောက်လာသော အခြား ချင်းယွင်ကိုယ်ရံတော်များ ခုတ်ချလာသည့် ဓားများကို ကာကွယ်လိုက်သည်။ ထို့နောက် ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်ရာ ထိုအထဲမှ နှစ်ယောက်မှာ နောက်သို့ လွင့်စဉ်သွားကြတော့သည်။
ဤတိုက်ပွဲသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖြစ်ပွားသွားခဲ့ခြင်း ဖြစ်သည်။ ရှောင်းလိသည် ဆက်လက် တိုက်ခိုက်နေသော ချင်းယွင်ကိုယ်ရံတော် နှစ်ဦးကို နောက်ဆုတ်သွားအောင် ဖိအားပေးပြီးနောက် ဓားကို ကိုင်ဆောင်ကာ ရပ်နေလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ အလွန် အေးစက်နေ၏။
ကျောင်းပိုင်က လက်ဟန်ပြလိုက်သောအခါ ဒဏ်ရာရသွားသော ချင်းယွင်ကိုယ်ရံတော်သည် သူမနောက်သို့ ဆုတ်ခွာသွားသည်။ အရင်က ပွဲကြည့်နေခဲ့သော ချင်းယွင်ကိုယ်ရံတော်များကတော့ ဓားများကို ဆွဲထုတ်လာကြပြီး သားကောင်ကို အမဲလိုက်သည့်အလား အကွာအဝေး တစ်ခုမှနေ၍ ရှောင်းလိကို ဝိုင်းထားလိုက်ကြသည်။
နေရောင်က ပူပြင်းလှပြီး ပုစဉ်းရင်ကွဲများ၏ အော်မြည်သံများက ဆူညံနေသည်။ ဓားသွားများသည် တောက်ပသော အဖြူရောင် နေရောင်ခြည်ကို ရောင်ပြန်ဟပ်နေပြီး လေထုထဲတွင်လည်း တောက်ပသော အဖြူရောင် ကြိုးမျှင်လေးများက ပုစဉ်းရင်ကွဲများ၏ အသံများကြား၌ ဆွဲတင်းထားသယောင်။
ချင်းယွင်ကိုယ်ရံတော်များ၏ လက်များမှ ထွက်လာသော ချွေးများက ဓားရိုးများကို စိုစွတ်သွားစေသည်။ တင်းကျပ်နေသော အင်္ကျီလက်ဝမှ စီးကျလာသော ချွေးပေါက်များသည် လက်ဖမိုးပေါ်သို့ စီးဆင်းသွားပြီး ချွေးများကို ခါထုတ်ရန် လက်ကို မြှောက်လိုက်သည့် အခိုက်အတန့်တွင် လေထုထဲ၌ ပြတ်တောက်လုနီးပါး တင်းကျပ်နေသော ကြိုးမျှင်လေးသည်လည်း ပြတ်တောက်သွားသကဲ့သို့ ရှိနေတော့သည်။
သံမဏိဖြင့် သွန်းလုပ်ထားသော ဓားရှည်များသည် ပြိုင်ဘက်ကင်းသော အားဖြင့် တစ်ခုနှင့်တစ်ခု ရိုက်ခတ်သွားကြပြီး မီးပွားများ လွင့်စင်လာကာ သွားကျိန်းစရာကောင်းသော စူးရှသည့် အသံများကို အဆက်မပြတ် ထွက်ပေါ်စေခဲ့သည်။
ချင်းယွင်ကိုယ်ရံတော်များ၏ ဤသို့ ဝိုင်းဝန်းတိုက်ခိုက်သည့် နည်းလမ်းသည် အရင်က ဖေစုန့် လက်အောက်ရှိ သိမ်ငှက်အမဲလိုက်ခွေးများ၏ အုပ်စုလိုက် တိုက်ခိုက်သည့် နည်းလမ်းနှင့် အလွန် တူညီလှသည်။ ရည်ရွယ်ချက်မှာ တစ်ဖက်လူကို အားအင်ကုန်ခမ်းသွားသည်အထိ အချိန်ဆွဲရန်ပင်။
ကျောင်းပိုင်သည် ဤတိုက်ပွဲကို ဓားကို ပိုက်လျက် အချိန်အတော်ကြာ ဘေးမှ ရပ်ကြည့်နေခဲ့သည်။ ရှောင်းလိသည် စစ်တိုက်ရာတွင် မကြာခဏဆိုသလို ပုံမှန်မဟုတ်သော နည်းလမ်းများကို အသုံးပြုတတ်ပြီး အန္တရာယ်ကို ရင်ဆိုင်ကာ အနိုင်ယူတတ်ကြောင်းကို သူမ သိထားသော်လည်း ရှောင်းလိ၏ လက်သိုင်းနှင့် ခြေသိုင်းပညာများအပေါ်တွင်တော့ တိကျသော နားလည်မှု မရှိသေးချေ။
ချင်းယွင်ကိုယ်ရံတော်များ၏ ဤသို့ စမ်းသပ်မှုများအပြီးတွင် သူမ၏ မျက်လုံးများထဲမှ အရိပ်အယောင်များသည် တဖြည်းဖြည်း လေးနက်လာတော့သည်။
—— မျက်စိရှေ့က လူသည် အမှန်တကယ်ပင် ရင်ဆိုင်ရခက်သော ပြိုင်ဘက်တစ်ဦး ဖြစ်သည်။
ဝံပုလွေတစ်ကောင်လို ကြမ်းကြုတ်ရက်စက်ပြီး ခြင်္သေ့တစ်ကောင်လို အညှာတာကင်းမဲ့လှသည်။
ရှောင်းလိသည် ဖေစုန့်၏ သိမ်ငှက်အမဲလိုက်ခွေးများနှင့် တိုက်ခိုက်ခဲ့ဖူးသော အတွေ့အကြုံ ရှိထားသဖြင့် ချင်းယွင်ကိုယ်ရံတော်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် သူတို့၏ အားနည်းချက်များကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားခဲ့ပြီး သူတို့ကိုယ်တိုင် ဖရိုဖရဲ ဖြစ်သွားအောင် တိုက်ခိုက်နိုင်ခဲ့သည်။
သူက နောက်တစ်ကြိမ် ပြင်းထန်သော ဓားခုတ်ချက် တစ်ခုကို အစွမ်းကုန် ခုတ်ချလိုက်ပြီး ချင်းယွင်ကိုယ်ရံတော် တချို့ကို နောက်ဆုတ်သွားအောင် ဖိအားပေးလိုက်ချိန်တွင် ကျောင်းပိုင်သည် ဓားကို ဆွဲထုတ်ကာ ဝင်ခုတ်ချလိုက်လေသည်။
"ချွင်" ခနဲ စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီး နှစ်ဖက်စလုံး၏ နားစည်များကို နာကျင်သွားစေလောက်အောင် တုန်ခါသွားစေသည်။ သို့သော် ထိုအရာကြောင့် ဘယ်သူမှ အရှိန်လျော့မသွားကြဘဲ ပြင်းထန်သော ဓားအရှိန်များနှင့် ဓားသွားများသည် ရက်ရက်စက်စက် ခုတ်ချနေကြပြီး မြန်ဆန်လွန်းလှသဖြင့် အရိပ်များပင် ထွက်ပေါ်နေတော့သည်။
ကျောင်းပိုင်နှင့် သူမ၏ အမြွှာညီမတို့သည် အစပိုင်းတွင် အရိပ်ကိုယ်ရံတော်များအဖြစ် ရွေးချယ်ခံခဲ့ရခြင်းမှာ သူတို့၏ ထူးခြားသော ခွန်အားများကြောင့်ပင်။
ယခုလို ပြင်းထန်သော တိုက်ပွဲတွင် သညလောက် ကြီးမားသောအားဖြင့် ခုတ်ချနေခြင်းသည် အခြားသူ တစ်ယောက်သာဆိုလျှင် အစောကြီးကတည်းက ခွန်အားများ ကုန်ခမ်းနေလောက်ပြီ ဖြစ်သည်။ သို့သော် ကျောင်းပိုင်ကတော့ တိုက်လေလေ ပိုပြီး ရဲရင့်လာလေလေဖြစ်ပြီး ဓားကို ဝှေ့ယမ်းနေသည့် ကြားမှပင် အေးစက်စွာ အော်ဟစ်နိုင်သေးသည်။
"ရှင်က မင်းသမီးအပေါ် လိပ်ပြာလုံတယ်လို့ ပြောနေမှတော့ ဘာဖြစ်လို့ ဓားကို ချပြီး အဖမ်းမခံတာလဲ။ ပြီးတော့ ဘာဖြစ်လို့ ကျွန်မတို့နဲ့အတူ ဖိန်ကျိုးကို မပြန်တာလဲ"
ရှောင်းလိက စကားတစ်ခွန်းမျှ မပြောဘဲ ဓားကို မြှောက်ကာ ကျောင်းပိုင် ခုတ်ချလာသော ဓားသွားနှင့် ရိုက်ခတ်လိုက်သည်။ ဓားအိမ်က ပါးလွှာပြီး ကျိုးလွယ်သဖြင့် အစကတည်းက ခုတ်ချရန် မသင့်တော်ချေ။ ဤသို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်ပြီးနောက်တွင် ဝန်ပိနေသကဲ့သို့ တုန်ခါသံများ ထွက်ပေါ်လာတော့သည်။
ကျောင်းပိုင်၏ လက်ဖဝါးကြားမှာ ထုံကျဉ်ပြီး နာကျင်သွားသော်လည်း စုတ်ပြဲပြီး သွေးထွက်နေသလားဟုပင် သူမမှာ မကြည့်အားချေ။ အကြောင်းမှာ ရှောင်းလိ၏ ဓားအရှိန်သည် နည်းနည်းမှ လျော့မသွားဘဲ နောက်တစ်ကြိမ် ခုတ်ချလာသောကြောင့်ပင်။
...
အပိုင်း (၉၉.၂)
သူမက ဓားကိုမြှောက်ကာ ခုခံလိုက်သော်လည်း ရှောင်းလိ၏ တိုက်ခိုက်မှုများက ယခင်ကထက် ပိုလို့ပင် ပြင်းထန်လာသည်ကို အံ့ဩဖွယ် တွေ့ရှိလိုက်ရ၏။ ထိုသံမဏိဓားထံမှ ကူးစက်လာသော ခွန်အားများကြောင့် သူမ၏ လက်ထဲရှိ ဓားရှည်သည် အကြိမ်ကြိမ် လွတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။
တိုက်ပွဲအခြေအနေက တခဏအတွင်း ပြောင်းပြန်ဖြစ်သွားခဲ့သည်။ ကျောင်းပိုင်သည် ဖိအားပေးခံရသဖြင့် တိုက်ခိုက်ရင်း နောက်ဆုတ်နေရကာ အလွန်အမင်း အထိနာနေချိန်တွင် ချင်းယွင်ကိုယ်ရံတော် ၂ယောက်က အခွင့်အရေးရှာကာ ဓားဝှေ့ယမ်းလျက် ဝင်ရောက်လာကြ၏။ သူတို့က ရှောင်းလိ၏ တိုက်ခိုက်မှုများကို ယာယီ ဟန့်တားပေးလိုက်သဖြင့် သူမမှာ အသက်ရှူချောင်သွားတော့သည်။
လက်ထဲရှိ ဓားရှည်ဖြင့် မြေပြင်ကို ထောက်ထားလိုက်ချိန်တွင် ဓားမှာ ရုတ်တရက် အပိုင်းပိုင်း ကျိုးပဲ့သွားခဲ့လေသည်။ ဤသည်မှာ ယခင်က ခုတ်ပိုင်းခံရသော ခွန်အားများကြောင့် ဖြစ်ကြောင်း သိသာလှပြီး ကျောင်းပိုင်၏ မျက်နှာမှာ ပျက်ယွင်းသွားတော့၏။
ထိုချင်းယွင်ကိုယ်ရံတော် ၂ယောက်သည်လည်း ရှောင်းလိကို အချိန်အကြာကြီး မထိန်းထားနိုင်ခဲ့ချေ။ သူက ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အားကုန် ခုတ်ချလိုက်ချိန်တွင် မြေပြင်ပေါ်သို့ လဲကျနေသော ချင်းယွင်ကိုယ်ရံတော် တစ်ယောက်သည် အံကြိတ်ကာ ဓားကိုမြှောက်ပြီး ခုခံလိုက်သည်။ သံမဏိဓားမှာ တိုက်ရိုက်ပင် ခုတ်ပိုင်းခံလိုက်ရပြီး ရှောင်းလိ၏ လက်ထဲက ဓားသွားသည် နှေးကွေးခြင်းအလျဉ်းမရှိဘဲ ဆက်ခုတ်ချလာသောအခါ ထိုချင်းယွင်ကိုယ်ရံတော်မှာ ကံကြမ္မာကို လက်ခံလိုက်သည့်နှယ် မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။
သို့သော် ဦးခေါင်းခွံ ခွဲခြမ်းခံရမည့် ပြင်းထန်သော နာကျင်မှုသည် ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။ ထိုချင်းယွင်ကိုယ်ရံတော်သည် ကြောက်လန့်တကြားဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ နှင်းကဲ့သို့ ဖြူဖွေးတောက်ပနေသော ဓားသွားမှာ သူ၏ မျက်နှာနှင့် လက် ၁ လုံးစာမျှသာ ကွာဝေးတော့သည်ကို မြင်တွေ့လိုက်ရသည်။
ငရဲတံခါးဝသို့ ရောက်ရှိသွားခဲ့ရသည့် ထိတ်လန့်မှုကြောင့် တခဏအတွင်းမှာပင် သူ့ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲသွားတော့၏။
ရှောင်းလိသည် ဓားကို အေးစက်စွာ ပြန်ရုပ်သိမ်းလိုက်ပြီး ကျောင်းပိုင်ကို ကြည့်လိုက်၏။ ထိုမည်းနက်နေသော မျက်ဝန်းအစုံထဲတွင် တော်ဝင်အာဏာစက်ဆိုသည်လည်း မရှိ၊ အထက်အောက် အဆင့်အတန်းဆိုသည်လည်း မရှိပေ။ ရှိနေသည်မှာ ပြင်းထန်သော နေမင်းကြီးနှင့် ကျယ်ပြောလှသော လွင်ပြင်ကျယ်ကြီးကြားတွင် ဟစ်အော်တိုက်ခတ်နေသည့် လေပြေများသာ။
သူက ပြောလိုက်သည်။ "ငါ့အမေကို ငါ သွားကယ်ရမယ်။ မင်းတို့ပြောတဲ့ ကိစ္စတွေကို ငါ မလုပ်ခဲ့ဘူး၊ ပြီးတော့ ဘယ်သူ့ကိုမှလည်း သက်သေပြနေစရာ မလိုဘူး"
လှည့်ထွက်လာခဲ့လိုက်ချိန်တွင် အနောက်ဘက်မှ သေးငယ်သော ဒူးလေးပစ်ခတ်သံများ ထွက်ပေါ်လာခဲ့၏။
ရှောင်းလိသည် ထိုအသံလှိုင်းကို နားဖြင့် ကြားလိုက်ရသည့် တခဏအတွင်းမှာပင် ဓားကိုမြှောက်ကာ ခုခံလိုက်သည်။ သို့သော် ဒူးလေးမြားများသည် ကျိုင်းကောင်အုပ်ကြီးကဲ့သို့ လျင်မြန်စွာ ပျံသန်းလာကြပြီး သူ ရှောင်တိမ်းလိုက်ချိန်တွင်ပင် သူ၏ မျက်နှာပေါ်၌ မြားတံရှပ်ထိသွားသောကြောင့် သေးငယ်သည့် ဒဏ်ရာလေး တစ်ခု ရရှိသွားခဲ့လေသည်။
သွေးစက်များ စိမ့်ထွက်လာချိန်တွင် ရှောင်းလိသည် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။
မြားမိုးများ ရပ်တန့်သွားပြီးနောက် ချင်းယွင်ကိုယ်ရံတော်များသည် ရုတ်တရက် ဝိုင်းအုံ တိုက်ခိုက်လာကြပြန်သည်။ ခုတ်ပိုင်းလာသော ဓားများသည် အရိပ်ပေါင်း ဆယ်ဂဏန်းမက ထွက်ပေါ်နေသကဲ့သို့ ဖြစ်နေပြီး ရှောင်းလိသည် ခေါင်းကို အားကုန် ခါရမ်းပစ်လိုက်မှသာ ခက်ခက်ခဲခဲ ခုခံနိုင်တော့၏။ သို့သော် ထပ်မံ၍ လိုက်ပါလာသည်က ပိုလို့ပင် ပြင်းထန်လာသော ခေါင်းမူးဝေမှုပင်။
စောစောက မြားမှာ ပြဿနာ ရှိနေတယ်။
ကျောင်းပိုင်သည် လူအုပ်၏ အပြင်ဘက်တွင် ရပ်နေရင်း အေးစက်စွာ ပြောလိုက်၏။ "မင်းသမီးက ရှင့်အပေါ် ဘယ်လို ဆက်ဆံခဲ့လဲဆိုတာ ရှင်ကိုယ်တိုင် အသိဆုံးပဲ။ ရှင့်ကို ဖိန်ကျိုးဆီ ခေါ်သွားတာက ရှင့်ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြပေးဖို့အတွက်ပဲ။ ရှင်က ဒီလို အကောင်းအဆိုး မသိဘူးဆိုရင်တော့ မင်းသမီးရဲ့ စေတနာတွေကို တကယ် အလဟဿ ဖြစ်စေတာပဲ"
စောစောက ပစ်ခတ်လိုက်သော မြားများပေါ်တွင် မေ့ဆေးများ သုတ်လိမ်းထားခြင်း ဖြစ်၏။
အစကတော့ အဆိုးရွားဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားသော ဒုတိယအစီအစဉ် ဖြစ်သော်လည်း နှစ်ဖက်စလုံး အထိနာမည့် တိုက်ပွဲကို ရှောင်ရှားနိုင်ရန်အတွက် နောက်ဆုံးတွင် ဤနည်းလမ်းကို အသုံးပြုလိုက်ရခြင်း ဖြစ်သည်။
ရှောင်းလိသည် မြားမှန်ပြီးနောက် ချင်းယွင်ကိုယ်ရံတော်များနှင့် ဆက်လက် တိုက်ခိုက်နေခဲ့သဖြင့် ဒဏ်ရာမှတဆင့် ဝင်ရောက်လာသော ဆေးအာနိသင်များသည် သွေးကြောများမှနေ၍ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့လေပြီ။ ယခုအချိန်တွင် သူသည် မျက်ခွံများ အလွန် လေးလံနေသည်ကိုသာ ခံစားနေရပြီး အမြင်အာရုံထဲရှိ ကောင်းကင်ထက်မှ နေမင်းကြီးသည်ပင် မည်းနက်သော အရိပ် တစ်ခုအဖြစ် ပြောင်းလဲသွားသယောင်။ အဝေးမှ မတ်စောက်သော တောင်ကုန်းဆီမှ ဖုန်လုံးများ လွင့်ပျံလာသည်ကို ဝိုးတဝါး မြင်တွေ့နေရပြီး အပူလှိုင်းများကြားတွင် လူရိပ်များ လှုပ်ရှားနေသကဲ့သို့ ရှိနေ၏။
ထင်ယောင်ထင်မှား ဖြစ်နေတာလား။
တစ်ကိုယ်လုံး အားအင်ကုန်ခမ်းကာ လဲကျသွားချိန်တွင် ခန္ဓာကိုယ်အောက်ရှိ သဲပွင့်ငယ်များ တုန်ခါနေသည်ကို သိသိသာသာ ခံစားလိုက်ရသည်။ မြင်းစီးစစ်သည်တပ်ဖွဲ့တစ်ခု သူတို့ဆီသို့ ဦးတည် လာနေကြောင်းကို ရှောင်းလိ သေချာသွားခဲ့လေသည်။
ကျောင်းပိုင်သည် ဤရုတ်တရက် အပြောင်းအလဲကို ရင်ဆိုင်လိုက်ရသောအခါ သူမ၏ မျက်နှာထားသည်လည်း ပြောင်းလဲသွားတော့သည်။ သူတို့၏ ဤခရီးစဉ်မှာ လျှို့ဝှက်လှုပ်ရှားမှု ဖြစ်သဖြင့် ကျင်းကျိုး အာဏာပိုင်များနှင့် တိုက်ခိုက်ကာ ပြဿနာ အပိုမရှာသင့်ချေ။ သူမက လက်အောက်ငယ်သားများကို ချက်ချင်း အမိန့်ပေးလိုက်သည်။ "ဆုတ်ခွာမယ်"
ချင်းယွင်ကိုယ်ရံတော် ၂ယောက်သည် မေ့ဆေးမိကာ မြေပြင်ပေါ်တွင် သတိလစ်နေသော ရှောင်းလိကို တွဲယူပြီး မြင်းပေါ်သို့ တင်ရန် ကြိုးစားကြသည်။ သို့သော် မေ့မြောနေသင့်သောသူက ချင်းယွင်ကိုယ်ရံတော် ၂ယောက်၏ ဘယ်ညာ လက်မောင်းများကို တွဲကိုင်ထားသည့် အနေအထားကို အခွင့်ကောင်းယူကာ ထိုသူ ၂ယောက်ကို အားကုန် ဆောင့်တိုက်ပစ်လိုက်လိမ့်မည်ဟု ဘယ်သူမှ မျှော်လင့်မထားခဲ့ကြချေ။ ထိုသက်ရောက်မှုကြောင့် ချင်းယွင်ကိုယ်ရံတော် ၂ယောက်မှာ နှာခေါင်းများ ကျိန်းစပ်ကာ မျက်စိများ ပြာဝေသွားပြီး ထိုနေရာတွင်ပင် ချက်ချင်း သတိလစ်လုမတတ် ဖြစ်သွားကြလေသည်။
အဖြစ်အပျက်က ရုတ်တရက် ဆန်လွန်းသဖြင့် လူတိုင်းမှာ ကြိုတင် တွေးတောထားနိုင်ခြင်း မရှိခဲ့ကြပေ။ သူတို့ သတိပြန်ဝင်လာချိန်တွင်တော့ ရှောင်းလိသည် မြင်းပေါ်သို့ ခုန်တက်ကာ မြင်းကို နှင်ပြီး ထွက်ပြေးသွားခဲ့လေပြီ။
ကျောင်းပိုင်သည် ဒေါသကို မထိန်းနိုင်တော့ချေ။ သူမက လိုက်ဖမ်းရန် အမိန့်ပေးလိုက်ချိန်တွင် ချင်းယွင်ကိုယ်ရံတော် တစ်ယောက်က ဒူးလေးကို ကိုင်ဆောင်ကာ ရှောင်းလိထံသို့ မြားများ အဆက်မပြတ် ပစ်ခတ်လိုက်သည်။
ယခင်က ရှောင်းလိထံသို့ ပစ်ခတ်ခဲ့သော မြားများနှင့် မတူဘဲ ဤတစ်ကြိမ်တွင်တော့ ရှောင်းလိ၏ အရေးကြီးသော နေရာများစွာကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်ခြင်း ဖြစ်ကြောင်း သိသာလှ၏။ မြား တစ်စင်းသည် ရှောင်းလိ၏ နောက်ကျော ပခုံးကို တည့်မတ်စွာ ထိမှန်သွားခဲ့သည်။ နာကျင်မှုကြောင့် ရှောင်းလိ ပိုလို့ပင် သတိဝင်လာခဲ့ခြင်းလားတော့ မသိ၊ သူသည် မြားမှန်သွားသော်လည်း မြင်းပေါ်မှ ပြုတ်ကျမသွားခဲ့ချေ။ ထိုအစား သူသည် မြင်းကျာပွတ်ကို ရိုက်နှင်ကာ အရှေ့သို့ ဆက်လက် ဒုန်းစိုင်းပြေးသွားခဲ့ပြီး ချင်းယွင်ကိုယ်ရံတော်များနှင့် အကွာအဝေးမှာ တဖြည်းဖြည်း ကြီးလာခဲ့လေသည်။
ကျောင်းပိုင်၏မျက်နှာမှာ အလွန် ပျက်ယွင်းသွားပြီး ချက်ချင်းပင် အော်ဟစ်လိုက်သည်။ "မြင်းကို ပစ်။ ရှောင်းလိရဲ့ အသက်ကို အန္တရာယ် မပေးရဘူးလို့ မင်းသမီး အမိန့်ပေးထားတယ်"
ဤတားမြစ်ချက်ကို ရှောင်းလိကို အတင်းအကျပ် ခေါ်ဆောင်လာမည့် အစီအစဉ်ကို ရေးဆွဲစဉ်ကတည်းက သူမက ချင်းယွင်ကိုယ်ရံတော်များကို အကြိမ်ကြိမ် သတိပေးထားခဲ့ပြီး ဖြစ်သည်။ ကျောင်းပိုင်သည် ချင်းယွင်ကိုယ်ရံတော် တစ်ယောက်က အလောတကြီး ဖြစ်သွားသဖြင့် ဤတားမြစ်ချက်ကို မေ့သွားသည်ဟု ထင်မှတ်ကာ အော်ဟစ် သတိပေးလိုက်ခြင်း ဖြစ်၏။
မြင်းခွာသံများနှင့် လေပြင်းတိုက်ခတ်သံများသည် သူမ၏ အသံကို ဝါးမျိုသွားခဲ့သည်။ သူမ၏နောက်မှ လိုက်ပါလာသော ချင်းယွင်ကိုယ်ရံတော်များမှလွဲ၍ အနောက်ဘက်ရှိ အာဏာပိုင် စစ်သည်များသည် သူမ ဘာတွေ အော်ဟစ်နေသည်ကို ရှင်းလင်းစွာ မကြားနိုင်ခဲ့ကြချေ။
ချင်းယွင်ကိုယ်ရံတော်များ၏ မြားများသည် တဖျောက်ဖျောက် ထွက်ပေါ်လာကြသည်။ သို့သော် ရှောင်းလိသည် ဒူးလေးမြားများ၏ ပစ်ခတ်နိုင်စွမ်း အကွာအဝေး အတွင်း၌ မရှိတော့သဖြင့် ထိုမြားတိုလေးများသည် လမ်းမကြီးပေါ်ရှိ ရွှံ့ဝါများထဲသို့သာ စိုက်ဝင်သွားကြတော့၏။
ပြောင်းပြန်အားဖြင့် အနောက်ဘက်မှ အာဏာပိုင် စစ်သည်များသည် ပိုမို နီးကပ်စွာ လိုက်ပါလာကြသည်။ သူတို့ကို အနီးအနားရှိ ဓားပြများဟု ထင်မှတ်ကာ သတ်ဖြတ်၍ ဂုဏ်ပြုဆု ရယူလိုဟန်ဖြင့် အဝေးကြီးမှနေ၍ သူတို့ထံသို့ မြားများ ပစ်ခတ်နေကြလေသည်။
လမ်းမကြီးပေါ်တွင် လူအုပ်ကြီး ပြေးလွှားနေခြင်းက ပစ်မှတ် အလွန် ကြီးမားနေသဖြင့် ကျောင်းပိုင်သည် အာဏာပိုင်များ၏ ခြေရာခံမှုကို ရှောင်ရှားရန်အတွက် အရင်ဆုံး လူစုခွဲရန် အမိန့်ပေးလိုက်ရသည်။ သူမကိုယ်တိုင်မူ လူ ၂ယောက်ကို ခေါ်ဆောင်ကာ ရှောင်းလိနောက်သို့ ဆက်လက် လိုက်လံ ရှာဖွေခဲ့လေသည်။
လူများနှင့် မြင်းများသည် တောအုပ်ထဲတွင် လူစုခွဲလိုက်သည်နှင့် တပြိုင်နက် အာဏာပိုင် စစ်သည်များသည် ပစ်မှတ်ကို ချက်ချင်း လက်လွတ်သွားကြတော့သည်။ သူတို့သည် ချင်းယွင်ကိုယ်ရံတော်များကဲ့သို့ လူစုခွဲပြီး မလိုက်ရဲကြသဖြင့် ကွန်ရက်တစ်ခု ဖြန့်ကျက်ထားသကဲ့သို့ တောအုပ်အတွင်းသို့ တစ်လက်မချင်း တိုးဝင်ကာ ရှာဖွေကြလေသည်။
ကျောင်းပိုင်သည် သွေးကွက်များကို ခြေရာခံရင်း တောအုပ်အစွန်းရှိ မြစ်ကမ်းစပ်သို့ ရောက်ရှိသွားခဲ့သည်။ ရှောင်းလိ စီးနင်းသွားသော ထိုမြင်းသည် မြစ်ကမ်းဘေးတွင် အမှန်တကယ် ရပ်နေသော်လည်း ရှောင်းလိ၏ အရိပ်အယောင်ကိုတော့ မတွေ့ရတော့ချေ။
သွေးကွက်များသည် မြစ်ကမ်းစပ်ရှိ ရေမှော်ပင်များအနီးတွင် ပြတ်တောက်သွားခဲ့သည်။ ရှောင်းလိသည် မြင်းကို စွန့်ပစ်ကာ ရေကို အသုံးပြု၍ သွေးကွက်များကို ဖုံးကွယ်ပြီး ရေထဲမှ တဆင့်အခြား တခြားနေရာသို့ ထွက်သွားခြင်း ဖြစ်လိမ့်မည်ဟု ကျောင်းပိုင် ခန့်မှန်းလိုက်၏။
သူမက မြစ်ကမ်းနံဘေး တစ်လျှောက်တွင် ရှာဖွေရန် ချင်းယွင်ကိုယ်ရံတော်များကို အမိန့်ပေးမည်အပြုတွင် ရေမှော်ပင်များပေါ် ကျနေသော သွေးကွက်များသည် အနည်းငယ် မည်းနက်နေကြောင်းကို ရုတ်တရက် သတိပြုမိသွားတော့သည်။
တောအုပ်ထဲတွင် အလွန် မှောင်မိုက်နေသဖြင့် ယခင်က သူမ သွေးကွက်များကို ခြေရာခံလာခဲ့စဉ်က မည်သည့် ထူးခြားမှုကိုမှ သတိမထားမိခဲ့ပေ။ ယခု နေရောင်အောက်ရှိ ဤသွေးကွက်များကို ကြည့်လိုက်သောအခါမှသာ တစ်ခုခု မှားယွင်းနေကြောင်း အံ့ဩဖွယ် သတိထားမိလိုက်တော့၏။
သူမသည် ထိုအပေါ်ရှိ သွေးကွက်များကို လက်ချောင်းဖြင့် အနည်းငယ် တို့ယူကာ နှာခေါင်းဝသို့ ယူဆောင်၍ ခပ်ဖွဖွ နမ်းကြည့်လိုက်သည်။ လူသွေး အနံ့ ဖြစ်သည်မှာတော့ မမှားချေ။
ဒါပေမယ့် ဘာလို့ ဒီအရောင် ဖြစ်နေရတာလဲ။
တစ်ခုခုကို သတိပြုမိသွားပြီးနောက် ကျောင်းပိုင်၏ မျက်နှာသည် လူသတ်ချင်လောက်အောင်ပင် တခဏအတွင်း အလွန် ပျက်ယွင်းသွားတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက် ချင်းယွင်ကိုယ်ရံတော်များသည် မြစ်အောက်ပိုင်းတွင် ပြန်လည် စုဝေးရောက်ရှိလာကြသည်။
ကျောင်းပိုင်သည် မြင်းပေါ်မှ ခုန်ဆင်းလိုက်၏။ သူမ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော ဒေါသအငွေ့အသက်များကို လုံးဝ ဖုံးကွယ်ထား၍ မရတော့ဘဲ စောစောက ရှောင်းလိထံသို့ မြားပစ်ခဲ့သော ထိုချင်းယွင်ကိုယ်ရံတော်ထံသို့ တည့်မတ်စွာ လျှောက်သွားကာ သူ့မျက်နှာကို ကျာပွတ်ဖြင့် အားကုန် ရိုက်ချလိုက်တော့သည်။
ထိုချင်းယွင်ကိုယ်ရံတော်သည် ရိုက်ချက်ကြောင့် မျက်နှာလွှဲသွားရပြီး သူ၏ ပါးပြင်ပေါ်တွင် သွေးစိမ့်ထွက်နေသော ကျာပွတ်ရာ တစ်ခု ချက်ချင်း ပေါ်ထွက်လာသော်လည်း စကား တစ်ခွန်းမှ ပြန်မပြောခဲ့ချေ။
ကျောင်းပိုင်သည် သူ့အင်္ကျီကော်လာကို အားကုန် ဆွဲကိုင်လိုက်ပြီး ဒေါသတကြီး မေးလိုက်၏။ "တိုက်ယန်။ မင်းကို ဘယ်သူက ဒီလောက် သတ္တိတွေ ပေးထားတာလဲ"
တိုက်ယန်ဟု အမည်ရသော ချင်းယွင်ကိုယ်ရံတော်မှာ မာကျောသော အရိုး တစ်ချောင်းနှင့် တူလှသည်။ ဤသို့ ဆက်ဆံခံရသော်လည်း သူက အောက်ကျို့ခြင်း မရှိဘဲ တည်ငြိမ်စွာ ပြန်ပြောလိုက်၏။ "တပ်မှူးကျောင်းပိုင် ဘာပြောနေတာလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး"
ကျောင်းပိုင်သည် လက်ကိုဝှေ့ယမ်းကာ သူ့ကို ကျာပွတ်ဖြင့် နောက်တစ်ချက် ထပ်ရိုက်လိုက်ပြီး လူကိုစားတော့မည့် မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။ "ဒူးထောက်စမ်း"
လူတိုင်းသည် ဤရုတ်တရက် လုပ်ရပ်ကြောင့် အံ့အားသင့်သွားကြပြီး တိုက်ယန်သည် မည်သည့် အပြစ်ကို ကျူးလွန်ခဲ့သဖြင့် ကျောင်းပိုင် သည်လောက်အထိ ဒေါသထွက်သွားရသည်ကို မသိနိုင် ဖြစ်နေကြသည်။
တိုက်ယန်ကတော့ စကား တစ်ခွန်းမှ ပြန်မပြောဘဲ ကျောင်းပိုင်၏ ရှေ့တွင် ဒူးထောက်လိုက်လေသည်။
ကျောင်းပိုင်က အေးစက်စွာ မေးလိုက်သည်။ "မင်း ဘယ်သူ့ကို သစ္စာခံထားတာလဲ"
တိုက်ယန်က ပြန်ဖြေလိုက်၏။ "မင်းသမီးပါ"
ကျောင်းပိုင်သည် သူ့ကျောပြင်ပေါ်သို့ ကျာပွတ်ဖြင့် နောက်တစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။ အဝတ်အစားများ စုတ်ပြဲသွားပြီး အသားအရေများ ပေါက်ပြဲသွားသော်လည်း သူမ၏ မျက်ဝန်းထဲရှိ ဒေါသများကတော့ ၁တစ်ဝက်မျှပင် လျော့ကျသွားခြင်း မရှိချေ။ "မင်း သစ္စာခံထားတာက မင်းသမီးကို ဟုတ်ရဲ့လား"
နောက်ထပ် ကျာပွတ် တစ်ချက် ကျရောက်လာသည်နှင့်အတူ ကျောင်းပိုင်၏ ရေခဲတမျှ အေးစက်သော မေးခွန်းကလည်း ထွက်ပေါ်လာ၏။ "မင်းက မင်းသမီးကို သစ္စာခံတယ်ဆိုရင် ရှောင်းလိကို အသက်ရှင်လျက် ခေါ်လာခဲ့ဖို့ မင်းသမီးက ငါတို့ကို အမိန့်ပေးထားတာကို မင်းက ဘာဖြစ်လို့ အဆိပ်လူးမြားနဲ့ သူ့ကို အနာတရ ဖြစ်အောင် လုပ်ရတာလဲ။ မင်းသမီးက နန်ချန်နန်းတော်ကို သွားတော့မှာမို့ တာ့လျန်ပြည်တွင်းက အရေးကြီးတဲ့ ကိစ္စတွေကို ကြိုတင် စီမံခန့်ခွဲခွင့် အာဏာကို လီလူကြီးမင်းကို လွှဲပြောင်းပေးခဲ့လို့ မင်းကလည်း မင်းရဲ့ သခင်ကို ပြောင်းဖို့ အလျင်လိုနေတာလား"
တိုက်ယန်သည် ထိုကျာပွတ် ၂ချက်ကို ခက်ခက်ခဲခဲ ခံယူလိုက်ရသဖြင့် နာကျင်မှုကြောင့် ကျောပြင် ကြွက်သားများ တုန်ခါနေသော်လည်း မတ်မတ် ဒူးထောက်နေဆဲဖြစ်ကာ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "ကျွန်တော် မလုပ်ခဲ့ပါဘူး"
ကျောင်းပိုင်မှာ ဒေါသကြောင့် ရူးတော့မတတ် ဖြစ်သွားပြီး ဘေးရှိ ချင်းယွင်ကိုယ်ရံတော်များကို အမိန့်ပေးလိုက်၏။ "သူ့ရဲ့ မြားကျည်တောက်ကို ရှာစမ်း"
ချင်းယွင်ကိုယ်ရံတော် ၂ယောက်သည် တိုက်ယန်ကို ဖမ်းချုပ်လိုက်ပြီး သူ၏ ခါးပေါ်မှ မြားကျည်တောက်ကို ဖြုတ်ယူလိုက်ကြသည်။ အတွင်းရှိ မြားတိုများကို ထုတ်ယူကာ နှာခေါင်းဝသို့ ယူဆောင်၍ ၁ ချောင်းချင်း နမ်းကြည့်ပြီးနောက် သူတို့၏ မျက်နှာများမှာ အနည်းငယ် ထူးဆန်းသွားတော့သည်။ ကျောင်းပိုင်ကို ကြည့်ကာ ခေါင်းခါပြလိုက်ပြီး သူတို့က ပြောလိုက်သည်။ "မြားခေါင်းတွေပေါ်မှာ သုတ်ထားတာ အကုန်လုံးက မေ့ဆေးတွေပါ။ အဆိပ် မရှိပါဘူး"
ကျောင်းပိုင်၏ မျက်နှာပေါ်ရှိ ဒေါသများမှာ ရပ်တန့်သွားပြီးနောက် ချက်ချင်းပင် သူမ၏ အမူအရာက ပိုပျက်ယွင်းလာခဲ့သည်။ မြေပြင်ပေါ်တွင် ဒူးထောက်နေသော တိုက်ယန်ကို စိုက်ကြည့်ကာ "အဆိပ်လူးမြားတွေကို ကြိုပြီး ရှင်းလင်းထားတာပဲ။ တကယ့်ကို အပေါက်အပြဲမရှိ အစီအစဉ်ချထားတာပဲ။ ငါ့ရှေ့မှာ ဒီလို မျက်နှာမပျက်ဘဲ ဒူးထောက်ရဲတာ အံ့ဩစရာ မရှိတော့ပါဘူးလေ။ ဒါပေမယ့် တိုက်ယန်... မင်းရွေးချယ်လိုက်တဲ့ ဒီလမ်းအတွက် တကယ် သေသေချာချာ စဉ်းစားပြီးပြီလား"
တိုက်ယန်သည် ကျောင်းပိုင်၏ ရှေ့တွင် တိတ်ဆိတ်စွာ ဒူးထောက်နေပြီး ထွက်ပေါ်လာသော စကားကတော့ တစ်ခွန်းတည်းသာ ဖြစ်သည်။ “ကျွန်တော် မတရားစွပ်စွဲခံရတာပါ"
ကျောင်းပိုင် သူ့ကို ကြည့်လိုက်သော အကြည့်သည် ထို တခဏအတွင်း သေလူ တစ်ယောက်ကို ကြည့်နေသည်နှင့် လုံးဝ ခြားနားခြင်း မရှိတော့ချေ။ သူမသည် လှည့်လိုက်ပြီး နဖူးပေါ်သို့ ကျနေသော ဆံနွယ်စများကို နောက်သို့ သပ်တင်လိုက်ကာ ဘေးလူများကို အမိန့်ပေးလိုက်သည်။ "သူ့ကို ကြိုးနဲ့ချည်ထားလိုက်။ မြစ်အောက်ပိုင်း တစ်လျှောက်မှာ ရှောင်းလိကို ဆက်ရှာကြ။ သူက မေ့ဆေးရော အဆိပ်လူးမြားပါ မှန်ထားတာဆိုတော့ အဝေးကြီး သွားနိုင်မှာ မဟုတ်ဘူး"
သူမသည် ဤသစ္စာဖောက်ကို ဓားဖြင့် တိုက်ရိုက် ခုတ်သတ်ပစ်လိုက်ချင်စိတ် အလွန် ပြင်းပြနေသော်လည်း သေလူ တစ်ယောက်ထက်စာလျှင် ဝိန်းယွီသည် အသက်ရှင်နေသော လူ တစ်ယောက်၏ ပါးစပ်မှ အချက်အလက်များကို ပိုလို့ပင် မေးမြန်းနိုင်လိမ့်မည်။
ယခင်က ဝိန်းယွီနှင့် လီယောင် ဆရာတပည့် ၂ ဦးကြားရှိ သိမ်မွေ့သော ပဋိပက္ခကို သူမ သိပ်နားမလည်ခဲ့သော်လည်း ယခုတော့ သူမ သဘောပေါက်သွားခဲ့လေပြီ။
လီယောင်သည် ကြီးမြတ်သော အရေးကိစ္စအတွက် သို့မဟုတ် ဝိန်းယွီအတွက် ကောင်းစေရန် ဟူသော အမည်ခံဖြင့် သူမကိုယ်စား ဆုံးဖြတ်ချက်များကို မိမိသဘောနှင့်မိမိ ချမှတ်ရန် အမြဲတမ်း ကြိုးစားနေခြင်း ဖြစ်သည်။
၃ရက်ကြာပြီးနောက် ကျောင်းပိုင်သည် ဖိန်ကျိုးသို့ ပြန်လာကာ ဝိန်းယွီနှင့် တွေ့ဆုံခဲ့ပြီး လှေကားအောက်တွင် အချိန်အကြာကြီး ဒူးထောက်နေခဲ့တော့သည်။
...