အခန်း ၁၀၀
Vol. 10 Ch. 100
အပိုင်း (၁၀၀)
ထိုအချိန်တွင် ဝိန်းယွီသည် လက်အောက်ငယ်သားများက ကျန်းယွိ စားနပ်ရိက္ခာများကို သွားရောက်စစ်ဆေးသည့် အခြေအနေကို တင်ပြသည်ကို နားထောင်ပြီးခါစဖြစ်၏။ အစေခံမလေးက သူမနားနားကပ်ကာ ကျောင်းပိုင် ပြန်ရောက်လာပြီဖြစ်ကြောင်း ပြောလေသည်။
ဝိန်းယွီသည် အမတ်များကို ပြန်လွှတ်လိုက်သည်။ မကြာခင်မှာပင် ကျောင်းပိုင်က အထဲသို့ ဝင်လာ၏။ သို့သော် သူမသည် စကား တစ်ခွန်းမှ မပြောဘဲ လှေကားထစ်အောက်တွင် ခေါင်းငုံ့ကာ ဒူးထောက်နေလိုက်သည်။
ဝိန်းယွီသည် လက်တစ်ဖက်က ပျော့ပျောင်းသော ပိုးသားအင်္ကျီလက်ကျယ်ကို ပင့်တင်ထားပြီး ကျန်လက်တစ်ဖက်က စုတ်တံနီကို ကိုင်ထားသည်။ သူမသည် သူမကိုယ်တိုင် စစ်ဆေးရမည့် စာချွန်လွှာများကို မှတ်ချက်ရေးနေလေသည်။ ထိုအခြေအနေကို မြင်သောအခါ သူမသည် ကျောင်းပိုင်ကို မော့ကြည့်ကာ “လူကို ခေါ်မလာခဲ့ဘူးလား”
သူမအသံသည် တည်ငြိမ်ပြီး အေးချမ်းနေပြီး သူမသည် ဤကဲ့သို့သော ရလဒ်ကို ကြိုတင်မျှော်လင့်ထားပုံရ၏။ မျက်လွှာချကာ စာချွန်လွှာပေါ်တွင် ဆက်လက်ရေးသားရင်း ပြောလိုက်လေသည်။ “ထပါ”
ကျောင်းပိုင်ကတော့ ထမလာခဲ့ပေ။ သူမသည် ဖြောင့်မတ်စွာ ဒူးထောက်နေပြီး ငုံ့ထားသောခေါင်းကိုလည်း ပြန်မမော့လာခဲ့ပေ။
ဝိန်းယွီသည် တခုခု ထူးခြားနေသည်ကို သတိထားမိလိုက်၏။ ကျောင်းပိုင်သည် ရှောင်းလိကို ပြန်မခေါ်လာနိုင်လျှင်တောင်မှ သည်လောက်အထိ အပြစ်မကင်းသလို ဖြစ်မနေသင့်ပေ။ သူမသည် မျက်မှောင်ကြုတ်လိုက်ပြီး သံသယပြည့်နှက်နေသော မျက်လုံးများဖြင့် ကျောင်းပိုင်ကို တဖန် မော့ကြည့်လိုက်သောအခါ တဖက်လူက အက်ကွဲသောအသံဖြင့် ပြောလိုက်လေသည်။ “ရှောင်းစစ်သူကြီး... ကျဆုံးသွားပါပြီ”
ဝိန်းယွီသည် စုတ်တံကို ကိုင်ထားရင်း အတန်ကြာ မှင်သက်သွားပြီး ကျောင်းပိုင်စကားထဲက အဓိပ္ပါယ်ကို နားမလည်လိုက်သည့်နှယ်။ “ဘာ”
ကျောင်းပိုင်က ခက်ခက်ခဲခဲ ထပ်ပြောလိုက်လေသည်။ “ရှောင်းစစ်သူကြီး၊ ကျဆုံးသွားပါပြီ”
ခပ်အုပ်အုပ်အသံ တစ်ခု ထွက်ပေါ်လာသည်။ ဝိန်းယွီသည် ဘေးရှိ မှင်အိုးကို တိုက်မိပြီး မှောက်ကျသွားခြင်းဖြစ်၏။ မှင်နီများသည် စာချွန်လွှာအပုံလိုက်နှင့် သူမ၏ အင်္ကျီလက်ကျယ် တဝက်ကျော်ကို ချက်ချင်းပင် နီရဲသွားစေသည်။
သူမသည် ထိုခဏ၌ ခေါင်းထဲတွင် မိုက်ခနဲဖြစ်သွားပြီး စားပွဲကို အမြန်ဖိထောက်ထားလိုက်မှသာ လဲကျမသွားဘဲ တည်ငြိမ်အောင် ထိန်းထားနိုင်လိုက်သည်။
ကျောင်းပိုင်သည် ဝိန်းယွီက သည်လောက်အထိ ဟန်မဆောင်နိုင်ဖြစ်သွားသည်ကို မြင်သောအခါ သူမကို သွားရောက်တွဲကူရန် အမြန်ရှေ့တိုးသွားရင်း ပြောလိုက်လေသည်။ “မင်းသမီး...”
ဝိန်းယွီသည် လက်တစ်ဖက်ဖြင့် စားပွဲထောင့်ကို ထောက်ထားပြီး ကျန်လက်တဖက်ကို မြှောက်ကာ ရှေ့တိုးလာမည့်ကျောင်းပိုင်ကို တားလိုက်၏။ တောက်ပသော နေရောင်ခြည်က တဝက်ပွင့်နေသော ပြတင်းပေါက်မှ တဆင့် သူမကိုယ်ပေါ်သို့ ကျရောက်နေသည်။ သို့သော် သူမ၏ မျက်နှာက အလွန်အမင်း ဖြူရော်နေ၏။ နေရောင်အောက်တွင် လှန်းထားသော နှင်းလူရုပ် တရုပ်နှင့် တူနေသည်။ ကျောင်းပိုင်ကို ကြည့်နေသော ထိုမျက်လုံးများက အလွန်အမင်း ဝမ်းနည်းကြေကွဲနေလွန်း၍ ခံစားချက်ကို မည်သို့ပြသရမည်ကို မသိတော့ခြင်းကြောင့်လား၊ သို့မဟုတ် အခြားအကြောင်းကြောင့်လား မသိပေ။ တခဏအတွင်း ဝမ်းနည်းရိပ်ကို မတွေ့ရတော့ပေ။ စကားပြောလိုက်ချိန်တွင်သာ အသံက အက်ကွဲနေသည်ကို သိသာစေကာ သူမက မေးလိုက်လေသည်။ “ဘာဖြစ်တာလဲ”
ကျောင်းပိုင်သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေ၏။ ဘေးတွင် ချထားသော လက်နှစ်ဖက်ကို လက်သီးအသွင် တင်းတင်းဆုပ်ထားသည်။ သူမသည် ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို အနည်းငယ် ခက်ခဲစွာဖြင့် ပြောပြလိုက်လေသည်။ “... ကျွန်တော်မျိုးမက နောက်ပိုင်းမှာ တိုက်ယန်က ရှောင်းစစ်သူကြီးကို မြှားပစ်ခဲ့တဲ့နေရာကို ပြန်သွားပြီး သူပစ်ခဲ့တဲ့ တခြားအဆိပ်မြှားတချို့ကို ရှာတွေ့ခဲ့ပါတယ်”
သူမသည် ပြောပြီးနောက် ဘေးမှ ပစ္စည်းတခုကို ယူကာ ဝိန်းယွီထံသို့ ဆက်သလိုက်လေသည်။
ထိုအဝတ်အိတ်ထဲတွင် ထုပ်ထားသည်မှာ သူမရှာတွေ့ခဲ့သော ထိုအဆိပ်မြှားများပင် ဖြစ်သည်။
ထိုနေ့က တိုက်ယန်သည် ရှောင်းလိကို မြှားတစင်း ထိမှန်သွားပြီးနောက် ကျင်းကျိုးစစ်သည်များက လိုက်လံဖမ်းဆီးသည်ကို အခွင့်ကောင်းယူကာ ကျောင်းပိုင်က သူတို့ကို ခွဲပြီးလှုပ်ရှားရန် အမိန့်ပေးခဲ့သည်။ သူသည် ကိုယ်ပေါ်တွင် ကျန်နေသော အဆိပ်မြှားများကို ရှင်းလင်းပစ်ခဲ့၏။ သို့သော် လိုက်လံဖမ်းဆီးသူများကြောင့် သူက ရှောင်းလိကို အရင်ပစ်ခဲ့သော ထိုအဆိပ်မြှားများကို ဖျက်ဆီးပစ်ရန် အချိန်မရခဲ့ပေ။ ကျင်းကျိုးစစ်သည်များသည်လည်း သူတို့ကို ဖမ်းဆီးပြီး ဂုဏ်ပြုခံရရန် အလျင်လိုနေသောကြောင့် တိုက်ပွဲမြေပြင်ကို သွားရောက်မရှင်းလင်းခဲ့ကြပေ။
ဝိန်းယွီသည် ကျောင်းပိုင်၏ လက်ဖဝါးထဲရှိ မြှားများကို မှင်သက်စွာ ကြည့်နေသည်။ အတန်ကြာ စိုက်ကြည့်နေပြီးမှ ကောက်ယူလိုက်၏။ သူမ၏ လက်ပေါ်တွင် စောစောက မှောက်ကျသွားသော မှင်အိုးမှ မှင်နီများ ပြည့်ကျံနေသည်။ ယခုအချိန်တွင် အဆိပ်မြှားများ ထုပ်ထားသော အဝတ်အိတ်ကို အားကုန်သုံးကာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သောအခါ လက် တဖက်လုံး သွေးများ စွန်းထင်းသွားသကဲ့သို့ ဖြစ်နေသည်။
သူမသည် တုန်ယင်နေသော အသက်ရှူသံကို အစွမ်းကုန် ထိန်းချုပ်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ မေးလိုက်လေသည်။
“သူ့အလောင်းရော”
ကျောင်းပိုင်က ခေါင်းခါလိုက်ပြီး အပြစ်ရှိသလို ပြောလိုက်လေသည်။ “ကျွန်တော်မျိုးမက လူတွေကို ခေါ်ပြီး မြစ်တလျှောက် စုန်ဆင်းပြီး ရက်အတော်ကြာ ရှာဖွေခဲ့ပါတယ်။ ရှောင်းစစ်သူကြီးရဲ့ အလောင်းကိုတော့ မတွေ့ခဲ့ပါဘူး။ မြစ်ဝက နစ်နေတဲ့ သစ်တုံး တတုံးပေါ်မှာ ရှောင်းစစ်သူကြီး အင်္ကျီစက အစအန တဝက်ကိုပဲ ကောက်ရခဲ့ပါတယ်”
“ဒါဆိုရင် ဆက်ရှာပါ။ ရှင်ရင် လူကို မြင်ရမယ်၊ သေရင် အလောင်းကို မြင်ရမယ်”
ကျောင်းပိုင်၏ နားထဲသို့ ကျရောက်လာသော ဤစကားလုံးအနည်းငယ်သည် အက်ကွဲလေးလံနေသော်လည်း အလွန်ပြတ်သားခိုင်မာလှ၏။
ကျောင်းပိုင်သည် ဝိန်းယွီက ဤရလဒ်ကို လက်မခံချင်မှန်း သိသည်။ သူမသည် အနည်းငယ် တွန့်ဆုတ်စွာဖြင့် ပြောလိုက်လေသည်။ “ကျွန်တော်မျိုးမ အဲဒီဘက်မှာ ရှောင်းစစ်သူကြီးရဲ့ အလောင်းကို ဆက်ရှာဖို့ လူတွေ ချန်ထားခဲ့ပါတယ်။ ဒါပေမဲ့ ရှောင်းစစ်သူကြီးက အဲဒီနေ့က... မေ့ဆေးနဲ့ အဆိပ်မြှားတွေ မိထားခဲ့တာဆိုတော့ အသက်ရှင်နိုင်ဖို့ အခွင့်အရေး မရှိလောက်တော့ဘူးထင်တယ်...”
သူမသည် ပြောရင်းနဲ့ ခေါင်းမော့လာခဲ့သည်။ သို့သော် ရင်ကွဲနာကျစရာကောင်းလောက်အောင် နီရဲနေသော်လည်း အေးစက်သော လျှပ်စီးလို စူးရှနေသည့် ဝိန်းယွီ၏အကြည့်နှင့် ဆုံသွား၏။ ထိုမျက်လုံးအစုံထဲတွင် အရင်ကထက် ပိုပြတ်သားပြီး မာကျောမှုတို့ ပေါ်လွင်နေကာ ဝိန်းယွီက ပြောလိုက်လေသည်။ “အရိုးစုပဲ ကျန်တော့ရင်တောင်မှ ငါ့ဆီကို ပြန်ယူလာခဲ့”
ကျောင်းပိုင်၏ နှစ်သိမ့်စကားများအားလုံး လည်ချောင်းထဲတွင် တဆို့သွားတော့သည်။ သူမသည် ဝိန်းယွီဘက်သို့ ဦးညွှတ်လိုက်ပြီး “ကျွန်တော်မျိုးမ အမိန့်နာခံပါ့မယ်”
ကျောင်းပိုင် ထွက်သွားပြီးနောက် စာကြည့်ဆောင်၏ တံခါးလည်း အသံနှင့်အတူ ပိတ်သွားသည်။
ဝိန်းယွီသည် အလင်းရောင်ကို ကျောပေးကာ စားပွဲကို ထောက်ပြီး ရပ်နေသည်။ သူမ၏ ပခုံးနှင့် ကျောပြင်သည် ကြိုးပြတ်လုနီးပါးဖြစ်နေသော လေး တလက်လို တင်းမာနေ၏။ စားပွဲအရင်းတွင် ထောက်ထားသော လက်သည် အားသုံးလွန်းမှုကြောင့် လက်သည်းများ ကျိုးပဲ့နေခဲ့သည်။ စိမ့်ထွက်လာသော သွေးရောင်နှင့် မှင်နီများ ရောနှောသွားပြီး တူညီစွာ မျက်စိကျိန်းစရာကောင်းလောက်အောင် နီရဲသွားခဲ့သည်။
အတည်မပြုရသေးသော စာရွက်စာတမ်းများပေါ်သို့ ရေစက်များ ကျလာပြီး စိုစွတ်နေသော အကွက်များ အစုလိုက်အပြုံလိုက် ပျံ့နှံ့သွား၏။ နေရောင်က စွေစောင်းလာကာ တဖြည်းဖြည်း မှောင်မိုက်လာသော အခန်းထဲတွင် အလွန်အက်ကွဲနေသော အသံ တစ်သံ ထွက်ပေါ်လာလေသည်။
“တောင်းပန်ပါတယ်...”
____
ခေါင်မိုးမှ ကျလာသော အရိပ်သည် ခြံဝင်း တဝက်ကို ကျော်လွန်သွားပြီဖြစ်သည်။ လီယောင်သည် တောင်ဝှေးကို ထောက်ကာ ခြံထဲတွင် ဖြန့်လှန်းထားသော စာအုပ်များကို ကိုယ်တိုင်လှန်လှောနေ၏။ ဘေးကအစေခံက ကူညီချင်သော်လည်း သူက အော်ဟစ်တားမြစ်လိုက်လေသည်။
“ငါကိုယ်တိုင် လုပ်မယ်။ ဒီစာအုပ်တွေက နှစ်အတော်ကြာနေပြီ။ ပြီးခဲ့တဲ့ ၂ရက်ကလည်း မိုးရေစိုထားတော့ မင်းတို့ရဲ့ ကြမ်းတမ်းတဲ့ လက်တွေနဲ့ မခံနိုင်ဘူး...”
အစေခံသည်လည်း လက်လျှော့လိုက်ရသည်။ ဘေးတွင် ရပ်ကာ လီယောင် စီစဉ်ပြီးသော စာအုပ်များကို ကူသယ်ပေးရန်သာ တာဝန်ယူလိုက်ရ၏။
နောက်ထပ် အစေခံတစ်ယောက်က ခြံအပြင်ဘက်မှ လျှင်မြန်စွာ လျှောက်လာကာ ပြောလိုက်လေသည်။
“လူကြီးမင်း... မင်းသမီး ရောက်လာပါတယ်။ အခု ဧည့်ခန်းမထဲမှာပါ။ လူကြီးမင်းကို တွေ့ချင်တယ်လို့ ပြောပါတယ်”
လီယောင်သည် ထိုအသံကို ကြားသောအခါ ကြိုတင်မျှော်လင့်ထားပုံရပြီး အံ့သြမသွားပေ။ သူသည် ခက်ခက်ခဲခဲ ခါးကိုင်းကာ ခြောက်သွေ့နေသော စာအုပ်တအုပ်ကို ထပ်ကောက်ယူလိုက်ပြီး ကပ်နေသော စာမျက်နှာများကို သတိထားကာ ခွာလိုက်၏။ သူသည် အသက်ကြီးပြီဖြစ်သောကြောင့် စာအုပ်ပေါ်ရှိ စာလုံးများကို ရှင်းလင်းစွာ မြင်ရရန် မျက်လုံးကို မှေးကြည့်ရသည်။ ရေစိုပြီး ကပ်နေသော စာမျက်နှာများအားလုံးကို ခွာပြီးနောက် ပျက်စီးနေပြီဖြစ်သော မျက်နှာဖုံးကို ဖွဖွလေး ပွတ်သပ်လိုက်ချိန်တွင် စာအုပ်အမည်ကို မြင်လိုက်ရ၏။ သူသည် တဒင်္ဂ မှင်သက်သွားပြီးနောက် အဓိပ္ပါယ်မရေရာစွာဖြင့် ပြောလိုက်လေသည်။ “ဝူဇီရွှိရဲ့ စာအုပ်ပဲ...”
အစေခံသည် လီယောင် ရုတ်တရက် ထူးဆန်းသွားသည်ကိုသာ ခံစားလိုက်ရ၏။ သို့သော် မေးခွန်းများများ မမေးရဲပေ။
လီယောင်သည် ထိုစာအုပ်ကို အစေခံထံသို့ ပေးလိုက်ပြီး ထိုစာအုပ်များအားလုံးကို သူ့စာကြည့်ဆောင်ထဲသို့ ပြန်ထားခိုင်းလိုက်၏။ သူကိုယ်တိုင်ကတော့ တောင်ဝှေးကို ထောက်ကာ ဧည့်ခန်းမသို့ သွားလေသည်။
ဧည့်ခန်းမ တံခါးအပြင်ဘက်တွင် ကြိုးတုပ်ကာ ဒူးထောက်နေသော လူတစ်ယောက်ရှိနေ၏။ သူ့ကျောပြင်တွင် ကြိမ်ဒဏ်ရာများ ပြည့်နှက်နေ၏။ ထိုသူမှာ တိုက်ယန်ပင်။
လီယောင်သည် ထိုသူကို မမြင်သလို ပုံမှန်မျက်နှာထားဖြင့် တံခါးထဲသို့ ဝင်သွားလိုက်၏။ အထဲတွင် ကျောခိုင်းပြီး ရပ်နေသော အမျိုးသမီးကို လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်ရင်း ပြောလိုက်လေသည်။ “အမတ်အိုကြီး ကျွန်တော်... မင်းသမီးကို ဂါရဝပြုပါတယ်”
ဝိန်းယွီသည် လှည့်မကြည့်ပေ။ သူမဝတ်ရုံ၏ ပိုးသားအနားစက သူမနောက်တွင် တွဲလောင်းကျနေကာ လေတိုက်ခံနေရသော အလံနှင့်လည်းတူပြီး လွှင့်ထူထားသော ရွက်လွှင့်နှင့်လည်း တူနေ၏။ သူမ၏ အသံက အက်ကွဲလေးလံနေကာ ပြောလိုက်လေသည်။ “ဒီနေ့ ကျွန်မ ဒီကို ဘာအတွက် လာတာလဲဆိုတာကို ဆရာ သိမှာပါ”
လီယောင်က တည်ငြိမ်စွာ ပြောလိုက်လေသည်။ “မင်းသမီးက အမတ်အို ကျွန်တော့်ကို အပြစ်ပေးချင်တယ်ဆိုရင် ကျွန်တော် ကြည်ဖြူစွာ ခံယူပါ့မယ်”
ဝိန်းယွီသည် ရုတ်တရက် မျက်လွှာပင့်လိုက်သည်။ လှည့်လာချိန်တွင် အေးစက်သော လျှပ်စီးကဲ့သို့ မျက်လုံးအလင်းရောင်က လီယောင်ထံသို့ တည့်တည့်မတ်မတ် စူးဝင်သွားကာ မေးလိုက်လေသည်။ “ဘာလို့လဲ”
သူမ မေးသည်မှာ လီယောင်က လူလွှတ်ပြီး ရှောင်းလိကို သတ်ခိုင်းသည့် ကိစ္စဖြစ်သည်မှာ သိသာလှသည်။
လီယောင်က စကားတစ်ခွန်း ပြောလိုက်၏။ “နန်းတော်ကို သန့်စင်ဖို့ပါ”
ဝိန်းယွီ၏ နီရဲနေသော မျက်လုံးအောက်ခြေတွင် ထင်ရှားသော ဒေါသများ ချက်ချင်းပေါ်လာကာ အော်ဟစ်လိုက်လေသည်။ “ကျွန်မ ဆရာ့ကို ပြောဖူးတယ်လေ။ ရှောင်းလိက သစ္စာဖောက် မဟုတ်ဘူးလို့။ သူတို့မိသားစုလုံးက ကျွန်မရဲ့ ကျေးဇူးရှင်တွေပဲ။ ဆရာက တိုင်းသူပြည်သားတွေနဲ့ ကြီးမားတဲ့လုပ်ငန်းစဉ်ကို အကြောင်းပြတယ်။ ကျွန်မက ကျောင်းပိုင်ကို လွှတ်ပြီး အမှားအမှန်ကို စုံစမ်းဖို့ ရှောင်းလိကို ပြန်ခေါ်လာဖို့ အမိန့်ပေးခဲ့ပြီးပြီ။ ဆရာက ဘာလို့ ရက်ရက်စက်စက် သတ်ဖြတ်ရတာလဲ။ ဆရာက ကျွန်မကို ကျေးဇူးကန်းပြီး မေတ္တာတရားမရှိ၊ ယုံကြည်မှုမရှိတဲ့သူမျိုး ဖြစ်စေချင်နေတာလား”
ဝိန်းယွီ၏ ဒေါသကို ရင်ဆိုင်ရချိန်တွင် လီယောင်က သူ၏ အိုမင်းပြီး မီးခိုးရောင်သန်းနေသော သူငယ်အိမ်များဖြင့် သူမကို တိတ်ဆိတ်စွာ ကြည့်နေရုံသာ ကြည့်နေကာ ပြောလိုက်လေသည်။ “မင်းသမီး... ဒီကလေးအပေါ် မင်းသမီးရဲ့ ကာကွယ်ပေးမှုက အစောကြီးကတည်းက တရားမျှတမှု ကင်းမဲ့နေခဲ့တာပါ”
ဤစကားသည် သွယ်ဝိုက်အဓိပ္ပါယ်တစ်ခု ဆောင်နေမှန်း သိသာ၏။
လီယောင်သည် အကြည့်ကို လွှဲဖယ်လိုက်ပြီး ဆက်ပြောလိုက်လေသည်။ “သူက မင်းသမီးရဲ့ လူတွေနဲ့အတူ ဖိန်ကျိုးကို ပြန်လိုက်လာဖို့ သဘောတူခဲ့ရင် ကျွန်တော့်လူတွေက လှုပ်ရှားမှာ မဟုတ်ပါဘူး”
ဝိန်းယွီသည် ဒေါသထွက်လွန်းသဖြင့် ခါးသက်စွာ ရယ်မောမိတော့မတတ်ပင်။ သူမသည် တကယ်လည်း နှုတ်ခမ်းထောင့်ကို တွန့်ကာ ရယ်မောလိုက်သည်။ သို့သော် ထိုအပြုံးထဲတွင် လှောင်ပြောင်မှုနှင့် မိမိကိုယ်ကိုယ် သရော်မှုများ ပြည့်နှက်နေကာ သူမက ပြောလိုက်လေသည်။ “ဆရာက ယွီ ကို ဒီလိုပဲ မြင်တာလား”
“ဆရာ့ကို မေးပါရစေ။ ယွီက ရှောင်းလိကို ပေးခဲ့တဲ့ ဆုပေးဒဏ်ပေးတွေထဲမှာ ဘယ်အချက်က ကာကွယ်ပေးတယ်လို့ ခေါ်လို့ရလဲ။ ဘယ်အချက်က တရားမျှတမှု ကင်းမဲ့နေလဲ” သူမ၏ အကြည့်သည် ချွန်ထက်သော ဓားတစလက်လို အေးစက်ပြီး စူးရှလို့နေ၏။ “သူက စစ်မှုထမ်းရာမှာ ရရှိခဲ့တဲ့ အကျိုးဆောင်မှုတွေနဲ့ တဆင့်ပြီးတဆင့် ဘယ်လို တက်လာခဲ့လဲဆိုတာကို ဖိန်ကျိုးက စစ်သူကြီးတွေအားလုံး မျက်မြင်ကိုယ်တွေ့ပဲ။ သူသာ ပြစ်မှုကျူးလွန်ရင် ကျွန်မ သူ့ကို စစ်ဆေးမေးမြန်းတာက တခြားစစ်သူကြီးတွေထက်တောင် ပိုပြင်းထန်ပါလိမ့်မယ်”
“ယွီက ရှောင်းလိ သူလျှိုဖြစ်တယ်ဆိုတဲ့ကိစ္စကို ငြင်းဆိုခဲ့လို့ ယွီက သူ့အပေါ် ကာကွယ်ပေးချင်စိတ် ရှိတယ်လို့ ဆရာက ထင်နေတာဆိုရင် ယွီက ဆရာ့အပေါ် စိတ်ပျက်ရမှာပဲ။ အရင်တုန်းက ယန်ချွဲ့ကို ကွပ်မျက်ခဲ့တုန်းကလည်း ယွီက သက်သေခိုင်လုံမှသာ လှုပ်ရှားခဲ့တာပါ။ အခု ရှောင်းလိက သူလျှိုဆိုတဲ့ သက်သေအထောက်အထားက မလုံလောက်သေးဘူးလေ။ ယွီက ဆရာ့ကိုလည်း ပြောခဲ့ဖူးတယ်။ ဒါက ဖေစုန့်ရဲ့ ထောင်ချောက် မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူးလို့။ ဆရာက အမှားအမှန်ကို မစစ်ဆေးဘဲ ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ်။ နောင်တချိန်မှာ အထင်လွဲပြီး သတ်မိတာလို့ သိလာရရင် ဆရာက ယွီကို ဘယ်လိုနေစေချင်တာလဲ”
လီယောင်သည် လက်နှစ်ဖက်ကို ထပ်ကာ တောင်ဝှေးခေါင်းကို အားကုန်သုံးပြီး ဆုပ်ကိုင်ထားလေသည်။ သူ့လေသံက မာကျောတောင့်တင်းနေ၏။ “ရှေးခေတ်ကတည်းက ကြီးမားတဲ့အလုပ်ကို လုပ်တဲ့သူတွေက အသေးအဖွဲကိစ္စတွေကို ဂရုမစိုက်ကြပါဘူး။ မင်းသမီးရဲ့ ကြီးမားတဲ့လုပ်ငန်းစဉ်ကို မထိခိုက်စေသရွေ့ မှားယွင်းပြီး သတ်မိတယ်ဆိုရင်တောင် အမတ်အိုကြီး ကျွန်တော်က ဝန်ခံပါတယ်။ နောင် တချိန် အမှန်တရား ပေါ်ပေါက်လာတဲ့အခါ အမတ်အိုကြီး ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး မြေအောက်မှာ သွားတောင်းပန်ပါ့မယ်”
ဝိန်းယွီ၏ မျက်လုံးထဲရှိ ဒေါသများသည် အစစ်အမှန်အဖြစ် ခဲသွားသယောင်ပင်။ “ဒါကသာ ဖေစုန့်ရဲ့ ကောက်ကျစ်တဲ့ အကြံအစည်ဆိုရင် အခု တကြိမ် သူက ရှောင်းလိကို သူလျှိုလို့ ပြောတယ်။ နောက်တကြိမ်ကျရင် ချန်လူကြီးမင်း၊ ဟယ်လူကြီးမင်း၊ ဖန့်စစ်သူကြီးတို့ကို သူလျှိုလို့ ထပ်ပြောရင်ရော။ ဆရာက သူတို့ကိုလည်း တစ်ယောက်ပြီး တစ်ယောက် ရှင်းလင်းပစ်ဦးမှာလား”
လီယောင်၏ မျက်နှာအနည်းငယ် ပြောင်းလဲသွားသည်။ သို့သော် စကား တခွန်းမှ မပြောခဲ့ပေ။
ဝိန်းယွီက ဆက်လက်မေးလိုက်လေသည်။ “ဆရာက မင်ချန်ဧကရာဇ်ကို ကူညီခဲ့ဖူးတော့ တာ့လျန်ပြည်ထောင်ရဲ့ ဘေးဒုက္ခဇာစ်မြစ်က မင်ချန်ဧကရာဇ် နှောင်းပိုင်းကာလမှာ ဉာဏ်ရည်ချို့ယွင်းလာပြီး သစ္စာရှိတဲ့ အမတ်တွေနဲ့ စစ်သူကြီးကောင်းတွေကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့တုန်းက စတင်ခဲ့တာဆိုတာကို ဆရာ သိသင့်တယ်။ ခမည်းတော်က အိမ်ရှေ့စံအဖြစ် ရွေးချယ်ခံရတုန်းကတည်းက မတရားသေဆုံးသွားတဲ့ အမတ်တချို့အတွက် အမှုပြန်ဖွင့်ပေးဖို့ စတင်လုပ်ဆောင်နေခဲ့ပြီ။ ယွီ အဲဒီမှတ်တမ်းတွေကို ဖတ်ဖူးတယ်။ မျိုးဆက်ပေါင်းများစွာ ဖြူစင်ခဲ့တဲ့ အမတ်တွေက မှားယွင်းသတ်ဖြတ်ခံရပြီး လာဘ်စားမှုဆိုတဲ့ နာမည်ဆိုး တပ်ခံရတယ်။ အိမ်ကပစ္စည်းတွေ သိမ်းဆည်းခံရပြီး နယ်နှင်ဒဏ်ပေးခံရတာတောင် မလုံလောက်သေးဘူး။ သမိုင်းမှတ်တမ်းထဲမှာ ထည့်သွင်းပြီး နောင်လာနောက်သားတွေရဲ့ ကဲ့ရဲ့ရှုတ်ချတာကိုပါ ခံရသေးတယ်။ ယွီက ဆရာ့ကို ရဲရဲဝံ့ဝံ့ မေးပါရစေ။ ဒီလို မင်းဆက်မျိုးမှာ ဘယ်သူက သစ္စာခံရဲတော့မှာလဲ”
“ခမည်းတော်နဲ့ အစ်ကိုတော်တို့ရဲ့ တဘဝလုံး ဆန္ဒက တာ့လျန်မင်းဆက်ရဲ့ နာတာရှည်ရောဂါတွေကို ဖယ်ရှားပစ်ဖို့ပဲ။ ဒါက ယွီရဲ့ ဆန္ဒလည်း ဖြစ်ပါတယ်။ အခု ရန်သူကို မချေမှုန်းရသေးဘူး။ ကြီးမားတဲ့လုပ်ငန်းစဉ်ကလည်း မစတင်ရသေးဘူး။ ဆရာက ယွီကို အရင်တုန်းက မင်ချန်ဧကရာဇ် နိုင်ငံတော်ကို ဒုက္ခပေးခဲ့တဲ့ လုပ်ရပ်မျိုးကို အတုခိုးစေချင်နေတာလား”
လီယောင်သည် ဝိန်းယွီနှင့် မျက်လုံးချင်းဆုံနေ၏။ သို့သော် ပထမဆုံးအကြိမ်အဖြစ် သူ့ရှေ့က မိန်းမငယ်လေးကို တည့်တည့်မကြည့်ရဲတော့သလို ရုတ်တရက် ခံစားလိုက်ရသည်။
သူမသည် သူ၏ တပည့် မဟုတ်တော့ပေ။ သူ မျှော်လင့်ချက်ကြီးစွာ ထားခဲ့သော ထိုတာ့လျန်မင်းသမီးဆိုသည်ထက်ပင် ပိုလာခဲ့ပြီ။
ဟုတ်ပေသည်။ သူက သူမသည် ရှောင်းလိကို ကာကွယ်ပေးရန် ခေါင်းမာနေပြီး သက်သေမလုံလောက်မှုအကြောင်းကို အကြောင်းပြချက် တခုအဖြစ်သာ မကြာခဏ သုံးနေသည်ဟု သူ တစ်ယောက်တည်းကသာ တယူသန်စွာ ထင်မြင်နေခဲ့ခြင်းဖြစ်သည်။ ယခုအချိန်ကျမှသာ သူမသည် အရင်တုန်းက ဧကရာဇ်မင်ချန် သစ္စာရှိသူများကို မှားယွင်းသတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကို တကယ်ကို နက်နက်ရှိုင်းရှိုင်း ရွံရှာမုန်းတီးနေပြီး ဧကရာဇ်မင်ချန်နှင့် တူညီသော အမှားမျိုးကို မလုပ်မိစေရန် အစွမ်းကုန် ရှောင်ရှားနေကြောင်းကို သူ သိလိုက်ရသည်။
အကယ်၍ ယခု တကြိမ် လျှို့ဝှက်စာထဲတွင် ဖော်ပြထားသော သူလျှိုသည် ရှောင်းလိ မဟုတ်ဘဲ အခြားသူ တစ်ယောက်သာ ဖြစ်ခဲ့လျှင်၊ ဝိန်းယွီနှင့် ထိုမျှ ရှုပ်ထွေးသော ဆက်ဆံရေးမျိုး မရှိခဲ့လျှင် သူသည် ဤမျှလောက် တဖက်သတ် ဆုံးဖြတ်ချက်ချမိမည် မဟုတ်ပေ။
သူက တွေးလိုက်သည်။ ငါ မှားသွားတာ ဖြစ်နိုင်တယ်။ တာ့လျန်ရဲ့ မင်းသမီးက ငါထင်ထားတာထက် အများကြီး ပိုပြီး အသိတရား ရှိနေတာပဲ။
သူမသည် သူက တရားမျှတမှုကို အကြောင်းပြပြီး ဖိအားပေးနေခြင်းကို မလိုအပ်ပေ။ သူက သူမအတွက် မည်သည့်ဆုံးဖြတ်ချက်ကိုမှ ချပေးရန်လည်း မလိုအပ်ပေ။
သို့သော် သူသည် နောင်တမရခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရှောင်းလိသည် သူလျှိုဖြစ်နိုင်ခြေ ၁၀၀၀၀ ပုံ ၁ပုံသာ ရှိလျှင်တောင်မှ ထိုလျှို့ဝှက်အန္တရာယ်ကို ဖယ်ရှားပစ်လိုက်ပြီးပြီ ဖြစ်သောကြောင့်ပင်။
နောင်တွင် ဝိန်းယွီသည် ဒေါသထွက်ပြီး သူ့ကို ဆက်မကူညီခိုင်းတော့လျှင်တောင်မှ သူမ၏ လက်ရှိ စိတ်နေသဘောထားအရ အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်နေပြီဖြစ်သည်။
သူ ကြံစည်ခဲ့သည်များကလည်း အောင်မြင်သွားပြီဟု သတ်မှတ်လို့ရပြီ။
လီယောင်သည် တောင်ဝှေးထောက်ထားသော ကိုယ်နေဟန်ထားကို မပြောင်းလဲဘဲ ဆက်ထိန်းထားသည်။ ဖြူစွတ်နေသော မုတ်ဆိတ်နှင့် ဆံပင်များက လေထဲတွင် လွင့်မျောနေ၏။ လူ တကိုယ်လုံးသည် အများကြီး ပိုအိုမင်းသွားသယောင်။ ဝိန်းယွီကို အတန်ကြာ စူးစိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် ပြောလိုက်လေသည်။ “အမတ်အိုကြီး ကျွန်တော့်မှာ ကိုယ်ကျင့်တရား ချို့ယွင်းချက် ရှိပါတယ်။ နိုင်ငံကို ကြီးကြပ်တဲ့ အာဏာကို ဆက်ကျင့်သုံးဖို့ မထိုက်တန်တော့ပါဘူး။ မင်းသမီးက အာဏာကို ပြန်ရုပ်သိမ်းပေးပါ။ ရှောင်းလိက သူလျှိုမဟုတ်ဘူးလို့ စုံစမ်းသိရှိရတဲ့အခါ အမတ်အိုကြီး ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး သူ့ကို သွားတွေ့ပါ့မယ်”
မလာခင်က ဝိန်းယွီသည် တကယ်ကို ဒေါသတွေ ပြည့်နှက်နေခဲ့သည်။ သို့သော် လီယောင်က ဤစကားကို ပြောလိုက်ပြီးနောက် ထိုဒေါသများအားလုံးသည် နက်ရှိုင်းသော အားကိုးရာမဲ့မှုနှင့် လည်ချောင်း တစ်ခုလုံးကို တစ်ဆို့သွားစေသည့် ခါးသီးမှုအဖြစ်သို့ ပြောင်းလဲသွားသည်ကိုသာ သူမ ခံစားလိုက်ရသည်။
ရှောင်းလိ၏ သေဆုံးမှုသည် အခြေခံအားဖြင့် သူမ ပခုံးပေါ်တွင် ထမ်းပိုးထားသော ရန်ငြိုးနှင့် တာဝန်များကြောင့်ပင်။
သူမသည် မျက်လုံးများကို လေးလံစွာ မှိတ်လိုက်ကာ “သူ့ကို အားနာရမှာက ကျွန်မပါ”
____
ရေတစ်စက်က ရှောင်းလိ၏ မျက်ခုံးကြားသို့ ကျလာသည်။ သူ့မျက်ခွံများက ခက်ခက်ခဲခဲ လှုပ်ရှားသွား၏။ မျက်စိရှေ့တွင် မျောလွင့်နေသော အလင်းရောင်လို အရိပ်အယောင်များသာ ရှိနေသည်။ ပတ်ဝန်းကျင်တွင် စကားပြောသံများကို သဲ့သဲ့လေး ကြားနေရသည်။
“အဘိုးကြီး... ခင်ဗျားရဲ့ ဒီဆေးက တကယ်ရော အသုံးဝင်ရဲ့လား။ အလွန်ဆုံး ၃ရက်ဆိုရင် သတိရလာနိုင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အခု ဘယ်နှရက်တောင် ကျော်သွားပြီလဲ”
“အဲဒါက မူလဆေးနည်းအတိုင်း ကုတာလေ။ ဒီလို စစ်ပွဲတွေနဲ့ ရှုပ်ထွေးနေတဲ့အချိန်မှာ ဆေးဘက်ဝင်အပင် အများကြီးကို ဝယ်လို့မှ မရတာ။ ဆေးစွမ်းတူတဲ့ ဆေးဘက်ဝင်အပင်တွေကိုပဲ အစားထိုးပြီး ရှာသုံးရတာပေါ့...”
“ဒါဆိုရင် အဆိပ်ကို ဖယ်ထုတ်နိုင်သေးရဲ့လား” ပိုငယ်ရွယ်သည့် အသံသည် စိုးရိမ်နေသည်မှာ သိသာ၏။
“ထင်ရတာပဲ။ အဲဒီဒဏ်ရာနား တဝိုက်မှာ ခရမ်းရောင် မသမ်းတော့တာကို မတွေ့ဘူးလား” အသက်ကြီးသောအသံသည် နားထောင်ရသည်မှာ အားမရှိသလို ဖြစ်နေသည်။ သို့သော် တော်တော်လေး ရင်းနှီးနေ၏။
“ဝူး... အားနျိုက အစ်ကိုကြီးကို မသေစေချင်ဘူး...”
ငိုနေသော လူတစ်ယောက်လည်း ရှိနေပုံရသည်။ အသံများက တကယ်ကို ဆူညံလွန်းနေ၏။ ရှောင်းလိ၏ အသိစိတ်များက ရှုပ်ထွေးနေသည်။ ပတ်ဝန်းကျင်က လူများက တကယ်တမ်း ဘာတွေပြောနေကြသည်ကို သူ သေချာမကြားရပေ။ သူသည် မျက်လုံးကို ဖွင့်ရန် အစွမ်းကုန် ကြိုးစားသော်လည်း ခွန်အားက ကန့်သတ်ချက် ရှိနေသောကြောင့် မကြာခင်မှာပင် ပြန်လည်မေ့မျောသွားလေသည်။
နောက်ပိုင်း အသိစိတ် ဝေဝါးနေချိန်တွင် သူသည် လူတစ်ယောက်က တူကိုအသုံးပြုပြီး သူ၏ သွားများကို ဖြဲကာ ဆေးရည်ပန်းကန်အချို့ကို အတင်းအဓမ္မ တိုက်ကျွေးနေသည်ကိုတော့ သိနေခဲ့သည်။
ပိုဝေဝါးနေသော မှတ်ဉာဏ်များထဲတွင်တော့ တစ်စုံတစ်ယောက်ကလည်း သူ့ကို ဆေးရည်များ အစွမ်းကုန် တိုက်ကျွေးခဲ့ဖူးသလိုမျိုးပင်။ သူသည် အိပ်တဝက် နိုးတဝက် အခြေအနေတွင် ချိုမြိန်သော နှင်းရည်ကို အငမ်းမရ သောက်သုံးခဲ့ရသည်။ ဝေဝါးနေသော အမြင်အာရုံထဲတွင်တော့ မီးရောင်နှင့် ဝိန်းယွီ၏ မျက်နှာပေါ်လာခဲ့ပြီး သူမ၏ နှုတ်ခမ်းပေါ်ရှိ သွေးစက်လေးများလည်း ပါဝင်နေ၏။
ရှောင်းလိသည် ချွေးသံတရွဲရွဲဖြင့် နိုးလာချိန်တွင် လူ တကိုယ်လုံး အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေဆဲ။ ဤသေရေးရှင်ရေးကြားတွင် ဝေဝါးစွာ ပေါ်လာခဲ့သော မှတ်ဉာဏ်များက တကယ်ပဲ အရင်က အစစ်အမှန် ဖြစ်ပျက်ခဲ့ဖူးသည့် ကိစ္စများလား သို့တည်းမဟုတ် သူ့အိပ်မက်ထဲက စိတ်ကူးယဉ်မှုများလားဆိုတာကို သူ မသိပေ။
တံခါးပေါက်မှ ခွမ်းခနဲ စူးရှသောအသံ တသံ ထွက်ပေါ်လာသည်။ ထိုအခါမှသာ သူသည် အတွေးများကို ရုတ်တရက် ရပ်တန့်လိုက်၏။ မော့ကြည့်လိုက်သောအခါ အားနျိုက တံခါးပေါက်တွင် တံခါးရွက် တခုလို ပိတ်ရပ်နေပြီး အပြင်ဘက်က အလင်းရောင်ကို လုံးဝ ကွယ်ထားသည်ကို မြင်လိုက်ရသည်။ ခြေအောက်တွင်တော့ ကွဲသွားသော မြေအိုပန်းကန်က ပြန့်ကျဲနေ၏။ သူ နိုးလာသည်ကို မြင်သောအခါ အားနျိုသည် အနည်းငယ် ဘာလုပ်ရမှန်းမသိ ဖြစ်သွားပုံရ၏။ ဝမ်းသာလို့လား သို့မဟုတ် စိုးရိမ်လို့လား မသိပေ။ ချက်ချင်းပင် တဖက်က နှာရည်မျက်ရည်များဖြင့်ငိုရင်း တဖက်ကတော့ အပြင်သို့ ပြေးထွက်သွားကာ သမားတော်ထောင်ကို အော်ခေါ်လေသည်။
ရှောင်းလိက ပါးစပ်ဟကာ သူ့ကို ခေါ်ဖို့ ကြိုးစားသော်လည်း လည်ချောင်းက အလွန်အမင်း အက်ကွဲခြောက်သွေ့နေသည်ကို ခံစားလိုက်ရပြီး အသံလုံးဝ မထွက်နိုင်ပေ။ ထို့ပြင် အဆိပ်အကြွင်းအကျန်များ မရှင်းလင်းရသေးသောကြောင့် ဖြစ်နိုင်သည်။ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ခေါင်းမူးနေသေးသည်ကို ခံစားရပြီး နောက်ကျောရှိ ဒဏ်ရာကလည်း နာကျင်နေ၏။
ဤအချိန်လေးအတွင်းမှာပင် ရှောင်းလိ၏ မှတ်ဉာဏ်များအားလုံး ပြန်ရောက်လာခဲ့သည်။ ချင်းယွင်ကိုယ်ရံတော်များ၏ လိုက်လံသတ်ဖြတ်မှုနှင့် ထိုအဆိပ်မြှားက ယူဆောင်လာသော အေးစက်မှုက သည်လို အခြေအနေမျိုးတွင်ပင် ထိုကဲ့သို့သော အိပ်မက်လှလှတစ်ခုကို မက်နေခဲ့သေးသည်က တကယ်ကို ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရတော့သည်။
တခြားလူတွေက ငါ့ကို လမ်းဘေးက ခွေးတစ်ကောင်ထက်တောင် အောက်ကျတယ်လို့ သဘောထားတာကို အပြစ်တင်လို့ မရဘူး။ တကယ်လည်း ငါကိုယ်တိုင်က အရှက်မရှိတာပါ။
ရှောင်းလိ၏ သွေးကြောများ ဖောင်းကြွနေသော လက်သည် အောက်တွင် ခင်းထားသော ကောက်ရိုးများကို အားကုန်သုံးကာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ ကျောင်းပိုင်က ရှောင်းဟွေ့နျန်သည် ဖေစုန့်၏ လက်ထဲတွင် ရှိနေသေးသည်ဟု ပြောခဲ့သည်ကို သတိရသွားသောအခါ မျက်လုံးအစုံတွင် အမုန်းတရားများ ဖြစ်ပေါ်လာ၏။ တကိုယ်လုံးရှိ အဆိပ်နှင့် ဒဏ်ရာများကို ဂရုမစိုက်နိုင်တော့ဘဲ လက်နှစ်ဖက်ဖြင့် ကုတင်စွန်းကို ထောက်ကာ အတင်းအဓမ္မ ထရန် ပြင်လိုက်သည်။
အသံကြားသဖြင့် ပြေးလာသော ကျန်းဟွိုင်က အလျင်စလို အော်ဟစ်တားမြစ်လိုက်လေသည်။
“မလှုပ်နဲ့။ မလှုပ်နဲ့။ ခင်များကိုယ်ပေါ်က အဆိပ်တွေ မစင်သေးဘူး။ အချိန်တိုအတွင်းမှာတော့ ကုတင်ပေါ်ကနေ ဆင်းလို့ မရသေးဘူး”
...