အခန်း ၁၀၁
Vol. 11 Ch. 101
အပိုင်း (၁၀၁)
ရှောင်းလိသည် ကြားသော်လည်း မကြားဟန်ဆောင်နေ၏။ သူ၏ကျောဘက်မှ ဒဏ်ရာသည် တင်းအားကြောင့် စုတ်ပြဲသွားခဲ့သည်။ သူ၏မျက်နှာသည် ပိုလို့ပင် ဖြူရော်သွားသော်လည်း ခံစားချက်အရိပ်အယောင်တစ်ခုပင် ထုတ်မပြချေ။ သူ၏တစ်ကိုယ်လုံးသည် မတ်စောက်သော တောင်ကမ်းပါးပေါ်တွင် နှစ်ပေါင်းထောင်သောင်းချီ၍ လေဒဏ်မိုးဒဏ်ခံခဲ့ရသော ကျောက်ဆောင်တစ်ခုနှယ် အေးစက်မာကျောနေသည်။
ကျန်းဟွိုင်သည် စိုးရိမ်တကြီးဖြင့် ရှောင်းလိ၏ပခုံးကို ဖိချလိုက်ပြီး သူထမည့်အဟုန်ကို တားဆီးလိုက်၏။
ရှောင်းလိ၏ခန္ဓာကိုယ်ပေါ်က အဆိပ်အကြွင်းအကျန်များက မပြယ်သေးချေ။ ၎င်းအပြင် ရက်ပေါင်းများစွာ သေသေချာချာ အဟာရမဖြည့်ရသဖြင့် သိသိသာသာ အားနည်းနေလေသည်။ သို့သော် သူ စကားပြောလိုက်ချိန်တွင် သူ့အသံထဲမှ အေးစက်မှုနှင့် ဩဇာအာဏာကို လျစ်လျူမရှုရဲအောင် ရှိနေဆဲပင်။ "ဖယ်စမ်း"
ကျန်းဟွိုင်က စိုးရိမ်တကြီး တောင်းပန်လိုက်သည်။ "ကျေးဇူးရှင် ခင်များ သေဘေးက သီသီလေး လွတ်လာတာပါ။ ဘယ်လောက်ပဲ နက်ရှိုင်းတဲ့ ရန်ငြိုးရန်စတွေ ရှိနေပါစေ အခုအချိန်က စိတ်လိုက်မာပါ လုပ်ရမယ့်အချိန် မဟုတ်ပါဘူး။ ဒဏ်ရာကို သက်သာအောင် ကုသပြီးမှ ရေရှည်အတွက် စီစဉ်တာက အကောင်းဆုံး နည်းလမ်းပါပဲ"
ထိုနေ့က ရှောင်းလိက သူ့ကို ထွက်သွားခိုင်းသော်လည်း သူသည် စကားနားမထောင်ဘဲ ထွက်မသွားခဲ့ချေ။ ရှောင်းလိ၏နောက်သို့ တိတ်တဆိတ် လိုက်သွားကာ မြို့ပြင်သို့ ရောက်သောအခါ ရှောင်းလိသည် လူတစ်စုနှင့် တိုက်ခိုက်နေသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
ရှောင်းလိ သတိထားမိမှာစိုးရိမ်သဖြင့် သူသည် အဝေးမှသာ နေခဲ့ပြီး အလွန်နီးကပ်အောင် မသွားရဲခဲ့ချေ။ ထိုလူစုသည် သိုင်းပညာ အလွန်ထူးချွန်ကြပြီး သာမန် စစ်သားများ၊ ဓားပြများနှင့် မတူဘဲ အထူးလေ့ကျင့်ထားသော အသေခံစစ်သည်များနှင့် ပိုတူနေသည်ကို မြင်လိုက်ရသဖြင့် သူသည် ချက်ချင်းပင် အခြေအနေမကောင်းမှန်း သိလိုက်၏။
ရှောင်းလိ မယှဉ်နိုင်မှာကိုစိုးရိမ်သဖြင့် သူသည် ကျင်းချန်မြို့သို့ ချက်ချင်း ပြန်လှည့်သွားခဲ့သည်။ မြို့တံခါးဝတွင် ထွက်ပြေးသွားသော စစ်သားတစ်ဦးကို ဖမ်းဆီးရန် ကြေညာစာကပ်ထားပြီး ၎င်းမှာ ထိပ်တမ်းအဆင့် ဖမ်းဝရမ်း ဖြစ်နေသည်။ ကျန်းဟွိုင်သည် စစ်သားများကို မြို့ပြင်တွင် ထိုထွက်ပြေးသွားသူကို မြင်တွေ့ခဲ့ရကြောင်း လိမ်လည်ပြောဆိုခဲ့ပြီး စစ်တပ်တစ်တပ်ကို ရှောင်းလိရှိရာဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။
စစ်သားများသည် ကျင်းချန်မြို့ပြင်ရှိ ထိုလူစုကို မြင်တွေ့သောအခါ သူထင်ထားသည့်အတိုင်းပင်။ ရှေ့တိုးကာ ဖမ်းဆီးကြလေသည်။ ရှောင်းလိသည်လည်း ထိုအခွင့်အရေးကို အသုံးချကာ ထွက်ပြေးလွတ်မြောက်သွားခဲ့၏။
စစ်သားများသည် ထွက်ပြေးသွားသော ထိုလူစုကို လိုက်လံဖမ်းဆီးရန် အလျင်လိုနေသဖြင့် သူ့ကို ဂရုမစိုက်နိုင်တော့ချေ။ သူသည်လည်း အခွင့်အရေးရှာကာ လစ်ထွက်လာခဲ့လိုက်သည်။ ကျင်းချန်မြို့တွင် နေထိုင်ခဲ့သော ဤရက်များအတွင်း သူသည် မြို့ပြင်ရှိ မြေမျက်နှာသွင်ပြင်ကို ကြိုတင်လေ့လာထားပြီး ဖြစ်သည်။ ရှောင်းလိသည်လည်း ပတ်ဝန်းကျင်ရှိ မြေမျက်နှာသွင်ပြင်ကို သေချာပေါက် သိထားမည်ဟု သူ ခန့်မှန်းလိုက်သည်။ ဖြစ်နိုင်ခြေအရှိဆုံး ထွက်ပြေးမည့် လမ်းကြောင်းတစ်ခုကို စဉ်းစားပြီးနောက် သူသည် သွားရမည့်နေရာသို့ ကြိုတင်သွားရောက်ကာ လူစောင့်နေခဲ့သည်။
အချိန်သိပ်မကြာလိုက်ချေ။ ရှောင်းလိသည် မြင်းကိုစွန့်ကာ ရေကိုဖြတ်ပြီး တစ်ဖက်ကမ်းသို့ ရောက်လာခဲ့လေသည်။ ရှောင်းလိ ထိုမျှအထိ ပြင်းထန်စွာ ဒဏ်ရာရထားသည်ကို မြင်သောအခါ သူသည် အလွန်တုန်လှုပ်သွားတော့သည်။ ရှောင်းလိသည် ထိုနေရာတွင် သူရောက်နေခြင်းအပေါ် မျက်လုံးထဲ၌ အံ့ဩမှု အနည်းငယ် ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် တည်ငြိမ်သွားခဲ့၏။
သူသည် ရှောင်းလိကို ခေါ်ဆောင်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။ ရှောင်းလိ၏ တစ်ကိုယ်လုံးတွင် သွေးများ ပေကျံနေပြီး ယိမ်းယိုင်ကာ လဲကျလုနီးပါး ဖြစ်နေသော်လည်း သွေးမတိတ်ဘဲ ထွက်နေသော ဒဏ်ရာများကို စနစ်တကျ ပတ်တီးစည်းလိုက်သည်။ ထို့နောက် သူ၏အပြင်ဝတ်ရုံကို ချွတ်ကာ မြစ်ထဲသို့ ပစ်ချလိုက်ပြီး ကမ်းပေါ်သို့ တက်လာသည့် လမ်းကြောင်းများကို ရှင်းလင်းဖျောက်ဖျက်ပြီးမှသာ သူနှင့်အတူ ထွက်ခွာလာခဲ့သည်။
လမ်းခရီးတွင် ရှောင်းလိသည် သူ၏လက်ဖျံကို ဓားဖြင့် အကြိမ်ကြိမ် ခြစ်ကာ ဒဏ်ရာပေးခဲ့သည်။ ထို့နောက် သွေးရာများကျန်ရစ်ပြီး အခြားသူများ လိုက်လာနိုင်မည်ကို စိုးရိမ်သဖြင့် အဝတ်အစားမှ ဆုတ်ဖြဲထားသော အဝတ်စဖြင့် တင်းကြပ်စွာ စည်းနှောင်လိုက်၏။ ထိုအခါမှသာ ရှောင်းလိသည် မေ့ဆေးမိထားပြီး ဤလမ်းတစ်လျှောက်လုံး သွေးဖောက်ထုတ်ခြင်းနှင့် နာကျင်မှုတို့ကို အသုံးပြုကာ အတင်းအကျပ် တောင့်ခံထားခြင်း ဖြစ်ကြောင်း သူ သိလိုက်ရသည်။
သို့သော် သူတို့နှစ်ဦး ခိုလှုံရာသို့ မရောက်မီမှာပင် ရှောင်းလိသည် လမ်းခရီး၌ သွေးမဲများ အန်ကာ လဲကျသွားခဲ့သည်။ ကျန်းဟွိုင်သည် ရှောင်းလိ၏အဝတ်အစားများကို ချွတ်လိုက်ရာ ပခုံးအနောက်ဘက်ရှိ မြားဒဏ်ရာမှစ၍ ပျံ့နှံ့နေသော ပြာနှမ်းနှမ်း အမည်းရောင်ကို မြင်တွေ့လိုက်ရသည်။ ထိုအချိန်က သူ့တစ်ကိုယ်လုံး ခေါင်းမှခြေဖျားအထိ အေးစက်သွားပြီး ရှောင်းလိတစ်ယောက် သည်လိုနှင့် သေဆုံးသွားမှာကို အလွန်ကြောက်ရွံ့သွားခဲ့သည်။
သူသည် သိုင်းပညာတတ်သူ တစ်ယောက် မဟုတ်ပေ။ ရှောင်းလိကလည်း အရပ်ရှည်ပြီး ထွားကျိုင်းသူ ဖြစ်ရာ လမ်းဘေးတွင် လဲကျနေသော ရှောင်းလိကို သူ့မှာ ဆွဲသွားလို့လည်းမရနိုင်။ ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦး ထွက်ပြေးလာစဉ် ရှောင်းလိက အားနျိုနှင့် သမားတော်ထောင်တို့ ပုန်းအောင်းနေသည့် နေရာကို သူ့ကို ပြောပြထားခဲ့သည်။ သူသည် ရှောင်းလိတစ်ယောက် သည်လောက် ဒဏ်ရာရထားသည့်တိုင် မစွန့်ပစ်ခဲ့သော ဆေးထုပ်ကို ယူဆောင်ကာ သမားတော်ထောင်နှင့် အားနျိုတို့ကို အရင်သွားရှာခဲ့သည်။
သမားတော်ထောင်သည် သူ ယူလာသော ဆေးများကို ကြည့်ပြီးနောက် သူပြောသည့်စကားများက အမှန်ဖြစ်ကြောင်း သိလိုက်ရသဖြင့် အားနျိုကို သူနှင့်အတူ ချက်ချင်း လိုက်သွားခိုင်းကာ ရှောင်းလိကို ကျောပိုးပြီး ခေါ်ဆောင်လာခဲ့ကြသည်။
သမားတော်ထောင်က အပ်စိုက်ကုသပြီး ဆေးတိုက်ပေးပြီးနောက် ရှောင်းလိသည် အဖျားကြီးကာ သတိလစ်နေသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ယခုအချိန်မှသာ သတိပြန်လည်လာခြင်း ဖြစ်သည်။
တံခါးအပြင်ဘက်မှ အလောတကြီး ခြေသံများ ထွက်ပေါ်လာသည်။ အားနျိုသည် သမားတော်ထောင်ကို ခေါ်ဆောင်ကာ ဝင်လာခြင်းပင်။
သမားတော်ထောင်၏ ခန္ဓာကိုယ်ပေါ်တွင် ကျာပွတ်ဖြင့် ရိုက်နှက်ခံထားရသော အပြင်ပန်း ဒဏ်ရာများစွာ ရှိနေသည်။ ရှောင်းလိ ယူလာပေးသော ထိုဆေးများနှင့် သည်ရက်များအတွင်း အနားယူထားရခြင်းကြော သူ၏ စိတ်ဓာတ်အင်အားသည် ယခင်ကထက် အများကြီး ပိုကောင်းလာပုံပေါ်သည်။ အခန်းထဲဝင်လာသည်နှင့် သူက ပြောလိုက်၏။ "သတိရလာပြီပဲ။ ဒီအဘိုးကြီး မင်းကို သွေးခုန်နှုန်း ထပ်စမ်းကြည့်ပေးမယ်"
အားနျိုသည် ခန္ဓာကိုယ် ကြီးမားလှပြီး တောင်ပူစာလေး တစ်ခုကဲ့သို့ အနောက်ဘက်တွင် ရပ်နေ၏။ သူ့မျက်လုံးများသည် ခွေးပေါက်လေး တစ်ကောင်ကဲ့သို့ ရှောင်းလိကို မျှော်လင့်တကြီး စိုက်ကြည့်နေလေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် သမားတော်ထောင်သည် သွေးခုန်နှုန်းစမ်းနေသော လက်ကို ရုပ်သိမ်းလိုက်လေသည်။ နဂိုကတည်းက အရည်တွန့်နေသော သူ၏မျက်မှောင်များသည် ပိုလို့ပင် ကျုံ့သွားသယောင် ရှိပြီး ပြောလေသည်။
"ညီလေး မိထားတဲ့ ဒီအဆိပ်က တော်တော်ပြင်းတယ်။ သွေးထွက်ပြီး ချက်ချင်း သေလောက်တဲ့အထိ မဟုတ်ပေမဲ့ အဲဒီနေ့ကသာ ပြန်ခေါ်လာဖို့ ခဏလောက် နောက်ကျသွားခဲ့ရင် နတ်မင်းကြီးတွေ ကိုယ်တိုင် ဆင်းလာရင်တောင် ကယ်နိုင်မှာ မဟုတ်ဘူး"
ကျန်းဟွိုင်က အလျင်စလို မေးလိုက်သည်။ "အဘိုး... ဒါဆိုရင် ကျွန်တော့်ရဲ့ ကျေးဇူးရှင်က အခု ဘယ်လို အခြေအနေ ရှိလဲ။ ဒီအဆိပ်ကို အမြစ်ပြတ် ကုသလို့ ရတယ် မဟုတ်ဘူးလား"
သမားတော်ထောင်က အတော်လေး ခံစားချက်ပြင်းပြစွာဖြင့် သက်ပြင်းချလိုက်၏။ "သူ့ရဲ့ ကံကြမ္မာကလည်း ခိုင်မာလွန်းလို့ပါ။ ခန္ဓာကိုယ် အခံကောင်းတာကို အားပြုပြီး ငရဲတံခါးဝကနေ ၂ကြိမ်တောင် ပြန်လှည့်လာနိုင်ခဲ့တယ်။ အဆိပ်ကြွင်းတွေကို ဆေး၂ခွက်လောက် ထပ်သောက်ရင် ပျောက်ကင်းသွားလိမ့်မယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ တော်တော်လေး ဒုက္ခရောက်ခဲ့ရတော့ သေချာလေး ဂရုစိုက်ပြီး အနားယူဖို့တော့ လိုလိမ့်မယ်"
သမားတော်ထောင်နှင့် အားနျိုတို့ အခန်းထဲ ဝင်လာကတည်းက တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ရှောင်းလိက ရုတ်တရက် စကားပြောလာသည်။ "ကျွန်တော့်ကို ဆေး ၂ခွက်လောက် ထပ်ဖော်ပေးဖို့ ဒုက္ခပေးပါရစေ။ ကျွန်တော် နောက်အကျဆုံး မနက်ဖြန်ကျရင် ဒီနေရာကနေ ထွက်သွားမှဖြစ်မယ်"
သမားတော်ထောင်က မသင့်တော်ကြောင်း မပြောရသေးမီမှာပင် ကျန်းဟွိုင်က အရင် ငြင်းလိုက်၏။ "မဖြစ်ဘူးလေ။ ကျေးဇူးရှင်ရဲ့ အဆိပ်ဒဏ်ရာက မသက်သာသေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးပန်းခံလို့ မရသေးပါဘူး။ အနားယူဖို့ကိုပဲ ဦးစားပေးရမယ်"
သမားတော်ထောင်ကလည်း ခေါင်းညိတ်သဘောတူလိုက်ပြီး သူ၏အိုမင်းနေသော မျက်နှာပေါ်တွင် ရှက်ရွံ့မှုများ ပြည့်နှက်နေသည်။ "စာသင်သားလေး ပြောတာ မမှားဘူး။ ညီလေးက ဒီအဘိုးကြီးအတွက် မြို့ထဲဝင်ပြီး ဆေးသွားဝယ်ပေးရင်းနဲ့ ဒီလို ဘေးဆိုးနဲ့ ကြုံရတာပါ။ ညီလေးက ဒီအဘိုးကြီးနဲ့ အားနျိုကို အကြိမ်ကြိမ် ကယ်တင်ခဲ့တယ်။ ငါတို့ မြေးအဘိုးနှစ်ယောက်က ကျေးဇူးဆပ်ဖို့ ဘာမှမရှိပါဘူး။ ညီလေးအတွက် နွားလိုမြင်းလို အလုပ်အကျွေးပြုပြီး ကျေးဇူးဆပ်ဖို့ပဲ ရှိတော့တယ်"
သူသည် ထိုသို့ပြောရင်း ဘေးရှိ အားနျိုကို ဆွဲယူကာ ရှောင်းလိရှေ့တွင် ဒူးထောက်ချရန် ပြင်လိုက်သည်။
ရှောင်းလိသည် ခန္ဓာကိုယ်တွင် အဆိပ်ဒဏ်ရာ ရှိနေသဖြင့် ထရန် အဆင်မပြေပေ။ သူတို့ကို မတားဆီးနိုင်လိုက်သဖြင့် အော်ပြောလိုက်ရသည်။ "အဘိုး... ဘာလုပ်တာလဲ။ မြန်မြန်ထပါ။ ကျွန်တော် ငရဲတံခါးဝကို နှစ်ကြိမ်တိုင်တိုင် ခြေချမိတာ အားလုံးကို အဘိုး ကယ်တင်ပေးခဲ့တာပါ။ ကျွန်တော့်ကို ဒီလိုမျိုး အသက်တိုအောင် မလုပ်ပါနဲ့"
ကျန်းဟွိုင်က ပြောလိုက်၏။ "ကျေးဇူးရှင် အဲနေ့က မြို့ထဲဝင်သွားတုန်းကလည်း မြင်တွေ့ခဲ့ရမှာပါ။ မြို့တံခါးဝမှာ အစ်ကိုအားနျိုကို ဖမ်းဆီးဖို့ ကြေညာစာ ကပ်ထားတယ်။ အစ်ကိုအားနျိုရဲ့ စိတ်သဘောထားက ကလေးတစ်ယောက်လိုပဲ။ သမားတော်အဘိုးကလည်း အသက်အရွယ် ကြီးရင့်နေပြီ။ တကယ်လို့ ကျေးဇူးရှင်နဲ့ အတူမသွားဘူးဆိုရင် သူတို့ကို ကျင်းကျိုး အာဏာပိုင်တွေက ဖမ်းဆီးသွားဖို့ဆိုတာ အချိန်စောတာနဲ့ နောက်ကျတာပဲ ကွာလိမ့်မယ်။ ကျေးဇူးရှင်က ဘာကိစ္စကြောင့် ဒီလောက် အလျင်စလို ထွက်သွားချင်နေလဲဆိုတာ မသိပေမဲ့ ကျေးဇူးရှင်ရဲ့ အဆိပ်ဒဏ်ရာက မပျောက်ကင်းသေးဘူး။ အခုလို အလျင်စလို ခရီးထွက်တာက သေချာပေါက် ပညာရှိတဲ့ လုပ်ရပ် မဟုတ်ပါဘူး။ ရက်အနည်းငယ်လောက် အရင်အနားယူပြီး ဒဏ်ရာသက်သာလာမှပဲ ဆုံးဖြတ်ချက်ချပါ"
ရှောင်းလိသည် သူ့ကို အကြည့်ချင်း ဆုံလိုက်ပြီးနောက် နှုတ်ဆိတ်နေလိုက်လေသည်။
အားနျိုနှင့် သမားတော်ထောင်တို့ မီးဖိုချောင်သို့ ဆေးကျိုရန် သွားကြပြီးနောက် ပျက်စီးဟောင်းနွမ်းနေသော အိမ်လေးထဲတွင် ရှောင်းလိနှင့် ကျန်းဟွိုင် နှစ်ယောက်တည်းသာ ကျန်ရစ်တော့ချိန်၌ သူက ပြောလိုက်သည်။ "ငါ မင်းကို တစ်ကြိမ် ကယ်ခဲ့ဖူးတယ်။ ဒီတစ်ခါ မင်းကလည်း ငါ့ကို ပြန်ကယ်ခဲ့တယ်။ ငါတို့နှစ်ယောက် ကျေအေးသွားပြီလို့ သတ်မှတ်လို့ရတယ်။ ငါ့ကို ကျေးဇူးရှင်လို့ ထပ်ခေါ်စရာ မလိုတော့သလို ငါ့နောက်ကိုလည်း ထပ်လိုက်နေစရာ မလိုတော့ဘူး"
အခန်းထဲတွင် အကောင်းပကတိရှိသော စားပွဲနှင့် ကုလားထိုင် တစ်လုံးပင် မရှိချေ။ ကျန်းဟွိုင်သည် တံခါးခုံပေါ်တွင် တိုက်ရိုက်ပင် အေးအေးဆေးဆေး ထိုင်ချလိုက်ပြီး အပူသက်သာစေရန် ပွယောင်းယောင်း စာသင်သားဝတ်ရုံ အင်္ကျီလက်များကို ပင့်တင်လိုက်သည်။ ထို့နောက် လက်ချောင်းထိပ်များကြားရှိ ကြေးပြား ၃ ပြားကို ခပ်ဖွဖွ ပွတ်သပ်ကာ ပြုံးလျက် ပြောလိုက်၏။
"ကျေးဇူးရှင် မေ့သွားပြီလား။ ကျွန်တော် ကျေးဇူးရှင်နောက်ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့တာက ဗေဒင်ဟောကိန်းတစ်ခုကြောင့်ပါ။ သမားတော်အဘိုး ပြောတဲ့ ကျေးဇူးရှင်က သေဘေးကနေ ၂ ကြိမ်တိုင်တိုင် လွတ်မြောက်လာခဲ့တယ်ဆိုတာကို ကြားရတော့ ကျွန်တော်က ကျေးဇူးရှင်ဟာ အဲဒီ ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့သူ ဆိုတာကို ပိုပြီးတော့ ယုံကြည်သွားပြီ"
ရှောင်းလိသည် ပင့်ကူအိမ်များနှင့် ဖုန်မှုန့်များ ပြည့်နှက်နေသော အမိုးခုံးကို တိတ်ဆိတ်စွာ မော့ကြည့်နေပြီး အေးစက်စွာ နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။ "ငါက ကောင်းကင်ဘုံကို ဘယ်တော့မှ မယုံကြည်ဘူး။ ကံကြမ္မာကိုတော့ ပိုလို့တောင် မယုံသေးတယ်"
ကျန်းဟွိုင်သည် လက်ထဲရှိ ကြေးပြားများကို သိမ်းဆည်းလိုက်ပြီး ပြုံးမြဲပြုံးနေဆဲပင်။ "ကျွန်တော်က တစ်ဝက်ကို ဗေဒင်ကို ယုံကြည်ပြီး ကျန်တဲ့တစ်ဝက်ကို ကိုယ့်မျက်စိကိုယ် ယုံကြည်တာပါ။ ကျေးဇူးရှင်က သာမန် ရေအိုင်ထဲက သတ္တဝါမျိုး မဟုတ်ပါဘူး။ ကျွန်တော်က အရည်အချင်း မရှိပေမဲ့ စကားအပြောအဆိုနဲ့ ရင်ထဲက ဗဟုသုတတွေကိုတော့ အားသာချက်တစ်ခုလို့ သတ်မှတ်လို့ ရပါတယ်။ ကျေးဇူးရှင်ကသာ အသုံးချဖို့ ဆန္ဒရှိမယ်ဆိုရင် အတိုင်းမသိ ဂုဏ်ယူမိမှာပါ"
သူ၏ ဤစကားသည် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြောဆိုခြင်းထက် ဘဝင်မြင့်ကာ ပြောဆိုခြင်းဟု ဆိုလျှင် ပိုမှန်လိမ့်မည်။
အခန်းထဲတွင် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရှောင်းလိ၏ အေးစက်သော အသံ ထွက်ပေါ်လာ၏။ "ကောင်းပြီလေ။ မင်း ငါ့အတွက် ကိစ္စတစ်ခု လုပ်ပေး"
___
၃ ရက်အကြာတွင် ကျင်းကျိုး စစ်စခန်း။
နေရောင်ခြည် ပြင်းပြင်းအောက်တွင် လူငယ်စစ်သူကြီး နှစ်ဦးသည် လက်နက်များကို ကိုင်ဆောင်ထားကြသည်။ စစ်လေ့ကျင့်ရေးကွင်းထဲတွင် တစ်ယောက်တစ်လှည့် တိုက်ခိုက်နေကြရာ အနိုင်အရှုံး ခွဲခြားရန်ပင် ခက်ခဲလှသည်။ လှံရှည်နှင့် စစ်ဓားတို့ ထိခိုက်မိချိန်တွင် မီးပွင့်များပင် ထွက်ပေါ်လာသည်။
သူတို့နှစ်ဦးသည် နောက်ထပ် ၁၀ကွက်လောက် ဆက်တိုက်ခိုက်ကြပြီး နောက်ဆုံးတွင် လှံထိပ်နှင့် ဓားသွားတို့သည် အချင်းချင်း၏ လည်ပင်းဆီသို့ တိုက်ရိုက် ချိန်ရွယ်ထားလျက်သား ဖြစ်သွားကြသည်။
နှစ်ယောက်သားသည် အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြပြီး လက်ထဲရှိ လက်နက်များကို အောက်ခြေစစ်သားများထံသို့ ပစ်ပေးလိုက်၏။ ထို့နောက် အရိပ်ရသည့်နေရာသို့ သွားကာ လက်ဖက်ရည်သောက်ရင်း အပူရှောင်ကြလေသည်။
ဖေယွမ်က မှတ်ချက်ပေးလိုက်၏။ "မင်းတို့ရဲ့ ဟန်မိသားစု လှံသိုင်းက စစ်တပ်မှာ တကယ့်ကို ထိပ်တန်းပဲ ဖြစ်သင့်တာ။ အစောပိုင်းနှစ်တွေတုန်းက ဝိန်းမိသားစုက ကုမိသားစုကို အားကိုးခဲ့တော့ နန်းတွင်းရော အပြင်မှာပါ သူတို့ရဲ့ ကုမိသားစု လှံသိုင်းကို နတ်ဘုရားတွေလို ချီးမွမ်းခဲ့ကြတာပဲ။ အဲဒီနေ့က ဖုန်းယန် တိုက်ပွဲမှာ ကုချန်ဖုန်းက အိုးရန်စစ်သူကြီးရဲ့ လက်ချက်နဲ့ ရှုံးနိမ့်ပြီး သေဆုံးသွားခဲ့ရတာ မဟုတ်ဘူးလား"
သူပြောနေသော အိုးရန်စစ်သူကြီးဆိုသည်မှာ ဖေစုန့်၏ လက်အောက်ရှိ ကျားရိုင်းကဲ့သို့သော စစ်သူကြီးတစ်ဦး ဖြစ်သည်။
ဟန်ချီ၏ မျက်နှာပေါ်မှ အပြုံးများက မသိမသာ မှေးမှိန်သွားခဲ့သည်။ သူသည် လက်ဖက်ရည်ပန်းကန်ကို ကိုင်ထားသော်လည်း မသောက်တော့ဘဲ ပြောလိုက်၏။ "တကယ်က ထူးထူးခြားခြား မဟုတ်ပါဘူး"
ဖေယွမ်က သူ့ပခုံးကို ပုတ်ကာ "ဝိန်းမိသားစု လုပ်ခဲ့တဲ့ အဖြူကို အမည်းလုပ်တဲ့ ကိစ္စတွေက ရေတွက်လို့တောင် မရနိုင်ဘူး။ သခင်ကြီးက ဟန်စစ်သူကြီးဟောင်းတို့အတွက် အမှုမှန်ပေါ်အောင် လုပ်ပေးတဲ့အခါ သူတို့လည်း တမလွန်မှာ မျက်စိမှိတ်နိုင်ကြမှာပါ"
ဟန်ချီသည် ပန်းကန်ထဲရှိ လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး "အစ်ကို(၁၀) ကျူကျွင်းကို အစီရင်ခံလိုက်ပါ။ ကျွန်တော် ဟန်ချီ တစ်ယောက် အသက်ရှင်နေသရွေ့ ဝိန်းမိသားစုရဲ့ အကြွင်းအကျန်တွေနဲ့ ချန်မဟာမိတ်တပ်ဟောင်းတွေ ကျင်းကျိုးကို ဖြတ်ကျော်ဖို့ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့"
ဖေယွမ်သည် ဖေစုန့်၏ တရားဝင် နာမည်ပေးခြင်းကို မခံရမီက ဖေစုန့်က အသေခံစစ်သည်များထဲမှ ရွေးချယ်မြှောက်စားခဲ့သော နံပါတ်တစ်ဆယ်မြောက် သိမ်းငှက်အမဲလိုက်ခွေးတစ်ကောင် ဖြစ်ခဲ့သည်။ ထို့ကြောင့် သိမ်းငှက်အမဲလိုက်ခွေးများ၏ စည်းမျဉ်းအရ ဖေတစ်ဆယ်ဟု အမြဲ ခေါ်ဝေါ်လေ့ရှိသည်။ ဟန်ချီသည် ငယ်စဉ်ကတည်းက သူနှင့် ရင်းနှီးခဲ့သဖြင့် ဤသို့ ခေါ်ဝေါ်ခြင်း ဖြစ်သည်။
ဖေယွမ်သည် သူ့စကားကို အလွန် ကျေနပ်သွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သို့သော် သူ ဘာမှမပြောရသေးမီမှာပင် ဟန်ချီ၏ ကိုယ်ရံတော်စစ်သား တစ်ဦးက အလျင်စလို ပြေးလာသည်ကို မြင်လိုက်ရ၏။
"စစ်သူကြီး။ အရေးကြီး ကိစ္စဖြစ်နေပါပြီ။ ဒုစစ်သူကြီးလီက ထုန်ကျိုးကို လက်နက်ချဖို့ သွားတဲ့ လမ်းမှာ အငိုက်ဖမ်း တိုက်ခိုက်ခံရပြီး သေဆုံးသွားပါပြီ"
ဖေယွမ်နှင့် ဟန်ချီတို့ နှစ်ဦးစလုံး၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားတော့သည်။
ကျင်းကျိုးနှင့် ထုန်ကျိုး နယ်စပ်တွင် ရှောင်းလိသည် ကျင်းကျိုး ဒုစစ်သူကြီး၏ ခေါင်းကို ဖြတ်ယူလိုက်ပြီး အနက်ရောင် အဝတ်ဖြင့် သေချာစွာ ထုပ်ပိုးကာ ကျန်းဟွိုင်ထံသို့ ပစ်ပေးလိုက်သည်။
ကျန်းဟွိုင်သည် လူသေအလောင်းများကြားတွင် ရပ်နေရင်း တစ်ဖက်က အန်ချင်စိတ်ကို ထိန်းကာ ရှောင်းလိ ပစ်ပေးလိုက်သော အရာကို အမှတ်တမဲ့ ဖမ်းယူလိုက်၏။ လက်ထဲရှိ အနက်ရောင် အဝတ်ဖြင့် ထုပ်ထားသော စိုစွတ်စေးကပ်နေသည့် အရာက ဘာလဲဆိုတာကို သတိထားမိသွားသောအခါ သူ့မျက်နှာသည် ဟင်းသီးဟင်းရွက်အရောင်ကဲ့သို့ ဖြူဆုတ်သွားပြီး အန်ချင်စိတ်က ပိုလို့ပင် ပြင်းထန်လာတော့သည်။ သူသည် အန်နေရင်းဖြင့် ထိုအရာကို အားနျိုထံသို့ အလျင်စလို ကမ်းပေးလိုက်သည်။
အားနျိုကတော့ သွေးထွက်သံယိုများကို မကြောက်ရွံ့ချေ။ ထိုအဝတ်ထုပ်ကို သာမန် ပစ္စည်းတစ်ခုကို ဆွဲကိုင်ထားသကဲ့သို့ ပေါ့ပေါ့ပါးပါး ဆွဲကိုင်ထားသည်။
ရှောင်းလိ၏ ပခုံးပေါ်က မြားဒဏ်ရာသည် လုံးဝ မကျက်သေးချေ။ မျက်နှာပေါ်တွင်လည်း သွေးရောင်မရှိသဖြင့် သူ့တစ်ကိုယ်လုံးကို ပိုပြီး အေးစက်နေပုံ ပေါက်သွားစေသည်။
သူသည် မြစ်ကမ်းဘေးတွင် လက်ပေါ်က သွေးရာများကို ဆေးကြောပြီးနောက် ကျန်းဟွိုင်ကို ပြောလိုက်သည်။ "မင်း အားနျိုနဲ့ သမားတော်ထောင်ကို ခေါ်ပြီး ထုန်ကျိုးက ဖိန်တန်းခရိုင်ကို သွားလိုက်။ မင်းရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ဒီလို ယုံကြည်မှု တည်ဆောက်စရာ လက်ဆောင်တစ်ခုလည်း ရှိနေတော့ အဲဒီမှာ ခိုလှုံစရာ နေရာတစ်ခု ရှာဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စ မဟုတ်ပါဘူး"
သူ ယခင်က ကျန်းဟွိုင်ကို လုပ်ခိုင်းခဲ့သော ကိစ္စမှာ ကျင်းကျိုးဘက်မှ စစ်တပ် ရွှေ့ပြောင်းမှု အခြေအနေများကို စုံစမ်းရန် ဖြစ်သည်။
ကျန်းဟွိုင် ယခင်က ခန့်မှန်းခဲ့သည်မှာ မမှားပေ။ သူ ကျင်းကျိုးသို့ လာခဲ့ခြင်းမှာ ကျင်းကျိုး၏ အကြီးအကဲ ဟန်ချီကို သတ်ဖြတ်ရန် တကယ်ပင် ရည်ရွယ်ထားခြင်း ဖြစ်ပြီး သူ့ခေါင်းကို ယူဆောင်ကာ ထုန်ကျိုးရှိ အင်အားစုတစ်ခုထံတွင် ယုံကြည်မှု တည်ဆောက်ရန်အတွက် ဖြစ်သည်။
သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် သည်တစ်ကြိမ် ထုန်ကျိုးရှိ ခရိုင်များကို လက်နက်ချရန် သွားရောက်ခဲ့သူမှာ ဟန်ချီ မဟုတ်ဘဲ သူ၏ ဒုစစ်သူကြီး ဖြစ်နေခဲ့သည်။
သူတို့သည် ဤနေရာတွင် ကြိုတင် ပြင်ဆင်ထားခဲ့ကြသည်။ တောင်ပေါ်မှ ကျောက်တုံးများ လိမ့်ဆင်းလာချိန်တွင် ကျင်းကျိုး စစ်တပ်သည် ကစဉ့်ကလျား ဖြစ်သွားပြီး လမ်းဘေးသို့ အလျင်စလို ထွက်ပြေးကြရာ ခြေလှမ်းလိုက်သည်နှင့် ချွန်ထက်သော ဝါးစူးများကို ထပ်မံ နင်းမိကြပြန်သည်။
ရှောင်းလိသည် ရှုပ်ထွေးနေချိန်ကို အခွင့်ကောင်းယူကာ အမှောင်ထဲမှနေ၍ မြားတစ်စင်းတည်းဖြင့် ဒုစစ်သူကြီးနှင့် သူ့ကိုယ်ရံတော်စစ်သား တချို့ကို အဆုံးစီရင်လိုက်သည်။ အောက်ခြေစစ်သားများသည် ထုန်ကျိုး နယ်မြေအတွင်းရှိ လက်မခံလိုသော ဓားပြများက ချုံခိုတိုက်ခိုက်သည်ဟု ထင်မှတ်သွားကြပြီး ဒုစစ်သူကြီး သေဆုံးသွားသည်ကို မြင်သောအခါ အားလုံး ကိုယ့်လွတ်ရုန်း ထွက်ပြေးသွားကြတော့သည်။
ထုန်ကျိုး နယ်မြေအတွင်း အဓိက မြို့တော်ဖြစ်သော ထုန်ချန်မြို့က ဖေစုန့်ထံသို့ အတိအလင်း လက်နက်ချထားသည်မှလွဲ၍ ကျန်ရှိသော ခရိုင် ၁၆ခုမှာ ဓားပြများက အုပ်ချုပ်နေသည်များလည်း ရှိသလို ပုန်ကန်ထကြွသော ပြည်သူများက အုပ်ချုပ်နေသည်များလည်း ရှိလေသည်။ ပြည်သူ့ချစ်ခင်မှုကို ရရှိထားသော ခရိုင်အုပ်ချုပ်ရေးမှူးတစ်ဦး သို့မဟုတ် နှစ်ဦးသာလျှင် အစိုးရရုံးတော်မှ ဆက်လက် အုပ်ချုပ်နေဆဲ ဖြစ်သော်လည်း ဝေ့ချီရှန်းဘက်နှင့် ရှုပ်ထွေးသော ဆက်နွယ်မှုများစွာ ရှိနေကြသည်။
ကျင်းကျိုးက ထုန်ကျိုးကို ပေါင်းစည်းလိုသော အဟုန်မှာ နှောင့်ယှက်ခံလိုက်ရသည်။ ကျင်းကျိုး၏ အဓိက စစ်သူကြီးမှာ ဟန်ချီဖြစ်စေ၊ အခြားသူဖြစ်စေ နောက်တစ်ဆင့်တွင် ထုန်ကျိုး နယ်မြေအတွင်းရှိ ခရိုင်များကို သင်ခန်းစာတချို့ သေချာပေါက် အရင်ပေးလိမ့်မည်။ သို့သော် လျန်၊ ချန်၊ ဝေ့ သုံးဖက်စလုံး၏ မဟာမိတ်တပ်များနှင့် စစ်ပွဲစတင်တော့မည် ဖြစ်သဖြင့် ထုန်ကျိုးသို့ စစ်တပ်စေလွှတ်ခြင်းသည် မိုးခြိမ်းသံသာကျယ်ပြီး မိုးမရွာသည့် လုပ်ရပ်မျိုး သေချာပေါက် ဖြစ်လာမည်ဖြစ်ကာ မျောက်တွေကို ခြောက်လှန့်ရန် ကြက်ကို သတ်ပြခြင်းသာ ဖြစ်လိမ့်မည်။
ထို့ကြောင့် စစ်တပ်စေလွှတ်ပြီး နှိမ်နင်းခံရနိုင်ခြေ အများဆုံးမှာ ဓားပြများထိန်းချုပ်ထားသည့် အကြီးဆုံးခရိုင် မဟုတ်လျှင် ဝေ့ချီရှန်းကို နောက်ခံအဖြစ် အားကိုးထားသော အစိုးရခရိုင်ပင် ဖြစ်လိမ့်မည်။
ရှောင်းလိက ကျန်းဟွိုင်နှင့် အားနျိုတို့အတွက် ရွေးချယ်ပေးထားသော ဖိန်တန်းခရိုင်မှာ သာမန် ပုန်ကန်ထကြွသော ခရိုင်လေးတစ်ခု ဖြစ်သည်။ ဦးဆောင်သူများမှာ လယ်သမားများ ဖြစ်ကြပြီး လုပ်ကိုင်ဆောင်ရွက်ရာတွင် ဓားပြများကဲ့သို့ ရဲရင့်သော စိတ်ဓာတ်များ ရှိကြသည်။ သူတို့သည် အစိုးရကို အလွန်အမင်း မုန်းတီးကြသဖြင့် ကျန်းဟွိုင်တို့ အဖွဲ့က ကျင်းကျိုး ဒုစစ်သူကြီး၏ ခေါင်းကို လျှို့ဝှက်စွာ ယူဆောင်သွားပါက သေချာပေါက် ကောင်းမွန်စွာ ဆက်ဆံခံရလိမ့်မည်။
ကျင်းကျိုးဘက်မှ အင်အားအကြီးဆုံး အစိုးရခရိုင် သို့မဟုတ် ဓားပြခရိုင်ကို တိုက်ခိုက်ပြီးသွားချိန်တွင် သူတို့သည်လည်း အခွင့်ကောင်းယူကာ အကျိုးအမြတ်တစ်ခု ရယူပြီး မိမိကိုယ်မိမိ အင်အားကြီးမားလာအောင် ပြုလုပ်နိုင်သေးသည်။
ကျန်းဟွိုင်သည် မြစ်ကမ်းဘေးတွင် မျက်နှာသစ်ပြီးနောက် သက်သာရာရသွားခဲ့သည်။ သူသည် ဉာဏ်ရည်ထက်မြက်သူ ဖြစ်သဖြင့် ရှောင်းလိ၏ ရည်ရွယ်ချက်ကို လျင်မြန်စွာပင် နားလည်သွားပြီး မေးလိုက်၏။ "ဒါဆိုရင် ကျေးဇူးရှင်ကရော"
ရှောင်းလိသည် ဓားကို ကျောပေါ်တွင် လွယ်လိုက်သည်။ "ငါ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ရှင်းလင်းပြီးရင် မင်းတို့ကို လာရှာပါ့မယ်"
ဖိန်ကျိုး။
စာကြည့်ခန်းထဲတွင် အလင်းရောင်များ မှိန်ဖျော့နေသည်။ ဝိန်းယွီသည် မျက်လုံးမမှိတ်ခဲ့ရသည်မှာ မည်မျှကြာပြီဆိုသည်ကိုပင် မမှတ်မိတော့ချေ။ သူမသည် စားပွဲရှေ့တွင် အစိုးရစာရွက်စာတမ်း အထပ်လိုက်ကို ဖြေရှင်းပြီးနောက် နားထင်ကြောများက ပြင်းထန်စွာ ခုန်ပေါက်နေပြီး မူးဝေနာကျင်မှုများကို ဖြစ်ပေါ်စေသော်လည်း သူမသည် ခဏလေးပင် အနားယူမည့် အရိပ်အယောင် လုံးဝ မရှိခဲ့ချေ။
သူမသည် လက်တစ်ဖက်က စုတ်တံကို ချလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် နားထင်ကို ဖိထားလိုက်သည်။ မျက်ဖြူသားများတွင် သွေးကြောများ ယှက်သန်းနေပြီး သူမတစ်ကိုယ်လုံးသည် အလွန်အမင်း တည်ငြိမ်နေသော်လည်း သူမအနားသို့ ချဉ်းကပ်လာချိန်တွင် အသက်ရှူရသည်ကိုပင် အလွန် သတိထားရအောင် ပြုလုပ်နိုင်စွမ်း ရှိနေသည်။
"ထုန်ချွဲ... အစီရင်ခံစာတွေ ကျန်သေးလား" ထုန်ချွဲသည် ဝိန်းယွီ သည်လိုပုံစံ ဖြစ်နေသည်ကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။ ဝိန်းယွီသည် အရာအားလုံးကို ယခင်အတိုင်းပင် ထုတ်ဖော်ပြသနေပြီး သူမ၏ ခွန်အားအားလုံးကို အစိုးရကိစ္စများအပေါ်တွင်သာ အာရုံစိုက်ထားသော်လည်း ထုန်ချွဲသည် ဝိန်းယွီ၏ ဤအခြေအနေက ရူးသွပ်နေသည်နှင့် မခြားတော့ဟု ခံစားနေရသည်။
သူမသည် ဝိန်းယွီကို ကြည့်ကာ တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း မျက်ရည်များက အရင် ကျဆင်းလာကာ လည်ချောင်းထဲတွင် ရှိုက်ငိုသံများကို မတားဆီးနိုင်တော့ချေ။
"မင်းသမီး... ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ ဖိအားမပေးပါနဲ့တော့။ ခဏလောက် အနားယူလိုက်ပါဦး"
ဝိန်းယွီသည် သူမ၏ ဤစကားကို အတော်လေး ထူးဆန်းသွားသယောင် ရှိပြီး တည်ငြိမ်စွာ ရှင်းပြလိုက်သည်။ "ကျွန်မ အနားယူပါတယ်။ ဒီ ၂ ရက်အတွင်း နည်းနည်း အိပ်မပျော်ဖြစ်နေတာပါ။ အိပ်ဆေးရည် သောက်ပေမဲ့လည်း အာနိသင် မရှိဘူး ဖြစ်နေတယ်။ နောက်မှ မင်း အိမ်တော်သမားတော်ကို ဆေးပမာဏ နည်းနည်း ထပ်တိုးပေးဖို့ ပြောကြည့်လိုက်ပါဦး"
ထုန်ချွဲသည် ထိုစကားကို ကြားသောအခါ ရင်ထဲတွင် ပိုလို့ပင် ဝမ်းနည်းသွားတော့သည်။ သူမက နှစ်သိမ့်အားပေးစကားများ ထပ်ပြောရန် အချိန်မရလိုက်ခင်မှာပင် အပြင်ဘက်မှ အစေခံမလေး၏ သတင်းပို့သံ ထွက်ပေါ်လာ၏။
"မင်းသမီး... လီရွှင် လူကြီးမင်းက တွေ့ခွင့်တောင်းနေပါတယ်"
ဝိန်းယွီသည် နားထင်ကြောကို နှိပ်နယ်နေသော အနေအထားကို မပြောင်းလဲဘဲ အပြင်ဘက်သို့ လှမ်းပြောလိုက်၏။ "ဝင်ခွင့်ပြုလိုက်"
ခဏအကြာတွင် လီရွှင်သည် စာကြည့်ခန်းထဲသို့ အလျင်စလို ခြေလှမ်းများဖြင့် ဝင်လာခဲ့သည်။ သို့သော် သူသည် စကားတစ်ခွန်းမှ မပြောဘဲ အရင်ဆုံး ဒူးထောက်ချလိုက်ပြီး ဝိန်းယွီကို ကြည့်ကာ ငိုလုနီးပါးဖြင့် ပြောလိုက်လေသည်။
"ကျွန်တော်မျိုး... မင်းသမီးရဲ့ အမိန့်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းပန်ပါတယ်"
...