ဓားထုတ်ခြင်း
Vol. 8 Ch. 72
မနက်စောစောအချိန်တွင် ဂျိတျန်းလင်ကို လာရောက်ခေါ်ဆောင်သူမှာ ဥပဒေအကြံပေးများ သို့မဟုတ် ဆွေမျိုးများမဟုတ်ဘဲ ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော သက်ကြီးပိုင်း ဆွေမျိုးတစ်ဦးဖြစ်နေသည်။ ထိုသူမှာ အရပ်အမောင်း အလယ်အလတ်သာရှိပြီး ဆံပင်များဖြူနေသော်လည်း အားအင်အပြည့်ရှိကာ နုပျိုသော အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။
အရိပ်ထဲမှ စောင့်ကြည့်နေသော ဝမ်ရှန်းသည် ထိုသူ ရဲစခန်းထဲ ဝင်လာသည်နှင့် ဘူဒိုဇာကို သတိထားရန် ချက်ချင်း အချက်ပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုလူအိုကြီးသည် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိနေသူဖြစ်ကြောင်း သူ ရိပ်မိလိုက်သောကြောင့်ပင်။ ကျင့်စဉ်အဆင့် အတိအကျကို မသိရသော်လည်း သူ၏ ဝိညာဉ်အသိစိတ်ကို လွတ်လပ်စွာ ထိန်းချုပ်နိုင်စွမ်းရှိရာ ဂျိတျန်းလင်ကဲ့သို့သော အတုအယောင်မျိုးထက် များစွာသာလွန်ကြောင်း ထင်ရှားလှသည်။
သူက တာအိုဂိုဏ်းများမှ တာအိုဆရာတစ်ဦးလား…။
ကြည့်ရသည်မှာ ထိုသို့မဟုတ်နိုင်ပေ။ သူ၏ အော်ရာက တာအိုဂိုဏ်းဝင်တစ်ဦးနှင့် မတူပေ။
ထိုသူ၏ အစစ်အမှန်ချီများမှာ အဆင့်မြင့်မားလှသော်လည်း တာအိုဂိုဏ်းဝင်များတွင် ရှိတတ်သော သဘာဝကျသော စီးဆင်းမှုမျိုး မရှိပေ။
အမှန်စင်စစ် ကမ္ဘာပေါ်ရှိ တာအိုအမွေအနှစ်များသည် တာအိုဂိုဏ်းများ၌သာ ရှိသည်မဟုတ်ပေ။ တာအိုဂိုဏ်းများသည် သြဇာအရှိဆုံးဖြစ်ပြီး ထာဝရရှင်သန်ခြင်း၏ အဓိကလမ်းစဉ်အဖြစ် သတ်မှတ်ခံထားရခြင်းသာ ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ကျော်က တာအိုကျင့်စဉ်များက အလွန်ထွန်းကားတိုးတတ်ခဲ့သည်။ ယနေ့ခေတ်တွင် တာအိုအမွေအနှစ်အမျိုးမျိုးမှာ ပြည်ပတွင်သာမက ပြည်တွင်း၌ပါ ပြန်လည်ပေါ်ပေါက်လာပြီဖြစ်သည်။ တာအိုဂိုဏ်းများပင် မသိလိုက်ဘဲ ပုန်းကွယ်နေသော တာအိုအမွေအနှစ်အများအပြားက တိတ်တဆိတ်ပြန်လည်အသက်ဝင်လာခဲ့ခြင်း ဖြစ်နိုင်သည်။
အသက် ၆၀ ဝန်းကျင်ရှိ ထိုလူကြီးသည် လူတိုင်းကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီး ဖောင်ဖြည့်ခြင်းများကို လျင်မြန်စွာ လုပ်ဆောင်သွားသည်။ ခက်ထန်နေသော ရဲအရာရှိများကိုပင် ပြုံးပြုံးရွှင်ရွှင်ဆက်ဆံနေလေသည်။
သို့သော် ဂျိတျန်းလင်မြင်လိုက်ရသည့်အခါတွင်မူ သူ၏မျက်လုံးများက ဒေါသကြောင့် ပြူးကျယ်သွားသည်။ သူသည် ရှေ့သို့ နှစ်လှမ်းတိုးသွားပြီး ဂျိတျန်းလင်၏ တင်ပါးကို လျင်မြန်စွာ ကန်လိုက်ရာ ချီစုစည်းခြင်းအဆင့် နောက်ဆုံးအဆင့်သို့ ရောက်နေသည့်တိုင် ထိုလူငယ်မှာ မြေပြင်ပေါ်သို့ ခွေကျသွားတော့သည်။
“အရှက်မရှိတဲ့ကောင်”
ဂျိတျန်းလင်း ဘာမှ ပြန်မပြောဝံ့ပေ။ ထို့နောက် သူသည် အရှက်တကွဲဖြစ်သွားပုံဖြင့် သက်ပြင်းတစ်ချက်ချလိုက်ကာ လူအိုကြီးနောက်မှ ဆူပူကြိမ်းမောင်းခံရသော ကလေးငယ်တစ်ဦးကဲ့သို့ လိုက်ပါသွားလေသည်။
ထိုလူကြီး၏ မှတ်ပုံတင်အရ အမည်မှာ ဂျိဂူဖုန်းဖြစ်သည်။ ဒဏ်ငွေဆောင်ပြီးနောက် ဂျိတျန်းလင်ကို ခေါ်ကာ ရဲစခန်းအပြင်သို့ အေးစက်သောအမူယာဖြင့် ထွက်လာခဲ့သည်။ ခဏအကြာတွင် တက္ကစီတစ်စီးငှားကာ ဖိနပ်ပင်မပါသော ဂျိတျန်းလင်ကို ခေါ်ဆောင်၍ ထွက်ခွာသွားလေသည်။
တက္ကစီထွက်သွားပြီး မကြာမီမှာပင် SUV ကားတစ်စီး ထွက်လာပြီး ခပ်လှမ်းလှမ်းမှ လိုက်ပါသွားသည်။
ကားထဲတွင် ဘူဒိုဇာသည် ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် သမ်းဝေနေသည်။ လွန်ခဲ့သော ၄၈ နာရီအတွင်း သူ လေးနာရီပင် ပြည့်အောင် မအိပ်ရသေးပေ။
ဝမ်ရှန်းတွင် ပင်ပန်းသည့် အရိပ်အယောင်မရှိပေ။ သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ခြေလှမ်းတစ်ဝက်ခန့် ရောက်ရှိနေပြီဖြစ်ရာ အစားအသောက်နှင့် အိပ်စက်ခြင်းကို လုံးဝ မစွန့်လွှတ်နိုင်သေးသော်လည်း ရက်အနည်းငယ်မျှ မအိပ်ဘဲ နေရခြင်းမှာ သူ၏ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်မှုမရှိပေ။
SUV ကားမှာ ခပ်လှမ်းလှမ်းမှသာ လိုက်နေသည်။ လမ်းပေါ်တွင် ကားသိပ်မရှိသဖြင့် ခြေရာခံရန် လွယ်ကူလှသည်။
တက္ကစီအတွင်းတွင်မူ ဂျိတျန်းလင်သည် လူအိုကြီးဘေး၌ စိုးရိမ်တကြီးထိုင်နေပြီး အသက်ပင် ပြင်းပြင်းမရှုရဲပေ။
“ဒုတိယဦးလေး”
“ပါးစပ်ပိတ်ထားစမ်း… မင်းက ငါတို့မိသားစုနာမည်ကို အရှက်ရအောင်လုပ်နေတာပဲ”
ဂျိဂူဖုန်းက စိုက်ကြည့်လိုက်သဖြင့် ဂျိတျန်းလင် တုန်ရင်သွားပြီး ခေါင်းငုံ့ကာ ငြိမ်နေလိုက်သည်။
အခြေအနေကို ရိပ်မိသော တက္ကစီဒရိုင်ဘာက ပြုံးနေလေသည်။ နောက်ဆုံးတွင် ဂျိတျန်းလင်၏ ကျောင်းနှင့် မဝေးသော လူနေရပ်ကွက်တစ်ခုသို့ ရောက်ရှိသွားသည်။ ဘူဒိုဇာက နောက်က လိုက်ချင်သော်လည်း ဝမ်ရှန်းက တားလိုက်သည်။ သူတို့ကားမှာ အလွန်သိသာလွန်းလှသဖြင့် သံသယဝင်စရာဖြစ်နိုင်သည်။ ထို့ပြင် ထိုနေရာမှာ သူတို့၏ ပုန်းခိုနေရာလည်းဖြစ်နိုင်သည်။
“တာအိုဆရာဝမ်… အဲဒီလူကြီးက သန်မာလား”
ဘူဒိုဇာက စိုးရိမ်တကြီး မေးလိုက်သည်။
“ဆရာဦးလေး လီရှီဝူထက်တောင် ပိုသန်မာတယ်”
ဝမ်ရှန်းက ဖြေလိုက်ရာ ဘူဒိုဇာ၏ မျက်နှာက တည်ကြည်သွားသည်။
ဘူဒိုဇာလည်း မည်သူက ပိုသန်မာသည်ကို သေချာနားမလည်သော်လည်း ကိုယ်ခံပညာသာသိသော သူ့အတွက်မူ အဆင့်မြင့်ကျင့်ကြံသူတစ်ဦးက သာမန်ထက် များစွာသာလွန်မည်မှာ အမှန်ပင်ဖြစ်သည်။
“ဒါဆို အခု ဘာလုပ်ကြမလဲ” သူက မေးသည်။
“ဘာလုပ်ရမှာလဲ… သူတို့ကို အလွတ်ပေးလို့မဖြစ်ဘူးလေ”
ဝမ်ရှန်းက အဝတ်နက်ပတ်ထားသည့် အနက်ရှိုင်းဆုံးနားစွင့်သူကို ကောက်ကိုင်လိုက်သည်။
“ကျွန်တော် သွားကြည့်လိုက်မယ်၊၊ ခဗျားက အကူအညီခေါ်ထားလိုက်”
အကူအညီ…၊၊
ဘူဒိုဇာ တစ်ခုခုပြောချင်သော်လည်း ဝမ်ရှန်းက ကားတံခါးကို ဖွင့်ကာ အပြင်သို့ ခုန်ထွက်သွားပြီး ရပ်ကွက်ထဲသို့ ပေါ့ပါးစွာ လျှောက်ဝင်သွားလေပြီ။
ဂိတ်တွင် အိပ်ငိုက်နေသော လုံခြုံရေးဝန်ထမ်းသည်လည်း ဘာမှ မသိလိုက်ပေ။
“ကောင်းပြီလေ”
ဘူဒိုဇာက စုတ်သပ်ရင်း ရေရွတ်လိုက်သည်။ သူသည် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထိပ်တန်းအဖွဲ့ဝင်ဖြစ်သော်လည်း ဤကဲ့သို့သော ကျွမ်းကျင်သူများရှေ့တွင် သူ့တွင် အကွက်ထုတ်စရာမရှိသလို ခံစားနေရသည်။
နေထွက်လာသည်နှင့်အမျှ မြစ်ကမ်းဘေးရှိ မြို့ကြီးမှာလည်း စတင်လှုပ်ရှားသက်ဝင်လာသည်။
ရပ်ကွက်အတွင်းရှိ လူကြီးအချို့သည် ကိုယ်လက်လှုပ်ရှားမှုများလုပ်နေကြပြီး အချို့အိမ်များမှလည်း ဟင်းချက်သံများ ကြားနေရသည်။ အလုပ်သွားမည့်သူများမှာလည်း ရံဖန်ရံခါ အပြေးအလွှားဖြတ်သန်းသွားကြသည်။
ဝမ်ရှန်းက မနေ့ညကတည်းက ဂျိတျန်းလင်၏ ကိုယ်ပေါ်တွင် ဝိညာဉ်အသိစိတ် အပိုင်းအစတစ်ခု ချန်ထားခဲ့သဖြင့် ထိုသူရှိရာနေရာကို ခန့်မှန်းနိုင်ခဲ့သည်။
ရပ်ကွက်အတွင်း လှည့်ပတ်သွားလာပြီးနောက် ဝမ်ရှန်းလည်း အခြားဘက်ခြမ်းရှိ ဂိတ်တစ်ခုသို့ ရောက်သွားသည်။
သူ အမီလိုက်နိုင်ခဲ့ခြင်းမှာ ကံကောင်းလှသည်။ ဂျိဂူဖုန်းသည် အလွန်ပါးနပ်သူဖြစ်ပြီး မျက်ခြေဖြတ်ရန်အတွက်သာ ဤရပ်ကွက်ထဲသို့ ဝင်လာခြင်းဖြစ်သည်။
ဘူဒိုဇာထံသို့ တည်နေရာကို ပေးပို့ပြီးနောက် ဝမ်ရှန်းက ဆက်၍ခြေရာခံလိုက်သည်။
အထွက်ဂိတ်မှာ စားသောက်ဆိုင်တန်းများဖြင့် စည်ကားနေသော လမ်းတစ်ခုသို့ ရောက်သွားသည်။ အချိန်စောနေသေးသော်လည်း လူများဖြင့် ပြည့်နှက်နေပြီး ကားများမှာလည်း စည်းကမ်းမဲ့ရပ်ထားကြသဖြင့် လမ်းက ပို၍ကျဉ်းမြောင်းနေသည်။
မကြာမီ ဝမ်ရှန်းသည် ပေါက်စီဆိုင်တစ်ဆိုင်တွင် မနက်စာဝယ်နေသော ဂျိဂူဖုန်းကို တွေ့လိုက်ရသည်။ ဝယ်နေသော ပမာဏအရ လူ ၄ ဦးမှ ၆ ဦးစာခန့်ရှိမည်ဟု ခန့်မှန်းရသည်။
လူအများ၏ အာရုံမစိုက်မိစေရန် ဝမ်ရှန်းမှာ အနီးရှိ ဆန်ပြုတ်ဆိုင်မှ ဆန်ပြုတ်တစ်ခွက်ဝယ်ကာ ဂျိဂူဖုန်းနှင့် အကွာအဝေးတစ်ခုထား၍ ဖြည်းဖြည်းချင်း လိုက်ပါသွားသည်။
လမ်းအကွေ့အကောက်များစွာ ဖြတ်သန်းပြီးနောက် သူတို့သည် ဆယ်စုနှစ်များစွာ သက်တမ်းရှိနေပြီဖြစ်သော လူနေအိမ်တန်းဟောင်းများရှိရာသို့ ရောက်ရှိသွားသည်။
ဂျိတျန်းလင်သည် လမ်းကြားတစ်ခု၏ အဝင်တွင် ဆောင့်ကြောင့်ထိုင်နေသည်။ လူအိုကြီးက မနက်စာအိတ်များနှင့် ပြန်လာသည်ကို မြင်လျှင် ချက်ချင်းပင် သွားကူလေသည်။
“ဒုတိယဦးလေး ကျွန်တော် သယ်ပေးမယ်”
“ဟမ့်”
ဂျိဂူဖုန်းက မကျေမနပ်ဖြစ်နေသေးသော်လည်း အစောပိုင်းကထက်စာလျှင် အနည်းငယ် လျော့ပါးသွားပုံရသည်။
သူတို့နှစ်ဦး လမ်းကြားထဲ ဝင်သွားကြသည်။ ဘေးတွင် လူမရှိတော့သည်နှင့် ဂျိဂူဖုန်းက စတင်ပေါက်ကွဲတော့သည်။
“မင်းကို ငါ့ကို ဒုတိယဦးလေးလို့ မခေါ်ဖို့ ဘယ်နှစ်ခါပြောရမလဲ”
“ဟုတ်ကဲ့… ဟုတ်ကဲ့ပါ အကြီးအကဲဂူ”
ဂျိတျန်းလင်က ခါးသီးသောအပြုံးဖြင့် ဖြေလိုက်သည်။
ဂျိဂူဖုန်း သူ့တူကို ကြည့်ကာ စိတ်ပျက်ကာ အားမလိုအားမရဖြစ်နေပုံမှာ မျက်နှာတွင် ထင်ရှားနေသည်၊၊
“မနေ့ညက ဘာဖြစ်တာလဲ… မင်း တကယ်ပဲ အဲဒီလိုလုပ်ခဲ့တာလား”
ဂျိတျန်းလင် သက်ပြင်းအရှည်ကြီး ချလိုက်သည်။
“ဒုတိယဦးလေး မဟုတ်ဘူး အကြီးအကဲ… ကျွန်တော့်အကြောင်းကို အသိဆုံးဖြစ်မှာပါ… ကျွန်တော်က ဘယ်လိုလုပ်ပြီး အဲဒီလိုအရှက်မရှိတဲ့ အလုပ်မျိုးလုပ်ပြီး မိသားစုနာမည်ကို အရှက်ရစေမှာလဲ… မနေ့ညက ကောင်မလေးက ကျွန်တော့်ရည်းစားပါ… ကျွန်တော်တို့က တက္ကသိုလ်တစ်ခုတည်း တက်နေတာပါ၊၊ ရဲတွေက ဘာမဟုတ်တာနဲ့ ကျွန်တော့်ကို လာဖမ်းပြီး ပြည့်တန်ဆာမှုနဲ့ စွပ်စွဲတာပါ”
“တကယ်လား”
“တကယ်ပါ… ကျွန်တော် လိမ်ပြောရင် သူ့ကို ခေါ်လာပြီး ဦးလေးနဲ့ တွေ့ပေးပါ့မယ်”
ထိုစဉ် သူတို့နောက်မှ ရယ်သံသဲ့သဲ့ ထွက်ပေါ်လာသည်။
“ဒါဆို မင်းပြောချင်တာက မနေ့ညက ကောင်မလေးက မင်းရည်းစားပေါ့ ဟုတ်လား”
သူတို့လှည့်ကြည့်လိုက်သည့်အခါ လမ်းကြားအဝင်တွင် ရပ်နေသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူမှာ ထိုနေရာတွင် ရှိနေသည်ကို သူတို့ လုံးဝ သတိမထားမိခဲ့ပေ။
ဂျိဂူဖုန်းသည် ထိုလူငယ်၏ ခြေလှမ်းများတွင် တာအိုအငွေ့အသက်များပါဝင်နေသည်ကို သတိထားမိလိုက်သည်နှင့် မျက်နှာတည်ကြည်သွားသည်။ သူသည် မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်ကာ ဂျိတျန်းလင်က်ု နောက်သို့ ပို့လိုက်သည်။
ဂျိတျန်းလင်လည်း အကြောင်းရင်းမရှိဘဲ စိတ်ဂယောင်ခြောက်ခြားဖြစ်လာကာ အဝတ်နက်ပတ်ထားသော ဓားအရှည်ကြီးကို ကြည့်ကာ စိုးရိမ်ပူပန်နေလေသည်။
“ငါမနေ့ညက ကြားခဲ့တာကတော့ တခြားစီပါလား… မင်းက အဲဒီကောင်မလေးကို ပြောခဲ့တယ် မဟုတ်လား… မင်းကို ပျော်အောင် ထားနိုင်ရင် မင်းက အသင်းဝင်ကြေးတွေ ပေးမယ်၊ ကျင့်စဉ်တွေ ထပ်ပေးမယ်၊၊ ပြီးတော့ အဆင့်တက်ဖို့ ဆေးလုံးတွေပါ ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား”
ဝမ်ရှန်းက တည်ငြိမ်စွာ မေးလိုက်သည်။