လျှို့ဝှက်ဆန်းကြယ်ဓားသမား
Vol. 8 Ch. 73
“မင်း.. မင်း လိမ်နေတာ”
ဂျိတျန်းလင်၏ မျက်နှာဖြူလျော်သွားသည်။
“ဒုတိယဦးလေး ကျွန်တော် အဲဒီလိုမလုပ်ခဲ့ပါဘူး ကျွန်တော်...”
“ပါးစပ်ပိတ်ထားစမ်း… မင်း အရှက်ကွဲရတာ မဝသေးဘူးလား… မင်းကိစ္စကို နောက်မှ ရှင်းမယ်”
ဂျိဂူဖုန်း အခြေအနေကို ချက်ချင်းရိပ်မိသွားပြီး ဂျိတျန်းလင်ကို ဒေါသတကြီး ကြည့်လိုက်သည်။
ထို့နောက် သူသည် ဝမ်ရှန်းဘက်သို့ လှည့်ကာ မျက်နှာထား တင်းမာသွားပြီး တစ်ခုခုကို သတိပြုမိသွားပုံရသည်။
“မင်းက ဘယ်သူလဲ ဘာလို့ ဒီကို ရောက်နေတာလဲ… အခုချက်ချင်း ရပ်လိုက်ဖို့ ငါ အကြံပေးချင်တယ်”
ဝမ်ရှန်းက နောက်ဆုတ်ခြင်းမရှိဘဲ သူတို့နှင့် ဆယ်မီတာခန့် အကွာအဝေးသို့ ရောက်လာသည်။ သူ့၏ အနက်ရှိုင်းဆုံးနားစွင့်သူဓားက တုန်ခါလာပြီး ပတ်ထားသော အဝတ်နက်မှာလည်း အလိုလိုပြေကျလာသည်။
“ပြေးတော့”
ဂျိဂူဖုန်းက အမိန့်ပေးလိုက်သည်။ သူသည် ဂျိတျန်းလင်ကို နောက်သို့ တွန်းလိုက်သည်၊၊
“တခြားသူတွေကို သွားပြောလိုက်… ငါတို့နောက်ကို တစ်ယောက်ယောက် လိုက်နေပြီလို့ သွားပြော”
ဂျိတျန်းလင် တုံ့ဆိုင်းနေသည်။
“ဒုတိယဦးလေး..n ကျွန်တော် ကူညီပါရစေ… သူက တစ်ယောက်တည်းလေ… ဘယ်လောက်ပဲ သန်မာမာ...”
“အခြေနေတွေကို ပိုဆိုးအောင်မလုပ်နဲ့”
ဝမ်ရှန်း ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ ခြေဖဝါးအောက်မှ စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ နောက်တစ်လှမ်းတွင်မူ သူသည် လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ပြေးဝင်လာတော့သည်။
ဂျိဂူဖုန်း ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ဝမ်ရှန်းက အနီးသို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ အေးစက်သော ဝိညာဉ်အသိစိတ်က ဂျိဂူဖုန်း၏ အဓိကနေရာများကို ပစ်မှတ်ထားထားလေပြီ။
ခုနှစ်စင်ကြယ် ခြေလှမ်းကို သုံးကာ ဝမ်ရှန်းသည် မြေပြင်ပေါ်ရှိ ရေအိုင်ကွက်ကို နင်းလိုက်သော်လည်း ရေတစ်စက်ပင် စင်ထွက်သွားခြင်းမရှိပေ။
စတုတ္ထမြောက် ခြေလှမ်းတွင် သူသည် လမ်းကြားရှိ နံရံပေါ်တွင် ခဏမျှ ပြေးတက်သွားပြီး ဓားမှ အဝတ်နက်များက နောက်သို့ လွင့်စဉ်သွားတော့သည်။ ဓား၏ အလင်းတန်းမှာ လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ထွက်ပေါ်လာလေသည်။
ခြေလေးလှမ်းအတွင်းမှာပင် ဝမ်ရှန်းသည် ဆယ်မီတာကျော် အကွာအဝေးကို ဖြတ်ကျော်ကာ ဂျိဂူဖုန်း အနီးသို့ရောက်လာသည်၊၊
ဂျိဂူဖုန်းက လျင်မြန်စွာ တုံ့ပြန်ရန်ပြင်လိုက်သော်လည်း သူ၏ ချီစွမ်းအင်များကိုသာ စုစည်းနိုင်သေးသည်။ သူသည် လက်ဝါးဖြင့် အစစ်အမှန်ချီကို ထုတ်လွှတ်ကာ ခုခံရန် ကြိုးစားသော်လည်း စက္ကန့်ပိုင်းအတွင်း မျက်နှာက မျှော်လင့်ချက်ကင်းမဲ့သွားသည်။ သူ၏ မျက်လုံးထဲတွင် ခုနှစ်စင်ကြယ်ပုံရိပ်နှင့် ဓားရိပ်များသာ ပြည့်နှက်နေတော့သည်။
ခုနှစ်စင်ကြယ်ဓားအစီအရင်၊၊
လင်းယုန်တစ်ကောင်က ယုန်တစ်ကောင်ကို အမဲလိုက်သည့်အခါ အစွမ်းကုန် အားထုတ်သကဲ့သို့ပင် ဝမ်ရှန်းသည်လည်း ပြိုင်ဘက်ကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး လုံးဝပေးလိုစိတ်မရှိပေ။ ထို့ကြောင့် သူသည် ဓားအစီအရင်၏ အစွမ်းကို အပြည့်အဝထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
ဂျိဂူဖုန်းက တုံ့ပြန်မှုကောင်းလှသည်။ သူ၏ ဘယ်ဘက်လက်တွင် ဒဏ်ရာအပြင်းအထန် ရသွားသော်လည်း ဝမ်ရှန်း၏ ပြင်းထန်သော တိုက်ကွက်နှစ်ခုကို ခုခံနိုင်ခဲ့သည်။
ထိုခဏအတွင်း သူသည် အင်္ကျီအတွင်းမှ အဆောင်အချို့ကို ထုတ်ယူလိုက်သည်။ သို့သော် သူ အသုံးမပြုနိုင်မီမှာပင် နောက်ထပ် ဓားအလင်းတန်းတစ်ခုက ထိုအဝါရောင် အဆောင်များကို ပိုင်းဖြတ်သွားသည်။
ရှီချန်ကျန်းနှင့် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သော အတွေ့အကြုံများမှာ ဝမ်ရှန်းအတွက် အသုံးဝင်လာခဲ့သည်။
ဂျီဂူဖုန်းက ပြန်လည်တိုက်ခိုက်ရန် ကြိုးစားသော်လည်း အခြေအနေမှာ သူ့ဘက်၌ မရှိတော့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားဖျားက သူ၏ ပုခုံးနှစ်ဖက်လုံးကို ထိုးဖောက်သွားခဲ့သည်။
သွေးများ ပန်းထွက်လာပြီး ဝမ်ရှန်း၏ အစစ်အမှန်ချီများက ဂျိဂူဖုန်း၏ ကိုယ်တွင်းသို့ စီးဝင်သွားကာ သူ၏ ပုခုံးရှိ သွေးကြောများအားလုံး ပျက်စီးသွားလေသည်။
ဒဏ်ရာများမှာ အလွန်ပြင်းထန်လှသည်။ စနစ်တကျ ကုသမှုမခံယူပါက သူ၏ လက်နှစ်ဖက်လုံးက သုံးစားမရဖြစ်သွားနိုင်ပေသည်။
“မင်း” ဂျိဂူဖုန်းက အော်ဟစ်လိုက်သည်။
သူသည် နာကျင်မှုနှင့် ဒေါသကြောင့် ဆဲဆိုရန် ပြင်လိုက်သော်လည်း ဝမ်ရှန်းက ရှေ့သို့ တိုးသွားကာ ဓားနှောင့်ဖြင့် ဂျိဂူဖုန်း၏ လည်ပင်းဘေးကို ရိုက်ချလိုက်တော့သည်။
လီအိမ်တော်တွင် မိစ္ဆာကျင့်ကြံသူနှင့် တိုက်ခိုက်စဉ်က အတွေ့အကြုံအရ ဝမ်ရှန်းမှာ ပြိုင်ဘက်ကို အမြန်ဆုံး အရှုံးပေးစေရန် နည်းလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သတိလစ်သွားအောင် လုပ်ခြင်းက အန္တရာယ်အကင်းဆုံးနည်းလမ်းပင် ဖြစ်သည်။
သူတို့၏ တိုက်ပွဲမှာ စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။ ဝိညာဉ်ပေါင်းစည်းခြင်းအလယ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးက အရှုံးပေးလိုက်ရပြီ ဖြစ်သည်။
ဝမ်ရှန်းက ထိုသူ့ကို အသာအယာတွန်းလိုက်ရာ နံရံကို မှီ၍ လဲကျသွားတော့သည်။ ဒဏ်ရာများမှ သွေးထွက်နေသဖြင့် ကြည့်ရသည်မှာ မြင်မကောင်းပေ၊၊
နှစ်မီတာ၊ သုံးမီတာခန့် အကွာတွင် ရှိနေသော ဂျိတျန်းလင်တစ်ယောက် ရုပ်တုတစ်ခုကဲ့သို့ တောင့်တင်းနေသည်။
ငါ့ဒုတိယဦးလေးတောင်မှ...
ပြေးမှဖြစ်မယ် ငါ ဒီကနေ ပြေးမှဖြစ်မယ်…၊၊
သူ၏ စိတ်ထဲမှ ပြေးရန် အော်ဟစ်နေသော်လည်း ကိုယ်ခန္ဓာမှာမူ လုံးဝ မလှုပ်ရှားနိုင်ပေ။
ဓားအလင်းတန်းတစ်ခုက သူ့ထံသို့ ပျံဝဲလာပြီး သူ၏ လည်ပင်းနားအရောက်တွင် ရပ်တန့်သွားသည်။
ဂျိတျန်းလင်၏ ခြေလက်များ အေးစက်သွားတော့သည်။ မနက်ခင်း လေပြေက သူ့ကို စိမ့်တတ်သွားစေပြီး တုန်ရင်လာကာ သတိပြန်ဝင်လာခဲ့သည်။
ဝမ်ရှန်း၏ ဓားရှည်မှာ သူ့ရှေ့တွင် ရှိနေသည်။ ဓားသွားမှ ထွက်ပေါ်နေသော ဓားအလင်းမှာ လှိုင်းကလေးများကဲ့သို့ လှုပ်ရှားနေပြီး သူ့ကို အချိန်မရွေး သတိလစ်သွားအောင်လုပ်ကာ ဒုတိယဦးလေးဘေးသို့ ပို့ဆောင်ရန် အသင့်ရှိနေပုံရသည်။
“ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့ဗျာ...”
ဂျိတျန်းလင်၏ အသံက ထိန်းချုပ်မရအောင် တုန်ရင်နေသည်။ လည်ပင်းသို့ ထောက်ထားသော ဓားဦးမှာ မီလီမီတာအနည်းငယ်သာ ကွာဝေးတော့ရာ ထက်ရှသော ဓားဖျားက သူ၏ အရေပြားကို ဖောက်ဝင်တော့မတတ်ဖြစ်နေသည်။
အမှန်အတိုင်းပြောရလျှင် သူသည် တက္ကသိုလ်တတိယနှစ်ကျောင်းသားတစ်ဦးသာဖြစ်ပြီး ယခုကဲ့သို့ အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးပေ။ သွေးမြင်ရုံနှင့်ပင် ခြေထောက်များ ပျော့ခွေသွားတတ်ရာ ဘောင်းဘီထဲ သေးထွက်မသွားခြင်းမှာပင် ချီးကျူးစရာဖြစ်နေပြီ။
ဝမ်ရှန်းက ဓားကို ဆက်ထောက်ထားရင်း အမိန့်ပေးလိုက်သည်၊၊
“မနက်စာကိုယူပြီး မင်းစောစောက သွားမလို့ လုပ်နေတဲ့နေရာကို ငါ့ကို လမ်းပြစမ်း”
“ဟင်...”
“မင်း မန်ဒရင်းတရုတ်စကားကို နားမလည်ဘူးလား”
ဝမ်ရှန်း၏ မျက်နှာထားက ပို၍ အေးစက်လာသည်။ ဂျိတျန်းလင်၏ နဖူးမှ ချွေးစက်များ စီးကျလာရင်း အမောတကော ခေါင်းငြိမ့်လိုက်သည်။
ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဓားသမားက ဘယ်သူလဲများလဲ…၊၊ ထိုသူ၏ အကြည့်တစ်ချက်ကပင် ဂျိတျန်းလင်ကို ခုခံနိုင်စွမ်းမဲ့သွားစေသည်။ ငယ်ငယ်ကကြည့်ခဲ့ရသော ရုပ်ရှင်တွေထဲကလို လူမျိုးတွေက တကယ်ရှိတာပဲဟု သူ တွေးနေမိသည်။
ဝမ်ရှန်းက လက်ကောက်ဝတ်ကို အသာယာလှုပ်ရှားလိုက်သော်လည်း ဂျိတျန်းလင်သည် နောက်သို့ ဟန်ချက်ပျက်ကာ လွင့်ထွက်သွားလေသည်။
ထို့နောက် ဝမ်ရှန်းက လျင်မြန်သော ဓားချက်တစ်ခုဖြင့် ဂျိတျန်းလင်၏ အင်္ကျီအိတ်ကပ်ကို ပိုင်းဖြတ်လိုက်သည်။ ယခင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ကို များစွာအထောက်အကူပြုခဲ့သော အိတ်အတွင်းမှ ဖုန်းသည် နှစ်ပိုင်းပြတ်လုနီးပါးဖြစ်သွားလေသည်။
ဂျိတျန်းလင်၏ မျက်နှာဖြူဆုတ်သွားသည်။ သူ့အသက်က ဝမ်ရှန်း၏လက်ထဲတွင်သာ ရှိတော့ကြောင်း သူ သိလိုက်ပြီဖြစ်သည်။
“မြန်မြန်လမ်းပြစမ်း… ငါလူသတ်ဖို့ ဆန္ဒမရှိဘူး၊၊ မင်းရဲ့ ဒုတိယဦးလေးကိုလည်း ခဏနေရင် တစ်ယောက်ယောက်က လာကြည့်ပေးလိမ့်မယ်၊၊ သူ ကျင့်ကြံမှုတွေ ဆက်ထိန်းထားနိုင်မလားဆိုတာကတော့… သူ့ကံတရားအပေါ်မှာပဲ မူတည်တယ်”
“ဟုတ်… ဟုတ်ကဲ့ပါ”
နံရံကိုမှီ၍ သွေးအိုင်ထဲ လဲနေသော ဂျိဂူဖုန်းကို တစ်ချက်ကြည့်ကာ ဂယ်ထျန်းလင်းက ထစ်ထစ်ငေါ့ငေါ့ဖြင့် ဖြေလိုက်သည်။
ဝမ်ရှန်းသည် အနက်ရှိုင်းဆုံးနားစွင့်သူကို ဘယ်ဘက်လက်သို့ ပြောင်းကိုင်ကာ ကျောနောက်တွင် ပေါ့ပါးစွာ ထားလိုက်သည်။ သူ၏ တည်ငြိမ်သော အကြည့်အောက်တွင် ဂျိတျန်းလင်တစ်ယောက် ချွေးများကို သုတ်ရင်း လမ်းကြား၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဦးဆောင်ဝင်သွားသည်။
ဂျိတျန်းလင်၏ လှည့်ကွက်များကို ဝမ်ရှန်း မစိုးရိမ်ပေ။ သူသည် တစ်မီတာထက်မဝေးသော အကွာအဝေးမှ ကပ်လိုက်နေပြီး လိုအပ်ပါက ဂျိတျန်းလင်ကို လူသားဒိုင်းအဖြစ် သုံးရန် အသင့်ရှိနေသည်။
လမ်းကြားထဲမှ ထွက်လာသည့်အခါ ဂျိတျန်းလင်သည် နားချင်သဖြင့် အကြိမ်ကြိမ်ထိုင်ရန် ကြိုးစားသော်လည်း ဝမ်ရှန်းထံမှ ထွက်ပေါ်နေသော အေးစက်သည့် ဓားဆန္ဒကြောင့် မရပ်ဝံ့ပေ။ လမ်းဟောင်းများ၊ အိမ်စုတ်များကြားတွင် ရှစ်မိနစ်ခန့် လှည့်ပတ်သွားလာပြီးနောက် မြို့သစ်စီမံကိန်းကြောင့် ကျန်ရစ်ခဲ့သော အိမ်စုတ်များရှိရာ ရပ်ကွက်တစ်ခုသို့ ရောက်ရှိလာသည်။
ခပ်လှမ်းလှမ်းရှိ ဝခြံဝင်းငယ်လေးတစ်ခုကို ညွှန်ပြရင်း ဂျိတျန်းလင်က တုန်တုန်ရင်ရင် မေးလိုက်သည်။
“ဟို.. ဟိုခြံထဲမှာပါ… အစ်ကိုကြီး… ကျွန်တော့်ကို အခု လွှတ်ပေးလို့ရပြီလား”
“အစားအသောက်တွေကို သွားပို့လိုက်”
ဝမ်ရှန်းက ပြတ်သားစွာ ပြောလိုက်သည်။
ဂျိတျန်းလင် မျက်ရည်များကို မထိန်းနိုင်တော့ပေ။ သူသည် မျက်ရည်စက်လက်ဖြင့် ဝမ်ရှန်းဘက်သို့ လှည့်လာသည်။
“အစ်ကိုကြီး… ကျွန်တော်က ကျောင်းသားတစ်ယောက်ပဲလေ… ကျွန်တော် တကယ်ပဲ ဆိုးဆိုးရွားရွားဘာမှမလုပ်ခဲ့ပါဘူး… ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါဗျာ”
ဝမ်ရှန်းက သူ့ကို ခံစားချက်မဲ့နေသော မျက်နှာဖြင့်သာ စိုက်ကြည့်နေသည်။ သူ၏ ကျောနောက်မှ ဓားရှည်မှာ တဝီဝီမြည်သံထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ဝမ်ရှန်းက ဂျိတျန်းလင်အနီးသို့ ရောက်ရှိသွားပြီး ဓားနှောင့်ဖြင့် လည်ပင်းကို ရိုက်ကာ သတိလစ်သွားအောင် လုပ်လိုက်သည်။
“အခုမှ ကျောင်းသားဆိုတာကို သတိရနေတာလား… မနေ့ညကတော့ မင်းက အောက်တန်းကျတဲ့ ဒါရိုက်တာတစ်ယောက်လို လုပ်နေတာပဲ မဟုတ်လား”
ဝမ်ရှန်းက ဘေးသို့တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ ပတ်ဝန်းကျင်ရှိ ထူးထူးခြားခြားဝတ်စားဆင်ယင်မှုရှိသော အမျိုးသမီးနှစ်ဦး၏ အံ့အားတကြီးအကြည့်များအောက်တွင် သူသည် ဓားကိုဆွဲထုတ်ကာ ဂျိတျန်းလင် ညွှန်ပြခဲ့သော ခြံဝင်းထဲသို့ ပြေးဝင်သွားတော့သည်။