← Chapters

တစ်ချက်ထဲဖြင့် ငါး ၈ကောင်မိခြင်း

Vol. 8 Ch. 74

တစ်ချက်ထဲဖြင့် ငါး ၈ကောင်မိခြင်း

Vol. 8 Ch. 74

ဝိညာဉ်အသိစိတ်ကို ဖြန့်ကျက်လိုက်ရာ ခြံဝင်းအတွင်းရှိ အရာအားလုံးကို ဝမ်ရှန်း မြင်လိုက်ရသည်။ ထိုနေရာတွင် ဝိညာဉ်ပေါင်းစည်းခြင်းအစောပိုင်းနှင့် အလယ်အလတ်အဆင့်ရှိသော လူအိုကြီး ခြောက်ဦး (အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦး) ရှိနေသည်။ သူတို့မှာ စားပွဲဝိုင်းတစ်ခုတွင် ထိုင်ကာ ဆန်ပြုတ်နှင့် မုန်ညင်းချဉ်များကို စားသောက်နေကြသည်။

ခြံဝင်းတံခါး ဝုန်းခနဲ ပွင့်သွားသည့်အခါ ထိုခြောက်ဦးလုံး တုန်လှုပ်သွားပြီး အဝင်ဝသို့ လှည့်ကြည့်လိုက်ကြသည်။

ဝမ်ရှန်းက ခြေလှမ်းကျဲဖြင့် ဝင်လာသည်။ သူ၏ ဓားမှ ထွက်ပေါ်နေသော အေးစက်သည့် အော်ရာက ထိုခြောက်ဦးလုံးကို ပစ်မှတ်ထားနေရာ ရန်လိုမှုမှာ အထင်အရှားပင် ဖြစ်သည်။

ထိုလူအိုကြီးများအတွက်မူ ဤမနက်ခင်းသည် သာမန်မနက်ခင်းတစ်ခုကဲ့သို့ စတင်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် ကြင်နာတတ်သော အမျိုးသမီးကြီးတစ်ဦး ပြင်ဆင်ပေးထားသော ကြာရွှက်ဆန်ပြုတ်ကို သောက်ရင်း ပေါက်စီများ ရောက်လာမည့်အချိန်ကို စောင့်နေကြခြင်း ဖြစ်သည်။

ဓားရှည်တစ်လက်ကိုင်ထားသော လူငယ်တစ်ဦးက သူတို့၏ အေးချမ်းသော အချိန်ကို လာရောက်နှောင့်ယှက်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။

“ခင်ဗျားတို့က သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းရဲ့ အကြီးအကဲတွေလား”

ဝမ်ရှန်းက အေးစက်စက် မေးလိုက်သည်။

ခေါင်းပေါင်းထားသော အမျိုးသမီးကြီးတစ်ဦးက ဒေါသတကြီး အော်လိုက်သည်။

“ဒါ ဘယ်က ကောင်စုတ်လေးလဲ… အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်”

“သူ့ကို လျှော့မတွက်နဲ့ သူ့ကျင့်စဉ်အဆင့်က ငါတို့ထက် သာတယ်”

“မင်းက ဘယ်သူလဲ”

၎င်းတို့၏ ထိတ်လန့်သံများကို ဂရုမစိုက်ဘဲ ဝမ်ရှန်း ရှေ့သို့ တိုးဝင်သွားသည်။ ပြောစရာရှိသည်များကို သူတို့ကို ဖမ်းဆီးပြီးမှသာ ပြော၍ရမည်ဖြစ်သည်။

မြို့ထဲရှိ အမျိုးမျိုးသော လေယူလေသိမ်းဖြင့် စကားပြောနေသည့် ဤဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများမှာ သူတို့၏ အထောက်အထားကို သက်သေပြနေပြီ ဖြစ်သည်။ သူတို့မှာ သဘာလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်း၏ အကြီးအကဲများဖြစ်ပြီး တာအိုအမွေအနှစ်ကို ခုတုံးလုပ်ကာ တက္ကသိုလ်ကျောင်းသားများထံမှ အကျိုးအမြတ်ရယူနေကြသူများ ဖြစ်သည်။

ဝမ်ရှန်းက သူတို့ကို အလစ်အငိုက် တိုက်ခိုက်ခဲ့သော်လည်း ဤလူအိုကြီးများမှာ ဂျိတျန်းလင်ကဲ့သို့ အတွေ့အကြုံနည်းသူများ မဟုတ်ပေ။ သူတို့၏ အသက်အရွယ်နှင့် အတွေ့အကြုံများမှာ သူတို့ကို ပို၍ အန္တရာယ်ရှိစေသည်။

လက်ဝှေ့ပညာကျွမ်းကျင်ပုံရသော အမျိုးသားကြီး နှစ်ဦးက စားပွဲကို မှောက်ချကာ ဝမ်ရှန်းထံသို့ ဝဲယာမှ ညှပ်၍ ပြေးဝင်လာသည်။ ကျန်လေးဦးမှာမူ အကွာအဝေးတစ်ခုရရန် နောက်သို့ ခုန်ဆုတ်လိုက်ကြသည်။

“မြန်မြန် လက်နက်တွေ ယူကြ”

အမျိုးသမီးကြီးတစ်ဦးက အဆောင်စာရွက်များကို ထုတ်ကာ မန္တန်ရွတ်လိုက်သည်။ အမျိုးသားကြီးတစ်ဦးမှာမူ ထောင့်ရှိ သံတုတ်တစ်ချောင်းကို ကောက်ကိုင်ကာ တိုက်ပွဲထဲ ဝင်လာသည်။ နောက်တစ်ဦးမှာ လက်နက်ယူရန် အထဲသို့ ပြေးဝင်သွားသည်။

ဝမ်ရှန်းမှာ သူ့ထံသို့ ပြေးဝင်လာသူ နှစ်ဦးနှင့် ရင်ဆိုင်လိုက်သည်။ မကြာမီမှာပင် ထိုသူများ၏ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ဝမ်ရှန်းသည် ခုနှစ်စင်ကြယ်ပုံစံအတိုင်း ဓားကို လျင်မြန်လှပစွာ ဝေ့ယမ်းလိုက်သည်။ လေထဲတွင် လွင့်နေသော မိုးမခကိုင်းများကဲ့သို့ သူ၏ ကိုယ်နေဟန်ထားမှာ ပျော့ပြောင်းလှပြီး ဓားဖျားဖြင့် သူတို့၏ ကိုယ်ပေါ်တွင် သွေးစွန်းသော အစင်းကြောင်း နှစ်ခုကို ရေးဆွဲလိုက်သည်။

“သေစမ်း… ဒီကောင်က ဓားသိုင်းအတော်ကျွမ်းတာပဲ”

“ဒီလိုဆိုမှတော့… ငါ့ကို ရက်စက်တယ်လို့ မပြောနဲ့တော့”

အမျိုးသမီးကြီး၏ အကြည့်များမှာ ထက်ရှလာသည်။ သူမသည် အိတ်ကပ်ထဲမှ ပဝါစတစ်ခုကို ထုတ်ကာ လေထဲသို့ ခါယမ်းလိုက်ရာ အဆိပ်ရှိသော ပိုးကောင် သုံး၊လေးကောင်သည် ဝမ်ရှန်းထံသို့ လက်နက်ပုန်းများကဲ့သို့ ပျံသန်းသွားတော့သည်။

ဝမ်ရှန်းက နှာခေါင်းရှုံ့လိုက်သည်။ လက်တွေ့တိုက်ခိုက်နေကြသည်မှာ မှန်သော်လည်း ဘာကြောင့် TVထဲမှ စကားလုံးများပါ ပါဝင်လာသနည်း၊၊

ရွှပ်၊၊ ဖောက်၊၊

ဝုန်းး၊၊

ဓားအလင်းတစ်ချက်ဖြင့် အဆိပ်ပိုးကောင်များ နှစ်ပိုင်းပြတ်သွားသော်လည်း ထွက်ပေါ်လာသော အဆိပ်ငွေ့များကြောင့် ဝမ်ရှန်း နောက်သို့ ဆုတ်လိုက်ရသည်။ ထိုစဉ် မီးလုံးအဆောင်တစ်ခုမှာ အပေါ်မှ ပျံသန်းလာရာ ဝမ်ရှန်းမှာ ထပ်မံ ရှောင်တိမ်းလိုက်ရပြန်သည်။

ဒဏ်ရာရထားသော အဘိုးကြီးနှစ်ဦးက နောက်ဆုတ်သွားရမည့်အစား အခွင့်ကောင်းယူကာ ဝမ်ရှန်း၏ အဓိကနေရာများကို လက်သီး၊ လက်ဝါးများဖြင့် ပြန်လည်တိုက်ခိုက်လာသည်။

သို့သော် ဝမ်ရှန်းသည် ရိပ်ခနဲဖြစ်သွားကာ သူတို့၏ တိုက်ကွက်များ လွဲချော်သွားတော့သည်။

ဓားမြှောက်ခြင်းနှင့် ကြယ်ကြွေခြင်း.. ကောင်းကင်ယံကို တုန်ဟည်းစေရမယ်…၊၊

“စိတ်မကောင်းပါဘူး”

ဝမ်ရှန်းက အသာအယာရေရွတ်လိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ ညှာတာပေးရန် ဆန္ဒမရှိပေ။

ဓားအလင်းတန်းများ လှည့်ပတ်သွားပြီးနောက် သူသည် ဘယ်ဘက်မှ အဘိုးကြီး၏ ပုခုံးကို ဓားဖြင့် ထိုးလိုက်သည်။ ထို့နောက် ကိုယ်ကို တိမ်းစောင်းကာ အခြားအဘိုးကြီးတစ်ယောက်၏ ရင်ဘတ်ကို အားပြင်းသော ခြေကန်ချက်ဖြင့် ကန်လိုက်သည်။ သူ၏ စွမ်းအင်များ ပေါက်ကွဲထွက်သွားပြီး ထိုသူနှစ်ဦး လွင့်ထွက်သွားလေသည်။

ဓားဒဏ်ရာရသူက အရေပြားရှပ်ထိရုံသာဖြစ်သော်လည်း ခြေကန်ချက် မိသွားသူမှာမူ ဆယ်မီတာခန့်အကွာရှိ နံရံကို ဝင်တိုက်ကာ သွေးအန်ပြီး သတိလစ်သွားခဲ့သည်။ သူ၏ အတွင်းသွေးကြောများ ပျက်စီးသွားသဖြင့် ဒဏ်ရာမှာ အတော်ပြင်းထန်လှသည်။

ရွှီး—

လေထဲမှ မြားတစ်စင်း ပျံသန်းလာသည့် အသံကို ကြားလိုက်ရသည်။

ဝမ်ရှန်း မရှောင်တော့ပဲ ကိုယ်ကိုလှည့်ကာ ဓားဖြင့် ဝေ့ယမ်းလိုက်ရာ မြား၏ အမြီးပိုင်းကို ထိမှန်သွားသည်။ ထို့ကြောင့် မြားက သူ၏ မျက်နှာကို တည့်တည့်မမှန်ဘဲ ပါးစပ်နားမှ သီသီကလေး ကပ်လွဲသွားသည်။

အတိတ်ဘဝမှ အတွေ့အကြုံများစွာရှိနေသော်လည်း ဤကဲ့သို့ သေမင်းနှင့် နီးကပ်သွားခြင်းက ဝမ်ရှန်းကို ချွေးစေးများ ထွက်သွားစေသည်။

ဝမ်ရှန်းက နှာခေါင်းရှုံ့ကာ မြားပစ်လိုက်သော ဘေးခန်းဆီသို့ ပြေးဝင်သွားသည်။ ထိုသို့ပြေးဝင်စဉ် အနက်ရှိုင်းဆုံးနားစွင့်သူမှတစ်ဆင့် ဓားစွမ်းအင် လှိုင်းများကို ထုတ်လွှတ်လိုက်သည်။ ပဝါစကို ကိုင်ထားသော အမျိုးသမီးကြီး၏ ပုခုံးမှ သွေးများ ထွက်လာပြီး ခွေကျသွားလေသည်။

ပြင်းထန်သော စွမ်းအင်များ ပါဝင်သည့် နောက်ထပ် မြားတစ်စင်းက သူ့ထံသို့ တည့်တည့်ပျံသန်းလာပြန်သည်။ သို့သော် သူသတိရှိနေပြီဖြစ်သောကြောင့် ဤမြားမှာ ဝမ်ရှန်းအတွက် အန္တရာယ်မရှိတော့ပေ။

သူသည် အနက်ရှိုင်းဆုံးနားစွင့်သူကို မြှောက်ကာ မြားထိပ်ကို ဓားဖျားဖြင့် ထိလိုက်ရာ မြားက နှစ်ခြမ်းကွဲထွက်သွားခဲ့သည်။

အခန်းအတွင်းရှိ သံမဏိလေးကို ကိုင်ထားသော အဘိုးကြီးလည်း မျက်လုံးများပြူးကျယ်သွားသည်။ ရုတ်ချည်းပင် ဝမ်ရှန်းသည် ပြတင်းပေါက်မှတစ်ဆင့် အထဲသို့ ခုန်ဝင်ကာ သူ့ကို ဓားဖြင့် ပိုင်းချလာလေပြီ၊၊

“ပြေးကြတော့… ငါတို့ သူ့ကို မယှဉ်နိုင်ဘူး”

“မင်းက ဘယ်သူလဲ… ငါတို့မှာ အရင်က ရန်ငြိုးမရှိသလို အခုလည်း ပြဿနာမရှိပါဘူး၊၊ မင်းက ဘာလို့ ငါတို့ကို ဒီလောက် ရန်လိုနေရတာလဲ”

ခြံဝင်းအတွင်းမှ အော်သံနှစ်ခု ထွက်ပေါ်လာသည်။ ဝမ်ရှန်းက သတိလစ်နေသော အဘိုးကြီးကို လှည့်ပင်မကြည့်ဘဲ လှုပ်ရှားနိုင်သေးသော အခြားနှစ်ဦးထံသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။

ရလဒ်က အထူးပြောစရာ မလိုပေ။

သူတို့ ခြောက်ဦးလုံး ပူးပေါင်းတိုက်ခိုက်သော်လည်း ဝမ်ရှန်းနှင့် သူ့၏ဓားကို မယှဉ်နိုင်ကြပေ။

ဝမ်ရှန်းသည် လူသတ်ရန် ဆန္ဒမရှိပေ။ သို့မဟုတ်ပါက ဓားချက်အနည်းငယ်ဖြင့်ပင် သူတို့အားလုံး သေဆုံးသွားနိုင်ပေသည်။

မကြာမီမှာပင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဆယ်ဦးကျော် ရောက်ရှိလာပြီး ကျန်ရှိသည်များကို ရှင်းလင်းလိုက်ကြသည်။ ရဲတပ်ဖွဲ့ဝင်များလည်း နောက်မှ လိုက်ပါလာကြသည်။ ဘူဒိုဇာနှင့်အဖွဲ့ ရောက်လာချိန်တွင် ဝမ်ရှန်းသည် ခြံဝင်းတစ်ခုလုံးကို သေချာစွာ စစ်ဆေးပြီးပြီဖြစ်သည်။

ထိုလူအိုကြီးခြောက်ဦးလုံးမှာ သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းဝင်များဖြစ်ကြပြီး ဒေသအသီးသီးမှ လာကြသူများ ဖြစ်သည်။ သူတို့၏ အခန်းထဲတွင် အသင်းတံဆိပ်ပါသော တာအိုဝတ်စုံများကိုပင် တွေ့ရှိခဲ့ရသည်။

၂၄ နာရီအတွင်း ကာကွယ်စောင့်ရှောက်သူတစ်ဦးနှင့် အကြီးအကဲခုနစ်ဦးကို ဖမ်းဆီးနိုင်ခြင်းမှာ ကြီးမားသော အောင်မြင်မှုပင် ဖြစ်သည်။ ဤသည်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့ပြီး ကပ္ပတိန်အတွက်လည်း အထက်လူကြီးများထံ တင်ပြရန် ခိုင်လုံသော အစီရင်ခံစာတစ်ခု ဖြစ်လာခဲ့သည်။

သို့သော် ဝမ်ရှန်းသည် စိတ်သက်သာရာရခြင်းမရှိပေ။ နောက်ဆုံး စစ်ဆေးမှုတွင် သူသည် သတိလစ်နေသော အမျိုးသမီးကြီး၏ ဖုန်းကို တွေ့ရှိခဲ့သည်။

ဖုန်းမျက်နှာပြင်မှာ YouChat Group Chat တစ်ခုတွင် ပွင့်နေဆဲဖြစ်ပြီး “ကျွမ်းကျင်သူတစ်ယောက် ရောက်နေပြီ” ဟူသော စာတိုကို ပေးပို့ထားသည်ကို တွေ့လိုက်ရသည်။

ဤသည်မှာ လူအိုကြီးများအတွက် စမတ်ဖုန်း အသုံးပြုတတ်ခြင်းနှင့် စာတိုအမြန်ပို့တတ်ခြင်းမှာ မည်မျှအရေးကြီးကြောင်း သက်သေပြနေသည်။

ရိုးရှင်းသော စကားလုံးလေးလုံးသာဖြစ်သော်လည်း ကျန်ရှိနေသော အသင်းဝင်များအတွက် ဘာဖြစ်နေသည်ကို သိရန် လုံလောက်လှသည်။ အနည်းဆုံးတော့ ဤနေရာကို လာရောက်စုံစမ်းသူတိုင်းသည် ပုံမှန်မဟုတ်သည်ကို သတိထားမိကြပေလိမ့်မည်။

ခဏမျှ စဉ်းစားပြီးနောက် ဝမ်ရှန်းက ဘူဒိုဇာကို ခေါ်လိုက်သည်။

“ရဲတွေကို ဒီနေရာကနေ ဝေးဝေးနေခိုင်းလိုက်ပါ၊၊ ဥသြသံတွေကို ပိတ်ခိုင်းပြီး သူတို့ကို တခြားနေရာက လူမိုက်အုပ်စုတွေ ရန်ဖြစ်တဲ့နေရာကို ပြောင်းခိုင်းလိုက်ပါ၊၊ ပြီးရင် အဲဒီအကြောင်းကို သတင်းစာရှင်းလင်းပွဲလုပ်ခိုင်းလိုက်ပါ”

ဘူဒိုဇာက သူ့ကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေသည်။

“ဘာ”

ဒီလူက ဘာလို့ ဒီလောက် ခန့်မှန်းရခက်တာလဲ…၊၊

“ကျွန်တော်ပြောတဲ့အတိုင်းသာ လုပ်ပါ…. နောက်မှ ကျွန်တော် ရှင်းပြမယ်”

“အိုကေ”

ဘူဒိုဇာက လှည့်ထွက်သွားပြီး ဝမ်ရှန်း၏ ထူးဆန်းသော ညွှန်ကြားချက်များကို အလုပ်ရှုပ်နေသော ရဲအရာရှိများထံ အကြောင်းကြားလိုက်သည်။

မကြာမီမှာပင် အကြီးအကဲခုနစ်ဦးနှင့် ကာကွယ်စောင့်ရှောက်သူကို ကြိုးဖြင့် တင်းကျပ်စွာ တုပ်နှောင်ကာ ကားပေါ်သို့ တင်ဆောင်သွားကြသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များသည် ခြံဝင်းကို မူလအတိုင်းဖြစ်အောင် အတတ်နိုင်ဆုံးပြင်ဆင်ပြီးနောက် အမြန်ဆုံးဆုတ်ခွာသွားကြသည်။ တိုက်ပွဲခြေရာလက်ရာချို့ကို ဖျောက်ဖျက်၍ မရနိုင်သော်လည်း ခိုင်လုံသော သက်သေကို တွေ့ရှိရန်မှာ စုံစမ်းစစ်ဆေးမှုများကို စေ့စပ်စွာလုပ်ဆောင်ရန် လိုအပ်ပေလိမ့်မည်။

ဝမ်ရှန်းက ထိုသူများကို စစ်ဆေးမေးမြန်းခြင်းအလုပ်ကို အခြားသူများထံ လွှဲထားလိုက်သည်။

SUV ကား၏ နောက်ခန်းတွင် ထိုင်ရင်း ဝမ်ရှန်း သက်ပြင်းတစ်ချက် အသာချလိုက်သည်။

“ဒီနေရာကို လူလွှတ်ပြီး စောင့်ကြည့်ထားပေးပါဦး… တစ်ယောက်ယောက် လာစုံစမ်းရင် သူတို့နောက်ကို လိုက်ပြီး သူတို့၏ ဆက်သွယ်မှုတွေကို ရှာကြည့်ပါ၊၊ ပြီးတော့ ခဗျားတို့ ကပ္ပတိန်ကို မေးပေးပါ… ဒီလောက် လူတွေအများကြီး ဖမ်းမိပြီးပြီဆိုရင် အမှုပိတ်လို့ရပြီမို့ ကျွန်တော်က ချီဝမ်ကို ခေါ်ပြီး အခုပဲ ထွက်သွားလို့ ရမလားလို့”

“ထွက်သွားမယ်”

ဘူဒိုဇာ မျက်မှောင်ကြုတ်လိုက်သည်။ သူ ခဏမျှ စဉ်းစားပြီးနောက် ဝမ်ရှန်း၏ ရည်ရွယ်ချက်ကို နားလည်သွားပုံရသည်။

အကယ်၍ ချီဝမ်သည် သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်း၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးဖြစ်နေခဲ့ပါက ယခုရရှိထားသော သက်သေများအရ သူမသည် ထောင်ဒဏ်နှစ်ပေါင်းများစွာ ချမှတ်ခံရပေလိမ့်မည်။

ဝမ်ရှန်း၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်—သူသည် သူ၏ ဂျူနီယာညီမလေးဖြစ်သူ ချီဝမ်ကို ကာကွယ်ရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူတို့၌ ပြုပြင်ပြောင်းလဲရန် အခွင့်အရေးရှိနေသေးသည်။ ချီဝမ်ကို အန္တရာယ်မရှိဘဲ ခေါ်ထုတ်သွားရန်မှာ မခက်ခဲပေ။

သို့သော် အခြေအနေများ ပိုမိုဆိုးရွားလာပြီး သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းက သူတို့၏ တပည့်များကို လှုံ့ဆော်ကာ ပြဿနာရှာလာပါက ပါဝင်ပတ်သက်သူအားလုံးအတွက် လွတ်မြောက်ရန် ခက်ခဲသွားပေလိမ့်မည်။

“ငါ သွားမေးကြည့်လိုက်မယ်”

ဘူဒိုဇာက ရေရွတ်ရင်း သက်ပြင်းအသာချလိုက်သည်။ မအိပ်ရသေးသော ညများကြောင့် ဖြစ်နိုင်သည်၊၊ လီဗာနင်းရသည်မှာပင် သူ့အတွက် အလွန်ပင်ပန်းနေပုံရသည်။

All Chapters