တစ်ကိုယ်တော်ကျင့်ကြံသူများ
Vol. 8 Ch. 75
ဝမ်ရှန်းသည် အလုပ်တစ်ခုခုကို လုပ်ရာတွင် အမြဲတမ်းစေ့စပ်သေချာသူဖြစ်သည်၊၊ သူနှင့် ကျိုးရင်လောင်တို့ တစ္ဆေနှင်ရန် လီအိမ်တော်သို့ တိတ်တဆိတ်ပြန်သွားခဲ့စဉ်က လီမိသားစုအတွင်းရှိ သူလျှိုက ကားပေါ်တွင် ခြေရာခံစက်တပ်ဆင်ထားမည်ကို စိုးရိမ်သဖြင့် လီရှီဝူကို ဝူတန်းတောင်သို့ ကားမောင်းပြန်ခိုင်းခဲ့သည်၊၊
နောက်ပိုင်းတွင် လီချီရန်မှာ ထိုမျှအထိ စေ့စပ်သေချာသည့်ပြင်ဆင်မှုမျိုး လုပ်နိုင်လောက်အောင်မတော်ကြောင်း သက်သေပြခဲ့သော်လည်း သတိအပြည့်ရှိခြင်းက ပိုကောင်းပေသည်၊၊
ယခုအချိန်တွင်လည်း သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းက အကြီးအကဲအချို့ကို နှိမ်နင်းပြီးနောက် ဝမ်ရှန်းသည် ရဲတပ်ဖွဲ့ကို ရာဇဝတ်ဂိုဏ်းတစ်ခုအား ဖမ်းဆီးသည့်အသွင်ဖြင့် လမ်းကြောင်းလွှဲခိုင်းလိုက်သည်၊၊ ထိုသို့လုပ်ဆောင်ခြင်းမှာ အဖွဲ့၏ အဓိကပုဂ္ဂိုလ်များကို အာရုံဝေဝါးသွားစေရန်နှင့် အစိုးရအင်အားစုများက သူတို့ကိုစောင့်ကြည့်နေသည်ကို ချက်ချင်းမရိပ်မိစေရန် တမင်ဖန်တီးလိုက်ခြင်းဖြစ်သည်၊၊ သူ၏အစီအစဉ်ကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့အတွက် လှုပ်ရှားရန် အခွင့်အလမ်းပိုရသွားစေခဲ့သည်၊၊
အကြီးအကဲ ၇ ယောက် အဖမ်းမခံရမီတွင် သတင်းစကားတစ်ခုကိုသာ ပေးပို့နိုင်ခဲ့သည်၊၊
“ကျွမ်းကျင်သူတစ်ယောက် ရောက်နေတယ်”
တစ်ဖက်က ထိုသတင်းကို မည်သို့အဓိပ္ပာယ်ဖွင့်မည် သို့မဟုတ် ၎င်းတို့၏ခေါင်းဆောင်များက မည်သို့တုံ့ပြန်မည်ကိုမူ မသိနိုင်ပေ၊၊
အကြောင်းရင်းတစ်ခုကြောင့် အမှုတွင်ပါဝင်နေသည့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များမှာ ဖိအားအနည်းငယ်ခံစားနေရသည်၊၊ သူတို့ထဲမှ အများစုမှာ သာမန်လူများသာဖြစ်ပြီး ရဲသင်တန်းကျောင်းမှ ဘွဲ့ရကာ သင်တန်းအနည်းငယ်တက်ပြီးနောက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ချက်ချင်းတာဝန်ပေးခြင်းခံရသူများ ဖြစ်ကြသည်၊၊
လက်နက်များကိုင်ဆောင်ထားပြီး လုပ်ပိုင်ခွင့်အာဏာအနည်းငယ်ရထားသော်လည်း ချီစွမ်းအားနှင့် အဆောင်များလို ခန့်မှန်းရခက်သည့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရချိန်တွင် သူတို့မှာ လုံခြုံမှုမရှိသလို ခံစားနေရဆဲဖြစ်သည်၊၊
လက်ရှိတွင် သူတို့သည် ဝမ်ရှန်း ဖမ်းဆီးပေးထားသည့် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ၇ယောက်ကို စစ်ဆေးမေးမြန်းရန်သာတာဝန်ရှိသော်လည်း အစွမ်းကုန်သတိထားနေကြရသည်၊၊ ထိုအလုပ်ကပင် သူတို့ကို ပင်ပန်းနွမ်းနယ်စေပြီး စိတ်လှုပ်ရှားနေစေခဲ့သည်၊၊
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဖမ်းဆီးထားသည့် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူများက ပြန်လည်ခုခံခြင်း သို့မဟုတ် ထွက်ပြေးခြင်းမပြုနိုင်ရန် သေချာအောင်လုပ်ဆောင်ထားရသည်၊၊ ဤအချိန်တွင် လှုပ်ရှားမှုကိုကန့်သတ်နိုင်သည့် အကျဉ်းသားဝတ်စုံများမှာ အလွန်ထိရောက်သည်ကို တွေ့ရသည်၊၊ ၎င်းကို စိတ်ငြိမ်ဆေးများ၊ လျှပ်စစ်ဒုတ်များနှင့် ပါးစပ်ပိတ်ကိရိယာများဖြင့် ပေါင်းစပ်အသုံးပြုထားသည်၊၊
ဝမ်ရှန်းသည် စစ်ဆေးမေးမြန်းမှုတွင် မပါဝင်ခဲ့ပေ၊၊ မုရွှယ်နှင့် ဘူဒိုဇာတို့က သူ့ကို ပါဝင်ကူညီပေးရန် မျှော်လင့်ခဲ့သော်လည်း သူက ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်၊၊ သူသည် အကူအညီပေးရုံသာဖြစ်ပြီး အစိုးရအတွက် အလုပ်လုပ်နေသူမဟုတ်ပေ၊၊
ဝမ်ရှန်းသည် ဓားကို တယောအိတ်ထဲတွင်ထည့်ကာ ကျောင်းဝင်းသို့ ပြန်လာခဲ့သည်၊၊ လမ်းတွင် စီနီယာစ်အမအတွက် မနက်စာဝယ်ခဲ့ပြီး တိတ်ဆိတ်သည့် နေရာတစ်ခုတွင် တွေ့ရန် ချိန်းလိုက်သည်၊၊
သူတို့နှစ်ဦး မိုးမခပင်အောက်ရှိ မြက်ခင်းပေါ်တွင် ခဏကြာထိုင်နေကြသည်၊၊ ဝမ်ရှန်းက ယခင်ညက ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုပ်ပြောပြရာ မုဝမ်ရွှမ်းက သေချာနားထောင်ပြီးနောက် သူ့ကို အပြစ်တင်သလိုကြည့်လိုက်သည်၊၊
ရန်ဖြစ်တာကို စီနီယာအစ်မကို မခေါ်ဘဲ ဘယ်လိုလုပ် သွားရတာလဲ…
ဝမ်ရှန်းက ခပ်တိုးတိုး ရယ်လိုက်သည်၊၊
“သူတို့က ဘာမှမဟုတ်တဲ့ အလွတ်တန်းကျင့်ကြံသူတွေပါ၊၊ ဂိုဏ်းကြီးတွေက ဒီကိစ္စမှာပါဝင်မှာ မဟုတ်ဘူး၊၊ ဒါကြောင့် ကျွန်တော်တို့မှာ ခက်ခဲတဲ့ ရန်သူတွေ အများကြီးရှိလာမှာ မဟုတ်ပါဘူး”
မုဝမ်ရွှမ်းက ပါးလေးကိုဖောင်းအောင် လုပ်လိုက်သော်လည်း ထပ်ပြီး မကျေနပ်ကြောင်းမပြတော့ပေ၊၊
“ဒီနေ့ကျွန်တော်တို့ရဲ့ ဂျူနီယာညီမကို ချဉ်းကပ်ကြည့်ရအောင်” ဝမ်ရှန်းက ပြောသည်၊၊
“အခြေအနေ ဘယ်လိုဖြစ်မလဲကြည့်ရတာပေါ့၊၊ အမှန်တော့ အခု သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းရဲ့ နောက်ကွယ်ကလူကို ကျွန်တော်တော့ အတော်လေးစိတ်ဝင်စားနေပြီ”
မုဝမ်ရွှမ်းက နားမလည်သလို ကြည့်သည်၊၊
“အွန်း”
“ကျွန်တော်နဲ့ တိုက်ခဲ့တဲ့ အကြီးအကဲတွေက မတူညီတဲ့ဒေသတွေက လာတာသိသာတယ်၊၊ ကျွန်တော်တို့ ရထားတဲ့ သတင်းတွေအရ သူတို့အဖွဲ့မှာ အကြီးအကဲအဖြစ် တာဝန်ယူထားတဲ့ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူ ၁၀ယောက်ကျော် ရှိသေးတယ်၊၊ သူတို့ထဲက အများစုက တကယ့် လူအိုကြီးတွေပဲ၊၊ ပြီးတော့ အကြီးအကဲတွေထက် ရာထူးကြီးတဲ့သူတွေ ရှိပုံရတယ်၊၊ အဲဒီထဲက တစ်ယောက်က သူတို့ရဲ့ ခေါင်းဆောင် ဖြစ်လိမ့်မယ်၊၊ ငါ သူတို့ကို စိတ်ဝင်စားရုံတင်ပါ၊၊ ဘာပဲဖြစ်ဖြစ် အခုလောလောဆယ်တော့ ကျွန်တော်တို့ ဂျူနီယာညီမလေးကို ကာကွယ်ပေးဖို့နဲ့ ဆရာကတော်အတွက် ဒီပြဿနာကို ဖြေရှင်းပေးဖို့ပဲ အာရုံစိုက်ရအောင်”
“အင်း”
မုဝမ်ရွှမ်းက တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်ပြသည်၊၊ သူမ ဂျူနီယာမောင်လေး ပြောသမျှကို အကုန်နားလည်သည့်ပုံစံမျိုးဖြစ်သော်လည်း အမှန်တကယ်တော့ သူမ ရှုပ်ထွေးနေဆဲပင်၊၊
သူတို့နှစ်ဦး သစ်ပင်အောက်တွင် အတန်ကြာ ထိုင်နေကြသည်၊၊ နောက်ဆုံးတွင်မူ မုဝမ်ရွှမ်းက ချီဝင်ကို စိုးရိမ်သဖြင့် အမြန်ပြန်သွားသည်၊၊
ကျောင်းဝင်းလမ်းအတိုင်း လျှောက်သွားသည့် စီနီယာအစ်မ၏ ဆံပင်ရှည်များ လွင့်နေသည်ကို ကြည့်ရင်း ဝမ်ရှန်း၏ စိတ်ထဲတွင် ဂနာမငြိမ်ဖြစ်မှုများ တဖြည်းဖြည်းငြိမ်သက်သွားသည်၊၊ သူ ခပ်တိုးတိုးသက်ပြင်းချလိုက်ပြီး မိနစ်အနည်းငယ်ကြာမှ အိပ်ဆောင်သို့ ပြန်ခဲ့သည်၊၊
သူ ရောက်သွားချိန်တွင် အခန်းဖော် သုံးယောက်စလုံးမှာ အိပ်မောကျနေဆဲဖြစ်သည်၊၊ ဝမ်ရှန်းက သူ့ကုတင်ပေါ်သို့ တိတ်တဆိတ်တက်လိုက်သည်၊၊ မူလက တရားထိုင်ရန် စိတ်ကူးထားသော်လည်း ငိုက်မြည်းမှုက လွှမ်းမိုးသွားသဖြင့် ခဏတဖြုတ် အိပ်ပျော်သွားတော့၏၊၊
သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်း၏ အကြီးအကဲသုံးပုံတစ်ပုံခန့်ကို ဖမ်းဆီးထားသဖြင့် လက်တုံ့ပြန်မှုတစ်ခုခုနှင့် ရင်ဆိုင်ရနိုင်၏၊၊ ထို့ကြောင့် ဝမ်ရှန်းက နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရဲပေ၊၊
မနက် ၁၀ နာရီခန့်တွင် ဖုန်းက တုန်ခါလာသဖြင့် သူ နိုးလာသည်၊၊ မုရွှယ်က သူ့ထံသို့ စာရွက်စာတမ်းအချို့ ပို့ထားခြင်းဖြစ်သည်၊၊
အချိန်တိုလေးအတွင်းမှာပင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဂျိတျန်းလင်နှင့် အကြီးအကဲ ၇ယောက်၏ စစ်ဆေးချက်မှတ်တမ်းများကို အကြမ်းဖျင်းတွေ့ရှိချက်များနှင့်အတူ ပြုစုပြီးစီးနေပြီဖြစ်သည်၊၊
သူတို့၏ ထိရောက်မှုက ဝမ်ရှန်းကို စကားမပြောနိုင်အောင်ဖြစ်သွားစေ၏၊၊
အစိုးရယန္တရားက နှေးကွေးတယ်လို့ ဘယ်သူပြောလဲ…၊၊ စိတ်အားထက်သန်ပြီး တာဝန်သိသည့် ထိုလူငယ်များက မိနစ်ပိုင်းအတွင်းမှာပင် ထိုစကားမှားကြောင်း သက်သေပြနိုင်လေ၏၊၊
ဖိုင်များကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ရင်း ဝမ်ရှန်း၏ အမူအရာက တဖြည်းဖြည်းပြောင်းလဲသွားသည်၊၊ သူ ဖတ်နေရင်း မျက်မှောင်ကြုတ်သွားရာမှ တဖြည်းဖြည်းပြန်ပြေလျော့သွား၏၊၊
ဒါကြောင့်ကိုး…၊၊
အသက် ၆၀ နှင့် ၇၀ ကြားရှိသည့် အကြီးအကဲ အများစုမှာ အေးအေးဆေးဆေးကျင့်ကြံနေမည့်အစား အဖွဲ့၏ အကြီးအကဲအဖြစ် လာရောက်တာဝန်ယူရသည့် အကြောင်းရင်းမှာ ရိုးရှင်းပေသည်၊၊ ထိုအကြောင်းရင်းက ငွေကြေးပင်၊၊
ရှားပါးသည့် ကျင့်ကြံခြင်းအရင်းမြစ်များ သို့မဟုတ် တာအိုအမွေအနှစ်ကို ဆက်ခံရန် မဟုတ်ဘဲ အခြေခံငွေကြေးပမာဏလေးအတွက်သာဖြစ်သည်၊၊
ယနေ့ သူဖမ်းဆီးခဲ့သည့် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ၇ယောက်စလုံးမှာ တစ်သက်လုံးဆင်းရဲမွဲတေစွာ နေထိုင်ခဲ့ရသည့် ဝေးလံခေါင်ဖျားသောဒေသများမှ လာသူများဖြစ်ကြ၏၊၊ သို့သော်လည်း ကမ္ဘာဦးချီများ ပြန်လည်နိုးထလာချိန်တွင် သူတို့၏ ဘိုးဘေးများ ချန်ထားခဲ့သည့် ရှေးဟောင်းပညာရပ်များနှင့် နေ့စဉ်လုပ်ကိုင်နေသည့် စိုက်ပျိုးရေးနည်းစနစ်များမှာ ကျင့်ကြံခြင်းလမ်းစဉ်များဖြစ်လာခဲ့သည်၊၊
ဆယ်စုနှစ်များစွာ စုဆောင်းခဲ့သည့် အတွေ့အကြုံနှင့် ခက်ခဲသောလေ့ကျင့်မှုများကြောင့် သူတို့၏ ကျင့်ကြံခြင်းအဆင့်က လျင်မြန်စွာတိုးတက်လာခဲ့သည်၊၊ သို့သော်လည်း သူတို့၏ တာအိုပညာရပ်များမှာ မပြည့်စုံခြင်းနှင့် ကျင့်ကြံခြင်းအပေါ် နားလည်မှုအားနည်းခြင်းတို့ကြောင့် တောင်တန်းကြီးများပေါ်ရှိ နာမည်ကြီးဂိုဏ်းများမှ ကျင့်ကြံသူများကိုမူ မမီကြသေးပေ၊၊
သူတို့အတွက်မူ ကျင့်ကြံခြင်းက ဘဝကို ဘာမှ ထူးခြားမလာစေသလိုဖြစ်နေ၏၊၊
လူငယ်များက မြို့ကြီးများသို့ ထွက်ခွာသွားကြပြီး ကလေးများကို ကျေးလက်မှာရှိသည့် အဖိုးအဖွားများထံတွင် ထားပစ်ခဲ့ကြ၏၊၊ ကျေးရွာများမှာ တဖြည်းဖြည်းခြောက်ကပ်လာပြီး အသက်ဝင်မှုကင်းမဲ့လာသည်၊၊
ခွန်အားနှင့် ကိုယ်ခံပညာရပ်များ ရလာသော်လည်း လူအိုကြီးများမှာ ဆင်းရဲတွင်းမှ မထွက်နိုင်သေးဘဲ ဘဝက ယခင်အတိုင်း ခက်ခဲနေဆဲပင်၊၊
အချို့ကလည်း သူတို့၏ ဘိုးဘေးပညာရပ်များကို သားသမီးမြေးမြစ်များကို လက်ဆင့်ကမ်းချင်ကြသော်လည်း ထိုသို့လုပ်ရန် အချိန်နှင့် ငွေကြေးလိုအပ်၏၊၊ ကျင့်ကြံခြင်းက နေ့ချင်းညချင်း မအောင်မြင်နိုင်သလို ကျင့်ကြံသူတစ်ယောက်၊ နှစ်ယောက်ကို ထောက်ပံ့ရခြင်းမှာ လူပိုများကို အလကားကျွေးထားရသလို ဖြစ်နေသည်၊၊
ကျင့်ကြံသူမိသားစုဆိုသည်မှာ ချမ်းသာသူများသာ တတ်နိုင်သည့် အရာဖြစ်သည်၊၊ ဘိုးဘေးများ ချန်ထားခဲ့သည့် မပြည့်စုံသောပညာရပ်များသာရှိသည့် သူများအတွက်မူ တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်လာရန်သာ လမ်းရှိ၏၊၊
သို့သော်လည်း လွန်ခဲ့သော နှစ်လ၊ သုံးလခန့်က သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းမှ အဓိကအဖွဲ့ဝင်များက ထိုလူအိုကြီး ၇ယောက်ကို ချဉ်းကပ်ပြီး အိမ်မှ ထွက်လာရန် ဖိတ်ခေါ်ခဲ့သည်၊၊ ဝမ်ရှန်း အံ့သြသွားသည်မှာ ထိုလူအိုကြီးများသည် တစ်လလျှင် ယွမ်အနည်းငယ်မျှသော လစာနှင့် တစ်ခါတစ်ရံရရှိသည့် ဆုကြေးများအတွက်သာ အဖွဲ့ကို စိတ်နှစ်ပြီး အလုပ်အကျွေးပြုခဲ့ကြခြင်းပင်ဖြစ်သည်၊၊
သဘာဝအတိုင်းပင် ထိုအစီအစဉ်မှာ ခဏသာခံသည်၊၊ လူတစ်ယောက်၏ လောဘနိုးထလာလျှင် အကန့်အသတ်မရှိဖြစ်လာတတ်သည်၊၊ လူအိုကြီးများသည် ဘဝသစ်နှင့် အသားကျလာပြီးနောက် သူတို့၏ အခြေအနေကို မကျေနပ်ဖြစ်လာကြသည်၊၊ နောက်ဆုံးတွင်မူ ကိုယ့်အတွက် ပိုမိုရရှိရန် ကြိုးပမ်းလာကြတော့သည်၊၊
သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းက အကြီးအကဲ ၂၀ ကျော်ကို စည်းရုံးထားသည်၊၊ သူတို့ထဲမှ အချို့မှာ ဂျိဂူဖုန်းကဲ့သို့ အဖွဲ့ထဲတွင်ရှိနေနှင့်ပြီးသား ဆွေမျိုးများ၏ ဖိတ်ခေါ်မှုကြောင့် ရောက်လာကြသူများ ဖြစ်သည်၊၊ လူအိုကြီးများသည် တစ်ခုခုဖြစ်လာနိုးဖြင့် လက်ခံခဲ့ကြခြင်းဖြစ်သည်၊၊
အဖမ်းခံရပြီးနောက် အဖွဲ့က သူတို့ကို ကောင်းကောင်းဆက်ဆံခဲ့သဖြင့် အကြီးအကဲ ၇ယောက်စလုံးသည် အစပိုင်းတွင် တောင့်ခံထားကြသည်၊၊ သို့သော် မုရွှယ်က သူတို့ လုပ်ဆောင်ခဲ့သည်မှာ ရိုးရိုးလိမ်လည်မှုထက် ပိုကြောင်းနှင့် အများပြည်သူလုံခြုံရေးကို ထိခိုက်စေမှုကဲ့သို့သော အမှုများက မိသားစုများကိုပါ ထိခိုက်နိုင်ကြောင်း ရှင်းပြလိုက်သောအခါမှသာ သူတို့စိတ်ဓာတ်ကျသွားခဲ့ကြသည်၊၊
မိသားစုများ ပါဝင်ပတ်သက်မည်ကို စိုးရိမ်သဖြင့် သူတို့သည် မခုခံတော့ဘဲ သိသမျှကို အကုန်ပြောပြတော့၏၊၊ သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်း၏ ဖွဲ့စည်းပုံတစ်ခုလုံးကိုပါ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ထံ ဖွင့်ချလိုက်ကြသည်၊၊