အခန်း ၁၁၄
Vol. 12 Ch. 114
အပိုင်း (၁၁၄)
လင်ရှီးနန်းဆောင်။
မယ်တော်ကြီးကျန်းသည် အမွှေးတိုင်တစ်တိုင်ကို မီးညှိလိုက်ပြီး မျက်လုံးများကိုမှိတ်ကာ ဘုရားဆင်းတုတော်ရှေ့တွင် သုံးကြိမ်တိုင်တိုင် ဦးချလိုက်ပြီးနောက် အမွှေးတိုင်ခွက်ထဲသို့ ထိုးစိုက်လိုက်၏။ အနီးနားတွင် ရိုသေကျိုးနွံစွာ စောင့်ဆိုင်းနေသော မိန်းမစိုးလီက လက်များကို သုတ်ရန်အတွက် ပဝါတစ်ထည်ကို အလျင်အမြန် ကမ်းပေးလိုက်၏။
ပဝါကို ယူလိုက်ပြီးနောက် မယ်တော်ကြီးကျန်းသည် မျက်လွှာချကာ ကောင်းစွာ ထိန်းသိမ်းထားသော သူမ၏လက်များကို သုတ်ရင်း မေးလိုက်လေသည်။ "သူ တကယ်ပဲ သဘောတူလိုက်တာလား"
မိန်းမစိုးလီသည် အပြုံးဖြင့် မြှောက်ပင့်ကာ ပြောလိုက်၏။ "သူ သဘောတူလိုက်ပါတယ်။ အရှင်မင်းကြီးက နှစ်ပေါင်းများစွာ ကိုယ်လုပ်တော်တွေ မရွေးချယ်ခဲ့ရတဲ့ အပေါ်ယံ အကြောင်းအရင်းတွေကို ကျွန်တော်မျိုး ရှင်းပြလိုက်တဲ့အခါ အဲ့ဒီလျန်မိန်းမက မြှောက်ပင့်ခံရလို့ အရမ်းကို ဝမ်းသာသွားပြီး ဆက်မငြင်းတော့ပါဘူး"
မယ်တော်ကြီးကျန်းသည် နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်လေသည်။ "ငါ သူ့အပေါ် ပေးသနားထားတဲ့ အထူးဂုဏ်ကျေးဇူးက တကယ်ကို ကြီးမားလှတယ်"
မိန်းမစိုးလီသည် ဦးညွှတ်ကာ ထောက်ခံလိုက်ပြီး "အမှန်ပါပဲ"
သို့သော်လည်း မယ်တော်ကြီးကျန်း၏ နှလုံးသားထဲတွင် မကျေနပ်မှုများက ကြွင်းကျန်ရစ်နေဆဲ။ ဘုရားဆင်းတုတော်ကို စိုက်ကြည့်ရင်း သူမက ပြောလိုက်လေသည်။ "အရှင်မင်းကြီးအတွက်သာ မဟုတ်ရင်တော့..."
သူမသည် စကားကို အဆုံးထိ မပြောခဲ့ချေ။ အမွှေးတိုင်ငွေ့များ လွင့်ပျံနေသော ဘုရားကျောင်းဆောင်အတွင်း၌ မယ်တော်ကြီးကျန်း၏ မျက်လုံးများသည် အေးစက်စူးရှမှုများကို သယ်ဆောင်ထားပြီး စကားလမ်းကြောင်းလွှဲကာ ပြောလိုက်၏။ "နန်းတွင်းဆေးရုံက အဲ့ဒီဖန်းဆိုတဲ့လူက အရှင်မင်းကြီးရဲ့ ကိစ္စတွေကို သိပ်မသိနိုင်ပေမဲ့ ရှုပ်ထွေးမှုတွေကနေ ရှောင်ရှားဖို့အတွက် ဒီသစ္စာဖောက်ရဲ့ အသက်ကို ချမ်းသာပေးထားဖို့ မလိုတော့ဘူး"
နန်းတွင်းဆေးရုံတွင် ထိုဖန်းဆိုသည့်လူ ရှိနေခြင်းဖြင့် ဝိန်းယွီသည် ထိုနေရာ၌ မျက်စိတစ်လုံး ရှိနေသကဲ့သို့ ဖြစ်နေသည်။
မိန်းမစိုးလီသည် အခြေအနေကို သဘာဝကျစွာပင် နားလည်ထား၏။ သူသည် ရိုသေကျိုးနွံစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး "ကျွန်တော်မျိုး နားလည်ပါတယ်။ ဒီကိစ္စကို သေချာပေါက် ဖြေရှင်းလိုက်ပါ့မယ်"
မယ်တော်ကြီးသည် ဆုတောင်းထိုင်ဖုံပေါ်တွင် ဒူးထောက်ကာ မျက်လုံးများကိုမှိတ်လိုက်ပြီး သူမ၏ ဗောဓိပုတီးစေ့များကို စတင်လှည့်လည်နေပြီး စကားဆက်မပြောတော့ချေ။ မိန်းမစိုးလီသည်လည်း လိမ္မာပါးနပ်စွာဖြင့် အရိုအသေပေးကာ နောက်ဆုတ်ထွက်ခွာသွားလေသည်။
သူ လင်ရှီးနန်းဆောင်မှ ထွက်ခွာလာစဉ် မယ်တော်ကြီး၏ အနီးကပ်အစေခံများထဲမှ အသက်အရွယ်ကြီးနေပြီဖြစ်သော အထိန်းတော်ကြီးတစ်ဦးက သူ့ကို ခြေလှမ်းအနည်းငယ် လိုက်ပါပို့ဆောင်ရန် ပြင်လိုက်သည်။ မိန်းမစိုးလီသည် အလျင်အမြန် ငြင်းဆန်လိုက်၏။ "အစ်မကြီးကို ဘယ်လိုလုပ် အလုပ်ရှုပ်ခံခိုင်းရက်မှာလဲ။ မယ်တော်ကြီးအနားမှာ လူမရှိလို့ မဖြစ်ဘူးလေ"
မြှောက်ပင့်စကားအချို့ကို အပြန်အလှန် ပြောဆိုပြီးနောက် မိန်းမစိုးလီသည် နောက်တော်ပါ မိန်းမစိုးငယ် နှစ်ဦးနှင့်အတူ လင်ရှီးနန်းဆောင်၏ ပင်မတံခါးကြီးမှ နောက်ဆုံးတွင် ထွက်ခွာလာခဲ့သည်။
မိန်းမစိုးငယ်တစ်ဦးသည် ကျောက်ဟွာနန်းဆောင်တွင် သူတို့ ကြုံတွေ့ခဲ့ရသည်များကို ပြန်လည်အမှတ်ရသွားပြီး မကျေမနပ်ဖြစ်မှုကို မထိန်းနိုင်တော့ဘဲ ထုတ်ပြောလိုက်တော့သည်။ "အဲ့ဒီလျန်မိန်းမကို အလုပ်အကျွေးပြုနေတဲ့ နန်းတွင်းအစေခံမက လုံးဝကို ရိုင်းစိုင်းပြီးရင်းကို ရိုင်းစိုင်းလွန်းတယ်။ ကျွန်တော်တို့ရဲ့ မွေးစားအဖေက အဲ့ဒီလျန်မိန်းမရဲ့ နေရာကို ထည့်တွေးတာမျိုး ဒါမှမဟုတ် ကျောက်ဟွာနန်းဆောင်အပေါ် စေတနာထားပြတာမျိုး မလုပ်သင့်ဘူး..."
အခြားဘယ်သူမှ မရှိသော ရှည်လျားသည့် နန်းတွင်းစင်္ကြံလမ်းပေါ်တွင် မိန်းမစိုးလီသည် သူ၏မျက်နှာပေါ်မှ နောက်ဆုံးကျန်ရှိနေသော အတုအယောင် ယဉ်ကျေးမှု အရိပ်အယောင်များကို ဖယ်ရှားပစ်လိုက်သည်။ အရစ်များထပ်နေသော သူ၏မျက်ခွံများအောက်တွင် မျက်လုံးများသည် အပ်ကြောင်းများလို ကျဉ်းမြောင်းသွားသော်လည်း စူးရှသော ပြင်းထန်မှုများဖြင့် တောက်ပနေပြီး သူ၏ ပုံမှန် မိုက်မဲသော မောက်မာမှုနှင့် မြှောက်ပင့်မှုများ လုံးဝ ကင်းစင်နေ၏။ သူက အေးစက်စွာ အပြစ်တင်လိုက်လေသည်။ "မင်းတို့က ဘာကို နားလည်လို့လဲ။ ဒီနန်းတွင်း ဇာတ်လမ်းမှာ ဇာတ်ဆောင်တွေက လင်ရှီးနန်းဆောင်နဲ့ ကျောက်ဟွာနန်းဆောင်က အဲ့ဒီနှစ်ယောက်ပဲ။ ငါတို့ အစေခံတွေက နန်းတွင်းညီလာခံက အမတ်တွေနဲ့ မတူဘူး၊ အက်ကွဲကြောင်းတွေကြားမှာပဲ အသက်ရှင်သန်နိုင်တာ"
"ကျောက်ဟွာနန်းဆောင်က တစ်ယောက်က ဆောင်းဦးလယ် နန်းတွင်းစားသောက်ပွဲကို စီစဉ်ရတာ သိပ်မလွယ်ဘူးဆိုတာ သိသွားတဲ့အခါ ငါလည်း သူ့ရဲ့ စာရင်းထဲမှာ အမှတ်အသား လုပ်ခံရလိမ့်မယ်။ ဒီနန်းတော်က ရိုင်းစိုင်းတဲ့ လူမိုက်တွေကို အမြဲတမ်း သည်းခံလေ့ရှိပေမဲ့ ဘက်လိုက်တတ်တဲ့ ပါးနပ်တဲ့လူတွေကိုတော့ ဘယ်တော့မှ သည်းမခံဘူး။ နောက်ဆုံးဇာတ်သိမ်း မပြီးခင် ဘယ်သူက အနိုင်ရမလဲဆိုတာ ဘယ်သူသိမှာလဲ" သူသည် မိန်းမစိုးငယ် နှစ်ဦးကို ဘေးတိုက်ကြည့်ကာ သတိပေးလိုက်လေသည်။ "မင်းတို့ အသက်ရှည်ရှည် နေချင်ရင် လူတွေကို သေစေတတ်တဲ့ အဲ့ဒီပါးနပ်မှုတွေကို သိမ်းထားလိုက်စမ်း"
မိန်းမစိုးငယ် နှစ်ဦးသည် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရပြီး အလျင်အမြန် ကျေးဇူးတင်စကား ဆိုကာ သူ့ကို "မွေးစားအဖေ" ဟု အကြိမ်ကြိမ် ခေါ်ဝေါ်လိုက်ကြသည်။
_____
ဖိန်ကျိုး။
စစ်တပ်မှ အထူးတပ်ဖွဲ့ဝင်များနှင့်အတူ အနည်းဆုံး ရိက္ခာများဖြင့် လျန်နယ်မြေသို့ ပြန်လည်ရောက်ရှိလာသော ထန်ယီသည် ဖိန်ကျိုးသို့ သတ်မှတ်ရက်ထက် နှစ်ရက်စော၍ ရောက်ရှိလာခဲ့သည်။
ချန်ဝေ၊ လီယောင်တို့နှင့် တွေ့ဆုံပြီးနောက် သူသည် ဝိန်းယွီက ညွှန်ကြားထားသည့်အတိုင်း ချန်တိုင်းပြည်ရှိ ဝိန်းယွီ၏ လတ်တလော အခြေအနေများကို ပြန်လည်ပြောပြခဲ့သည်။ သို့သော်လည်း အမျိုးသား နှစ်ဦးစလုံး၏ မျက်နှာအမူအရာများက ပြေလျော့မသွားခဲ့ဘဲ ချန်နန်းတွင်း၏ အမှန်တကယ် အခြေအနေများနှင့် ကိစ္စရပ်များမှာ ဖော်ပြထားသလောက် ချောမွေ့စွာ လည်ပတ်နိုင်မည် မဟုတ်ကြောင်း ရှင်းလင်းစွာ သိရှိနေကြ၏။ သို့သော် ဝိန်းယွီက သူ့ကို ဤသို့ပြောရန် ညွှန်ကြားခဲ့ခြင်းဖြစ်မည်ကို သူ နားလည်ထားလေသည်။
ချန်ဝေက သက်ပြင်းချလိုက်ပြီး "မင်းသမီးက ကျွန်တော်တို့အတွက်၊ တာ့လျန်ပြည်ကြီးအတွက် နန်ချန်ကို သွားခဲ့တာပါ။ အခုချိန်ကစပြီး ချန်နယ်မြေမှာ သူ တစ်ယောက်တည်း ရပ်တည်ရတော့မယ်။ ကျွန်တော်တို့က... တာ့လျန်ရဲ့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို အမြန်ဆုံး ပြန်လည်ရယူပြီး ချန်တိုင်းပြည်ကို နှစ်ခါပြန်စဉ်းစားစေဖို့နဲ့ မင်းသမီးကို အနိုင်မကျင့်ရဲအောင် လုပ်ပေးဖို့ပဲ တတ်နိုင်တော့တယ်"
လအနည်းငယ်အတွင်း ဆံပင်နှင့် မုတ်ဆိတ်များ လုံးဝဖြူဖွေးသွားခဲ့သော လီယောင်သည် သူတို့ကို ကျောခိုင်းကာ တုတ်ကောက်ကို မှီလျက် ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်နေသည်။ ထန်ယီနှင့် ချန်ဝေတို့၏ စကားဝိုင်း တစ်လျှောက်လုံးတွင် သူသည် တိတ်ဆိတ်စွာ နေနေခဲ့၏။
အသက်အရွယ်ကြောင့်ဖြစ်သော အစက်အပြောက်များ ဖုံးလွှမ်းနေသည့် သူ၏ ညှိုးနွမ်းနေသော လက်များကသာ တုတ်ကောက်ကို တင်းတင်းဆုပ်လိုက်၊ လျှော့လိုက် လုပ်နေပြီး သူ၏ မျက်လုံးများက ပူပြင်းသော နေရောင်အောက်တွင် ပွင့်လန်းနေသည့် ကြာကန်ဆီသို့ လေးလံစွာ စိုက်ကြည့်နေလေသည်။
မထွက်ခွာမီ ထန်ယီသည် လီယောင်၏ ကျောပြင်ကို တစ်ချက်ကြည့်လိုက်ပြီး ဝိန်းယွီ သူ့ကို လိုက်ပို့စဉ်က ညွှန်ကြားချက်များကို ပြန်လည်အမှတ်ရသွားသည်။ ဝိန်းယွီ၏ သဘောထားက လီယောင်အပေါ် အနည်းငယ် ပျော့ပြောင်းသွားသည်ကို သဘောပေါက်သွားသဖြင့် သူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။ "မင်းသမီးက လူကြီးမင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို ကြိုသိနေလို့ စိတ်မပူဖို့ လူကြီးမင်းကို ပြောပေးပါလို့ ကျွန်တော့်ကို အထူးတလည် မှာလိုက်ပါတယ်"
ဝိန်းယွီသည် သာမန်အမတ်များအတွက် ဤကဲ့သို့သော သတင်းစကားမျိုးကို ဘယ်သောအခါမှ ချန်ထားခဲ့မည် မဟုတ်ပေ— ဤသည်မှာ လီယောင်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်မှာ ရှင်းလင်းနေ၏။
သို့သော်လည်း ဆရာနှင့် တပည့်ကြား အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့သော နိုင်ငံရေး သဘောထားကွဲလွဲမှုများနှင့် မသင့်လျော်သော လုပ်ရပ်များကြောင့် သူတို့သည် ယခင်ကကဲ့သို့ ဘယ်တော့မှ ရင်းနှီးနိုင်တော့မည် မဟုတ်ချေ။
လီယောင်သည် ကြာကန်ဘက်သို့ မျက်နှာမူလျက် ကျောခိုင်းထားဆဲဖြစ်ပြီး ထန်ယီ ထွက်သွားသည်အထိ စကားတစ်ခွန်းမှ မပြောခဲ့ပေ။
ချန်ဝေသည် ထန်ယီ၏စကားများမှ အဓိပ္ပာယ်ကို နားလည်လေသည်။ ပြတင်းပေါက်အနီးတွင် ရပ်နေသော အဘိုးကြီးကို ကြည့်ကာ သူက ပြောလိုက်၏။ "ထန်စစ်သူကြီး ပြန်လာတဲ့အချိန်တုန်းက ကျွန်တော်တို့ရဲ့ အရေးပေါ် သတင်းလွှာက လမ်းမှာပဲ ရှိနေသေးတာ။ အဲ့ဒီအချိန်က မင်းသမီးက ရှောင်းစစ်သူကြီး အသက်ရှင်နေသေးတယ်ဆိုတာကို မသိသေးဘူး။ ကျွန်တော် ထင်တာကတော့ မင်းသမီးက လူကြီးမင်းအပေါ်မှာ..."
"ငါ ဖိန်ကျိုးကနေ ခဏလောက် ထွက်သွားဖို့ လိုတယ်" လီယောင်သည် တုတ်ကောက်ကို မှီလျက် ဖြည်းညင်းစွာ လှည့်လာခဲ့သည်။ ဤရုတ်တရက်ပြောလိုက်သော စကားသည် ဆွေးနွေးရန် နေရာမကျန်တော့ဘဲ အသိပေးချက်သက်သက်နှင့် ပိုတူနေလေသည်။
ချန်ဝေက ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး "ကျင်းကျိုးမှာ စစ်ဖြစ်နေပြီး တောင်ဘက်နယ်စပ်ကလည်း ဖရိုဖရဲ ဖြစ်နေတဲ့အချိန်မှာ ဘာဖြစ်လို့ ဖိန်ကျိုးကနေ ထွက်သွားမှာလဲ..."
သူသည် တစ်စုံတစ်ရာကို နားလည်သွားသည့်အလား စကားပြောနေရင်း ရုတ်တရက် ရပ်တန့်သွား၏။ "လူကြီးမင်းက ရှောင်းစစ်သူကြီးကို သွားရှာမလို့လား"
လီယောင်သည် တုတ်ကောက်ဖြင့် တစ်လှမ်းချင်း ဖြည်းဖြည်းချင်း လျှောက်ထွက်သွားရင်း ပြောလိုက်လေသည်။ "ငါက မင်းသမီးကို အရှက်ရစေမယ့် အမှားတွေကို လုပ်ခဲ့မိတယ်။ ဒီကိစ္စက ငါ့ဆီကနေ စခဲ့တာဆိုတော့ ငါကိုယ်တိုင်ပဲ သေသေချာချာ ဖြေရှင်းသင့်တယ်"
ချန်ဝေက သူ့နောက်မှ အလျင်အမြန် လှမ်းခေါ်လိုက်၏။ "ဒါက သေသေချာချာ စီစဉ်ဖို့ လိုတယ်။ လောင်လီရဲ့ အရင်စာထဲမှာ ရှောင်းစစ်သူကြီးနဲ့ တူတော်မောင်ကျိုးတို့ လမ်းခွဲသွားကြတယ်လို့ ပါပါတယ်။ တူတော်မောင်ကျိုးတောင်မှ ရှောင်းစစ်သူကြီးရဲ့ အခုလက်ရှိ နေရာကို မသိဘူးတဲ့။ လောင်လီက ရှာဖို့အတွက် လူတွေ ထပ်လွှတ်ထားတယ်။ သေချာတဲ့ သတင်းရတဲ့အထိ စောင့်ပြီးမှ ခရီးထွက်သင့်တယ်"
သို့သော် လီယောင်က ပြောလိုက်သည်။ "ကျင်းကျိုးက တိုက်ပွဲတွေက လနဲ့ချီပြီး အကျိတ်အနယ် ဖြစ်နေတာ။ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ သွားကြည့်တာက ပိုကောင်းလိမ့်မယ်"
_____
ထုန်ကျိုး။
လေ့ကျင့်ရေးကွင်းတွင် စစ်ရေးလေ့ကျင့်မှုများ ပြီးဆုံးပြီးနောက် ရှောင်းလိသည် သူ့မြင်းကို ရေတိုက်ရန် စမ်းချောင်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ နေလောင်၍ နီရဲနေသော သူ့မျက်နှာပေါ်သို့ ရေများ ပက်ဖျန်းလိုက်ပြီး နွေရာသီ၏ အပူဒဏ်ကို ဆေးကြောလိုက်လေသည်။
မလှမ်းမကမ်းတွင် ထောင်ခွေနှင့် ကျန်းဟူတို့သည် တဖန် သဘောထားကွဲလွဲနေကြပြီး ရေတိမ်သော စမ်းချောင်းထဲတွင် နပန်းလုံးနေကြကာ တစ်ယောက်၏လက်ကို တစ်ယောက် ချုပ်ရန်နှင့် ခြေထောက်ကို တိုက်လှဲရန် ကြိုးစားနေကြပြီး ဒီတစ်ခါတော့ အပြတ်ရှင်းရမည်ဟု အော်ဟစ်နေကြ၏။
ရှောင်းလိက သူတို့ကို မော့ကြည့်ကာ ပြုံးလိုက်ပြီး သူ့အနောက်ဘက်က မြက်ခင်းပြင်ပေါ်တွင် လှဲချလိုက်ကာ တံတောင်ဆစ်များဖြင့် အနည်းငယ် ထောက်ထားလိုက်သည်။ စမ်းချောင်းသံနှင့် ဆူညံနေသော ပုရစ်သံများကို နားထောင်ရင်း သူက မှတ်ချက်ချလိုက်၏။ "ဒီဆောင်းဦးအပူက နာမည်နဲ့ တကယ်ကို လိုက်ဖက်တာပဲ"
အနောက်ဘက်မှ ဘယ်သူမှ ပြန်မထူးသောအခါ သူက လှည့်ကြည့်လိုက်ရာ သစ်ပင်အောက်တွင် ထိုင်နေသော စုန့်ချင်သည် သူ့လက်ထဲရှိ တစ်စုံတစ်ရာကို စိတ်လွင့်နေဟန်ဖြင့် ပွတ်သပ်နေသည်ကို မြင်လိုက်ရသည်။
ရှောင်းလိသည် သူ့ကို ခဏတာ စောင့်ကြည့်နေပြီးနောက် မေးလိုက်လေသည်။ "အစ်မမုတန်းကို သတိရနေတာလား"
"မုတန်း" ဟူသော အမည်ကို ကြားလိုက်ရသောအခါ စုန့်ချင်သည် နောက်ဆုံးတွင် သူ၏ အတွေးကမ္ဘာထဲမှ ရုန်းထွက်လာခဲ့၏။ သူပွတ်သပ်နေခဲ့သော အနားစွန်းများ ဟောင်းနွမ်းနေသည့် အိတ်ကလေးကို သူ့ဝတ်ရုံထဲသို့ ပြန်ထည့်လိုက်ပြီး ပြောလိုက်သည်။ "မဟုတ်ပါဘူး"
သူသည် ခိုင်မာပြတ်သားသော လေးထောင့်စပ်စပ် မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားပြီး ဂန္ထဝင်စာပေများကို လေ့လာသင်ယူဖူးခြင်း မရှိသော်လည်း အချိန်၏ တိုက်စားမှုများကို ခံထားရသော သူ၏မျက်လုံးများသည် ပညာရှိတစ်ဦး၏ သန့်စင်သော ကျက်သရေကို အမြဲတစေ သယ်ဆောင်ထားလေသည်။ သူ၏ ပါးသိုင်းမွေးပါးပါးလေးများကပင် ရိုင်းစိုင်းကြမ်းတမ်းဟန် မပေါ်စေဘဲ မကောင်းဆိုးဝါးများကို နှိမ်နင်းကာ လူဆိုးများကို အပြစ်ပေးတတ်သည့် ရိုးရာပုံပြင်များထဲမှ သူရဲကောင်းများနှင့် ပိုတူနေစေသည်မှာ ဤပညာရှိဆန်ဆန် အမူအကျင့်လေးကြောင့်ပင်။
ရှောင်းလိသည် သူ့ကို မကြည့်တော့ဘဲ ကျောက်စရစ်ခဲများကို ကောက်ယူကာ ရေတိမ်သော စမ်းချောင်းထဲသို့ ပစ်ပေါက်နေလိုက်သည်။ "ဒါက မငြိမ်မသက်ဖြစ်နေတဲ့ အချိန်တွေလေ” သူက ပြောလိုက်လေသည်။ “ကျွေးဟုန်ဂေဟာက ဆက်နေဖို့ ကောင်းတဲ့နေရာ မဟုတ်ဘူး။ မွေးစားအမေတို့ကို ယုံကျိုးကနေ ထွက်သွားဖို့ ကျွန်တော် စီစဉ်ပေးတုန်းက အစ်မမုတန်းကို သူတို့နဲ့အတူ လိုက်သွားမလားလို့ မေးခဲ့တယ်။ သူက ငြင်းလိုက်တယ်"
စုန့်ချင်သည် တိတ်ဆိတ်စွာ နားထောင်နေခဲ့၏။ အသက်ရှူကြိမ် အနည်းငယ်မျှ ရပ်တန့်သွားပြီးနောက် ရှောင်းလိက ဆက်ပြောလေသည်။ "သူက အစ်ကို အဖြေတစ်ခု ပေးလာမယ့်အချိန်ကို စောင့်နေတာ"
ရှောင်းလိက ဟာသတစ်ခု ပြောလိုက်သည့်အလား စုန့်ချင်သည် ရယ်မောလိုက်ရာ ထိုအပြုံးက သူ၏မျက်နှာပေါ်ရှိ အရေးအကြောင်းများကို တစ်ခုပြီးတစ်ခု ပိုမို နက်ရှိုင်းသွားစေပြီး သူ၏ဝမ်းဗိုက်ပေါ်ရှိ ပတ်တီးများအောက်မှ ဒဏ်ရာကို သဲ့သဲ့လေး နာကျင်သွားစေ၏။ "မုတန်းသာ မင်း အဲ့ဒီလိုပြောတာကို ကြားသွားရင်တော့..."
“အစ်ကိုတို့က ဒီနှစ်တွေမှာ အချင်းချင်း လေးစားတန်ဖိုးထားခဲ့ကြတာ။ အစ်ကိုက ဆုံးပါးသွားတာ ကြာပြီဖြစ်တဲ့ အစ်ကို့မိန်းမအတွက်နဲ့ အစ်မမုတန်းကို ဒီအတိုင်း မပြတ်မသား စောင်းခိုင်းထားမလိုလား”
စုန့်ချင်၏မျက်နှာပေါ်က အပြုံးသည် တဒင်္ဂ တောင့်တင်းသွားပြီးမှ သူက ဆက်ပြီး ရယ်မောနေလိုက်သည်။ "ဘယ်လို သံယောဇဉ်မျိုးလဲ။ မင်းက ရှောင်အန်း ပြောပြတဲ့ အဲ့ဒီပညာရှိနဲ့ အလှပဂေး ဇာတ်လမ်းတွေကို နားထောင်လွန်းလို့ နေမှာပါ..."
သူ၏စကားများက ရုတ်တရက် ရပ်တန့်သွားသည်။ ဟော်ရှောင်အန်း ထွက်ခွာသွားခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးသော်ငြား သူတို့သည် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုရာတွင် သူ့အကြောင်းကို မရည်ရွယ်ဘဲ ထည့်ပြောမိနေကြဆဲပင်။
ချက်ချင်းဆိုသလိုပင် နှစ်ဦးစလုံး တိတ်ဆိတ်သွားကြလေသည်။
စမ်းချောင်း၏ ရေပြင်ပေါ်တွင် နေရောင်ခြည်က ကခုန်နေပြီး တလက်လက်တောက်ပနေသော အလင်းရောင်များကို ဖန်တီးပေးနေ၏။ ရှောင်းလိသည် ရေပြင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် စကားပြန်စလိုက်လေသည်။ "ကျွန်တော် အစ်မမုတန်းကို ယုံကျိုးကနေ ထွက်သွားဖို့ တိုက်တွန်းခဲ့တုန်းက သူက ဂေဟာဆီ ရောင်းစားခံရတဲ့ ကလေးတွေအတွက် ကျွေးဟုန်ဂေဟာမှာ ဆက်နေတာလို့ ပြောခဲ့တယ်။ သူ အဲ့ဒီမှာ ရှိနေသရွေ့ အဲ့ဒီကလေးတွေ အရိုက်မခံရသလို ပြည့်တန်ဆာလုပ်ဖို့ အတင်းအကျပ် ခိုင်းစေမခံရဘူးတဲ့လေ။ သူတို့တွေက တူရိယာတီးခတ်တာ၊ သီချင်းဆိုတာ၊ လက်ဖက်ရည်ဖျော်တာ၊ အမွှေးတိုင်လုပ်တာ စတဲ့ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်တဲ့ ကျွမ်းကျင်မှုတွေကို သင်ယူပြီး ပြည့်တန်ဆာအဖြစ် လွတ်လပ်ခွင့်ကို ဝယ်ဖို့ ငွေလုံလုံလောက်လောက် စုမိသွားတဲ့အခါ သူတို့ရဲ့ ကိုယ်ပိုင် အနာဂတ်ကို ဆုံးဖြတ်နိုင်လိမ့်မယ်တဲ့။ ဒါက ဒီနှစ်တွေ တစ်လျှောက်လုံး သူ့ရဲ့ တမ်းတနေခဲ့တဲ့ ဆန္ဒပါပဲ"
"ဒါပေမဲ့ ဂေဟာနဲ့ ကျွန်တော်တို့ရဲ့ အစောင့်အဖွဲ့ကြားမှာ စီးပွားရေး အဆက်အသွယ်တွေ အများကြီး ရှိနေတာတောင်မှ အစ်မမုတန်းက အစ်ကိုကြီးနဲ့ ရင်းနှီးတဲ့ အသိမိတ်ဆွေ တစ်ယောက်အနေနဲ့လောက်ပဲ ဆက်နေတာလို့ ကျွန်တော် မယုံဘူး"
စုန့်ချင်သည် တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့၏။ ရှောင်းလိက ဆက်ပြီး ဖိအားပေးလိုက်သည်။ "အစ်ကိုက ဇနီးသည်အတွက် ဒီနှစ်တွေ တစ်လျှောက်လုံး ဝမ်းနည်းပူဆွေးနေခဲ့ပြီး အစ်မမုတန်းကလည်း ဒီနှစ်တွေ တစ်လျှောက်လုံး စောင့်နေခဲ့တာ။ သူက မာနကြီးပုံပေါ်ပေမဲ့ သူ့စိတ်ထဲမှာတော့ သူ့ရဲ့ ဘဝနောက်ခံကို အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်နေခဲ့တာ။ အဲ့ဒါကြောင့် သူက အရင်မပြောရဲတာပေါ့။ တကယ်လို့ အစ်ကို့မှာ သူ့အပေါ် သံယောဇဉ် တကယ်မရှိဘူးဆိုရင် သူ့ကို အမြန်ဆုံး ရှင်းရှင်းလင်းလင်း ပြောပြသင့်တယ်။ အဲ့ဒါက အစ်ကိုတို့ နှစ်ယောက်လုံးအတွက် ပိုကောင်းလိမ့်မယ်"
စုန့်ချင်သည် သူ့ခါးတွင် ချိတ်ဆွဲထားသော ဘူးသီးခြောက်ကို လှမ်းယူလိုက်ပြီး ဒဏ်ရာရထားသည့်တိုင် အဖုံးကို လက်မဖြင့် ဖွင့်ကာ တစ်ငုံ သောက်လိုက်လေသည်။ ပြင်းရှရှ အရက်သည် သူ့လည်ချောင်းကို ပူလောင်သွားစေပြီးနောက် သူက ကွယ်လွန်သူ ဇနီးသည်နှင့် သူ၏ အတိတ်အကြောင်းကို ရှောင်းလိအား ပထမဆုံးအကြိမ်အဖြစ် ဖွင့်ဟပြောဆိုလိုက်တော့သည်။ "ချင်ယွမ်က ငါ့ရဲ့ ဇာတိရွာက ကောင်မလေး တစ်ယောက်ပါ။ အဲ့ဒီနှစ်က ငါတို့ရွာမှာ ဘေးအန္တရာယ် ကျရောက်တော့ သူ့အဒေါ် မိသားစုက သူ့ကို ပြည့်တန်ဆာအိမ်ကို ရောင်းစားဖို့ ကြိုးစားခဲ့ကြတယ်။ ငါက သူ့ကို ထွက်ပြေးဖို့ ကူညီပေးခဲ့ပေမဲ့ လမ်းမှာ ဓားပြတွေနဲ့ တိုးခဲ့တယ်။ ငါ့ကို အသတ်မခံရအောင် ကယ်ဖို့အတွက် ချင်ယွမ်က... သူ သေတဲ့အထိ အဓမ္မပြုကျင့်ခံခဲ့ရတယ်။ ငါ သူ့ကို တွေ့တဲ့အချိန်မှာ သူ့ခန္ဓာကိုယ်ပေါ်မှာ မစုတ်ပြဲတဲ့ အရေပြား တစ်နေရာမှ မရှိတော့ဘူး"
ထိုအမှတ်ရစရာသည် ခံစားရန်ပင် အလွန် ထိတ်လန့်ဖွယ်ကောင်းလှပေသည်။ သူက အရက်ကို နောက်ထပ် အားရပါးရ တစ်ငုံသောက်လိုက်ပြီး ဆက်ပြောလေသည်။ "ငါက မင်္ဂလာဝတ်စုံ ဝယ်ဖို့ မတတ်နိုင်ခဲ့ဘူး၊ ဒါကြောင့် ကောင်းကင်နဲ့ မြေကြီးကို ကန်တော့တဲ့အချိန်မှာ သူ့ကို ရစ်ပတ်ဖို့ ငါ့ဆီမှာ နောက်ဆုံးကျန်နေတဲ့ ကြေးပြားလေးတွေနဲ့ အနီရောင် ပိုးသား သုံးပေကို ဝယ်ခဲ့တယ်။ ဒီဘဝမှာ နောက်ထပ် ဘယ်တော့မှ မိန်းမ,မယူတော့ဘူးလို့ ချင်ယွမ်ကို ငါ ကတိပေးခဲ့တယ်"
"မုတန်းက မိန်းမကောင်း တစ်ယောက်ပါ" နောက်ဆုံးတွင် သူက ပြောလိုက်၏။ "ဒါပေမဲ့ ငါက သူ့အတွက် မှန်ကန်တဲ့ ယောက်ျား မဟုတ်ဘူး။ သူက ပိုကောင်းတဲ့ ရွေးချယ်မှုတွေနဲ့ ထိုက်တန်ပါတယ်"
သူက အရက်နံ့များ ပါသော သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး မျက်လုံးများ အနည်းငယ် နီရဲနေသော်လည်း ရှောင်းလိကို ပြုံးပြလိုက်လေသည်။ "ဒါပေမဲ့ မင်းပြောတာ မှန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မုတန်းကို ငါ ရှင်းရှင်းလင်းလင်း ပြောပြသင့်တယ်။ ဒီနှစ်တွေ တစ်လျှောက်လုံး ငါက သူ့ကို ညီမလေး တစ်ယောက်လိုပဲ တကယ် စောင့်ရှောက်ပေးခဲ့တာပါ"
ရှောင်းလိသည် နှုတ်ဆိတ်ကာ နေနေလိုက်သည်။ စုန့်ချင် သူ့ကိုယ်ပိုင် အတိတ်အကြောင်းကို ပြောပြသည်ကို ကြားရခြင်းက ဤသည်မှာ ပထမဆုံးအကြိမ်ပင်။ ညီအစ်ကိုများသည် သူ့တွင် ကွယ်လွန်သွားသော ဇနီးသည်တစ်ဦး ရှိကြောင်းကိုသာ သိကြသော်လည်း အဖြစ်ဆိုးက သည်လောက်အထိ နက်ရှိုင်းကြောင်း ဘယ်သူမှ မသိခဲ့ကြချေ။
မုတန်းနှင့် စုန့်ချင်၏ အတိတ်ဇာတ်လမ်းနှင့် ပတ်သက်လို့တော့ ရှောင်းလိသည် လောင်းကစားရုံမှ လူများ ပြောပြ၍ အစပိုင်းတွင် ကြားသိခဲ့ရခြင်း ဖြစ်သည်။ မုတန်းကို ပြည့်တန်ဆာအိမ်သို့ ရောင်းစားခံရခါစက သူမသည် အသည်းအသန် ရုန်းကန်ခဲ့ပြီး အမြဲတမ်း မိမိကိုယ်ကို သတ်သေရန် ကြိုးစားခဲ့ကြောင်း ပြောစမှတ်ပြုကြသည်။ ဟန်ထန်ကျုံးအတွက် စီးပွားရေးကိစ္စဖြင့် ထိုနေရာသို့ ရောက်ရှိနေသော စုန့်ချင်သည် သခင်မကြီးက သူမကို ရိုက်နှက်နေသည်ကို ကြုံကြိုက်သွားပြီး ကူညီရန် ဝင်ရောက်စွက်ဖက်ခဲ့လေသည်။
သခင်မကြီးက သူသည် သူမ၏ အသစ်ရရှိထားသော ငွေတွင်းလေးအပေါ် ရည်ရွယ်ချက်ရှိသည်ဟု ထင်မှတ်ကာ သူ့ကို အပြည့်အဝ အရှက်ခွဲခဲ့ပြီး ဟန်ထန်ကျုံးထံသို့ပင် တိုင်တန်းခဲ့၏။ ဟန်ထန်ကျုံးက စုန့်ချင်နှင့် စကားပြောပြီးနောက် ထိုကိစ္စကို လောင်းကစားရုံ တစ်ခုလုံးက သိရှိသွားခဲ့သည်။
ထို့နောက်တွင် စုန့်ချင်သည် ကျွေးဟုန်ဂေဟာသို့ သွားရန် ဟန်ထန်ကျုံး၏ တာဝန်ပေးခြင်းကို ခံရခဲပြီး မုတန်းမှာလည်း နောက်ဆုံးတွင် လူကြိုက်များသည့် ပြည့်တန်ဆာတစ်ဦး ဖြစ်လာခဲ့သည်။
သို့သော် ထိုနှစ်ဦး တွေ့ဆုံကြတိုင်း သူတို့သည် မိတ်ဆွေဟောင်းများကဲ့သို့ တိတ်တဆိတ် နားလည်မှုဖြင့် ဆက်ဆံကြသဖြင့် အခြားသူများ ဝင်ရောက်စွက်ဖက်ရန် ခက်ခဲစေခဲ့သည်။
ရှောင်းလိက မုတန်းတွင် ချမ်းသာပြီး အာဏာရှိသော လူ့ရတက်များစွာ ရှိနေပြီး စုန့်ချင်ကမူ သူ့တွင် ပေးစွမ်းနိုင်စရာ ဘာမှမရှိဟု ခံစားရသဖြင့် သူမကို ဖွင့်ပြောရန် မဝံ့မရဲ ဖြစ်နေရသဖြင့် အပြန်အလှန် နှုတ်ဆိတ်နေသည့် နားလည်မှုတစ်ခုဟု တစ်ချိန်က ထင်မှတ်ခဲ့ဖူးသည်။ သို့သော် ယခုအခါတွင် စုန့်ချင် တစ်သက်လုံး အပြစ်ရှိသလို ခံစားနေရသော ကွယ်လွန်သူ ဇနီးသည်က သူတို့ကြားတွင် ခြားထားကြောင်း သိလိုက်ရချိန်၌ ဤသည်မှာ သူလို အပြင်လူတစ်ယောက်အနေဖြင့် အကြံပေးနိုင်သည့် ကိစ္စမျိုး မဟုတ်တော့ချေ။
နေမင်းကြီးသည် အနောက်ဘက်သို့ တဖြည်းဖြည်း ဝင်ရောက်သွားလေပြီ။ ရှောင်းလိသည် ဒူးတစ်ဖက်ကို ထောင်လျက် တံတောင်ဆစ်ကို တင်ထားကာ အဝေးမှ လှိုင်းတွန့်နေသော တောင်ဘက်နယ်စပ် တောင်တန်းများကို ငေးကြည့်ရင်း ပြောလိုက်၏။ "ဒါဆိုရင် အစောင့်အဖွဲ့က ညီအစ်ကိုတွေကို အခုချိန်ကစပြီး ကျွေးဟုန်ဂေဟာနဲ့ အဆက်အသွယ် အကုန်ဖြတ်ခိုင်းလိုက်ကြရအောင်။ ကျိုးစွေနဲ့ ကျွန်တော် ယုံကျိုးကနေ ထွက်ပြေးပြီးတဲ့နောက်မှာ ဖေစုန့်ရဲ့ သိမ်းငှက်အမဲလိုက်ခွေးတွေက သေချာပေါက် အငြိမ်နေမှာ မဟုတ်ဘူး။ ရွှီမိသားစုက ကျွန်တော်တို့ကို မြို့ထဲကနေ ထွက်သွားဖို့ ကူညီပေးပြီးတဲ့နောက် ယုံကျိုးက သူတို့ရဲ့ ပင်မအိမ်တော်မှာ အခွံလွတ်ကြီးပဲ ချန်ထားခဲ့ပြီး ဘေးအန္တရာယ်ကနေ ရှောင်ရှားဖို့ မိသားစု တစ်စုလုံး တောင်ဘက်ကို ထွက်ပြေးသွားကြတယ်။ ဒီလိုတဖက်လှည့်နဲ့ လုပ်ထားတာမလို့ ဖေစုန့်က ကျွေးဟုန်ဂေဟာဆီ ခြေရာခံ မမိသေးတာ။ ဒါပေမဲ့ ထူးခြားတဲ့ လှုပ်ရှားမှုတွေ ထပ်ရှိလာရင် အစ်မမုတန်းနဲ့ တခြားသူတွေကို ဆွဲထည့်မိသွားနိုင်တယ်"
စုန့်ချင် ပြန်မပြောနိုင်ခင်မှာပင် ကျန်းဟွိုင်သည် လေ့ကျင့်ရေးကွင်းမှ အလျင်အမြန် ရောက်ရှိလာ၏။ "အုပ်ချုပ်ရေးမှူး! လျိုမိသားစုက ထုန်ချန်က ဖေမိသားစု လူတွေနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ နောက်ထပ် လှုပ်ရှားမှု တစ်ခု လုပ်နေပြန်ပြီ!"
...