မိုးရွာ၍ လေတိုက်ခြင်း၊ လျှပ်စီးလက်၍ မိုးထစ်ချုန်းခြင်း
Vol. 8 Ch. 76
သူတို့၏ ပြောကြားချက်အရ သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်း၏ ခေါင်းဆောင်မှာ မီးသူတော်စင်ဟု လူသိများသည့် လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်ဖြစ်၏၊၊ သူသည် အဖွဲ့၏ ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို ရေးဆွဲသူဖြစ်ပြီး လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် အမြဲတမ်းမျက်နှာဖုံးစွပ်ထားလေ့ရှိသည်၊၊
သူ့အောက်တွင် အုပ်ချုပ်သူ ၂ယောက်၊ နယ်မြေခံသံတမန် ၄ယောက်၊ အကြီးအကဲ ၃၆ ယောက်နှင့် ကာကွယ်စောင့်ရှောက်သူ ၇၂ ယောက် ရှိသည်၊၊ သို့သော်လည်း အကြီးအကဲနှင့် အစောင့်အရှောက်ရာထူးနေရာအများအပြားမှာ လစ်လပ်နေဆဲဖြစ်သည်၊၊
တိုက်ဆိုင်စွာပင် အဖမ်းခံရသည့် အကြီးအကဲတစ်ယောက်သည် ချီဝမ်ကို တွေ့ဖူးပြီး သူမကို နယ်မြေခံသံတမန်တစ်ယောက်အဖြစ် မှတ်မိနေသည်၊၊ သို့သော်လည်း သူမတွင် အမှန်တကယ် အာဏာမရှိဘဲ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုကိုသာ ရထားခြင်းဖြစ်သည်၊၊
ချီဝမ်သည် အဖွဲ့၏ အစောပိုင်းကာလများတွင် ရန်ပုံငွေအမြောက်အမြားရှာပေးနိုင်ခဲ့သဖြင့် အဓိကအဖွဲ့ဝင်ဖြစ်လာခဲ့ခြင်းဖြစ်သည်၊၊ ကံမကောင်းသည်မှာ သူမ၏ ကျင့်ကြံမှုနှုန်းမှာ သာမန်သာရှိသဖြင့် အာဏာမရရှိခဲ့ခြင်းပင် ဖြစ်သည်၊၊
အဖွဲ့၏ ဝင်ငွေရရှိမှုပုံစံမှာ အဓိကအစိတ်အပိုင်းနှစ်ခုရှိသည်၊၊
ပထမတစ်ခုမှာ တက္ကသိုလ် အချို့တွင် တာအိုပညာရပ်များကို ပြန့်ပွားအောင် လုပ်ဆောင်ပြီး ကျင့်ကြံခြင်းလောကထဲ ရောက်လာသည့် ကျောင်းသားများထံမှ အဖွဲ့ဝင်ကြေးကောက်ခံခြင်းဖြစ်သည်၊၊ ၎င်းမှာ ရေရှည်တည်တံ့သည့် ဝင်ငွေအရင်းအမြစ်ဖြစ်သည်၊၊
ဒုတိယတစ်ခုမှာ ယုံကြည်ရသည့် အဖွဲ့ဝင်များကို တိုက်ခိုက်ရေးသမားများအဖြစ် လေ့ကျင့်ပေးပြီး ခိုးမှု၊ လုယက်မှုနှင့် မြေအောက်လောက နယ်မြေလုပွဲများတွင် အသုံးပြုခြင်းဖြစ်၏၊၊ ထိုအန္တရာယ်များသည့် အစီအစဉ်များက အဖွဲ့ကြီးထွားရန် လိုအပ်သည့် ရန်ပုံငွေများကို အမြန်ရရှိစေသည်၊၊
လက်ရှိတွင် သူတို့၏ တိုက်ခိုက်ရေးအဖွဲ့၌ အဖွဲ့ဝင် ၄၀ မှ ၅၀ အထိ ရှိနေပြီဖြစ်၏၊၊ သူတို့သည် မြို့၏ အမှောင်ဘက်ခြမ်းတွင် လှုပ်ရှားနေကြပြီး ရာဇဝတ်မှုလောကတွင်လည်း နာမည်ရနေပြီဟု သိရသည်၊၊
ထိုသို့သော အဖွဲ့အစည်းမျိုးကို ကျင့်ကြံခြင်း နောက်ခံရှိသည့် ရာဇဝတ်ဂိုဏ်းဟု သတ်မှတ်နိုင်ပြီဖြစ်၏၊၊
“မီးသူတော်စင်...”
ဝမ်ရှန်း ခပ်တိုးတိုးရေရွတ်ရင်း စီနီယာအစ်မထံသို့ အသုံးဝင်မည့် သတင်းအချက်အလက်အချို့ပေးပို့လိုက်သည်၊၊
သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်း၏ နောက်ဆုံးရည်မှန်းချက်က ဘာလဲ…၊၊ အဖွဲ့ကြီးထွားဖို့နဲ့ ငွေရှာဖို့ သက်သက်ပဲလား…၊၊
ချီဝမ်၏ ထူးခြားသည့် အခြေအနေနှင့် တိုက်ဆိုင်မှုများကြောင့်သာ အဖွဲ့ကို ဖော်ထုတ်နိုင်ခဲ့ခြင်းမဟုတ်လျှင် နောက်လအနည်းငယ်အတွင်း၌ အစိုးရအတွက်ပင် အကြီးအကျယ်ပြဿနာတက်နိုင်သည်၊၊
မီးသူတော်စင်ဆိုသူမှာ သာမန်လူမဟုတ်နိုင်ပေ၊၊
သူသည် တက္ကသိုလ်ကျောင်းသားများကို ပစ်မှတ်ထားပြီး လွတ်လပ်ပြီး စောင့်ကြည့်မှုနည်းပါးသည့် ကျောင်းဝင်းပတ်ဝန်းကျင်ကို အခြေစိုက်စခန်းအဖြစ် အသုံးချခဲ့သည်၊၊ ထို့အပြင် ကျင့်ကြံခြင်းလောကက လျစ်လျူရှုထားသည့် တစ်ကိုယ်တော်ကျင့်ကြံသူအမြောက်အမြားကို စည်းရုံးနိုင်ခဲ့သည်၊၊ ၎င်းကို စနစ်ကျသည့် ဝင်ငွေရှာဖွေရေးနည်းဗျူဟာနှင့် ပေါင်းစပ်ထားသေးသည်၊၊
အားလုံးကို ခြုံကြည့်လျှင် သူသည် ခေတ်အပြောင်းအလဲကို အခွင့်ကောင်းယူရန် ကြိုးပမ်းနေသည့် နောက်ထပ် ပရိယာယ်ကြွယ်သူတစ်ယောက် ဖြစ်နိုင်၏၊၊
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ထိုအမှုကို အဖွဲ့စတင်တည်ထောင်ပြီးနောက်ပိုင်း ၎င်းတို့၏ တန်ဖိုးကို သတ်မှတ်မည့် ပထမဆုံးတိုက်ပွဲအဖြစ်သတ်မှတ်ကာ အစွမ်းကုန် စုံစမ်းစစ်ဆေးနေပြီဖြစ်သည်၊၊
သို့သော်လည်း ဝမ်ရှန်း အိပ်ပျော်နေသည့် နာရီအနည်းငယ်အတွင်းမှာပင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အခက်အခဲများဆက်တိုက်ကြုံတွေ့ရပြီး ဝမ်ရှန်း ဖန်တီးပေးခဲ့သည့် အားသာချက်များကို ဖြုန်းတီးပစ်ခဲ့ကြသည်၊၊
တစ်နည်းနည်းဖြင့် သတင်းများပေါက်ကြားသွားခဲ့သည်၊၊ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များသည် အကြီးအကဲများရှိနိုင်သည့် နေရာများကို ဝင်ရောက်စီးနင်းခဲ့သော်လည်း ရောက်ရှိချိန်တွင် အားလုံးမှာ တိမ်းရှောင်သွားကြပြီဖြစ်သည်၊၊
ဂျိတျန်းလင်မှတစ်ဆင့် ရှာဖွေတွေ့ရှိထားသည့် လူမှုကွန်ရက်Groupများမှာလည်း ချက်ချင်း ဖျက်သိမ်းခံလိုက်ရပြီး ကြေညာချက်တစ်ခုသာ ကျန်ခဲ့တော့သည်၊၊
မိုးရွာ၍ လေတိုက်ခြင်း၊ လျှပ်စီးလက်၍ မိုးထစ်ချုန်းခြင်း…
ထိုအဖွဲ့တွင် ကျွမ်းကျင်သည့် နည်းပညာရှင်များရှိနေသည်မှာ ထင်ရှားသည်၊၊ ရဲတပ်ဖွဲ့သည် မည်သူမည်ဝါဖြစ်ကြောင်း သက်သေအထောက်အထားများမရရှိခဲ့ပေ၊၊
အဖွဲ့၏ အဓိကအဖွဲ့ဝင်များသည် လျှို့ဝှက်နေရာများကို ကြိုတင်ပြင်ဆင်ထားပုံရသည်၊၊ ကျောင်းသားအချို့နှင့် အစောင့်အရှောက်အသစ်အချို့မှလွဲ၍ ကျန်ရှိသူများမှာ အစအနမကျန် ပျောက်ကွယ်သွားကြသည်၊၊
နာရီပိုင်းအတွင်းမှာပင် သူတို့သည် အပိုင်းပိုင်းကွဲကာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ မျက်စိရှေ့တင် ပျောက်ကွယ်သွားခဲ့ကြ၏၊၊
နောက်ဆုံးတွင်မူ ကျင့်ကြံသူများနှင့် ပတ်သက်သည့် ကိစ္စကို ကျင့်ကြံသူများကသာ ဖြေရှင်းရမည်ဖြစ်သည်၊၊
ဝမ်ရှန်းသည် ပြတ်သားစွာပင် စီနီယာအစ်မထံသို့ နောက်ထပ် စာတစ်စောင်ပို့လိုက်သည်၊၊
ဝမ်ရှန်း - “ချီဝမ်နဲ့ တွေ့ဖို့ စီစဉ်လိုက်ပါ”
သူသည် ဤပြဿနာထဲတွင် ဆက်ပြီး လှည့်ပတ်မနေနိုင်တော့ပေ၊၊ သူတို့၏ ဆရာကတော်ကလည်း တားမြစ်ခြင်းမရှိတော့သဖြင့် လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ပြီဖြစ်သည်၊၊
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းတို့သည် လိုက်တမ်းပြေးတမ်းကစားကြတော့မည်ဖြစ်သည်၊၊ သူတို့သာ ထိုအတိုင်း လိုက်ပါနေလျှင် အချိန်မည်မျှ ကုန်ဆုံးသွားမည်ကို မည်သူမှ မသိနိုင်ပေ၊၊
ဘာပဲဖြစ်ဖြစ် သူနှင့် စီနီယာအစ်မသည် အခြားအရာများ မလုပ်ဆောင်မီ ချီဝမ်ကို ဤကိစ္စထဲမှ အရင်ဆုံး ဆွဲထုတ်ရန် ဦးစားပေးရမည်၊၊
****
နံနက် ၁၀ နာရီ၊၊ တတိယမြောက် အတန်းချိန် မစတင်မီလေးတွင်ဖြစ်သည်၊၊
“ဝမ်ဝမ် ဘာတွေဖြစ်ကုန်တာလဲ၊၊ ဘာလို့ Groupထဲမှာ ရုတ်တရက် လူစုခွဲလိုက်ကြတာလဲ၊၊ ငါတို့ ဒီနေ့ည ကျင့်စဉ်ကျင့်ဖို့ တွေ့ကြဦးမှာလား”
“ရန်လိုတဲ့ အင်အားစုတစ်ခုခုက ငါတို့ကို ပစ်မှတ်ထားနေတာလား”
“ဘာပဲဖြစ်ဖြစ် ငါတို့ အဖွဲ့ဝင်ကြေးတွေ ပေးထားတာပဲလေ၊၊ သူတို့က ငါတို့ကို ဒီအတိုင်းပစ်ထားမှာ မဟုတ်ပါဘူးနော်၊၊ ငါတော့ စိတ်မအေးတော့ဘူး”
အဆင့်လိုက်စီထားသည့် စာသင်ခန်းကျယ်ကြီးအတွင်း လူသိပ်မရှိသေးပေ၊၊ ချီဝမ် ထိုင်ခုံမှာ ထိုင်လိုက်သည်နှင့် ကျောင်းသူ ၂ယောက်၊ သုံးယောက်က သူမကို ချက်ချင်း ဝိုင်းလိုက်ကြသည်၊၊
“မစိုးရိမ်ကြပါနဲ့၊၊ ဒါတွေ မကြာခင် ပြေလည်သွားမှာပါ”
ချီဝမ်က ခပ်တိုးတိုး ပြောလိုက်သည်၊၊
“ငါက သာမန်အဖွဲ့ဝင်ပဲဆိုတော့ အခုထိ ဘာသတင်းမှ မရသေးဘူး၊၊ ဘာပဲဖြစ်ဖြစ် စိတ်အေးအေးထားကြပါ၊၊ ဒါက အရေးပေါ် အခြေအနေမို့လို့ ခေါင်းဆောင်က သေချာကိုင်တွယ်ဖြေရှင်းမှာပါ”
မိန်းကလေးများက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မတင်မကျခေါင်းညိတ်လိုက်ကြ၏၊၊
ချီဝမ်က ဆက်ပြောသည်၊၊
“လောလောဆယ်တော့ လူစုခွဲပြီး ငြိမ်ငြိမ်လေး နေကြရအောင်၊၊ နောက်ရက်တွေမှာ ဘာလှုပ်ရှားမှုမှ မလုပ်နဲ့ဦး၊၊ သတင်းရတာနဲ့ ငါ ချက်ချင်းပြောပြမယ်”
မိန်းကလေးတစ်ယောက်က တိုးတိုးလေးရေရွတ်သည်၊၊
“ဒါပေမဲ့ ငါ့ရဲ့ မုန့်ဖိုးတွေ အကုန်ထည့်ထားတာလေ...”
“တကယ်လို့ တစ်ခုခုဆုံးရှုံးသွားရင် ငါ တာဝန်ယူပါ့မယ်” ချီဝမ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်၊၊
“ခေါင်းဆောင်ကို ယုံကြည်လိုက်ပါ”
မိန်းကလေးများလည်း ခေါင်းညိတ်ပြီး စာသင်ခန်း၏ မတူညီသည့်နေရာများတွင် ခွဲထိုင်လိုက်ကြသည်၊၊
ချီဝမ်လည်း စားပွဲအောက်ရှိ ဖုန်းကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်၊၊ သူမ၏ စိတ်ထဲတွင် စိုးရိမ်စိတ်များ တိုးဝင်လာ၏၊၊ ယခုထိ ဖုန်းတစ်ကောလ်မှ ဝင်မလာသေးပေ၊၊
မိုးရွာ၍ လေတိုက်ခြင်း၊ လျှပ်စီးလက်၍ မိုးထစ်ချုန်းခြင်း၊၊
၎င်းမှာ အဖွဲ့အတွင်းရှိ အမြင့်ဆုံးသတိပေးချက်ဖြစ်ပြီး အရေးပေါ် လုပ်ဆောင်ချက်များကို စတင်စေသည်၊၊
ဘာတွေ ဖြစ်ကုန်တာလဲ…၊၊ ဒါ ခေါင်းဆောင် သတိပေးခဲ့တဲ့ ငါတို့ကို လက်မခံတဲ့ အစဉ်အလာဟောင်းကို ကာကွယ်သူတွေ ဆိုတာလား၊၊ ဒါမှမဟုတ် တခြားတစ်ခုခုလား...၊၊
ချီဝမ်၏ အခန်းဖော် သုံးယောက်စလုံးက ထိပ်တန်းကျောင်းသားများအတွက်သတ်မှတ်ထားသည့် ရှေ့ဆုံးတန်းတွင် ထိုင်နေကြ၏၊၊ ပုံမှန်ဆိုလျှင် သူမလည်း ထိုနေရာတွင် ထိုင်နေကျဖြစ်သော်လည်း ယနေ့မူ စိတ်လှုပ်ရှားနေသဖြင့် အဆက်အသွယ်လုပ်ရလွယ်ကူစေရန် နောက်ဘက်တွင်သာ ထိုင်နေခြင်းဖြစ်သည်၊၊
အတန်းစခါနီးပြီဖြစ်သဖြင့် ကျောင်းသားများအုပ်စုလိုက် ရောက်ရှိလာကြသည်၊၊ စာသင်ခန်းထဲတွင် လူငယ်တို့၏ တက်ကြွမှုများဖြင့် ပြည့်နှက်နေပြီး အချို့မှာမူ ငိုက်မြည်းနေကြဆဲပင်၊၊
“အစ်မ ဒီမှာထိုင်ပါ”
တစ်စုံတစ်ယောက်က ပြောလိုက်သည်၊၊
ချီဝမ် ထိုအသံကို မှတ်မိနေ၏၊၊ ဘေးသို့ ကြည့်လိုက်သောအခါ မနေ့က နှစ်ကြိမ်တိုင်တိုင်ဆုံခဲ့သည့် စုံတွဲကို တွေ့လိုက်ရသည်၊၊
အလွန်လှပသည့် အမျိုးသမီးနှင့် သူမရှေ့တွင် ဖုန်းစခရင်ကို ခွဲပြခဲ့သည့် ဆံပင်ရှည်ကို စည်းထားသည့် အမျိုးသားသည် သူမအတွက် စိတ်ထဲတွင် စွဲထင်နေသူများဖြစ်သည်၊၊ မေ့ပစ်ရန် ကြိုးစားသော်လည်း မေ့မရသူများပင်၊၊
ထူးဆန်းသည်မှာ သူတို့နှစ်ဦးက ပုံမှန်အတိုင်း လျှောက်လာပြီး သူမ၏ ဘေးတစ်ဖက်တစ်ချက်တွင် ဝင်ထိုင်လိုက်ခြင်းပင်၊၊
ချီဝမ် မျက်မှောင်ကြုတ်လိုက်မိသည်၊၊ သူမ ဘယ်ဘက်မှ အမျိုးသမီးကို ကြည့်သော်လည်း စကားပြောရန် တုံ့ဆိုင်းနေသည်၊၊ ထို့နောက် ညာဘက်မှ အမျိုးသားကို ကြည့်လိုက်ရာ သူက သူမကို ပြုံးပြနေသည်ကို တွေ့ရသည်၊၊
သူမ ခေါင်းငုံ့ကာ ထိုနေရာမှ ထွက်သွားရန် ပစ္စည်းများကို သိမ်းလိုက်သည်၊၊
“ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ၊၊ ငါ့နာမည်က ဝမ်ရှန်းပါ၊၊ မင်းအဖေရဲ့ တပည့်ပါ”
ဝမ်ရှန်းက တည်ငြိမ်သော်လည်း လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်၊၊
ချီဝမ် တောင့်တင်သွားသည်၊၊ အဖေဆိုသည့် စကားလုံးမှာ သူမအတွက် အလွန်စိမ်းသက်လွန်းလှသဖြင့် ခဏတာ မည်သို့တုံ့ပြန်ရမည်ကိုပင် မသိဖြစ်သွား၏၊၊
ဝမ်ရှန်းက ဆက်ပြောသည်၊၊
“မင်းရဲ့ ဘယ်ဘက်က မိန်းကလေးကတော့ ငါ့ရဲ့ စီနီယာအစ်မပါ၊၊ သူမက ငယ်ငယ်ကတည်းက မင်းအဖေဆီမှာ လေ့ကျင့်လာတာပါ၊၊ ငါကတော့ နည်းနည်း နောက်ကျမှ ရောက်တာ… ဂိုဏ်းထဲ ရောက်တာ လေးနှစ်တောင် မပြည့်သေးပါဘူး”
ချီဝမ်က ဝမ်ရှန်းကို သံသယဖြင့် စိုက်ကြည့်လိုက်သည်၊၊
“ဘာတွေ လာပြောနေတာလဲ၊၊ ကျွန်မအဖေက လွန်ခဲ့တဲ့ နှစ် ၂၀ က ကားအက်စီးဒင့်နဲ့ ဆုံးသွားပြီ၊၊ ရှင်တို့က ဘယ်သူတွေလဲ”