လုပ်ကြံသူ
Vol. 8 Ch. 78
တောအုပ်ကလေးမှာ အစကတည်းက သိပ်မကျယ်လှသဖြင့် ဝမ်ရှန်းသည် အရှိန်အဟုန်ဖြင့် ခုန်ပျံလိုက်ရုံဖြင့် ထွက်ပြေးသွားသော အမျိုးသမီးနောက်သို့ တောအုပ်ထဲမှ ကတ္တရာလမ်းပေါ်ရောက်သည်နှင့် လိုက်မီသွားတော့သည်။
ဆံပင်တိုနှင့် အမျိုးသမီး နောက်လှည့်ကြည့်လိုက်ရာ ဝမ်ရှန်းသည် သူမနောက် ခုနစ်မီတာ၊ ရှစ်မီတာခန့်သာ လိုတော့သည်ကို တွေ့လိုက်ရသည်။ သူမနှုတ်ခမ်းထက်မှ လှောင်ပြုံးများပျောက်ကွယ်သွားပြီး ထိတ်လန့်တုန်လှုပ်မှုများ အစားထိုးဝင်ရောက်လာ၏။
“ခုနှစ်စင်ကြယ်ခြေလှမ်းနဲ့ လိုက်နေတာလား… နင်က ဘယ်သူလဲ”
“ဟမ့်”
ဝမ်ရှန်း အေးစက်စွာ နှာခေါင်းရှုံ့ရင်း သူမကို စိုက်ကြည့်လိုက်သည်။ ထို့နောက် လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်လိုက်၏။
သူသည် တောင်ပေါ်တွင် ဓားသိုင်းကို အဓိကလေ့ကျင့်ခဲ့သော်လည်း အမြုတေဖွဲ့စည်းခြင်းအဆင့်၏ အစောပိုင်းအဆင့်တွင် ရှိနေဆဲဖြစ်သည်။ သူ၏တိုက်ကွက်ကြောင့် သိပ်သည်းလှသော အစစ်အမှန်ချီများဖြင့် လက်ဝါးပုံရိပ်တစ်ခုဖြစ်ပေါ်လာပြီး မီတာအနည်းငယ်အကွာရှိ အမျိုးသမီးဆီသို့ ပြေးဝင်သွားလေသည်။
သို့သော် ထိုအမျိုးသမီးမှာ အနီးကပ်ရှောင်တိမ်းသည့်နေရာတွင် ကျွမ်းကျင်သူဖြစ်သည်။ သူမသည် လျှပ်တပြက်လှုပ်ရှားမှုဖြင့် ထိုတိုက်ကွက်ကို ကပ်၍ရှောင်လိုက်ကာ အနီးနားရှိ သစ်ပင်များကြားသို့ အကာအကွယ်ယူရန် ပြေးဝင်သွား၏။
ဝမ်ရှန်း ခဏမျှတုံ့ဆိုင်းသွားသော်လည်း လက်လျှော့ခြင်းမရှိဘဲ ဆက်လိုက်သည်။ ထိုအမျိုးသမီးသည် သူ၏မျက်စိရှေ့တင် လူသတ်ရန် ကြိုးစားခဲ့သည်။ သူမသတ်ရန် ကြိုးစားခဲ့သူမှာ အခြားသူမဟုတ်ဘဲ သူ့ဆရာ၏ တစ်ဦးတည်းသော သမီးအရင်းဖြစ်နေသည်။ ထို့အပြင် သူ၏စီနီယာအစ်မကိုလည်း ဒဏ်ရာရလုနီးပါးဖြစ်စေခဲ့သည်။
ဒါဟာ စစ်ကြေညာလိုက်တာပဲ။
ဝမ်ရှန်း ပြေးဝင်သွားရာတွင် သူ၏ဆံပင်ရှည်များသည် လေထဲ၌ လွင့်ပျံနေပြီး သူ၏အရှိန်ဝါမှာလည်း ပို၍ ပြင်းထန်လာသည်။ သူသည် အနက်ရှိုင်းဆုံးနားစွင့်သူဓားကို အဆောင်တွင်ထားခဲ့ခြင်းမဟုတ်ပါက ထိုမိန်းကလေးသည် ယခုအချိန်တွင် ဒဏ်ရာပြင်းထန်စွာ ရနေလောက်ပြီဖြစ်သည်။
မည်သို့ပင်ဆိုစေ သူမ အားကုန်လာပြီဖြစ်ကြောင်း ထင်ရှားလှသည်။ ဝမ်ရှန်းသည် သူ၏ အစစ်မှန်ချီများကို ထုတ်လွှတ်လိုက်ပြီး ခုနှစ်စင်ကြယ်ခြေလှမ်းဖြင့် ထပ်မံလှုပ်ရှားလိုက်သည်။ သူ့၏ အရှိန်က သိသိသာသာမြန်ဆန်လာပြီး ပျံသန်းနေသည့်နှယ် ထင်မှတ်ရသည်။
တောအုပ်ထဲသို့ ပြန်လည်ဝင်ရောက်ချိန်တွင် ဝမ်ရှန်းသည် သူမအနီးသို့ ချဉ်းကပ်မိသွားပြီဖြစ်သည်။ သူသည် ဘယ်ဘက်လက်ကို လက်သည်းသဏ္ဌာန်ပြုလုပ်ကာ အမျိုးသမီး၏ လည်ပင်းဆီသို့ တိုက်ရိုက်လှမ်းဆွဲလိုက်သည်။ သို့သော် သူ၏မသိစိတ်က ရုတ်တရက် သတိပေးလာ၏။
အမျိုးသမီးသည် ရုတ်တရက် ကိုယ်ကိုနှိမ့်လိုက်သည်။ သူမ၏ခြေထောက်များတွင် အစစ်မှန်ချီများ မြင့်တတ်လာသည်နှင့်အမျှ သူမကိုယ်ကို နောက်ပြန်လှည့်ပြီး လက်ကောက်ဝတ်ကို ခါယမ်းလိုက်ရာ အေးစက်ပြီး တောက်ပနေသော ငွေအပ်သုံးချောင်းသည် ဝမ်ရှန်းဆီသို့ ပျံသန်းလာသည်။
ရှောင်တိမ်းရန် အချိန်မရှိတော့သဖြင့် ဝမ်ရှန်းသည် သူ၏မျက်နှာကို ကာကွယ်ရန် ဘယ်ဘက်လက်ကို အလိုအလျောက် မြှောက်လိုက်ရသည်။
တာအိုဝတ်စုံသာ ဝတ်ထားရင် ကောင်းမှာပဲ။
အကယ်၍ သူသည် ထုံးစံအတိုင်း အပြာရင့်ရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားပါက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုအပ်များကို လွှဲထုတ်နိုင်မည်ဖြစ်သည်။ ယခုမူ လက်တိုဝတ်စုံနှင့် ဖြစ်နေသဖြင့် လက်ဗလာဖြင့်သာ ကာကွယ်လိုက်ရသည်။
အပ်များသည် သူ၏လက်ဝါးထဲသို့ အနည်းငယ် စိုက်ဝင်သွားသော်လည်း ပို၍နက်ရှိုင်းစွာ မဝင်နိုင်ခဲ့ပေ။ ဝမ်ရှန်းသည် သူ၏လက်ထဲသို့ အစစ်မှန်ချီများကို လျင်မြန်စွာ စုစည်းလိုက်ပြီး အပ်များကို အပြင်သို့ တွန်းထုတ်လိုက်ကာ လက်ဝါးဖြင့် အောက်သို့ ရိုက်ချလိုက်တော့သည်။
ဖတ်… ဝုန်း။
ကျောကုန်းကို ထိမှန်သွားသဖြင့် အမျိုးသမီးလည်း လွင့်ထွက်သွားသည်။ လေထဲတွင် သွေးများအန်ထုတ်လိုက်ရပြီး ငါးမီတာ၊ ခြောက်မီတာခန့်အကွာသို့ ကျသွားကာ အကြိမ်အနည်းငယ် လိမ့်သွားပြီးနောက် ခက်ခဲစွာပြန်ထရန် ကြိုးစားနေတော့သည်။
ဝမ်ရှန်းတွင် သူမကို လွတ်မြောက်ခွင့်ပေးရန် ရည်ရွယ်ချက်မရှိပေ။ သို့သော် သူမကို အဆုံးသတ်ရန် ရှေ့သို့ တိုးလိုက်စဉ်မှာပင် ရုတ်တရက် ခေါင်းမူးလာပြီး သူ၏ဘယ်ဘက်လက်မှာ ထုံကျင်သွားသည်။
အဆိပ်လား။
သူ၏အစစ်မှန်ချီများသည် လှိုင်းထန်နေသော မြစ်ရေကဲ့သို့ လက်ဝါးထဲသို့ စီးဝင်သွားပြီး ဒဏ်ရာထဲမှ အနက်ရောင်မြူခိုးများကို အတင်းအကျပ် တွန်းထုတ်လိုက်သည်။ သူ အဆိပ်ဖြေနေသည့် ခဏတာအတွင်း ဒဏ်ရာပြင်းထန်နေသော အမျိုးသမီးသည် ခေါင်းကို နောက်သို့မော့ကာ ဆေးလုံးနှစ်လုံးကို မျိုချလိုက်သည်။ သူမ၏ပတ်ပတ်လည်တွင် အစစ်မှန်ချီများ စတင်လည်ပတ်လာပြီး ဒဏ်ရာများမှာ ချက်ချင်းပင် သက်သာသွားပုံရသည်။
သို့သော် ထိုဆေးလုံးများသည် အံ့ဖွယ်ဆေးလုံးများတော့ မဟုတ်ပေ။ သူမ၏ဒဏ်ရာများကို တကယ်တမ်း ကုသပေးနိုင်ခြင်းမရှိပေ။ ဆေးလုံးတစ်လုံးမှာ ဒဏ်ရာများကို ခေတ္တမျှ ထိန်းထားပေးရုံသာဖြစ်ပြီး အခြားတစ်လုံးမှာ သူမ၏ချီကို မြှင့်တင်ပေးကာ အစစ်မှန်ချီကို အားကောင်းစေခြင်းဖြစ်သည်။ သို့သော်လည်း သူမသောက်လိုက်သော ဆေးလုံးများသည် ယခုခေတ်ကာလတွင် အလွန်တန်ဖိုးကြီးလှသည်။
ဒီခေတ်မှာ အဖွဲ့အစည်းမရှိတဲ့ သာမန်ကျင့်ကြံသူတွေက ဆေးလုံးတွေကို ဘယ်လိုရနိုင်မှာလဲ….။
ဆံပင်တိုနှင့် အမျိုးသမီးသည် အထင်ကြီးစရာကောင်းသော ခြေလှမ်းသိုင်းများ ရှိရုံသာမက ရှားပါးလှသော အသက်ကယ်ဆေးလုံးများကိုလည်း ရရှိထားသည်။ ထို့အပြင် သူမတွင် အမြုတေဖွဲ့စည်းခြင်းအဆင့် အစောပိုင်းကျင့်ကြံသူတစ်ဦးကိုပင် မလှုပ်ရှားနိုင်အောင် လုပ်နိုင်သည့် အဆိပ်အပ်များလည်း ရှိနေသည်။ သူမသည် သာမန်လူသတ်သမားတစ်ယောက်တော့ မဟုတ်နိုင်ပေ။
အမျိုးသမီးသည် အစစ်မှန်ချီများကို ထပ်မံစုစည်းကာ အပေါ်သို့ ခုန်တက်လိုက်သည်။ အဆိပ်များကို ခါထုတ်နေဆဲဖြစ်သော ဝမ်ရှန်းကို စိုက်ကြည့်ပြီးနောက် သူမသည် ထွက်ပြေးမည့်လမ်းကို လျင်မြန်စွာ ရှာဖွေပြီး ပြေးထွက်သွားတော့သည်။
မင်းလွတ်မယ် ထင်နေတာလား…။
လရောင်သည် ဝမ်ရှန်း၏ ဝိညာဥ်အသိစိတ်ကို လင်းထိန်စေပြီး စိတ်ကို ကြည်လင်သွားစေသည်။ သူ၏ စိတ်အတွင်းထဲတွင် ရှေးဟောင်းဓားတစ်စင်း၏ ဝေဝါးသောပုံရိပ်ယောင်တစ်ခုပေါ်လာ၏။ ၎င်းသည် သူ၏ဓားဆန္ဒနဲ့ သူ၏ဓားလမ်းစဉ်ပင်၊၊ ၎င်းတို့မှာ အစပျိုးရုံသာ ရှိသေးသော်လည်း သူ့ကို သာမန်ကျင့်ကြံသူများထက် သာလွန်စေခဲ့ပြီဖြစ်သည်။
ချီလှည့်ပတ်ခြင်း- ခုနှစ်စင်ကြယ်ဖြစ်ပေါ်ခြင်း။
ဝမ်ရှန်း ရှေ့သို့ လှမ်းလိုက်ရာ သူ၏ခြေလက်များရှိ ထုံကျင်မှုများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ဆံပင်တိုနှင့် အမျိုးသမီး မီတာနှစ်ဆယ်ခန့် အကွာအဝေးသို့ ရောက်သည်အထိ စောင့်ဆိုင်းပြီးနောက် သူသည် ရှေ့သို့ ထပ်မံ အရှိန်မြှင့်လိုက်သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူ၏ခုနှစ်စင်ကြယ်ခြေလှမ်းကို ပြန်လည်အသက်သွင်းကာ လိုက်ဖမ်းလိုက်သည်။
ဆံပင်တိုနှင့် အမျိုးသမီးသည် နောက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏မျက်လုံးထဲတွင် နာကျည်းမှုများ တောက်လောင်နေသည်။ ဝမ်ရှန်း အဘယ်ကြောင့် ဤမျှဇွဲကောင်းနေရသနည်းဟု အပြစ်တင်နေသကဲ့သို့ပင်။
လူတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတာက မင်းအမှားပဲ…၊၊
ဝမ်ရှန်း စိတ်ထဲမှ တွေးလိုက်သည်။
သူတို့ လိုက်တမ်းပြေးတမ်းကစားနေစဉ်မှာပင် အိပ်မက်ထဲမှ နတ်သမီးလေးကဲ့သို့ ဆံပင်ရှည်နဲ့ မိန်းမလှလေးတစ်ဦးသည် နောက်မှ လိုက်မီလာပြီး သူတို့နှင့် ပူးပေါင်းလိုက်သည်။ သူမ၏ အော်ရာများက သူမပတ်ပတ်လည်တွင် ထွက်ပေါ်နေ၏။ သူမ၏ရင်ခွင်ထဲတွင်မူ နုနယ်သော မိန်းကလေးငယ်တစ်ဦး ပါလာသည်။ သူမ၏ ဂျူနီယာမောင်လေးအတွက် စိတ်ပူနေသဖြင့် မုဝမ်ရွှမ်းသည် ချီဝမ်ကို အတင်းအကျပ်ပွေ့ချီကာ နောက်မှ လိုက်လာခြင်းဖြစ်သည်။
“အား… ကျွန်မကို အရင်ချပေးပါဦး”
“အွန်း”
“ချပေးပါဆို”
“အွန်း”
ချီဝမ် စိတ်လွတ်သွားတော့မည့် အခြေအနေတွင် ရှိနေသည်။ သူမ၏စီနီယာအစ်မက သူမကို သတို့သမီးတစ်ယောက်ကို ပွေ့ချီထားသလို ရင်ခွင်ထဲထည့်ကာ တက္ကသိုလ်ဝင်းအတွင်း လျင်မြန်စွာ ပြေးလွှားနေသဖြင့် လေတိုးသံမှာ သူမ၏နားထဲတွင် အူထွက်နေလေသည်။
တက္ကသိုလ်ဝင်းမှာ ကျယ်ဝန်းသော်လည်း ကျောင်းသားများဆုံတွေ့ရန် သီးသန့်နေရာအနည်းငယ်သာရှိသည်။ နေရာအများစုမှာ စာသင်ဆောင်များအတွက် ဖြစ်သည်။ ထို့ကြောင့် ဆံပင်တိုနှင့် အမျိုးသမီးသည် လွတ်မြောက်ရန် တိတ်ဆိတ်သောနေရာကို အလောတကြီးရှာဖွေနေသော်လည်း ကျောင်းသားများသွားလာနေသောနေရာသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
ဤမျှ မြန်ဆန်သော အရှိန်ဖြင့် ပြေးနေသဖြင့် သူမသည် လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားသည်။ ဝမ်ရှန်းကလည်း သတ်ဖြတ်လိုသော အရှိန်ဝါများဖြင့် နောက်မှ ထပ်ကြပ်မကွာလိုက်ပါလာရာ လူအများမှာ အံ့အားသင့်သွားကြရသည်။
ဒါ... အားကစားမေဂျာက တွဲခုတ်နေတဲ့ စုံတွဲတစ်တွဲရဲ့ ရန်ပွဲလား…။
ခဏအကြာတွင် မုဝမ်ရွှမ်းက ချီဝမ်ကို ညင်သာစွာ ပွေ့ချီပြီး သူတို့နောက်သို့ လိုက်လာသည်ကို မြင်လိုက်ရသောအခါ အခြေအနေမှာ ပို၍ပင် ရှုပ်ထွေးသွားတော့သည်။ ကျောင်းသားများသာမက ကျောင်းဝင်းတစ်ခုလုံးကို စောင့်ကြည့်နေသော စုံစမ်းစစ်ဆေးရေးမှူးများကလည်း ထိုလိုက်လံမှုကို သတိပြုမိသွားကြသည်။ ဒရုန်းနှစ်စင်းသည် ကောင်းကင်ယံမှ ချက်ချင်း ဆင်းသက်လာပြီး လိုက်လံဖမ်းဆီးနေသည့် မြင်ကွင်းကို မှတ်တမ်းတင်လိုက်သည်။
“တာအိုဆရာဝမ်ရှန်း လိုက်နေတာ ဘယ်သူလဲ”
“အဲဒီခြေလှမ်းသိုင်း... သူမက ကျင့်ကြံသူပဲ။ သူဟာ သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းက အဆင့်မြင့်အဖွဲ့ဝင်တစ်ယောက်ကို ဖော်ထုတ်နိုင်လိုက်တာဖြစ်နိုင်တယ်”
ဆိုဖာပေါ်တွင် ခဏမျှ မှေးခနဲ အိပ်ပျော်သွားသော မုရွှယ်သည် ကယောင်ကတမ်းဖြစ်နေဆဲပင်။ သို့သော် ဒရုန်းမှ ပေးပို့လာသော မှတ်တမ်းကို မြင်လိုက်ရသောအခါ သူမသည် ညွှန်ကြားချက်များကို လျင်မြန်စွာ ထုတ်ပြန်လိုက်သည်။
“အားလုံး အသင့်ပြင်ကြ။ ကျောင်းထွက်ပေါက်အားလုံးကို အခုချက်ချင်း ပိတ်လိုက်…. အဲဒီအမျိုးသမီး လွတ်သွားလို့ လုံးဝမဖြစ်ဘူး”
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထိပ်တန်းအင်အားစုများသည် ချက်ချင်းပင် လှုပ်ရှားလာကြသည်။ ကျောင်းဝင်းအတွင်း ရောက်ရှိနေပြီးသားသူများသည် လျင်မြန်စွာ စုရုံးကြပြီး ထွက်ပေါက်အားလုံးဆီသို့ ပြေးသွားကြတော့သည်။
ဆံပင်တိုနှင့် အမျိုးသမီးသည် ချီဝမ်ကို တိုက်ခိုက်လိုက်သည့် အချိန်ကတည်းက သူမကိုယ်သူမ ဖော်ထုတ်လိုက်သလိုဖြစ်သွားပြီး သူမ၏ ဆုတ်ခွာမည့်လမ်းကို ကိုယ်တိုင်ဖြတ်တောက်လိုက်မိသည်ကို မသိရှိခဲ့ပေ။ သူမ၏ အစီအစဉ်က ထိုသို့မဟုတ်ပေ၊၊ သူမလက်ခံရရှိထားသောအမိန့်မှာ ချီဝမ်ကို ဖယ်ရှားပြီး ချက်ချင်းဆုတ်ခွာရန်ဖြစ်သည်။ သူမအနေဖြင့် လွတ်မြောက်ရန်အချိန်နှင့် အခွင့်အရေးအလုံအလောက်ရသင့်သည်။ သူမ လုံးဝမထင်ထားခဲ့သည်မှာ ချီဝမ်နောက်သို့ ကန်ဘေးအထိ လိုက်ပါလာသော အန္တရာယ်မရှိပုံရသည့် အမျိုးသားနှင့် အမျိုးသမီးမှာ သူမ၏ကျင့်ကြံခြင်းအဆင့်ထက် များစွာသာလွန်သော ကျင့်ကြံသူများဖြစ်နေခြင်းပင်။
သူတို့က သာမန်ရဲတွေ မဟုတ်ဘူး။
သူမ၏ ပထမဆုံးအသိစိတ်က ထွက်ပြေးရန်ဖြစ်သော်လည်း တန်ဖိုးကြီးသော ဆေးလုံးနှစ်လုံးကိုပင် အသုံးပြုခဲ့ပြီးဖြစ်သော်လည်း လွတ်မြောက်မည့်လမ်းကို မတွေ့ရှိနိုင်သေးပေ။ သူမ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုများ ပြန့်နှံ့လာတော့သည်။
ကျောင်းဝင်းအတွင်းရှိ သစ်ပင်ရိပ်လမ်းပေါ်တွင် လူတစ်ဒါဇင်ကျော်၏ ကြည့်ရှုမှုအောက်၌ ဝမ်ရှန်းသည် ထပ်မံ လိုက်မီသွားပြန်သည်။ သူသည် လက်ချောင်းများကို ကွေးကာ အမျိုးသမီး၏ လည်ပင်းကို လှမ်းဖမ်းလိုက်၏။ သူမသည် ထုံးစံအတိုင်း အကွက်ဟောင်းအတိုင်း ငွေအပ်သုံးချောင်းကို လွှဲပစ်လိုက်သည်။ သို့သော် ဝမ်ရှန်းက ၎င်းကို မျှော်လင့်ထားပြီးသားဖြစ်သည်။ သူ၏လက်သည်းကုတ်ချက်မှာ လှည့်ကွက်တစ်ခုသာဖြစ်သည်။ သူမ တုံ့ပြန်လိုက်သည်နှင့် တပြိုင်နက် ဝမ်ရှန်းသည် ကိုယ်ကို ယိမ်း၍ အပ်သုံးချောင်းကို ရှောင်ရုံသာမက သူမ၏ ပုခုံးကို ဖမ်းဆုပ်ကာ ဘေးသို့ လွှဲပစ်လိုက်သည်။
ကန်ဘေးတွင် သူမက ချီဝမ်ကို မည်သို့ သတ်ရန် ကြိုးပမ်းခဲ့သည်ကို ပြန်လည်သတိရလိုက်သောအခါ ဝမ်ရှန်းတွင် သူမအပေါ် ကရုဏာစိတ်လုံးဝမရှိတော့ပေ။ သက်သေဖျောက်ရန်အတွက် အသက်တစ်ချောင်းကို သတ်ရန် ရက်စက်သူတစ်ဦးအား သက်ညှာနေစရာအကြောင်းမရှိပေ။
ဂျွတ်။
ဆံပင်တိုနှင့် အမျိုးသမီးသည် သူမ၏ပုခုံးကို ပြုတ်တူဖြင့် အညှပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမ မတုံ့ပြန်နိုင်မီမှာပင် ထိုလက်မှာ ပိုမိုတင်းကြပ်လာပြီး ထက်မြက်လှသော အစစ်အမှန်ချီများ စီးဝင်လာကာ သူမ၏ သွေးကြောမျှင်များကို ဖျက်စီးပစ်လိုက်တော့သည်။
ဂျွတ်။
သူမ၏ အရိုးများ ကျယ်လောင်စွာ အက်ကွဲသွားသည်။ ဆံပင်တိုနှင့် အမျိုးသမီးလည်း တုန်လှုပ်သွားပြီး သူမရှေ့မှ အမျိုးသားကို ထိတ်လန့်စွာ ကြည့်နေမိသည်။
“ကျွန်မ... ကျွန်မကို ချမ်းသာပေးပါ”