အခန်း ၁၂၂
Vol. 13 Ch. 122
အပိုင်း (၁၂၂)
ညလေညင်းသည် အေးမြသောဇရပ်ကို ဖြတ်သန်းတိုက်ခတ်သွားပြီး ကြာကန်တစ်လျှောက် လှိုင်းဂယက်များကို ဖြစ်ပေါ်စေကာ ကြာပန်းရနံ့များကို သယ်ဆောင်လာခဲ့၏။
လရောင်သည် ဇာကန့်လန့်ကာများမှတစ်ဆင့် ဖြာကျနေပြီး မယ်တော်ကြီးကျန်းက သူမ၏လက်ချောင်းများကြားတွင် ပျင်းရိစွာ လှည့်ကစားနေသော ဖန်စီပုတီးစေ့များကို လင်းလက်သွားစေသည်။ တောက်ပပြီး ကြည်လင်နေသော ပုတီးစေ့များသည် သူမ၏လက်ကောက်ဝတ်တွင် နှစ်ပတ်ရစ်ကာ လျော့ရဲရဲ ဝတ်ဆင်ထား၏။ သူမ၏လက်များကို ကောင်းစွာ ထိန်းသိမ်းထားသော်လည်း လျော့ရဲလာသော အရေပြားနှင့် ပိုလို့ပင် ထင်ရှားလာသော သွေးကြောများက ပျောက်ကွယ်သွားသော နုပျိုမှုများကို တိတ်ဆိတ်စွာ သက်သေပြနေခဲ့သည်။
ပုတီးစေ့များကို တစ်ဝက်လောက် လှည့်ပြီးနောက် အသက်ကြီးကြီး အထိန်းတော်ကြီးတစ်ဦးသည် ဇရပ်ဆီသို့ ချဉ်းကပ်လာပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။ "မယ်တော်ကြီး၊ အစီအစဉ်တွေ အကုန်လုံး လုပ်ပြီးပါပြီ"
မယ်တော်ကြီးကျန်းက ဘာမှ ပြန်မဖြေလိုက်ဘဲ မျက်လုံးများကို မှိတ်ထားလျက် ဖန်စီပုတီးစေ့များကို ဆက်ပြီးလှည့်နေခဲ့၏။ အထိန်းတော်ကြီးသည် တိတ်ဆိတ်သွာ ပြန်ဆုတ်သွားလိုက်ပြီး သူမ၏ဘေးတွင် ရပ်လိုက်လေသည်။
အချိန်အတော်ကြာပြီးနောက် မယ်တော်ကြီးကျန်းသည် နောက်ဆုံးတော့ ဇရပ်အပြင်ဘက်ရှိ အရည်ပျော်ကျနေသော လရောင်ဆီသို့ မျက်လုံးကို ပင့်ကြည့်လိုက်၏။ "သေသွားတာတောင်မှ မိဖုရားရှုက ငါ့အတွက် ဒီလို ကြီးမားတဲ့ ဘေးဒုက္ခကြီးကို ချန်ထားရစ်ခဲ့တာပဲ"
အထိန်းတော်ကြီးက ပြန်ဖြေလိုက်သည်။ "မိဖုရားရှုနဲ့ သူ့သားက သေသွားကြပါပြီ။ အခု ထီးနန်းဆက်ခံထားတာက ကျွန်မတို့ရဲ့ အရှင်မင်းကြီးဖြစ်ပြီး မယ်တော်ကြီးက ချန်ဝမ်ရဲ့ တော်ဝင်နန်းတော် တစ်ခုလုံးကို ဩဇာလွှမ်းမိုးထားတာပါ။ သူတို့ရဲ့ နောက်ဆုံး ရုန်းကန်မှုက အရှင်မင်းကြီးကို ဒဏ်ရာရစေပြီး အဲဒီ လျှို့ဝှက်ရောဂါကို ကျန်ရစ်စေခဲ့တယ်ဆိုပေမယ့် ကုသဖို့ နည်းလမ်းတွေ ရှိနေသေးတယ် မဟုတ်လား။ သေသွားတဲ့သူ နှစ်ယောက်အတွက် ဘာလို့ စိတ်ပူနေရဦးမှာလဲ"
ဤစကားများသည် မယ်တော်ကြီးကျန်း၏ နှလုံးသားကို ထိခိုက်သွားစေပုံရ၏။ သူမက သက်ပြင်းချလိုက်သည်။ "ကံဆိုးမှုထဲမှာ ကံကောင်းမှုတွေ ရှိနေတတ်ပြီး ကံကောင်းမှုထဲမှာလည်း ကံဆိုးမှုတွေ ပုန်းကွယ်နေတတ်တယ်လို့ ပြောကြတယ်။ အရာအားလုံးက ကံကြမ္မာရဲ့ ဖန်တီးမှု ဖြစ်ကောင်းဖြစ်လိမ့်မယ်။ အရှင်မင်းကြီးသာ အဲဒီ လျှို့ဝှက်ရောဂါကို မခံစားခဲ့ရဘူးဆိုရင် ကျန်းမိသားစုရဲ့ အခုလက်ရှိ ဘုန်းတန်ခိုးကို သူက သည်းခံချင်မှ သည်းခံလိမ့်မယ်"
ချန်ဝမ် ထီးနန်းဆက်ခံခြင်းသည် မိခင်ဘက်မှ ကျန်းမျိုးနွယ်စု၏ ထောက်ခံမှုကို အကြီးအကျယ် မှီခိုခဲ့ရသည်။ သို့သော် နန်းတက်ခါစ ဘုရင်သစ်များသည် မိခင်ဘက်မှ ဆွေမျိုးများ၏ လွှမ်းမိုးမှုအောက်တွင် မကြာခဏ ဒေါသထွက်တတ်ကြပြီး အပြင်အဆွေမျိုးများကို သုတ်သင်ရှင်းလင်းရန် မလှုပ်ရှားခင် ၎င်းတို့၏ ကိုယ်ပိုင်သစ္စာခံများကို ပျိုးထောင်လေ့ရှိကြ၏။
ကျန်းမိသားစုသည် ထီးနန်းဆက်ခံရေး တိုက်ပွဲသာ ကျရှုံးခဲ့လျှင် လုံးဝ သုတ်သင်ခံရမည့် အန္တရာယ်ကို စွန့်စားခဲ့ကြခြင်းဖြစ်သည်။ ထိုအရာအားလုံးကလည်း စည်းစိမ်ဥစ္စာနှင့် အဆင့်အတန်းကို ရှာဖွေရန်အတွက်သာ ဖြစ်ပြီး နောက်ပိုင်းတွင် စာရင်းရှင်းခံရရန် မဟုတ်ပေ။
မယ်တော်ကြီးကျန်းသည် ကြားဝင်ဖြန်ဖြေသူအဖြစ် ဆောင်ရွက်ခဲ့သည်။ သို့သော် ချန်နိုင်ငံသည် ပြည်တွင်းရေးပဋိပက္ခများနှင့် ပြင်ပခြိမ်းခြောက်မှုများကြောင့် ဒုက္ခရောက်နေသဖြင့် ကျန်းမိသားစု၏ အပြည့်အဝ ထောက်ခံမှုရှိနေလင့်ကစား ချန်ဝမ်၏ ထီးနန်းအာဏာသည် မတည်မငြိမ် ဖြစ်နေဆဲပင်။ အခြေအနေအရ ဖိအားပေးခံရသဖြင့် မယ်တော်ကြီးသည် စစ်ရေးအကူအညီရရှိရန် တာ့လျန်နှင့် လက်ထပ်မင်္ဂလာ မဟာမိတ်ဖွဲ့ရန် ရှာဖွေခဲ့ပြီး သူမနှင့် သူမ၏သားတော်အတွက် ပိုအင်အားကြီးမားသော မဟာမိတ်ကို ဆွဲဆောင်ခဲ့၏။
ဤအရာက ကျန်းမိသားစုနှင့် အက်ကွဲကြောင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ သူတို့သည် ကျန်းသမီးပျိုတစ်ဦးကို မိဖုရားခေါင်အဖြစ် ခန့်အပ်ရန် ရည်ရွယ်ချက်ဖြင့် ချန်ဝမ် ထီးနန်းဆက်ခံခြင်းကို ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ထိုစဉ်က မယ်တော်ကြီးကျန်းနှင့် အိမ်ရှေ့စံ ချန်ဝမ်တို့ကဲ့သို့ပင် မိဖုရားခေါင်သစ်မှ မွေးဖွားလာမည့် မည်သည့် မင်းသားမဆို ကျန်းမိသားစုအပေါ် ဆက်ပြီး မှီခိုနေရမည်ဖြစ်ပြီး မျိုးနွယ်စု၏ ရေရှည်တည်တံ့သော ဩဇာလွှမ်းမိုးမှုကို သေချာအောင် လုပ်ထားနိုင်လိမ့်မည်။
တာ့လျန်၏ ဝင်ရောက်စွက်ဖက်မှုနှင့်အတူ မိဖုရားခေါင်ရာထူးသည် ကျန်းမိသားစု၏လက်နှင့် လွဲချော်ခဲ့ရသည်။ ယခု သူတို့ မျှော်မှန်းနိုင်သော အမြင့်မားဆုံးသော ဂုဏ်ကျက်သရေမှာ သူတို့၏ သမီးပျိုကို တော်ဝင်မိဖုရားအဖြစ် ခန့်အပ်ခံရခြင်းသာ ဖြစ်တော့သည်။
သို့သော် တာ့လျန်၏ အကူအညီမပါဘဲ ချန်ဝမ်သာ ထီးနန်းဆက်ခံရေး တိုက်ပွဲတွင် ကျရှုံးခဲ့ပါက ကျန်းမိသားစုတစ်ခုလုံးသည် မိဖုရားရှုအဖွဲ့၏ သုတ်သင်ရှင်းလင်းမှုကို ချက်ချင်း ရင်ဆိုင်ခဲ့ရပေလိမ့်မည်။ နောက်ဆုံးတွင် ကျန်းမိသားစုသည် သူတို့၏သမီးပျိုအတွက် မိဖုရားရာထူးကို မကျေမနပ်ဖြင့် လက်ခံရုံမှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပေ။
ပြင်းထန်သော ထီးနန်းဆက်ခံရေး တိုက်ပွဲအတွင်း မိဖုရားရှုအဖွဲ့သည် အသည်းအသန် နောက်ဆုံး ထိုးစစ်တစ်ခုကို မမျှော်လင့်ဘဲ ပြုလုပ်ခဲ့ကြသည်။ ပရမ်းပတာဖြစ်နေသည့် အခြေအနေထဲတွင် ချန်ဝမ်သည် ဝမ်းဗိုက်အောက်ပိုင်းတွင် ဓားဖြင့် ခုတ်ခံလိုက်ရပြီး တစ်သက်တာ လျှို့ဝှက်ရောဂါတစ်ခုနှင့် ကျန်ရစ်စေခဲ့၏။
ထိုအချိန်မှစ၍ ချန်ဝမ်သည် သူ၏စိတ်အားထက်သန်မှုကို ဘယ်တော့မှ ပြန်လည်မရရှိခဲ့တော့ဘဲ စိတ်နေသဘောထားမှာ ပိုမှုန်ကုပ်ပြီး ထူးဆန်းလာခဲ့သည်။ သူသည် အုပ်ချုပ်ရေးကို အမတ်ချုပ်ကျန်းထံ လွှဲပြောင်းပေးခဲ့သော်လည်း အမှန်တရားကို မသိကြသော သစ္စာရှိ ဝါရင့်အမတ်ကြီးများသည် ဘုရင်၏ တာဝန်မဲ့မှုအတွက် စိတ်ပျက်ဒေါသထွက်ကာ နန်းတွင်းတွင် အမတ်ချုပ်ကို ဆန့်ကျင်သော ချိန်ခွင်လျှာတစ်ခုကို ဖွဲ့စည်းခဲ့ကြလေသည်။
ရွေးချယ်မှုမှတစ်ဆင့် နန်းတော်အတွင်းသို့ ဝင်ရောက်လာသော အရာရှိများ၏ သမီးပျိုများသည် နောက်ဆုံးတွင် ချန်ဝမ်၏ အခြေအနေကို သိရှိသွားပြီး သစ္စာရှိ ဝါရင့်အမတ်ကြီးများက တော်ဝင်မိသားစုမှ ဘုရင်သစ်တစ်ပါးကို ရှာဖွေရန် တွန်းအားပေးလာမှာကို စိုးရိမ်သဖြင့် မယ်တော်ကြီးကျန်းနှင့် ကျန်းမိသားစုသည် ဝိန်းယွီနှင့် ဘုရင်၏ လက်ထပ်ရန် စာချုပ်ကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ဖျက်သိမ်းခဲ့ကြသည်။
သံသယဖြစ်ခြင်းကို ရှောင်ရှားရန် ချန်ဝမ် အိမ်ရှေ့စံဘဝကတည်းက အမှုထမ်းခဲ့သော အစေခံမလေးများကိုသာ နန်းတော်အတွင်း ဆက်ပြီးထားရှိခဲ့၏။ ဤအမျိုးသမီးများသည် အဆင့်အတန်းနိမ့်ကျပြီး တချို့မှာ အစေခံမျိုးရိုးမှပင် ဖြစ်သောကြောင့် သူတို့ကို ထိန်းချုပ်ရန် လွယ်ကူစေခဲ့သည်။
ဤအချိန်တွင် မယ်တော်ကြီးကျန်းနှင့် ကျန်းမိသားစုတို့သည် သဘောတူညီချက်တစ်ခု ရရှိခဲ့ကြ၏။ ထီးနန်းသည် အခြားသူများလက်ထဲသို့ မကျရောက်စေရ။ ချန်ဝမ်တွင် လျှို့ဝှက်ရောဂါ ရှိနေမှတော့ ကျန်းမိသားစု၏ မျိုးဆက်တစ်ဦးကို တော်ဝင်အမွေဆက်ခံသူအဖြစ် ဘာကြောင့် ထားခွင့်မရှိရပါမည်နည်း။
သို့သော် လျန်အမျိုးသမီးသည် မြင့်မြတ်သော အဆင့်အတန်းရှိပြီး လက်ထပ်ပြီးနောက် လျန်တနိုင်ငံလုံးက သူမ၏ နောက်ခံအဖြစ် ရှိနေသည်။ ကျန်းသမီးပျိုတစ်ဦးကို နန်းတော်ထဲသို့ ဝင်ရောက်စေပြီး ကလေးမွေးဖွားကာ လျန်အမျိုးသမီးနှင့် ယှဉ်ပြိုင်စေမည့်အစား လျန်အမျိုးသမီး ကိုယ်တိုင်က ကျန်းသွေးပါသော ကလေးကို မွေးဖွားစေခြင်းက အများကြီး ပိုအကျိုးအမြတ်များပေလိမ့်မည်။
ကျန်းမိသားစု၏ မျိုးဆက်သစ်များထဲတွင် ကျန်းယွီသည် ရုပ်ရည်နှင့် အရည်အချင်းတွင် အထင်ရှားဆုံးဖြစ်ပြီး မြို့တော်ရှိ မရေမတွက်နိုင်သော မြင့်မြတ်သည့် အမျိုးသမီးများ၏ တိတ်တိတ်လေး သဘောကျမှုကို ခံရသူ ဖြစ်သည်။
ကျန်းယွီသာ လျန်အမျိုးသမီးကို စိတ်လွတ်သွားအောင် ဆွဲဆောင်နိုင်ပြီး သူနှင့် လျှို့ဝှက်စွာ တရားမဝင် ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ပါက သူမသည် ကျန်းမိသားစုနှင့် မလွှဲမသွေ ပူးပေါင်းသွားလိမ့်မည်။
ဤသည်က မယ်တော်ကြီးကျန်းနှင့် ကျန်းမိသားစုက သတို့သမီးကို စောင့်ရှောက်ခေါ်ဆောင်လာရန် ကျန်းယွီကို စေလွှတ်ခဲ့ရသည့် တကယ့် အကြောင်းရင်းပင်။
သို့သော် သူမ၏တူက ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းနှင့် လျန်အမျိုးသမီးက ထူးထူးခြားခြား ပါးနပ်နေခြင်းတို့ကြောင့် မယ်တော်ကြီးကျန်းသည် ယနေ့ည အကြံအစည်ကို အသုံးပြုရုံမှလွဲ၍ ရွေးချယ်စရာ မရှိခဲ့တော့ပေ။
ဖောက်ပြန်မှု ဟူသော စွဲချက်က အနာဂတ်တွင် လျန်အမျိုးသမီးကို ထိန်းချုပ်ရန် လုံလောက်သော ဩဇာသက်ရောက်မှု ဖြစ်လာလိမ့်မည်။ ကျန်းသွေးပါသော ကလေးတစ်ဦးကို သူမ မွေးဖွားပြီးသည်နှင့် သူမကိုယ်တိုငအတွက်ဖြစ်စေ၊ သူမ၏ကလေးအတွက်ပင်ဖြစ်စေ သူမသည် ကျန်းမိသားစုကို ဆန့်ကျင်တော့မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ချန်နိုင်ငံက သူမကို လျန်နိုင်ငံ ပြန်လည်ရယူရန် ကူညီပေးသောအခါ နိုင်ငံနှစ်ခုစလုံးကို အုပ်ချုပ်မည့်သူမှာ သူမ၏ ဝိန်းမျိုးနွယ်စုပင် ဖြစ်လိမ့်မည်။
မယ်တော်ကြီးသည် သူမ၏အတွေးများကို ရပ်တန့်လိုက်ပြီး ကောင်းကင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်လေသည်။ "အချိန်နှောင်းနေပြီ။ ကျန်းနဉ်နန်းဆောင်ကို သွားကြစို့"
လကြည့်ဇရပ်မှ ကျန်းနဉ်နန်းဆောင်သို့ သွားရာလမ်းက မဝေးလှချေ။ နန်းတွင်းအစေခံမလေး နှစ်ဦးက မီးပုံးများ ကိုင်ဆောင်လျက် အရှေ့မှ လျှောက်သွားကြပြီး မယ်တော်ကြီးက အသက်ကြီးကြီး အထိန်းတော်ကြီး၏ လက်မောင်းကို မှီလျက် လမုခ်ပေါက်တစ်ခုမှတစ်ဆင့် အလျင်စလို မရှိဘဲ ဖြတ်သန်းသွားခဲ့၏။ ထိုနေရာတွင် ကျောက်ဆောင်တစ်ခု၏ အနောက်မှနေ၍ ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေသော တော်ဝင်အစောင့်တစ်ဦးသည် သူမကို မြင်သည်နှင့် တပြိုင်နက် ချက်ချင်း ထွက်ပြေးသွားခဲ့၏။ ၎င်းက အလွန် သံသယဖြစ်ဖွယ် လုပ်ရပ်တစ်ခုပင်။
ကျန်းနဉ်နန်းဆောင်တွင် သူမ ဆင်ထားသော ထောင်ချောက်ကို ပြန်လည်အမှတ်ရသွားကာ မယ်တော်ကြီးကျန်း၏ မျက်နှာအမူအရာက မည်းမှောင်သွားပြီး သူမက အမိန့်ပေးလိုက်လေသည်။ "အဲဒီ တော်ဝင်အစောင့်ကို တားလိုက်"
အတူလိုက်ပါလာသော မိန်းမစိုးတစ်ဦးက ချက်ချင်း အော်ဟစ်လိုက်သည်။ "ရပ်စမ်း! မယ်တော်ကြီးကို အရိုအသေမပေးဘဲ ထွက်ပြေးရဲတယ်ပေါ့လေ"
သူ အော်ဟစ်လိုက်စဉ် အခြားမိန်းမစိုးများက အစောင့်ကို ဖမ်းဆီးရန် အပြေးအလွှား လိုက်သွားကြ၏။ အဝေးမှ ကင်းလှည့်နေသော တော်ဝင်အစောင့်များကလည်း သတိထားမိသွားပုံရပြီး ချဉ်းကပ်လာကြသည်။
အစောင့်သည် ထွက်ပြေးရန် မဖြစ်နိုင်တော့သည်ကို မြင်သောအခါ ခုခံမှုကို ရပ်တန့်လိုက်၏။ သူသည် မယ်တော်ကြီးကျန်းရှေ့သို့ လျင်မြန်စွာ ခေါ်ဆောင်လာခြင်း ခံလိုက်ရလေသည်။
စစ်ဆေးမေးမြန်းမှုနှင့် ရင်ဆိုင်ရချိန်တွင် သူက ဝမ်းဗိုက်ကို နာကျင်သော အမူအရာဖြင့် ဖိကိုင်ထားလျက် တောင်းပန်လိုက်လေသည်။ "မယ်တော်ကြီး၊ ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ။ ကျွန်တော်မျိုးက မယ်တော်ကြီးကို ဂရုမစိုက်တာ မဟုတ်ရပါဘူး... အစားမှားသွားလို့ အိမ်သာကို အသည်းအသန် ရှာနေခဲ့တာပါ။ မယ်တော်ကြီးမျက်စိနောက်မှာကို စိုးရိမ်လို့ မချဉ်းကပ်ရဲခဲ့တာပါ..."
မယ်တော်ကြီးကျန်းသည် စကားတစ်ခွန်းမှ မပြောတော့ဘဲ အစောင့်ကို လမ်းဘေးတွင် ဒူးထောက်လျက် ချန်ထားခဲ့ပြီး ကျန်းနဉ်နန်းဆောင်ဆီသို့ အလျင်အမြန် သွားလိုက်၏။ သူမ၏ ခြေလှမ်းများကို သိသိသာသာ မြန်ဆန်နေတော့သည်။
မယ်တော်ကြီး၏ ဖုံးကွယ်ထားသော စိုးရိမ်ပူပန်မှုများကို သိရှိထားသည့် အထိန်းတော်ကြီးသည် သူမ၏ လက်မောင်းကို ထိန်းပေးထားရင်း သူမ၏ လျင်မြန်သော ခြေလှမ်းများနှင့်အညီ တိတ်ဆိတ်စွာ လိုက်ပါသွားခဲ့သည်။
ကျန်းနဉ်နန်းဆောင်အနီးရှိ ကျောက်ဆောင်တောကို ပတ်လျှောက်လာချိန်တွင် တော်ဝင်အစောင့်များ၏ ဒုတပ်မှူးက ရုတ်တရက် ထွက်ပေါ်လာပြီး မယ်တော်ကြီးကျန်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
"ကျွန်တော်မျိုးက မယ်တော်ကြီးကို အရိုအသေပေးပါတယ်" ဒုတပ်မှူးက လက်နှစ်ဖက်ကို ယှက်ကာ ရိုသေစွာ နှုတ်ခွန်းဆက်သလိုက်လေသည်။
သူ့ကို မြင်သောအခါ မယ်တော်ကြီးကျန်းသည် သူမ၏ သံသယများကို ပိုယုံကြည်သွားခဲ့၏။ ချန်ဝမ်က ကျန်းနဉ်နန်းဆောင်တွင် ဘာလုပ်ဖို့ ရည်ရွယ်ထားမှန်း မသေချာသော်လည်း သူက သူမ၏အစီအစဉ်များကို နှောင့်ယှက်မှာကိုတော့ သည်းခံနေမည် မဟုတ်ပေ။ ဒုတပ်မှူးကို စကားပြောဆိုရာတွင် သူမ၏ လေသံက အေးစက်ကာ သတိပေးသည့်ဟန် ဖြစ်သွားသည်။ "ဒီနေ့ည ဆောင်းဦးလယ် နန်းတွင်းညစာစားပွဲ ရှိလို့ တော်ဝင်နန်းတော်ကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားရမယ်။ တော်ဝင်အစောင့်တွေမှာ ကြီးလေးတဲ့ တာဝန်တွေ ရှိတယ်။ ဒုတပ်မှူးယန်၊ မင်းက ထိုက်ကျီနန်းဆောင်မှာ တာဝန်မကျေပွန်ဘဲ ဘာလို့ ဒီကို ရောက်နေရတာလဲ"
ဒုတပ်မှူးက ပြန်ဖြေလိုက်လေသည်။ "ကျွန်တော်မျိုးက ကင်းလှည့်နေရင်းနဲ့ ဖြတ်သွားရုံသက်သက်ပါ"
မယ်တော်ကြီးကျန်း၏ အကြည့်က တော်ဝင်အစောင့်များ၏ ဒုတပ်မှူးကို ခဏတာ စူးစမ်းစွာ ကြည့်ရှုနေပြီးနောက် ပြောလိုက်လေသည်။ "ဒုတပ်မှူးယန်၊ မင်းက တာဝန်ကျနေမှတော့ ကင်းဆက်လှည့်လို့ ရပါပြီ"
ထိုသို့ပြောပြီး သူမက သူမ၏အဖွဲ့ကို ဦးဆောင်ကာ ဒုတပ်မှူးနှင့် သူ၏အစောင့်များကို ဖြတ်ကျော်၍ ကျန်းနဉ်နန်းဆောင်ဆီသို့ သွားရန် ပြင်ဆင်လိုက်သော်လည်း ဒုတပ်မှူးက ဘေးဖယ်ပေးမည့် ရည်ရွယ်ချက် မရှိပေ။
ဒါက နောက်ဆုံးတွင် မယ်တော်ကြီးကျန်း၏ ဒေါသကို ဆွပေးလိုက်ပြီး သူမနှင့်အတူ ပါလာသော အထိန်းတော်ကြီးက တင်းမာခက်ထန်စွာဖြင့် ဆူပူလိုက်လေသည်။ "မယ်တော်ကြီးရဲ့ လမ်းကို ပိတ်ဆို့ရဲတယ်ပေါ့လေ"
ဒုတပ်မှူးက သူ၏ တော်ဝင်အစောင့်များနှင့်အတူ ဒူးတစ်ဖက် ထောက်လိုက်ရာ သံချပ်ကာအင်္ကျီ ပွတ်တိုက်သံများက ပဲ့တင်ထပ်သွားပြီး သူက ပြောလိုက်လေသည်။ "ကျွန်တော်တို့က အမိန့်ကို နာခံနေတာပါ။ မယ်တော်ကြီးက ကျွန်တော်တို့ကို အခက်မတွေ့စေဖို့ တောင်းပန်ပါတယ်"
အလွန်အမင်း ဒေါသထွက်နေသော မယ်တော်ကြီးကျန်းက အေးစက်စွာ ရယ်မောလိုက်၏။ "ကွယ်လွန်သွားတဲ့ အရှင်မင်းကြီး သက်ရှိထင်ရှား ရှိစဉ်ကတောင် မိဖုရားရှု ဘယ်လောက်ပဲ မျက်နှာသာပေးခံရပါစေ၊ သူ့ခွေးတွေတောင် ငါ့လမ်းကို မပိတ်ရဲခဲ့ဘူး။ ဒုတိယတပ်မှူးယန်၊ မင်းက တကယ်ကို အထင်ကြီးစရာ ကောင်းတာပဲ!"
သူမက ဒုတိယ ဟူသော စကားလုံးကို တမင်သက်သက် ဖိပြောလိုက်၏။
ဒုတပ်မှူးက ကြောက်ရွံ့စွာဖြင့် သူ၏ခေါင်းကို ပိုနိမ့်အောင် ငုံ့ထားလိုက်လေသည်။ "မယ်တော်ကြီး၊ စိတ်လျှော့ပါ"
ထိုအခိုက်အတန့်တွင် ကျန်းနဉ်နန်းဆောင်မှနေ၍ ထူထဲသည့် မီးခိုးငွေ့များသည် ရုတ်တရက် အူထွက်လာပြီး မှိန်ဖျော့ဖျော့ မီးတောက်များ တဖျတ်ဖျတ် လင်းလက်လာခဲ့သည်။ မယ်တော်ကြီးကျန်း၏ ဒေါသက ထိတ်လန့်အမှုအဖြစ် ပြောင်းလဲသွားပြီး သူမက အော်ဟစ်လိုက်၏။ "မီး! မြန်မြန်၊ မီးငြှိမ်းကြစမ်း!"
ချန်ဝမ်သည် ဒေါသအလျောက် ကျန်းယွီနှင့် ဝိန်းယွီကို မီးရှို့ခဲ့လေသလားဟူသော အတွေးက မယ်တော်ကြီးကျန်း၏ ခြေလက်များကို ကြောက်ရွံ့မှုကြောင့် အားနည်းသွားစေခဲ့၏။
တစ်ယောက်က သူမ အချစ်ရဆုံး တူဖြစ်ပြီး နောက်တစ်ယောက်က တာ့လျန်၏ မင်းသမီး— ချန်နှင့် တာ့လျန်ကြားက မဟာမိတ်ကို ထိန်းသိမ်းရန် အဓိကသော့ချက်ဖြစ်သလို ချန်၏ မိဖုရားခေါင်လည်း ဖြစ်ပေသည်။
ဤနှစ်ယောက်သာ တစ်ခုခု ဖြစ်သွားပါက ချန်နိုင်ငံ တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားပေလိမ့်မည်။
ဒုတပ်မှူးသည် မီးတောက်များကို လှည့်ကြည့်လိုက်ပြီး ချွေးအေးများ ပျံလာခဲ့သည်။ သူသည် မယ်တော်ကြီးကျန်းနှင့် ကျန်းမိသားစု တစ်ခုလုံးကို ရင်ဆိုင်ရဲပြီး ချန်ဝမ်အပေါ် သစ္စာရှိကြောင်း ကတိပြုခဲ့ခြင်းမှာ အနာဂတ်တွင် ဘုရင်ပြီးလျှင် ဒုတိယ အာဏာအရှိဆုံး နေရာတစ်ခုကို ရရှိမည့် အခွင့်အရေးအတွက်သာ ဖြစ်၏။
မည်သို့ပင်ဆိုစေ ယနေ့ခေတ် ချန်တွင် နန်းတွင်းမှသည် စစ်တပ်အထိ ကျန်းမိသားစုက ဩဇာလွှမ်းမိုးထားသည်။ သူ၏ဖခင်သည် အမတ်ချုပ်ကျန်းနှင့် နိုင်ငံရေးအမြင် ကွဲလွဲနေသည်မှာ ကြာပြီဖြစ်ပြီး သူသည်လည်း နန်းတွင်းသို့ ဝင်ရောက်လာကတည်းက ကျန်းမိသားစု၏ ဆက်တိုက် ဖိနှိပ်မှုကို ရင်ဆိုင်ခဲ့ရသည်။ အထက်သို့ တက်လှမ်းရန် သူတို့၏ ထိန်းချုပ်မှုမှ လွတ်မြောက်မှ ဖြစ်လိမ့်မည်။
ဘုရင့်အဖွဲ့အပေါ် သစ္စာရှိသော ဝါရင့်အမတ်ကြီးများသည် သူ တော်ဝင်အစောင့်များ၏ ဒုတပ်မှူး နေရာကို ရရှိရန် အလွန် ခက်ခက်ခဲခဲ လုပ်ဆောင်ပေးခဲ့ကြသည်။ သူသည် ချန်ဝမ်နှင့် နီးကပ်စွာရှိနေသော သူတို့၏ မျက်လုံးများနှင့် နားများ ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် ဘုရင်၏ ယုံကြည်မှုကို ရရှိကာ ချန်ဝမ်၏ အဓိပ္ပါယ်မဲ့သော အပြုအမူများ နောက်ကွယ်က အမှန်တရားကို သိရှိလာခဲ့သည်။ ချန်ဝမ်၏ တစ်ဦးတည်းသော လူယုံအဖြစ် သတ်မှတ်ခံရကာ သဘာဝကျကျပင် ပိုမြင့်မားသော နေရာသို့ တက်လှမ်းရန် ရှာဖွေခဲ့၏။
အကယ်၍ သူက အမှန်တရားကို ဝါရင့်အမတ်ကြီးများအား ဖွင့်ဟလိုက်ပြီး သူတို့က ဘုရင်သစ်တစ်ပါးကို တင်မြှောက်လိုက်မည်ဆိုပါက သူ၏ လက်ရှိ အဆင့်အတန်းကို ဆက်ပြီးထိန်းသိမ်းနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ယနေ့ညတွင် တော်ဝင်အစောင့်များအတွင်းရှိ သူ၏ သတင်းပေးများမှတစ်ဆင့် မယ်တော်ကြီးကျန်း၏ လှုပ်ရှားမှုများကို သိရှိသွားသည်နှင့် တပြိုင်နက် ချန်ဝမ်ကို ချက်ချင်း အသိပေးခဲ့သည်။
လျန်အမျိုးသမီးက ကျန်းသွေးပါသော ကလေးတစ်ဦးကို မွေးဖွားခဲ့ပါက မယ်တော်ကြီးကျန်းနှင့် ကျန်းမိသားစုက သူ့ကို လုံးဝ စွန့်ပစ်ပြီး ဘုရင်သစ်ကို ထောက်ခံမည်ကို ချန်ဝမ်ကလည်း စိုးရိမ်နေခဲ့သည်။ သူ့အပေါ် သစ္စာရှိသော ဝါရင့်အမတ်ကြီးများသည် စိတ်ပျက်နေသည်မှာ ကြာပြီဖြစ်သည်။ ဘုရင်သစ်တစ်ပါးကို ပေးအပ်လိုက်ပါက သူတို့သည် သူတို့၏ မျှော်လင့်ချက်များကို အလွယ်တကူ ပြောင်းရွှေ့သွားကြပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် ချန်ဝမ်သာ ရုတ်တရက် သေဆုံးသွားခဲ့ပါက ဘယ်နန်းတွင်းအရာရှိကမှ မေးခွန်းထုတ်လိမ့်မည် မဟုတ်ပေ။
ထိုလမ်းဆုံးကို ရှောင်ရှားရန် ချန်ဝမ်သည် မယ်တော်ကြီးကျန်းနှင့် ကျန်းမိသားစု၏ အစီအစဉ်များကို ဖျက်ဆီးရန် အကြံအစည်များ လျှို့ဝှက်စွာ ကြံစည်နေခဲ့သည်။
လျန်အမျိုးသမီးသည် ချန်ဝမ်၏ အကြီးမားဆုံးသော အကာအကွယ်ပင်။ သူမ၏ ကလေးက ကျန်းသွေး မပါသရွေ့ သူမနှင့် ကျန်းမိသားစုသည် ဆန့်ကျင်ဘက် ဖြစ်နေလိမ့်မည်။
မယ်တော်ကြီးကျန်းက ဖောက်ပြန်မှု စွဲချက်များဖြင့် လျန်အမျိုးသမီးကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ပြီး ချန်ဝမ်ကလည်း ထိုအတိုင်း လုပ်ဆောင်ရန် ရည်ရွယ်ခဲ့၏။
စောင့်ကြည့်ရန် သူ စေလွှတ်ထားသော တော်ဝင်အစောင့်များသည် မယ်တော်ကြီး ချဉ်းကပ်လာသည်ကို သတိပြုမိသည်နှင့် တပြိုင်နက် တမင်သက်သက် ရုတ်ရုတ်သဲသဲ လုပ်ခဲ့ကာ အချက်ပြခဲ့ကြသည်။ မယ်တော်ကြီးကို တားဆီးရန် သူ့လူများကို ဤနေရာသို့ ဦးဆောင်ခေါ်လာချိန်တွင် ချန်ဝမ်ကို လှုပ်ရှားရန် တိုက်တွန်းဖို့ လူတစ်ဦးကို ချက်ချင်း စေလွှတ်ခဲ့သည်။ သို့နှင့်များ ကျန်းနဉ်နန်းဆောင်က ဘယ်လိုဖြစ်ပြီး ရုတ်တရက် မီးလောင်သွားရပါသနည်း။
တော်ဝင်အစောင့်များ၏ ဒုတပ်မှူးသည်လည်း မယ်တော်ကြီး၏အတွေးနည်းတူ ချန်ဝမ်သည် ရူးသွပ်သွားသည့် အခြေအနေတွင် မီးရှို့ခဲ့လေသလားဟု စိုးရိမ်တကြီး တံတွေး မျိုချလိုက်၏။ အချိန်ထပ်မဆွဲတော့ဘဲ သူသည် တော်ဝင်အစောင့်များကို ဦးဆောင်ကာ ကယ်ဆယ်ရေးဆောင်ရွက်ရန် အလျင်စလို ထွက်လာခဲ့တော့သည်။
အထိန်းတော်ကြီးတစ်ဦးက တွဲပေးထားသည့် မယ်တော်ကြီးကျန်းသည် ကျန်းနဉ်နန်းဆောင် အတွင်းရှိ အခြေအနေကို ကြည့်ရန် အသည်းအသန် ဖြစ်နေသော်လည်း သူမ၏ လုံခြုံရေးအတွက် စိုးရိမ်သော အထိန်းတော်ကြီးက တားဆီးထားခဲ့သည်။
ဝမ်းနည်းပူဆွေးမှုများ လွှမ်းမိုးသွားကာ မယ်တော်ကြီးကျန်းက ငိုကြွေးလိုက်လေသည်။ "ငါ့ရဲ့ ယွီအာ..."
သူမ၏ စကားသံများ ပျောက်ကွယ်သွားသည်နှင့် အနောက်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာခဲ့၏။ လှည့်ကြည့်လိုက်သောအခါ ထိုက်ကျီနန်းဆောင်မှ နန်းတွင်းအရာရှိများ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည်။
မျက်ခွံများက စိုးရိမ်တကြီး လှုပ်ရှားသွားပြီး မယ်တော်ကြီးကျန်းက အရာရှိများကို မေးလိုက်လေသည်။ "မင်းတို့အားလုံး ဒီကို ဘာကိစ္စလာကြတာလဲ"
ရှေ့ဆုံးမှ စစ်သူကြီး အတော်များများသည် မီးငြှိမ်းသတ်နေသော နန်းတွင်းအစေခံများထံမှ ရေပုံးများကို လုယူကာ အထဲရှိ ရေများဖြင့် သူတို့ကိုယ်သူတို့ လောင်းချလိုက်ကြသည်။ "ကျန်းနဉ်နန်းဆောင် မီးလောင်နေပြီး အရှင်မင်းကြီး အထဲမှာ ပိတ်မိနေတယ်လို့ ကျွန်တော်တို့ ကြားပါတယ်" သူတို့က ကြေညာလိုက်လေသည်။ "အရှင်မင်းကြီးကို ကယ်တင်ဖို့ ကျွန်တော်တို့ လာခဲ့တာပါ။ မယ်တော်ကြီး စိုးရိမ်စရာ မလိုပါဘူး— ကျွန်တော်တို့ အရှင်မင်းကြီးကို သေချာပေါက် ခေါ်ထုတ်လာခဲ့ပါ့မယ်!"
ထိုသို့ပြောပြီးနောက် စစ်သူကြီးများသည် အကျိုးဆောင်မှုအတွက် ယှဉ်ပြိုင်နေကြသကဲ့သို့ မီးခိုးများ ပြည့်နှက်နေသော ကျန်းနဉ်နန်းဆောင် အတွင်းသို့ ပြေးဝင်သွားကြ၏။ မယ်တော်ကြီးကျန်း၏ နှလုံးသားက ခုန်ပေါက်နေပြီး သူတို့၏ ဖောက်ပြန်မှုများ ပေါ်ပေါက်သွားမည်ကို ထိတ်လန့်နေခဲ့သည်။ သူမက သူတို့ကို တားချင်ခဲ့သော်လည်း နောက်ကျသွားခဲ့လေပြီ။
ဆံပင်များ တစ်ဝက်ခန့် ဖြူနေပြီဖြစ်သော ဝါရင့်အမတ်ကြီးများသည် ဘေးတွင် ရပ်နေကြပြီး မိန်းမစိုးများနှင့် တော်ဝင်အစောင့်များက တားဆီးထားသဖြင့် အက်ကွဲနေသော အသံများဖြင့် ငိုကြွေးကာ "အရှင်မင်းကြီး" ဟု အော်ဟစ်နေကြသည်။
မယ်တော်ကြီးကျန်းသည် အရာရှိများနှင့်အတူ ပါလာသော အမတ်ချုပ်ကျန်းနှင့် အကြည့်ချင်း ဖလှယ်လိုက်၏။ တစ်ယောက်မျက်လုံးထဲ တစ်ယောက် ကြည့်ကာ တစ်ခုလုံးကို ကယ်တင်ရန် အစိတ်အပိုင်းတစ်ခုကို စတေးမည့် ဆုံးဖြတ်ချက်ကို မြင်တွေ့လိုက်ရသည်။
သူမ၏ ခြေလက်များက အားနည်းနေဆဲဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် မယ်တော်ကြီးကျန်းသည် သူတို့၏ ချန်နိုင်ငံအတွက် ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် အပြစ်အားလုံးကို ဝိန်းယွီအပေါ်သို့ မည်သို့ လွှဲချရမည်ကို စတင် ကြံစည်နေလေသည်။
ကျန်းယွီသာ မီးထဲတွင် သေဆုံးသွားခဲ့ပါက အလောင်းစစ်ဆေးသူက အလောင်းသည် သူ့အလောင်းမဟုတ်ကြောင်း အခိုင်အမာ ပြောဆိုပြီး အစားထိုး အပြစ်ခံမည့်သူ တစ်ဦးကို ထားရှိရုံသာ ဖြစ်သည်။
သူ အသက်ရှင်ခဲ့လျှင် သူ ထွက်ပြေးလွတ်မြောက်နိုင်အောင် သေဆုံးမှုအတုအယောက်တစ်ခုကို ဖန်တီးပေးနိုင်သည့်အပြင် ထိုသေဆုံးမှုကို အသုံးချကာ သူ၏ အပြစ်များအတွက် ပေးဆပ်ခဲ့ပြီး ကျန်းမိသားစုကို ဂယက်ရိုက်ခြင်းမှလည်း ကာကွယ်နိုင်လိမ့်မည်။
ဝိန်းယွီ အတွက်ကတော့... လက်အောက်ငယ်သား တစ်ဦးနှင့် ဖောက်ပြန်ခြင်း၊ ဖယောင်းတိုင်ကို မတော်တဆ တိုက်မိပြီး မီးလောင်ကျွမ်းစေခြင်း— သူမ အသက်ရှင်သည်ဖြစ်စေ သေဆုံးသည်ဖြစ်စေ အပြစ်က သူမတစ်ယောက်တည်းအပေါ်တွင်သာ ရှိနေမည်။ လျန်နိုင်ငံက သံသယရှိလျှင်ပင် မျက်မြင်သက်သေများနှင့် သက်သေအထောက်အထားများ ရှိနေသဖြင့် သူတို့က တရားမျှတမှုကို တောင်းဆိုနိုင်မည် မဟုတ်ချေ။
မဟာမိတ် ပြိုကွဲသွားလျှင်ပင် အမည်းစက်က ဝိန်းယွီအပေါ်တွင် ရှိနေသရွေ့ လျန်နိုင်ငံကသာ အပြစ်ရှိလိမ့်မည်။ ထို့နောက်တွင် လျန်အရာရှိများက ပရမ်းပတာဖြစ်သွားနိုင်ခြေပင် ရှိသေး၏။
သို့သော် ကြီးမားသော အကျိုးအမြတ်များနှင့် ရင်ဆိုင်ရချိန်တွင် လျန်အရာရှိ တချို့က သူတို့၏ ကိုယ်ပိုင်အနာဂတ်အတွက် ဆက်ပြီး ပူးပေါင်းဆောင်ရွက်ကြမည်မှာ သေချာသော်လည်း လုပ်ငန်းစဉ်ကတော့ ပိုရှုပ်ထွေးသွားပေလိမ့်မည်။
ကြီးထွားလာသော မီးတောက်များကြားတွင် မယ်တော်ကြီးကျန်းသည် အရှေ့မှ စိန်ခေါ်မှုများကို ထုံထိုင်းစွာ တွက်ချက်နေခဲ့ပြီး အရာအားလုံးကို ဖြေရှင်းနိုင်သေးကြောင်း မိမိကိုယ်ကို ပြန်လည် အားပေးနေခဲ့သည်။
မကြာမီတွင် လူများက ကျန်းနဉ်နန်းဆောင်ထဲမှ ထွက်ပေါ်လာခဲ့ကြ၏။
သို့သော် ကယ်ဆယ်ရေးလုပ်နေသော စစ်သူကြီးများဖြစ်စေ၊ တော်ဝင်အစောင့်များဖြစ်စေ သူတို့၏ မျက်နှာအမူအရာများက ထူးဆန်းစွာ တင်းမာနေခဲ့သည်။
အပြင်ဘက်ရှိ ဝါရင့်အမတ်ကြီးများက ပိုလို့ပင် စိတ်လှုပ်ရှားလာကြသည်။ ချန်ဝမ်ကို စောင်တစ်ထည်ဖြင့် ပတ်ကာ သယ်ထုတ်လာသည်ကို မြင်သောအခါ သူတို့သည် ငိုကြွေးကာ "အရှင်မင်းကြီး" ဟု အော်ဟစ်လျက် ဆူဆူညံညံ ချဉ်းကပ်သွားရန် ကြိုးစားလေသည်။
လူအများအပြား— အားလုံးက တွန်းတိုက်၍ မရသော လေးစားရသည့် ဝါရင့်အမတ်ကြီးများ— ရှိနေသဖြင့် တော်ဝင်အစောင့်များနှင့် စစ်သူကြီးများက သူတို့ကို မတားဆီးရဲခဲ့ကြချေ။ တွန်းတိုက်မှုများကြားတွင် ချန်ဝမ်ကို လွှမ်းခြုံထားသော စောင်ပါးလေး၏ ထောင့်တစ်ဖက်က လျှောကျသွားပြီး ဝါရင့်အမတ်ကြီးများသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားများကို မြင်တွေ့ရသောအခါ ကျောက်တုံးများကဲ့သို့ အေးခဲသွားကြလေသည်။
စောင်အောက်တွင် ခပ်ဖျော့ဖျော့ သွေးနံ့နှင့် အိမ်သာအနံ့များက တစ်စုံတစ်ရာ ပိုဆိုးရွားသည်ကို အရိပ်အမြွက် ပြသနေ၏။
ချန်ဝမ်က စက္ကူကဲ့သို့ ဖြူရော်နေပြီး သူ၏ အကြည့်များက လစ်ဟာနေကာ လူအုပ်ရှေ့သို့ ခေါ်ဆောင်လာချိန်တွင်ပင် မည်သည့် တုံ့ပြန်မှုမျှ မပြသခဲ့ချေ။
ချန်ဝမ်ကို သယ်ဆောင်လာသော တော်ဝင်အစောင့်များ၏ ဒုတပ်မှူးက လျင်မြန်စွာ လှုပ်ရှားကာ စောင်ကို သူ့အပေါ်သို့ ပြန်ဆွဲတင်ပေးလိုက်သည်။ သူ၏ မျက်နှာက ဖြူဖျော့ပြီး ခက်ထန်နေကာ ပြောလိုက်လေသည်။ "တော်ဝင်သမားတော်ကို ခေါ်လိုက်"
မယ်တော်ကြီးကျန်းက လူအုပ်၏ အပြင်ဘက်တွင် ရပ်နေပြီး သူမ၏ ကနဦး စိုးရိမ်မှုက သယ်ဆောင်ခံလာရသည့် ကျန်းယွီအပေါ်သို့ ဦးတည်သွားခဲ့သည်။ ကျန်းယွီသည် သူ၏ သံချပ်ကာကို ချွတ်ထားသော်လည်း အတွင်းခံဝတ်စုံများက မပျက်မစီး ရှိနေပြီး မီးလောင်ဒဏ်ရာ လက္ခဏာများ မရှိဘဲ သူ့မျက်နှာပေါ်တွင် ခြေရာအနည်းငယ်သာ ရှိနေကြောင်း သတိထားမိလိုက်၏။ သူမ၏ နှလုံးသားထဲတွင် ခပ်ဖျော့ဖျော့ စိုးရိမ်မှုတစ်ခုက လှုပ်ရှားလာခဲ့၏။
သူမ၏ခေါင်းကို လှည့်ကြည့်လိုက်ရာ ချန်ဝမ်ကို သယ်ထုတ်လာသည်ကို မြင်တွေ့လိုက်ရပြီး အနောက်တွင် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဆွဲထုတ်ခံရသော ထိပ်ပြောင်နှင့် အမျိုးသားတစ်ဦးက အင်္ကျီမပါဘဲ ငိုကြွေးလျက် နှာရည်နှင့် မျက်ရည်များ စီးကျကာ မသိကြောင်း ငြင်းဆိုပြီး သနားညှာတာရန် တောင်းပန်နေသည်ကို မြင်လိုက်ရသည်။ မယ်တော်ကြီးကျန်း၏ နားထင်များက ပြင်းထန်စွာ တုန်ခါသွားပြီး သူမက မေးလိုက်လေသည်။ "မိဖုရား ဘယ်မှာလဲ။ သူက အဝတ်အစားလဲဖို့ လာရမှာ မဟုတ်ဘူးလား"
"မယ်တော်က ကျွန်မကို ရှာနေတာလား" ဟူသော ညလေထက် ပိုအေးစက်သည့် အသံတစ်ခုက လူအုပ်၏ အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
နန်းတွင်းအစေခံများနှင့် အရာရှိများသည် အသံထွက်လာရာသို့ လှည့်ကာ လမ်းဖယ်ပေးလိုက်ကြ၏။ ဝိန်းယွီက နန်းတွင်းညစာစားပွဲတွင် ဝတ်ဆင်ခဲ့သော ခမ်းနားထည်ဝါသည့် ဝတ်ရုံကိုပင် ဝတ်ဆင်လျက် ထိုနေရာတွင် ရပ်နေပြီး သူမ၏ နဖူးရှိ ပန်းအလှဆင်မှုက မပြောင်းလဲဘဲ လရောင်အောက်တွင် အပြည့်အဝ ပွင့်လန်းနေသော ရွှေကြာပန်းတစ်ပွင့်ကဲ့သို့ ခမ်းနားပြီး ကျက်သရေရှိကာ တောက်ပနေလေတော့သည်။
...