← Chapters

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း ၁၂၃

Vol. 13 Ch. 123

အပိုင်း (၁၂၃.၁)

မယ်တော်ကြီးကျန်းသည် ဝိန်းယွီကို သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ စိုက်ကြည့်နေပြီး စကားထစ်အသွားခဲ့၏။ "မင်း... ကျန်းနဉ်နန်းဆောင်မှာ ရှိနေတာ မဟုတ်ဘူးလား"

ဝိန်းယွီသည် သူမ၏မျက်ခုံးများကို အနည်းငယ် တွန့်ချိုးလိုက်ပြီး ရှင်းပြ၍မရသော မေးခွန်းထုတ်ခံရမှုအပေါ် အံ့သြပြီး ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအရာကို ဆောင်ထားလိုက်၏။ "ချွေးမတော် ကျန်းနဉ်နန်းဆောင်ကို သွားခဲ့ပေမယ့် နည်းနည်း နေမကောင်းလို့ ကျောက်ဟွာနန်းဆောင်ကို ပြန်လာခဲ့တာပါ။ မယ်တော်ကြီးနဲ့ အရှင်မင်းကြီးကို သတင်းပို့ဖို့ အစေခံမလေးတစ်ယောက်ကို နန်းတွင်းညစာစားပွဲဆီ လွှတ်လိုက်တယ်။ အစေခံမလေး ရောက်သွားတော့ အမတ်တွေအားလုံး ညစာစားပွဲကနေ ထွက်သွားတာကို သူ မြင်လိုက်ရတယ်လေ။ စုံစမ်းကြည့်တော့ ကျန်းနဉ်နန်းဆောင် မီးလောင်နေပြီး အရှင်မင်းကြီးက အထဲမှာ ပိတ်မိနေတယ်ဆိုတာကို သိလိုက်ရတယ်။ သူက ချွေးမတို့အဖွဲ့ကို အပြေးအလွှား အမှီလိုက်လာပြီး ဒီကိစ္စကို သတင်းပို့ပေးခဲ့တာပါ။ အဲဒါကြောင့်မို့လို့ ကျွန်တော်မျိုးမ ဒီကို အမြန်လာခဲ့တာ"

ချန်ဝမ်၏ အခြေအနေကို အရှေ့တွင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီးဖြစ်သော ဝါရင့်အမတ်ကြီးများမှာ လဲကျလုနီးပါး ဖြစ်နေကြ၏။ မယ်တော်ကြီးကျန်း၏ လေသံကို အကဲခတ်ကြည့်လျှင် သူမက အမှန်တရားကို မသိသေးဘဲ ဝိန်းယွီ၏ နောက်ကျမှ ရောက်ရှိလာမှုကို ဆူပူကြိမ်းမောင်းရန် အကြောင်းပြချက်အဖြစ် အသုံးပြုရန် ရည်ရွယ်ထားပုံပေါ်သည်။ သူတို့သည် သူတို့၏တပည့်များရှေ့တွင်ပင် အဓိပ္ပါယ်ပါပါ အကြည့်များကို အပြန်အလှန် ဖလှယ်လိုက်ကြသည်။

ဤတပည့်များသည် ဝိန်းယွီတစ်ယောက် ညစာစားပွဲတွင် "အေးစက်စွာ ဆက်ဆံခံရ”သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီးဖြစ်ကာ မယ်တော်ကြီးကသာ သူမကို နောက်တစ်ကြိမ် ပစ်မှတ်ထားပါက ချန်ဝမ်၏ အမျိုးသား အဖော်များကို ပိုနှစ်သက်သည့်အချက်ကို ဖော်ထုတ်နိုင်ပြီး မကြာသေးမီကမှ ဖိနှိပ်ထားသော "ဆန္ဒအလျောက် နန်းစွန့်ခြင်း" အငြင်းပွားမှုက ပြန်လည်ပေါ်ပေါက်လာနိုင်ကြောင်း နားလည်ထားကြ၏။ သူတို့က ချက်ချင်း ဝင်ပြောလိုက်ကြသည်။ "မိဖုရားကြီးဘက်က အစေခံမလေးတစ်ယောက် ညစာစားပွဲကို ပြန်လာခဲ့တာ တကယ်ပါ။ ကျွန်တော်တို့အားလုံး သူ့ကို မြင်လိုက်ရပါတယ်"

ဝိန်းယွီသည် ဆက်ပြောလိုက်လေသည်။ "မယ်တော်ကြီးက ပင်ပန်းလို့ လင်းရှီးနန်းဆောင်ကို အစောကြီး ပြန်သွားတယ်လို့ ကျွန်တော်မျိုးမ ကြားပါတယ်။ ဒါပေမယ့် အရှင်မင်းကြီးရဲ့ အန္တရာယ်ကို သိသိချင်း မယ်တော်ကြီးက ဒီလောက် မြန်မြန် ရောက်လာနိုင်ခဲ့တယ်။ ကျွန်တော်မျိုးမ နောက်ကျမှ ရောက်လာတာက ကျွန်တော်မျိုးမရဲ့ အမှားပါ"

ပြောပြီးနောက် သူမက မယ်တော်ကြီးကျန်းကို တောင်းပန်စွာဖြင့် ဦးညွှတ်လိုက်ပြီး အမတ်များက တင်းကျပ်စွာ ဝိုင်းရံထားသော ချန်ဝမ်ဆီသို့ တွေဝေသော အကြည့်တစ်ချက်ကို ပို့လွှတ်လျက် ဟန်ဆောင်စိုးရိမ်ပြလိုက်သည်။ "အရှင်မင်းကြီး ဘယ်လိုနေလဲ"

လင်းရှီးနန်းဆောင်မှ ကျန်းနဉ်နန်းဆောင်သို့ အကွာအဝေးက အတော်လေး ကြီးမားလှသည်။ ချက်ချင်း အကြောင်းကြားလျှင်ပင် အသွားအပြန်က အချိန်တော်တော် ယူရပေလိမ့်မည်။ သို့တိုင်အောင် မယ်တော်ကြီးကျန်းသည် ညစာစားပွဲမှ လာသော အမတ်များထက်ပင် စောပြီး ရောက်ရှိနေခဲ့သည်။

ယခင်က လူတိုင်း၏ အာရုံစူးစိုက်မှုက ချန်ဝမ်၏ ဘေးကင်းရေးအပေါ်တွင်သာ အာရုံစိုက်ထားခဲ့ကြ၏။ ယခု ဝိန်းယွီ၏ စကားများကြောင့် သတိဝင်လာကာ အဓိပ္ပာယ်သက်ရောက်မှုများကို တွေးတောမိကြပြီး သူတို့၏ မျက်နှာအမူအရာများက အမျိုးမျိုး ပြောင်းလဲသွားခဲ့သည်။

ဝိန်းယွီ၏ အပေါ်ယံတွင် ရိုသေလေးစားသယောင် ရှိသော်လည်း သိမ်မွေ့စွာ ရည်ရွယ်ချက်ပါနေသော စကားများကြောင့် မယ်တော်ကြီးကျန်းသည် ဒေါသကို ခဲယဉ်းစွာ ထိန်းချုပ်ထားလျက် တုန်ယင်နေတော့သည်။ ချန်ဝမ်၏ အခြေအနေက ဝိန်းယွီနှင့် သေချာပေါက် ဆက်စပ်နေကြောင်း သူမ ကောင်းကောင်း သိထား၏။

သို့သော် ဝိန်းယွီ၏ ရှင်းပြချက်က သူမကိုယ်သူမ လုံးဝ အပြစ်ကင်းရှင်းကြောင်း ပြသလိုက်ပြီး မယ်တော်ကြီးကို သွယ်ဝိုက်အပြစ်တင်လိုက်ခြင်းပင်။

ယခု ချန်ဝမ်အကြောင်းကို တမင်သက်သက် သတင်းမေးမြန်းခြင်းဖြင့် ဝိန်းယွီသည် ဒဏ်ရာထဲကို ဓားလှည့်ထိုးလိုက်ခြင်း ဖြစ်ကြောင်း ရှင်းလင်းလှ၏။ သို့သော် စုရုံးနေသော အမတ်များရှေ့တွင် မယ်တော်ကြီးကျန်းသည် ဒေါသအရိပ်အယောင် စိုးစဉ်းမျှ မပြသနိုင်ခဲ့ချေ။

အသက်ကြီးကြီး အစေခံတစ်ဦး၏ အကူအညီဖြင့် သူမ၏ တည်ငြိမ်မှုကို ခဲယဉ်းစွာ ထိန်းသိမ်းထားရပြီး အကြိမ်ကြိမ် အသက်ပြင်းပြင်း ရှူလိုက်လေသည်။ မိတ်ကပ်အောက်မှ ဖြူဖျော့နေသော သူမ၏မျက်နှာက ဤလျန်နိုင်ငံမှ မျိုးရိုးမြင့် အမျိုးသမီးကို ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ ဝိန်းယွီအပေါ်တွင်သာ စူးစိုက်နေခဲ့၏။

ဝါရင့်အမတ်ကြီးများသည် မယ်တော်ကြီးကျန်း၏ နှုတ်ဆိတ်နေမှုက ဝိန်းယွီကို ပစ်မှတ်ထားရန် အစဉ်တစိုက် ရည်ရွယ်ထားခြင်းအဖြစ် အဓိပ္ပါယ်ကောက်ယူကာ သူမ၏ အမြော်အမြင်နည်းပါးမှုကို အတွင်းစိတ်ထဲတွင် ညည်းတွားလိုက်ကြသည်။ သူတို့သည် ဝိန်းယွီဘက်မှာ ချန်ဝမ်ကို မမြင်ရစေရန် ခပ်သွက်သွက် ပိတ်ဆို့ထားလိုက်ကြပြီး မကျေမနပ်ဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။ "မယ်မယ်မိဖုရားကြီး စိုးရိမ်စရာ မလိုပါဘူး။ အရှင်မင်းကြီး... အများကြီး မထိခိုက်လောက်ပါဘူး၊ မီးခိုးနည်းနည်း ရှူမိပြီး လန့်သွားတာပါ။ တော်ဝင်သမားတော်တွေကို ကျွန်တော်တို့ ခေါ်ထားပြီးပါပြီ"

ထို့နောက် သူတို့က မယ်တော်ကြီးကျန်းထံသို့ အဓိပ္ပါယ်ပါသော အကြည့်များကို ပို့လွှတ်လိုက်ကြ၏။

ဘုရင့်အဖွဲ့သည် မယ်တော်ကြီးကျန်းနှင့် အမြဲလိုလို သဘောထားကွဲလွဲနေခဲ့သည်။ သို့သော် ယနေ့ညကဲ့သို့ အဓိပ္ပါယ်မဲ့သော အဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ပြီး ဝိန်းယွီကို အမှောင်ထဲတွင် ထားရှိရန် လိုအပ်နေသဖြင့် မယ်တော်ကြီးကျန်း တစ်ဦးတည်းသာ အခြေအနေကို ထိန်းချုပ်နိုင်ပေသည်။ မယ်တော်ကြီးကျန်း ကိုယ်တိုင်ကလည်း ဤအရာကို ကောင်းကောင်း သတိထားမိထား၏။ သူမ၏ အစေခံကို မှီလျက် မည်းနက်သော ပိုးသားအင်္ကျီလက်ကျယ်များအောက်က သေချာစွာ ထိန်းသိမ်းထားသော လက်သည်းများက သူမ၏ လက်ဖဝါးများကို ဖောက်ဝင်နေသော်လည်း သူမ၏ ပုံမှန် တင်းမာသော မျက်နှာအမူအရာကို ထိန်းသိမ်းထားခဲ့သည်။ "အရှင်မင်းကြီး လန့်သွားတယ်။ သူ့ကို ကျန်းဟွာနန်းဆောင်ဆီ အရင် ပြန်ခေါ်သွားလိုက်"

တော်ဝင်မြင်းလှည်းကို လျင်မြန်စွာ ယူဆောင်လာခဲ့သည်။ ချန်ဝမ်သည် အမတ်များနှင့် တော်ဝင်အစောင့်များ ဝိုင်းရံထားလျက် တွေဝေပြီး ဖြူရော်နေသော မျက်နှာဖြင့် မြင်းလှည်းပေါ်သို့ တက်သွားခဲ့၏။ တစ်ခုခု မှားယွင်းနေကြောင်းကို မည်သူမဆို မြင်နိုင်သော်လည်း နေရာတွင် ရှိနေကြသူများက ထုတ်ပြောစရာမလိုသည့် အမှန်တရားကို မပြောရဲခဲ့ကြချေ။

မယ်တော်ကြီးကျန်းနှင့် အရာရှိများအားလုံး ကျန်းဟွာနန်းဆောင်သို့ သွားရောက်ချိန်တွင် ဝိန်းယွီသည်လည်း သဘာဝကျကျပင် သူတို့နှင့်အတူ လိုက်ပါသွားရမည် ဖြစ်သည်။

နန်းဆောင်အတွင်းရှိ တော်ဝင်သမားတော်များက ချန်ဝမ်ကို ပြုစုကုသပေးနေစဉ် ဝိန်းယွီသည် မယ်တော်ကြီးကျန်း၊ အမတ်များနှင့်အတူ အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ပြီး လေထုက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့၏။

ချန်ဝမ်အတွက် အထူးသတ်မှတ်ထားသော သမားတော်က ထွက်လာပြီး အရှင်မင်းကြီး အန္တရာယ်ကင်းသွားပြီဟု ကြေညာလိုက်မှသာ စုရုံးနေသော အရာရှိများက သက်ပြင်းချလိုက်ကြသည်။

သို့တိုင် သူတို့၏ မျက်နှာအမူအရာများက သက်သာရာရသည့်ပုံ မပေါ်ခဲ့ချေ။ အတွေ့အကြုံနည်းသော အငယ်တန်းအရာရှိ တချို့က သူတို့၏ အတွေးများကို မဖုံးကွယ်နိုင်ဘဲ ဝိန်းယွီ၏ မျက်နှာကို မကြာခဏ ခိုးကြည့်နေခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် ဝိန်းယွီသည် အပြည့်အဝ တည်ငြိမ်နေခဲ့ပြီး သူမ၏မျက်နှာက အမြဲတမ်းလိုလို တည်ငြိမ်ပြီး အေးစက်နေကာ ပုံမှန်မဟုတ်သော အရိပ်အယောင် အနည်းငယ်မျှပင် မပြသခဲ့ချေ။

လက ကောင်းကင်ထက်တွင် အမြင့်ဆုံးသို့ ရောက်ရှိလာပြီး ရှည်လျားသော ခြံဝင်းကို ဖြတ်သန်းတိုက်ခတ်လာသော ညလေက အရိုးကွဲမတတ် အေးစက်မှုကို သယ်ဆောင်လာခဲ့၏။

မယ်တော်ကြီးကျန်းသည် ကျန်းဟွာနန်းဆောင်၏ တံခါးများကို ငေးကြည့်နေပြီး ယိမ်းနွဲ့နေသော နန်းတွင်းမီးပုံးများအောက်တွင် သူမ၏ မျက်လုံးထောင့်များရှိ ပါးလွှာသော အရေးအကြောင်းများက ဓားဖြင့် ထွင်းထုထားသော မြောင်းများကဲ့သို့ နက်ရှိုင်းနေပုံရသည်။

လုံးဝကို ပင်ပန်းနွမ်းနယ်နေပုံရလျက် သူမက မည်သူ့ကိုမျှ သီးခြားရည်ညွှန်းခြင်းမရှိဘဲ ပြောလိုက်လေသည်။ "ညနက်နေပြီဆိုတော့ အားလုံးလည်း ပင်ပန်းနေလောက်ပြီ။ မိဖုရားခေါင်ကလည်း နေမကောင်းဘူးဆိုတော့ အရင် အနားယူသင့်တယ်။ နန်းတော်တံခါးတွေလည်း သော့ခတ်ထားပြီမို့လို့ ငါ့ရဲ့ လေးစားရတဲ့ အမတ်တွေ အားလုံး ဒီနေ့ည နန်းတော်ထဲမှာပဲ နေလိုက်ကြပါ"

အမတ်ချုပ်ကျန်း၏ အဖွဲ့နှင့် ရင်းနှီးသူများနှင့် ဘုရင့်အဖွဲ့မှ ဝါရင့်အမတ်ကြီးများမှလွဲ၍ ကျန်ရှိနေသော အရာရှိများက ဤစကားကို ကြားသောအခါ အမျိုးမျိုးသော မျက်နှာအမူအရာများကို ပြသခဲ့ကြသည်။

သူတို့ကို ညအိပ်ခိုင်းခြင်းက အကြောင်းပြချက် သက်သက်သာဖြစ်ကြောင်း— တကယ့်ရည်ရွယ်ချက်က ယနေ့ည၏ အဖြစ်အပျက်များနှင့် ပတ်သက်၍ သူတို့ကို တင်းကျပ်စွာ လျှို့ဝှက်ထားရန် ဖိအားပေးရန်ဖြစ်ကြောင်း လူတိုင်း ကောင်းကောင်း နားလည်ထားကြ၏။

မည်သို့ပင်ဆိုစေ... မကြာမီ ဆယ်စုနှစ်များအတွင်း ချန်တော်ဝင်မိသားစုသည် ဤကဲ့သို့သော အရှုပ်တော်ပုံမျိုးတွင် ဘယ်တုန်းကမှ မပတ်သက်ခဲ့ဖူးချေ။

ဧကရာဇ်က အမျိုးသားများကို မျက်နှာသာပေးခြင်းက တစ်ကဏ္ဍဖြစ်သော်လည်း လက်အောက်ခံ အဖော်ဖြစ်နေခြင်းကတော့!

ဝိန်းယွီသည် မယ်တော်ကြီးကျန်းကို အနည်းငယ် ကိုင်းညွှတ်အရိုအသေပေးလိုက်သည်။ "ကျွန်တော်မျိုးမကို ခွင့်ပြုပါဦး"

ထိပ်ပြောင်နှင့် အမျိုးသားကို နန်းတော်ထဲသို့ လျှို့ဝှက်စွာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ချန်ဝမ်အတွက် ဤအရာကို စီစဉ်ပေးခဲ့သော တော်ဝင်အစောင့်များ၏ ဒုတိယတပ်မှူးက သဘာဝကျစွာပင် အရာအားလုံးကို ဖွင့်ဟဝန်ခံရန် သတ္တိမရှိခဲ့သဖြင့် သူက မသိခဲ့ကြောင်းကိုသာ ခေါင်းမာမာဖြင် တင်းခံနေခဲ့ပြီး ကင်းလှည့်သည့်တာဝန် လိုအပ်ချက်အတွက် အပြစ်ကို လက်ခံရင်း ထိုအမျိုးသားကို လုပ်ကြံသူတစ်ဦးအဖြစ် တော်ဝင်အကျဉ်းထောင်တွင် ယာယီ ဖမ်းဆီးထားလိုက်သည်။

သတိလစ်မေ့မြောနေပြီး သံချပ်ကာဝတ်စုံ မရှိတော့သည့် ကျန်းယွီကို ကျန်းနဉ်နန်းဆောင်မှ သယ်ထုတ်လာခဲ့သည်။ ချန်ဝမ်၏ နှစ်သက်မှုများနှင့် ပတ်သက်ပြီး ခိုင်လုံသော သက်သေ အထောက်အထားများကလည်း ရှိနေသဖြင့် သည်ကိစ္စက မလွှဲမရှောင်သာ ထင်ကြေးပေးမှုများကို ဖြစ်ပေါ်စေခဲ့၏။ အမတ်ချုပ်ကျန်း၏ အဖွဲ့က လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ဧကရာဇ်ကို ကယ်တင်ရန် အလျင်စလို သွားရောက်စဉ် မီးခိုးငွေ့များ အလွန်အကျွံ ရှူရှိုက်မိပြီးနောက် ကျန်းယွီက အထဲတွင် သတိလစ်သွားခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။

သို့သော် ကျန်းနဉ်နန်းဆောင်ရှိ မီးကို လျင်မြန်စွာ ငြှိမ်းသတ်နိုင်ခဲ့ပြီး အဆိုးရွားဆုံးသော ပျက်စီးမှုများက ချန်ဝမ် ပိတ်မိနေခဲ့သည့် အဆောက်အဦးနှင့် အလှမ်းဝေးသည့်နေရာက အသုံးမပြုတော့သော ဘေးခန်း အနည်းငယ်တွင်သာ ဖြစ်ခဲ့၏။ ကယ်ဆယ်ရေးအတွက် ဝင်ရောက်လာသော တော်ဝင်အစောင့်များနှင့် စစ်သူကြီးများသည် မီးခိုးငွေ့ထူထူများကြောင့် သတိမလစ်ခဲ့ကြသဖြင့် နာမည်ကြီး ရှုံးပွဲမရှိ စစ်သူကြီး ကျန်းယွီက မီးခိုးငွေ့ ရှူရှိုက်မိမှုကြောင့် သတိလစ်သွားမည်ဆိုသည်က ဖြစ်နိုင်ခြေ မရှိသလိုပင်။

ထို့ပြင် မူလက လင်းရှီးနန်းဆောင်သို့ ပြန်သွားခဲ့သော မယ်တော်ကြီးကျန်းသည် အရာရှိများထက်စောပြီး ကျန်းနဉ်နန်းဆောင်သို့ ရောက်ရှိလာခဲ့ခြင်းက သူမတွင် ကြိုတင်သတင်းအချက်အလက်များ ရရှိထားကြောင်း အခိုင်အမာ ထောက်ပြနေ၏။

သို့သော် ကျန်းမိသားစု၏ ကြီးမားသော အင်အားကြောင့် အခြားသူများက ထိုကိစ္စကို အလွန် သံသယဖြစ်ဖွယ် တွေ့ရှိခဲ့သော်လည်း ဘယ်သူကမှ ပွင့်ပွင့်လင်းလင်း မေးခွန်းထုတ်ရန် မဝံ့ရဲခဲ့ကြချေ။

သို့တိုင် ယနေ့ညတွင် နန်းတွင်းအရာရှိများကြားတွင် မျက်မြင်သက်သေ အများအပြား ရှိနေသဖြင့် မယ်တော်ကြီးကျန်းနှင့် အမတ်ချုပ်ကျန်းတို့က ကောလာဟလများကို ယာယီ ဖိနှိပ်ထားနိုင်သော်လည်း ထာဝရ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။ မကြာခင်မှာပင် ချန်ဝမ်သည် အမျိုးသား အဖော်များကို မျက်နှာသာပေးပြီး ချင်ခေတ်မတိုင်မီက ကျောက်ကျီ၏ ရှေးဟောင်းအလေ့အကျင့်ကို အတုခိုးကာ ဖျော်ဖြေရေးရပ်ကွက်များမှ အထူးတလည် ပါရမီပါသော အမျိုးသားတစ်ဦးကို ရှာဖွေခဲ့ကြောင်း ကောလာဟလများ လျှို့ဝှက်စွာ ပျံ့နှံ့လာခဲ့သည်။ ဤအမျိုးသားသည် လောင်အိုက်ကဲ့သို့ "သူ၏ ယင်အင်္ဂါဖြင့် ကြေးဘီးကို ရွေ့လျားနိုင်သော" စွမ်းရည် ရှိသည်ဟု ဆိုကြသည်။

ထို့ပြင် ကောလာဟလများက တစထက်တစ ပြန့်နှံ့လာခဲ့ပြီး ဆွဲဆောင်မှုရှိသော အလှတရားကြောင့် နာမည်ကြီးကာ တော်ဝင်နန်းတွင်းရှိ မျိုးရိုးမြင့် အမျိုးသမီးများကြားတွင် "အတွင်းခန်းဆောင်တွေရဲ့ အိပ်မက်ထဲက ချစ်သူ" ဟု တင်စားခေါ်ဝေါ်ခံရသော ကျန်းယွီသည်လည်း အတင်းအဖျင်းများ၏ အကြောင်းအရာများထဲမှ တစ်ခု ဖြစ်လာခဲ့၏။ အကျယ်ပြန့်ဆုံးသော ကောလာဟလအရ ချန်ဝမ်သည် ကျန်းယွီကို အချိန်အတော်ကြာကတည်းက စွဲလန်းနေခဲ့သဖြင့် သူ့ကို ယုံကြည်ရသော အမတ်တစ်ဦးအဖြစ် အနီးကပ်ထားရှိကာ တော်ဝင်အစောင့်များ၏ တပ်မှူးအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ကျန်းယွီက ဤမေတ္တာများကို အသိအမှတ်မပြုဘဲ နေခဲ့သည်။

သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသဖြင့် ချန်ဝမ်သည် ဆောင်းဦးလယ် နန်းတွင်းညစာစားပွဲတွင် ကျန်းယွီကို အတင်းအကျပ် ပြုကျင့်ရန် ကြိုးစားခဲ့ပြီး ကျန်းနဉ်နန်းဆောင်တွင် သူ့ကို မေ့ဆေးပေးကာ သတိလစ်သွားအောင် လုပ်ခဲ့၏။ မယ်တော်ကြီးက သတင်းရရှိပြီး သူမ၏တူကို ကယ်တင်ရန် အပြေးအလွှား သွားရောက်ချိန်တွင် ချန်ဝမ်သည် သူ၏ အမျိုးသား အချစ်တော် "လောင်အိုက်"နှင့် ကျီစယ်နေစဉ် ဖယောင်းတိုင်ကို မတော်တဆ တိုက်မိပြီး နန်းဆောင်ကို မီးလောင်စေခဲ့သည်ဟု ဆိုကြသည်။ ဤအရာက အရာရှိတစ်စုကို အခင်းဖြစ်ပွားရာသို့ ရောက်လာစေခဲ့ပြီး အရှုပ်တော်ပုံကို မရည်ရွယ်ဘဲ ဖော်ထုတ်မိသွားစေခဲ့သည်။

ကျန်းမိသားစုက ထိုကဲ့သို့သော ကောလာဟလများကို ဖိနှိပ်ရန် သူတို့တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ခဲ့ကြသော်လည်း သူတို့က ထိုအကြောင်းအရာကို ရှောင်ရှားရန် ကြိုးစားလေလေ အတင်းအဖျင်းများက တော်ဝင်နန်းတွင်းအတွင်း ပိုပြီး ပြင်းထန်စွာ ပျံ့နှံ့လေလေ ဖြစ်နေသည်။ မျိုးရိုးမြင့် အမျိုးသမီး အများအပြားသည် သတင်းကို ကြားသောအခါ သူတို့၏ နှလုံးသားများ တိတ်တိတ်လေး ကွဲကြေသွားခဲ့ရ၏။

ဤသည်က ချန်ဝမ် ထီးနန်းတက်ပြီးနောက် ကိုယ်လုပ်တော်ရွေးချယ်ပွဲ ကျင်းပရန် တစ်လျှောက်လုံး ငြင်းဆန်ခဲ့ခြင်း နောက်ကွယ်က "အမှန်တရား" ကိုလည်း ဖော်ထုတ်ပေးခဲ့သည်။ ဝိန်းယွီနှင့် မလက်ထပ်ခင် ကိုယ်လုပ်တော်များကို မရွေးချယ်ဘဲ လျန်နှင့် မဟာမိတ်ဖွဲ့ခြင်းကို ဦးစားပေးနေသည်ဟူသော ပြောဆိုချက်များအားလုံးက အတုအယောင်များသာ!

တကယ့်အကြောင်းရင်းက ချန်ဝမ်သည် အမျိုးသား အဖော်များကို နှစ်သက်ခြင်းပင်။ ကိုယ်လုပ်တော်ရွေးချယ်ပွဲတွင် နန်းတွင်းရှိ အဖွဲ့အစည်း အသီးသီး၏ ကိုယ်စားလှယ်များ ပါဝင်လာမည်ဖြစ်ပြီး ဩဇာတိက္ကမကြီးမားသော မိသားစုများက ကျောထောက်နောက်ခံပြုထားသည့် ကိုယ်လုပ်တော်များက သူ့လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားမှာကို ချန်ဝမ်တစ်ယောက် စိုးရိမ်ခဲ့ခြင်းသာ! သို့တိုင်အောင် သူသည် နန်းတွင်းအတွက် အကျိုးဆက်များကို ထည့်သွင်းမစဉ်းစားဘဲ ကိုယ်လုပ်တော်များကို သဘောရှိသလို ကွပ်မျက်လို့ မရနိုင်ပေ။

တစ်ချိန်က မျက်နှာသာပေးခံရသော ကိုယ်လုပ်တော်လီကို ဆောင်ကြာမြိုင်မှ ခေါ်ဆောင်လာခြင်းနှင့် ပတ်သက်၍ကော?

၎င်းက သူ့အရာရှိများကို လှည့်စားရန် မျက်လှည့်ပြကွက်တစ်ခုဖြစ်သည်မှာ သံသယဖြစ်စရာပင်မလိုတော့ချေ!

နောက်ပိုင်းတွင် ထုန်ချွဲက ဤစုဆောင်းထားသော ကောလာဟလများကို ဝိန်းယွီနှင့် ကျောင်းပိုင်တို့အား ပြန်လည်ပြောပြသောအခါ သခင်နှင့် အစေခံများသည် ထိုအကြောင်းအရာက အသေးအဖွဲ ကိစ္စတစ်ခုမျှသာ ဖြစ်သော်လည်း အဓိပ္ပါယ်မရှိလှသဖြင့် မရယ်ဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရလေသည်။

...

အပိုင်း (၁၂၃.၂)

ထိုညက ဝိန်းယွီသည် မယ်တော်ကြီးကျန်းက လူအများကို ပြန်လွှတ်လိုက်သညအထိ တောင့်ခံနေခဲ့ရသည်။ ကျောက်ဟွာနန်းဆောင်သို့ ပြန်ရောက်သောအခါ သူမသည် အတွင်းဆောင်သို့ ခြေလှမ်းဝင်လိုက်သည်နှင့် သွေးတစ်လုတ် အန်ချလိုက်လေသည်။

ဤအရာက ထုန်ချွဲနှင့် အခြားအစေခံမလေးများကို ထိတ်လန့်သွားစေခဲ့သည်။ သူတို့က ဝိန်းယွီကို ခုတင်ပေါ်တွင် လဲလျောင်းနိုင်ရန် ကူညီပေးရင်း ထုန်ချွဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့ မဆုံးတော့ချေ။ "အကုန်လုံး ကျွန်မရဲ့ ပေါ့ဆမှုကြောင့်ပါပဲ။ မင်းသမီးကို ဒီလိုအန္တရာယ်မျိုး အံကြိတ်ခံပြီး ဒီလိုဒုက္ခတွေ ခံစားရအောင် ကျွန်မ ဘယ်တော့မှ ခွင့်မပြုခဲ့သင့်တာ..."

ကျောင်းပိုင်က ဝိန်းယွီကို ကျန်းနဉ်နန်းဆောင်၏ ဘေးဆောင်မှ ခေါ်ဆောင်သွားချိန်တွင် ထုန်ချွဲနှင့် အခြားသူများသည် လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ မယ်တော်ကြီးကျန်းနှင့် ချန်ဝမ်တို့က ဝိန်းယွီအပေါ် ယုတ်မာသော အကြံအစည်ဖြင့် ကြံစည်ခဲ့ခြင်းကို လက်စားချေရန်အတွက် သူမက ချင်းယွင်အစောင့်တပ်ကို ကျန်းနဉ်နန်းဆောင်ရှိ အသုံးမပြုတော့သော အခန်းတချို့ကို မီးရှို့ရန် အမိန့်ပေးခဲ့၏။ ချန်ဝမ်သည် ကျန်းနဉ်နန်းဆောင်တွင် ပိတ်မိနေကြောင်း နန်းတွင်းပွဲတော်သို့ သတင်းပို့ရန် မိန်းမစိုးအဖြစ် အသွင်ယူထားသူ တစ်ဦးကိုလည်း စေလွှတ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူမသည် ကျောက်ဟွာနန်းဆောင်သို့ ပြန်ရောက်နေပြီဖြစ်ကြောင်း ကြေညာရန် ချင်းယွင်အစောင့်တပ်ကို ပွဲတော်သို့ ပြန်လွှတ်လိုက်ပြီး ကျန်းနဉ်နန်းဆောင်တွင် သူမ မရှိကြောင်း လုံလောက်သော သက်သေအထောက်အထားများကို ပံ့ပိုးပေးလိုက်သည်။

ကျန်းနဉ်နန်းဆောင် အပြင်ဘက်တွင် သူမ နောက်ဆုံး ပေါ်ထွက်လာခြင်းသည် မယ်တော်ကြီးနှင့် ကျန်းမိသားစုတို့က သူမကို စွပ်စွဲရန် အကြောင်းပြချက် မရှိစေရန်အတွက်သာ ဖြစ်၏။

ဝိန်းယွီသည် အခြားသူများရှေ့တွင် အလွန်တည်ငြိမ်နေခဲ့သဖြင့် ထုန်ချွဲနှင့် ကျန်သူများကပင် သူမ အဆင်ပြေနေသည်ဟု ယုံကြည်ခဲ့ကြသည်။ သူမ သွေးအန်လိုက်သည်ကို မြင်လိုက်ရချိန်မှသာ သူတို့သည် ထိတ်လန့်သွားကြပြီး တချို့က တော်ဝင်သမားတော်ကို သွားခေါ်ကာ တချို့က ရေနွေးနှင့် လက်ဖက်ရည်ကို အလျင်အမြန် ယူဆောင်လာကြလေသည်။

ထုန်ချွဲ၏ အသံမှာ စီးကျမလာသည့် မျက်ရည်များကြောင့် တုန်ယင်နေပြီး ကျောင်းပိုင်ကို မေးလိုက်လေသည်။ "မင်းသမီး သွေးတွေ အန်နေတယ်။ အကြောပိတ်တဲ့ နည်းလမ်းက မှားယွင်းနေတာများလား"

ကျောင်းပိုင်သည် ငွေအပ်များကို ထုတ်ယူကာ ဝိန်းယွီ၏ လက်ချောင်းထိပ်များကို ဖောက်ကာ သွေးဖောက်ချလိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။ "ကာမစိတ်ကြွနံ့သာက တော်တော်ပြင်းတယ်။ အဲ့ဒီတုန်းက အခြေအနေက အရေးပေါ်ဖြစ်နေပြီး မင်းသမီးက မယ်တော်ကြီးကို ပြန်ရင်ဆိုင်ဖို့ လိုအပ်နေတာလေ။ ငါ့မှာ မင်းသမီးရဲ့ အဓိက အကြောကြီးတချို့ကို အရင်ပိတ်ထားဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ဘူး။ ကာမအဆိပ်တွေက သွေးကြောတွေထဲမှာ စုပုံသွားပြီး အဲဒီလို ပိတ်ဆို့မှုက ခန္ဓာကိုယ်ကို ထိခိုက်စေတာပဲ"

လက်ချောင်းငါးချောင်းလုံးမှ သွေးဖောက်ချပြီးနောက် ကျောင်းပိုင်သည် ဝိန်းယွီ၏ လက်မောင်းတစ်လျှောက် အပေါ်ဘက်သို့ ဆက်ပြီး အပ်စိုက်ကာ ပိတ်ဆို့နေသော အကြောများကို ပြန်ဖွင့်ပေးလိုက်သည်။ ဝိန်းယွီ၏ မျက်နှာသည် နီရဲနေပြီး နားထင်များတွင် ချွေးသီးချွေးပေါက်များ မြန်မြန်ဆန်ဆန် ထွက်လာသော်လည်း သူမ၏ စကားများကတော့ အလွန်အမင်း တည်ငြိမ်နေလေသည်။ "မယ်တော်ကြီးဆီကို ဒီလောက် ကြီးမားတဲ့ လက်ဆောင်ကြီး ပြန်ပေးလိုက်တာဆိုတော့ သူနဲ့ ကျန်းမိသားစုက ဒီကိစ္စကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး။ သူတို့ အယောင်ယောင်အမှားမှား ဖြစ်နေတုန်း ဝူနန်းဆောင်ကနေ ကယ်တင်လာတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို အမတ်ချုပ်ဆီကို ပို့လိုက်ပါ"

သူမ၏ အကြည့်များသည် စူးရှထက်မြက်နေလေသည်။ " ငါ နန်းတွင်းက ကျန်းမိသားစုရဲ့ နောက်ထပ် ခြေလက်တစ်ဖက်ကို ဖြတ်ပစ်ဖို့ ရည်ရွယ်ထားတယ်"

အတွင်းရေးဌာန၏ လျှို့ဝှက်စာရင်းများသည် အသေးအဖွဲ ကိစ္စရပ်များသာ ဖြစ်သည်။ ကျန်းမိသားစုကို အမှန်တကယ် သေရာပါ အထိနာစေနိုင်သည်မှာ တော်ဝင်အဖွဲ့မှ ဝါရင့်အမတ်များပင် ဖြစ်လေ၏။ အတွင်းရေးဌာနမှ မိန်းမစိုးများ၏ စွပ်စွဲမှုများအပြီးတွင် ကျန်းမိသားစုကို စုံစမ်းစစ်ဆေးရန် လုံလောက်သော အကြောင်းပြချက်များ ရှိလာလိမ့်မည်။ ထိုအချိန်ရောက်လျှင် ဖော်ထုတ်တွေ့ရှိရမည့် အရာများသည် အတွင်းရေးဌာန၏ ဝယ်ယူရေး ရန်ပုံငွေများထဲမှ အသေးအဖွဲ အလွဲသုံးစားလုပ်မှုများထက် များစွာ သာလွန်နေလိမ့်မည်။ ပြည်သူများ၏ အခွန်အခများသည် တစ်နှစ်ထက်တစ်နှစ် တိုးလာသော်လည်း နိုင်ငံတော် ဘဏ္ဍာတိုက်ကတော့ လိုငွေပြနေဆဲ။ ဤငွေများသည် တစ်နေရာရာသို့ ရောက်သွားခဲ့တာ သေချာသည်။

ကျန်းမိသားစုသည် နိုင်ငံတော် ဘဏ္ဍာတိုက်၏ ဤကြီးမားလှသော လိုငွေပြမှုကို ဖြည့်ဆည်းပေးရမည်။ သို့မဟုတ်လျှင် သူတို့၏ အတွင်းစည်းထဲမှ ဓားစာခံ အနည်းငယ်ကို စတေးရလိမ့်မည်။

ကျောင်းပိုင်သည် ငွေအပ်များကို ပြန်ရုပ်သိမ်းလိုက်ပြီး တစ်စုံတစ်ရာကို ပြောချင်နေပုံရသော်လည်း နန်းတွင်းအစေခံတစ်ဦးက ခန်းမအပြင်ဘက်တွင် သမားတော်ဖန်း ရောက်ရှိလာကြောင်း ကြေညာလိုက်သောအခါ ပြောမည့်စကား စကားကို မျိုသိပ်လိုက်လေသည်။

သမားတော်ဖန်းက ကန့်လန့်ကာနောက်ကွယ်မှနေ၍ ဝိန်းယွီကို ရောဂါရှာဖွေပြီး ဆေးညွှန်းရေးပေးပြီးချိန်တွင် ဝိန်းယွီ၏ အဝတ်အစားများသည် ချွေးများဖြင့် ရွှဲနစ်နေလေပြီ။

ချင်းယွင်အစောင့်များသည် မီးဖိုချောင်ငယ်လေးဆီသို့ အလျင်အမြန် သွားကာ ဆေးကြိုကြပြီး ကျောင်းပိုင်နှင့် ထုန်ချွဲတို့ကမူ ဝိန်းယွီကို ရေချိုးခန်းဆီသို့ တွဲခေါ်သွားကြသည်။ သူတို့က သူမကို အဝတ်အစားများနှင့်ပင် ရေခဲရေများ ပြည့်နေသော ရေစည်ထဲသို့ ဆင်းနိုင်ရန် ကူညီပေးလိုက်ကြ၏။

ဝိန်းယွီသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်နေသကဲ့သို့ ခံစားနေရသည်။ ရေခဲရေနှင့် ထိတွေ့လိုက်သည်နှင့် အပ်ဖြင့် ထိုးသကဲ့သို့သော နာကျင်မှုက သူမ၏ အရေပြားကို ထိုးဖောက်သွားသော်လည်း သူမသည် အသံတစ်ချက်မျှ မထွက်ဘဲ မျက်လုံးများကိုသာ တင်းတင်း မှိတ်ထားလိုက်လေသည်။ မူလက နီရဲနေသော သူမ၏ မျက်နှာမှာ ဖြူဆုတ်သွားတော့၏။

ကျောင်းပိုင်နှင့် ထုန်ချွဲတို့က သူမ ရေအောက်သို့ လျှောကျပြီး ရေမနစ်စေရန် တစ်ဖက်တစ်ချက်စီမှ ထိန်းကိုင်ပေးထားကြ၏။

ဝိန်းယွီတစ်ယောက် အလွန် နွမ်းနယ်နေသည်ကို မြင်သောအခါ ထုန်ချွဲက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ "မင်းသမီး သက်သာလာရဲ့လား"

ဝိန်းယွီသည် တစ်ကိုယ်လုံး ပြင်းထန်စွာ နာကျင်နေသော်လည်း ထိုနာကျင်မှု၏ ပြင်းထန်မှုက သူမ၏ အတွေးများကို အခြားတစ်ဖက်သို့ အာရုံလွှဲရန် အသည်းအသန် ကြိုးစားနေရ၏။ ဖြူဆုတ်နေသော နှုတ်ခမ်းများဖြင့် သူမက ပြောလိုက်လေသည်။ "ငါ့ကို စကားပြောပေးပါ"

သူမ၏ အဓိပ္ပာယ်ကို နားလည်သွားသော ကျောင်းပိုင်သည် သမားတော်ဖန်း ရောက်လာသဖြင့် စောစောက ထိန်းချုပ်ထားခဲ့သော မေးခွန်းကို ပြန်လည်သတိရသွားပြီး မေးလိုက်တော့သည်။ "မင်းသမီးက အခု မယ်တော်ကြီးကျန်းနဲ့ ကျန်းမိသားစုကို လုံးဝ ရန်သူဖွဲ့လိုက်ပြီပဲ။ ချန်ဝမ်က အငြိုးအတေးကြီးတဲ့ လူတစ်ယောက်၊ သူ့အပေါ် သစ္စာရှိတဲ့ ဝါရင့်အမတ်တွေက အတွင်းရေးဌာနရဲ့ စာရင်းတွေကို စုံစမ်းစစ်ဆေးတဲ့နေရာမှာ ကျန်းမိသားစုကို ဖြုတ်ချဖို့ မင်းသမီးနဲ့ ယာယီတော့ ပူးပေါင်းနိုင်ပေမယ့် သူတို့ရဲ့ အနာဂတ် ရပ်တည်ချက်ကတော့ မသေချာဘူး"

သူမသည် ခေတ္တရပ်လိုက်ပြီး နှင်းရုပ်ကလေးကဲ့သို့ ဖြူဆုတ်နေသော ဝိန်းယွီကို ကြည့်ကာ အနည်းငယ် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်လေသည်။ "မင်းသမီး အနာဂတ်မှာ အရပ်လေးမျက်နှာလုံးက ရန်သူတွေနဲ့ ရင်ဆိုင်ရမှာကို ကျွန်မ စိုးရိမ်မိတယ်"

နောက်ဆုံး တော်ဝင်အဖွဲ့နှင့် ကျန်းအဖွဲ့တို့ မည်မျှပင် သဘောထားကွဲလွဲနေပါစေ၊ သူတို့အားလုံးသည် ချန်နိုင်ငံ၏ အမတ်များဖြစ်ကြပြီး နိုင်ငံတော်၏ အကျိုးစီးပွားကိုသာ ဦးစားပေးကြလိမ့်မည်။

ဤသည်မှာလည်း ကျန်းနဉ်နန်းဆောင်တွင် အကယ်၍ သူမသာ အမိန့်ပေးပါက သူတို့၏ လူများကို စုရုံးကာ အရာအားလုံးကို စွန့်စားပြီး ဝိန်းယွီကို တာ့လျန်သို့ ပြန်လည်ခေါ်ဆောင်သွားမည်ဟု ကျောင်းပိုင်က ဝိန်းယွီကို ပြောခဲ့ရခြင်း၏ အကြောင်းရင်းပင်။

ထိုည၏ အလှည့်အပြောင်းများစွာကြောင့် ထိတ်လန့်နေခဲ့သော ထုန်ချွဲသည် ထိုကဲ့သို့သော ရေရှည် အကျိုးဆက်များကို မစဉ်းစားမိသေးချေ။ ကျောင်းပိုင်၏ စကားများကို ကြားသောအခါ သူမသည် စိုးရိမ်လာပြီး သူမ၏ အကြည့်များကို ဝိန်းယွီထံသို့ လှည့်လိုက်လေသည်။

ဝိန်းယွီသည် သူမ၏ မှိတ်ထားသော မျက်လုံးများကို ဖွင့်မလာခဲ့ချေ။ ရေကြောင့် စိုရွှဲနေသော သူမ၏ မည်းနက်သော ဆံနွယ်များသည် ပါးပြင်တွင် ကပ်နေပြီး ပြင်းထန်သော အအေးဒဏ်ကြောင့် သူမ၏ သွားများမှာ အနည်းငယ် ခိုက်ခိုက်တုန်နေသော်လည်း သူမ၏ စကားများက ရှင်းလင်းနေဆဲပင်။ "ချန်နိုင်ငံက ကျန်းအဖွဲ့ဆိုတာ အရင်တုန်းက တာ့လျန်မှာ ရှိခဲ့တဲ့ အောဝ်အဖွဲ့နဲ့ ဘာမှမကွာဘူး။ ဒီမကောင်းတဲ့မြစ်ကို ဖယ်ရှားပစ်ရမယ်"

"နိုင်ငံတော်ကို အန္တရာယ်ပြုမယ့် ကျန်းအဖွဲ့လည်း မရှိတော့ဘူး၊ ပြီးတော့ ချန်ဝမ်ကလည်း သူ့အမတ်တွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးသွားပြီဆိုရင် ငါက သူ့နေရာမှာ အစားထိုးလို့ ရပြီ"

ဤစကားများသည် ကျောင်းပိုင်နှင့် ထုန်ချွဲတို့ကို တုန်လှုပ်သွားစေပြီး သူတို့၏ မျက်နှာအမူအရာများမှာ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြ၏။

ဝိန်းယွီက ချန်နိုင်ငံရဲ့ အုပ်ချုပ်သူကို ပြောင်းလဲဖို့ တကယ်ပဲ ကြံစည်နေတာလား။

ကျောင်းပိုင်က ချီတုံချတုံဖြင့် ပြောလိုက်၏။ "မင်းသမီးမှာ ထူးခြားတဲ့ စစ်ဗျူဟာတွေနဲ့ ဘုရင်တစ်ပါးရဲ့ အရည်အချင်းတွေ ရှိနေရင်တောင် ချန်နိုင်ငံက ဝါရင့်အမတ်တွေက ချန်ဝမ်ကို စွန့်လွှတ်ချင်မှ စွန့်လွှတ်ကြမှာ..."

ဤတစ်ကြိမ်တွင် ဝိန်းယွီသည် ချက်ချင်း ပြန်မဖြေခဲ့ချေ။ အဆင်တန်ဆာများမှ လွတ်ကင်းနေသော သူမ၏ မည်းနက်နေသော ဆံနွယ်များသည် ရေထဲတွင် ပိတ်ပါးတိမ်တိုက်များကဲ့သို့ မျောလွင့်နေလေသည်။ သူမက အကြည့်ကို ပင့်လိုက်သောအခါ သူမ၏ မျက်လုံးများသည် နေရာတစ်ခုတည်းကို စူးစိုက်ကြည့်နေသယောင် ထင်ရသော်လည်း ဝေဝေဝါးဝါး ဖြစ်နေပုံလည်း ပေါ်လေသည်။ "လိုအပ်လာရင် ငါ ကလေးတစ်ယောက် ယူရလိမ့်မယ်"

ခဏတာ အံ့ဩသွားပြီးနောက် ကျောင်းပိုင်သည် ဝိန်းယွီ၏ အစီအစဉ်ကို နားလည်သွားခဲ့သည်။

ယနေ့ည ချန်ဝမ် ကြံစည်ခဲ့သကဲ့သို့ပင် ဝိန်းယွီကလည်း ချန်နိုင်ငံတစ်ခုလုံးကို လုံခြုံစေရန်အတွက် ကလေးတစ်ယောက်ကို အသုံးပြုရန် ရည်ရွယ်ထားလေသည်။

ကျန်းအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းပြီး ချန်ဝမ်ကို ထိန်းချုပ်လိုက်သည်နှင့် ဝိန်းယွီ၏ ကလေးသည် တော်ဝင်မျိုးဆက် အစစ်အမှန် မဟုတ်ကြောင်းကို ဘယ်သူမှ သိရှိတော့မည် မဟုတ်ပေ။

ချန်ဝမ်အပေါ် စိတ်ပျက်နေသည်မှာ ကြာပြီဖြစ်သော အမတ်ဟောင်းများသည် ကောင်းမွန်စွာ ပြုစုပျိုးထောင်နိုင်မည့် ဘုရင်သစ်တစ်ပါးကို ထောက်ခံရန် ပိုဆန္ဒရှိကြလိမ့်မည်မှာ သံသယရှိရန်ပင် မလိုချေ။

ချင်းယွင်အစောင့်က ဆေးကို ကျိုချက်ပြီး သူမထံ ယူဆောင်လာပြီးနောက် ဝိန်းယွီသည် ၎င်းကို သောက်ကာ ခြောက်သွေ့သော အဝတ်အစားများကို လဲလှယ်ပြီး စောင်အောက်တွင် မောပန်းနွမ်းနယ်စွာ လဲလျောင်းလိုက်လေသည်။

ပိုးသားခန်းဆီးများကို တစ်လွှာပြီးတစ်လွှာ ချထားလိုက်ပြီး ညအချိန် လိုအပ်ချက်များအတွက် အတွင်းခန်း၏ ထောင့်တစ်နေရာတွင် နန်းတွင်းမီးအိမ် တစ်လုံးကိုသာ ချန်ထားခဲ့၏။

ကျောင်းပိုင်နှင့် ထုန်ချွဲတို့သည် ဓားများကို ကိုင်ဆောင်လျက် ခန်းမအပြင်ဘက်တွင် ရပ်ကာ စောင့်ကြပ်နေကြပြီး တစ်ခါတစ်ရံ အဝေးမှ ကျီးကန်းများ၏ အော်သံကသာ ည၏ တိတ်ဆိတ်မှုကို ဖြိုခွဲနေလေသည်။

ရေခဲရေထဲတွင် အချိန်အကြာကြီး စိမ်ထားခဲ့သဖြင့် ဝိန်းယွီသည် သူမ၏ ခန္ဓာကိုယ်ရှိ အဆစ်အမြစ်တိုင်း တုန်ယင်နေသေးသလို ခံစားနေရပြီး ခေါင်းမှာလည်း လေးလံကာ ရှုပ်ထွေးနေလေ၏။ သူမသည် ပန်းထိုးထားသော ခေါင်းအုံးအောက်သို့ လက်နှိုက်ကာ ငါးကြင်းရုပ် သစ်သားပန်းပုလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်၏။

ဝေဝါးနေမှုကြားတွင် သူမသည် အိပ်မက်မက်နေသယောင်— နှင်းများ ဖုံးလွှမ်းနေသော အေးခဲနေသည့် မြေပြင်တစ်ခုတွင် တစ်စုံတစ်ယောက်က သူမကို မြင်းပေါ်တင်ကာ ဒုန်းစိုင်းစီးနေခဲ့သည်။ အရိုးခိုက်မတတ် အေးစက်လှသော လေပြေက ပြင်းထန်စွာ တိုက်ခတ်နေသော်လည်း သူမ၏ လက်ထဲတွင် အသည်းအသန် ဆုပ်ကိုင်ထားသော အဝတ်စမှာမူ ခိုင်မာပြီး အားကိုးရဆဲ။

သူမသည် နှင်းခဲများဖြင့် ဖြူဖွေးနေသော ဝေ့မြစ်ကမ်းစပ်တွင် ဒူးထောက်ကာ အဝေးမှ ဖုန်းယန်ဆီသို့ လှမ်းကြည့်ရင်း ခါးသီးစွာ ငိုကြွေးလျက် လက်စားချေရန် သွေးစွန်းနေသော စကားလုံးများဖြင့် သစ္စာဆိုခဲ့သည်။ ထိုသူသည် သူမ၏ အနောက်တွင် တုန်လှုပ်ချောက်ချားခြင်း မရှိသော တောင်တန်းကြီးတစ်ခုကဲ့သို့ ရပ်တည်နေခဲ့လေသည်...

သူမအတွက် သူ ခံယူပေးခဲ့သော ဓားချက်များ၊ သူ ကျခဲ့ရသော သွေးများ၊ သူမကို ခေါ်ဆောင်သွားခဲ့သော လမ်းခရီးများနှင့် သူမအပေါ် အမြဲတစေ ကျရောက်နေခဲ့သော အကြည့်များ— အရာအားလုံးသည် သူမ၏ စိတ်အာရုံထဲတွင် တစ်ခန်းပြီးတစ်ခန်း ရှင်းလင်းပြတ်သားစွာ တဖျတ်ဖျတ် ပေါ်လာခဲ့၏။

ထိုင်းမှိုင်းသော နာကျင်မှုတစ်ခုက ဝိန်းယွီ၏ နှလုံးသားကို ဆုပ်ကိုင်လိုက်၏။ သူမသည် အိပ်မက်ထဲက အရိပ်ကို ထိတွေ့ရန် တောင့်တစွာဖြင့် လက်တစ်ဖက်ကို မြှောက်လိုက်သော်လည်း သူမ၏ လက်ဖဝါးနှင့် နှုတ်ခမ်းများပေါ်တွင် နွေးထွေးစိုစွတ်သော ခံစားမှုတစ်ခုကိုသာ အစားထိုး ခံစားလိုက်ရလေသည်။

လန့်ဖြန့်သွားကာ သူမသည် အိပ်မက်ထဲတွင် မော့ကြည့်လိုက်ရာ သူသည် ကျောက်နံရံကို အားနည်းစွာ မှီထားပြီး ဂူထဲက မီးရောင်အောက်တွင် သူ၏ ဖြူရော်နေသော်လည်း ချောမောလှသည့် မျက်နှာကို မြင်လိုက်ရသည်။ သူမက သူ၏ ပါးပြင်များကို လက်ခုပ်ထဲထည့်ကာ ကိုင်ထားလေသည်။

ဆေးတိုက်ရန်အတွက် သူမသည် သူ၏ သွားများကို အတင်းဆွဲခဲ့ရသည်။ သူမ၏အထိအတွေ့က နူးညံ့သော်လည်း အနည်းငယ် ကြမ်းတမ်းနေသည့် တစ်စုံတစ်ရာနှင့် ဆုံတွေ့သွားခဲ့၏။ သူမက နောက်မဆုတ်နိုင်ခင်မှာပင် သူသည် လောကီစည်းစိမ်ကို မြည်းစမ်းဖူးသူ တစ်ယောက်လို သူမကို လိုက်လံရှာဖွေကာ သူမနှင့် ရစ်ပတ်နှောင်ဖွဲ့လိုက်၏။ သူ၏စူးစမ်းရှာဖွေမှုထဲတွင် လွှမ်းမိုးထားသော်လည်း မသေသပ်လှသော အပြုအမူက ခါးသက်သက်နှင့် ချိုမြမြ ဆေးရည်များကို သူမထံမှ စုပ်ယူသွားခဲ့လေသည်။

ဤသည်မှာ သူမ၏ အိပ်မက်ထဲသို့ ဝင်ရောက်လာသော မှတ်ဉာဏ်တစ်ခုမှန်း သိထားသဖြင့် ဂူထဲတွင် ဆေးတိုက်နေသည့် မြင်ကွင်းကို ဘေးလူတစ်ယောက်အဖြစ် စောင့်ကြည့်နေခဲ့ရသည်။ သူမ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်သွားသည်နှင့်တစ်ပြိုင်နက် ဤဘဝတွင် နောက်ထပ် မြင်တွေ့ရနိုင်တော့မည် မဟုတ်သော ထိုမျက်နှာကို ဆက်လက် ယုယပွေ့ဖက်ထားပြီး သူမ၏ အကြည့်များသည် မည်းနက်ကာ ဝမ်းနည်းနေလေတော့သည်။ သူမက တိုးညှင်းစွာ မေးလိုက်လေသည်။ "တစ်နေ့ ကျွန်မ တာ့လျန်ကို ပြန်ရောက်ရင် ရှင် အဲဒီမှာ ရှိနေဦးမှာလား"

_____

ထုန်ကျိုး။

သန်းခေါင်ယံ၏ တိတ်ဆိတ်မှုကို ကျီးကန်းများ၏ အော်သံက ထိုးဖောက်သွား၏။ ရှောင်းလိသည် စားပွဲပေါ်မှ ထလိုက်ပြီး သူ၏ မျက်လုံးများသည် အနားမယူရသဖြင့် နီရဲလို့နေသည်။

သူသည် စိတ်ရှုပ်ရှုပ်နှင့် သူ့မျက်နှာကို ပွတ်သပ်လိုက်၏။

ငါ ဘာလို့ အဲဒီအိပ်မက်ကို ထပ်မက်နေရပြန်တာလဲ။

သူ့ရင်ထဲတွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်နေစဉ် တဲအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။။

"အုပ်ချုပ်ရေးမှူး! ဝူလီမြစ်ကွေ့မှာ မြောက်ဝေ့စစ်တပ်တွေ ညဘက် ချီတက်လာတာကို ကင်းထောက်တွေ တွေ့ရှိခဲ့ပါတယ်"

...

All Chapters