← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

အပိုင်း (၁၃၀)

လီယောင်သည် သူ၏ တုတ်ကောက်ကို မှီလျက် ရပ်နေရင်း လီရွှင်အား ကြည့်ကာ ပြောလိုက်၏။ "မင်းရဲ့ တည်ငြိမ်မှုကို မပျက်ပြားစေနဲ့။ ဖေစုန့်ရဲ့ ကောက်ကျစ်တဲ့ အကြံအစည်u ယာယီ အသာစီးရရုံ သက်သက်ပဲ ရှိသေးတာ"

ပြောပြီးနောက် သူသည် အစောင့်များကို ညွှန်ကြားကာ လီရွှင်အနားယူနိုင်ရန် လိုက်ပါပို့ဆောင်ခိုင်းလိုက်သည်။

အစောင့်များ၏ တွဲထူမှုကို ခံထားရသော်လည်း လီရွှင်သည် ဖန့်ယွမ်၏ ဒဏ်ရာအတွက် စိုးရိမ်ပူပန်နေဆဲ ဖြစ်ပြီး ပြောလိုက်၏။ "စစ်သူကြီးဖန့်ယွမ်ရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်ကို စစ်ဖက်သမားတော်တွေ မတတ်နိုင်ကြဘူး။ ကျွန်တော်တို့ ရှင်းကျိုး နယ်မြေထဲကို မြန်မြန် ပြန်ပြီး နာမည်ကြီး သမားတော်တွေကို ပင့်ဖိတ်ရမယ်..."

ဖန့်ယွမ်၏ သူငယ်အိမ်နှင့် လျှာပေါ်ရှိ အနည်များကို စစ်ဆေးခဲ့သော အဘိုးကြီးသည် မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်၏။ "ဇီဟွားမုရွှိနဲ့ ရှန်းချောင် ၄ချန်စီ၊ ချိုနွယ်အစိမ်း ၁ချန်ခွဲ၊ စန္ဒကူးနီနဲ့ စက္ကုမင်း ၂ချန်စီကို ရောပြီး ၃ရက်လောက် ကျိုသောက်လိုက်ရင် အဆိပ်တွေ အကုန် ပြယ်သွားလိမ့်မယ်"

ထိုအခါမှသာ လီရွှင်သည် ထိုအဘိုးကြီးကို သတိပြုမိတော့သည်။ အဘိုးကြီး၏ မုတ်ဆိတ်နှင့် ဆံပင်များသည် ဖြူဖွေးနေပြီ ဖြစ်သော်လည်း ခါးကိုင်းခြင်း အလျဉ်းမရှိဘဲ သူ၏ မျက်လုံးများတွင်လည်း ထက်မြက်သော အလင်းရောင်များ ကိန်းအောင်းနေကာ လောကီအပူအပင်ကင်းဝေးသော အငွေ့အသက်များ ရှိနေလေသည်။ သူ၏ သဘောထားမှာ ကြင်နာပုံရသော်လည်း ခန့်ညားထည်ဝါသော ဂုဏ်သရေရှိသဖြင့် သာမန်လူများအဖို့ တည့်တည့်ပင် မစိုက်ကြည့်ရဲလောက်အောင် ဖြစ်ရ၏။

လီယောင်သည် ဝမ်လျန်တောင်သို့ သွားရောက်ကာ ပင့်ဖိတ်ခဲ့သော မိတ်ဆွေဟောင်းအကြောင်းကို သတိရသွားပြီး လီရွှင်သည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားများပင် ထစ်အကုန်တော့သည်။ "လူကြီးမင်း... လူကြီးမင်းက စစ်သူကြီး ယွီချီလား"

ယွီချီပါးက ရယ်မောလိုက်၏။ "ငါ စစ်သံချပ်ကာကို ချွတ်လိုက်တဲ့ အချိန်တုန်းက မင်း အစိုးရအလုပ်ထဲတောင် ဝင်ဦးမှာ မဟုတ်ဘူး။ ငါ့ကို ဘယ်လိုလုပ် မှတ်မိနေတာလဲ"

ထိုစကားကို ကြားရလျှင် လီရွှင်သည် အလွန်အမင်း ဝမ်းသာသွားပြီး စိတ်ထဲတွင် တင်းကျပ်နေသမျှ ပြေလျော့သွားတော့သည်။ "မင်ချန်ဧကရာဇ်ရဲ့ ဘိုးတော်ဘုရား နန်းမတက်ခင်ကတည်းက လူကြီးမင်း အငြိမ်းစားယူခဲ့တယ်ဆိုပေမယ့် တာ့လျန် ပြည်ထောင်စုကြီးရဲ့ နယ်မြေတစ်ဝက်ကို လူကြီးမင်းရဲ့လက်နဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တာကို ဘယ်သူက မသိဘဲ နေမှာလဲ"

ထိုသို့ ပြောလိုက်သည်ကို ကြားသောအခါ ယွီချီပါး၏ မျက်နှာပေါ်ရှိ အပြုံးများမှာ သိသိသာသာ မှေးမှိန်သွားခဲ့၏။

လီယောင်က လီရွှင်ကို ပြောလိုက်၏။ "ရှို့ယိကိုခေါ်ပြီး ခဏလောက် သွားနားလိုက်ဦး။ ဒီဆေးညွှန်းအတိုင်း ဆေးကို အရင်စပ်ပြီး ရှို့ယိကို တစ်ခွက် တိုက်လိုက်၊ ပြီးရင် ရှင်းကျိုးကို ဆက်ပြီး ခရီးနှင်ကြ။ ငါ့ဆီမှာ စစ်သည် ၂၀၀၀ ချန်ထားခဲ့ပါ"

ရှို့ယိမှာ ဖန့်ယွမ်၏ငယ်နာမည်ဖြစ်သည်။

လီရွှင်သည် ယွီချီပါး၏ တုံ့ပြန်မှုကို အနည်းငယ် ထူးဆန်းသည်ဟု ထင်မှတ်နေမိစဉ် လီယောင်၏ စကားကို ကြားလိုက်ရသဖြင့် ထိုအတွေးများကို ချက်ချင်း ဘေးဖယ်လိုက်ကာ အလောတကြီး ပြောလိုက်လေသည်။ "ဒါ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး လူကြီးမင်း။ ဒီတစ်ကြိမ်မှာ ဖေစုန့်က စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ပြီး ကျွန်တော်တို့ကို လိုက်လံတိုက်ခိုက်နေတာပါ။ သစ္စာဖောက် တိုးကျန့်လျန်ရဲ့ ချန်စစ်တပ်နဲ့ ပူးပေါင်းလိုက်ရင် ရန်သူ့အင်အားက ၅သောင်းထက် မနည်းပါဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်က ရှေ့တန်းက တာ့လျန် စစ်တပ်ကို အပြတ်ချေမှုန်းပြီး ထိုက်အာတောင်တန်း နောက်ကွယ်မှာ ခိုလှုံနေတဲ့ ၃ပြည်နယ်နဲ့ ၁ခရိုင်ကို တောင်ဘက်ကနေ တိုက်ရိုက် သိမ်းပိုက်ဖို့ပဲ"

သူသည် ခါးသီးသော အမှန်တရားကို ဖွင့်ဟလိုက်၏။ "ဝါယောင်းခံတပ်ကို စောင့်ကြပ်နေတဲ့ စစ်သည် ၂၀၀၀က ဖေစုန့်ရဲ့ စစ်တပ်ကြီးကို ကြာကြာ တားဆီးနိုင်မှာ မဟုတ်ဘူး။ လူကြီးမင်းနဲ့ စစ်သူကြီး ယွီချီတို့မှာ တစ်ခုခု မှားယွင်းလို့ မဖြစ်ဘူးလေ။ နောင်ကျရင် မင်းသမီးရဲ့ မြောက်ပိုင်း စစ်ဆင်ရေးတွေအတွက် လူကြီးမင်းတို့ နှစ်ယောက်လုံးကို အားကိုးရဦးမှာ။ စစ်သူကြီးဖန့်ယွမ်နဲ့အတူ ရှင်းကျိုးကို အမြန် ဆုတ်ခွာပါဦး။ ကျွန်တော် ဒီနေရာမှာ အချိန်ဆွဲထားပါ့မယ်"

မြောက်ပိုင်း စစ်ဆင်ရေးအကြောင်းကို ပြောလိုက်ချိန်တွင် သူ၏ အသံမှာ အနည်းငယ် တုန်ယင်သွားခဲ့၏။

ဝိန်းယွီသည် ဖိန်ကျိုးအတွက် မြောက်ပိုင်း အတားအဆီးတစ်ခုအဖြစ် ရှင်းကျိုး၊ ယီကျိုးနှင့် ထောင်ခရိုင်တို့ကို သိမ်းပိုက်ရန် အစကတည်းက အခိုင်အမာ ဆုံးဖြတ်ခဲ့ခြင်းမှာ ထိုက်အာတောင်တန်းက ထိုနယ်မြေ ၃ခုကို ကာကွယ်ပေးထားပြီး မြောက်ပိုင်း စစ်တပ်များ တောင်ဘက်သို့ ချီတက်လာခြင်းကို ပိတ်ဆို့ထားနိုင်သောကြောင့်ပင်။

လီယောင်က ပြောလိုက်သည်။ "ဝါယောင်းခံတပ်ကနေ ရှင်းကျိုးကို သွားမယ်ဆိုရင် ၂ရက် ခရီးနှင်ရလိမ့်မယ်။ ဖေစုန့်ရဲ့ လိုက်လံဖမ်းဆီးတာကို မခံရဖို့ဆိုရင် ဝါယောင်းခံတပ်က အနည်းဆုံး တစ်မနက်ခင်းစာလောက်တော့ ခံနိုင်ရည် ရှိရမယ်"

လီရွှင်က တစ်စုံတစ်ခုကို အာမခံရန် ပြင်လိုက်စဉ်မှာပင် လီယောင်က ဆက်ပြောလိုက်၏။ "ဒီတိုက်ပွဲရဲ့ အရေးကြီးဆုံး အချက်က ဖေစုန့်ရဲ့ စစ်ရှိန်ကို ပြင်းပြင်းထန်ထန် နှိမ်နင်းပစ်ရမယ်"

လီရွှင်သည် သူ့ကို ကြည့်ကာ မှင်သက်သွားတော့သည်။ လီယောင်သည် မြောက်ဘက် ကောင်းကင်ယံသို့ လှမ်းမျှော်ကြည့်လိုက်ရာ တွန့်လိပ်နေသော မျက်ခွံများအောက်ရှိ အိုမင်းပြီး မီးခိုးရောင်သန်းနေသော သူငယ်အိမ်များတွင် နက်နဲသော အမူအရာများ ဖုံးကွယ်နေ၏။ "မင်းပြောသလိုပဲ၊ ဖေစုန့်က စစ်သည် ၅သောင်းကို ကိုယ်တိုင်ဦးဆောင်ပြီး တောင်ဘက်ကို ချီတက်လာတာက ရှေ့တန်းက တာ့လျန် စစ်တပ်ကို ခြေမှုန်းပြီး ထိုက်အာတောင်တန်း နောက်ကွယ်က ၃ပြည်နယ်နဲ့ ၁ခရိုင်ကို သိမ်းပိုက်ဖို့ပဲ။ သူ မြောက်ပိုင်းနယ်စပ် စစ်မြေပြင်ကို စွန့်ခွာရဲတယ်ဆိုကတည်းက မြောက်ပိုင်းမှာ ငါတို့ မသိသေးတဲ့ အပြောင်းအလဲတချို့ ရှိနေလို့ ဖြစ်လိမ့်မယ်"

"ရှို့ယိက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်၊ တိုးကျန့်လျန်ကလည်း သစ္စာဖောက်ပြီး လက်နက်ချသွားခဲ့ပြီ၊ ငါတို့ စစ်သည်တွေက ကြောင်လိုက်ခံရတဲ့ ကြွက်တွေလိုမျိုး ကစားပွဲတစ်ခုလို ဖြစ်နေရတာ၊ အဲ့ဒီလို အခြေအနေမျိုးမှာ စစ်သည်တွေဆီမှာ ဘယ်လို စိတ်ဓာတ်အင်အားတွေ ကျန်ရှိတော့မှာလဲ။ တကယ်လို့ ကံကောင်းလို့ ရှင်းကျိုးကို ဆုတ်ခွာနိုင်ခဲ့ရင်တောင် ဒီထိတ်လန့်စရာ သတင်းကို နောက်တန်းက တာ့လျန် စစ်စခန်းဆီ ယူဆောင်သွားသလိုပဲ ဖြစ်လိမ့်မယ်"

လီရွှင်သည် နှုတ်ဆိတ်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ ပျက်စီးယိုယွင်းနေသော အခြေအနေမျိုးတွင် နှစ်ယောက်စလုံး ကောင်းကောင်း နားလည်ထားသော်လည်း မထုတ်ဖော်ချင်ကြသည့် အကြီးမားဆုံး ပြဿနာတစ်ခု ရှိနေသေးသောကြောင့်ပင်။

— ဝိန်းယွီသည် လက်ထပ်ထိမ်းမြားမှုဖြင့် တာ့လျန်နှင့် နန်ချန်ကြား မဟာမိတ်ကို ရရှိခဲ့သော်လည်း ချန်စစ်တပ်က ရှေ့တန်းတွင် သစ္စာဖောက်ကာ ဖေစုန့်ထံ လက်နက်ချခဲ့ပြီး တာ့လျန် စစ်တပ်ကို အနောက်မှ ဓားဖြင့် ထိုးခဲ့လေသည်။ ဤသတင်းသာ နောက်တန်းရှိ တာ့လျန် စစ်စခန်းဆီသို့ ရောက်ရှိသွားပါက ပြည်နယ်၃ခုနှင့် ခရိုင်၁ခုသည် သေချာပေါက် ပရမ်းပတာ ဖြစ်သွားလိမ့်မည်။

နန်ချန်အပေါ် နာကျည်းမှုများသည် နောက်ဆုံးတွင် ဝိန်းယွီကိုယ်တိုင်အပေါ် မကျေနပ်မှုများအဖြစ် ပြောင်းလဲသွားနိုင်၏။

မည်သည့် အင်အားစုမဆို အတွင်း၌ အက်ကြောင်းများနှင့် သဟဇာတမဖြစ်မှုများ ပေါ်ပေါက်လာပါက ပြင်ပမှ ဖိအားများကြောင့် လွယ်လွယ်နှင့် ပျက်စီးသွားတတ်သည်။

ဖေစုန့်က စစ်တပ်ကို တောင်ဘက်သို့ ဦးဆောင်ချီတက်ရဲခြင်းမှာလည်း ဤအချက်ကို ယုံကြည်ထားသောကြောင့် ဖြစ်လိမ့်မည်။

နောက်ထပ် လျှို့ဝှက်ဆန်းကြယ်သော အန္တရာယ်တစ်ခုမှာ ဝေ့ချီရှန်းသည် မြောက်ပိုင်းနယ်စပ် စစ်မြေပြင်တွင် ရှုံးနိမ့်သွားခြင်း ဖြစ်နိုင်၏။ ဖေစုန့်၏ စစ်တပ်က စစ်ရှိန် ပိုမိုပြင်းထန်လာပါက တာ့လျန်၏ စိတ်ဓာတ်အင်အားသည် လုံးဝ ပြိုလဲသွားလိမ့်မည် ဖြစ်ရာ ထိုအချိန်ကျလျှင် ဖေစုန့်ကို မည်သို့ တန်ပြန်တိုက်ခိုက်နိုင်တော့မည်နည်း။

လီရွှင်၏ နာကျင်ဖွယ်ရာ တိတ်ဆိတ်မှုကို မြင်သောအခါ လီယောင်သည် အခြေအနေ၏ လေးနက်မှုကို တစ်ဖက်လူ နားလည်သွားကြောင်း သိလိုက်၏။ "ငါတို့လို အိုမင်းနေတဲ့ လူအိုကြီး နှစ်ယောက်ကလွဲလို့ ဒီလောကမှာ ဘယ်သူက ဖေစုန့်ကို တားဆီးနိုင်ပြီး သူ့ကို ပြင်းပြင်းထန်ထန် လဲကျသွားအောင် လုပ်နိုင်ဦးမှာလဲ။ မင်း နောက်တန်းက တာ့လျန် စစ်စခန်းကို ပြန်ရောက်တဲ့အခါ မင်းရဲ့ တာဝန်တွေက နည်းနည်းမှ လျော့ပါ့မှာ မဟုတ်ဘူး : စိတ်ဓာတ်အင်အားတွေကို ပြန်လည်တည်ဆောက်ဖို့၊ မြောက်ပိုင်း စစ်ဆင်ရေးကို အသစ်တစ်ဖန် ပြန်လည်စီစဉ်ဖို့၊ ဒါတွေက လွယ်ကူတဲ့ ကိစ္စရပ်တွေ မဟုတ်ဘူး"

လီရွှင်သည် နားထောင်ရင်း သူ၏ အိုမင်းသော မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာတော့သည်။

လီယောင်က ဆက်ပြောလိုက်၏။ "တာ့လျန် စစ်စခန်းက ပျက်စီးသွားလို့ မဖြစ်ဘူး။ ဖေစုန့်ဆီကနေ လော့ယန်ကို ပြန်လည်သိမ်းပိုက်ဖို့ မျှော်လင့်ချက် မရှိတော့ရင်တောင် မင်းသမီးရဲ့ ဘေးကင်းမှုအတွက် ဒီအဆောက်အအုံကို ထိန်းသိမ်းထားရမယ်။ နောင်တစ်ချိန်မှာ တာ့လျန်ပြည်ကြီး ပြန်လည် နိုးထလာတဲ့နေ့ကျရင် မြေကြီးအောက်က ငါ့အတွက် အရက်တစ်ခွက်လောက်တော့ သာယာစွာ လောင်းထည့်ပေးဖို့ မမေ့ပါနဲ့ဦး"

ထိုဆံပင်ဖြူ အဘိုးကြီး၏ နောက်ဆုံး မှာကြားချက်မှာကား : "ကျုံးချင်... ကျွန်တော်တို့ရဲ့ မင်းသမီးကို မင်းဆီ အပ်နှံပါတယ်"

လီရွှင်သည် လက်နှစ်ဖက်ကို ယှက်ကာ အလေးအမြတ် ဦးညွှတ်လိုက်ပြီး နှလုံးသားတစ်ခုလုံး နာကျင်လွန်းသဖြင့် အက်ကွဲသော အသံဖြင့် ညည်းတွားလိုက်မိတော့သည်။ "လူကြီးမင်း..."

ကောင်းကင်ယံတွင် တိမ်တိုက်များက နေမင်းကို ကွယ်ထားပြီး မြို့ရိုးမျှော်စင်ထက်ရှိ စစ်အလံများသည် လေထဲတွင် တဖျတ်ဖျတ် လွင့်နေလေ၏။

မြို့ရိုးပေါ်တွင် ရပ်ရင်း လီယောင်သည် ဖန့်ယွမ်နှင့်အတူ ထွက်ခွာသွားသော လီရွှင်၏ စစ်တပ်ကြီးကို ငေးကြည့်နေမိသည်။ "မိတ်ဆွေဟောင်းကြီး..." လီယောင်က ပြောလိုက်၏။ "ငါ မင်းကို အငြိမ်းစားယူရာကနေ ပြန်ပင့်ဖိတ်ခဲ့တာ အချိန်မတော် ဖြစ်သွားပုံရတယ်"

ယွီချီပါးက မုတ်ဆိတ်ကို သပ်ရင်း ရယ်မောလိုက်သည်။ "ငါ့အမြင်မှာတော့ အချိန်ကိုက် ဖြစ်သွားတာပဲ"

ထိုမိတ်ဆွေဟောင်း နှစ်ယောက်သည် အကြည့်ချင်းဆုံကာ ပြုံးလိုက်ကြတော့သည်။

ခဏကြာပြီးနောက် လီယောင်က သက်ပြင်းချရင်း ပြောလိုက်၏။ "နှမြောစရာကောင်းတာက မင်း ငါတို့ရဲ့ မင်းသမီးကို နောက်တစ်ကြိမ် ထပ်ပြီး မတွေ့ရတော့ဘူး"

ယွီချီပါးက ပြန်ပြောလိုက်သည်။ "သူ့ရဲ့ ရုပ်သွင်ကို ငါ မမြင်ဖူးပေမယ့် သူ့ရဲ့ စိတ်ဓာတ်ကိုတော့ ငါ တွေ့မြင်ပြီးသားပါ"

လီယောင်သည် သူ၏ မိတ်ဆွေဟောင်းကို အံ့ဩစွာ ကြည့်လိုက်၏။

ယွီချီပါးက ရှင်းပြလိုက်သည်။ "တောင်ပိုင်း နယ်စပ်ကနေ ရှုံးနိမ့်နေတဲ့ အခြေအနေမှာ ၃ပြည်နယ်နဲ့ ၁ခရိုင်ကို လှုပ်ရှားစေနိုင်ခဲ့တယ်၊ ပြီးတော့ လုပ်ရည်ကိုင်ရည်ရှိတဲ့ အမတ်တွေကို ဒီလောက်အထိ သစ္စာရှိစေခဲ့တယ်၊ ဒါက ဧကရာဇ်တစ်ပါးရဲ့ အရည်အချင်း မဟုတ်ဘူးလား"

ထိုစကားကို ကြားရလျှင် လီယောင်သည် တုတ်ကောက်ကို မှီလျက် လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်တော့သည်။ သူသည် တောင်ဘက်က တောင်တန်းကြီးဆီသို့ အကြည့်လွှဲလိုက်သောအခါ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ အနည်းငယ် ပြေလျော့သွားပုံရသော်လည်း မျက်လုံးများတွင်မူ သက်ကြီးရွယ်အိုတစ်ဦး၏ နှမြောတသမှုနှင့် ဝမ်းနည်းရိပ်များ ကျန်ရှိနေဆဲပင်။

"မင်းပြောသလို တာ့လျန်ရဲ့ ကံကြမ္မာက မကုန်ဆုံးသေးဘူးဆိုတာကို ငါ ယုံကြည်ပါတယ်" ယွီချီပါးက ဆက်ပြောလိုက်သည်။ "မင်း ဒီလိုအချိန်မျိုးမှာ ငါ့ကို ရှာဖွေတွေ့ရှိခဲ့တာက ကောင်းကင်ဘုံရဲ့ အလိုတော် ဖြစ်လိမ့်မယ်"

"ကောင်းကင်ဘုံက တာ့လျန်ပြည်ကြီးရဲ့ နောက်ဆုံး အသက်ရှူသံကို ငါ့လက်နဲ့ နောက်တစ်ကြိမ် ကာကွယ်စေချင်တာ ဖြစ်လိမ့်မယ်"

လီယောင်၏ နှလုံးသားထဲတွင် ခံစားချက်များစွာ ရောယှက်နေသော်လည်း နောက်ဆုံးတွင်တော့ စကားလုံးအနည်းငယ်သာ ပြောနိုင်တော့သည်။ "ကျေးဇူးတင်ပါတယ်"

ယွီချီပါးက ရယ်မောလိုက်၏။ "ဘာအတွက် ကျေးဇူးတင်ရမှာလဲ။ ဒါက ငါကိုယ်တိုင်လည်း လက်နဲ့ တည်ဆောက်ခဲ့တဲ့ တာ့လျန်ပြည်ကြီးပဲဟာ"

ယခုခေတ် လူများက မင်ချန်ဧကရာဇ်သည် တိုင်းပြည်ကို စည်းလုံးညီညွတ်စေခဲ့ပြီး နှစ်ပေါင်း ၃၀ကျော်ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကို အဆုံးသတ်ကာ တာ့လျန်ပြည်ကြီးကို တည်ထောင်ခဲ့သည်ဟုသာ သိကြ၏။ သို့သော် မင်ချန်ဧကရာဇ်၏ ပြည်ထောင် နယ်မြေတစ်ဝက်ကို သူ၏ သွေးသောက်ညီအစ်ကိုများက တိုက်ခိုက်သိမ်းပိုက်ပေးခဲ့သည်ကိုတော့ လူအနည်းငယ်သာ သိရှိကြပေသည်။

သို့သော်လည်း လောကသဘာဝအရ အောင်မြင်မှုများ ရရှိပြီးနောက်တွင် အသုံးမလိုတော့သော အရာများကို ဘေးဖယ်ထားတတ်ကြ၏။ လောကကြီး ငြိမ်းချမ်းသွားသောအခါ မင်ချန်ဧကရာဇ်က စည်းစိမ်ချမ်းသာများကို အတူတူ ခံစားရန် ကတိပေးခဲ့သော သွေးသောက်ညီအစ်ကိုများသည် သူ၏ အာဏာအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုများ ဖြစ်လာခဲ့ကြသည်။

ယွီချီပါးသည် မင်ချန်ဧကရာဇ်နှင့် အာဏာလုရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ လောကကြီး ငြိမ်းချမ်းသွားသောအခါ မင်ချန်ဧကရာဇ်က တာ့လျန်ပြည်ကြီးကို တည်ထောင်ပြီး ဧကရာဇ်အဖြစ် မကြေညာခင်မှာပင် သူသည် တိတ်ဆိတ်စွာ ထွက်ခွာခဲ့ပြီး အခြေချနေထိုင်ခြင်း မရှိဘဲ လေလွင့်နေသော တိမ်တိုက်တစ်ခုကဲ့သို့ လွတ်လပ်စွာ နေထိုင်ခဲ့တော့သည်။

လီယောင်သည် အရင်မင်းဆက်က တဖြည်းဖြည်း ပြိုလဲပျက်စီးသွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူ ဖြစ်သည်။ သူသည် ဤလောကအတွက် မျှော်လင့်ချက်များစွာ ရှိခဲ့ပြီး မင်ချန်ဧကရာဇ်က ထိုအချိန်ကတည်းက အာဏာကို တစ်ဦးတည်း ချုပ်ကိုင်နေသည်ကို သိသော်လည်း သူ မစွန့်လွှတ်ချင်ခဲ့ချေ။

မင်ချန်ဧကရာဇ် ကွယ်လွန်ပြီး ဧကရာဇ်အသစ် နန်းတက်လာသောအခါ မိခင်ဘက်က ဆွေမျိုးများက အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ နန်းတွင်းအမတ်များက ကိုယ်ကျိုးအတွက် ဂိုဏ်းဂဏများ ဖွဲ့ခြင်းနှင့် အဂတိလိုက်စားမှုများ ပိုမိုဆိုးရွားလာခြင်းတို့ကြောင့် ထိုမင်းဆက်သစ်သည်လည်း ဆုတ်ယုတ် ပျက်စီးခြင်း လမ်းကြောင်းပေါ်သို့ ထပ်မံ ရောက်ရှိသွားသည်ကို သူ စောင့်ကြည့်ခဲ့ရ၏။ နောက်ဆုံးတွင် စိတ်ပျက်အားလျော့သွားသဖြင့် သူသည် ရာထူးမှ နှုတ်ထွက်ကာ အခြေချ နေထိုင်ခဲ့တော့သည်။

နောက်ပိုင်းတွင် ချန်လျန်ဝမ်က သူ အခြေချရာနေရာသို့ အကြိမ်ကြိမ် ကိုယ်တိုင်လာရောက် တွေ့ဆုံခဲ့ပြီး လောက၏ အခြေအနေများနှင့် နန်းတွင်းရှိ ပြဿနာများအကြောင်းကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ခြင်း မရှိပါက သူသည် ထိုမျှော်လင့်ချက်များအတွက် အငြိမ်းစားယူရာမှ ပြန်လည် ထွက်လာခဲ့မည် မဟုတ်ပေ။

ဖိန်ကျိုး ခြံဝင်းထဲက နိမ့်ချခြင်းလည်းမရှိသလို ဖိအားပေးခြင်းလည်း မလုပ်ခဲ့သည့် ထိုမိန်းမငယ်လေးသည် သူ့ထံတွင် သူမအတွက် စီစဉ်ပေးရန် တောင်းဆိုခဲ့ချိန်က သူ၏ နောက်ဆုံး ရွေးချယ်မှု ဖြစ်လာခဲ့သည်။

ဖေစုန့်သည် တာ့လျန် စစ်တပ်နောက်သို့ အလွန်နီးကပ်စွာ လိုက်လံတိုက်ခိုက်ခြင်း မရှိခဲ့ချေ။ သူသည် တာ့လျန် စစ်တပ်၏ စိတ်ဓာတ်အင်အားများကို တဖြည်းဖြည်း ချိုးနှိမ်ရန်နှင့် သူတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ကိန်းအောင်းလာစေရန် ဤကဲ့သို့သော ကြောင်နှင့် ကြွက် ကစားပွဲ နည်းဗျူဟာကို တမင်သက်သက် အသုံးပြုခဲ့လေသည်။

တာ့လျန် စစ်တပ်သည် အသည်းအသန် ထွက်ပြေးပြီးနောက် ထိုက်အာတောင်တန်း နောက်ကွယ်က ရှင်းကျိုးသို့ သနားစဖွယ် အခြေအနေဖြင့် ဆုတ်ခွာသွားခဲ့လျှင်ပင် သူ ဂရုမစိုက်ချေ။

အကယ်၍ သူက ရှေ့တန်းက တာ့လျန် စစ်တပ်ကို အပြတ်ခြေမှုန်းလိုက်လျှင် နောက်တန်းက စစ်သည်တွေကို ထိတ်လန့်သွားစေဖို့ လုံလောက်လိမ့်မည်။

သို့သော် သူသည် ကြောက်ရွံ့မှုကို မြို့များကို ဖောက်ထွင်းရန် လက်နက်တစ်ခုအဖြစ် အသုံးပြုလိုပြီး နောက်တန်း တာ့လျန် စစ်စခန်းအတွင်းရှိ အင်အားစုများကို အတွင်းမှနေ၍ ပျက်စီးသွားစေရန် ရည်ရွယ်ခဲ့သည်။

ထို့ကြောင့် ဖေစုန့်သည် စစ်တပ်ကို ဦးဆောင်ကာ ဝါယောင်းခံတပ် နယ်မြေသို့ ရောက်ရှိလာချိန်တွင် ဒုတိယရက်၏ နံနက်စောစော အချိန် ရောက်နေပြီ ဖြစ်သည်။ ကင်းထောက်များက အနောက်ဘက်တွင် မည်သည့် စစ်အလံမှ မပါဘဲ တူညီသော စစ်ဝတ်စုံများ ဝတ်ဆင်မထားသည့် မထင်ရှားသော စစ်တပ်တစ်ခုကို တွေ့ရှိကြောင်း သတင်းပို့လာကြ၏။ ထိုစစ်တပ်သည် အဓိကအားဖြင့် ထူထပ်သော တောအုပ်များထဲမှ လှုပ်ရှားနေသောကြောင့် သူတို့၏ အရေအတွက် အတိအကျကို မသိနိုင်သော်လည်း ၁သောင်းအောက်တွင်သာ ရှိနိုင်ကြောင်း ခန့်မှန်းကြသည်။

ထိုသတင်းကို ကြားရလိုက်ရပြီးနောက် ဖေစုန့်သည် ခဏလောက် စဉ်းစားလိုက်ပြီး သူ့ကိုယ်ရံတော်ကို ခေါ်ယူကာ အမိန့်ပေးလိုက်၏။ "မထင်ရှားတဲ့ စစ်တပ်တစ်ခု သက်သက်ပဲ။ တိုးကျန့်လျန်ကိုပဲ သွားပြီး ရှင်းခိုင်းလိုက်"

ကိုယ်ရံတော်သည် အနောက်ဘက် စစ်တန်းဆီသို့ ချက်ချင်း မြင်းစီးသွားပြီး တိုးကျန့်လျန်အား ထိုမထင်ရှားသော စစ်တပ်ကို တားဆီးရန် ညွှန်ကြားလိုက်လေသည်။

ဖေစုန့်၏ ကိုယ်ရံတော် ထွက်ခွာသွားပြီးနောက်မှသာ တိုးကျန့်လျန်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ တံတွေးထွေးချလိုက်ပြီး ကျိန်ဆဲလိုက်တော့သည်။ "သူက ငါ့ကို ဘာမှတ်နေတာလဲ။ တခြားသူရဲ့ ခွေးဖြစ်နေတာ ကြာပြီဆိုတော့ အားလုံးကို သူ့လိုမျိုး ထင်နေတာလား"

သူ့ဘေးက အကြံပေးသည် ယခုရက်ပိုင်းအတွင်း တိုးကျန့်လျန်၏ ဒေါသများကို အများကြီး ခံထားရသဖြင့် တစ်ဖက်လူ ဒေါသထွက်နေချိန်တွင် နှစ်သိမ့်မှုပေးပြီး မျက်နှာဆယ်ရန် နည်းလမ်းတစ်ခု ရှာမပေးနိုင်ပါက သူကိုယ်တိုင်ပင် ဒေါသပုံချခံရမည့် ပစ်မှတ် ဖြစ်သွားနိုင်ကြောင်း သိထားသည်။ သူက ချက်ချင်းပင် မြောက်ပင့်ကာ ပြောလိုက်၏။ "စစ်သူကြီး... ဒေါသကို ထိန်းပါဦး။ ကျွန်တော့်ရဲ့ နှိမ့်ချတဲ့ အမြင်အရဆိုရင် ဘယ်ကမှန်းမသိ ရောက်လာတဲ့ အဲဒီမထင်ရှားတဲ့ စစ်တပ်ကို ရှင်းခိုင်းတာက တကယ်တော့ ကောင်းတဲ့ ကိစ္စတစ်ခုပါ"

တိုးကျန့်လျန်က သူ့ကို စောင်းငဲ့ကြည့်လိုက်သည်။ အကြံပေးက ဆက်ပြီး ဖားယားပြောဆိုလိုက်၏။ "အဲ့ဒီလို အခြေအနေမျိုးက— သူတို့ကို ခြောက်လှန့်ပြီး မောင်းထုတ်လိုက်ရုံနဲ့ ပြီးသွားတာပဲ။ တကယ်လို့ ကျွန်တော်တို့ကို ဝါယောင်းခံတပ်ကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ရင် ဖေစုန့်က အနောက်ကနေ စောင့်ကြည့်နေမှာဆိုတော့ ကျွန်တော်တို့ အစွမ်းကုန် တိုက်ခိုက်ရလိမ့်မယ်။ ဖေစုန့်ရဲ့ မျက်စိထဲမှာ အကျိုးအမြတ်တချို့ ရဖို့အတွက် စစ်သည်တွေကို အလဟဿ အဆုံးရှုံးခံရတာက အကျိုးမရှိနိုင်ပါဘူး။ လောလောဆယ် ကိုယ့်ရဲ့ အင်အားကို ထိန်းသိမ်းထားတာကပဲ အကောင်းဆုံး ဗျူဟာပါ"

တိုးကျန့်လျန်သည် နောက်ဆုံးတွင်တော့ စိတ်သက်သာရာ ရသွားတော့သည်။ သူသည် ဇက်ကြိုးကို ဆွဲလိုက်ပြီး အမိန့်ပေးလိုက်၏။ "နောက်ပြန်လှည့်ဖို့ အမိန့်ပေးလိုက်။ ငါနဲ့အတူ အဲ့ဒီ မထင်ရှားတဲ့ စစ်တပ်ကို သွားပြီး ရှင်းလင်းကြမယ်"

ရှောင်းလိသည် ထုန်ကျိုး တရားမျှတမှု စစ်တပ်က စစ်သည် ၂၀၀၀ကို ဦးဆောင်ကာ ဖေစုန့်၏ စစ်တပ်အနောက်မှ သတိကြီးစွာဖြင့် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ခရီးရှည်ကြီး ချီတက်နေရချိန်တွင် မည်မျှပင် ဖုံးကွယ်ထားပါစေ ခြေရာလက်ရာများကို သေချာပေါက် တွေ့ရှိသွားနိုင်၏။

ဖေစုန့်သည် စစ်မြေပြင်တွင် ကျင်လည်နေသော စစ်သူကြီးတစ်ဦး ဖြစ်သဖြင့် သူ၏ ကင်းထောက်များကို ရှေ့တွင် စုံစမ်းရုံတင်မကဘဲ အနောက်တွင်လည်း ရန်သူ့စစ်တပ်များ လိုက်ပါလာခြင်း ရှိမရှိကို အခါအားလျော်စွာ စစ်ဆေးခိုင်းတတ်သည်။

ဖေစုန့်၏ ကင်းထောက်က သူတို့၏ ခြေရာကို ပထမဆုံး တွေ့ရှိသွားချိန်တွင် ရှောင်းလိသည် ထိုကင်းထောက်ကို သတ်ပစ်ခဲ့၏။

သို့သော် ကင်းထောက်တစ်ဦးက အချိန်မီ ပြန်ပြီး သတင်းမပို့နိုင်ခဲ့လျှင် ၎င်းသည် ခြေရာပေါ်သွားခြင်းနှင့် အတူတူပင်။

ဒုတိယအကြိမ် ကင်းထောက်များ ထပ်မံ ရောက်ရှိလာချိန်တွင် ရှောင်းလိ၏ စစ်သည်များသည် တိုက်ပွဲအတွက် အဆင်သင့် ပြင်ဆင်ပြီးသား ဖြစ်နေခဲ့ပြီ။

တိုးကျန့်လျန်က ချန်စစ်တပ်ကို ဦးဆောင်ကာ သူတို့၏ ခြုံခိုတိုက်ခိုက်မည့် နယ်မြေထဲသို့ ဝင်ရောက်လာချိန်တွင် ကျန်းဟူသည် ထင်းရှူးပင်များ ဖုံးလွှမ်းနေသော တောအုပ်ထဲတွင် ဝပ်နေရင်း ချုံပုတ်များကြားမှ စောင့်ကြည့်နေခဲ့သည်။

သူသည် ခေါင်းကို လှည့်ကာ ဘေးနားရှိ ရှောင်းလိအား မေးမြန်းသည့် သဘောဖြင့် အချက်ပြလိုက်၏။

ရှောင်းလိသည် ထိုစစ်တပ်၏ အလံထက်တွင် "ချန်" ဆိုသည့် စာလုံးကို မြင်လိုက်ရသောအခါ မျက်လုံးများ အေးစက်သွားပြီး ကျန်းဟူအား လက်ဟန်ဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

အကြောင်းပြန်ချက်ကို ရရှိလျှင် ကျန်းဟူသည် ခြုံခိုတိုက်ခိုက်ရန် ပုန်းကွယ်နေသော တရားမျှတမှု စစ်တပ် စစ်သည်များအား ချက်ချင်း အချက်ပြလိုက်တော့သည်။

ချန်စစ်တပ်က ပိုမို နီးကပ်လာချိန်တွင် တောအုပ်ထဲမှ ရုတ်တရက် "ခွပ်" ဆိုသည့် အသံကြီး တစ်ခု ထွက်ပေါ်လာပြီးနောက် နှစ်ဖက်စလုံးမှ ထူထပ်သော ဝါးလုံးများနှင့် ကြိုးဖြင့် ဆွဲထားသော သစ်လုံးကြီးများက အရှိန်အဟုန်ဖြင့် ဝှေ့ယမ်းထွက်လာခဲ့၏။

ချက်ချင်းပင် ချန်စစ်တပ်တန်းများသည် ပရမ်းပတာ ဖြစ်သွားပြီး လူရော မြင်းပါ လဲကျကာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အော်ဟစ်သံများဖြင့် ပြည့်နှက်သွားတော့သည်။

စစ်ကြောင်းကို ထိန်းသိမ်းရန် အလယ်တွင် ရှိနေသော တိုးကျန့်လျန်သည် ရှေ့တန်းက စစ်သည်များ သည်လောက်အထိ ဖရိုဖရဲ ဖြစ်သွားသည်ကို မြင်သောအခါ ထိတ်လန့်သွားခဲ့ရသည်။ ထိုမထင်ရှားသော စစ်တပ်က တကယ်ပဲ ပြဿနာရှာနိုင်ကြောင်း သဘောပေါက်သွားသဖြင့် သူသည် နောက်တန်းက ချန်စစ်သည်များကို ချက်ချင်း အမိန့်ပေးလိုက်၏။ "တောအုပ်ထဲ ဝင်ကြ။ နှစ်ဖက်စလုံးကနေ ဝိုင်းညှပ် တိုက်ခိုက်ကြစမ်း"

နောက်တန်းက ချန်စစ်သည်များသည် တောအုပ်ထဲသို့ စိုးရိမ်တကြီး ပြေးဝင်သွားကြသော်လည်း တောအုပ်အစွန်းတွင် ပုန်းကွယ်နေသော တရားမျှတမှု စစ်တပ် စစ်သည်များသည်— ကိုယ်ပေါ်တွင် ထင်းရှူးပင်များနှင့် ချုံပုတ်များကို ဆောင်းထားကြရာ— ချက်ချင်းပင် သူတို့၏ ဓားများကို ရန်သူ့ ခြေထောက်များဆီသို့ လွှဲယမ်းလိုက်ကြသဖြင့် နောက်ထပ် ချန်စစ်သည် အုပ်စုတစ်စု ချက်ချင်း လဲကျသွားတော့သည်။

ထိုခြုံခိုတိုက်ခိုက်မှု နှစ်ခုကြောင့် သေဆုံးသူ အရေအတွက် အများကြီး မရှိသော်လည်း ချန်စစ်တပ်ကို ထိတ်လန့်သွားစေရန်နှင့် စိတ်ဓာတ်အင်အားများကို ဖျက်ဆီးပစ်ရန် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

ထို့နောက် ရှောင်းလိက တရားမျှတမှု စစ်တပ် စစ်သည်များကို ဦးဆောင်ကာ တိုက်ခိုက်လိုက်ချိန်တွင် အစကတည်းက စစ်မတိုက်ချင်ကြသော ချန်စစ်သည်များသည် အားနည်းစွာဖြင့် ခုခံပြီး အရပ်မျက်နှာအနှံ့ ထွက်ပြေးကုန်ကြတော့သည်။

သို့သော် ရှောင်းလိသည် သတိလက်လွတ် မနေရဲခဲ့ချေ။ သူတို့၏ အင်အားက ကန့်သတ်ချက် ရှိနေပြီး ချန်စစ်တပ်က သူတို့၏ အရေအတွက် အတိအကျကို မသိရှိဘဲ ထိုခြုံခိုတိုက်ခိုက်မှု နှစ်ခုကြောင့် ထိတ်လန့်သွားသောကြောင့်သာ ယာယီ အသာစီးရခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူတို့က ဤချန်စစ်တပ်ကို တစ်ချက်တည်းနဲ့ မမောင်းထုတ်နိုင်ဘဲ အချိန်ကြာမြင့်စွာ တိုက်ခိုက်နေရပါက သူတို့၏ အင်အားအစစ်အမှန် ပေါ်သွားသည်နှင့်တစ်ပြိုင်နက် သူတို့ထက် အင်အား အဆမတန် များပြားသော ချန်စစ်တပ်သည် ချက်ချင်း ပြန်လည် တည်ငြိမ်သွားပြီး တန်ပြန်တိုက်ခိုက်လာလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် ယနေ့ ရာသီဥတုက သူတို့ဖက်ပါနေသည်။ တောင်‌ေါပ်တောအုပ်ထဲတွင် ထူထပ်သော မြူခိုးများ ထွက်ပေါ်လာခဲ့သဖြင့် ထိုမြူခိုးများကို အကာအကွယ်ယူကာ ချန်စစ်တပ်၏ အမြင်အာရုံကို ယာယီ မျက်စိလည်သွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။

သူတို့၏ ကျယ်လောင်သော တိုက်ပွဲဝင် ကြွေးကြော်သံများကြားတွင် အရှေ့ဘက် မိုင်အနည်းငယ် အကွာအဝေးဆီမှလည်း တိုက်ပွဲဖြစ်ပွားသံများကို သဲ့သဲ့လေး ကြားနေရ၏။

အရှေ့ဘက်က ဝါယောင်းခံတပ်တွင်လည်း ဖေစုန့်၏ စစ်တပ်နှင့် တာ့လျန် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ သိသာလေသည်။

...

All Chapters