← Chapters

သူ့ကိုရိုက်… အသေရိုက်ပစ်လိုက်စမ်း

Vol. 8 Ch. 80

သူ့ကိုရိုက်… အသေရိုက်ပစ်လိုက်စမ်း

Vol. 8 Ch. 80

“မင်းက သေချင်နေတာပဲ”

အရပ်ပုပုလူက ဝမ်ရှန်းကို စောင်းကြည့်ကာ လက်ဝါးကို မြှောက်လိုက်ရာ နဂါးတစ်ကောင်၏ ပုံရိပ်ယောင်ပေါ်လာသည်။ ထိုနဂါးခေါင်းမှာ အပေါ်မော့ကာ ဟိန်းဟောက်လိုက်ပြီး ဝမ်ရှန်း၏ ရင်ဝဆီသို့ ပြေးဝင်သွားသည်။

သူ လှည့်စားခံလိုက်ရသည်ကို သိသွားသော အရပ်ရှည်ရှည်လူသည် နှုတ်ဆိတ်လျက် နောက်မှ လိုက်လာသည်၊၊ သူ၏ ဓားမြှောင်များကို သွေးရောင်အစစ်မှန်ချီများဖြင့် ဖုံးလွှမ်းကာ တိုက်ခိုက်လာသည်၊၊

ထိုသူနှစ်ဦးစလုံးမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေပုံရသည်။ ယင်ယန်ဂိုဏ်းသည် ငြိမ်သက်နေဆဲအဆင့်တွင်သာ ရှိသေးသော်လည်း ကျွမ်းကျင်သူအများအပြားရှိနေပြီဖြစ်သည်။ သူတို့၏ အင်အားနှင့် လွှမ်းမိုးနိုင်စွမ်းမှာ သာမန်မိစ္ဆာကျင့်ကြံသူအဖွဲ့အစည်းများထက် များစွာသာလွန်လှသည်။

ဝမ်ရှန်းက ရန်သူများကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာနေစဉ် သူသည် အန္တရာယ်ရှိသောအခြေအနေတွင် ရောက်ရှိနေသည်။ သေစေနိုင်သော လက်ဝါးရိုက်ချက်က ရှေ့တည့်တည့်မှ ပြေးဝင်လာပြီး သွေးရောင်ဓားမြှောင်အလင်းမှာလည်း နောက်မှကပ်ပါလာသည်။

မည်သို့ပင်ဆိုစေ သူသည် တုန်လှုပ်ခြင်းမရှိပဲ အရပ်ပုပုလူကို အနည်းငယ်ပြုံးပြလိုက်သည်။

ကောင်းကင်သို့ ခုန်တက်သွားသော ခွန်ပန်ငါးကြီးတစ်ကောင် သို့မဟုတ် ချောက်နက်ထဲမှ ထွက်ပေါ်လာသော နဂါးတစ်ကောင်ကဲ့သို့ သူက မြေကြီးပေါ်သို့ လက်ဝါးဖြင့် ထိလိုက်ကာ ဒူးကို အနည်းငယ်ကွေးပြီး ရှေ့သို့ အရှိန်ဖြင့် လေထဲသို့ ခုန်တက်လိုက်သည်။

လေထဲတွင် ဇောက်ထိုးအနေအထားဖြင့် ဝမ်ရှန်းသည် အရပ်ပုပုလူက လေဖမ်းလက်ဝါးရိုက်ချက် ဆယ်ချက်ကျော်ကို ပစ်လွှတ်လိုက်သည်။

အခု ငါ့လက်ထဲမှာ ဓားတစ်လက်သာရှိရင် အတော်ကောင်းမှာပဲ...၊၊

ဝမ်ရှန်းသည် မြေပြင်ပေါ်သို့ ဆင်းသက်ခါနီးတွင် လေထဲ၌ ကိုယ်ကို ပြန်တည့်မတ်လိုက်သည်။ အရှိန်ကို အသုံးချကာ ရှေ့သို့ လိမ့်လိုက်ပြီးနောက် ချက်ချင်းပြန်ထလျက် သတိလစ်နေသော ဆံပင်တိုနှင့် အမျိုးသမီးကို လက်တစ်ဖက်ဖြင့် ဆွဲမလိုက်သည်။ မဆိုင်းမတွပင် သူမကို အိတ်ခွံတစ်ခုကဲ့သို့ သူလာခဲ့သော လမ်းကြောင်းဘက်သို့ ၁၀မီတာကျော်အကွာအဝေးအထိ ပစ်ထုတ်လိုက်သည်။ သို့သော် သူမ ဒဏ်ရာမရစေရန်အတွက် ခွန်အားကို အတိအကျချိန်ဆထားခဲ့သည်။

ဝမ်ရှန်းမှာ အပြည့်အဝ တည်ငြိမ်သွားပြီဖြစ်သည်။ ဆံပင်တိုနှင့် အမျိုးသမီးမှာ သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းကို ဖြိုခွင်းရန်အတွက် အဓိကသော့ချက်ဖြစ်သည်။ သူမကို ဤနေရာတွင် အသေမခံနိုင်ပေ။

တိုက်ပွဲကြားထဲမှာပင် သူ၏ စီနီယာအစ်မသည် သူ့ဆီသို့ ပြေးလာနေသည်ကို မြင်လိုက်ရသည်။

လှုပ်ရှားမှု အစီအစဉ်တစ်ခုလုံးမှာ ချောမွေ့လှသည်။ မြေပြင်ပေါ် ဆင်းသက်ခြင်း၊ လိမ့်ခြင်းနှင့် ပစ်ထုတ်ခြင်းတို့မှာ အတိအကျဖြစ်နေသဖြင့် သဘာဝမကျသယောင်ပင်။ အမြုတေဖွဲ့စည်းခြင်းအဆင့် ရန်သူနှစ်ဦးပင်လျှင် ခဏတာ အံ့အားသင့်သွားကြရသည်။ ဝမ်ရှန်းကိုယ်တိုင်လည်း အနည်းငယ်အံ့သြမိ၏။ သူက သူ၏ အလိုအလျောက်သိစိတ်ကို ယုံကြည်ပြီး စွန့်စားခဲ့ခြင်းဖြစ်သော်လည်း ရလဒ်မှာ မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်ခဲ့သည်။

မိစ္ဆာကျင့်ကြံသူနှစ်ဦး၏ ရှေ့တွင် ရပ်နေရင်း သူက တည်ငြိမ်သော အမူယာဖြင့် ပြုံးပြလိုက်သည်။

“ဒါကို အခုပဲ အဆုံးသတ်လိုက်တော့”

အရပ်ပုပုလူက တီးတိုးရေရွတ်လိုက်သည်။

သူတို့၏ ပတ်လည်တွင် ကျောင်းသားများသည် ဖုန်းများကို ထုတ်ယူကာ ဗီဒီယိုရိုက်နေကြပြီး ဒရုန်းများကလည်း အပေါ်မှ အရာအားလုံးကို မှတ်တမ်းတင်နေကြသည်။ သူတို့က တိုက်ပွဲကို ဝင်မရှုပ်ကြသော်လည်း ဖိအားတစ်ခုတော့ဖြစ်စေသည်။

အရပ်ရှည်ရှည်လူက သူ၏ ဓားမြှောင်များကို တိတ်ဆိတ်စွာ ပြန်သိမ်းလိုက်ပြီး ဖွင့်ထားသော SUV ကားတံခါးဘက်သို့ ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ လက်ချောင်းများကို အနည်းငယ် ကွေးလိုက်ရာ စူးရှသော လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။ ထန်ဓားရှည်သည် သက်ရှိတစ်ကောင်ကဲ့သို့ ကားထဲမှ ထွက်ပေါ်လာပြီး သူ၏လက်ထဲသို့ တန်းမတ်စွာရောက်ရှိလာတော့သည်။

ထိုသူက ဓားကို အိမ်ထဲမှ ဆွဲထုတ်လိုက်သည်နှင့် သွေးနီရောင်ချီများ လှိုင်းထလာသည်။ သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များက ဟုန်းခနဲ ပေါ်လာသဖြင့် ဝမ်ရှန်း ကျောထဲတွင် စိမ့်သွားရသည်။

ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်တဲ့ လက်နက်လဲ။

ဓားမှာ ၃ပေ ၈လက်မခန့် ရှည်လျားပြီး ဓားသွားတစ်ဖက်တည်းပါကာ ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာလှသည်။ ဓားဦးမှ ဓားလက်ကိုင်အထိ နက်ရှိုင်းသော သွေးမြောင်းတစ်ခုပါရှိပြီး ဓားသွားအနားသတ်မှာ ပါးစပ်ဟထားသော အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ပုံဖော်ထားသည်။ လက်ကိုင်မှာမူ နဂါးအကြေးခွံကဲ့သို့ အကွက်ဖော်ထားသော အသားဖြင့် ပြုလုပ်ထားသည်။

ဝမ်ရှန်း ထိုဓားကို မြင်သည်နှင့် စက်ဆုပ်ရွံရှာသောစိတ်များ အလိုအလျောက်ဖြစ်ပေါ်လာသည်။ ထိုဓားနှင့် ၎င်း၏ ပိုင်ရှင်မှာ သူနှင့် ဆန့်ကျင်ဘက်သဘာဝရန်သူများဖြစ်သည်ဟု သူ ခံစားနေရသည်။

သတိပေးခြင်းမရှိဘဲ ထိုသူနှစ်ဦးက တစ်ပြိုင်နက်တည်း လှုပ်ရှားလာသည်။

အရပ်ရှည်ရှည်လူက ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် ဓားသွားအနားသတ်တွင် သုံးလက်မခန့်ရှိသော ဓားအလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် အပိုအလုပ်များမလုပ်ဘဲ ယခင်ထက် နှစ်ဆယ်ရာခိုင်နှုန်းခန့် ပိုမိုမြန်ဆန်သော ဓားချက်ဖြင့်အတူ ရှေ့သို့ ခုန်ဝင်လာခဲ့သည်။

ဝမ်ရှန်း ဘေးဘက်သို့ ချက်ချင်း ရှောင်လိုက်သည်။ သူသည် လှုပ်ရှားရန် နေရာပိုမိုရရှိစေရန် ဆံပင်တိုနှင့် အမျိုးသမီးကို တမင်တကာ အဝေးသို့ ပစ်ထုတ်ထားခြင်းဖြစ်သည်။

သူ၏ ခုနှစ်စင်ကြယ်ခြေလှမ်းသည် သူ၏ခြေထောက်အောက်တွင် ချောမွေ့စွာ စီးဆင်းနေသည်။ သူ မြေပြင်ပေါ် ဆင်းသက်လိုက်သည်နှင့် နားကွဲမတတ် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။ လက်သန်းလုံးခန့် အထူရှိသော အနက်ရောင်လျှပ်စီးကြောင်း သုံးလေးခုက ဘေးဘက်မှ သူ့ဆီသို့ ပြေးဝင်လာသည်။

ရှောင်တိမ်းရန် အချိန်မရှိသဖြင့် ဝမ်ရှန်း တိုက်ရိုက်ခုခံရန်အတွက် အစစ်မှန်ချီအကာအကွယ်တစ်ခုကို ဖွဲ့စည်းလိုက်ရသည်။ အရှိန်ကြောင့် သူသည် နောက်သို့ လွင့်ထွက်သွားပြီး တစ်ကိုယ်လုံးတုန်ခါသွားသည်။

အနက်ရောင်သစ်သားဓားတစ်စင်းကို ဆွဲထုတ်လိုက်ပြီးနောက် အရပ်ပုပုလူက သူ၏ မန္တန်ကို လျင်မြန်စွာ ရေရွတ်လျက် ပတ်ဝန်းကျင်ရှိ ကမ္ဘာဦးချီများကို သူ၏ စွမ်းအားများအတွင်းသို့ စီးဆင်းစေလိုက်၏။ အနက်ရောင်လျှပ်စီးကြောင်းများ တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာပြီး ဝမ်ရှန်းအပေါ်သို့ မိုးသီးမိုးပေါက်များလို ကျဆင်းလာလေသည်။

ထိုသူနှစ်ဦးသည် ယခင်က တိုက်ပွဲပေါင်းများစွာ ပူးပေါင်းတိုက်ခိုက်ဖူးကြသည်မှာ ထင်ရှားလှသည်။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ အပြစ်ပြောစရာမရှိအောင် ချောမွေ့လှသည်။ ဝမ်ရှန်းက လျှပ်စီးကြောင်းများကို တားဆီးရန် အာရုံစိုက်လိုက်စဉ်မှာပင် သွေးရောင်ဓားက သူ့ဆီသို့ ထပ်မံ တိုးဝင်လာပြန်သည်။

ထိုထန်ဓားရှည်သည် ခုတ်ပိုင်းရန်အတွက် သီးသန့်ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ မြန်ဆန်ပြီး တိကျကာ အလွန်ထိရောက်လှသည်။ တိုက်ပွဲတွင် သတ်ဖြတ်နိုင်စွမ်းမှာ ကြောက်စရာကောင်းလှသည်။ ပိုဆိုးသည်မှာ ထိုလက်နက်သည် အရပ်ရှည်ရှည်လူ၏ ဆိုးယုတ်သော သတ်ဖြတ်လိုသည့် အော်ရာနှင့် အတိအကျကိုက်ညီနေခြင်းပင်။ သာမန်အခြေအနေတွင် သူတို့အထဲမှတစ်ယောက်ကိုပင် ရင်ဆိုင်ရန် ခက်ခဲလှသော်လည်း ယခုအခါ အရပ်ပုပုလူ၏ အနက်ရောင်လျှပ်စီးများက အဆက်မပြတ်နှောင့်ယှက်နေသဖြင့် ဝမ်ရှန်း အမှန်တကယ်ပင် ရုန်းကန်နေရသည်။

တိုက်ပွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် သူသည် အရေးနိမ့်လာကာ ခုနှစ်စင်ကြယ်ခြေလှမ်း၏ လျင်မြန်လှသော အစွမ်းကြောင့်သာ ဒဏ်ရာမရအောင် ထိန်းထားနိုင်တော့သည်။ ထိုသူ၏ ဓားချက်ကို ရှောင်နိုင်သော်လည်း လျှပ်စီးကြောင်းမှာမူ နောက်ထပ်ကဏ္ဍတစ်ခုဖြစ်သည်။ တိုက်ရိုက်ထိမှန်မှုအချို့ကြောင့် သူ၏ ဘယ်ဘက်လက်မှာ မည်းတူးပြီး လောင်ကျွမ်းနေပြီဖြစ်သည်။

နောက်သို့ တစ်လှမ်းဆုတ်လိုက်ရသည်။ သုံးလှမ်း။ ခုနစ်လှမ်း၊ ရှစ်လှမ်းခန့်။

ဝမ်ရှန်းသည် သတိလစ်နေသော အမျိုးသမီးရှိရာဘက်သို့ အလျင်အမြန် ဆုတ်ခွာနေရလေသည်၊၊ ထပ်မံ ဆုတ်ခွာပါက ထိုအရေးကြီးသောပစ်မှတ်ကို လက်လွှတ်ရမည့် အန္တရာယ်ရှိသည်။

ထိုအချိန်တွင် သူ၏နောက်ဘက်မှ ပြင်းထန်သော လေတိုးသံတစ်ခု ထွက်ပေါ်လာပြီး သူ၏ ဝိညာဉ်အသိစိတ်က လျင်မြန်စွာပြေးဝင်လာသော အရိပ်တစ်ခုကို သိရှိလိုက်သည်။ ၎င်းမှာ အနီးသို့ ရောက်လာသောအခါ အရှိန်အားလုံး ရုတ်တရက် ပျောက်ကွယ်သွားသည်။

ဝမ်ရှန်း၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုဖြင့် ခုန်ပေါက်သွားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုအရာမှာ အပေါ်ယံအခွံများ နွှာထားသည့် သစ်သားတုတ်တစ်ချောင်းဖြစ်ကြောင်း သိလိုက်ရပြီး ၎င်းကို သူအလွန်ရင်းနှီးလှသော အစစ်မှန်ချီများဖြင့် ဖုံးအုပ်ထားသည်။

သူသည် နောက်သို့ လက်လှမ်းကာ ထိုတုတ်ကို ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏လက်ဝါးမှ အစစ်မှန်ချီများကို ထုတ်လွှတ်လိုက်ပြီး ၎င်းကို ဓားတစ်လက်အဖြစ်ပုံဖော်လုပ်လိုက်သည်။

၎င်းသည် သစ်သားဓားကို ၂နှစ်တိုင်တိုင် ကိုင်စွဲခဲ့သည် ရလဒ်ပင်။

ခုနှစ်စင်ကြယ်ဓား၊၊ ကောင်းကင်ယံမှ ဆင်းသက်ပြီး မဟာကြယ်စုတန်းကို ဆင့်ခေါ်စေ။

ထို တုတ်-ဓားကို ကိုင်စွဲလျက် ဝမ်ရှန်းသည် တန်ပြန်တိုက်စစ် ဆင်နွှဲလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားအလင်းတန်း ဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာပြီး ခုနှစ်စင်ကြယ်ဓားအစီအရင်ကို ဖွဲ့စည်းလိုက်ကာ ဓားသမားကို ရပ်တန့်သွားစေသည်။ ဓားအလင်းတန်း အများအပြားသည် ထန်ဓားရှည်ကို ဘေးဘက်နှစ်ဖက်စလုံးမှ ရိုက်ခတ်လိုက်သဖြင့် စူးရှသော သတ္တုချင်းထိသံများ ထွက်ပေါ်လာပြီး ၎င်း၏ လမ်းကြောင်းကို ပျက်ပြားသွားစေသည်။

သစ်သားဓားကို ဤကဲ့သို့ အသုံးပြုခြင်းမှာ သူ၏အစစ်မှန်ချီများကို စိုးရိမ်စရာကောင်းလောက်အောင် ကုန်ခမ်းစေသော်လည်း ဝမ်ရှန်း ဂရုမစိုက်ပေ။ သူက လက်ကောက်ဝတ်ကို ခါယမ်းလိုက်ရာ နောက်ထပ် ဓားချက် ဒါဇင်ပေါင်းများစွာသည် လေကိုခွဲကာ ထွက်ပေါ်လာပြီး အရပ်ရှည်ရှည်လူကို နောက်သို့ ဆုတ်သွားစေသည်။

ဘစ်ဇ်—

အနက်ရောင် လျှပ်စီးကြောင်းများမှာ ရှေ့တည့်တည့်မှ သူ့ဆီသို့ ထပ်မံ ဝဲပျံလာပြန်သည်။ သို့သော် ဝမ်ရှန်းက ၎င်းကို လှည့်ပင်မကြည့်ပေ။ အကြောင်းမှာ သူ၏ ဝိညာဉ်အသိစိတ်က သူ၏နောက်ဘက်တွင် ရင်းနှီးသောအော်ရာတစ်ခု ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိနေသောကြောင့်ဖြစ်သည်။

ဝမ်ရှန်းသည် ဓားသမားကို စိုက်ကြည့်ကာ ထိုးနှက်ရန် အသင့်ပြင်လိုက်သည်။

အနက်ရောင်လျှပ်စီးများသည် သူ၏ဦးခေါင်းနှင့် ရင်ဘတ်ဆီသို့ ပြေးဝင်လာစဉ်မှာပင် သွယ်လျသောလက်တစ်ဖက်သည် သူ၏ဘေးမှ ဆန့်ထွက်လာသည်။ ထိုလက်က လက်ဝါးဖြစ်သွားကာ အားနည်းသော ထိုက်ကျိပုံစံတစ်ခုဖြစ်ပေါ်လာပြီး လျှပ်စီးကြောင်းများကို လမ်းကြောင်းလွဲသွားစေကာ အရပ်ပုပုလူ၏ အာရုံကို ပျက်ပြားသွားစေသည်။

ဝမ်ရှန်း၏ ဘေးတွင် ကျော့ရှင်းလှပသော မုဝမ်ရွှမ်းသည် မယိမ်းမယိုင်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ သူမ၏ ဆံပင်ရှည်များသည် ရေတံခွန်ကဲ့သို့ စီးကျနေပြီး အေးစက်တည်ငြိမ်သော မျက်နှာထားကို ပိုင်ဆိုင်ထားသည်။ အမြဲတမ်းလိုပင် သူမသည် လောကီကမ္ဘာနှင့် မသက်ဆိုင်သယောင်ရှိနေသော်လည်း သူမ၏မျက်လုံးများထဲတွင် ယခုအခါ ဒေါသအရိပ်အယောင်များ တလက်လက်ထွက်ပေါ်နေသည်။

ဘယ်သူက ငါ့မောင်လေးကို အနိုင်ကျင့်ရဲတာလဲ…။

“တိုက်”

မုဝမ်ရွှမ်းသည် သူမ၏လက်ဝါးကို ရှေ့သို့ တွန်းထုတ်လိုက်ရာ တစ်ခုနှင့်တစ်ခု ရောယှက်နေသော်လည်း တွန်းကန်နေသော အားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအရှိန်ကြောင့် လေထုပင် လှိုင်းထန်သွားသည်။

ထိုအချိန်မှာပင် ဝမ်ရှန်းသည် လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ရှေ့သို့ ပြေးဝင်သွားလေသည်။ သူ၏သစ်သားဓားက ယခုအချိန်တွင် အစစ်မှန်ချီအလွှာများစွာဖြင့် အပြည့်အဝဖုံးအုပ်ထားပြီဖြစ်သည်။

သူသည် ခွန်အားချွေတာရန်အတွက် ဂရုမစိုက်တော့ပေ။ နောက်ထပ်လှုပ်ရှားမှု အနည်းငယ်အတွင်းမှာတင် ဤတိုက်ပွဲကို အဆုံးသတ်ရမည်ဖြစ်သည်။

All Chapters