← Chapters

အခန်း (၁၉၆၉-၁၉၇၀)

Vol. 197 Ch. 1969-1970

အခန်း (၁၉၆၉-၁၉၇၀)

Vol. 197 Ch. 1969-1970

အခန်း (၁၉၆၉) - ငါတို့ကိစ္စကို နောက်မှ ဖြည်းဖြည်းပြောလို့ရတယ်

လန်တောက်ချွန်း ပေးအပ်ခဲ့သော သတင်းအချက်အလက်များအရ... ကျိုရွှမ်မျှော်စင်သည် တစ်ချိန်က ထိုက်ချန်းနယ်မြေတွင် လွန်စွာ အထွတ်အထိပ်သို့ ရောက်ရှိကာ ထွန်းတောက်ကျော်ကြားခဲ့ဖူးပြီး၊ အဆင့် ၉ မသေမျိုး ပင် ထွက်ပေါ်ဖူးခဲ့ပေသည်။

သို့သော်လည်း ထိုသမိုင်းကြောင်းသည် နှစ်ပေါင်းများစွာ အတိတ်ဆီသို့ ပြန်လည်ခြေရာခံရမည်ဖြစ်ပြီး၊ ကျိုရွှမ်မျှော်စင်သည် ဆုတ်ယုတ်ကျဆင်းခဲ့ရသည်မှာလည်း နှစ်ပရိစ္ဆေဒ ကြာမြင့်လှပြီ ဖြစ်သည်။

ယခုအခါ အလွန်တရာ ကျယ်ဝန်းလှသော ကျိုရွှမ်မျှော်စင်ကြီးအတွင်း၌ မသေမျိုးအဆင့် ရှိသူဟူ၍ လက်ချိုးရေတွက်နိုင်ရုံ မျှသာ ကျန်ရှိတော့သည်။

ကျန်ရှိနေသောသူ အများစုမှာမူ အထက်သုံးဆင့် ၊ အလယ်သုံးဆင့် နှင့် အောက်လေးဆင့် မျှသာ ဖြစ်ကြတော့သည်။

“အဖေ... ကျုပ် မကြာသေးခင်က အပြင်ကို ထွက်ပြီး လှည့်လည်သွားလာခဲ့တုန်းက ထိုက်ချန်းနယ်မြေရဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပျက်မှုတွေက တဖြည်းဖြည်း ငြိမ်သက်သွားပြီဆိုတာ သိခဲ့ရတယ်၊ ဒါက... ဂိုဏ်းကြီးပွားတိုးတက်စည်ပင်လာမယ့် အရိပ်အယောင် ဖြစ်နိုင်ပါတယ်...”

တောင်တံခါး၏ အနက်ရှိုင်းဆုံးနေရာတွင်... စိမ်းပြာရောင် ဝတ်စုံဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် မိမိရှေ့မှ ဝတ်စုံဖြူဝတ် အဖိုးအိုအား အလွန်အမင်း ရိုသေကျိုးနွံစွာဖြင့် ဦးညွှတ်ဂါရဝပြုရင်း ဆိုလိုက်သည်။

ထိုဝတ်စုံဖြူ အဖိုးအို၏ ရှေ့မှောက်တွင် တိမ်မြူအလိပ်လိုက် တောက်ပနေပြီး၊ ၎င်း၏အတွင်း၌ ကျိုရွှမ်မျှော်စင် တောင်တံခါးအရှေ့ရှိ မြင်ကွင်းများကို အတိုင်းသား ထင်ဟပ်ပြသနေပေသည်။

စိမ်းပြာရောင် ဝတ်စုံဝတ် သက်လတ်ပိုင်းလူ၏ စကားကို ကြားရသောအခါ ဝတ်စုံဖြူ အဖိုးအိုက ခပ်ဖွဖွ ပြုံးလိုက်ရင်း

“ရုန်းရင်းဆန်ခတ်မှုတွေ ငြိမ်သက်သွားတာကလည်း... ကောင်းတဲ့အရာလို့တော့ အပိုင်ပြောလို့မရဘူး၊ ဒါက မုန်တိုင်းမလာခင် ကြိုတင်ငြိမ်သက်နေတဲ့ သဘောလည်း ဖြစ်နိုင်တယ်...”

“ဘာပဲဖြစ်ဖြစ်... ဒီကာလအတွင်းမှာတော့ မင်း အပြင်ကို လျှောက်မပြေးနဲ့တော့၊ ဒီမျိုးဆက်သစ် လူငယ်တွေထဲမှာ... ဘယ်သူက မသေမျိုးအဆင့်ကို ဖောက်ထွက်နိုင်မလဲဆိုတာ သေချာစောင့်ကြည့်ပါဦး... ကျိုရွှမ်မျှော်စင်က သွေးသစ်လောင်းဖို့ လိုအပ်နေပြီ၊ မင်းအနေနဲ့ ဒီကိစ္စပေါ်မှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားဖို့ လိုလိမ့်မယ်...”

“မသေမျိုးအဆင့် ဟုတ်လား... ကျုပ်တို့ ကျိုရွှမ်မျှော်စင်က အခုအချိန်မှာ နှစ်စဉ်ရရှိတဲ့ မသေမျိုးကျောက်တုံး စုစုပေါင်းက ဒီမျှလောက်ပဲ ရှိတာပါ အဖေ၊ အဖေရယ်... ကျုပ်ရယ်... အကြီးအကဲဟွမ်နဲ့ အကြီးအကဲလီရယ်... ကျုပ်တို့ လေးယောက်တည်းနဲ့တင် တကယ့်ကိုပဲ ချွေတာသုံးစွဲနေရတာ၊ တကယ်လို့ တပည့်တွေထဲက နောက်ထပ်တစ်ယောက်က မသေမျိုးအဆင့်ကို ထပ်ပြီး တက်လှမ်းသွားမယ်ဆိုရင်... သူတို့ကို ထောက်ပံ့ပေးဖို့ လုံလောက်တဲ့ မသေမျိုးကျောက်တုံး ရှိမှာမဟုတ်တော့ဘူး...”

စိမ်းပြာရောင် ဝတ်စုံဝတ် သက်လတ်ပိုင်းလူသည် တွေးတောရင်း ခေါင်းခဲသွားပုံရသည်။

သူက ခဏမျှ ရပ်တန့်လိုက်ပြီးနောက်

“ပြီးတော့... ဟွမ်ဟိုင်မျှော်စင် ဘက်ကလည်း... ကျုပ်တို့ ဘိုးဘွားဘီဘင် အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ အဖိုးတန်ရတနာ ကျိုရွှမ်မှန်ကို အမြဲတမ်း မျက်စိကျပြီး လောဘတက်နေကြတာ၊ ကျုပ်မြင်တာကတော့ လက်ရှိ အရေးအကြီးဆုံး ကိစ္စက... မသေမျိုးအရှင်မြတ် ရွှမ်ကွန်း နဲ့ အရင်ဆုံး ရေစက်ကောင်းအောင် လုပ်ထားပြီး၊ သူ့ကို ရှေ့ထွက်ပြီး ကျုပ်တို့ဘက်က မတ်တတ်ရပ်ပေးဖို့ တောင်းဆိုရမယ်၊ ဒါဆိုရင်တော့ ဟွမ်ဟိုင်မျှော်စင်ဘက်က မဆင်မခြင် လှုပ်ရှားရဲတော့မှာ မဟုတ်ဘူး...”

“မသေမျိုးအရှင်မြတ် ရွှမ်ကွန်းရဲ့ နောက်ကွယ်မှာက... ဝိညာဥ်နတ်ဘုရားဂိုဏ်း ရှိနေတာ၊ ငါတို့နဲ့ သူတို့က လမ်းစဉ်ချင်း မတူကြဘူး... ပတ်သက်မှု မရှိနိုင်လေ ကောင်းလေပဲ၊ ဟွမ်ဟိုင်မျှော်စင် ကိစ္စကိုလည်း... မင်း စိတ်ထဲ သိပ်မထားပါနဲ့၊ မကြာသေးခင်က ငါ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်က ဟော်ဟွန်းမြက် လို့ ခေါ်တဲ့ ဝိညာဉ်ဆေးမြက်တစ်မျိုးကို လိုက်ရှာနေတယ်၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ ငယ်ငယ်တုန်းက... အဲဒီ ဟော်ဟွန်းမြက် တစ်ပင်ကို မတော်တဆ ရရှိခဲ့ဖူးတယ်၊ အဲဒီတုန်းက ဒါရဲ့ အာနိသင်ကို မသိရလို့... ဒီအတိုင်းပဲ သိမ်းထားခဲ့တာ...”

ဝတ်စုံဖြူ အဖိုးအိုက ပြုံး၍ ဆိုလိုက်သည်

“ဒီပစ္စည်းကိုသာ ရောင်းချလိုက်မယ်ဆိုရင်... မသေမျိုးကျောက်တုံး ငါးရာလောက် ရနိုင်တယ်၊ ဒါက ငါတို့ လေးယောက် ကျင့်ကြံဖို့အတွက် လုံလောက်ရုံတင်မကဘူး... ငါ့ရဲ့ မိတ်ဆွေဟောင်း ပြောပုံအရဆိုရင် ဒီပစ္စည်းကို လိုချင်နေတဲ့ ပုဂ္ဂိုလ်ကြီးက... ငါတို့ကို အကြွေးတင်သွားသလို ဖြစ်လိမ့်မယ်၊ ဒါကြောင့် ဟွမ်ဟိုင်မျှော်စင်ဆိုတာ... ကြောက်နေစရာ မလိုပါဘူး...”

“ဟော်ဟွန်းမြက် ဟုတ်လား...”

စိမ်းပြာရောင် ဝတ်စုံဝတ် သက်လတ်ပိုင်းလူသည် အနည်းငယ် ဝေခွဲမရဖြစ်သွားပြီး စိတ်ထဲတွင်လည်း လန့်သွားရသည်။

သူသည် ဤပစ္စည်းက မည်သည့်အရာဖြစ်ကြောင်း မသိသော်လည်း... မသေမျိုးကျောက်တုံး ငါးရာအထိ တန်ဖိုးရှိသည်ဆိုပါက ၎င်းသည် အမှန်တကယ်ပင် သာမန်ပစ္စည်း မဟုတ်ကြောင်း သေချာပေသည်။

မသေမျိုးကျောက်တုံး ငါးရာဆိုသည်မှာ... ၎င်းတို့ အနည်းငယ် ချွေတာသုံးစွဲမည်ဆိုလျှင် မသေမျိုးအဆင့် ရှိသူ တစ်ဦးချင်းစီအတွက် နှစ်ပေါင်း ရာချီအထိ သုံးစွဲရန် လုံလောက်ပေသည်။

“ဟော... ဟိုကောင်လေးကို ကြည့်စမ်း... ဘယ်လိုလဲ၊ ငါမြင်တာတော့ သူ့ရဲ့ ပါရမီက မဆိုးလှဘူး...”

ဝတ်စုံဖြူ အဖိုးအိုက ရုတ်တရက် တိမ်မြူထဲမှ မြင်ကွင်းတစ်ခုကို လက်ညှိုးထိုးပြရင်း ဆိုလိုက်သည်။

စိမ်းပြာရောင် ဝတ်စုံဝတ် သက်လတ်ပိုင်းလူက မျက်လုံးကို ပင့်၍ ကြည့်လိုက်ရာ... ထိုမြင်ကွင်းထဲ၌ အဝတ်အစား စုတ်ပြတ်သတ်နေသော လူငယ်တစ်ယောက်သည် ကျိုရွှမ်မျှော်စင်မှ တပည့်တစ်ဦး၏ အတင်းအကျပ် အပြစ်ရှာ နှိပ်စက်ခြင်းကို ခံနေရသည်ကို တွေ့လိုက်ရသည်။ သို့သော် ထိုလူငယ်သည် စိုးစဉ်းမျှ ကြောက်ရွံ့ခြင်း မရှိသည့်အပြင်... မျက်ဝန်းထဲတွင် လေးနက်ခိုင်မာသော အကြည့်များဖြင့် တည်ငြိမ်ရဲဝံစွာ ထိုကျိုရွှမ်မျှော်စင် တပည့်ကို ပြန်လည် ချေပပြောဆိုနေပေသည်။

သူ၏ လက်ထဲတွင်မူ... မိမိထက် အသက်အနည်းငယ်မျှ ငယ်ရွယ်သော မိန်းကလေးငယ်တစ်ဦးကို ဆွဲထားပြီး၊ ထိုမိန်းကလေးငယ်သည် ကြောက်လန့်တကြားဖြင့် လူငယ်၏ နောက်ကွယ်တွင် ပုန်းကွယ်လျက်... ခေါင်းသေးသေးလေး တစ်ဝက်ခန့်ကိုသာ ပြူထွက်၍ ကြည့်ရှုနေရှာသည်။

“ဂိုဏ်းထဲက တပည့်တွေကိုလည်း အခုကတည်းက သေသေချာချာ သွန်သင်ဆုံးမရတော့မယ်၊ သာမန် လူသားတစ်ယောက်ပေါ်ကို ဒေါသပုံချနေတာ... ဘာအကျိုးထူး ရှိမှာလဲ...”

စိမ်းပြာရောင် ဝတ်စုံဝတ် သက်လတ်ပိုင်းလူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက်... ထိုလူငယ်ကို သေသေချာချာ အကဲခတ်ကြည့်ကာ ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။

“ကျင့်ကြံခြင်းစိတ်ဆန္ဒ ကတော့ မဆိုးလှဘူး... ကျင့်ကြံဖို့အတွက် ပျိုးပင်ကောင်းတစ်ပင်ပဲ၊ ဒါပေမဲ့ ပါရမီက ဘယ်လိုရှိမလဲဆိုတာတော့ မသိရသေးဘူး...”

“ဒီလိုလုပ်... အောက်ကလူတွေကို ညွှန်ကြားလိုက်၊ သူတို့ နှစ်ယောက်ကို တမင်တကာ ခွဲပစ်လိုက်ပါ... ပြီးတော့ အဲဒီလူငယ်ကို ပြောလိုက်၊ တကယ်လို့ သူက အဲဒီမိန်းကလေးငယ်ကို ပြန်တွေ့ချင်တယ်ဆိုရင်... ကြိုးစားပမ်းစား ကျင့်ကြံရမယ်၊ အကောင်းဆုံးကတော့ နှစ်ပေါင်းသုံးဆယ်အတွင်းမှာ... အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကို ရောက်အောင် သွားရမယ်လို့ ပြောလိုက်...”

ဝတ်စုံဖြူ အဖိုးအိုက ရယ်မော၍ ဆိုလိုက်သည်။

စိမ်းပြာရောင် ဝတ်စုံဝတ် သက်လတ်ပိုင်းလူသည် အနည်းငယ် ဆွံ့အသွားရသည်။ သူ၏ ဖခင်ဖြစ်သူသည်... တပည့်များကို စိတ်ဓာတ်တက်ကြွလာစေရန်အတွက် ဤကဲ့သို့သော လှည့်ကွက်ဟောင်းကြီးကို ထပ်မံအသုံးပြုနေပြန်ပြီဖြစ်ကြောင်း သူ သိလိုက်သည်။

ဤကဲ့သို့သော နည်းလမ်းမျိုးကို... သူ ယခုနှစ်များအတွင်း အကြိမ်ကြိမ် မြင်တွေ့ခဲ့ဖူးပေသည်။

ဂိုဏ်းထဲက တပည့်အချို့သည် တစ်ခါတရံတွင် အသက်အန္တရာယ်များနှင့် ကြုံတွေ့ရတတ်သော်လည်း... ၎င်းတို့၏ နောက်ကွယ်တွင် မိမိတို့ ကျိုရွှမ်မျှော်စင်၏ ဘိုးဘေးအိုကြီး ရှိနေသည်ကိုမူ စိုးစဉ်းမျှ သိရှိကြမည် မဟုတ်ချေ။

ဝူး...

ရုတ်တရက်... ဝတ်စုံဖြူ အဖိုးအိုသည် ခေါင်းကို ဆတ်ခနဲ မော့ကြည့်လိုက်ရာ၊ မလှမ်းမကမ်းတွင်... ငယ်ရွယ်သော အမျိုးသားနှင့် အမျိုးသမီးတစ်ဦး ယှဉ်တွဲလျက် ရပ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် တုန်လှုပ်သွားရတော့သည်။

“မိတ်ဆွေ နှစ်ဦးကို... ဘယ်လိုခေါ်ရမလဲ မသိဘူး...”

ဝတ်စုံဖြူ အဖိုးအိုသည် အလျင်အမြန် မတ်တတ်ရပ်ကာ လက်အုပ်ချီ နှုတ်ဆက်ရင်း ပြုံး၍ မေးမြန်းလိုက်သည်။

စိမ်းပြာရောင် ဝတ်စုံဝတ် သက်လတ်ပိုင်းလူ၏ မျက်ဝန်းထဲတွင် မကျေနပ်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း... သူသည် ချက်ချင်း ထပြီး ပြဿနာမရှာခဲ့ချေ။

တစ်ဖက်လူသည်... မည်သည့် အသံဗလံမျှ မရှိဘဲ ဤနေရာသို့ တိတ်တဆိတ် ဝင်ရောက်လာနိုင်သည်ဆိုပါက ၎င်းတို့တွင် ထူးခြားသော စွမ်းရည်များ ရှိနေကြောင်း ထင်ရှားပေသည်။

၎င်းတို့သည်လည်း ဧကန်မုချ မသေမျိုးအဆင့်ရှိသူများ ဖြစ်ရပေမည်။

“ကျုပ်တို့ နှစ်ယောက် ဒီကိုလာတာက... ကျိုရွှမ်မှန်ပြားကို ခဏလောက် ငှားရမ်းအသုံးပြုချင်လို့ပါ၊ မိတ်ဆွေကြီးအနေနဲ့... လမ်းစလေး ဖွင့်ပေးလို့ ရမလားခင်ဗျာ...”

ဖန့်ချန်က လက်အုပ်ချီ ပြုံး၍ ဆိုလိုက်သည်။

ကျိုရွှမ်မှန်ပြားကို ငှားမယ် ဟုတ်လား။

စိမ်းပြာရောင် ဝတ်စုံဝတ် သက်လတ်ပိုင်းလူ၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားတော့သည်။

“ကျုပ်ကလည်း ဘယ်သူလဲလို့... ကြည့်ရတာ ဟွမ်ဟိုင်မျှော်စင်က လာတဲ့ မိတ်ဆွေတွေ ဖြစ်ရမယ်၊ ဒါပေမဲ့ ကျုပ် ဟွမ်ဟိုင်မျှော်စင်မှာ မင်းတို့ နှစ်ယောက်ကို တစ်ခါမှ မမြင်ဖူးပါလား...”

ထိုအချိန်တွင်... တောင်တံခါးအရှေ့၌ မသေမျိုးလှေ အမြောက်အမြား ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ရှေ့ဆုံးမှ မသေမျိုးလှေပေါ်တွင်... အလွန်အမင်း ရုပ်ဆိုးလှသော အဖိုးကြီးတစ်ယောက် မတ်တတ်ရပ်နေပြီး၊ သူ၏ အရပ်အမောင်းသည် သုံးပေခန့်သာ ရှိကာ... အရေပြားများ တွန့်လိပ်လျက် ကျောကုန်းကုန်းကြီး ဖြစ်နေပေသည်။ သူသည် ယခုအချိန်တွင် ကျိုရွှမ်မျှော်စင်ရှိရာဘက်သို့ ကြည့်ကာ မထီမဲ့မြင် ပြုံးစိစိဖြင့် ဆိုလိုက်သည်။

“ကျိုရွှမ်မျှော်စင်က ဒီနေ့ ဘာလို့ ဒီလောက်တောင် စည်ကားနေတာလဲ... ကြည့်ရတာ တောင်တံခါးဖွင့်ပြီး တပည့်သစ်တွေ လက်ခံနေတာကိုး၊ မင်းတို့ သတင်းကတော့ တော်တော်လေး လျင်မြန်တာပဲ... ထိုက်ချန်းနယ်မြေရဲ့ အခြေအနေ ငြိမ်သက်သွားတာကို သိတာနဲ့... ချက်ချင်းပဲ ဂိုဏ်းကို တိုးချဲ့ဖို့ ပြင်ဆင်နေကြတာပေါ့ ဟုတ်လား...”

တောင်တံခါးအရှေ့တွင်... တပည့်သစ်များကို လက်ခံရန် တာဝန်ယူထားသော ကျိုရွှမ်မျှော်စင်မှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် လေထုထဲသို့ ပျံသန်းတက်လှမ်းသွားကြပြီး... လေးနက်လှသော မျက်နှာထားများဖြင့် တစ်ဖက်လူကို စိုက်ကြည့်လိုက်ကြသည်။

၎င်းတို့ထဲမှ ကျင့်ကြံခြင်းအဆင့် ဝိညာဉ်သန္ဓေသားအဆင့် သို့ ရောက်ရှိနေပြီဖြစ်သော ကျိုရွှမ်မျှော်စင် ကျင့်ကြံသူတစ်ဦးက ရှေ့သို့ တိုးထွက်လိုက်ပြီး... ထိုရုပ်ဆိုးလှသော အဖိုးကြီးအား လက်အုပ်ချီ၍ ဆိုလိုက်သည်။

“စီနီယာ... ဒီနေ့က ကျုပ်တို့ ကျိုရွှမ်မျှော်စင်အတွက် အရေးအကြီးဆုံး နေ့ထူးနေ့မြတ် ဖြစ်ပါတယ်၊ စီနီယာက... ဒီအတိုင်း လမ်းကြုံလို့ ဖြတ်သန်းသွားတာလား... ဒါမှမဟုတ် အခမ်းအနားကို တမင်တကာ လာရောက်ကြည့်ရှုတာလား ခင်ဗျာ...”

“အခမ်းအနားကို ကြည့်ရမယ် ဟုတ်လား... မင်းတို့ ကျိုရွှမ်မျှော်စင်လို ကောင်တွေက... ငါ့ကို ဖိတ်ဖို့ တန်လို့လား...”

ရုပ်ဆိုးလှသော အဖိုးကြီးက မထီမဲ့မြင် ရယ်မောလိုက်သည်။

ဝုန်း...

နောက်တစ်စက္ကန့်အတွင်းမှာပင်... ထိုဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ထိုနေရာမှာတင် ပေါက်ကွဲသွားပြီး... သွေးမြူအလိပ်လိုက် ဖြစ်ပေါ်သွားတော့သည်။

ဆွံ့အမှင်သက်သွားသော ဝိညာဉ် လေးသည်... ရုန်းကန်ရန်ပင် အချိန်မရအားဘဲ၊ ထိုအဖိုးကြီးက ခေါင်းကိုမော့ကာ အားပြင်းစွာ စုပ်ယူလိုက်သဖြင့် သူ၏ ပါးစပ်ထဲသို့ မျိုချခြင်း ခံလိုက်ရတော့သည်။

သူသည် အားရပါးရ ဝါးမြည်းလိုက်ပြီးနောက်... မျိုချလိုက်သည့် အမူအရာကို ပြုလုပ်ကာ... လေပူတစ်ချက် မှုတ်ထုတ်လိုက်ရင်း ဆိုလိုက်သည်။

“ကျိုရွှမ်မျှော်စင်က ကျင့်ကြံသူတွေရဲ့ ဝိညာဉ် အရသာက... တကယ့်ကို မဆိုးလှဘူးပဲ...”

ထိုနေရာတွင် ရှိနေသော ကျိုရွှမ်မျှော်စင် ကျင့်ကြံသူ အားလုံး ဆွံ့အမှင်သက်သွားကြရသည်။

အပြင်စည်းဂိုဏ်းတွင်မူ... ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူသည် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်ပြီး၊ ဘိုးဘေးအလား ရိုသေခြင်း ခံရသူ ဖြစ်သော်လည်း... ယခုအခါ တစ်ဖက်လူ၏ တိုက်ကွက်တစ်ချက်ကိုပင် မခုခံနိုင်ဘဲ ပါးစပ်ထဲသို့ အဆာပြေ မျိုချခြင်း ခံလိုက်ရသည် မဟုတ်ပါလော။

“အကြီးအကဲကြီး... သေသွားပြီ၊ အမြန်သွားပြီး... ဂိုဏ်းချုပ်နဲ့ ဒုဂိုဏ်းချုပ်တို့ကို သတင်းပို့ကြစမ်း...”

“မှားတယ်... အတွင်းစည်းထဲကို သွားပြီး... ဘိုးဘေးအိုကြီးတွေကို ရှေ့ထွက်ပေးဖို့ တောင်းပန်ကြစမ်း...”

ကျိုရွှမ်မျှော်စင်၏ တောင်တံခါးအရှေ့သည်... မျက်စိတစ်မှိတ်အတွင်းမှာပင် အလွန်အမင်း ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။

ဂိုဏ်းဝင်ရန် ရောက်ရှိနေကြသော သာမန်လူသား ကလေးငယ်များသည်လည်း... မိမိတို့ ဘဝတွင် ဤကဲ့သို့သော ကျင့်ကြံသူများ၏ သတ်ဖြတ်မှုကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သဖြင့်၊ ထိတ်လန့်တုန်လှုပ်လွန်း၍ ကျောက်ရုပ်များပမာ တောင့်တောင့်ကြီး ရပ်နေမိကြပြီး၊ ရင်ထဲမှ အကြောက်တရားများကိုပင် ချက်ချင်း မဖြေဖျောက်နိုင်ကြသေးချေ။

“ဒီတပည့်တွေက... သေသေချာချာ ရွေးချယ်ထားတာတွေ မဟုတ်လား... ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... ဒီနေ့ ငါလာတာ တကယ့်ကို တိုက်ဆိုင်တာပဲ၊ မင်းတို့ ကျိုရွှမ်မျှော်စင်တစ်ခုလုံး... သုတ်သင်ရှင်းလင်းခံရပြီးရင်... ဒီတပည့်တွေကို ငါတို့ ဟွမ်ဟိုင်မျှော်စင်ကို ခေါ်သွားရုံပဲပေါ့... ဟားဟားဟား...”

ရုပ်ဆိုးလှသော အဖိုးကြီးက ကောင်းကင်ယံသို့ မော့ကြည့်ကာ ရူးသွပ်စွာ ရယ်မောလိုက်ရာ... ထိုရယ်မောသံ အရှိန်အဝါကြောင့်ပင် တောင်တံခါးရှေ့ရှိ ကျိုရွှမ်မျှော်စင် တပည့် ရာကျော်တို့သည် ရင်ဘတ်ကို ဖိကာ သွေးအန်ကုန်ကြတော့သည်။

တောင်တံခါး၏ အနက်ရှိုင်းဆုံးနေရာတွင်...

စိမ်းပြာရောင် ဝတ်စုံဝတ် သက်လတ်ပိုင်းလူသည် ထိုမြင်ကွင်းကို စိုက်ကြည့်ရင်း အံကြိတ်ကာ ဆိုလိုက်သည်။

“ဒါ... ဟွမ်ဟိုင်မျှော်စင်က မိစ္ဆာအိုကြီး ခူရွှေး ပဲ...”

စကားအဆုံးတွင်... သူသည် ဖန့်ချက်နှင့် နတ်မိမယ်ယွီ တို့ရှိရာသို့ လှည့်ကြည့်လိုက်ပြီး

“မင်းတို့ နှစ်ယောက်က... ငါတို့ သားအဖနှစ်ယောက်ကို နောက်ကနေ ထိန်းချုပ်ထားဖို့အတွက် ဟွမ်ဟိုင်မျှော်စင်က စေလွှတ်လိုက်တဲ့သူတွေလား...”

“နားလည်မှု လွဲနေပါပြီ... ကျုပ်က ဟွမ်ဟိုင်မျှော်စင်က ကျင့်ကြံသူ မဟုတ်ပါဘူး... ဒါပေမဲ့... မိတ်ဆွေအနေနဲ့ အရှေ့က ကိစ္စကို အရင်ဆုံး သွားရောက်ဖြေရှင်းလိုက်တာက ပိုကောင်းပါလိမ့်မယ်၊ ငါတို့ကိစ္စကိုတော့... နောက်မှ ဖြည်းညင်းစွာ ပြောလို့ရပါတယ်...”

ဖန့်ချန်က ပြုံး၍ ဆိုလိုက်တော့သတည်း။

အခန်း (၁၉၇၀) - ဟော်ဟွန်းမြက် လက်ဝယ်ရရှိခြင်း

ဝတ်စုံဖြူ အဖိုးအိုနှင့် စိမ်းပြာရောင် ဝတ်စုံဝတ် သက်လတ်ပိုင်းလူတို့သည်... မိမိတို့၏ နယ်မြေအတွင်းသို့ မည်သူမည်ဝါမှန်းမသိသော သူစိမ်းနှစ်ဦးအား ဤအတိုင်း လွှတ်ထားရန် အကြောင်းမရှိပေ၊ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားကာ တိုက်ကွက်ထုတ်လိုက်ကြတော့သည်။

သို့သော်လည်း... နောက်ထပ် မျက်စိတစ်မှိတ်အတွင်း၌ပင် ၎င်းတို့နှစ်ဦးသည် ဖန့်ချန်၏ အရှိန်အဝါ ဖိအားအောက်၌ ထိုနေရာမှာတင် တောင့်တောင့်ကြီး ဖြစ်သွားရပြီး... စိုးစဉ်းမျှ မလှုပ်ရှားနိုင်တော့ချေ။

“မသေမျိုးအရှင်မြတ်..”

၎င်းတို့နှစ်ဦး၏ မျက်ဝန်းထဲတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာရသည်။ ဤနေရာသို့ မသေမျိုးအရှင်မြတ်အဆင့် ရှိသော ပုဂ္ဂိုလ်ကြီးတစ်ဦး အမှန်တကယ် ရောက်ရှိလာလိမ့်မည်ဟု... မည်သူက ထင်မှတ်ထားပါမည်နည်း။

သို့မဟုတ်... ဤသူသည် မသေမျိုးအရှင်မြတ် ရွှမ်ကွန်း၏ ကိုယ်ပွား များ ဖြစ်နေမလား။

ဝတ်စုံဖြူ အဖိုးအိုက အလျင်အမြန်ပင်

“စီနီယာ... ဒါက နားလည်မှုလွဲတာပါ၊ စီနီယာက မသေမျိုးအရှင်မြတ် ရွှမ်ကွန်းရဲ့ ကိုယ်ပွားများလားခင်ဗျာ... ဂျူနီယာ အုဝမ်ရှန်း စီနီယာ့ကို ဂါရဝပြုပါတယ်...”

“ကျုပ်တို့ နှစ်ယောက်က... အပြင်လောကက လာတာပါ...”

ဖန့်ချန်က လက်ကိုဆန့်ထုတ်၍ ကောင်းကင်ယံဘက်သို့ အသာအယာ ညွှန်ပြလိုက်သည်။ ထိုအခါမှ ၎င်းတို့နှစ်ဦးသည် ချက်ချင်း သဘောပေါက်သွားကြတော့သည်။ မိမိတို့ရှေ့မှ ပုဂ္ဂိုလ်ကြီးနှစ်ဦးသည် အပြင်လောကမှ ရောက်ရှိလာသူများ ဖြစ်ရန် အလွန်အမင်း သေချာလှပေသည်။

ဤသို့ဆိုလျှင် တွေးကြည့်၍ ရပေပြီ၊ အဘယ်ကြောင့်ဆိုသော် ဤနယ်မြေအတွင်းရှိ မသေမျိုးအရှင်မြတ်ဟူ၍... ရွှမ်ကွန်း တစ်ဦးတည်းသာ ရှိသောကြောင့် ဖြစ်သည်။

ဖန့်ချန်သည် ၎င်းတို့နှစ်ဦးအပေါ် ဖိနှိပ်ထားသော မသေမျိုးစွမ်းအား များကို ရုပ်သိမ်းပေးလိုက်ပြီးနောက်... ပြုံး၍ ဆိုလိုက်သည်။

“မင်းတို့... အရှေ့က ကိစ္စတွေကို အရင်ဆုံး သွားဖြေရှင်းလိုက်ကြဦး၊ ခဏနေမှ ကျိုရွှမ်မှန် ကိစ္စကို ဆက်ဆွေးနွေးကြတာပေါ့...”

“အဖေ... အဖေက ဒီနေရာမှာ စီနီယာ့ကို အဖော်ပြုပေးထားပါ၊ ကျုပ် သွားပြီး ချက်ချင်း ပြန်လာခဲ့ပါ့မယ်...”

စိမ်းပြာရောင် ဝတ်စုံဝတ် သက်လတ်ပိုင်းလူသည် မိမိကိုယ်ကိုယ် ယုံကြည်မှုများ ပြန်လည်ဝင်ရောက်လာပြီးနောက်... ဖန့်ချန်တို့ နှစ်ဦးအား ဦးညွှတ်ဂါရဝပြုကာ... တောင်တံခါးအပြင်ဘက်သို့ အားမာန်အပြည့်ဖြင့် လှမ်းလျှောက်သွားတော့သည်။

တစ်ချိန်တည်းမှာပင်... ကျိုရွှမ်မျှော်စင်၏ အတွင်းစည်းနှင့် အပြင်စည်း ကျင့်ကြံသူအားလုံးနီးပါးသည် ဂိုဏ်းလုံးကျွတ် ထွက်ပေါ်လာကြပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ပုံရိပ်များသည် ကောင်းကင်ယံတွင် တန်းစီရပ်လျက်... မသေမျိုးလှေ အမြောက်အမြားနှင့် ထိပ်တိုက်ရင်ဆိုင်နေကြပေသည်။

အောက်ခြေရှိ သာမန်လူသား ကလေးငယ်များသည် ကျင့်ကြံခြင်းလမ်းစဉ်ကို မစတင်ရသေးသော်လည်း... ကျိုရွှမ်မျှော်စင်ဘက်မှ ကျင့်ကြံသူများ၏ အရှိန်အဝါသည် ထိုမသေမျိုးလှေများပေါ်ရှိ ကျင့်ကြံသူများထက်... အဆင့်အတန်း တစ်ခုမက နိမ့်ကျနေသည်ကို မရေမရာ ခံစားမိနေကြသည်။

“တစ်ဖက်လူက... မသေမျိုး ဖြစ်နိုင်တယ်၊ ဘိုးဘေးအိုကြီးတွေလည်း... အခုလောက်ဆို လာနေလောက်ပြီ...”

ကျင့်ကြံသူ အနည်းငယ်သည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက်... လေးနက်တည်ကြည်သော မျက်နှာထားများဖြင့် မိစ္ဆာအိုကြီး ခူရွှေး ကို လှမ်းကြည့်ကာ ဆိုလိုက်ကြသည်။

“စီနီယာ ခူရွှေး... ကျုပ်တို့ ကျိုရွှမ်မျှော်စင်ကို ကြွမြန်းလာတာ၊ အဝေးကြီးကနေ ကြိုဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ၊ ဒီနေ့က ကျုပ်တို့ ကျိုရွှမ်မျှော်စင်ရဲ့ တောင်တံခါးဖွင့်ပြီး တပည့်သစ်တွေ လက်ခံတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်၊ ကျုပ်တို့ ကျိုရွှမ်မျှော်စင်က စီနီယာ့အပေါ် ဘယ်နေရာမှာများ ပြစ်မှားမိလို့... စီနီယာက ဒီလောက်အထိ အင်အားအလုံးအရင်းနဲ့ လာရောက်ရတာလဲ ခင်ဗျာ...”

“မင်းတို့လို မျိုးဆက်သစ်တွေက... ငါနဲ့ စကားပြောဖို့ အရည်အချင်းမရှိသေးဘူး၊ မင်းတို့ရဲ့ ဘိုးဘေးအိုကြီးတွေကိုပဲ ထွက်လာခိုင်းလိုက်စမ်း... ဘာလဲ၊ မသေမျိုးအဆင့်ကို ရောက်သွားပြီးတဲ့နောက်မှာ... တကယ်ပဲ လူလုံးမပြတော့ဘူးပေါ့ ဟုတ်လား... ဂိုဏ်းရဲ့ ကိစ္စတွေကိုလည်း ပစ်ထားတော့တာပဲလား...”

မိစ္ဆာအိုကြီး ခူရွှေးက မထီမဲ့မြင် ရယ်မော၍ ဆိုလိုက်သည်။

မသေမျိုးအဆင့် ဟုတ်လား။

အောက်တွင်ရှိသော မရေမတွက်နိုင်သည့် သာမန်လူသားများသည် မှင်သက်သွားကြပြီး... ၎င်းတို့၏ မျက်ဝန်းထဲတွင် ပြင်းပြသော ရမ္မက်ဆန္ဒများ ပေါ်ထွက်လာရသည်။

ကျင့်ကြံခြင်းဟူသည်... မသေမျိုးဖြစ်ရန်အတွက် ကျင့်ကြံကြခြင်း ဖြစ်ရာ၊ ယခုအခါ တစ်ဖက်လူ၏ စကားအရ... ကျိုရွှမ်မျှော်စင်တွင် အမှန်တကယ်ပင် မသေမျိုးအစစ်အမှန် ရှိနေကြောင်း ထင်ရှားပေသည်။

ဤသို့ဖြင့်... ၎င်းတို့၏ စိတ်ထဲတွင် ကျင့်ကြံခြင်းအပေါ် ထားရှိသော စိတ်ဆန္ဒသည် ခုနက သတ်ဖြတ်မှုကြောင့် ပျောက်ကွယ်မသွားသည့်အပြင်... ပိုမို၍ပင် ပြင်းထန်လာတော့သည်။

“မိစ္ဆာအိုကြီး ခူရွှေး... မင်းတို့ ဟွမ်ဟိုင်မျှော်စင်က တကယ်ပဲ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ စစ်ပွဲဖြစ်အောင် ဆွပေးနေတာလား...”

ကောင်းကင်နှင့် မြေပြင်အကြား၌... ကြေးစည်ကြီးတစ်လုံးကို တီးခတ်လိုက်သကဲ့သို့ အားပြင်းလှသော အသံကြီးတစ်သံ ဟိန်းထွက်လာခဲ့သည်။

ထို့နောက်တွင်... ပုံရိပ်နှစ်ခုသည် တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြပေသည်။

ထိုပုဂ္ဂိုလ်နှစ်ဦးသည် မသေမျိုးအလား အရှိန်အဝါမျိုး ရှိကြပြီး... ၎င်းတို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျိုရွှမ်မျှော်စင်၏ ကျင့်ကြံသူအားလုံးက ရိုသေစွာဖြင့် ဦးညွှတ်ဂါရဝပြုကြတော့သည်။

“ကျုပ်တို့... ဘိုးဘေးဟွမ်နဲ့ ဘိုးဘေးလီကို ဂါရဝပြုပါတယ်ခင်ဗျာ...”

မိစ္ဆာအိုကြီး ခူရွှေးသည် မိမိရှေ့မှ မသေမျိုးအဆင့်ရှိသူ နှစ်ဦးကို ကြည့်ကာ... မပြုံးဘဲ မနေနိုင်တော့ချေ။

“ငါတို့ ဟွမ်ဟိုင်မျှော်စင်က... ဂိုဏ်းနှစ်ဂိုဏ်းကြား စစ်ပွဲဖြစ်အောင် ဆွနေတာ မဟုတ်ဘူး၊ မင်းတို့ ကျိုရွှမ်မျှော်စင်ကပဲ... တကယ့်ကို လူမှုရေး နားမလည်လွန်းတာ...။ မကြာသေးခင်က... ငါ လူလွှတ်ပြီး မင်းတို့ဆီကနေ ဟော်ဟွန်းမြက် တစ်ပင်လောက် ငှားဖို့ ပြောခဲ့တယ်၊ ဒါပေမဲ့ အုဝမ် မိစ္ဆာအိုကြီးက... ဒီကိစ္စကို လုံးဝ ဂရုမစိုက်ဘဲ ပစ်ထားခဲ့တယ်၊ ဒါက ဘာသဘောလဲ... တကယ်လို့ တိုက်ပွဲဖြစ်မယ်ဆိုရင်လည်း ဒါက မင်းတို့ ကျိုရွှမ်မျှော်စင်ရဲ့ အပြစ်ပဲ...”

“ဟော်ဟွန်းမြက် ဟုတ်လား...”

အဆင့် ၁ မသေမျိုး နှစ်ဦးသည် အချင်းချင်း ကြည့်လိုက်ကြရာ... တစ်ဖက်လူ၏ မျက်ဝန်းထဲတွင် ဝေခွဲမရဖြစ်ခြင်းနှင့် ရှုပ်ထွေးသွားခြင်းများကို မြင်တွေ့လိုက်ရသည်။

ဟော်ဟွန်းမြက်ဆိုတာ... ဘာကြီးလဲ။

၎င်းတို့သည် နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား ကျင့်ကြံလာခဲ့ပြီး... ရှေးဟောင်းမသေမျိုးအဆင့်အထိ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ ဟော်ဟွန်းမြက်ဟူသော အရာကို... တစ်ခါမျှပင် မကြားဖူးခဲ့ချေ။

“မင်းတို့... ဒီကိစ္စကို မသိဘူး ဟုတ်လား...”

မိစ္ဆာအိုကြီး ခူရွှေးသည် ၎င်းတို့နှစ်ဦး၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ... စိတ်ထဲတွင် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ငါ ဒီနေ့ စကားတစ်ခွန်းပဲ ပြောမယ်၊ အုဝမ် မိစ္ဆာအိုကြီးကို ထွက်လာခိုင်းပြီး... ဟော်ဟွန်းမြက်ကို ငါ့လက်ထဲ အပ်လိုက်ပါ၊ ဒါဆိုရင် ငါ ချက်ချင်း ပြန်လှည့်ထွက်သွားမယ်၊ မဟုတ်ရင်တော့... ဟွမ်ဟိုင်မျှော်စင်ရဲ့ စစ်တပ်ကြီးက ချက်ချင်း ရောက်လာပြီး၊ မင်းတို့ ကျိုရွှမ်မျှော်စင်ကို... မျက်စိတစ်မှိတ်အတွင်းမှာတင် ချေမှုန်းပစ်လိုက်လိမ့်မယ်...”

“မင်းတို့ ဟွမ်ဟိုင်မျှော်စင်က... တကယ်ပဲ မသေမျိုးအရှင်မြတ် ရွှမ်ကွန်းကို မျက်စိထဲ မထည့်တော့ဘူးပေါ့ ဟုတ်လား...”

အဆင့် ၁ မသေမျိုး နှစ်ဦးသည် ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

“မသေမျိုးအရှင်မြတ် ရွှမ်ကွန်းကို... ဘာလို့ မျက်စိထဲ ထည့်ရမှာလဲ၊ သူ့ကိုက... ရင်ထဲမှာ ထည့်ထားရမှာ... အချိန်တိုင်း စိတ်နှလုံးအပြည့်နဲ့ ပူဇော်ကိုးကွယ်ထားရမှာ...”

မိစ္ဆာအိုကြီး ခူရွှေးက ဟာလာဟင်းလင်း ပြင်ပလောကဆီသို့ လက်အုပ်ချီ ဂါရဝပြုလိုက်ပြီးနောက်... ပြုံး၍ ဆိုလိုက်သည်။

“ငါ ဒီကိုလာတာက... မသေမျိုးအရှင်မြတ် ရွှမ်ကွန်းရဲ့ ခွင့်ပြုချက်ကို ရရှိပြီးသားပဲ၊ ငါ့ရဲ့ သဘောထားက... သူ့ရဲ့ သဘောထားပဲ၊ အမြန်ဆုံး အုဝမ် မိစ္ဆာအိုကြီးကို ထွက်လာခိုင်းပြီး... ကိစ္စကို ရှင်းရှင်းလင်းလင်း ပြောစမ်း...”

မသေမျိုးအရှင်မြတ် ရွှမ်ကွန်းရဲ့ ခွင့်ပြုချက် ဟုတ်လား။

အဆင့် ၁ မသေမျိုး နှစ်ဦးသည် ခဏမျှ ဘာလုပ်ရမှန်းမသိ ဝေခွဲမရ ဖြစ်သွားကြရသည်။

တကယ်လို့ ဟွမ်ဟိုင်မျှော်စင်နှင့်သာ တိုက်ခိုက်ရမည်ဆိုလျှင်... ၎င်းတို့တွင် ယုံကြည်မှု အနည်းငယ် ရှိနေသေးသည်၊ တိုက်ခိုက်လို့ မနိုင်လျှင်ပင်... ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားသည်အထိတော့ ဖြစ်လာလိမ့်မည် မဟုတ်ချေ။

သို့သော်... တကယ်လို့ တစ်ဖက်လူ၏ နောက်ကွယ်တွင် မသေမျိုးအရှင်မြတ် ရွှမ်ကွန်း ရှိနေမည်ဆိုပါက... ဤကိစ္စသည် ပြောရဆိုရ ခက်ခဲသွားပေပြီ။

၎င်းတို့နှစ်ဦး အကြပ်ရိုက်နေသည့် အချိန်တွင်ပင်... စိမ်းပြာရောင် ဝတ်စုံဝတ် သက်လတ်ပိုင်းလူသည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။

သူသည် မိစ္ဆာအိုကြီး ခူရွှေး၏ နှာခေါင်းကို လက်ညှိုးထိုးကာ ဒေါသတကြီး ဆဲဆိုလိုက်တော့သည်။

“မိစ္ဆာအိုကြီး ခူရွှေး... မင်းက အကြောင်းပြချက်မရှိဘဲ ငါတို့ဂိုဏ်းက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူကို သတ်ပစ်တယ်၊ ဒီနေ့သာ အသက်ဆယ်ချောင်းနဲ့ ပြန်မပေးဆပ်ဘူးဆိုရင်... မင်းလည်း ဒီနေရာကနေ ထွက်သွားဖို့ မစဉ်းစားနဲ့တော့...”

“အုဝမ် မိစ္ဆာအိုလေး... ဟားဟား၊ မင်းအဖေက လူလုံးမပြရဲဘဲ... မင်းကို ထွက်လာပြီး ငါနဲ့ စကားပြိုင်ခိုင်းတာလား၊ မင်းက... ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး...”

မိစ္ဆာအိုကြီး ခူရွှေးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး... ရုတ်တရက် လက်ကိုမြှောက်ကာ ကျောက်စိမ်းအိုးငယ်လေး တစ်လုံးကို ထုတ်လိုက်ရာ၊ ထိုအိုးငယ်အတွင်းမှ စိမ်းဖန့်ဖန့် မီးတောက်မီးလျှံများ အဆက်မပြတ် ထွက်ပေါ်လာပြီး... စိမ်းလန်းသော ကျီးကန်းပေါင်း ရာနှင့်ချီ၍ ပျံသန်းထွက်ပေါ်လာကာ... ကျိုရွှမ်မျှော်စင်တစ်ခုလုံးကို ဝိုင်းရံပိတ်ဆို့လိုက်ကြတော့သည်။

စိမ်းပြာရောင် ဝတ်စုံဝတ် သက်လတ်ပိုင်းလူသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာတစ်ခုလုံး ချက်ချင်း ပျက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုစိမ်းလန်းသော ကျီးကန်းများပေါ်ရှိ အရှိန်အဝါသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှပြီး... ၎င်းတို့သာ ကျိုရွှမ်မျှော်စင်ကို တိုက်ခိုက်လာမည်ဆိုပါက၊ မသေမျိုးအဆင့်ရှိသူ သုံးဦး ပူးပေါင်းလျှင်ပင်... သေချာပေါက် တားဆီးနိုင်မည် မဟုတ်ချေ။

တောင်တံခါး၏ အနက်ရှိုင်းဆုံးနေရာတွင်...

“ဟော်ဟွန်းမြက် ဟုတ်လား... ကြည့်ရတာ ဒီကိစ္စက ငါနဲ့တောင် အနည်းငယ် ပတ်သက်နေပုံပဲ...”

ဖန့်ချန်၏ မျက်ဝန်းထဲတွင် သက်ပြင်းချသံ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ထိပ်တန်းအင်အားစုကြီး အသီးသီးသည် ပူးပေါင်းပြီးနောက်... ၎င်းတို့၏ အမိန့်အာဏာသည် ဤကဲ့သို့သော ဝေးလံခေါင်ဖျားသည့် နေရာအထိပါ ပျံ့နှံ့ရောက်ရှိလာလိမ့်မည်ဟု... သူ ထင်မှတ်မထားခဲ့ချေ။

တကယ်လို့ အပြင်လောကမှ မိစ္ဆာများ ကျူးကျော်လာမည့် အန္တရာယ်သာ မရှိခဲ့လျှင်... လက်ရှိ နယ်မြေကိုးခု၏ အခြေအနေသည် နှစ်ပေါင်းများစွာအတွင်း အကောင်းဆုံး အခြေအနေတစ်ခု ဖြစ်လာနိုင်ပြီး၊ ပြည်တွင်းစစ်ပွဲကြီးများ မရှိတော့ဘဲ တဖြည်းဖြည်းနှင့် အင်အားများကို စုဆောင်းတည်ဆောက်သွားနိုင်မည် ဖြစ်သည်။

သို့သော်လည်း... အပြင်လောကမှ မိစ္ဆာများ ကျူးကျော်မလာလျှင်ပင်... နယ်မြေကိုးခုသည် တဖြည်းဖြည်းနှင့် သေဆုံးခြင်းဆီသို့ ဦးတည်နေခြင်းဖြစ်ရာ၊ အားလုံးက လမ်းစအသစ်များကိုသာ ရှာဖွေရမည် ဖြစ်သည်။

“မင်းတို့ဆီမှာ... ဟော်ဟွန်းမြက် ရှိတာလား...”

ဖန့်ချန်က ဝတ်စုံဖြူ အဖိုးအိုကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။

“ရှိပါတယ်...”

ဝတ်စုံဖြူ အဖိုးအိုက စိုးစဉ်းမျှ မဝေခွဲဘဲ ခေါင်းကို ညိတ်လိုက်သည်။

“စီနီယာသာ လိုချင်တယ်ဆိုရင်... ဂျူနီယာက စီနီယာ့ကို လက်ဆောင်အဖြစ် ဆက်သပါ့မယ်...”

စကားအဆုံးတွင်... သူသည် ဟော်ဟွန်းမြက်ကို တိုက်ရိုက် ထုတ်ယူလိုက်ပြီး... ဖန့်ချန်၏ ရှေ့မှောက်သို့ ရိုသေကျိုးနွံစွာဖြင့် ကမ်းပေးလိုက်သည်။

ဟော်ဟွန်းမြက်သည် အစိုင်အခဲ ဒြပ်ဝတ္ထုတစ်ခုအဖြစ် မတည်ရှိဘဲ... ဖျော့တော့သော အပြာရောင် မြူခိုးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး၊ ဝတ်စုံဖြူ အဖိုးအို၏ လက်ထဲတွင် နူးညံ့သိမ်မွေ့သော ရနံ့မွှေးမွှေးလေးကို ထုတ်လွှတ်နေပေသည်။

ဖန့်ချန်သည် ဟော်ဟွန်းမြက်ကို လှမ်းယူကာ တစ်ချက် ကြည့်လိုက်ရာ... သူ၏ ခန္ဓာကိုယ်အတွင်းရှိ မသေမျိုးစွမ်းအားများသည် အနည်းငယ် လှုပ်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့်... ဝတ်စုံဖြူ အဖိုးအိုကို ကြည့်ကာ ပြုံး၍ ဆိုလိုက်သည်။

“ငါက မင်းရဲ့ ဟော်ဟွန်းမြက်ကို အလကား ယူမှာ မဟုတ်ပါဘူး... သွားပါ၊ မင်းတို့ ကျိုရွှမ်မျှော်စင် အခုရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အရင်ဆုံး သွားရှင်းလိုက်ဦး၊ ရှင်းပြီးသွားမှ... ငါတို့ ကျိုရွှမ်မှန် ကိစ္စကို ဆက်ပြောကြတာပေါ့...”

“စီနီယာ့ကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ...”

ဝတ်စုံဖြူ အဖိုးအိုသည် မိမိ၏ လောင်းကြေး ထပ်လိုက်မှု အောင်မြင်သွားကြောင်း သိလိုက်ရသဖြင့်... ချက်ချင်းပင် လေထုထဲသို့ ပျံသန်းတက်လှမ်းသွားပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဧရာမ အိုးကြီး၏ ရှေ့မှောက်၌ ပေါ်လာကာ... လက်ဝါးတစ်ချက် ရိုက်ချလိုက်တော့သည်။

ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးစွမ်းအားများသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ လှိုင်းတံပိုးကြီးများပမာ... ဟာလာဟင်းလင်း ကောင်းကင်ယံသို့ ထိုးထွက်သွားတော့သည်။

အဆင့် ၃ မသေမျိုး တစ်ဦး ဖြစ်သည့်အပြင်... အဆင့် ၄ မသေမျိုးအရှင်မြတ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် ပုဂ္ဂိုလ်ဖြစ်ရာ၊ သူ၏ အင်အားသည်... မိစ္ဆာအိုကြီး ခူရွှေးထက် အဆပေါင်းများစွာ သာလွန်လှပေသည်။

သူ လှုပ်ရှားလိုက်သည်နှင့်... ထိုဧရာမ အိုးကြီး၏ စွမ်းအားကို တိုက်ရိုက်ပင် ပိတ်ဆို့ချုပ်နှောင်လိုက်ပြီး၊ ကောင်းကင်ယံရှိ စိမ်းလန်းသော ကျီးကန်းများ အားလုံးသည်လည်း... ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားရတော့သည်။

မိစ္ဆာအိုကြီး ခူရွှေး၏ မျက်ဝန်းထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး... အဆက်မပြတ် လှောင်ပြုံး ပြုံးလိုက်ရင်း ဆိုလိုက်သည်။

“အုဝမ် မိစ္ဆာအိုကြီး... မင်း နောက်ဆုံးတော့ လူလုံးပြရဲပြီပေါ့၊ မသေမျိုးအရှင်မြတ် ရွှမ်ကွန်းက... မင်းကို နှုတ်ဆက်စကား ပါးလိုက်တယ်ဟေ့...”

“နှုတ်ဆက်စကားက... ဘာလုပ်ဖို့လဲ၊ အဲဒီ ရွှမ်ကွန်း အဖိုးကြီးကိုပဲ... ကိုယ်တိုင် ထွက်လာခိုင်းလိုက်စမ်း...”

အုဝမ်ရှန်းက... မောက်မာဝင့်ကြွားစွာဖြင့် အော်ဟစ်လိုက်တော့သည်။

ထိုအချိန်တွင်... မိစ္ဆာအိုကြီး ခူရွှေးနှင့် ကျိုရွှမ်မျှော်စင်၏ ကျင့်ကြံသူ အားလုံးတို့သည်... ထိုနေရာမှာတင် မှင်သက်ဆွံ့အသွားကြရတော့သည်။

ရွှမ်ကွန်း... အဖိုးကြီး ဟုတ်လား။

All Chapters