← Chapters

အခန်း ၄၂၁

Vol. 43 Ch. 421

အခန်း ၄၂၁

Vol. 43 Ch. 421

အခန်း (၄၂၁) အင်မော်တယ် ဖြစ်ချင်တာလား၊ ကျွန်မ ကူညီပေးမယ်

"လခွမ်းတဲ့မှ။ အဲဒါက တော်တော်လေး ရက်စက်လွန်းတယ် မဟုတ်လား။" ချန်ဟွိုက်အန်က မီးကျွမ်းနေသော မြေပြင်ကို အံ့ဩမှင်တက်စွာ စိုက်ကြည့်နေသည်။ "အဲဒါက ဘုန်းကြီးကို ပွဲချင်းပြီး သတ်လိုက်တာလား။"

"မဟုတ်ဘူး။" ကျန်းယိပိုင်က ခေါင်းခါလိုက်သည်။ "သတ်ဖို့က အဲဒီလောက် မလွယ်ဘူး။ သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေမဲ့ မင်း သူ့ကို အားနည်းနေတုန်း အဆုံးသတ်လိုက်မှာကို ကြောက်လို့ နောက်ဆုံးတိုက်ခိုက်မှုကို ခံစားရင်း ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်။ မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေက ကြောက်စရာ ကောင်းတဲ့ ကောင်းကင်အတိဒုက္ခကို ကျော်ဖြတ်ပြီးရင်တောင်မှ အမြဲတမ်း ပြာတွေ ချန်ထားခဲ့တတ်တယ်။ ဗုဒ္ဓဘာသာကျင့်ကြံသူတွေကတော့ ဓာတ်တော်တွေ ချန်ထားခဲ့တတ်တယ်။ ဆရာတော်ဖန်ယဲ့ ရပ်နေခဲ့တဲ့ နေရာမှာ ကျိုးပဲ့နေတဲ့ အသုံးအဆောင် အစအနတချို့ကလွဲပြီးတော့ ဘာမှမကျန်ခဲ့တာကို သတိထားမိလား။"

ချန်ဟွိုက်အန်က ထိုဧရိယာကို စစ်ဆေးရန် ရှေ့သို့တိုးသွားရာ ပြောသည့်အတိုင်း အတိအကျ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကျိုးပဲ့နေသော အသုံးအဆောင်ပစ္စည်း အများစုမှာ အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာများ ဖြစ်ကြ၏။

သူက လမ်းမှန်ကျင့်ကြံသူ စတိုးဆိုင်ကို ဖွင့်ကြည့်လိုက်ရာ အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ အတော်များများတွင် [ ခေတ္တ မရရှိနိုင်ပါ၊ ပစ္စည်းပြန်လည်ဖြည့်တင်းရန် စောင့်ဆိုင်းနေပါသည် ] ဟု မှတ်သားထားသည်ကို တကယ်ပင် တွေ့လိုက်ရသည်။

ဒီ"ပစ္စည်းပြန်လည်ဖြည့်တင်းရန်"ဆိုတာ ဆရာတော်ဖန်ယဲ့က အဲဒါတွေကို ပြင်ဆင်ဖို့ စောင့်နေတာလား။

ချန်ဟွိုက်အန်က သူ့အတွေးနှင့်သူ ရယ်မောလိုက်သည်။

အကယ်၍ သူ့ခန့်မှန်းချက်သာမှန်လျှင် ဤစတိုးဆိုင်ထဲတွင် သူတော်စင်ယွိယောင်၏ အသုံးအဆောင် ပစ္စည်းများလည်း ပါဝင်နေရမည် ဖြစ်သည်။

"(၁၂)ဆင့် ရွှေကြာပန်းကလည်း ကပ်ဘေးလျှပ်စီးကြောင့် နှစ်ခြမ်းကွဲသွားပြီ။ မကြာခင် သုမေရုနယ်မြေထဲက ကမ္ဘာငယ်လေးတွေ အားလုံး ပင်လယ်ထဲကို ပြိုကျသွားတော့မယ်။ ပြီးတော့ ဖန်ကျင်းမြင့်မြတ်နယ်မြေလည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။"

ကျန်းယိပိုင်က ရှုပ်ထွေးသော ခံစားချက်များဖြင့် ချန်ဟွိုက်အန်ကို ကြည့်လိုက်သည်။ ဆရာတော်ဖန်ယဲ့သည် သူ၏အောက် အဆင့်ကြီးနှစ်ခု ကွာဟသူတစ်ဦး၏ လက်ထဲတွင် အပြတ်အသတ် ရှုံးနိမ့်သွားခဲ့သည်။

"ညီလေး၊ မင်းက ကောင်းကင်တာအိုကို ဘယ်လိုလုပ်ပြီးတော့ လှည့်စားနိုင်ခဲ့တာလဲ။ မင်းရဲ့ မဟာတက်လှမ်းခြင်း ကျင့်ကြံမှုက တကယ်ပဲ အတုဖြစ်နေတာလား။" ဤသို့ပြောနေရင်း ကျန်းယိပိုင်ကိုယ်တိုင်လည်း မယုံကြည်ခဲ့ပေ။ သူကိုယ်တိုင် ယခင်က မဟာတက်လှမ်းခြင်းအဆင့်မှာ ရှိခဲ့ဖူးရာ ချန်ဟွိုက်အန်၏ ကျင့်ကြံမှုက အစစ်အမှန် ဟုတ်မဟုတ်ကို သူ မသိဘဲနေမည် မဟုတ်ပေ။

"ရှင်းပြရရင် အချိန်အရမ်းကြာလိမ့်မယ်။ ဒါကို ကျွန်တော့်ရဲ့ နတ်ဘုရားစွမ်းရည် တစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ။" ချန်ဟွိုက်အန်က ဤကဲ့သို့သော မရေရာသော အဖြေကိုသာ ပေးနိုင်ခဲ့သည်။ အခြေခံ သဘောတရားများကို သူကိုယ်တိုင်လည်း လုံးဝကို ရှင်းရှင်းလင်းလင်း မသိပေ။ အရေးကြီးသည်မှာ ၎င်းက ကောင်းကင်တာအိုကို လှည့်စားနိုင်ခဲ့ခြင်းပင်။

"ဖန်ကျင်းမြင့်မြတ်နယ်မြေက တိုက်ပွဲ အရမ်းပြင်းထန်တယ်။ ကျွန်တော် သွားပြန်ကူညီသင့်တယ်။"

"မှန်တယ်။" ချန်ဟွိုက်အန် ရှင်းပြရန် တွန့်ဆုတ်နေသည်ကို မြင်သဖြင့် ကျန်းယိပိုင်က ဆက်မမေးတော့ပေ။ "ဖန်ကျင်းမြင့်မြတ်နယ်မြေ ကိစ္စကို မြန်မြန် ဖြေရှင်းတာက ပိုကောင်းမယ်။ အဲဒီ ဆရာတော်ဖန်ယဲ့က ဘယ်နေရာမှာ ပုန်းနေလဲဆိုတာ ဘယ်သူသိမှာလဲ။ ထောင့်ပိတ်မိသွားရင် သူက ငါတို့ရဲ့ တပည့်တွေအပေါ် ကပ်ဘေးတွေ ဆောင်ကြဉ်းလာနိုင်တယ်။"

ချန်ဟွိုက်အန် ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် သူ၏ မျက်နှာ အမူအရာ မှောင်မိုက်သွားသည်။ လီချင်းရန်ကို အန္တရာယ်ရှိလျှင် အကူအညီတောင်းရန် သူ ပြောထားခဲ့သည်။ သူ့ထံမှ မည်သည့် အကူအညီတောင်းခံသည့် အချက်ပြမှုမှ မရရှိသေးသော်လည်း နဂါးကိုးကောင် မြင့်မြတ်ရထားလှည်းက သူ၏ အသုံးအဆောင် ဖြစ်သည်။ ယခုလေးတင် နဂါးနက်တစ်ကောင် သေဆုံးသွားသည်ကို သူ အာရုံခံလိုက်ရ၏။

နဂါးကိုးကောင် မြင့်မြတ်ရထားလှည်းထဲရှိ နဂါးတစ်ကောင်စီသည် အနည်းဆုံး အခြေတည်ဝိညာဉ် ကျင့်ကြံမှုအဆင့်တွင် ရှိပြီး ခေါင်းဆောင်မှာ နတ်အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိနေသည်။ လီချင်းရန်က အဆိုပါ အသုံးအဆောင်ကို ထိန်းချုပ်ထားသဖြင့် နဂါးသေဆုံးခြင်းက အန္တရာယ်ကြုံတွေ့နေရနိုင်ကြောင်း သွယ်ဝိုက်သော နည်းလမ်းဖြင့် အချက်ပြနေသည်။

စိုးရိမ်တကြီးဖြင့် ချန်ဟွိုက်အန်က ဟင်းလင်းပြင်ကိုခွဲကာ ဖန်ကျင်းမြင့်မြတ်နယ်မြေထဲသို့ လှမ်းဝင်သွားသည်။

"တောက်။ ကောင်းကင်ဘုံစုတ်။ ဘာလို့ ဓားကျောင်းတော် ဘိုးဘေးကြီးကို မပစ်ဘဲ ဒီဘုန်းကြီးကို လာပစ်ရတာလဲ။ ဘာလို့လဲ။ ဘာလို့လဲ။"

အတိဒုက္ခကျရောက်ရာနေရာနှင့် မိုင်တစ်သောင်းအကွာရှိ သန္တာကျောက်တန်းများကြားမှ ပင်လယ်ဂူ တစ်ခုအတွင်း ဆရာတော်ဖန်ယဲ့က အနက်ရှိုင်းဆုံး ချောင်တွင် ကွေးကွေးလေး ရှိနေသည်။ သူ၏ ယခင်က ခန့်ညားသော အသွင်အပြင်မှာ ပျောက်ကွယ်သွားလေပြီ။ သူ၏ ဝတ်ရုံမှာ မီးကျွမ်းပြီး စုတ်ပြတ်သတ်နေကာ အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ နဂါးအကြေးခွံ သင်္ကန်းမှာလည်း လုံးဝနီးပါး စုတ်ပြဲသွားသဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင် တွဲလွဲကျနေသော အဝတ်စတချို့သာ ကျန်ရှိတော့သည်။

တစ်ချိန်က တောက်ပနေသော ကတုံးမှာ ဖုန်မှုန့်များနှင့် မီးကျွမ်းရာများ ဖုံးလွှမ်းနေပြီး အမည်းရောင် မီးခိုးငွေ့များ ထွက်ပေါ်နေဆဲ ဖြစ်သည်။ သူ၏မျက်နှာတွင် ပြင်းထန်သော မီးလောင်ဒဏ်ရာများ ရှိနေပြီး မျက်ခုံးမွှေးနှင့် မုတ်ဆိတ်များမှာ မီးကျွမ်းကာ ကောက်ကွေးနေသည်။ မျက်လုံးများ ဖောင်းအစ်နေပြီး နှုတ်ခမ်းများ ကွဲအက်ကာ တစ်ကိုယ်လုံး ရွှံ့များ၊ လျှပ်စီးဒဏ်ရာများဖြင့် ရှုပ်ပွနေ၏။

"အောက်လမ်း။ ဓားကျောင်းတော် ဘိုးဘေးကြီးက အောက်လမ်းပညာ တစ်ခုခုကို သုံးခဲ့တာ သေချာတယ်။"

ဆရာတော်ဖန်ယဲ့က အသက်ရှူရခက်ခဲနေပြီး မတ်တတ်ရပ်ရန် ကြိုးစားသော်လည်း ခြေထောက်များ အပြင်းအထန် တုန်ရီလာကာ ပြန်လဲကျသွားသည်။ ပြင်ပဒဏ်ရာများမှာ ပြင်းထန်ပုံရသော်လည်း မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက်မူ အဓိပ္ပာယ် သိပ်မရှိလှပေ။ အစစ်အမှန် ထိခိုက်မှုမှာ အတွင်းပိုင်းတွင်သာ ဖြစ်သည်။

သူ့ကိုယ်သူ စစ်ဆေးကြည့်ရာ သူ၏ ဒန်တျန်မှာ ကံကောင်းထောက်မစွာဖြင့် အကောင်းပကတိ ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်း မထိခိုက်သရွေ့ သူ၏ ကျင့်ကြံမှုမှာ အလွန်အမင်း ကျဆင်းသွားမည် မဟုတ်ပေ။ သို့သော် တစ်ချိန်က ဗုဒ္ဓဘာသာစွမ်းအားဖြင့် အာဟာရဖြည့်တင်းပြီး သန်မာစေခဲ့သော လမ်းကြောင်းများမှာ ယခုအခါ ကောင်းကင်လျှပ်စီး၏ တိုက်ခိုက်မှုကြောင့် ခြောက်သွေ့တွန့်လိမ်နေပုံရသည်။

စွမ်းအင်များကို လည်ပတ်စေရန် ကြိုးစားလိုက်သောအခါ တစ်ကိုယ်လုံးတွင် ပူလောင်သော နာကျင်မှုလှိုင်းများ ဖြတ်သန်းသွားသည်။ နာလန်ထူရန် အချိန်ယူရမည်မှာ အသေအချာပင်။

"ကောင်းကင်ဘုံစုတ်..."

ကုသရေး ဆေးလုံးများ ထုတ်ယူရန် ခါးဆီသို့ လှမ်းလိုက်သောအခါ သိုလှောင်အိတ်အားလုံး အတိဒုက္ခကြောင့် ပျက်စီးသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဆေးတစ်လုံးမှ မကျန်တော့။

"ယုတ်မာတဲ့ ကောင်းကင်ဘုံ။ ဒီဘုန်းကြီးက ဗုဒ္ဓအဖြစ်ကို ရရှိတဲ့အခါ... ဒီမတရားမှုအတွက် မင်းတို့ရဲ့ ကောင်းကင်တရားရုံးမှာ ငါ အဖြေတောင်းမယ်။"

ဗုဒ္ဓအဖြစ်ကို ရရှိပြီးသား ဘိုးဘေးကြီး အများအပြားကို သူ သတိရလိုက်သည်။ သူတို့နှင့် ပူးပေါင်းလိုက်သည်နှင့် ကောင်းကင်ဘုံတွင် သူ့အတွက် သြဇာလွှမ်းမိုးမှု တချို့ ရှိလာလိမ့်မည်။ မိုးကြိုးအတိဒုက္ခက ကောင်းကင်တာအိုထံမှ တိုက်ရိုက်လာခြင်းမဟုတ်ဘဲ အချို့သော မိုးကြိုးနတ်ဘုရားများထံမှ လာခြင်း ဖြစ်နိုင်သည်။

ထိုအခါကျမှ စာရင်းရှင်းသည်မှာ ပိုသေချာပေလိမ့်မည်။

ဤအတွေးကြောင့် ဆရာတော်ဖန်ယဲ့၏ နှုတ်ခမ်းတွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာသည်၊ သူ့ကိုယ်သူ ကောင်းကင်အတိဒုက္ခများကို နင်းချေနေသည်ဟု ကြိုမြင်နေရသကဲ့သို့ပင်။ ဂူ၏အပူချိန် တဖြည်းဖြည်း ကျဆင်းလာသည်ကို သူ သတိမထားမိ။ လေထုထဲရှိ သွေးနံ့သဲ့သဲ့ကိုလည်း သူ မရလိုက်မိပေ။

ထိုအချိတွင်…

"ကဲ ကဲ၊ ကျွန်မတို့ရဲ့ ချစ်ရတဲ့ ဆရာတော်ဖန်ယဲ့ပဲ..."

အေးစက်သော အသံတစ်ခုက သူ၏ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံကို ကြားသည်နှင့် ဘုန်းကြီးက ကျောက်ရုပ်ကဲ့သို့ အေးခဲသွားသည်။ အေးစက်သော ကျက်သရေရှိမှုများ ဖြာထွက်နေသည့် ဝတ်ရုံဖြူ မိန်းမပျိုကို မော့ကြည့်လိုက်သောအခါ သူ၏ခြေဖျားမှနေ၍ ဦးခေါင်းထိပ်အထိ အေးစိမ့်သော ကြောက်ရွံ့မှုများ ပစ်ဝင်သွားသည်ကို ခံစားလိုက်ရသည်။

"သူတော်စင်ယွိယောင်။ ဒီ…ဒီကို ဘယ်လို ရောက်လာတာလဲ။" ဆရာတော်ဖန်ယဲ့၏ အသံမှာ တုန်ယင်နေ၏။

"ကျွန်မက ဆရာတော်ဖန်ယဲ့ ဒုက္ခရောက်နေတာကို တွက်ချက်မိပြီးတော့ အထူးတလည် ကူညီပေးဖို့ လာခဲ့တာပါ။" ယွိယောင်က ညာဘက်လက်ရှိ အခင်းအကျင်းပြားကို ဖွဖွလေး ပုတ်လိုက်သည်။ သူ၏ လေသံမှာ နူးညံ့သော်လည်း ဘုန်းကြီးအတွက်မူ ၎င်းသည် သေမင်းခေါ်သံလို ထင်ရ၏။

"ဖန်ကျင်းမြင့်မြတ်နယ်မြေက... ဒီဘုန်းကြီးရဲ့ အတွင်းရေးပါ။" ဖန်ယဲ့က အထစ်ထစ်အငေါ့ငေါ့ဖြင့် နောက်သို့ ဆုတ်သွားသည်။ "ဒီလို အသေးအဖွဲ ကိစ္စလေးတွေနဲ့ သူတော်စင်ယွိယောင် ဒုက္ခမဖြစ်ပါနဲ့။"

"ဟုတ်လို့လား။" ယွိယောင်က တစ်လှမ်းချင်း ရှေ့တိုးလာသည်။ သူ၏ စိတ်ဝိညာဉ်ချီစွမ်းအင်များသည် မြေပြင်ပေါ်တွင် နှင်းခဲများကဲ့သို့ ပျံ့နှံ့သွားပြီး ခြေလှမ်းတိုင်းတွင် ဘုန်းတော်ကြီးဆီသို့ စပါးကြီးမြွေတစ်ကောင်လို တွားသွားလာသည်။ "ကောင်းကင်ဘုံစုတ် ဆိုပြီးတော့ တစ်ခုခု ကြားလိုက်သလိုပဲ။ ပြီးတော့ အင်မော်တယ် ဖြစ်လာတဲ့အခါ တရားမျှတမှုကို တောင်းဆိုမယ်ဆိုလား။ ကောင်းကင်ဘုံက ရှင့်ကို မတရားလုပ်ခဲ့လို့လား။"

"အဲဒီလို မဟုတ်ပါဘူး..." ယွိယောင်၏ လက်ဝါးက သူ၏နဖူးကို ဖိထားသော်လည်း ဆရာတော်ဖန်ယဲ့က အတင်းအကျပ် တည်ငြိမ်ဟန်ဆောင်လိုက်သည်။

"အိုး၊ ဟုတ်တာပေါ့။ ဆရာတော်ဖန်ယဲ့။" ယွိယောင်က မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်သည်။ "အင်မော်တယ်ဖြစ်ချင်တာလား။ ကျွန်မက ရှင် ဗုဒ္ဓအဖြစ်ကို ရဖို့ ကူညီပေးနိုင်တယ်။" သူ၏ လက်ချောင်းများ တဖြည်းဖြည်း တင်းကျပ်လာ၏။

"မင်းက ငါ့ကို ကူညီမယ် ဟုတ်လား။ ဘယ်တုန်းက ဒီလောက် သဘောကောင်းသွားတာလဲ။" ဘုန်းတော်ကြီး၏ စိတ်ဝိညာဉ်ချီစွမ်းအင်များက သူ၏ ဒွါရခုနစ်ပေါက်မှ စတင်၍ ယိုစိမ့်လာပြီး ယွိယောင်၏ လက်ဝါးထဲသို့ တဖြည်းဖြည်း စုပ်ယူခံနေရသော်လည်း ဒဏ်ရာအခြေအနေကြောင့် တဖြည်းဖြည်း ဆုံးရှုံးနေရသည်ကို သူ သတိမထားမိပေ။

"ရှင်က ကျွန်မရဲ့ အာဟာရ ဖြစ်လာမယ်။ ပြီးတော့ ကျွန်မက ရှင့်ကို အင်မော်တယ်အဖြစ်ဆီ ခေါ်သွားပေးမယ်။" စကားပြောနေစဉ် သူ၏လက်က ရုတ်တရက် အောက်သို့ လျှောဆင်းသွားပြီး ဆရာတော်ဖန်ယဲ့၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

"ဘ..ဘာလုပ်နေတာလဲ..." ရဟန်းတော်၏ မျက်နှာမှာ ဖြူရော်သွား၏။

"ကျွန်မ ရှင့်ကို လိုချင်တယ်။ ကျွန်မနဲ့ တစ်သားတည်း ဖြစ်လာဖို့လေ။" ယွိယောင်၏ လက်ချောင်းများ ရုတ်တရက် ကျုံ့ဝင်သွားပြီး သူ၏လက်မောင်းမှ မရေမတွက်နိုင်သော စပျစ်နွယ်ပင်များ ပေါက်ထွက်လာကာ ဘုန်းတော်ကြီး၏ ဦးခေါင်းကို ချက်ချင်း လွှမ်းခြုံသွားပြီးနောက် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

စပျစ်နွယ်ပင်များ ဂူထဲမှ ပေါက်ကွဲထွက်လာပြီး သန္တာကျောက်တန်း တစ်ခုလုံးကို ဧရာမ ပိုးအိမ်ကြီးတစ်ခုအဖြစ် ဖုံးအုပ်လိုက်သည်။ ထိုအထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ တဖြည်းဖြည်း ကြီးထွားလာပြီး အထက်ကောင်းကင်တွင် မည်းမှောင်သော တိမ်တိုက်များ တဖန်ပြန်၍ စုရုံးလာကာ ကောင်းကင်အတိဒုက္ခ၏ အရှိန်အဝါများ ပြန်လည် ဆင်းသက်လာတော့သည်။

…

All Chapters